အပိုင်း ၉၇၄
Viewers 53k

အခန်း ၉၇၄

ဖက်ထုပ်စွပ်ပြုတ်ပြီးဆုံးသွားပြီး မိုးကြိုးပြစ်ဒဏ်ရောက်လာပြီ...


ပုဖန်၏ မသေမျိုးပါဝင်ပစ္စည်းဖြစ်သော အဖိုးတန်ကြက်ကလေးက ပရိသတ်၏မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သည်။


ထိုမသေမျိုးပါဝင်ပစ္စည်း အကြောင်းကို ယခုရှိနေသူတိုင်း မသိကြသည်မှာ သဘာဝကျပါသည်။


ထုံမိသားစုမှ သခင်လေးထုံချန်းက ဗဟုသုတများစွာရှိသောကြောင့် အဖိုးတန်ကြက်ကလေး ဟုခေါ်သော ဟင်းချက်ပါဝင်ပစ္စည်းအကြောင်း သူကြားဖူးခဲ့သည်မှာ သေချာသည်။


မသေမျိုးသစ်ပင်သည် မသေမျိုးမြို့တော်၏ဗဟိုတွင်တည်ရှိသည်။ ၎င်း၏စိမ်းလန်းစိုပြေသောအကိုင်းအခက်များနှင့် အရွက်များသည် အသီးအပွင့်များရရှိရန် ကောင်းကင်နှင့်မြေကြီးအား ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ်စုပ်ယူခဲ့သည်။ တစ်ခါတစ်ရံ မသေမျိုးပါဝင်ပစ္စည်းဟုခေါ်သော အရာများ ထိုသီးနှံများထဲတွင် ပေါ်ပေါက်လာသည်။


တစ်ချိန်က လူတစ်ဦးသည် မသေမျိုးသစ်ပင်မှ အသီးကို ဖွင့်လိုက်သောအခါ အထဲတွင် အဖိုးတန်ကြက်ကလေး တစ်ကောင်ကို တွေ့ရှိခဲ့သည်။


ထိုကြက်ကလေးသည် ပုဖန်ထက်အဆင့်ပိုမြင့်ကာ ၎င်း၏ ဝိညာဉ်စွမ်းအင်သည် ထူထပ်ပြီး မသေမျိုးစွမ်းအင်ကိုပင် ပိုင်ဆိုင်ထားသည်။


ထိုအချိန်တွင် ရှစ်လေး မလွတ်မြောက်နိုင်တော့ပေ။ ပုဖန်က သူ့အား လည်ပင်းကိုဆွဲ၍ လျင်မြန်စွာ ဖမ်းထားသည်။


ကြက်လေး၏ မျက်လုံးလေးထဲတွင် မျက်ရည်များ ပြည့်နှက်လာသည်။


" ဘာလို့ ထွက်ပြေးနေတာလဲ ငါမင်းဆီက ခြေထောက်တစ်ဖက်ပဲယူမှာ... နောက်ကျပြန်ပေါက်လာမှာပဲလေ ကောင်းကောင်းနေ... လယ်ယာမြေကို ပြန်ပို့ပြီးရင် မင်းကိုကောင်းကောင်းဂရုစိုက်ဖို့ နျိုဟန်စန်းကိုပြောပေးမယ်..." 


ပုဖန်ပြောလိုက်သည်။


ရှစ်လေး အလွန်ထိတ်လန့်သွားသည်။ မင်းရဲ့ခြေထောက်တစ်ဖက် ငါ့ကိုခဏငှားရင်ရော ဘယ်လိုလဲ...


ခဏအကြာတွင် ရှစ်လေးသည် အသတ်ခံရဆဲဆဲ ဝက်တစ်ကောင်ကဲ့သို့ အော်လိုက်သည်။


" ကတော်... ကတော်... ကတော်..."


ပုဖန် ပြုလုပ်ပြီးသောအခါ...


