အပိုင်း ၉၇၃
Viewers 53k

အခန်း ၉၇၃

မသေမျိုးပါဝင်ပစ္စည်းက ရှစ်လေးတဲ့လား...


" အစ်ကိုကြီး သွားချင်နေပြီလား..." 


စားဖိုမှူးအင်္ကျီအစား သာမန် ပေါ့ပေါ့ပါးပါးဝတ်စုံ ဝတ်ထားသော ရွှမ်ယွမ်ရှားဟွေ့ကို ရွှမ်ယွမ်ရွှမ် မေးလိုက်သည်။


ရွှမ်ယွမ်ရွှမ်ကို ပြန်၍ မပြုံးပြခင် သူ၏အင်္ကျီလက်များကို စနစ်တကျခေါက်လိုက်သည်။


" ဒီနေ့က ပိုင်ရှင်ပု မသေမျိုးစားဖိုမှူးစစ်ဆေးချက် ဖြေမယ့်နေ့ပဲ သေချာပေါက်သွားကြည့်ရမှာပေါ့... တူတူသွားကြမလား..."


ရွှမ်ယွမ်ရွှမ် စကားမပြောမီ စက္ကန့်အနည်းငယ်မျှ စဉ်းစားနေခဲ့သည်။ 


" အစ်ကိုကြီး ပုဖန်က မသေမျိုးစားဖိုမှူးဖြစ်ဖို့ အခွင့်အရေးရှိမယ်ထင်လား..."


ထိုစကားက ရွှမ်ယွမ်ရှားဟွေ့ကို ခေတ္တတိတ်ဆိတ်သွားစေခဲ့သည်။


" ခက်တော့ခက်ခဲမယ် ... ပထမတစ်ချက် ပုဖန်ရဲ့ ကျင့်ကြံခြင်းအခြေခံက စစ်မှန်မသေမျိုးနယ်ပယ်ကိုမရောက်သေးတာက သူ့အတွက် အဟန့်အတားလိုမျိုး ဖြစ်နေတယ်... ဒုတိယအချက် သူ့မှာမသေမျိုးမီးတောက် မရှိသေးတာကလည်း အဟန့်အတားတစ်ခုလို့ သတ်မှတ်လို့ရတယ်... သူ့မှာသာ နှစ်ခုလုံးပိုင်ဆိုင်ထားရင် မသေမျိုးစားဖိုမှူး ဖြစ်ဖို့ကလွယ်တယ်... ဒီနှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ပုဖန်ရဲ့အောင်မြင်ဖို့ ရာခိုင်နှုန်းက နှစ်ဆယ်လောက်ပဲရှိတယ်..." 


ရွှမ်ယွမ်ရှားဟွေ့ ပြုံးလျက် ရှင်းပြသည်။


အောင်မြင်မှု ရရှိရန်မှာ မလွယ်ကူပေ။ သူ၏စွမ်းအင် အရည်အချင်းနှင့် အခွင့်အရေးများကို စုဆောင်းရန် လိုအပ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မြင့်မြတ်သည့်နေရာ ရရှိထားသော မသေမျိုးစားဖိုမှူးတိုင်းတွင် အကြောင်းပြချက်ကိုယ်စီ ရှိကြသည်။


မည်သို့ပင်ဆိုစေကာမူ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်ရန်လိုအပ်သည်။


မဖြစ်နိုင်ပါက ထုံမျိုးနွယ်များကို ဖယ်ရှားရန် အခွင့်အရေးမရှိပေ။


မသေမျိုးစားဖိုမှူး ဖြစ်ခဲ့သည်မှာ အချိန်ကြာပြီဖြစ်သော ထုံချန်း၏ ဂုဏ်သတင်းမှာ ကြီးမားကျယ်ပြန့်ပြီး လူသိများသည်။ ရွှမ်ယွမ်ရှားဟွေ့ ပါ၀င်ခဲ့လျှင်ပင် ခြိမ်းခြောက်မှုဟု မယူဆနိုင်ပေ။


အကယ်၍ ပုဖန် မသေမျိုးစားဖိုမှူး ဖြစ်မလာပါက သူနှင့် မသေမျိုးမီးဖိုချောင်အဆောက်အဦး နှစ်ဖက်လုံး ပုဖန်ကို မကူညီနိုင်ပေ။ 


" ကောင်းပါပြီအစ်ကိုကြီး ညီမလည်းတူတူလိုက်ခဲ့မယ်..." 


