အပိုင်း ၉၇၅
Viewers 53k

အခန်း ၉၇၅

မသေမျိုးစွမ်းအင်မရှိဘူးလား


လူတိုင်း အံ့ဩသွားကြသည်။


ခဏအကြာတွင် သူတို့ ကောင်းကင်အပြည့်ဖြစ်နေသည့် ထူထဲနက်မှောင်သော တိမ်များမှ မိုးကြိုးနဂါးတစ်ကောင်ဟိန်းဟောက်၍ ထွက်လာသည်ကိုကြည့်ပြီး ပုဖန်မိုးကြိုးပြစ်ဒဏ်ကို မခံယူနိုင်လောက်ကြောင်း ကောက်ချက်ချလိုက်မိသည်။


ဖက်ထုပ်စွပ်ပြုတ်က မိုးကြိုးပြစ်ဒဏ်ခံယူနိုင်ပါ့မလား...


၎င်းက သူတို့ကို ပင့်သက်ရှိုက်မိသွားစေသည်။


ရွှမ်ယွမ်ရှားဟွေ့ ပြောသည်ကိုနားထောင်ပြီးနောက်တွင် ရွှမ်ယွမ်ရွှမ် အံ့အားသင့်သွားခဲ့သည်။


ဖက်ထုပ်စွပ်ပြုတ်တစ်ပွဲက လူတစ်ယောက်ကို တကယ်ကြီး မသေမျိုးစားဖိုမှူးတစ်ယောက် ဖြစ်စေနိုင်မှာလား...


မသေမျိုးမြို့တော်တွင် မသေမျိုးစားဖိုမှူးများစွာရှိသော်လည်း သူတို့အားလုံးက မသေမျိုးစားဖိုမှူးစာမေးပွဲတွင် သူတို့ချက်ပြုတ်နိုင်သည့် အကောင်းဆုံးသောဟင်းပွဲများကို ချက်ပြုတ်၍ ယှဉ်ပြိုင်ခဲ့ကြသည်။


အရောင်၊ အနံ့၊ အရသာ အရာအားလုံးက အကောင်းဆုံးပင်ဖြစ်သည်။ ထိုဟင်းပွဲတစ်ခုဆီတိုင်းသည် မသေမျိုးချက်ပြုတ်နည်းစာအုပ်တွင် ထည့်သွင်းရန် အရည်အသွေးပြည့်မှီကြသည်။


သူတို့ ပုဖန်က မသေမျိုးစားဖိုမှူးစာမေးပွဲအတွက် ဖက်ထုပ်စွပ်ပြုတ်ကိုလုပ်မည်ဟု သတိပြုမိသောအခါက လူတိုင်းသူ့ကို အထင်သေးခဲ့ကြသည်။


ဖက်ထုပ်စွပ်ပြုတ်ဆိုတာက အရမ်းရိုးရှင်းတဲ့ ဟင်းပွဲလေ... ဘယ်လိုလုပ် အဲ့လိုဟင်းပွဲမျိုးက လူတစ်ယောက်ကို မသေမျိုးစားဖိုမှူးဖြစ်လာဖို့ အကူအညီဖြစ်မှာလဲ...


၎င်း၏ အနံ့၊ အရသာနှင့် အရောင်ကပင် မည်သည့်ထူးခြားမှုမှမရှိပေ။


မသေမျိုးအချက်အပြုတ်နယ်မြေတွင် ဖက်ထုပ်စွပ်ပြုတ်ရှိသော်လည်း လမ်းဘေးအစားအစာသာဖြစ်ပြီး စားပွဲပေါ်တင်ရန်ပင် အဆင့်မမှီပေ။


"အဲ့တာက မိုးကြိုးပြစ်ဒဏ်ကို ခံယူရတယ်... မယုံကြည်နိုင်စရာပဲ..."


"အဲ့တော့ဘာဖြစ်လဲ... သူ အထူးတန်းအဆင့်စားဖိုမှူးစာမေးပွဲဖြေတုန်းကလည်း မိုးကြိုးပြစ်ဒဏ်ခံယူခဲ့ရတာပဲ မဟုတ်ဘူးလား.."


"ဟုတ်ပါ့... မိုးကြိုးပြစ်ဒဏ်ခံယူရတိုင်း သူ မသေမျိုးစားဖိုမှူးတစ်ယောက် ဖြစ်လာမယ်လို့မှ မဆိုလိုတာ.."