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြင့် ကြက်အရေခွံကို ခွာပစ်လိုက်သည်။ ကြက်သားကို နုပ်နုပ်စဉ်းပြီး ဖြူပြာရောင် ကြွေပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။


ထို့နောက် ဝိညာဉ်သားရဲ အသားငါးမျိုးနှင့် ရောစပ်ထားသည့် ပန်းကန်လုံးထဲရှိ ပါဝင်ပစ္စည်းများကို မွှေလိုက်သည်။


ပွက်... ပွက်...


မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ ဟင်းရည်သည် ပွက်ပွက်ဆူလာပြီး ၎င်း၏အရောင်သည် ချောမွေ့သော ဆင်စွယ်ရောင် ဖြစ်လာသည်။


ပုဖန် မီးတောက်ကို စစ်ဆေးပြီးနောက် ဖြူပြာရောင်ကြွေပန်းကန်လုံးထဲသို့ ဟင်းရည်လောင်းထည့်လိုက်သည်။


ဟင်းရည်များ ပန်းကန်လုံးကို ပြည့်သွားစေပြီး အဖြူရောင်အကွင်းလေးများ ထွက်ပေါ်လာစေသည်။


စိတ်ထဲတွေးလိုက်သည်နှင့် ပုဖန်၏ ဝိညာဉ်ပင်လယ် ချက်ချင်းပင် မြင့်တက်လာပြီး ဝိညာဉ်သားရဲမျိုးစုံ၏ ဟိန်းဟောက်သံနှင့်ပင် တူနေသည်။


ပုဖန် သူ၏ စိတ်စွမ်းအင်ကို လှုံ့ဆော်ပေးခဲ့ပြီး ပန်းကန်လုံးမှ ထွက်သည့် အပူများကို လျော့ပါးစေခဲ့သည်။


ပန်းကန်ထဲရှိ ဟင်းရည်သည် သာမန်မျက်စိနှင့် မြင်နိုင်သည့် အရှိန်ဖြင့် အေးခဲလာပြီး မကြာခင် ဂျယ်လီနှင့် ဆင်တူလာသည်။


ရေကဲ့သို့ ကြည်လင်သော ဂေါ်ဖီထုပ်ကို သေချာသန့်စင်၍ ပါးပါးလှီးထားပြီးနောက် ပုဖန်သည် မတူညီသော ဝိညာဉ်သားရဲ အသားငါးမျိုး ရောစပ်ထားသော ဇလုံထဲသို့ လောင်းထည့်လိုက်သည်။


ရောနှောထားသည့် အသားများကို မွှေနေစဉ် ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ထားသည်။


ပူစပ်စပ်ငရုတ်နှစ် ဇွန်းတစ်ဝက် နှင်းခါးမီးတောက်သိမြင်မှုဝိုင် တစ်ဇွန်း သားအမိဂျင်း ခရမ်းရောင် ကြက်သွန်ဖြူ အချို့ နှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်သည်။


ဤသို့ဖြင့် ဖက်ထုပ်အစာကို ပြင်ဆင်ပြီးသွားသည်။


နောက်တစ်ဆင့်မှာ ဖက်ထုပ်ရွက် ပြုလုပ်ရန်ဖြစ်သည်။


ဂျုံမှုန့်ကိုယူ၍ စားပွဲပေါ်တွင် တောင်ငယ်လေးတစ်ခုနှင့် တူလာသည်အထိ လောင်းချလိုက်သည်။


သူ၏အနီရောင်ဝတ်ရုံကို အင်္ကျီလက်များ ခေါက်တင်လိုက်သောအခါ ဖြူဖျော့သည့် လက်မောင်းသားများ ပေါ်လွင်လာသည်။


နှင်းခါးမီးတောက်သိမြင်မှုဝိုင်ကို ဂျုံမှုန့်တောင်ပေါ်တွင် လောင်းချလိုက်သည်။ ထို့ကြောင့် ဂျုံမှုန့်၏အထွတ်အထိပ်သည် နိမ့်ဆင်းသွားသည်။ 