ရွှမ်ယွမ်ရွှမ် စဉ်းစားပြီး‌သည့်နောက် ဆုံးဖြတ်ချက်ချလိုက်သည်။


ခဏအကြာတွင် စားသောက်ဆိုင်တံခါးကိုပိတ်၍ မသေမျိုးမီးဖိုချောင် အဆောက်အဦးသို့ ထွက်ခွာသွားကြသည်။


...


မသေမျိုး မီးဖိုချောင်အဆောက်အဦး၏ အပြင်ဘက်တွင်...


ပိန်ပိန်ပါးပါးပုံရိပ်တစ်ခု သူ၏အနီရောင်ဝတ်ရုံ လေထဲတွင်တဖျပ်ဖျပ်လွင့်ပြီး လမ်းလျှောက်လာသည်ကို အားလုံးကြည့်နေကြသည်။


ကြည့်ရှု့သူများ၏ ပြင်းထန်သော အကြည့်များကိုလျစ်လျူရှု့၍ ပုဖန်လက်နောက်ပစ်ကာ မျက်နှာသေဖြင့် လျှောက်လာသည်။


" အဲ့ဒီသေမျိုး တကယ်လာတယ်ဟေ့..."


" အရမ်းမာနထောင်လွှားနေတာပဲ... မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို လွယ်တယ်များထင်နေလား..."


" မသေမျိုးစားဖိုမှူးတိုင်းက များပြားတဲ့ အတွေ့အကြုံတွေကို စုဆောင်းဖို့အတွက် မရေမတွက်နိုင်တဲ့ လေ့ကျင့်ရေးတွေကို တွေ့ကြုံခံစားခဲ့ရလို့ သူတို့မှာ အခွင့်အရေးပိုများတယ်... ဒီသေမျိုးက ဘာအရည်အချင်း ပြည့်မီလို့လဲ..."


ကြည့်ရှု့သူများ အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့အားလုံးပုဖန်ကို အထင်သေးနေကြပြီး တစ်ဦးမှ မချီးကျူးကြပေ။


သူကောင်းမျိုးမိသားစုမှ လူများလည်းရောက်နေကြပြီး သူတို့ကို ကြည့်ရသည်မှာ အတွေးထဲနစ်မြုပ်နေပုံရသည်။


ထုံမိသားစုကို ဆန့်ကျင်ရဲရင့်သော သတ္တိရှိသူတစ်ဦးဖြစ်သော ပုဖန်ကို သူတို့အားလုံး လေးစားနေကြသည်။


မသေမျိုးမြို့တော်တွင် အင်အားကြီးမိသားစု များစွာရှိသည်။ အချို့မှာ ထင်ပေါ်ကျော်ကြားမှုနှင့် ဂုဏ်ကျက်သရေ အထွဋ်အထိပ်တွင် ရှိနေပြီး တချို့မှာ နာမည်ကျဆင်းနေသည်။ ကျန်လူများမှာသာမန်ပင်။ ထုံမျိုးနွယ်များသည် အထွတ်အထိပ်တွင်ရှိသော အုပ်စုတွင်ပါဝင်ပြီး မြင့်မားသောရာထူးကို ရရှိထားသည်။


ထုံမိသားစု ကုန်းရှို့မိသားစု ကျန်းမိသားစုနှင့် လောမိသားစုတို့သည် မသေမျိုးမြို‌‌့တော် တွင် သြဇာအရှိဆုံး မိသားစုလေးခုဖြစ်သည်။ သူတို့သည် မြို့တော်သခင်ကဲ့သို့ သြဇာညောင်းသည်။


မြို့တော်သခင် မူမိသားစုကို အခြားသော အင်အားကြီးမိသားစုဟု ယူဆနိုင်သည်။


မသေမျိုးမြို့တော်တွင် ဤသြဇာကြီးသော မိသားစုများသည် ဥပဒေဖြစ်သည်။


ထိုမိသားစုကို ခုခံရန် သတ္တိရှိသော သေမျိုးသည် သူတို့အတွက် ‌ပြောင်ပြောင်တင်းတင်း ဒေါသထွက်စရာပင်ဖြစ်သည်။


မူလျှို့အာ ကျင့်ကြံသူများ ဝန်းရံလျက် မသေမျိုးမီးဖိုချောင်အဆောက်အဦး အဝင်ဝတွင် ပုဖန်ကို စောင့်နေသည်။


မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို အစပျိုးခဲ့သည် အထူးအဆင့်စားဖိုမှူးကို စိတ်ဝင်စားလျက် ရှိကြသည်။


ပုဖန် မျက်နှာသေဖြင့် လူအုပ်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။


သူတို့၏မျက်နှာပေါ်ရှိ အမူအရာများသည် ဆင်တူခြင်းမရှိသော်လည်း အားလုံးစိတ်ရှုပ်ထွေးနေပုံရသည်။ သို့သော် ဤမျက်နှာမျိုးက သူ၏စိတ်ကို မတုန်လှုပ်နိုင်ပေ။


" ဒီကို လာခဲ့ပါ..." 


မူလျှို့အာပြုံးလျက် ပုဖန်ကိုပြောလိုက်သည်။ သူမ မျက်လုံးများတွင် ထူးဆန်းသည့်အရိပ်အယောင်များကို မြင်နေရပြီး သူ့အပေါ်၌ မျှော်လင့်ထားသကဲ့သို့ပင်။


ပုဖန် မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


သို့သော် ပုဖန်အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ အကယ်၍ မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို ယခင်က ဖြေဆိုခွင့်ရခဲ့ပါက ဤနေရာကို သူနောက်တစ်ကြိမ် ထပ်လာရန် မလိုအပ်ပေ။


" နောက်ကလိုက်ခဲ့ပါ..."


ပုဖန်၏ မျက်နှာသေကြီးမှာ မူလျှို့အာကို မအံ့ဩစေတော့ပေ။ သူမ ခေါင်းငြိမ့်၍ သူ့ကို မသေမျိုးမီးဖိုချောင်အဆောက်အဦးတွင်းသို့ ဦးဆောင်ခေါ်သွားသည်။


ထိုအချိန်တွင် လူအုပ်ကြီးသည် အဝင်ဝကိုဖြတ်၍ လျှောက်လာနေသည်။


မန်နေဂျာချန် ပုဖန်ကို မသေမျိုးစားဖိုမှူး စစ်ဆေးချက် ကျင်းပမည့် အခန်းရှေ့တွင် စောင့်နေသည်။


ယခင်က မန်နေဂျာချန် ရွှမ်ယွမ်ရှားဟွေ့ကို စောင့်နေရပြီး ယခုတွင် ပုဖန်ကို စောင့်နေသည်။


" အဆင်သင့်ဖြစ်ပြီလား... မသေမျိုးစားဖိုမှူးစစ်ဆေးချက်က မင်းရဲ့ဘဝနဲ့ သက်ဆိုင်နေတယ်... အောင်မြင်သွားရင် အသက်ရှင်မယ် ကျရှုံးသွားရင်တော့ ထုံမိသားစုရဲ့ အမျက်ဒေါသတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်..." မန်နေဂျာချန် မုတ်ဆိတ်မွှေးများကို ပွတ်သပ်လျက် ပုဖန်ကိုပြောလိုက်သည်။


ဤသေမျိုးကို သူမခန့်မှန်းနိုင်ပေ။


ပုဖန်၏ ဟင်းလျာကို စားသောက်ဆိုင်တွင် စားပြီးသည့်နောက် သူ၏အကြောင်းပိုမို သိချင်လာပြီး ယနေ့လုပ်ဆောင်ချက်ကိုလည်း မျှော်လင့်နေမိသည်။


ဤသေမျိုးက အံ့ဩဖွယ်ရာများကို ဖန်တီးနိုင်သည်။


" ကျုပ် အဆင်သင့်ဖြစ်ပါပြီ... မြန်မြန်စရင် မြန်မြန်အနိုင်ရမှာပါ ကျုပ်အလျင်လိုနေပြီ..." 


ပုဖန်ပြန်ပြောလိုက်သည်။


မန်နေဂျာချန် ထိတ်လန့်သွားသည်။ ပုဖန်ကို ခေတ္တစိုက်ကြည့်နေပြီးနောက် အခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။


ကျယ်လောင်သော အသံနှင့်အတူ အခန်းတံခါးများကို တွန်းဖွင့်လိုက်သည်။


ဤစစ်ဆေးခန်းသည် မယုံနိုင်အောင်ပင် ဟောင်းနွမ်းနေပြီဖြစ်၍ အသံတကျွိကျွိ မြည်နေသည်။


မသေမျိုးစားဖိုမှူး စစ်ဆေးချက်အတွက် အသုံးပြုသောအခန်းသည် အထူးအဆင့်စားဖိုမှူး စစ်ဆေးခန်းထက် ပို၍ကျယ်ဝန်းသည်။


