အခန်း ၉၇၂
မသေမျိုးစားဖိုမှူးစစ်ဆေးချက်... စတင်ပြီ...
ပတ်ဝန်းကျင်တွင် အလွန်တိတ်ဆိတ်နေသည်။
စားသောက်ဆိုင်လေးရှေ့တွင် ဖြစ်ပျက်ခဲ့သော အရာများကိုမြင်လိုက်ရပြီး အလွန်အံ့ဩနေကြသည်။
မမျှော်လင့်စွာနှင့် အလွန်ရှက်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။
မသေမျိုးမြို့တော်၏ သူကောင်းမျိုးမိသားစုမှ ဉာဏ်ကြီးရှင် သခင်လေးထုံချန်းသည် အစောင့်နှစ်ယောက် သူ၏အပေါ်သို့ အန်ချခြင်း ခံလိုက်ရသည်။
အတန်ငယ် စိတ်ရှုပ်စရာ ဖြစ်ခဲ့သည်။
အဲ့ဒီ စားသောက်ဆိုင်ထဲမှာ ဘာတွေဖြစ်နေတာလဲ...
ကြည့်ရှု့သူများ အာရုံစုစည်းပြီးသောအခါ ဆိုင်တွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများကို ပို၍သိချင်လာကြသည်။
အမှန်တွင် ထုံချန်း၏ ရှက်စရာကောင်းသောပုံသည် ၎င်းတို့၏ စူးစမ်းချင်စိတ်ကို တုန်လှုပ်စေခဲ့သည်။
ထုံချန်း ထိတ်လန့်ပြီးမျက်လုံးများပြူးကျယ်လျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူသည် အလွန်အမင်း သန့်ရှင်းမှုကို သဘောကျသော ရောဂါရှိသည်။
မသေမျိုးစားဖိုမှူးတစ်ဦးအနေဖြင့် သန့်ရှင်းသပ်ရပ်မှုကို စွဲလမ်းသူဖြစ်သည်။ မီးဖိုချောင်သုံးဓားများကို မကြာခဏ သန့်ရှင်းရေးလုပ်ကာ သူ၏အဝတ်အစားများသည်လည်း အမြဲတမ်း အညစ်အကြေးမရှိပေ။ လိုအပ်သောအခါတွင် သူ၏ပစ္စည်းများကို ပိုးသတ်ရန်အတွက် ကောင်းကင်ကမ္ဘာမြေမီးလျံကိုပင် အသုံးပြုခဲ့သည်။
အလွန်သန့်ရှင်းစွာ နေသော အမျိုးသားတစ်ဦးဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူမှားယွင်း တွက်ချက်ခဲ့မိသည်။
ယခုအချိန် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်နေသည်။ ဤစားသောက်ဆိုင်သို့ လာရောက်၍ ထိုသေမျိုး၏ လေ့ကျင့်ထားသည်များကို လှောင်ပြောင်သရော်ကာ မသေမျိုးစားဖိုးမှူးစစ်ဆေးချက်တွင် အာရုံထွေပြားပြီး ကောင်းစွာ မဖြေနိုင်အောင် ပြုလုပ်ရန်ဖြစ်သည်။ သို့မှသာ အချိန်ကျလာပါက မသေမျိုးမီးဖိုချောင်းအဆောက်အဦး၏ ကာကွယ်မှု မရှိသော သေမျိုးနှင့် သေချာစာရင်းရှင်းနိုင်မည် ဖြစ်သည်။
ဒါပေမဲ့ ဒီသောက်နေရာက စားသောက်ဆိုင်ရော ဟုတ်လို့လား...
တံခါးဖွင့်လိုက်သည့် အချိန်တွင် ထုံချန်း အိမ်သာထဲသို့ ရောက်သွားသည်ဟူ၍ပင် ထင်လိုက်မိသည်။
လေထဲမှ အနံ့ဆိုးကြီးသည် သူ့အား အသက်ရှုကြပ်စေသည်။
ပို၍အရေးကြီးသည်မှာ ရွှမ်ယွမ်ရှားဟွေ့ ထိုနေရာတွင်ရှိနေပြီး စားသောက်နေခြင်းပင်...
ထုံမိသားစု၏ သခင်လေး ဉာဏ်ကြီးရှင်စားဖိုမှူးဖြစ်သော သူ့အနေဖြင့် သူမြင်ခဲ့သော ထိုမစင်နှင့်တူသည့်အရာများကို ချက်ပြုတ်ရန် စိတ်ပင်မကူးခဲ့ဖူးပေ။
" မင်းတို့အားလုံး ထွက်သွားကြစမ်း..."