ထို့နောက် ဂျုံမှုန့်ကို လက်နှစ်ဘက်ဖြင့် ဆုပ်နယ်တော့သည်။


ခဏတာ ဂျုံနယ်ပြီးနောက် ဂျုံမှုန့်ညက် ဘောလုံးကြီးကဲ့သို့ ဖြစ်နေသည်။


နောက်တစ်ဆင့်သည် အရေးကြီးဆုံးဖြစ်သည်။


ပုဖန်၏ စာအုပ်ကြီးအတိုင်း ချက်ပြုတ်နည်းကို ကြည့်၍ ပရိသတ်များ မျက်မှောင်ကြုတ်လိုက်သည်။


မသေမျိုးစားဖိုမှူးစစ်ဆေးချက် စတင်သည့်အချိန်ကတည်းက ပုဖန်၏ ဓားစွမ်းရည်တစ်ခုတည်းသာလျှင် ပရိသတ်ကို အံ့အားသင့်စေခဲ့သည်။


ကြည့်ရတာ သူက သာမန်အထူးအဆင့်စားဖိုမှူးတွေနဲ့ ဘာမှ မကွာဘူးထင်တယ်...


ရွှမ်ယွမ်ရှားဟွေ့သည်ပင် သံသယကြောင့် မျက်မှောင်ကြုတ်နေသည်။


သို့သော်လည်း မန်နေဂျာချန်၏ အကြည့်သည် ပုဖန်ပေါ်တွင် တည်ရှိနေပြီး သူ၏ ချက်ပြုတ်မှု အဆင့်တိုင်းကို ခွဲခြမ်းစိတ်ဖြာနေသည်။


ကြာကြာကြည့်လေ သူ၏မျက်မှောင်များ ကြုတ်လေဖြစ်သည်။


" ဒီလောက်အဆင့်လေးတွေ လုပ်ပြရုံနဲ့ မသေမျိုးစားဖိုမှူး ဖြစ်လာဖို့ သူ့အတွက် တော်တော်ခက်ခဲလိမ့်မယ်...ဒီကောင်လေး ဘာတွေလုပ်နေတာလဲ..."


 မန်နေဂျာချန် ရေရွတ်လိုက်သည်။


သူကောင်းမျိုးမိသားစုဝင်များလည် တွေဝေကုန်ကြသည်။


တစ်ဖက်တွင် ထုံချန်း၏ အမူအရာမှာ မပြောင်းလဲပေ။ သူ၏လက်ချောင်းများကြားထဲမှ ကျောက်စိမ်းပုတီးကိုသာ လှိမ့်နေခဲ့သည်။


" ဖက်ထုပ်စွပ်ပြုတ်လုပ်တာက ဒီလောက်မခက်ပါဘူး..."


ပရိသတ်က တစ်ဖန်အော်ဟစ်ပြီး လူအများက မထီမဲ့မြင် လှောင်ပြောင်စပြုလာကြသည်။


ပုဖန်၏ ချက်ပြုတ်နည်းသည် ရိုးရှင်းလွန်းသည်။မှတ်သားလောက်စရာ ဘာမျှမရှိပေ။


စက္ကန့်ပိုင်းအတွင်းတွင် ပရိတ်သတ်၏အသံ ပိုမိုကျယ်လောင်လာသည်။


၎င်းတို့၏ ရုတ်ရုတ်သဲသဲအသံမှာ ပုဖန်ကို လာသက်‌ရောက်မည်ကိုလည်း ဂရုမစိုက်ကြတော့ပေ။ ဤအဆင့်တွင် သက်ရောက်မှု မရှိပါကလည်း သူသည် မသေမျိုးစားဖိုမှူး ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။


လူအားလုံး ထိုသို့တွေးနေခဲ့ကြသည်။


ပြိုင်ပွဲဝင်ရန် အရည်အချင်း မပြည့်မီဟု သူတို့ထင်သွားပါက သနားညှာတာမှု မရှိကြတော့ပေ။


ဝုန်း...


ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံသည် ပရိသတ်၏ ဆူညံသံများကို လွှမ်းမိုးသွားသည်။


သူတိုအားလုံး ထိတ်လန့်သွားပြီး အကြည့်များ အခန်း၏အလယ်ဗဟိုရှိ မီးဖိုပေါ်သို့ ရောက်သွားသည်။


တစ်ခဏချင်းမှာပင် သူတို့၏ မေးရိုးများ ပြုတ်ကျလာပြီး မယုံကြည်နိုင်မှုများက မျက်လုံးထဲတွင် ပြည့်လျံနေသည်။


ဂျုံမှုန့်ဖြူများသည် ပုဖန်၏ အနီးတစ်ဝိုက်တွင် ပျံဝဲနေသည်။


ပုဖန်၏ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်များ ထွက်ပေါ်လာသည်။ ယခုလက်ရှိအချိန်တွင်ညသူ၏ကျင့်ကြံခြင်းအခြေခံသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား မပါပဲနှင့်ပင် သူ၏စိတ်စွမ်းအင်မှာ ကြယ်တစ်လုံးအဆင့် စစ်မှန်မသေမျိုးနယ်ပယ်နှင့် ယှဉ်ပြိုင်နေနိုင်ပြီ ဖြစ်သည်။ အကယ်၍ နတ်ဘုရားအဆင့်အချက်အပြုတ်ပစ္စည်းအစုံ၏ စိတ်ဝိညာဉ်များကိုပါ အသုံးပြုပါက သူ၏စိတ်စွမ်းအင်သည် ကြယ်နှစ်လုံးအဆင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်မည်ဖြစ်သည်။


ပုဖန်ဆီမှ ထွက်ပေါ်လာသော စိတ်စွမ်းအင် ပမာဏသည် အလွန်ကြောက်စရာကောင်းပြီး ပရိသတ်များသည် လှိုင်းလေထန်သော ပင်လယ်ကြီးကို မြင်တွေ့ရပုံရသည်။


ဝုန်း...


ပုဖန်၏လက်မောင်းပေါ်ရှိ အဖြူအမည်းပတ်တီး ပြေလျော့သွားကာ သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လွင့်ပျံနေသည်။


ထောင်တျဲပုံများဖြင့် ပြည့်နေသော သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။


ထိုလက်မောင်းမှ အရှိန်ပြင်းပြင်း ထွက်ပေါ်လာသော စွမ်းအင်သည် ကမ္ဘာကို လက်သီးတစ်ချက်တည်းဖြင့် ပင် ခွဲထုတ်နိုင်စွမ်းရှိပုံရသည်။


ခဏအကြာတွင် သူ၏လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။


မန်နေဂျာချန်နှင့် အခြားလူများ၏ မျက်နှာများ ရှုံ့တွကုန်သည်။ ထိုလက်သီးချက်ကြောင့် အခန်း၏နေရာတိုင်း တုန်ခါသွားသကဲ့သို့ ခံစားလိုက်ကြရသည်။


 ပုဖန်ထိုးလိုက်မိသော ဂျုံမုန့်ညက်မှာ ပေါက်ကွဲသွားသည်။


ချက်ချင်းဆိုသလိုပင် ပြန့်ကျဲနေသော မုန့်စိမ်းများကို ပေါင်းစည်းရန် အရှိန်အဟုန်ပြင်းပြင်းဖြင့် ထိန်းချုပ်လိုက်သည်။


ပုဖန်၏ မျက်လုံးသားငယ်အိမ် ကျယ်သွားပြီး လက်မောင်းကိုမြှောက်၍ အောက်ဖက်သို့ နောက်တစ်ကြိမ် ထိုးချလိုက်သည်။


အခန်းတစ်ခုလုံး လှုပ်ခါသွားသည်။


မန်နေဂျာချန်၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်လှုပ်နေသည်။ မသေမျိုးစားဖိုမှူးစစ်ဆေးချက်တွင် အသုံးပြုသောမီးဖိုမှာ သာမန်မဟုတ်ပေ။ မသေမျိုး ကိရိယာတစ်ခုဖြစ်သည်။


၎င်းသည် မသေမျိုးသစ်ပင်မှ ပေါက်ရောက်လာသော ကိရိယာတစ်ခုဖြစ်‌၍ အဖိုးမဖြတ်နိုင်ပေ။


ပုဖန် မီးဖိုကိုတစ်ကြိမ်ထိုးလိုက်တိုင်း မန်နေဂျာချန်၏ ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည်။


ပရိသတ်သည်လည်း ပုဖန်၏လုပ်ရပ်ကြောင့် ခြောက်ခြားနေသည်။


အဲ့ဒီသေမျိုးစားဖိုမှူးက ဘာတွေလုပ်နေတာလဲ...


