အခန်း ၉၇၁
ညီလေးထုံချန်း ငါတို့နဲ့လာထိုင်ပါလား...
အဲ့ဒါ ဘာအနံ့ကြီးလဲ...
သူတို့တွေ တံခါးပေါက် မှားဝင်လာတာများလား...ဒီနေရာက စားသောက်ဆိုင်မဟုတ်ပဲ အိမ်သာကြီးများလား...
သူတို့လေးဦး စိတ်ထဲ မပြင်ဆင်ရသေးခင်မှာပင် တံခါးကို တွန်းဖွင့်လိုက်သောအခါ အနံ့အသက်ဆိုးများ ပြန့်နှံ့လာသဖြင့် တုန်လှုပ်သွားကြသည်။
ရွှမ်ယွမ်ရှားဟွေ့ ကြွက်သားများအထိပင် တုန်လှုပ်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။
သူ၏ဘေးတွင်ရပ်နေသော ရွှမ်ယွမ်ရွှမ်သည်လည်း မည်သို့မျှ မတတ်နိုင်ပဲ သူမပါးစပ်ကို လက်ဖြင့်အုပ်ထားရသည်။
မူလျှို့အာ ဤအနံ့ကို သည်းခံထားနိုင်သော်လည်း သူမ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူမလက်ထဲမှ ဖိတ်စာကိုကြည့်ကာ နေရာမှားမမှား စစ်ဆေးနေသည်။
မန်နေဂျာချန်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာသည်။ အသက်ရှူထုတ်လိုက်သောအခါတွင် သူ၏နဖူးပေါ်တွင် အစိမ်းရောင် သွေးပြန်ကြောများ ထွက်ပေါ်လာပြီး ဒိုင်းနမိုက်စည်နှင့်ပင် တူနေသည်။
သူတို့၏နောက်မှ လိုက်လာသော ကြည့်ရှု့သူများ ထိတ်လန့်သွားပြီး အကြည့်များက စားသောက်ဆိုင်ပေါ်သို့ ကျရောက်လာသည်။
သူတို့ခေါင်းများကိုလှည့်၍ အကြည့်များကို ဖလှယ်နေကြပြီး တစ်ဦးနှင့်တစ်ဦး အံ့အားသင့်နေသော အကြည့်များဖြင့် ကြည့်နေကြသည်။
ဒီစားသောက်ဆိုင်က မသေမျိုးစားဖိုမှူးရဲ့ဆိုင်လား...
အသစ်ကြော်ငြာထားသော မသေမျိုးစားဖိုမှူး ရွှမ်ယွမ်ရှားဟွေ့နှင့် မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ အခြားအကြီးအကဲများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ထိုသတင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ လူများစွာ မျက်လုံးများ စွေစောင်းကြည့်ကာ သူတို့၏အတွင်းမှ စိတ်လှုပ်ရှားနေသော အလင်းတန်းများကို ဖုံးကွယ်ထားကြသည်။
သတင်းမှာ ပို၍ လျင်မြန်စွာ ပြန့်နှံ့သွားပြီး လူအမြောက်အများ ထိုစားသောက်ဆိုင်ရှေ့တွင် စုရုံးလာကြသည်။
" တွေ့လား ဒီဟာ နာမည်ကြီးနေတဲ့ စားသောက်ဆိုင်လေ..."
" ဘုရားရေ... ဒီလောက်ခေါင်တဲ့နေရာမှာ ဒီဆိုင် ဘယ်ချိန်ကတည်းက ဖွင့်ထားတာလဲ..."
" သူ့မှာ နာမည်ရှိတာလား...မယုံနိုင်စရာပဲ နာမည်ရှိတယ်ဆိုရင် ဆိုလိုတာက မသေမျိုးစားဖိုမှူးရဲ့ စားသောက်ဆိုင်ပဲ..."
" ဝိုး... နာမည်ကို ကြည့်လိုက်ပါဦး တကယ်ပဲဟ...