ထုံချန်း မျက်နှာများနီရဲလာပြီး အော်ဟစ်လိုက်သည်။
သူ၏ စစ်မှန်မသေမျိုးနယ်ပယ်မှ အော်ရာ ခန္ဓာကိုယ်တွင် ထွက်ပေါ်လာပြီး သူ၏အပေါ်ရှိ အညစ်အကြေးအားလုံးကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ကြည့်ရှု့သူများ မရယ်မိစေရန် ကြိုးစားလိုက်ရသည်။
နောက်ဆုံးတွင် သူတို့၏ သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ အတွင်း၌ ဖြစ်ပေါ်နေသည်များကို သိချင်လာကြ၍ စားသောက်ဆိုင်တံခါးကို တွန်းဖွင့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မျက်လုံးများ ပြူးကျယ်လာပြီး မေးရိုးများ ပြုတ်ကျသွားသည်။
စားသောက်ဆိုင် အတွင်းပိုင်းမှ အနံ့ဆိုးကြီးတစ်ခု ထွက်လာပြီး မသေမျိုးစားဖိုမှူးအသစ် ရွှမ်ယွမ်ရှားဟွေ့သည် ထိုအနံ့အသက်မကောင်းသော အစားအစာများကို စားနေသည်။
ဘုရားရေ...
လာရောက်ကြည့်ရှု့နေကြသူများ၏ ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားသည်။
...
ပန်းကန်ထဲမှ နောက်ဆုံးတို့ဟူးတစ်တုံးကို ရွှမ်ယွမ်ရှားဟွေ့ ပါးစပ်ထဲထည့်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် အသက်ရှုထုတ်လိုက်သည်။
ဒင်... ဒင်... ဒင်...
ခေါင်းလောင်းသံ ထပ်မြည်လာပြီး ပုဖန် မီးဖိုချောင်ထဲမှ ထွက်လာသည်။ ရွှမ်ယွမ်ရှားဟွေ့ကိုကြည့်၍ သူ၏နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
" စားပြီးသွားပြီလား..."
" ပိုင်ရှင်ပုရဲ့ ဟင်းလျာတွေကတော့ တကယ် ထူးခြားတယ်... သူ့မှာ အနံ့ဆိုးကြီး ရှိနေပေမယ့် စားလိုက်တော့ အရမ်းအရသာရှိပြီး မှော်ဆန်လိုက်တာ..."
ရွှမ်ယွမ်ရှားဟွေ့ ပါးစပ်မှ ပေနေသော အမည်းရောင်အချဉ်ရည်များကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်သည်။
ပုဖန်ကို တိုက်ရိုက်ကြည့်နေသော သူ၏အကြည့်များမှာ ပို၍ ရှုပ်ထွေးလာသည်။ ဟင်းလျာက အရသာရှိပေမယ့် ဘာလို့အဲ့လို အနံ့ပြင်းနေအောင် လုပ်ထားရတာလဲ
ဒီလိုဟင်းလျာမျိုးက ဖောက်သည်တွေ လွယ်လွယ်နဲ့ လျော့သွားနိုင်တယ်ဆိုတာ ပုဖန်သိရဲ့လား...
ဘယ်သူက ဒီလိုအနံ့ဆိုးကြီးကို သည်းခံနိုင်မှာလဲ...
" ဒီနေ့က ကျွန်တော်တို့ရဲ့ စားသောက်ဆိုင် ပထမဆုံးဖွင့်တဲ့နေ့ပါ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါကြောင့် ဒီနေ့အစားအစာတွေကို အခမဲ့ကျွေးမှာပါ လာရောက်သုံးဆောင်ကြပါဦး..." ပုဖန်ပြောလိုက်သည်။
တို့ဟူးပုပ်သည် နှုတ်မြိန်စာသာ ဖြစ်ပြီး စားသောက်ဆိုင်၏ ကျော်ကြားမှုအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။
စားသောက်ဆိုင်သည် ဝေးလံ၍ ခေါင်သောနေရာတွင် တည်ရှိသော်လည်း ဖောက်သည်များအား ဆွဲဆောင်ရန် တိုဟူးပုပ်ကို အသုံးပြုပြီး ၎င်းတို့ကို ဖျော်ဖြေရန်အတွက် အရသာရှိသော အစားအစာများကို အသုံးပြုခြင်းဖြင့် စားသောက်ဆိုင်ငယ်လေးသည် ဤမသေမျိုးမြို့တော်၌ အခိုင်အမာ ခြေချနိုင်ခဲ့သည်။
" နောက်ထပ် ဟင်းလျာတစ်ခုကရော နံတဲ့ဟာပဲလား..."
