အပိုင်း ၉၆၉
Viewers 52k

အခန်း ၉၆၉

ဖိတ္စာ


‌လက်ဖဝါးရဲ့ကိစ္စ...


ဟုတ်ပါတယ်... ဒါက‌လက်ဖဝါးရဲ့ကိစ္စပဲ...


ငရဲဘုရင်အာဟ နှုတ်ခမ်းထောင့်များ တွန့်ချိုးလျက် မြေပြင်ပေါ်ရှိ ကျိုးပဲ့နေသော ရွှေရောင်ရုပ်‌သေး၏ အပိုင်းအစများကို ကြည့်နေသည်။ ထိုဝဲစားခွေး ရုတ်တရက် လှုပ်ရှားကာ သူ့၏အကျိုးအမြတ်ကို ခိုးယူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။


ပို၍အရေးကြီးသည်မှာ...ဤသည်မှာ သူကောင်းကောင်းဈေးဆစ်ခဲ့သော အပေးအယူဖြစ်သည်။


အဲ့ဒီ ရှုးရှဲအစပ်ချောင်းဆယ်ချောင်းကတော့ သွားပါပြီ...


သူ၏နှလုံးသားထဲမှ နာကျင်မှုသည် သူ့အားမွန်းကြပ်စေသည်။


ခွေးဘုရင်သည် ငရဲဘုရင်အာဟ၏ နာကျင်မှုကို လျစ်လျူရှု့၍ သူ၏လျှာကိုထုတ်ပြီး သမ်းဝေနေသည်။


" ခွေးဘုရင်က နံရိုးချိုချဉ်ကြော် တစ်ပန်းကန်ပဲ လိုချင်တာပါ... နဂါးအသားကတော့ အကောင်းဆုံးပဲ ငါက မင်းလိုမျိုး ဈေးမဆစ်ဘူး... ငါ့မှာဈေးဆစ်ဖို့အတွက် အချိန်ရှိရင် အဲ့အချိန်ကို ပြဿနာ ဖြေရှင်းဖို့ပဲ သုံးလိုက်မယ်..." 


ခွေးဘုရင်ကပြောလိုက်သည်။


ငရဲဘုရင်အာဟ၏ မျက်လုံးများ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ မင်းက နည်းလမ်းကျကျ ပြောသွားတာပဲ ငါဘယ်ငြင်းနိုင်ပါ့မလဲ...


မဟူရာနဂါးဘုရင်သည်လည်း သူ၏အသားထဲမှ နာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခွေးနက်ကြီး အဘယ့်ကြောင့် ပုဖန်အား နဂါးအသား အမြဲတမ်း ချက်ခိုင်းနေသည်ကို သူမသိပေ။ နဂါးအသားကအဲ့လောက်စားကောင်းလို့လား...ဒီမဟူရာနဂါးဘုရင်ကတော့ တစ်ခါမှမစားကြည့်ဖူးဘူး...


ပြီးတော့ သူတို့က မိတ်ဆွေတွေလေ... ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေမဟုတ်လား... ဘာလို့ အဲ့ခွေးက နဂါးအသားကို အမြဲစားချင်နေတာလဲ...


မဟူရာနဂါးဘုရင်၏ ခေါင်းပြောင်ကြီးသည် ဝင်းလက်တောက်ပနေပြီး ရောင်ခြည်များ ထုတ်လွှတ်တော့မလိုပင်။


ပန်းပွင့်လေး မဟူရာနဂါးဘုရင်၏ ပခုံးပေါ်တွင်ထိုင်နေပြီး သူမ၏ လက်သေးသေးလေးများသည် ထိုခေါင်းပြောင်ကြီးကို ပုတ်လျက် အဆက်မပြတ် ရယ်မောနေသည်။


" စားသောက်ဆိုင်ကို သွားကြရအောင်..." 


