အခန်း ၉၇၀
ဖွင့်ပွဲနေ့အတွက် နှုတ်မြိန်စာက မွမ်းမံထားတဲ့ တို့ဟူးပုပ်
မည်းမှောင်နေသောမျက်နှာဖြင့် မဟူရာနဂါးဘုရင် ပြန်လာသည်။
ရွှမ်ယွမ်ရှားဟွေ့ကို ဖိတ်စာပေးပြီးသည့်နောက် သူ စိတ်မချမ်းမြေ့ဖွယ် ခံစားချက်များ ရဖူးခဲ့သည့် မသေမျိုးမီးဖိုချောင်အဆောက်အဦးသို့ ပြေးလာခဲ့သည်။
ထိုနေရာမှ လူအားလုံးက သူ့အား ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်ကြသည်...
ရွေ့လျားနေသော ပါဝင်ပစ္စည်းဖြစ်နေရသည့်အတွက် မဟူရာနဂါးဘုရင်၏ နှလုံးသားမှာ အရူးအမူးခုန်နေသကဲ့သို့ ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် ဖိတ်စာအားလုံးကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့သည်။
စားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ အလွန်မောဟိုက်နေပြီဖြစ်၍ အနက်ရောင်ဝတ်ရုံကို ချွတ်၍ ကြမ်းပေါ်သို့ ခွေကျသွားသည်။
ပန်းပွင့်လေး ခွေးဘုရင်၏ အနားတွင်ထိုင်ကာ ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များကို ယူ၍ ကျင့်ကြံနေသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ ဝိညာဉ်စွမ်းအင်သည် ပုန်းကွယ်နဂါးတိုက်ကြီးထက် ပိုမိုသိပ်သညသဖြင့် ပန်းပွင့်လေး၏ ကျင့်ကြံခြင်းအခြေခံမှာ တစ်ဟုန်ထိုး တိုးတက်လာသည်။
" သမီးလေး လာပါဦ... ပါပါးကိုဖက်ပါဦး ... ပါပါးကို နှစ်သိမ့်ပေးဖို့လိုနေတယ်..." မဟူရာနဂါးဘုရင်သည် အဝေးမှနေ၍ ပန်းပွင့်လေးကို အော်ဟစ်ပြောလိုက်သည်။
ပန်းပွင့်လေး အနည်းငယ် စိတ်ရှုပ်သွားသည်။ ထို့နောက်တစ်ဖက်သို့ လှည့်ကာ ခွေးဘုရင်၏ ပေါင်ကိုဖက်ထားသည်။
မဟူရာနဂါးဘုရင် ချက်ချင်းပင် ဆွံအသွားသည်။ မမြင်ရသော မြှားတစ်ချောင်းက သူ၏ရင်ဘတ်ကို ထိုးစိုက်သွားသကဲ့သို့ လက်မြှောက်ကာ ပါးစပ်ကိုပိတ်ထားလိုက်သည်။
" သေစမ်း သောက်ဝဲစားခွေး... ငါ့သမီးကို မြူဆွယ်နေတယ်ပေါ့..."
မီးဖိုချောင်ထဲမှ ပုဖန်သည် မဟူရာနဂါးဘုရင်၏ အုတ်အော်သောင်းနင်း အသံကို ကြားလိုက်ရ၍ အပြင်ထွက်လာသည်။ သူ၏မျက်နှာတွင် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး မျက်လုံးကိုသာ ဖော်ထားသည်။ သူ၏ အနီရောင်ဝတ်ရုံသည်လည်း တောက်ပပြီး တဖျပ်ဖျပ် လှုပ်ခတ်နေသည်။
" အိုး... ပြန်လာပြီလား... ဖိတ်စာတွေအကုန် ပို့ခဲ့လား..."
ပုဖန် မဟူရာနဂါးဘုရင်ကိုမေးလိုက်သည်။
သို့သော် တုံ့ပြန်သည့်အနေဖြင့် မဟူရာနဂါးဘုရင်သည် မကျေမနပ်ငြင်းတွားနေသော မုဆိုးမ မျက်နှာဖြင့် သူ့ကိုကြည့်လိုက်သည်။
သူ၏အကြည့်ကြောင့် ပုဖန်တုန်လှုပ်သွားသည်။
" ပြောစရာရှိရင် ပြောလို့ရပါတယ်... ကျွန်တော်တို့က မိသားစုတွေပဲ..."