မသေမျိုးစားဖိုမှူး တစ်ယောက်က ငါတို့နားမှာ ဆိုင်ကို ဦးစီးနေတာပဲ..."
လူအုပ်ကြီး အချင်းချင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ စားကောင်းသောက်ဖွယ်များကို စားရန်အတွက် စားသောက်ဆိုင်ထဲသို့ ဝင်ရန် မစောင့်နိုင်တော့ပေ။
သို့သော် အများစုမှာ တွန့်ဆုတ်နေကြသည်။ သူတို့ မဝင်ရဲကြပေ။
ရွမ်ယွမ်ရှားဟွေ့နှင့် အခြားလူများသည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ရန် များစွာ အားထုတ်ခဲ့ရသည်။ အတွင်းပိုင်းကို မြင်သောအခါ မျက်လုံးများ တောက်ပလာသည်။
ဤစားသောက်ဆိုင်သည် အလွန်သေးငယ်သော်လည်း ထမင်းစားပွဲများကို မီးဖိုချောင်ရှေ့တွင် ဝိုင်းဖွဲ့ထားသဖြင့် ပုံမှန်စားသောက်ဆိုင်များနှင့် မတူပေ။
ဤသို့စီမံထားသည်ကို ပထမဆုံးမြင်လိုက်ရသော လူတိုင်းသည် အံ့ဩသွားကြသည်။
ရွမ်ယွမ်ရှားဟွေ့ အသက်ပင်ရဲရဲမရှုဝံ့ပဲ ဆိုင်အတွင်းကို လှည့်ပတ်ကြည့်နေသည်။ ခဏအကြာတွင် နံရံပေါ်၌ မီနူးကို မြင်လိုက်သောအခါ မျက်လုံးအရောင်လက်သွားသည်။
" ဟော့ပေါ့ အသားကင် သွေးကျောက်ပုစွန်... အားလုံးရတယ်...သွေးကျောက်ပုစွန်ကို အရင်က စားဖူးတယ် စပ်ပေမယ့် အတော်လေး အရသာရှိတယ်..."
သို့သော် ထိုအချိန်တွင် သွေးကျောက်ပုစွန်၏ရနံ့ကို မည်သည့်နေရာတွင်မှ မရရှိပေ။ ယင်းအစား စားသောက်ဆိုင်အတွင်းမှ လေထုသည် ရွံရှာဖွယ်ကောင်းသော အနံ့အသက်များနှင့် ပြည့်နေသည်။
" ဒါက စားဖိုမှူးတစ်ယောက် ချက်သင့်တဲ့အရာမျိုးလား... သူ့ရဲ့ အနံ့ဆိုးကြီးက ကောင်းကင်ပေါ်ထိတောင် ရောက်နေပြီ... သူ့ရဲ့စားဖိုမှူးဂုဏ်ပုဒ်အတွက်တော့ အရှက်ရစရာပဲ..."