ပုဖန် ပြောလိုက်သည်။


သူတို့အားလုံးခေါင်းငြိမ့်၍ နောက်မှလိုက်သွားကြသည်။


ငရဲဘုရင်အာဟ၏ နှလုံးသားထဲတွင် နာကျင်နေသော်လည်း ထိုဆေးခါးကြီးကို သူမျိုချလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤဝဲစားခွေးကို သူဘာမှလုပ်၍မရပေ။


အကယ်၍ ဤအဖြစ်အပျက်သည် 

အတိတ်ကာလ၌ ဖြစ်ခဲ့ပါက ထိုဝဲစားခွေးအား ခွေးကောင်းတစ်ကောင်ဖြစ်ရန် ‌သင်ပေးမိမည်ထင်သည်။


သိပ်မကြာခင်မှာပင် လူအုပ်ကြီး လမ်းမရှည်ကြီးထက်မှ ပျောက်ကွယ်သွားသည်။


ဤထူးဆန်းသောလူအုပ်ကြီး ဘေးမှဖြတ်သွားသည်ကို ကြည့်ကာ ပတ်ဝန်းကျင်မှလူများ အသက်ပင် မရှုရဲပေ။ 


သူတို့၏ ပတ်လည်ရှိမြေကြီး ကွဲအက်သွားသည့်အတွက် တိုက်ပွဲကြီးတစ်ခုဖြစ်မည်ဟု မျှော်လင့်ထားကြသော်လည်း အဖြစ်အပျက်မှာ မြန်ဆန်လွန်းသဖြင့် စိတ်ကူးပင် မယဉ်နိုင်ပေ။


ထိုရွှေရောင်ရုပ်သေးမှာ ကြောက်မက်ဖွယ်ရာပင်။ သူသည် သန့်စင်မသေမျိုးနယ်ပယ်အဆင့်တွင် ရှိနေပြီးသော်လည်း ခွေးတစ်ကောင်၏ လက်ဖဝါးနှင့်ပင် ချေမွခြင်း ခံလိုက်ရသည်။


ဒီနောက်ပိုင်းခွေးတွေက အဲ့လိုပဲ ‌သန်မာကြတာလား...


အဲ့လိုသာဆိုရင် သူတို့ခွေးသား မစားရဲကြတော့ဘူး ...


...


ထွီး... ထွီး...


ထုံချန်း သွေးအန်နေသည်။


စားသောက်ဆိုင်တစ်ခုတွင် ထိုင်လျက် ဝိုင်သောက်နေစဉ် သူ၏မျက်နှာအရောင်မှာ ရုတ်တရက်ပြောင်းလဲသွားပြီး ပါးစပ်ဟလိုက်သောအခါ သွေးနှင့်ဝိုင်များကို အန်ချနေသည်။


သူ၏မျက်လုံးသည် ချက်ချင်းပင် သွေးနီရောင်ပြောင်းသွားပြီး ဦးနှောက်ကို မရေမတွက်နိုင်သော အပ်များဖြင့်ထိုးစိုက်နေသကဲ့သို့ ခံစားရသည်။ ထိုနာကျင်မှုသည် သူ့အား ရူးသွပ်သွားစေသည်။


" နာလိုက်တာ သေစမ်း... အဲ့ဒီ မြေကမ္ဘာ အင်မော်တယ်ရုပ်သေး ဖျက်ဆီးခံလိုက်ရတာလား..."


ထုံချန်း၏ မျက်လုံးထဲတွင် သွေးကြောများနှင့် ပြည့်နှက်နေပြီး စားပွဲခုံကိုထုရိုက်ကာ လက်သီးကိုပြင်းပြင်းဆုပ်ပြီး အံကြိတ်နေသည်။


ယခင်က အဆင့်နိမ့်နယ်ပယ်သို့ ပို့ခဲ့သည့် မြေကမ္ဘာအင်မော်တယ်ရုပ်သေး ဖျက်ဆီးခံရသည့် အချိန်ကလည်း ထိုကဲ့သို့ တူညီသောနာကျင်မှုကို ခံစားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မြေကမ္ဘာအင်မော်တယ် ရုပ်သေးအတွင်းမှ သူ၏ စိတ်စွမ်းအင်သည် တွန့်လိမ်ကွဲ‌ကြေသွားကာ ဤညှဉ်းပန်းနှိပ်စက်မှုနှင့်တူသော နာကျင်မှုကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။