မန်နေဂျာချန် သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာမေးလိုက်သည်။ ထို့နောက် ပုဖန်ကို ခဏကြည့်ပြီး နှာမှုတ်လိုက်သည်။
တို့ဟူးပုပ် အရသာရှိသည်ကို သူမငြင်းဆန်နိုင်ပေ။ အဓိကပြဿနာမှာ အနံ့ဖြစ်သည်။
အရမ်းရွံစရာကောင်းလွန်းတယ်...
" မဟုတ်ဖူး... ခဏလေး စောင့်ပါဦး..."
ပုဖန်ခေါင်းခါ၍ ဖြေပြီးနောက် မီးဖိုချောင်ထဲ ဝင်သွားပြန်သည်။
ငရဲဘုရင်အာဟ လုံလောက်စွာ စားပြီး၍ အစပ်ချောင်းကိုပါးစပ်ထဲထည့်ပြီး ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားသူများကို ကြည့်နေသည်။
သူ၏ချောမောသော မျက်နှာမှာ လူများစွာကို ဆွဲဆောင်ထားသည်။ တစ်စုံတစ်ခု ကောင်းမွန်လှပသော အရာများကို မြင်ရသောအခါ ခံစားရသည်မှာ ပိုကောင်းလာတတ်သည်မှာ သဘာဝပင်။
မူလျှို့အာနှင့် ရွှမ်ယွမ်ရွှမ်တို့သည်လည်း ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
မဟူရာနဂါးဘုရင်လည်း ဗိုက်ဝအောင် စားပြီးသောအခါ ပြုံး၍ သူ၏ခေါင်းပြောင်ကြီးကို ပွတ်နေသည်။ အချိန်မဖြုန်းပဲ အမြန်ထကာ သူ၏သမီးကို စနောက်ရန် ပြေးသွားသည်။
နောက်ဆုံးတွင် ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားလူများ စားသောက်ဆိုင်တစ်ဝိုက်ကို လှည့်ပတ်ကြည့်ရန် စိတ်ပါသွားသည်။
ကြမ်းပြင်ပေါ်တွင် အိပ်နေသော ခွေးဘုရင်နှင့် သူ၏ပေါင်ကိုဖက်ထားသော ပန်းပွင့်လေးကို သူတို့မြင်သွားကြသည်။
ပုဖန်မှာ ခွေးရှိတာလား...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ စားဖိုမှူးများစွာသည် ဝိညာဉ်သားရဲများကို မွေးထားတတ်ကြသည့်အတွက် သူတို့ မအံ့ဩပေ။
ဒင်... ဒင်... ဒင်...
မီးဖိုချောင်တံခါး ဘောင်ပေါ်ရှိ ခေါင်းလောင်းမြည်လာပြန်သည်။
ဤခေါင်းလောင်းကို စနစ်မှ ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ၎င်းမှ ထွက်လာသောအသံများသည် နားထဲတွင် စူးရှ၍ နှစ်သက်ဖွယ်ကောင်းပြီး စိတ်ဝိညာဉ်ကို သန့်စင်စေသော အစွမ်းသတ္တိရှိသည်။
တို့ဟူးပုပ်၏ သက်ရောက်မှုနှင့် အနည်းငယ်တူသည်။
ပုဖန်လျှောက်လာပြီး ကြေးဝါရောင်အိုးတစ်အိုးကို သူတို့လေးဦးရှေ့တွင် ချ၍ ပြင်ဆင်ပြီး မျက်နှာသေဖြင့် ကြည့်နေသည်။
" ပိုင်ရှင်ပု ကျွန်မတို့ကိုဟော့ပေါ့ တည်ခင်းပေးနေတာမလား..."
မူလျှို့အာ ယခင်က ပုဖန်၏ ဟော့ပေါ့ကို မြည်းစမ်းခဲ့ဖူးသည်ဖြစ်၍ သူ၏အရသာကို မခံနိုင်ရည်မရှိခဲ့ပေ။
ဟော့ပေါ့ကို အခြားသူများနှင့် တူတူစားခြင်းသည် ကြည်နူးဖွယ်အတွေ့အကြုံတစ်ခုဖြစ်သည်။
ဟော့ပေါ့လား...