မန်နေဂျာချန်၏ မျက်နှာမှာ ဒေါသထွက်လွန်း၍ မဲမှောင်နေသည်။
စားဖိုမှူးတစ်ဦးသည် စားသုံးသူများ၏ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေရန်အတွက် အနံ့အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်သင့်သည်။ စားဖိုမှူးတစ်ယောက်အတွက် အနံ့အသက်ဆိုးကို ချက်ပြုတ်ခြင်းသည် သူ၏အသက်မွေးဝမ်းကြောင်းအတွက် အရှက်ရရုံပင်ဖြစ်သည်။
မူလျှို့အာ စိတ်မပါစွာ ကြည့်နေသည်။
ရွှမ်ယွမ်ရွမ် တစ်ခုခုပြောချင်သော်လည်း သူမ ပါးစပ်မဖွင့်နိုင်သည်အထိ ရွံရှာနေပြီး ပါးစပ်ဖွင့်လိုက်သည်နှင့် အန်ချမိမည်ကို လန့်နေသည်။
လက်ရှိတွင် စားပွဲ၌ လူနှစ်ဦးထိုင်နေသည်။
တစ်ဦးသည် ငယ်ရွယ်ချောမောသော အမျိုးသားတစ်ဦးဖြစ်သည်။ လက်ထဲတွင် တူများကိုင်ထားလျက် သူ၏ရှေ့ရှိ အစားအစာများကို လှမ်းယူနေသည်။
နောက်တစ်ဦးမှာ ခေါင်းပြောင်၍ စူးရှထက်မြက်ပုံရသည်။
သူတို့ ထိုလူကို မှတ်မိသွားကြသည်။ ထိုလူသည် သူတို့အားလုံးကို ဖိတ်စာပေးခဲ့သူ ဖြစ်သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးရှေ့၌ ပန်းကန်တစ်ချပ်ချထားသည်။ ပန်းကန်ပေါ်တွင် အမဲရောင်အတုံးများ တစ်ခုပေါ်တစ်ခု ဆင့်ထားပြီး စေးကပ်သောအချဉ်ရည်များ ဆမ်းထားသည်။
သူတို့နှစ်ဦးလုံး အချဉ်ရည်ဆမ်းထားသည့် အမဲရောင် အတုံးများကို ပါးစပ်ထဲ ထည့်နေကြသည်။
အစားအစာများကို ပါးစပ်ထဲထည့်လျက် ဝါးနေသော အသံများသည် အခန်းတွင်းရှိ လူအားလုံး၏ နားထဲရောက်သွားသည်။
ဤဟင်းသည် ကြောက်မက်ဖွယ်ကောင်းသော အနံ့အသက်ကို ပေးဆောင်နေမှန်း သိလိုက်သောအခါတွင် ရွှမ်ယွမ်ရှားဟွေ့တို့ အုပ်စု၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။
အဲ့အတုံးတွေရဲ့ အနံ့က မစင်နဲ့ သိပ်မကွာပါလား...
"သူတို့ မစင်တွေ စားနေကြတာလား..."
ရွှမ်ယွမ်ရွှမ်မေးလိုက်သည့် အသံထဲတွင် ကြောက်လန့်မှုများပါဝင်နေသည်။ ငရဲဘုရင်အာဟနှင့် မဟူရာနဂါးဘုရင်တို့ ကို ပြူးကျယ်နေသော မျက်လုံးဖြင့် ကြည့်လိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ၏ အမူအရာမှာ ပို၍လေးနက်လာသည်။
စာဖိုမှူးတစ်ဦးအနေဖြင့် သူ၏စိတ်သည် ရွှမ်ယွမ်ရွှမ်နှင့် အခြားလူတို့ဖြင့် မတူညီပေ။ ထိုအနက်ရောင်အတုံးများကို စားပြီးနောက် ငရဲဘုရင်နှင့် မဟူရာနဂါးဘုရင်တို့၏ မျက်နှာများပေါ်တွင် ပေါ်လာသော စိတ်ကျေနပ်မှုကို သူသတိပြုမိခဲ့သည်။
ဟင်းလျာက သူတို့ကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအရပါ နှစ်သက်စေခဲ့သည်။
မန်နေဂျာချန်သည်လည်း အလားတူ တုံ့ပြန်ခဲ့သည်။
မသေမျိုးစားဖိုမှူး စစ်ဆေးသူတစ်ဦး အနေဖြင့် ဖောက်သည်များအတွက် ဟင်းလျာတစ်ခု၏ အရေးကြီးဆုံးအခန်း ကဏ္ဍမှာ ဟင်းလျာကို နှစ်သက်ခြင်းဟု သူနားလည်ခဲ့သည်။
မူလျှို့အာ၏ နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
ပုဖန်ကတော့ တကယ်ကို ပုဖန်ပါပဲ... သူကလူတွေကို ဘယ်တော့မှု အံ့ဩမှုတွေ မရပ်တန့်စေဘူး...
ဒင်... ဒင်... ဒင်...