ယခုချိန်ထိသူတို့သည် ပုဖန်၏ စာအုပ်ကြီးကဲ့သို့ ဟင်းချက်နည်းကို ပြောဆိုလာကြရုံပင် သို့သော် ရုတ်တရက်သူက ကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုလာသည်။ ဘာတွေဖြစ်ကုန်တာလဲ...


ဒါ ဂျုံနယ်နေတာရော ဟုတ်ရဲ့လား...


ဂျုံနယ်တာ အဲ့လို အကြမ်းပတမ်းကြီး လုပ်စရာလိုလို့လား...


ပုဖန်၏အမူအရာမှာ တင်းမာနေသည်။ မီးဖိုကို အဆက်မပြတ် ထိုးနှက်နေချိန်တွင် လက်မောင်းပေါ်ရှိ ထောင်တျဲ အမှတ်အသားများ မရပ်မနားဟိန်းဟောက်နေပြီး ဂျုံနှင့် ဂျုံမုန့်ညက်များကို ပြန့်ကျဲသွားစေသည်။


ခဏအကြာတွင် သူ၏စိတ်စွမ်းအင်များ တိုးလာကာ ဂျုံမှုန့်ညက်ကို နောက်တစ်ကြိမ် စုပုံမသွားရန် ထိန်းချုပ်လိုက်သည်။


ထို့နောက် ဂျုံမှုန့်ညက်သည် တစ်ဖန် ပြန့်ကျဲနေသောအခါ ထပ်မံစုစည်းလိုက်သည်။


ဤလုပ်ဆောင်ချက် အစီအစဉ်များသည် ထပ်ခါထပ်ခါ ဖြစ်နေသည်။


ပုဖန်ပြုလုပ်နေသည်ကို ကြည့်၍ ပရိသတ်များ၏ နဖူးမှပင် အေးစက်သော ချွေးစေးများကျလာသည်။


" ဒီသေမျိုးစားဖိုမှူးမှာ အညှိုးအာဃတတွေများ ရှိနေလား... သူ့ကြည့်ရတာ လက်စားချေနေသလိုပဲ..." 


" အဲ့တာ ဂျုံနယ်တာ မဟုတ်တော့ဘူး ... လက်သီးနဲ့ထိုးတာ ဖြစ်နေပြီ..."


" ဒီလိုမျိုး ဂျုံနယ်တာ တစ်ခါမှ မမြင်ဖူးဘူး... ဒီလူ စစ်ဆေးချက်ကို လက်လျှော့လိုက်တာ သေချာတယ်..."


ပရိသတ်၏ အော်ဟစ်သံများကို တိတ်ဆိတ်သော ဆွေးနွေးမှုများအဖြစ်သို့ လျှော့ချလိုက်သော်လည်း ၎င်းတို့၏ အကြည့်များသည် ပုဖန်အပေါ်တွင် ဆက်လက်ရှိနေခဲ့သည်။


ရွှမ်ယွမ်ရှားဟွေ့ မျက်မှောင်များ ပိုကြုတ်လိုက်သည်။ ပုဖန် တွေးနေသည်ကို သူနားမလည်ပေ။


သူ မမှန်းဆနိုင်သည့်အတွက် ဘာဆက်လုပ်မည်ကိုသာ ဆက်လက်စူးစမ်းနေသည်။


ဝုန်း...