ဤတစ်ကြိမ်တွင်လည်း ထိုစားဖိုမှုးကို သတ်ရန်‌စေလွှတ်လိုက်သော မြေကမ္ဘာအင်မော်တယ်ရုပ်သေး ပျက်စီးသွားသည်မှာ သံသယဝင်စရာပင် မလိုချေ။


အဲ့ဒီသေမျိုးကောင်...ဓားအချက်ထောင်ပေါင်းများစွာနဲ့ ခုတ်သတ်ရရင်တောင် မလုံလောက်ဖူး...


ထုံချန်းဝိုင်ပုလင်းကို ဆွဲယူ၍ မျက်နှာတစ်ပြင်လုံးပေါ်သို့ ဝိုင်များလောင်းချလိုက်သည်။ အေးစက်သောအရည်များက သူ၏အရေပြားပေါ်သို့ စီးကျလာကာ စိတ်ကို တည်ငြိမ်စေခဲ့သည်။


ခလွမ်း...


သူသည် ပုလင်းလွတ်ကို ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ လွှင့်ပစ်ကာ အစိတ်စိတ်အမြွာမြွှာ ဖြစ်စေခဲ့သည်။


" မင်းထွက်ပြေးလို့မရဘူး...သုံးရက်ကြာပြီးရင် မင်းသေချာပေါက် သေရမယ်..."


ထုံချန်း ဦးနှောက်ထဲမှ အပ်နှင့်ထိုးနေသကဲ့သို့ နာကျင်မှုများကို လျစ်လျူရှု့၍ စိတ်ထဲတွင်ကျိန်ဆဲနေသည်။


...


ကျွီ...


စားသောက်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။


ငရဲဘုရင်အာဟ မဟူရာနဂါးဘုရင်နှင့် ကျန်လူများ စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်။


" အိုး... သေစမ်း ပုဖန်ကောင်လေး မင်းဒီစားသောက်ဆိုင်ကို ဘယ်လိုရှာတွေ့တာလဲ ... ဘယ်လိုဖြစ်လို့ ဆိုင်က ခွေးရဲ့ဟာလိုမျိုး သေးနေရတာလဲ..."


ပုန်းကွယ်နဂါးတိုက်ကြီးတွင်ရှိသော စားသောက်ဆိုင်ထက် များစွာပို၍ သေးငယ်နေသော စားသောက်ဆိုင်ကို မြင်သောအခါ ငရဲဘုရင်အာဟ အံ့ဩသွားသည်။


ခေါင်းပြောင်နေသော မဟူရာနဂါးဘုရင်သည် ငေးစိုက်ကြည့်နေသည်။


စားသောက်ဆိုင်၏ ‌တည်နေရာမှာ ခေါင်သည့်အပြင် ဆိုင်သည်လည်း အလွန်သေးငယ်လှသည်။ သူငယ်ချင်းလေးပုဖန် မင်း စီးပွားရေးမလုပ်ချင်တော့ဘူးလား...


ခွေးဘုရင် သူ၏ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် ဝင့်ကြွားကာ လျှောက်လှမ်းပြီး စားသောက်ဆိုင် ပတ်ပတ်လည်ကို စိတ်မဝင်စားစွာ ကြည့်နေသည်။ နောက်ဆုံးတွင် သူ၏အကြည့်များ ငရဲဘုရင်အာဟထံသို့ရောက်သွားသည်။


" မင်းမှာခွေးရဲ့ဟာနဲ့ ပတ်သတ်ပြီး မကျေနပ်တာရှိလို့လား... ပြီးတော့ အဲ့ဒါကသေးတယ်လို့ မင်းကို ဘယ်သူပြောလဲ..."


ငရဲဘုရင်အာဟ မျက်ဆံလှန်လိုက်သည်။ ချက်ချင်းပင် သူ၏ အင်္ကျီလက်ကိုခေါက်တင်ကာ ရန်လိုစွာ ပြောလိုက်သည်။ " ခွေးရဲ့ဟာကို ဒီဘုရင်ကလှောင်တော့ ဘာဖြစ်လဲ... ခွေးဝဲစား ငါနဲ့ တိုက်ချင်နေတာလား ရတယ်လေ ဘာပဲဖြစ်ဖြစ် ငါလည်းမင်းကို ကြည့်မရဘူး လာစမ်း..."