ပုဖန် အခန်းထဲသို့ ၀င်သွားပြီး မကြာမီ နေရာတစ်ခု၏ အထက်တွင် မီးဖိုတစ်ခု တည်ထားသည့် အလယ်ဗဟိုသို့ ရောက်ရှိသွားသည်။


မီးဖိုမှာ ရှေးကျ၍ အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပုံရသည်။ မီးဖိုအနားရောက်သွားသည်နှင့် သူ၏စိတ်များ ပြေလျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။


ပုဖန်အနည်းငယ် ဝမ်းသာသွားသည်။ ဤမီးဖိုသည် အစွမ်းထက်ပုံပေါက်သည်။


" စနစ်ရေ ဒီမီးဖိုချောင်ကိုတွေ့လား ဒါကစားဖိုမှူးတွေရဲ့ စိတ်ကို တည်ငြိမ်စေသလိုပဲ တော်တော်ကောင်းတယ်..."


 ပုဖန် စနစ်ကို ပြောလိုက်သည်။


သို့သော် ပြန်ဖြေရန် ပျင်းရိနေသောကြောင့် အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားသည်အထိ စနစ်သည် ပြန်မဖြေပေ။ 


စနစ်မှ ပြန်ဖြေမည်မဟုတ်ဟု ပုဖန် ခန့်မှန်းပြီးသားဖြစ်သည်။ ၎င်း၏ ညံ့ဖျင်းသော ကိုယ်ရည်ကိုယ်သွေးဖြင့် သူ့အတွက် ပိုမိုကောင်းမွန်သော မီးဖိုတစ်ခုကို ပြင်ဆင်ရန် မည်သို့သဘောတူနိုင်မည်နည်း...


မီးဖိုရှေ့တွင် လက်များယှက်လျက် ပုဖန် ငြိမ်သက်စွာ မတ်တပ်ရပ်နေသည်။


ထို့နောက် ဟင်းချက်နည်းအတိုင်း ပြင်ဆင်ထားသည်။


တစ်ချိန်တည်းမှာပင် ပရိသတ်က ထိုင်ခုံရှာရန် တစ်ယောက်နှင့်တစ်ယောက် ကြိတ်ကြိတ်တိုး တွန်းနေကြသဖြင့် မကြာမီ နေရာပြည့်သွားသည်။


ထိုင်ခုံအလွတ်များမကျန်သော်လည်း လူများက ရှေ့ကိုတွန်းကာ ရေကဲ့သို့ တစ်ဟုန်ထိုး ဝင်လာကြသည်။


သူကောင်းမျိုးမိသားစုဝင်များသည် အလယ်ဗဟိုတွင် ခြေထောက်များချိတ်လျက် ထိုင်နေပြီး ပုဖန်ကို ပြုံး၍ကြည့်‌နေကြသည်။ 


အကယ်၍ သေမျိုးဖြစ်သူ ပုဖန်သာ မသေမျိုးစားဖိုမှူး ဖြစ်လာခဲ့ပါက သူသည် သာမန်လူမဟုတ်ပဲ တန်ဖိုးမှာလည်း သိသိသာသာ တိုးလာမည်ဖြစ်သည်။


ထို့ကြောင့် လွှမ်းမိုးမှုရှိသော မိသားစုများသည် စစ်ဆေးချက်ကို အာရုံစိုက်နေကြသည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် ရွှမ်ယွမ်ရွှမ်တို့ ရောက်နေကြပြီဖြစ်သည်။ ရွှမ်ယွမ်ရှားဟွေ့၏ ဂုဏ်ပုဒ်ကြောင့် သီးသန့်ဖယ်ထားသော နေရာများ ရရှိကြသည်။


အတန်ကြာသော် ပရိသတ်များ၏ အကြည့်များက ပုဖန်ပေါ်သို့ ရောက်ရှိလာသည်။ မသေမျိုးစားဖိုမှူးဖြစ်ရန် ကြိုးပမ်းရာတွင် သူမည်သည့် ဟင်းချက်မည်ကို သူတို့အားလုံး စိတ်အားထက်သန်စွာ သိချင်နေကြသည်။


သူတို့၏ စူးရှသော အကြည့်များအောက်တွင် ပုဖန် ပါဝင်ပစ္စည်းများကို ထုတ်နေသည်။


ဂျုံမှုန့် အသားမျိုးစုံ ရေကဲ့သို့ အဖြူရောင်ဂေါ်ဖီထုပ်များ...