ရွှမ်ယွမ်ရှားဟွေ့နှင့် ရွှမ်ယွမ်ရွှမ် အံ့သြသွားသည်။
မန်နေဂျာချန်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားသည်။
" မသေမျိုးမြို့တော်က လူတွေရဲ့ ကြီးမားတဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးခဲ့တာ ပုဖန်ရဲ့ ဟော့ပေါ့ပဲ... ပိုင်ရှင်ပုရဲ့ တီထွင်နိုင်စွမ်းကို ကျွန်တော်လိုက်မှီမယ် မထင်ပါဘူး..."
ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချ၍ ဝမ်းနည်းစွာ ပြောလိုက်သည်။
ရွှမ်ယွမ်ရွှမ် ပုဖန်ကို အရောင်လက်သော မျက်လုံးများဖြင့် ကြည့်နေသည်။
ပုဖန်က သေချာပေါက် မသေမျိုးစားဖိုမှူး ဖြစ်လာမှာပဲ...
မသေမျိုးစားဖိုမှူး၏ နှလုံးသားကို ရယူရန် ကြံရွယ်ထားသော ရွှမ်ယွမ်ရွှမ်အနေဖြင့် ပုဖန် မသေမျိုးစားဖိုမှူး မဖြစ်ခင် ပုဖန်၏နှလုံးသားကို အရယူသင့်သည်ဟု တွေးထားသည်။ ယာယီကြွယ်ဝမှုနှင့် ဂုဏ်ကျက်သရေကို သူမ မကျော်လွန်နိုင်ပေ။
ရွှမ်ယွမ်ရွှမ် အတွေးများဖြင့် ဝရုန်းသုန်းကားဖြစ်နေသည်။ သို့သော် ပုဖန်ကို သူမကြည့်နေသည့်ပုံစံက ပုဖန်အတွက် ထိတ်လန့်စရာပင်။
ပုဖန် ပါးစပ်ဖွင့်လိုက်သည့် အချိန်တွင် ရွှေရောင်မီးတောက်တစ်ခု ဖြာထွက်လာသည်။
ရွှမ်ယွမ်ရှားဟွေ့ မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။
" ပိုင်ရှင်ပု မင်းရဲ့ကောင်းကင်ကမ္ဘာမြေမီးလျံကို ဘာလို့မသိမ်းထားတာလဲ..."
" ဘယ်လို..." ပုဖန် အံ့ဩစွာမေးလိုက်သည်။
" ငါ့ရဲ့မသေမျိုးမီးတောက်က ဟင်းလျာရဲ့ အပူနဲ့ အရသာကို ထိန်းထားပေးနိုင်တယ်..."
ရွှမ်ယွမ်ရှားဟွေ့ ပြောလိုက်သည်။
မသေမျိုးမီးတောက်...
ပုဖန် ခဏငြိမ်သက်သွားသည်။ ခဏအကြာတွင် လက်မြှောက်လိုက်သည်နှင့် အိုး၏အောက်မှ ကောင်းကင်ကမ္ဘာမြေမီးလျံ ပျောက်ကွယ်သွားသည်။
" ကျေးဇူးပြု၍ လုပ်ပေးပါဦး..." ပုဖန်ပြောလိုက်သည်။
ရွမ်ယွမ်ရှားဟွေ့၏ နှုတ်ခမ်းထောင့်များ အပေါ်သို့ တွန့်ကွေးသွားသည်။ သူ၏လက်ကို တစ်ကြိမ်ခါယမ်းကာ သူ၏စစ်မှန်သောစွမ်းအင်ကို လှုံ့ဆော်ပေးလိုက်သည်။
မသေမျိုးစားဖိုမှူးစစ်ဆေးချက်ကို အောင်မြင်ထားသော ရွှမ်ယွမ်ရှားဟွေ့သည် မပျော့ညံ့ပေ။ အမှန်တကယ်တွင် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို အောင်မြင်သွားတိုင်း သန်မာကြသည်။
သူတို့၏ ဟင်းလျာများတွင် မသေမျိုးစွမ်းအင်များ ပါ၀င်လာစေရန်အတွက် ၎င်းတို့သည် ကြီးမားသော ခန္ဓာကိုယ် ခွန်အားနှင့် ခိုင်မာသော စိတ်စွမ်းအင် လိုအပ်မည်ဖြစ်သည်။
နှစ်ခုလုံး မလုံလောက်ပါက မသေမျိုးစွမ်းအင်ကို စုစည်းရန် ကြိုးစားမှုမှန်သမျှသည် အချည်းနှီးဖြစ်လိမ့်မည်။
ဝုန်း...