" မိတ်ဆွေလေး ပုဖန် ငါကဒီစားသောက်ဆိုင်မှာပဲ အေးအေးချမ်းချမ်းနေပြီး ရုပ်ချောနေချင်တာပါ... အဲ့ဒါကြောင့် ကျေးဇူးပြုပြီး အပြင်မှာငါ့ရဲ့မျက်နှာကို ပြဖို့လိုတဲ့အလုပ်တွေ ထပ်မခိုင်းပါနဲ့..."
မဟူရာနဂါးဘုရင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ပုဖန် မျက်တောင်ခတ်၍ မဟူရာနဂါးဘုရင်၏ ပြောင်နေသောခေါင်းကို ကြည့်လိုက်သည်။
တိတ်တိတ်လေးပဲ ထိပ်ပြောင်ကြီး ဖြစ်ချင်နေတာလား...
အဲ့ဒါလည်း ရပါတယ်... အနာဂတ်မှာ ဖိတ်စာတွေပို့ခိုင်းဖို့မှ မလိုတော့တာ...
" ခင်ဗျား ပြန်လာတာကောင်းတယ်... ကျွန်တော်ဟင်းလျာအသစ်တစ်ပွဲ လုပ်နေတာ... နောက်မှမြည်းကြည့်လေ..."
ပုဖန်ပြောပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည်။
ဟင်းလျာအသစ်တဲ့လား...
မဟူရာနဂါးဘုရင်၏ မျက်လုံးများ အရောင်တောက်သွားကာ ခဏအတွင်း ကြမ်းပြင်ပေါ်မှ ထလိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။
စားသောက်ဆိုင်ထဲရှိ စားပွဲခုံများသည် မီးဖိုကိုမျက်နှာမူလျက် ဝိုင်းထားသည်။ မဟူရာနဂါးဘုရင်သည် မီးဖိုချောင်ထဲတွင် ဘာဖြစ်နေသည်ကို မမြင်ရသော်လည်း အလွန်မျှော်လင့်ထားသည်။
ဝိုး... ဒီလိုစီစဉ်ထားတာက မဆိုးပါဘူး...
မဟုရာနဂါးဘုရင် သူ၏ ခေါင်းပြောင်ကြီးကိုပွတ်လျက် စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် ငရဲဘုရင်အာဟ ရှုးရှဲအစပ်ချောင်းကို ပါးစပ်ထဲတွင် ထည့်လျက် အောက်ထပ်သို့ ဆင်းလာသည်။ မျှော်လင့်နေသောမျက်နှာဖြင့် စားပွဲတွင်ထိုင်နေသော မဟူရာနဂါးဘုရင်ကို မြင်သောအခါ သူ၏ မျက်လုံးများ အရောင်လက်သွားသည်။
" ဟေး မဟူရာလူအိုကြီး... ဘာလုပ်နေတာလဲ..."
မဟူရာနဂါးဘုရင် ငရဲဘုရင်အာဟကို ကြည့်ကာပြောလိုက်သည်။
" ဘာမှ မဟုတ်ပါဘူး စားဖို့ ထိုင်စောင့်နေတာ မိတ်ဆွေလေးပုဖန်က ငါ့အတွက် ဟင်းလျာအသစ်ချက်နေတယ်..."
ဟင်းလျာအသစ်တဲ့လား...
" စိတ်ဝင်စားစရာပဲ... ဒီဘုရင်က အခုဘာမှလုပ်စရာမရှိဘူး မင်းနဲ့တူတူစောင့်နေမယ်... ငါတို့ကိုမြင်ရင် အံ့ဩသွားမှာပဲ..."
ထိုသို့ပြောလျက် မီးဖိုချောင်ကို မျက်နှာမူကာ မဟူရာနဂါးဘုရင်၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
နှစ်ဦးလုံး ပုဖန်၏ ဟင်းလျာကို စောင့်နေသောအချိန်တွင် မီးဖိုချောင်မှ အနံ့တစ်ခု ပျံ့လွင့်လာသည်။
မဟူရာနဂါးဘုရင်နှင့် ငရဲဘုရင်အာဟတို့ တစ်ဦးကို တစ်ဦး ကြည့်လိုက်သည်။
" အဲ့တာဟင်းလျာအသစ်ရဲ့ အနံ့လား... အနံ့က ရင်းနှီးနေသလိုပဲ..." ငရဲဘုရင်အာဟ ပြောလျက် နှာခေါင်းရှုံ့လိုက်သည်။
" ရင်းနှီးနေတယ်ဟုတ်လား...အင်း ဘယ်လိုပဲဖြစ်ဖြစ် အနံ့ကမွှေးပါတယ်..." မဟူရာနဂါးဘုရင် မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့လိုက်သည်။
" မဟုတ်ဖူး... ငါတကယ်ကြီး အဲ့အနံ့ကို သတိရနေတယ် သူက ပါပီယွန်အသားလိုပဲ အို..."