ပုဖန် လေထဲသို့ ပျံတက်သွားသောအခါ ဂျုံမှုန့်ညက်နှင့် ဂျုံများက သူ၏ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသေးသည်။


သူ၏လက်ကို မြှောက်လိုက်သည်နှင့် ဝေ့ဝဲနေသော အရှိန် ပို၍မြန်လာသည်။ လေဆင်နှာမောင်းကို ဖန်တီးလိုက်သကဲ့သို့ပင်။


ပုဖန် မျက်မှောင်ကြုတ်ထားသည်။


ပရိသတ်က အံ့သြတကြီးနှင့် ဆက်လက်ကြည့်နေခဲ့သည်။


ပုဖန် ရုတ်တရက် လည်ပတ်နေသောဂျုံမှုန့်များကို လက်သီးဖြင့် လွှဲလိုက်ပြန်သည်။


အုန်း...


ဂျုံမှု့န်ညက် အစုအပြုံလိုက်သည် မီးဖိုပေါ်သို့ ပြန်ကျလာပြီး တစ်ခန်းလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။


သူ၏ ထောင်တျဲလက်ကို မြှောက်လိုက်သည်နှင့် လိုင်းများသည် အသက်ဝင်နေပုံရသည်။


သားရဲ၏ဟိန်းဟောက်သံများက အခန်းကို လှုပ်ခါလိုက်သည်နှင့် သူသည် ကြယ်တစ်ပွင့်ကဲ့သို့ လျှင်မြန်စွာ ဆင်းသက်လာသည်။


ဖျပ်...


ပုဖန် အလွန်လျင်မြန်စွာ ရွေ့လျားနေသဖြင့် သူ၏ပုံရိပ်ကိုပင် မမြင်ရပေ။


ဝုန်း...


ထိုအချိန်တွင် သူ၏ လက်သီးချက်သည် မီးဖိုကို ရိုက်ခတ်နေသော ဧရာမဥက္ကာပျံကြီးနှင့်တူသည်။


အဆုံးတွင် မီးဖိုသည် ဤရိုက်ချက်ကို မခံနိုင်ဘဲ အက်ကွဲသွားသည်။


မန်နေဂျာချန်၏ နှလုံးသားထဲ နာကျင်စွာ ခံစားနေရပြီး ငိုချင်လာသည်။ သူ၏ နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေသည်မှာ မရပ်တန့်ပေ။


ဤချက်ပြုတ်သည့်အခန်းကဏ္ဍမှာ မီးဖိုချောင်ကို ဖြိုချခြင်းနှင့်ပင် တူနေသည်။


ဒီကောင်လေး ရူးနေတာလား...


မီးဖိုက မင်းကို ဘာအမှားလုပ်မိလို့လဲ...


လှည့်ပတ်နေသော ဂျုံမှုန့်တိမ်တိုက်ကြီး ငြိမ်သက်သွားပြီး အလယ်ဗဟိုမှ ပုဖန်ကို မြင်လိုက်ရသည်။


သူ၏လက်ပေါ်တွင် ဂျုံလုံးကြီးတစ်လုံး ရှိနေသည်။ ထိုဂျုံလုံးကြီးသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်၍ ရွေ့လျားနေသော ဖြူဖျော့သည့် အဝိုင်းလေးတစ်ခုရှိနေသည်။


ဤကြမ်းတမ်းသော ဂျုံနယ်နည်းမှာ ပုဖန်အကြိုက်ဆုံးနည်းဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြုပြီး ရလာသော ဂျုံသည် ပျော့ပျောင်း၍တောက်ပသည်။


ဖက်ထုပ်စွပ်ပြုတ်အတွက် ဖက်ထုပ်ရွက်ကို ပြင်ဆင်ပြီးနောက် ပုဖန် ဟင်းရည်များကို ထုတ်ကာ ဘေးတွင် ထားလိုက်သည်။ ဆင်စွယ်နှင့်တူသော ဂျယ်လီဟင်းချိုကိုလည်း ထုတ်လာသည်။


လိုအပ်သည်များ ပြင်ဆင်ပြီးပြီဖြစ်၍ ဖက်ထုပ်အစာကို ထည့်ရန်သာလိုတော့သည်။


ဖက်ထုပ်အစာ တစ်ဇွန်းနှင့် ဆင်စွယ်ဂျယ်လီဇွန်းတစ်ဝက်ကို ‌ဂျုံလုံးတိုင်းတွင်ထည့်လိုက်သည်။