မီးဖိုချောင်တံခါးဘောင်ပေါ်ရှိ ခေါင်းလောင်းသံ မြည်လာသည်။
ပုဖန် ရေစိုနေသောလက်ကို အဝတ်စတစ်ခုဖြင့်သုတ်၍ မီးဖိုချောင်ထဲမှ တည်ငြိမ်စွာထွက်လာသည်။ လေထဲမှာရှိသော အနံ့ဆိုးကြီးသည် သူ့အားလုံးဝ မထိခိုက်စေသကဲ့သို့ပင်။
ရွှမ်ယွမ်ရှားဟွေ့တို့အုပ်စု တံခါးနားတွင် ရပ်နေသည်က်ု မြင်သောအခါ အံ့ဩစွာဖြင့် မျက်တောင်ခတ်လိုက်သည်။
" ကြွပါ... ထိုင်ကြပါဦး..." ပုဖန်သူတို့ကို ပြောလိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့၏ မျက်နှာတွင် ချက်ချင်းပင် အပြုံးတစ်ခုပေါ်လာသည်။
" စားသောက်ဆိုင်သစ် ဖွင့်တဲ့အတွက် ဂုဏ်ယူပါတယ်ပုဖန်..."
ထိုသို့ပြောပြီးနောက် ရွှမ်ယွမ်ရှားဟွေ့ ရွှမ်ယွမ်ရွမ်ကိုခေါ်၍ ငရဲဘုရင်အာဟနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
မီးဖိုချောင်ကို မျက်နှာမူ၍ သူတို့ ထိုင်နေကြသည်။
စက်ဆုပ်ဖွယ် အနံ့ဆိုးများ ပေးနေသည့်နေရာနှင့် နီးကပ်လာသည်နှင့်အမျှ ၎င်းတို့၏ ဖြစ်တည်မှုကိုပင် သံသယဝင်လာကြသည်။
ရွှမ်ယွမ်ရှားဟွေ့၏ ခံနိုင်ရည်ရှိမှုသည်ပင် မျက်မှောင်ကြုတ်ခြင်းကို မတားဆီးနိုင်ပေ။ ထိုလူနှစ်ဦး ထိုအစားအစာကို မည်သို့ပင်စားနေသည်ကို စိတ်ကူးယဉ်ကြည့်၍ မရပေ။
မန်နေဂျာချန်သည်လည်း မျက်နှာကြီးမည်းမှောင်လျက် ထိုင်နေသည်။ ပုဖန်ကို ကြည့်ပြီးနောက် နှာမှုတ်ကာ တစ်ဖက်သို့ ပြန်လှည့်သွားသည်။
ပုဖန် ဤအရာများ ပြုလုပ်နေခြင်းကို သူသဘောမကျပေ။ ထူးထူးဆန်းဆန်း ဓလေ့ထုံးတမ်းတစ်ခုကို ပြုလုပ်ဖို့ကြိုးစားနေသည့် ပိုးဖလံတစ်ကောင်ကဲ့သို့ ပြုမူမည့်အစား မသေမျိုးစားဖိုမှူး စစ်ဆေးချက်အတွက် အကောင်းဆုံးကြိုးစားနေမည်ဟု သူထင်ခဲ့သည်။
တစ်ဖက်က မူလျှို့အာသည် နှစ်သက်မှု့ကြောင့် ပြုံးရယ်နေသည်။
" အားလုံးပဲ ခဏလေးစောင့်ကြပါ..."
ပုဖန်အနည်းငယ် ပြုံးပြပြီး လူလေးဦးကို ပြောလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။
လူလေးဦး တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်မှာများ ပြောင်းလဲသွားသည်။
ပုဖန်က ကောင်းကင်ထိရောက်အောင် နံစော်နေတဲ့ဟင်းလျာကို သူတို့ဖို့ ချက်နေတာလား...
သူတို့ငြင်းသင့်လား...
ဒင်... ဒင်... ဒင်...