" နဂါးအသားလား..." မဟူရာနဂါးဘုရင် မျက်ခုံးများ တွန့်ချိုးလိုက်သည်။
ဒင်... ဒင်... ဒင်...
မီးဖိုချောင်တံခါးဘောင်တွင် ချိတ်ထားသည့် သတ္တုခေါင်းလောင်းသံမှ အသံထွက်ပေါ်လာသည်။
ခဏအကြာတွင် ပွက်ပွက်ဆူနေသောပန်းကန်ကို ကိုင်ကာ ပုဖန်ထွက်လာခဲ့သည်။ ၎င်းမှ အငွေ့များ ထွက်နေသည်။
" ဒါက ဟင်းလျာအသစ်ဆိုတာလား..." ငရဲဘုရင်အာဟ မျက်ဆံလှန်လိုက်သည်။
မဟူရာနဂါးဘုရင် အံ့ဩနေသောမျက်နှာဖြစ်နေသည်။
" မဟုတ်ဘူး ဒါက ဘလက်ကီရဲ့ လက်ဖဝါးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ သူ့ဖို့ နဂါးနံရိုးချိုချဉ်..."
ပုဖန် မျက်နှာသေဖြင့်ပြောလိုက်သည်။
ငရဲဘုရင်အာဟ၏ စိတ်ထဲဗလာဖြစ်သွားသည်။ ဒါတွေက သူ့အတွက် ရှူးရှဲအစပ်ချောင်းဆယ်ချောင်း ဖြစ်နေသင့်တာ...
နဂါးနံရိုးချိုချဉ်၏ အနံ့ကိုရသွားသော ခွေးဘုရင်သည် အိပ်ရာမှထ၍ စားပွဲဆီသို့ သိမ်မွေ့စွာ လမ်းလျှောက်လာသည်။
ပုဖန် နဂါးနံရိုးချိုချဉ်ကို ခွေးဘုရင်၏ရှေ့တွင် ချထားလိုက်သည်။ ကြွေပန်းကန်ပြားကို ကိုင်၍မစားမီ ခွေးဘုရင်တစ်စုံတစ်ခု ရေရွတ်လိုက်သည်။
" ဟင်းလျာအသစ်က ခဏနေရင်လာမယ်..."
ပုဖန်ပြောပြီးနောက် မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။
ဂျွတ်... ဂျွတ်...
တိတ်ဆိတ်သောစားသောက်ဆိုင်ထဲတွင် အသက်ရှုသံများမှအပ ခွေးဘုရင်၏ အမဲနံရိုးချိုချဉ်ကို တဂျွတ်ဂျွတ် ဝါးနေသံများကိုသာ ကြားနေရသည်။
မြိန်ရှက်စွာ ဝါးနေသော အသံများသည် အစားအသောက်ကောင်းများ သိမ်းပိုက်ခြင်းကို ခံရခြင်း၏ ပျော်ရွှင်ကျေနပ်ဖွယ် အသံဖြစ်သည်။
ငရဲဘုရင်အာဟ သူ၏နောက်ဆုံးလက်ကျန် ရှူးရှဲအစပ်ချောင်းကို ထုတ်လိုက်ပြီး တုန်ခါနေသောလက်ဖြင့် ပါးစပ်ထဲထည့်လိုက်သည်။
ခဏအကြာတွင်...
ဒင်... ဒင်... ဒင်...