မီးတောက်နေသော ဂန္ဓမာပန်းနှင့်တူသည့် သလင်းကျောက်ဘောလုံးတစ်ခုသည် ရွှမ်ယွမ်ရှားဟွေ့၏ လက်ထဲတွင်ပေါ်လာသည်။ နောက်ဆုံး သူ၏အရောင်မှာ တောက်ပသော အစိမ်းရင့်ရောင်ဖြစ်လာသည်။
ဤမီးတောက်ပေါ်လာသည်နှင့် စားသောက်ဆိုင်အတွင်း အပူချိန် မြင့်တက်လာပြီး ပြင်းထန်သောအပူများ တစ်ဟုန်ထိုး တောက်လောင်လာသည်။
မီးတောက်များကို ပုဖန်မြင်သောအခါ ထိတ်လန့်သွားသည်။
" ဒါက မသေမျိုးမီးတောက်ဆိုတာလား..."
ပုဖန် စိတ်တည်ငြိမ်စေရန် အသက်ရှုထုတ်လိုက်သည်။
" ဟုတ်တယ်... ဒါက စားဖိုမှူးအကုန်လုံး တောင့်တနေကြတဲ့ မီးတောက်ပဲ... ပထမအဆင့် မသေမျိုးစားဖိုမှုးတွေတောင် လိုချင်နေကြတဲ့ မသေမျိုးပစ္စည်းတစ်မျိုးပဲ..."
ရွှမ်ယွမ်ရှားဟွေ့ ပြောလိုက်သည်။
တိုက်ဆိုင်စွာပြောရလျှင် ရွမ်ယွမ်ရှားဟွေ့ ဤ သလင်းကျောက်မသေမျိုးမီးတောက်ကို အမှတ်တမဲ့ အံ့အားသင့်စွာ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို စတင်အသုံးပြုပြီးသည်နှင့် ချက်ပြုတ်မှုစွမ်းရည် အလွန်တိုးတက်လာခဲ့ပြီး သူ၏ မသေမျိုးစားဖိုမှူးအဆင့်ကို ရရှိစေရန် ကူညီပေးခဲ့သည်။
သူ၏ မသေမျိုးမီးတောက်ကို တန်ဖိုးထားသောကြောင့် ၎င်းကို အလေးအနက်ထား ကာကွယ်ခဲ့သည်။
" အဲ့ဒါက သိပ်မဆိုးပါဘူး... " ပုဖန်ရိုးသားစွာ ပြောလိုက်သည်။
မသေမျိုးမီးတောက်နှင့် ကောင်းကင်ကမ္ဘာမြေမီးလျံ ပြိုင်တူတောက်လောင်နေချိန်တွင် နှိုင်းယှဉ်ကြည့်ပါက သူ၏ ကောင်းကင်ကမ္ဘာမြေမီးလျံမှာ ပို၍အရောင်ဖျော့နေသည်။
ဝုန်း...
ရွှမ်ယွမ်ရှားဟွေ့ လက်ချောင်းများကို ပွတ်ဆွဲသောအခါတွင် သလင်းကျောက်ကဲ့သို့ မီးတောက်များသည် အိုးအောက်တွင် တောက်လောင်လာသည်။
ချက်ချင်းပင် အနီရောင်ဟင်းရည် ပွက်ပွက်ဆူလာပြီး သူ၏စပ်သော ရနံ့မှာ လေထဲသို့ စိမ့်ဝင်သွားသည်။
မသေမျိုးမီးတောက်သည် ပါဝင်ပစ္စည်းများ၏ အရသာနှင့် အနံ့ကို မြှင့်တင်ပေးနိုင်သောကြောင့် ပုဖန်သည်လည်း သူ၏ကိုယ်ပိုင် မသေမျိုးမီးတောက်က်ိုအရယူရန် ဆုံးဖြတ်ခဲ့သည်။ ကောင်းကင်ကမ္ဘာမြေ မီးလျံသည် သူ၏လက်ရှိအဆင့်အတွက် အသုံးမဝင်တော့ပေ။
သလင်းကျောက် မသေမျိုးမီးတောက်ကို စူးစိုက်ကြည့်နေပြီးနောက် ပုဖန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။
ထို့နောက် သူကြိုတင်၍ ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ယူဆောင်လာခဲ့သည်။
တို့ဟူးပုပ်နှင့် မတူပဲ ဤဟော့ပေါ့အစပ်၏ ရနံ့သည် ဧည့်သည် လေးစလုံးကို ကြည်နူးနေသည်။
...