ပုဖန်မီးဖိုချောင်ထဲမှ ထွက်လာသည်နှင့် ခေါင်းလောင်းတစ်ခါ ထပ်မြည်သွားသည်။
သူတို့ခန့်မှန်းထားသည်မှာ မလွဲပေ။ သူတို့၏ရှေ့တွင်ရှိသော ပန်းကန်တွင် မှင်ကဲ့သို့မဲနက်နေသော တို့ဟူးတုံးများကို မဲနက်စေးကပ်နေသော အချဉ်ရည် ဆမ်းထားသည်။
ကောင်းကင်ကိုတောင် အံတုပြီး နံစော်နေတဲ့ဟင်း...
ပုဖန်သူ၏လက်ကို စားပွဲပေါ်တင်ပြီး အနည်းငယ်ကွေးကာ သူတို့ကို ပြောသည် ။
" ဒါကနှုတ်မြိန်စာပါပဲ... စားကြပါ ယဉ်ကျေးနေဖို့မလိုဘူး..."
ဘယ်သူကမင်းကို ယဉ်ကျေးနေလို့လဲ... ငါတို့ဒါတွေ မစားလို့ရလား...
ရွှမ်ယွမ်ရွှမ် ပါးစပ်ကို ပိတ်ထားလျက် သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်နေသည်။
တစ်ခြားသူများလည်း ကိုးရို့ကားယားဖြစ်နေကြသည်။
" ပိုင်ရှင်ပု..."
" ကျွန်တော့်ကိုယုံပါ... သူ့ရဲ့ အနံ့နဲ့ပုံစံကိုကြည့်ပြီး အရူးလုပ် မခံပါနဲ့... မင်းတို့မြင်နေရတဲ့ အရာတွေက အမှန်မဟုတ်ဖူး...သူ့ရဲ့အပြင်ပန်းပုံစံကို ဖြတ်ကျော်ပြီး အစားအစာရဲ့ သဘောသဘာဝကို မြင်သင့်တယ်..."
လူလေးဦးအုပ်စု ဆွံ့အသွားသည်။
သူ၏စကားလုံးများမှာ ချောမွေ့၍ နည်းလမ်းကျသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ သူတို့ဘာမှပင် ပြန်မပြောလိုက်နိုင်ခြင်းပင်။
မူလျှို့အာကို ကြည့်ရသည်မှာ အနည်းငယ်ထူးဆန်းနေသော်လည်း သူမ ဘာမှမပြောပေ။ ထို့အပြင် သူမသည် တို့ဟူးကို တူဖြင့်ယူလိုက်သည့် ပထမဆုံးလူဖြစ်နေသည်။
အနက်ရောင်အချဉ်ရည်များက တို့ဟူးတစ်ပြင်လုံးကို ရွှဲနစ်နေသည်။
မူလျှို့အာ တို့ဟူးကိုယူ၍ ပါးစပ်ထဲမထည့်မီ တံတွေးမျိုချလိုက်သည်။
ရွှမ်ယွမ်ရွှမ် မယုံကြည်နိုင်ခြင်းကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။
ဘာကြီးလဲ ...
တုံဟူးပါးစပ်ထဲ ဝင်သွားသည့်အခိုက်တွင် အနံ့ဆိုးကြောင့် အန်ချလိမ့်မည်ဟု မူလျှိုအာထင်ထားလိုက်သည်။ သို့သော် သူမ မြည်းစမ်းလိုက်သည်နှင့် မျှော်လင့်ထားသည်ထက် လွန်စွာမွှေးပျံ့သောရနံ့တစ်ခု ပျံ့လွင့်သွားသည်။
အနံ့မှာ အလွန်ကောင်းသည်။ ထိုမွှေးပျံ့သောရနံ့သည် သူမ၏ပါးစပ်မှ တစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး ရုတ်တရက် လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူမ၏ စိတ်ဝိညာဉ်ကို သန့်ရှင်းလိုက်သကဲ့သို့ပင်။
ထိုနူးညံ့သော တို့ဟူးကိုမျိုချပြီး ဝါးလိုက်သည်။ ၎င်းသည် ထူထဲ၍ အရည်ရွှမ်းပြီး ပါးစပ်အတွင်းပိုင်းတစ်ခုလုံးကို ဖြတ်သန်းသွားပြီး အရသာခံအဖုများကို တောက်ပလာစေသည်။
" ကောင်းတယ်... အရသာရှိတယ်..."