သတ္တုခေါင်းလောင်းသံ ထပ်မံမြည်လာပြန်သည်။ ဆိုလိုသည်မှာ ပုဖန်သည် ဟင်းလျာများတည်ခင်းတော့မည် ဖြစ်သည်။
မဟူရာနဂါးဘုရင်နှင့် ငရဲဘုရင်အာဟတို့ မီးဖိုချောင်ထဲမှ ထွက်လာသည့် ပိန်ပိန်ပါးပါးပုံရိပ်ကို မျှော်လင့်တကြီးစောင့်နေကြသည်။
ပြင်းထန်၍ ကမ္ဘာကြီးအပြင်ဘက်သို့ရောက်သွားတော့မတတ် အနံ့ဆိုးကြီး လွင့်ထွက်လာသည်။
ဝေါ့...
မဟူရာနဂါးဘုရင်၏ မျက်နှာမှာ တောင့်တင်းမည်းနက်သွားသည်။ အနံ့ခံလိုက်သည့်အခိုက်တွင် သူ၏နှာခေါင်းများက ညှစ်ထားသဖြင့် မတတ်နိုင်ပဲအော့အန်လိုက်သည်။
ငရဲဘုရင်အာဟလည်း ထိတ်လန့်သွားသည်။ခဏအကြာတွင် မျက်နှာကြီးမည်းမှောင်လျက် နှာခေါင်းကိုပိတ်ထားသည်။
" ပုဖန်ကောင်လေး အဲ့တာမင်းရဲ့ ဟင်းလျာအသစ်လား...အဲ့တာ သောက်တို့ဟူးပုပ်တွေ မဟုတ်ဖူးလား..."
ပုဖန် မျက်နှာဖုံးတပ်ထားလျက် တို့ဟူးပုပ်ကို မဟူရာနဂါးဘုရင်နှင့် ငရဲဘုရင်အာဟတို့ ရှေ့တွင်ထားလိုက်သည်။
" မဟုတ်ပါဘူး... ဒါက မွမ်းမံထားတဲ့ အသစ်စက်စက် တို့ဟူးပုပ်... အနံ့ပိုပြင်းပြီး အရသာကို အဆင့်မြှင့်ထားတယ်... ဒါက မနက်ဖြန် ဖွင့်ပွဲနေ့အတွက် နှုတ်မြိန်စာ..."
ပုဖန် မပြောင်းလဲပဲ ပြောလိုက်သည်။
" အိုး... ဒါပေမဲ့ ဒါကသောက်တို့ဟူးပုပ် ဖြစ်နေတုန်းပဲ..."
ငရဲဘုရင်အာဟ ဒေါသတကြီး အော်ဟစ်လ်ိုက်သည်။
ဟိုဝဲစားခွေးက နဂါးနံရိုးချိုချဉ် စားနေရတဲ့အချိန် သူကဘယ်လိုဖြစ်လို့ ကောင်းကင်အထိနံနေတဲ့ တိုဟူးကြီး စားရမှာလဲ...
" မဟုတ်ဖူး ဒါကတွေ့နေကျ တို့ဟူးပုပ် မဟုတ်ဖူး ... စားကြည့်ပြီးရင် သိလိမ့်မယ်..."
ပုဖန် ပြောလိုက်သည်။
မဟူရာနဂါးဘုရင်နှင့် ငရဲဘုရင်အာဟတို့ အကြည့်ချင်းဖလှယ်နေသည်။
တူများကိုင်ထားလျက် မဟူရာနဂါးဘုရင်၏ လက်များ တုန်ယင်နေသည်။ အကယ်၍ ဟင်းလျာအသစ်သည် ထိုအရာမှန်းသိခဲ့ပါက ပုဖန်ကို လျစ်လျူရှု့၍ ထိုစားပွဲတွင် ထိုင်စောင့်နေခဲ့မည် မဟုတ်ပေ။
တို့ဟူးပုပ်ကို သူတစ်ခါမှ မစမ်းကြည့်ခဲ့ဖူးပေ... မှော်ဆန်သည့် တို့ဟူးပုပ်ဟု ခေါ်သည့်အရာကိုလည်း မတွေ့ကြုံခဲ့ဖူးပေ။
ငရဲဘုရင်အာဟ တို့ဟူးပုပ်ကို စားဖူးသည်။ သို့သော် ယခုတစ်ကြိမ်တွင် ပို၍ အနံ့ပြင်းနေသည်ဟု ထင်ရသည်။
ငရဲဘုရင်အာဟနှင့် ယှဉ်ပါက မဟူရာနဂါးဘုရင်က အနည်းငယ် ပိုကြောက်နေသည်။
ရုတ်တရက် လှည့်ကြည့်လိုက်ချိန်တွင် ငရဲဘုရင်အာဟ တို့ဟူးပုပ်တစ်တုံးကို မသိစိတ်မှ ကောက်ကိုင်လိုက်ပြီး သွားများတဆတ်ဆတ်တုန်နေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ငရဲဘုရင် ပါးစပ်ကိုဖွင့်၍ အနက်ရောင်တို့ဟူးတစ်တုံးကို ပါးစပ်ထဲ အတင်းထည့်လိုက်သည်။
ဂလု... ဂလု...