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၏ မြက်ခင်းပြင်ကြီးပေါ်တွင် ပုဖန်ပေါ်လာသည်။
လေပြည် တိုက်ခတ်လိုက်သည်နှင့် ဂျုံပင်များအချင်းချင်း တိုက်ခတ်မိသွားကာ မျက်စိတစ်ဆုံး ဖြန့်ကျက်ထားသည့် စိမ်းလန်းသော မြက်ပင်များသည်လည်း ညင်သာစွာ လွင့်ပျံနေသည်။
လေထုထဲတွင် သစ်သီးများ၏ မွှေးရနံ့များဖြင့် ပြည့်နေသည်။ အတိအကျပြောရလျှင် မှည့်နေသော စိတိညာဉ်သစ်သီးများ၏ ရနံ့ပင်။
ပုဖန် လက်နောက်ပစ်လျက် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် လှည့်ပတ်ကြည့်နေသည်။
မသေမျိုးစားဖိုမှူး စစ်ဆေးချက်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် ဤလယ်ယာမြေသို့ လာခဲ့ခြင်းဖြစ်သည်။
မူလက နတ်မင်းဆွေ့ဆွေ့ခုန်ကို ချက်ရန်စဉ်းစားထားသော်လည်း မနေ့က ရွှမ်ယွမ်ရှားဟွေ့၏ အပြောအရ နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာသည် ရှုပ်ထွေးသော ပါဝင်ပစ္စည်းများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး မသေမျိုးစွမ်းအင်ကို စုစည်းရန်ခက်ခဲလှသည်။
အမှန်တွင် မသေမျိုးစွမ်းအင်ဟုခေါ်သောအရာများသည် ပါဝင်ပစ္စည်းများ အတွင်းတွင် ရှိနှင့်နေပြီးဖြစ်သည်။ ပါဝင်ပစ္စည်းတိုင်းတွင် ၎င်းတို့၏မူလအစရှိပြီး ထိုမူလစွမ်းအင်ကို ထုတ်ယူစုစည်းကာ ပေါင်းစည်းလိုက်သောအခါ ထွက်ပေါ်လာသောစွမ်းအင်သည် မသေမျိုးစွမ်းအင် ဖြစ်လာသည်။
မူလစွမ်းအင်သည် မသေမျိုးစွမ်းအင် ဖြစ်လာပါက ဟင်းလျာ၏အရသာ မြင့်တက်လာမည်ဖြစ်သည်။
မူလစွမ်းအင်ကို ပိုမိုထုတ်ယူလေ ၎င်းကို ပေါင်းစည်းပြီးနောက် မသေမျိုးစွမ်းအင်များ ပိုမိုဖွဲ့စည်းလာနိုင်လေ ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းစဉ်မှာ ရှုပ်ထွေးလှသည်။
ဟင်းချက်ပါဝင်ပစ္စည်းတစ်ခုစီတွင် မူလစွမ်းအင်သည် အနည်းငယ်သာရှိသောကြောင့် စားဖိုမှူးတစ်ဦးသည် ၎င်းပမာဏများစွာကို စုပ်ယူနိုင်ရန် ကြီးမားသောစိတ်စွမ်းအင်ရှိရန် လိုအပ်သည်။
ထို့ကြောင့် မသေမျိုးစားဖိုမှူးများမှာ မပျော့ညံ့ကြခြင်း ဖြစ်သည်။
ကျင့်ကြံမှုအခြေခံ နိမ့်သောစားဖိုမှူးတစ်ဦးသည် ၎င်းပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို ထုတ်ယူ၍ သန့်စင်နိုင်မည်မဟုတ်ပေ။
အဆင့်မြင့် ဟင်းချက်ပါ၀င်ပစ္စည်းများတွင် မူလစွမ်းအင် ပိုများသည်။
ထို့ကြောင့် မသေမျိုးသစ်ပင်တွင် ထုတ်လုပ်သော သို့မဟုတ် စိုက်ပျိုးထားသော ပါဝင်ပစ္စည်းများကို မသေမျိုးစားဖိုမှူးများမှ အပြင်းအထန်ရှာဖွေရသည့် အကြောင်းရင်းဖြစ်သည်။