မူလျှို့အာ ပြောလိုက်သည်။ အစပိုင်းတွင် သူမကို ကြည့်ရသည်မှာ ထိတ်လန့်သွားပုံပေါ်သော်လည်း ခဏအကြာတွင် သူမ မျက်လုံးများ အရောင်တောက်လာသည်။
ပုဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသော သူမ၏မျက်လုံးများက သက်သေပင်ဖြစ်သည်။
ဒီသေမျိုးစားဖိုမှူးက တကယ်ကို ထူးခြားဆန်းကြယ် တာပဲ...
ဤတို့ဟူးသည် လူတစ်ဦး၏ စိတ်စိညာဉ်ကို သန့်ရှင်းပေးသည်။ ထိုအချိန်တွင် သူမ၏စိတ်ဝိညာဉ်ပင်လယ်သည် နစ်မြုစ်ပြီး ပျစ်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်ပင်လယ် ပျစ်ခဲနေရန်မှာ အရေးကြီးသည်။ ထိုသို့ပြုလုပ်ခြင်းက စိတ်စွမ်းအင်တိုးလာစေရုံသာမက ကျင့်ကြံခြင်းအခြေခံကိုလည်း သန်မာလာစေသည်။
ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးသူငယ်အိမ် ကျယ်သွားသည်။ မူလျှို့အာ၏ တုံ့ပြန်ချက်သည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
အဲ့ဒါက...
စိတ်ကိုပြင်ဆင်၍ တို့ဟူးပုပ်တစ်တုံးကို တူဖြင့်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
အွန်း...
သူလျင်မြန်စွာ မျိုချလိုက်ပြီးနောက် မူလျှို့အာ၏ မျက်လုံးထဲမှ ရင်ဖိုသောအကြည့်ကို နားလည်သွားသည်။
နောက်ဆုံးမှာ ပုဖန်ချက်တဲ့ဟင်းလျာတွေက လူတွေကို မမျှော်လင့်ထားတာတွေနဲ့ အရသာရှိမှုတွေကို ယူဆောင်လာပေးနိုင်တာပါပဲ...
ဤဖန်တီးမှုသည် အရသာရှိသော ဟင်းလျာများ၏ စံနှုန်းများကို ချိုးဖျက်ခဲ့သည်။ပြောစရာ စကားလုံးများပင် ပျောက်ရှသွားသည်အထိပင်။
အသစ်ကြေညာထားသော မသေမျိုးစားဖိုမှူး ဖြစ်သော်လည်း သူ၏တီထွင်ဖန်တီးနိုင်မှုသည် ပုဖန်နှင့်ယှဉ်ပါက ဖယောင်းတိုင် တစ်တိုင်စာမျှပင် မရှိချေ။
အကြောင်းအရင်းကို မသိသော်လည်း ပုဖန်သည် မသေမျိုးစားဖိုမှူး စစ်ဆေးချက်တွင် လူများကို အံ့အားသင့်စေမည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
...
မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏ ဂိတ်ဝတွင်
ရွမ်ယွမ်ရှားဟွေ့တို့အုပ်စု ဆိုင်ထဲမှ ထွက်လာမည်ကို လူအုပ်ကြီးမှ စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။
ရုတ်တရက် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ခွာသံများ ထွက်ပေါ်လာပြီး ခဏအကြာတွင် မြင်းတပ်ကြီး ရောက်ရှိလာသည်။
ထုံချန်း မိုးကြိုးနဂါးမြင်းပေါ်မှ ခုန်ဆင်းလာပြီး နက်မှောင်သောအမူအရာဖြင့် ရောက်ရှိလာခဲ့သည်။ လက်များဆုပ်ထားလျက် လူအုပ်ကို စေ့စပ်စွာ ကြည့်ရှု့နေသည်။
ထို့နောက် သူ၏အကြည့်များက ဆိုင်ငယ်လေးပေါ်သို့ ရောက်သွားသည်။
" ဒါက အဲ့ဒီသေမျိုးကောင် ဖွင့်ထားတဲ့ စားသောက်ဆိုင်ပေါ့ ဟားဟား အမှိုက်လိုပဲ ... ဒါဘာကြီးလဲ သေးပြီးကျဉ်းလိုက်တာ..."