မဟူရာနဂါးဘုရင်လည်း မျိုချလိုက်သည်။
ဘာလို့ ဒါက အရမ်းလေးလံနေရတာလဲ...
ဂျွတ်...
ငရဲဘုရင်အာဟ စတင်ဝါးလိုက်သည်။ ထိုအသံသည် မဟူရာနဂါးဘုရင်၏ နားထဲတွင် ပဲ့တင်ထပ်ရစ်ဝဲနေကာ သူ့အတွက် စိတ်ပျက်အားငယ်စရာ တေးသွားတစ်ပုဒ်ကဲ့သို့ ဖြစ်နေသည်။
" ဘယ်လိုနေလဲ..."
ငရဲဘုရင်အာဟကို ပုဖန် မျှော်လင့်တကြီး မေးလိုက်သည်။
" ဟမ်... ဝိညာဉ်စွမ်းအင်မပါရင် သူ့အရသာက ပိုကောင်းတယ်... အရင်တစ်ခုနဲ့တော့ သိပ်မကွာပါဘူး ဘာမှသိပ်မပြောင်းလဲဘူး... အိုး နေဦး... အင်း တစ်ခုခုတော့ ပြောင်းလဲသွားတယ်... သူ့အနံ့က ပိုပြီး ရွံစရာကောင်းလာတယ်..."
ငရဲဘုရင်အာဟ ပါးစပ်ဟ၍ သူ၏သွားတွင်ကပ်နေသော အနက်ရောင် တို့ဟူးဖတ်ကိုပြလျက် ပြောလိုက်သည်။
ပုဖန် ခေါင်းငြိမ့်လိုက်သည်။ ကြည့်ရတာ အဲ့တာကို လုံလောက်အောင် အဆင့်မမြှင့်လိုက်ရသည့်ပုံပင်...
" ကောင်းပါပြီ... ဒါကို စားလိုက်လို့ ရတယ်နော်... ကျွန်တော် ဒါကိုပိုပြီး တိုးတက်အောင် မွမ်းမံလိုက်ဦးမယ်..." ပုဖန် တစ်ဖက်သို့လှည့်ကာ မီးဖိုချောင်ထဲ နောက်တစ်ကြိမ် ဝင်သွားပြန်သည်။
မဟူရာနဂါးဘုရင် ပုဖန်၏ နောက်ကျောကို ကြည့်လိုက်သည် ။ ထို့နောက် နောက်ထပ်တို့ဟူးတစ်တုံး ထပ်ယူနေသည့် ငရဲဘုရင်အာဟကို ကြည့်သည်။ သူ၏ကမ္ဘာကြီး ပြိုလဲတော့မလိုပင် ခံစားနေရသည်။
ထို တို့ဟူးတုံးသည် မစင်ပုံကြီးနှင့် တူနေသည်။သူဘာလို့ အဲ့တာကို ပျော်ပျော်ကြီးစားနေပါလိမ့်...
ငရဲဘုရင်အာဟ မဟူရာနဂါးဘုရင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ " မင်းရောဘာလို့မစားတာလဲ..."
" ငါ..."
မဟူရာနဂါးဘုရင် ပြန်ဖြေရန် တုံ့ဆိုင်းနေသည်။
ငရဲဘုရင်အာဟ မျက်လုံးအရောင်တဖျပ်ဖျပ် တောက်သွားပြီး ခဏတွင်းချင်းမှာပင် တူကိုဆွဲယူ၍ တို့ဟူးတစ်တုံးကို မဟူရာနဂါးဘုရင်၏ ပါးစပ်ထဲထည့်လိုက်သည်။
မဟူရာနဂါးဘုရင် ထိတ်လန့်သွားခဲ့သည်။
သူ့ပါးစပ်ထဲ အနံ့ဆိုးတွေ စိမ့်ဝင်လာပြီ...