ခွေးဘုရင် မျက်တောင်ခတ်လိုက်သည်။ ဤအရူးအတွက် သူအချိန်မရှိပေ။


" ငတုံး..." သူညင်သာစွာပြောပြီး စားသောက်ဆိုင်၏ထောင့်တွင် သွားလှဲနေသည်။


ပန်းပွင့်လေးက မဟူရာနဂါးဘုရင်၏ ပခုံးပေါ်မှ ခုန်ချသွားသည်။ ထိုအမြင့်မှ ခုန်ချလိုက်သော်လည်း သူမသည် အထင်ကြီးရလောက်သော ခုနှစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံး ဖြစ်သည့် အားစိုက်မထုတ်ရပဲ ဟန်ချက်ထိန်းနိုင်လိုက်သည်။ 


ခွေးဘုရင်ဆီသို့ ပြေးသွား၍ ခွေးပေါင်ကို ပွေ့ဖက်ကာ အလွန်ကျေနပ်နေပုံရသည်။


မဟူရာနဂါးဘုရင်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူ့သမီးက သူ့ကို စီးစရာလို့ပဲ သတ်မှတ်ထားတာလား...


" အရမ်းသေးတာပဲ ဒီနေရာမှာ ငရဲကမ္ဘာသင်္ဘောကို ကျောက်ချရပ်ထားလို့ မရဘူး..."


နယ်သာရီ စားသောက်ဆိုင်တစ်ခုလုံးကို စေ့စပ်စွာ ကြည့်ရှု့ပြီးနောက် သူမ၏လှပသော မျက်ခုံးများကို တွန့်ချိုးလိုက်သည်။


" ငါတို့အပေါ်ထပ်မှာ အခန်းတစ်ချို့ရှိတယ်... အဲ့ဒီမှာ နေလို့ရတယ်..." ပုဖန် နယ်သာရီကို ပြောလိုက်ပြီးနောက် အားလုံးကို အပေါ်ထပ်သို့ ဦးဆောင်ခေါ်သွားသည်။


ဒုတိယထပ်ရှိနေရာသည် အတော်အတန်ကျယ်ဝန်းပြီး အခန်းများလည်း ရှိသည်။


ငရဲဘုရင်အာဟ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူလည်း ကိုယ်ပိုင်အခန်းတစ်ခန်း ရမှာလား...


နယ်သာရီ နှုတ်ခမ်းစူနေသည်။ သူမ၏ ငရဲကမ္ဘာ သင်္ဘောပေါ်တွင် မနေရသော်လည်း စိတ်ထဲတွင်ပျော်ရွှင်မှု အနည်းငယ်ကို ခံစားလိုက်ရသည်။


သူတို့၏အခန်းများကို စစ်ဆေးကြည့်ရှု့ပြီးနောက် ‌အောက်ထပ်မှ စားသောက်ဆိုင်သို့ ပြန်လာကြသည်။


မဟူရာနဂါးဘုရင်က သူ၏ကိုယ်ပိုင်အခန်းရယူရန် တောင်းဆိုလျက် ညည်းတွားနေသည်။ သို့သော် ဤနေရာတွင် အခန်းတစ်ခန်းရရှိရန် မြင့်မားသောစျေးနှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။


နောက်ဆုံးတွင် မဟူရာနဂါးဘုရင်ကိုကြည့်ပြီး ပုဖန်ပြောလိုက်သည်။ " ဒီမှာ စားပွဲထိုးလုပ်ပြီး အခန်းခ ပေးလို့ရပါတယ်..."