ထုံချန်း သရော်လိုက်သည်။
ကြည့်ရှု့သူများ လေအေးကို ရှုရှိုက်နေရသည်။
" အဲ့ဒါ နာမည်ကြီး ထုံမိသားစုက မသေမျိုးစားဖိုမှူး ထုံချန်းပဲ..."
" ဝိုး... နောက်ထပ် မသေမျိုးစားဖိုမှူးတစ်ယောက် ထပ်ရောက်လာတာပေါ့ ဒီဆိုင်သေးသေးလေးက တကယ်ကို ထူးခြားဆန်းကြယ်တဲ့ နောက်ခံရှိရမယ်..."
" သူ့ရဲ့ပိုင်ရှင်က ဘယ်သူလဲဆိုတာ ငါအရမ်းသိချင်နေပြီ..."
ကြည့်ရှု့သူများ ဆွေးနွေးလျက် ပို၍ စိတ်လှုပ်ရှားလာသည်။
ထုံချန်း လူအုပ်ကြီးကို ဂရုမစိုက်ပေ။ အေးစက်သောမျက်နှာဖြင့် လက်နောက်ပစ်လျက် စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်။
သူရောက်လာပါက ထိုသေမျိုး မည်သို့တုံ့ပြန်မည်ကို မြင်ချင်နေသည်။ သူဆိုတဲ့ထုံချန်း ရောက်လာမယ်လို့ ပုဖန်ထင်မှာ မဟုတ်ဖူး...
အခုသူ အဲ့ဒီသေမျိုးကောင်ကို အရှက်ခွဲပစ်ရမယ်...
ကျွီ...
သူ၏ အစောင့်နှစ်ယောက် တံခါးကိုတွန်းဖွင့်ပေးလျက် အကြည့်များဖလှယ်လိုက်သည်။
စားသောက်ဆိုင်အတွင်းသို့ ဝင်လိုက်သည့်အချိန်တွင် ထုံချန်း မျက်မှောင်ကြုတ်ပြီး နှာခေါင်းရှုံ့သွားကာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။
အဲ့တာ ဘာအနံ့ကြီးလဲ...
ဘာလို့အရမ်း ရွံစရာကောင်းနေတာလဲ...
ထုံချန်းကို ကြည့်ရသည်မှာ ထိတ်လန့်သွားသည်။ အနံ့သည် နှာခေါင်းထဲ စိမ့်ဝင်သွားသောအခါ သူ၏ အစာအိမ်ထဲတွင် တစ်စုံတစ်ယောက်က တောင်နှင့် မြစ်ချောင်းများကို လာရောက်ရွှေ့နေသကဲ့သို့ ပုံပန်းပန်းပျက် ဖြစ်သွားသည်။
သူ၏အစောင့်များသည်လည်း အနံ့ဆိုးကြီးကို သည်းမခံနိုင်သဖြင့် ပါးစပ်များကို အုပ်ထားကြသည်။
လူများစွာထိုင်နေသော စားပွဲတစ်ခုကို မြင်သောအခါ သူတို့၏ မျက်လုံးသူငယ်အိမ်များ ကျယ်သွားသည်။
ရွှမ်ယွမ်ရှားဟွေ့ မန်နေဂျာချန်နှင့် မူလျှို့အာတို့သည် ထိုအနံ့ဆိုးသော ဟင်းလျာကို စိတ်ပါလက်ပါ စားနေကြသည်။
သူတို့ မစင်တွေ စားနေတာလား... ထုံချန်း ပြောစရာစကားပင် ရှာမရတော့ပေ...