ဘာမှထပ်မရှိတော့ဘူးလား...


ပရိသတ်များ အံ့အားသင့်သွားသည်။


ဒါသူ့မှာရှိတဲ့ ပါဝင်ပစ္စည်းအကုန်ပဲလား...


ဘာမှမရှိတော့ဘူးလား... ပုဖန်က ဘာကိုချက်ချင်နေတာလဲ...


ပေါက်စီလား...


ပရိတ်သတ်များ ပုဖန်၏ဟင်းလျာကို ကောက်ချက်ချရန် ကြိုးစားသောအခါတွင် ၎င်းတို့၏ ခန့်မှန်းချက်များမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။


အများစုမှာ စားဖိုမှူးများ မဟုတ်ကြသော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ မြို့သူမြို့သားများ အနေဖြင့် ချက်ပြုတ်ခြင်း အသိပညာများ ရှိကြသည်။


" ဒီပေါက်စီက သူ့ကို မသေမျိုးစားဖိုမှူးဖြစ်ဖို့ လုံလောက်မှာလား..." 


" ပေါက်စီမဟုတ်တာလည်း ဖြစ်နိုင်တာပဲ... ဟုတ်နေတယ်ဆိုရင်တော့ ငါပြန်ပြီ..."


" အဆင့်နိမ့်ဟင်းလျာတစ်ခုက မသေမျိုးစားဖိုမှူး ဘယ်လိုဖြစ်လာစေမှာလဲ ... ဒီ‌လူတော့ရူးနေပြီ..."


စစ်ဆေးချက် မစသေးသော်လည်း ပရိသတ်များက ပုဖန်၏ကြိုးစားမှု မအောင်မြင်ဟု မှတ်ယူထားပြီးဖြစ်သည်။


ပုဖန်ကျရှုံးမည်ဟု အားလုံးက ယုံကြည်နေကြသည်။


ရွှမ်ယွမ်ရှားဟွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဂျုံ အသား ဂေါ်ဖီထုပ် ... သူထုတ်ယူထားသည့် ပါဝင်ပစ္စည်းများကို ကြည့်လိုက်ပါက ပေါက်စီပြုလုပ်မည်ဟု ထင်ရသည်။


မည်သို့ပင်ဖြစ်စေ ပေါက်စီပြုလုပ်ခြင်းသည် ခက်ခဲသောနည်းလမ်းများ မလိုအပ်ပေ။ ထိုသို့ဆိုလျှင် မသေမျိုးစားဖိုမှူး စစ်ဆေးချက်ကို သူမည်သို့ အောင်မြင်မည်နည်း။


" ပိုင်ရှင်ပုမှာ အထူးနည်းလမ်းတွေ ရှိသေးပုံရတယ်..." 


ရွှမ်ယွမ်ရှားဟွေ့ ပုဖန်၏ တီထွင်ဆန်းသစ်မှုရှိသော ဟင်းလျာများကို စဉ်းစားမိ၍ ပြောလိုက်သည်။


ကျွိ...


အခန်းတံခါး နောက်ထပ်တစ်ကြိမ် ပွင့်သွားသည်။


ထုံချန်း အေးစက်သောအမူအရာဖြင့် ဝင်လာခဲ့သည်။ အဖြူရောင်ဝတ်ရုံရှည် ရွှေခရမ်းရောင်သရဖူနှင့် စွဲမက်ဖွယ်ကောင်းသော နဂါးဖိနပ်တစ်ရံကို ၀တ်ဆင်ထားသည်။


ရှေ့သို့ လျှောက်လာစဉ် ချောမွတ်သော ကျောက်စိမ်းပုတီးစေ့သည် သူ၏လက်ချောင်းများကြားတွင် စွဲမက်ဖွယ်ကောင်းလှသည်။


ထုံမိသားစုရဲ့ သခင်လေးရောက်လာပြီ...