ပိုင်ရှင်ပုက ဒီဟင်းလျာကို ဖွင့်ပွဲအခမ်းအနားနေ့မှာ သူ့ရဲ့ ဧည့်သည်တွေကို ကျွေးချင်နေတာလား...
မနက်ဖြန်တွင် သူတို့ဧည့်သည်များ၏ မျက်နှာ၌ ဖြစ်ပေါ်လာမည့် စိတ်ပျက်အားငယ်မှုများကိုမဟူရာနဂါးဘုရင် စိတ်ကူးကြည့်နိုင်နေပြီဖြစ်သည်...
...
ထုံချန်း၏ မျက်လုံးများ နီရဲနေသည်။
သူ၏လက်ထဲတွင် ကျောက်စိမ်းပုတီးကို ကိုင်ဆောင်ထားကာ မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ အစောင့်အကြပ်၏ သတင်းပို့သံကို နားထောင်နေသည်။
" အဲ့ဒီ သေမျိုးကောင်က မနက်ဖြန် ဖွင့်ပွဲအခမ်းအနားလုပ်ပြီး ရွှမ်ယွမ်ရှားဟွေ့နဲ့ တခြားသူတွေကို ဖိတ်ထားတယ် ဟုတ်လား..."
ထုံချန်း ကျောက်စိမ်းပုတီးကို ညှစ်လိုက်သောအခါ ကွဲကြေသွားပြီး သူ၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
" ဘာ သောက်ဖွင့်ပွဲအခမ်းအနားလဲ မသေမျိုးစားဖိုမှူးစစ်ဆေးချက်ဖြေရမှာကို စားသောက်ဆိုင်နဲ့ အလုပ်များနေတယ် အဲ့ကောင်သေချင်နေတာပဲ... သူ့မှာဘယ်လို စားသောက်ဆိုင်မျိုးရှိလဲဆိုတာ ငါမြင်ချင်တယ်..."
နောက်ထပ်သုံးရက်အတွင်း ဖြေဆိုမည့် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ကျရှုံးပါက ပုဖန်အားသတ်မည်ကို မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ လူများတားနိုင်မည် မဟုတ်ပေ။
အဲ့အချိန်ရောက်မှ ထုံချန်းကို စော်ကားတာရဲ့ အကျိုးဆက်ကို သူသိစေရမယ်...
ပြီးတော့ အဲ့ဒီ မှော်မြေကမ္ဘာ အင်မော်တယ်ရုပ်သေးကလည်း သူ့အပိုင်ဖြစ်လာရမယ်...
...
ပုဖန်၏ ဖိတ်ကြားချက်ကိုရပြီး ဆိုင်ဖွင့်ပွဲ အခမ်းအနားသို့ သွားရန်အတွက် နောက်နေ့တွင် ရွှမ်ယွမ်ရှားဟွေ့သည် သူ၏စားဖိုမှူးအဝတ်အစားများကို ချွတ်ပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်ထားသည်။
စားသောက်ဆိုင် တံခါးကိုပိတ်ပြီးနောက် ရွှမ်ယွမ်ရွှမ် တစ်ဖက်သို့ လှည့်လိုက်သည်။ ရှည်လျားသော ၀တ်စုံကို ၀တ်ဆင်ထားသောကြောင့် သူမ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေါ်လွင်စေပြီး မျက်စိပသာဒ ဖြစ်နေသည်။
သူမလက်ကို ရွှမ်ယွမ်ရှားဟွေ့၏ လက်မောင်းတွင်ချိတ်လျက် ပြောလိုက်သည်။ " အစ်ကိုကြီး... အဲ့ဒီသေမျိုးကောင်က နောက်နှစ်ရက်နေရင် မသေမျိုးစားဖိုမှူး စစ်ဆေးချက် ဖြေရမှာကို ဆိုင်ဖွင့်ပွဲလုပ်နေသေးတယ် ရူးနေတာလားမသိဘူး..."
ရွှမ်ယွမ်ရှားဟွေ့ ခဏတွေဝေသွားသည်။ " ပိုင်ရှင်ပုက အဆင့်နိမ့် နယ်ပယ်က ဖြစ်ပေမယ့် ထူးခြားဆန်းကြယ်တယ်ဆိုတဲ့ ခံစားမှုတစ်ခု ပေးနေတယ်... သူ့ရဲ့အင်္ကျီလက်ထဲမှာ တစ်ခုခုဖွက်ထားတာ ဖြစ်နိုင်တယ်..."