ပုဖန်၏ မျက်နှာမှာ မပြောင်းလဲဘဲ ခဏအကြာတွင် သူ၏လက်များသည် လျင်မြန်စွာ ရွေ့လျားနေပြီဖြစ်၍ အရိပ်ကဲ့သို့ ထင်ယောင်ထင်မှားဖြစ်စေသော ပုံရိပ်များနောက်တွင် ကျန်ရစ်ခဲ့သည်။


ပုဖန်က ဖက်ထုပ်ခေါက်သည်ကို ကြည့်လျက် ပရိသတ်များ အေးစက်သည့်လေကို ရှုရှိုက်လိုက်ကြသည်။ သူ၏လက်များက မမြင်နိုင်အောင် မြန်လွန်းသည်။


တစ်ခု... ဆယ်ခု... အခုတစ်ရာ...


ခဏအတွင်းမှာပင် ဖက်ထုပ်ကို အခုပေါင်းများစွာ ခေါက်ပြီးပြီဖြစ်သည်။ ဤအဖြစ်အပျက်ကို ကြည့်၍ ပရိသတ်များ မျက်လုံးပြူးသွားသည်။


ဖက်ထုပ်တွင် အခေါက်ပေါင်း ထောင်နှင့်ချီရှိရန် ဖက်ထုပ်ရွက်၏ မှန်ကန်သောအထူကို တိကျစွာထိန်းချုပ်ရန် လိုအပ်ပါသည်။


ခဏအကြာတွင် သေးငယ်ပြောင်မြောက်သော ဖက်ထုပ်ငယ်လေးများကို ခေါက်ပြီးသွားသည်။


ဖက်ထုပ်ပေါ်မှ ခေါက်ရာပေါင်းတစ်ထောင်သည် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ပင်။ ဤအရာသည် မည်သူမျှ မလှောင်ပြောင်ရဲသော အနုပညာတစ်ရပ်ဖြစ်သည်။


ပုဖန် လျင်မြန်စွာ လှုပ်ရှားနေသော်လည်း အလွန်စေ့စပ်သေချာသည်။


စိတ်ထဲတစ်ချက်တွေးလိုက်ရုံနှင့် မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာပြီး ပေါင်းအိုးကိုပါ ပြင်ဆင်ထားသည်။


နွေဦးစမ်းရေကို လောင်းထည့်၍ ဖက်ထုပ်များကို ပေါင်းရန်ပြင်နေသည်။


သူ၏သိမ်မွေ့သော လှုပ်ရှားမှုများကြောင့် ပရိသတ်လည်း တံတွေးမျိုချမိသည်။


ပုဖန်၏ ဖက်ထုပ်များသည် အခြားသူများ၏ ဖက်ထုပ်နှင့် ကွဲပြားသည်ဟု သဘောပေါက်သွားကြသော်လည်း မည်သို့ ကွဲပြားသည်ကို မပြောနိုင်ကြပေ။


ကောင်းကင်ကမ္ဘာမြေမီးလျံ စတင် တောက်လောင်လာသည်နှင့် နွေဦးစမ်းရေလည်း ပွက်ပွက်ဆူလာသည်။


အဖြူရောင် အငွေ့များ အထက်သို့ တက်လာသည်။


ပုဖန်မျက်လုံးမှိတ်လိုက်သောအခါ သူ၏ စိတ်စွမ်းအင် ပေါ်ထွက်လာပြီး ပေါင်းအိုးကို ဖုံးအုပ်သွားသည်။


နောက်ဆက်တွဲ ဖြစ်ပျက်မည်မှာ အရေးကြီးဆုံး အပိုင်းဖြစ်သည်။ ပုဖန် မသေမျိုးစွမ်းအင်ကို စုစည်းလိုပါက ပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို ထုတ်ယူရမည်ဖြစ်သည်။


ပရိသတ်များ တိတ်ဆိတ်သွားပြီး ပုဖန်ကို အာရုံစိုက်နေကြသည်။


ငြိမ်သက်စွာ မတ်တပ်ရပ်နေသော ပုဖန်ကို စိုက်ကြည့်နေကြသည်။


ခဏအကြာတွင် ပရိသတ်များထံမှ သက်ပြင်းချသံများ ပဲ့တင်လာပြီး ပွဲကြည့်ပရိသတ်အချင်းချင်း အကြည့်များ ဖလှယ်နေကြသည်။


" မိုးကြိုးပြစ်ဒဏ်ကို အစမပျိုးနိုင်ဘူးပဲ..."