ပုဖန်၏ စကားများကို ကြားသောအခါ မဟူရာနဂါးဘုရင် မျက်ဆံလှန်လိုက်သည်။


" ငါက အဆုံးမဲ့ပင်လယ်ရဲ့ ကြီးမြတ်တဲ့ မဟူရာနဂါးဘုရင်နော်... တိမ်တွေကိုဆင့်ခေါ်နိုင်ပြီး မိုးရွာအောင်လည်းပြုလုပ်နိုင်တယ် ငါကကြီးမြတ်တဲ့ တည်ရှိမှုတစ်ခုပဲ... ဒီနှာခေါင်းပေါက်လောက် စားသောက်ဆိုင်မှာ ဘယ်လိုလုပ် စားပွဲထိုးလုပ်နိုင်မှာလဲ..." 


မဟူရာနဂါးဘုရင် ဒေါသတကြီးဖြင့် ပြောဆိုနေရာ နှာခေါင်းမှ မီးများမှုတ်ထုတ်နေသကဲ့သို့ပင်။


သို့သော် ပုဖန် ဘာမှ ပြန်မဖြေပေ။ တစ်ဖက်က ရှက်လာပြီး စက္ကန့်ပိုင်းအတွင်း ကို့ရို့ကားယားဖြစ်လာသည်ကို စိတ်မဝင်စားသလို ထိုင်ကြည့်နေသည်။


ဤနေရာမှ ထွက်သွားပါက နေ့တစ်ဝက်အတွင်းမှာပင် တစ်စုံတစ်ယောက်က သူ့ကို ဖမ်းကာချက်စားမည်ကို သဘောပေါက်သွားသည်။ ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ...


ဤကမ္ဘာသည် ပုန်းကွယ်နဂါးတိုက်ကြီးထက်ပို၍ အန္တရယ်များသည်။


ဤကမ္ဘာတွင် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူများစွာလည်း ရှိသည်။ ပို၍ အရေးကြီးသည်က...


အဲ့ဒီ သောက်စစ်မှန်မသေမျိုးနယ်ပယ်က ကျင့်ကြံသူတွေက အကုန် စားဖိုမှူးတွေကြီးပဲ...


သူသာဒီစားသောက်ဆိုင်က ထွက်သွားရင် အကုန်လုံးက သဘောတကျနဲ့ လိုက်ရှာနေတဲ့ ရွေ့လျားနေတဲ့ ပါဝင်ပစ္စည်းကြီး ဖြစ်ကုန်လိမ့်မယ်...


ထိုအချိန်တွင် သူအမှန်တကယ်ပင် နံရိုးချိုချဉ် ဖြစ်သွားနိုင်သည်။


" ကောင်းသားပဲ... စားပွဲထိုးဆိုတာ ငါ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ မဟူရာနဂါးဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ မြင့်မြတ်တဲ့ စကားလုံးတစ်လုံးပဲ..." 


ခေါင်းပြောင် မဟူရာနဂါးဘုရင်သည် လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။


" စားပွဲထိုးရဲ့ တာဝန်က အရမ်းမခက်ခဲပါဘူး... အစားအစာတွေ တည်ခင်းပေးပြီး ပိုက်ဆံရှင်းပေးရုံပဲ... ခေါင်းသုံးစရာ ကိစ္စသိပ်မပါဘူး..." 


 မဟူရာနဂါးဘုရင်ကို စူးစိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


မဟူရာနဂါးဘုရင် အံ့ဩသွားသည်။ အခု ပုဖန်ကသူ့ကို ချီးကျူးလိုက်တာလား...


ပုဖန် မဟူရာနဂါးဘုရင်ကို စိတ်မဝင်စားတော့ပဲ စားသောက်ဆိုင် အဝင်ဝသို့သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။


" ကောင်းတယ်... အာလုံးအဆင်သင့်ဖြစ်နေပြီပဲ... ခုပဲလုပ်ငန်းစမယ်..."


ဝီ...


သို့သော် ထိုအချိန်တွင် စနစ်၏ တည်ငြိမ်သောအသံသည် ခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်။


" လက်ရှိ မစ်ရှင်...အသစ်စက်စက် စားသောက်ဆိုင်ဖွင့်ပွဲကို လွတ်သွားလို့ ဘယ်ဖြစ်မလဲ... မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးဖွင့်ပွဲ အခမ်းအနားကို အနည်းဆုံး ဧည့်သည်သုံးဦးကို ဖိတ်ကြားပါ... မစ်ရှင်ဆု သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်..." 