နတ်မင်းဆွေ့ဆွေ့ခုန်သည် ကွဲပြားသော ပါဝင်ပစ္စည်းများကို ပေါင်းစပ်ထားသောကြောင့် မသေမျိုးစွမ်းအင်စုစည်းရန် ခက်ခဲသောကြောင့် ပုဖန်ဟင်းလျာအသစ်ကို ချက်ရန် ဆုံးဖြတ်ထားသည်။ စနစ်ထံမှ မစ်ရှင်အောင်မြင်သောကြောင့် ဆုရထားသဖြင့် တော်သေးသည်။
ရရှိထားသောဆုမှာ သလင်းကြည်ဖက်ထုပ်စွပ်ပြုတ် ပြုလုပ်ရန် ဟင်းချက်နည်းဖြစ်သည်။ ဟင်းချက်နည်းကို ဖတ်ပြီးသည့်နောက် ဤဖက်ထုပ်မှာ အဆင့်မြင့်ဟင်းလျာဖြစ်ကြောင်း သိလိုက်ရသည်။
၎င်းသည် မသေမျိုးစားဖိုမှူးများအတွက် ဟင်းလျာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စနစ်၏ဖော်ပြချက်တွင် ပြီးပြည့်စုံသော သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ကိုဖန်တီးရန်အတွက် စားဖိုမှူးတစ်ဦးသည် မသေမျိုးစွမ်းအင်ကို ဖန်တီးရန် လိုအပ်သောကြောင့်ဖြစ်သည်။
" သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်... ကွမ်ရင်ပုလဲမျက်ရည်ဆန်ဖြင့် ဂျုံပြုလုပ်ပါ...သန့်ရှင်းကြည်လင်သော အဖြူရောင်ဂေါ်ဖီထုပ်ဟင်းချိုနှင့် ဝိညာဉ်သားရဲငါးမျိုး၏ အသားကို အသုံးပြုပါ... တိကျသော ဂျုံနယ်နည်းစနစ်ကို အသုံးပြု၍ အလွှာတစ်ထောင်ရှိသော သလင်းကြည်ဖက်ထုပ်စွပ်ပြုတ် ကို ဖန်တီးပါ..."
စနစ်မှပေးသော ဖော်ပြချက်ဖြစ်သည်။
ဟင်းချက်နည်းအသစ်သည် ပုဖန်အား စိတ်လှုပ်ရှားစေသည်မှာ အမှန်ပင်။
ကွမ်ရင်ပုလဲမျက်ရည်ဆန်ကို သူ၏လယ်ယာမြေ၌ စိုက်ပျိုးထားပြီးဖြစ်သည်။ ဝိညာဉ်သားရဲငါးမျိုး၏ အသားအတွက် သူ့ထံတွင် သွေးကျောက်ပုစွန် နတ်ဆိုးဖား ပါပီယွန်နဂါး ရေဘဝဲအစ်ကိုကြီး၏လက်တံများနှင့် ရှစ်လေး၏ပေါင်သားတို့ ပြည့်စုံစွာရှိသည်။
ထို နတ်ဆိုးသားရဲများ၏ ပေါင်းစပ်မှုသည် အကောင်းဆုံးမဟုတ်သော်လည်း သူ၏ မသေမျိုးစားဖိုမှူး စစ်ဆေးချက်အတွက် လုံလောက်သည်။
သို့သော် စနစ်ကသတ်မှတ်ထားသော ဖက်ထုပ်ချက်ပြုတ်နည်းသည် ခက်ခဲပုံပေါက်သည်။
ထိုအချိန်တွင် နျိုဟန်စန်းသည် ပုဖန်ကိုမြင်၍ တောက်ပစွာပြုံးလျက် လမ်းလျှောက်လာသည်။
အစောပိုင်းတွင် ပုဖန်၏တောင်းဆိုချက်များကို သိပြီးနောက် သူပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ပုဖန်လက်ထဲထည့်လိုက်သည်။
ခဏခန့် စကားပြောပြီးနောက် နျိုဟန်စန်းအား ဝိညာဉ်သားရဲ အသီးအရွက်နှင့် ဆေးပင်များ ထပ်မံရှာပေးမည်ဟု ကတိပေးပြီး လယ်ယာမြေမှ ထွက်လာသည်။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေကို သူ၏အိမ်ဟု နျိုဟန်စန်း သတ်မှတ်ထားပြီးပြီဖြစ်သည်။ ဤနေရာ၌ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကို အပန်းဖြေနိုင်ခဲ့ပြီး ဤအရာက သူ့ကို ကြည်နူး၍ စိတ်ကျေနပ်မှု ဖြစ်စေခဲ့သည်။