" ကြည့်ရတာ ဟိုတစ်ခေါက်က သူကံကောင်းသွားတာထင်တယ်..."


" မိုးကြိုးပြစ်ဒဏ်ကို အစမပျိုးနိုင်တဲ့ ဟင်းလျာကို ဒီအဖေကြီးတောင်မှ လုပ်ပြနိုင်တယ်..."


ပရိသတ်များ ထပ်မံဆူညံလာပြန်သည်။ သူတို့အတွက် ရလဒ်မှာ သတ်မှတ်ပြီးသား ဖြစ်နေသည်။


တစ်ဖက်တွင် ရွမ်ယွမ်ရှားဟွေ့နှင့် အခြားလူများ ပုဖန်ကို ကြည့်နေသည့် အမူအရာများမှာ ခက်ထန်နေသည်။


ထုံချန်း သူ၏ ကျောက်စိမ်းပုတီးစေ့ဖြင့် ကစားခြင်းကို ရပ်လိုက်သည်။ သူ၏မျက်နှာမှ ရေများ စိမ့်ထွက်ရန်ပင် အဆင်သင့် ဖြစ်နေသည်။


ပုဖန်၏ စိတ်စွမ်းအင်သည် သူ့အား အသက်မရှုနိုင်အောင် ဖြစ်စေသည်။ ဒီသေမျိုးရဲ့ စိတ်စွမ်းအင်က ဘာလို့ ဒီလောက်သန်မာနေရတာလဲ...


မန်နေဂျာချန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


မူလျှို့အာ ပြုံးနေပြီး ပုဖန်ကိုကြည့်နေသော အကြည့်များထဲတွင် လေးစားခြင်းများ ပါဝင်နေသည်။


ဤအခြေအနေကို ရွမ်ယွမ်ရွမ် နားမလည်သောကြောင့် ရွှမ်ယွမ်ရှားဟွေ့ကို မေးလိုက်သည်။ " အစ်ကိုကြီး ဘာတွေဖြစ်ကုန်တာလဲ ... မိုးကြိုးပြစ်ဒဏ်ရော ပုဖန်ကျရှုံးပြီလား..." 


အခန်းအလယ်တွင် ရပ်နေသော ပုဖန်ကိုကြည့်၍ သူမ နှုတ်ခမ်းများ တုန်လာသည်။


" တကယ်လို့ ငါထင်တာ မမှားဘူးဆိုရင် သူအဆင်ပြေမှာပါ..."


အဆင်ပြေမှာလား... ရွှမ်ယွမ်ရွမ် အံ့အားသင့်သွားသည်။ 


ထိုစကားလုံးများ ရွှမ်ယွမ်ရှားဟွေ့၏ နှုတ်မှ ထွက်လာသည့်အချိန်မှာပင် ကောင်းကင်ထက်၌ တိမ်မဲများ ပေါ်ပေါက်လာသည်။


တစ်စက္ကန့်မပြည့်မီ အချိန်မှာပင် တိမ်များ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လေထုကို အုံ့မှိုင်းသွားစေသည်။


ဝုန်း... ဝုန်း...


မိုးခြိမ်းသံများ ပေါက်ကွဲသံများကဲ့သို့ ထွက်ပေါ်လာပြီး မိုးကြိုးနဂါးကြီးသည် တိမ်တိုက်များအတွင်းသို့ ပျံတက်သွားသည်။


မိုးကြိုးပြစ်ဒဏ်သည် ရုတ်တရက် ထွက်ပေါ်လာသည့်အတွက် ပရိသတ်များအားလုံး အံ့ဩထိတ်လန့်ကုန်ကြသည်။