ရွှမ်ယွမ်ရှားဟွေ့ တို့ဟူးပုပ်ကို တူဖြင့်ယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ ဝါးပြီး မျိုချလိုက်သည့်အချိန်တွင် သူ၏ မျက်နှာအမူအရာမှာ ပီတိဖြစ်နေသကဲ့သို့ပင်။
တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ရွှမ်ယွမ်ရှားဟွေ့ တစ်ဖက်သို့ လှည့်လိုက်သောအခါ တံခါးနားတွင် ရပ်နေသော ထုံချန်းကို တွေ့လိုက်ရသည်။ သူအံ့ဩသွားသော်လည်း ပြုံးပြလိုက်သည်။
" ညီလေး ထုံချန်း ငါတို့နဲ့ လာထိုင်ပါလား..."
ရွမ်ယွမ်ရှားဟွေ့ ရယ်ပြလိုက်သည့်ချိန်တွင် သူ၏သွားပေါ်၌ တို့ဟူးအမဲဖတ်ကြီး ကပ်နေသည်ကို မြင်လိုက်ရသည်။ ဤအခြင်းအရာသည် သူ့အား လေအေးများ ရှုရှိုက်စေလိုက်သည်။
သို့သော်လည်း ဤအနံ့ဆိုးကြီးသည် သူ၏နှာခေါင်းကို အပြင်းအထန် တိုက်ခိုက်နေသည်။
အသန့်ကြိုက်သူတစ်ဦး ဖြစ်သည့်အတွက် ထိုအချိန်တွင် ထုံချန်း မူးမေ့လဲမတတ်ပင်။
ဝေါ့...
အဲ့အနံ့ကြီး...
သည်းမခံနိုင်တော့ဘူး...
ထုံချန်းကို ကြည့်ရသည်မှာ မစင်များ မျိုချထားသကဲ့သို့ပင်။ ပုဖန်ကို အရှက်ခွဲချင်စိတ် များသည်လည်း လေထဲတွင် ပျောက်ကွယ်သွားသည်။ တစ်ဖက်သို့လှည့်ပြီး တံခါးကိုဖွင့်၍ လျင်မြန်စွာ ပြေးထွက်သွားသည်။
သူ၏အစောင့်များလည်း နောက်မှ လျင်မြန်စွာ လိုက်သွားသည်။
ဝေါ့...
ထုံချန်း တံခါးမှ ပြေးထွက်သွားပြီးသည်နှင့် မထိန်းနိုင်ပဲ အန်ချလိုက်သည်။
သေစမ်း...
အဲ့ဒီသေမျိုးကောင်က သူ့ကို စက်ဆုပ်စရာတွေလုပ်ဖို့ ပြင်ဆင်ထားတာပဲ...
ထုံချန်း ဒေါသထွက်နေသည်။
ရုတ်တရက် ဆိုးဆိုးရွားရွားတစ်ခု ဖြစ်လာတော့မည်ကို သူကြိုသိနေသည်။ တစ်ဖက်ကို လှည့်ကြည့်လိုက်သောအခါ သူ၏အစောင့်များ မျက်လုံးပြူးပြီး ပါးစပ်များအုပ်ကာ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
" မင်းတို့ ပါးစပ်တွေ ပိတ်ထားကြ..." ထုံချန်းအော်လိုက်သည်။
သို့သော်...
ဝေါ့... ဝေါ့...
ကောင်းကင်ကြီး ပြိုကျတော့မည်ဟု ထုံချန်းထင်လိုက်သည်။
စားသောက်ဆိုင်ရှေ့တွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ကြည့်နေသော အပြင်ဘက်မှ လူအုပ်ကြီး ထိတ်လန့်သွားသည်။
" အို ... ဘုရားရေ ဘာတွေဖြစ်ကုန်တာလဲ ဘာလို့အဲ့လောက် ပေါက်ကွဲနေကြတာလဲ..."