သူအားလပ်သည့်အချိန်တိုင်းတွင် ပုဖန်ကို ကူညီ၍ လယ်ယာမြေများကို ခုတ်ထွင်ပေးသည်။ ပုဖန်၏ ကျင့်ကြံမှု အခြေခံ တိုးတက်လာသည်နှင့် လယ်ယာမြေလည်း ကျယ်ပြန့်လာသည်။
ပုဖန် စားသောက်ဆိုင်မှ ထွက်လာ၍ မသေမျိုးသစ်ပင်ကို မြင်သည့်အချိန်တိုင်း သူ၏လယ်ယာမြေထဲသို့ ယူဆောင်၍ စိုက်ပျိုးချင်စိတ်များ ဖြစ်ပေါ်လာသည်။
အကယ်၍ မသေမျိုးသစ်ပင်ကို လယ်ယာမြေထဲ ယူဆောင် လာနိုင်ခဲ့ပါက ထိုနေရာ၌ မြေကြီးပြိုကျစေမည့် အပြောင်းအလဲများကိုပင် ဖြစ်စေလိမ့်မည်။
သို့သော် ထိုအရာသည် စိတ်ကူးယဉ်ဆန်သော အတွေးတစ်ခုမျှသာဖြစ်သည်။ ပုဖန်၏ ယခုလက်ရှိကျင့်ကြံခြင်းအခြေခံဖြင့်ဆိုလျှင် ထိုသစ်ပင်အကိုင်းများ၏ တစ်လက်မခန့်ကိုပင် လက်လှမ်း မမီပေ။
နောက်ထပ်တစ်ညတာ ကုန်ဆုံးသွားသည်...
တောက်ပသော ကောင်းကင်ကြီးသည် နေ့သစ်တစ်ခု ရောက်ရှိလာခြင်းကို အချက်ပြနေသည်။ နေရောင်ခြည်ကလည်း မိုင်ထောင်ချီ၍ တောက်ပနေပြီး လေထုသည် မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။
ပုဖန် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး၏ တံခါးကို တွန်းဖွင့်လိုက်သည်။
သူ၏အနီရောင်စားဖိုမှူးဝတ်ရုံသည် လေထဲတွင်လွင့်ပျံနေပြီး လည်ပင်းကိုဆန့်လိုက်ကာ မသေမျိုးမီးဖိုချောင်အဆောက်အဦးကို လှမ်းကြည့်လိုက်သည်။
သုံးရက်တာအချိန် ကုန်ဆုံးသွားပြီဖြစ်ပြီး ယနေ့သည် မသေမျိုးစားဖိုမှူးစစ်ဆေးချက် ဖြေဆိုရမည့်နေ့ဖြစ်သည်။
ပုဖန် အမှန်တကယ် မျှော်လင့်ထားသည်။
မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ အပေါက်ဝတွင် လူများစွာတိုးဝှေ့နေကြသည်။
သေမျိုးစားဖိုမှူးနှင့် ထုံချန်းတို့ စိန်ခေါ်ထားသည့်နေ့ဖြစ်ကြောင်း သူတို့သိရှိထားကြသည်။
အကယ်၍ ထိုသေမျိုးသည် မသေမျိုးစားဖိုမှူး ဖြစ်လာပါက ပြဿနာမရှိသော်လည်း မဖြစ်လာပါက ထုံမိသားစုမှ ထုံချန်းသည် သူ့အား အလွတ်ပေးမည်မဟုတ်ပေ။
ပြောရမည်ဆိုလျှင် ဤစစ်ဆေးချက်သည် ထိုသေမျိုး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။ သူ့တွင် လွတ်မြောက်စရာလမ်း မရှိပေ။
အဝေးရှိ နေရာတစ်ခုတွင်...
သဲမုန်တိုင်း တိုက်ခတ်နေသည်။
ဖုန်တိမ်တိုက်များကြားတွင် ပိန်ပါးသောပုံရိပ်တစ်ခုသည် လက်နောက်ပစ်လျက် ဖြေးညှင်းစွာ လျှောက်လာနေသည်။