ထိုသေမျိုး၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့်သူ ရောက်ရှိလာပြီဖြစ်သည်။


လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


ထုံချန်းကို မြင်သောအခါ ရွှမ်ယွမ်ရှားဟွေ့ ပြုံးပြလိုက်သည်။


ထုံချန်း ထိုအပြုံးကို မြင်သောအခါ မနှစ်မြို့ဖွယ်ရာ မှတ်ဉာဏ်များကို ရောင်ပြန်ဟပ်လာ၍ သူ၏မျက်နှာပေါ်မှ ကြွက်သားများ ကျုံ့သွားသည်။


ထိုအချိန်တွင် အခန်း၏ အလယ်ဗဟို၌ ပုဖန်စတင်ချက်ပြုတ်နေပြီဖြစ်သည်။


ဂျုံနယ်မည့်အစား အဆာပလာများကို ကြိုတင်ပြင်ဆင်နေသည်။


ပါပီယွန်လက်သည်းကို မဟူရာလိပ်ခုံးဒယ်အိုးထဲ မထည့်မီ သန့်စင်လိုက်သည်။ လှီးဖြတ်ထားသော သားအမိဂျင်း အေးခဲကျောက်စိမ်းနှလုံးသားဝိုင် ပုလင်းတစ်ဝက်နှင့် နွေဦးစမ်းရေတို့ကို ဒယ်အိုးထဲ ထည့်လိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဒယ်အိုးထဲမှ ဟင်းရည်များ အလယ်မှတ် ကျော်လွန်သွားသည်။


ပုဖန် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် ရွှေအိုရောင် မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီး ဒယ်အိုးထဲသို့ပစ်ဝင်ကာ ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။


ထိုအချိန်တွင် အားလုံးသည် ပုဖန်ကိုသာ အာရုံစိုက်နေကြပြီး မည်သူမျှ အသက်ပင်မရှုရဲပေ။


" သူဘာတွေ လုပ်နေတာလဲ... ဂျုံအရင်နယ်ရမှာ မဟုတ်ဖူးလား..." 


ပရိသတ်များ မတတ်သာပဲ အော်ဟစ်မေးကုန်ကြသည်။


သို့သော် သူတို့၏စကားများကြောင့် ပုဖန်အနှောင့်အယှက်မဖြစ်ပဲ ဟင်းလျာပြုလုပ်ခြင်းတွင်သာ အာရုံစိုက်ထားသည်။


သွေးကျောက်ပုစွန် ၃ ကောင်ကို ထုတ်ယူလိုက်ပြီး သူ၏လက်ထဲတွင် ရွှေနဂါးရိုးမီးဖိုချောင်သုံးဓား ပေါ်လာသဖြင့် ရွှေရောင်အလင်းတန်းများ လေထဲသို့ ဖြာကျသွားသည်။ ဓားခုတ်သံကြောင့် စူးရှတောက်ပသော အလင်းရောင်တစ်ခု ထွက်လာသည်။


ပုဖန် သွေးကျောက်ပုစွန်များကို လှီးဖြတ်ပြီး အခွံခွာလိုက်သည်။


ပျော့ပျောင်း၍ အသားများဖြင့်ပြည့်နေသော ကျောက်ပုစွန်ကိုယူ၍ စဉ်းတီတုံးပေါ် တင်လိုက်သည်။


တောက်... တောက်... တောက်...


ပျော့ပျောင်းသောပုစွန်အသားကို အချိန်တိုအတွင်း လှီးဖြတ်လိုက်ရာ ဓားသည် အလွန်လျင်မြန်စွာ ကျဆင်းသွားခဲ့ပြီး ကြယ်ကြွေနေသကဲ့သို့ပင်။


ယခုအခါတွင် ပုဖန်တွင် မတူညီသော ဓားစွမ်းရည်သုံးရှိနေ အခြေခံဥက္ကာပျံဓားစွမ်းရည် အရှင်သခင် ဓားဆယ့်သုံးချက်နှင့် မကြာသေးမီကမှ ရရှိထားသည့် အင်မော်တယ်ဖြတ်တောက်ခြင်းပုံစံ တို့ဖြစ်သည်။


ဓားစွမ်းရည်အသစ်ကို မလေ့ကျင့်ထားရသေးသည့်အတွက် ယခုအခါ အသုံးမပြုနိုင်သေးပေ။ ထို့မပြင် အရှင်သခင်ဓားဆယ့်သုံးချက်သည် ဤလက်ရာမြောက်သော ပါဝင်ပစ္စည်းများနှင့် မသင့်တော်ပေ။


ပုဖန်၏ ဓားစွမ်းရည်သည် ပရိသတ်ကို အံ့အားသင့်စေခဲ့သည် ။သို့သော်လည်း အံ့အားသင့်စေရုံသာဖြစ်သည်။