စနစ်မှကြေညာလိုက်သော ရုတ်တရက်မစ်ရှင်သည် ပုဖန်ကို အထိတ်တလန့် ဖြစ်သွားစေသည်။


ဖွင့်ပွဲအခမ်းအနားတဲ့လား...


အရင်က ဒီလိုပွဲမျိုး ရှိဖူးလို့လား... တခြားစားသောက်ဆိုင်တွေဖွင့်တုန်းက ဒီလိုမျိုး မရှိခဲ့သလိုပဲ...


ပုဖန် ခေါင်းကိုပွတ်လိုက်သည်။ ဖွင့်ပွဲအခမ်းအနားကို ဧည့်သည်သုံးဦး ဖိတ်ရမယ်တဲ့လား...


ဒါက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာပဲ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ လူများနှင့် သူမရင်းနှီးသေးပေ။ ဧည့်သည်တွေ ဘယ်လို ဖိတ်ရမှာလဲ...


ရွှမ်ယွမ်ရှားဟွေ့ကို ဖိတ်ရင်ရမယ်... နောက်ထပ် မူလျှို့အာ ပြီးရင်ဘယ်သူရှိသေးလဲ မန်နေဂျာချန်လား ဒါမှမဟုတ် ထုံချန်းလား...


ပုဖန်မေးစေ့ကို ပွတ်သပ်၍ မီးဖိုချောင်ထဲဝင်သွားကာ ဧည့်သည်စာရင်းကို စဉ်းစားနေသည်။ အထဲကိုရောက်သည်နှင့် သူစိတ်ရှုပ်လာသည်။


အချိန်တိုအတွင်းတွင် ရိုးရှင်းသော ဖိတ်ခေါ်မှု သုံးခုကိုစဉ်းစားမိပြီး မဟူရာနဂါးဘုရင်ကို ခေါ်လိုက်သည်။


ထိုအချိန်တွင် ခေါင်းပြောင်လူကြီးသည် သူ၏သမီးနှင့် ကစားနေသည်။ အခေါ်ခံရပြီးသည့်နောက် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။


ပုဖန်ကသူ့အား ဖိတ်စာများ လိုက်ပို့ခိုင်းသည်။ ထုံးစံအတိုင်းပင် သူ၏ပထမဆုံးတုံ့ပြန်မှုက ငြင်းပယ်ရန်ပင်။


နောက်စရာ မဟုတ်ဖူးနော်...


 မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများအားလုံးအတွက် သူသည် ရွေ့လျားနေသော ဟင်းချက်ပါဝင်ပစ္စည်းကြီးဖြစ်သည်။ အကယ်၍ ဆိုင်ပြင်ထွက်ပြီး ထိုဖိတ်စာများကို လိုက်ပို့ပါက အသက်ရှင်လျက် ပြန်လာနိုင်မည် မထင်ပေ။


ပြန်လာနိုင်လျှင်ပင် ခန္ဓာကိုယ်မှာ နဂိုအတိုင်း ရှိမရှိ မသေချာပေ။ သူ၏လက် သို့မဟုတ် ခြေထောက်ကို ဆုံးရှုံးလိုက်ရနိုင်သည်။


သို့သော်ပုဖန်မှာ အေးစက်သော မျက်လုံးနှင့် အမူအရာမဲ့ မျက်နှာကြီးဖြင့် ကြည့်နေသောကြောင့် နောက်ဆုံးတွင် မဟူရာနဂါးဘုရင် အလျှော့ပေးလိုက်ရသည်။


ဖိတ်စာ ၃ခုကို ကိုင်ဆောင်၍ ဝတ်ရုံအမဲကြီးဖြင့် သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ စားသောက်ဆိုင်မှ ထွက်သွားသည်။


ထို့နောက် ပုဖန် ခုံပေါ်တွင် ထိုင်ချပြီး အသက်ရှုထုတ်လိုက်သည်။ သစ်သားပြားတစ်ခုကို ထုတ်ယူ၍ ရေးခြစ်နေသည်။


မကြာမီ ဟင်းလျာသုံးမျိုးသာ ရှိ‌သာ သူ၏မီနူး‌ကို ရေးပြီးသွားသည် ။


" ဟော့ပေါ့ အသားကင် သွေးကျောက်ပုစွန်..."