ထို့နောက် ဖိတ်စာပေါ်တွင် ရေးထားသော လိပ်စာအတိုင်း တဖြည်းဖြည်းဦးတည်သွားကြသည်။
အသစ်ရွေးချယ်ခံထားရသော မသေမျိုးစားဖိုမှူးဖြစ်သူ ရွှမ်ယွမ်ရှားဟွေ့နှင့် ညီမဖြစ်သူတို့ ဖြတ်သွားသောအခါ အကုန်လုံး၏ အာရုံစိုက်မှုကို ရယူထားကြသည်။
ရွှမ်ယွမ်ရွှမ်၏ လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကြောင့်သာမက ရွှမ်ယွမ်ရှားဟွေ့၏ မသေမျိုးစားဖိုမှူး ဂုဏ်ပုဒ်ကြောင့်လည်းဖြစ်သည်။
သူတို့နှစ်ဦး သွားသည့်နေရာသို့ လူများလိုက်သွားကြသည်။
" အာ မိန်းကလေးမူနဲ့ မန်နေဂျာချန်လည်း ပုဖန်ရဲ့ဆိုင်ဖွင့်ပွဲသွားကြမလို့လား..."
သူတို့သွားရာလမ်းတွင် ရွှမ်ယွမ်ရှားဟွေ့ မိန်းကလေးမူနှင့် မန်နေဂျာချန်ကို မြင်သည်နှင့် ပြုံးပြလိုက်သည်။
မန်နေဂျာချန် မျက်နှာမဲ့နေပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" အဲ့ကောင်လေးပုဖန် မသေမျိုးစားဖိုမှူးစစ်ဆေးချက်ကို အလေးအနက်မထားဘူး... ဖြေခါနီးမှ စားသောက်ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်တယ်... စားဖိုမှူးတွေ အများကြီးကို အကဲဖြတ်ခဲ့ဖူးတာ ဒီလိုရိုင်းတဲ့သူ တစ်ခါမှ မတွေ့ဖူးဘူး..." မန်နေဂျာချန် အော်ဟစ်လိုက်သည်။
လက်ရှိတွင် ပုဖန်၏ဆိုင်သစ်ပွင့်ပွဲ ကိစ္စအတွက် သူအနည်းငယ် ဒေါသထွက်နေသည်။
" ပုဖန် အစီအစဉ်ဆွဲပြီး လေ့ကျင့်ထားပြီးသား ဖြစ်မှာပါ..." မူလျှို့အာ ညှင်သာစွာ ပြုံးလိုက်သည်။
" အိမ်တော်သခင်မလေး သူ့အတွက်ဆင်ခြေတွေ ပေးမနေပါနဲ့... ဒီအချိန်က စားသောက်ဆိုင်ဖွင့်ဖို့ မှန်ကန်တဲ့အချိန်မဟုတ်ဖူး..." မန်နေဂျာချန် အေးစက်သော မျက်နှာဖြင့် ထပ်မံပြောလိုက်သည်။ "
ဒါမဲ့ အဲ့ကောင်လေး ဘာလုပ်နိုင်မလဲ ဆိုတာတော့ မြင်ချင်သေးတယ်..."
သူတို့လေးဦး လမ်းလျှောက်လျက် စကားစမြည်ပြောသွားကြသည်ကို သိလိုသူများစွာ နောက်ကလိုက်သွားကြသည်။
ခဏအကြာတွင် ဖိတ်စာထဲရှိ လိပ်စာသို့ ရောက်သွားသည်။
မထင်မရှား သေးငယ်သော စားသောက်ဆိုင်ကို ကြည့်လိုက်နေကြသည်...
သူတို့လေးဦး အကြည့်ချင်းဖလှယ်ကြပြီး မျက်နှာမှာ အံဩနေကြသည်။ ထို့နောက် တုန့်ဆုတ်စွာဖြင့် စားသောက်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။
သို့သော် တံခါးဖွင့်လိုက်သည်နှင့် သိပ်သည်း ရွံရှာဖွယ်ကောင်းသော အနံ့တစ်ခုက သူတို့၏နှာခေါင်းများကိုတိုက်ခိုက်လာသည်။
သူတို့၏မျက်နှာပေါ်က အမူအရာများ သိသိသာသာ ပြောင်းလဲသွားသည်...