သွေးကျောက်ပုစွန်ကို နုတ်နုတ်စင်းပြီးနောက် ပါပီယွန် ဖားနတ်ဆိုးအသားနှင့် ရေဘဝဲတို့ကိုပါ နုတ်နုတ်စင်းလိုက်သည်။


နုတ်နုတ်စင်းထားသော အသားများကို ဖြူအ

ပြာရောင် ကြွေပန်းကန်ထဲသို့ ထည့်လိုက်သည်။


စိတ်ထဲတွေးလိုက်ရုံနှင့် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ရှစ်လေးကို ဆင့်ခေါ်လိုက်သည်။ ထိုကောင်လေးသည် ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေ၌ သက်တောင့်သက်သာ နေရသဖြင့် ဘောလုံးလေးကဲ့သို့ အတော်အတန် ဝဖြိုးနေပြီဖြစ်သည်။ 


သူ၏ ခေါင်းသေးသေးလေးဖြင့် လှည့်ကြည့်လိုက်သောအခါ အရောင်တောက်ပနေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို မကြည့်မီ ပုဖန်ကိုအရင်မြင်လိုက်သည်။


" ကတော်...ကတော်..."


  ရှစ်လေး ကျယ်လောင်စွာ တွန်နေသည်။


ပုဖန် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သောအချိန်တွင် သူ၏နှုတ်ခမ်းထောင့်များက နူးညံ့သော အပြုံးတစ်ခုအဖြစ် ကွေးကောက်သွားသည်။


ဒါကိုမြင်သောအခါ ရှစ်လေး တုန်လှုပ်သွားသည်။


" ကတော်... ကတော်... ကတော်..."


ပုဖန်၏ လှုပ်ရှားမှုများကို နားလည်သဖြင့် ရှစ်လေးဒေါသဖြစ်နေသည်။


ပုဖန်၏ လက်ထဲမှ ခုန်၍ ထွက်ပြေးသွားသောအခါ သူ၏အဆီများနှင့် ခန္ဓာကိုယ်မှာ တုန်ခါနေသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ရောက်ပြီး အရှိန်ပြင်းပြင်းနှင့် ပျံသွားသည်။


ကြက်တစ်ကောင် ပုဖန်၏လက်ထဲမှ ခုန်ချပြီး ထွက်ပြေးသွားသည်ကို မြင်သောအခါ အားလုံး အလန့်တကြား ဖြစ်သွားသည်။


ပရိသတ်များထဲမှ စူးရှသော အမြင်ရှိသူတို့သည် ရှစ်လေးကို မြင်သောအခါ မျက်လုံးအရောင်တောက်သွားသည်။ 


ရွှမ်ယွမ်ရှားဟွေ့ မျက်လုံးများမှ စူးရှစွာအရောင်တောက်လာသည်။


 " မသေမျိုး ပါဝင်ပစ္စည်းလား..." 


သူကောင်းမျိုးမိသားစုမှ စားဖိုမှူးများသည်ပင် အာရုံစိုက်လာကြသည်။


" မသေမျိုးသစ်ပင်မှာ ကြီးထွားလာတဲ့ ပါဝင်ပစ္စည်းလား..." 


" ကြည့်ရတာတော့အဲ့လိုမဟုတ်ဖူး... ဒါမဲ့ သူ့ရဲဝိညာဉ်စွမ်းအင်က တော်တော်ကောင်းတယ်... ထိပ်တန်းအဆင့် ပါဝင်ပစ္စည်းပဲ မသေမျိုးပါဝင်ပစ္စည်းလို့ ခေါ်ဖို့ထိုက်တန်တယ်..."


လက်ထဲမှ ကျောက်စိမ်းပုတီးကို ပွတ်သပ်ကာ ထုံချန်း၏ မျက်လုံးမှ အရောင် တလက်လက်တောက်နေသည်။


" တန်ဖိုးရှိတဲ့ ကြက်လား... သူဒီလောက် ယုံကြည်မှုတွေရှိနေတာ မထူးဆန်းတော့ပါဘူး... ကံဆိုးတာကတော့ မသေမျိုးပါဝင်ပစ္စည်းတွေရှိတိုင်း မသေမျိုးစားဖိုမှူး ဖြစ်လာတာမဟုတ်ဖူး... အဲ့လောက်လည်း မရိုးရှင်းဘူး..."