ဟင်းလျာတစ်ခုစီ၏ အောက်တွင် ၎င်းသည် မည်သည့်ပုံစံနှင့် မည်သည့်အရသာရှိမည်ကို ဖော်ပြထားသည့် ကောက်ကွေးသောစာကြောင်းတစ်ခုရှိသည်။


ပုဖန်၏ လက်ရေးနှင့် အချက်အပြုတ်စွမ်းရည်မှာ အလွန်ကွာခြားသည် ။ သူ၏စာလုံးများသည် ဖတ်၍ရရုံပင် ဖြစ်သည် ။


သို့သော် ပုဖန်မှာ သူ၏လက်ရေးကို သဘောကျနေသည်။ ခဏခန့် သဘောကျစွာ ကြည့်ရှု့ပြီးနောက် မီနူးကို နံရံပေါ်တွင် ချိတ်ဆွဲလိုက်သည်။


သူတို့မည်သည့်အရာကို စားချင်သည်ဖြစ်စေ သူချက်နိုင်သလောက် ချက်ပြုတ်ပေးမည့် မာန်မာနကြီးသော စားဖိုမှူးတစ်ဦးပင် ဖြစ်သည်။


သို့သော်လည်း ဝေးလံခေါင်သီသော တည်နေရာနှင့် စားသောက်ဆိုင်၏ အရွယ်အစားကြောင့် ဖွင့်လှစ်ထားသော်လည်း မည်သူမျှ လာရောက်ခြင်း မရှိသေးပေ။


...


ထိုအချိန်တွင် မဟူရာနဂါးဘုရင် ဖိတ်စာကို သူခိုးကဲ့သို့ လျှို့ဝှက်စွာ ကိုင်ဆောင်လျက် ရွှမ်ယွမ်ရှားဟွေ့၏ အမည်မဲ့စားသောက်ဆိုင်ရှေ့တွင် မတ်တပ်ရပ်နေသည်။


မဟူရာနဂါးဘုရင် ဆိုင်ထဲသို့ဝင်ဝင်ချင်းပင် ရွှမ်ယွမ်ရွှမ်၏ စူးရှသောမျက်လုံးများဖြင့် ဟန့်တားခြင်းကို ခံလိုက်ရသည်။


" ဘယ်သူလဲ..."


ရွှမ်ယွမ်ရွှမ်၏ မျက်လုံးများသည် မဟူရာနဂါးဘုရင်ကို အလွန်သတိထား၍ ကြည့်နေသည်။ 


မဟုရာနဂါးဘုရင်သည် သူမကို ရှုံ့တွစွာ ပြုံးပြလိုက်သည်။ " မင်းရဲ့အစ်ကိုကို လာရှာတာပါ..."


" ကျွန်မအစ်ကိုကို တွေ့ဖို့လာတဲ့လူတွေက အများကြီးပဲ ရှင်က ဘယ်သူလဲ..."


သူမအစ်ကို မသေမျိုးစားဖိုမှူး ဖြစ်သွားသည့် အချိန်ကတည်းက လူများစွာ လာရောက်ဂုဏ်ပြုကြသည်။အချို့က အလုပ်ကိစ္စ အတွက်လာကြပြီး အချို့က ကံကောင်းခြင်းများကို လာရောက် ဝေမျှခြင်းသာဖြစ်သည်။


ဒီလူကြီးက ဘယ်သူလဲ...


မဟူရာနဂါးဘုရင် အသက်ရှုကြပ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။


ထိုရင်သားကြီးကြီးနှင့် အမျိုးသမီးအား ရှင်းပြရန်ပျင်းသည့်အတွက် ဖိတ်စာကိုပြသကာ ပြောလိုက်သည်။ "


 ဒါက ငါ့ရဲ့မိတ်ဆွေလေး ပုဖန်ဆီက ဖိတ်ကြားချက်ပါ ... ငါဒီကို အဲ့တာပို့ဖို့ပဲလာတာ ယူထားလိုက်နော်..."


ရွှမ်ယွမ်ရွှမ် ဖိတ်စာကိုယူထားလျက် သံသယမကင်းစွာ ကြည့်နေသည်။ ကောက်ကွေးနေသော မျဉ်းကြောင်းများကို ကြည့်ကာ သူမမျက်ခုံးများ တွန့်ကွေးသွားသည်။


 " ဖိတ်ကြားချက်... မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး... ကျေးဇူးပြုပြီးကြွရောက်ပေးပါ တဲ့လား..." 


ဖိတ်စာကို ဖတ်ပြီးနောက် ရွှမ်ယွမ်ရွှမ် ကတ်ပြားကို ကိုင်ကာ ပြောလိုက်သည်။ 


" ရှင်ဆိုလိုတာ ပုဖန်က စားသောက်ဆိုင်အသစ် ဖွင့်ထားလို့ ကျွန်မအစ်ကိုကိုလာဖို့ ဖိတ်ခိုင်းတာလား..."


" ဟုတ်တယ် ... ဘာပဲဖြစ်ဖြစ် ကြည့်ရတာ မင်းကိုတော့ ဖိတ်ပုံမရဘူး..." 


မဟူရာ နဂါးဘုရင်က ရိုးသားစွာ ပြောလိုက်သည်။ 


ရွှမ်ယွမ်ရွှမ် မျက်ဆံလှန်လိုက်သည်။


" အဲ့ဒီလူကတော့... နောက်သုံးရက်နေရင် မသေမျိုးစားဖိုမှူး စစ်ဆေးချက် ဖြေရမှာကို ဒီအချိန်မှာ လေ့ကျင့်မနေဘူးလား အခုဆိုင်ဖွင့်ပွဲအခမ်းအနားတောင် လုပ်နေသေးတယ် လက်လျှော့လိုက်တာလား..."


မဟူရာနဂါးဘုရင် ပြန်ဖြေရန် စိတ်မဝင်စားပေ။ သူ၏လက်ထဲတွင် ဖိတ်စာနှစ်စောင် ရှိနေသေးသည်။ 


စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ကျန်နေသည့် ဖိတ်စာနှစ်စောင်ကို ပေးပို့ရန် ပြာယာခတ်ကာ ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားခဲ့သည်။


ရွှမ်ယွမ်ရွှမ် ပြေးထွက်သွားသော မဟူရာနဂါးဘုရင်ကို ကြည့်နေသည်။ ‌ထို့နောက်ဖိတ်စာကိုကြည့်လျက် နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။  


" ဒီဖိတ်စာက လက်ရေး တော်တော်ဆိုးဝါးတယ်..."


ထိုအချိန် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးထဲမှ ပုဖန် နှာချေလိုက်သည်။ သူ၏ အမူအရာမဲ့မျက်နှာဖြင့်အနီးပတ်ဝန်းကျင်ကို ကြည့်ရှု့ပြီးနောက် စိတ်ရှုပ်သွားသည်။


ထို့နောက် မီးဖိုချောင်ထဲသို့ ဝင်သွား၍ ဖွင့်ပွဲအခမ်းအနားအတွက် ဟင်းလျာများကို ပြင်ဆင်နေသည်။


သူ၏ ဖွင့်ပွဲအခမ်းအနားအတွက် စားသောက်ဆိုင်၏ ခံစားချက်နှင့် ထိုးထွင်းသိမြင်မှုကိုခံစားရစေမည့် အစားအစာများကို ချက်ပြုတ်ရန် စနစ်က သူ့ကိုတောင်းဆိုခဲ့သည်။


ပုဖန် အားလုံးကို စိတ်ပျက်စေမည် မဟုတ်ပေ။ ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားသူများကို အံ့အားသင့်စရာ အကြီးကြီးပေးရန် ကြံစည်ထားသည်။