ပရိတ်သတ်များက ပိန်းပိတ်အောင်မှောင်နေသော တိမ်တိုက်များကိုမော့ကြည့်၍ မယုံကြည်နိုင်ဆဲဖြစ်နေသည်။


မိုးကြိုးပြစ်ဒဏ်ခံယူခြင်းက အစပျိုးအဆင့်မျှသာဖြစ်ပြီး အရေးအကြီးဆုံး အပိုင်းမှာ ပါဝင်ပစ္စည်းများ၏ မူလစွမ်းအင်ကို မသေမျိုးစွမ်းအင် အဖြစ်ပြောင်းသည့် အပိုင်းပင်ဖြစ်သည်။


ပုဖန် မသေမျိုးစွမ်းအင်ကို စုပ်ယူနိုင်မှသာ မသေမျိုးစားဖိုမှူးဟူသော ဘွဲ့ကို ရရှိနိုင်မည်ဖြစ်သည်။


ပုဖန် လက်ပိုက်၍ အခန်းအလယ်တွင် အေးအေးလူလူရပ်နေသည်ကို ကြည့်ပြီး ရွှမ်ယွမ်ရွှမ်၏ မျက်လုံးများ အနည်းငယ် ဝေဝါးလာကာ မေးလိုက်သည်။


"အစ်ကို... ဒီဖက်ထုပ်စွပ်ပြုတ်က သူ့ကို မသေမျိုးစားဖိုမှူး အဆင့်ရဖို့ ကူညီပေးမှာလား..."


သူ့ညီမလေး၏ မေးခွန်ကိုကြားလိုက်သောအခါ ရွှမ်ယွမ်ရှားဟွေ့၏ မျက်နှာတင်းမာသွားကာ မျက်လုံးများစူးရှသွားသည်။


"ရွှမ်လေး... လက်ရာမြောက်ပြီး တန်ဖိုးကြီးမားတဲ့ ဟင်းပွဲတွေကသာ လူတွေကို မသေမျိုးစားဖိုမှူးဖြစ်စေနိုင်တယ်လို့ မတွေးလိုက်လေနဲ့... အမှန်တကယ် ကြီးကျယ်ခမ်းနားတဲ့ စားဖိုမှူးဆိုတာ ဘယ်ဟင်းပွဲကမဆို မသေမျိုးစွမ်းအင်စုစည်းနိုင်ပြီး သူ့ကို အစစ်အမှန် မသေမျိုးစားဖိုမှူးဖြစ်သွားစေနိုင်တယ်... ယာဂုတစ်ပန်းကန်၊ ပေါက်စီတစ်ပန်းကန် ဒါမှမဟုတ် ခေါက်ဆွဲတစ်ပန်းကန်တောင် ဖြစ်နေနိုင်တယ်... အဲ့လို မသေမျိုးစားဖိုမှူးမျိုးကသာ တကယ်လေးစားစရာကောင်းတာ.."

ရွှမ်ယွမ်ရှားဟွေ့ လေးလေးနက်နက်ပြောလိုက်သည်။


ရွှမ်ယွမ်ရွှမ် ခေါင်းငြိမ့်လိုက်သည်။ သူမတစ်စုံတစ်ရာကို နားလည်သွားသော်လည်း သူမတွင် သံသယများရှိနေဆဲပင်။


ရွှမ်ယွမ်ရှားဟွေ့ သက်ပြင်းချလိုက်သော်လည်း ဘာမှမပြောလိုက်ပေ။


ဘုန်း ဘုန်း


မိုးခြိမ်းသံများက အဆက်မပြတ်ထွက်ပေါ်နေပြီး မဲမှောင်နေသောတိမ်တိုက်များက အသက်ရှူကြပ်ဖွယ် ဖိအားကိုပေးနေသည်။


တောက်ပနေသောကြည်ပြာရောင် မိုးကြိုးနဂါးက ပျံဝဲနေပြီး နားကန်းလုမတတ် အသံကြီးဖြင့် ဟိန်းဟောက်လိုက်သည်။


ရုတ်တရက် မိုးကြိုးနဂါးက အနက်ရောင်တိမ်များကို ခွဲထွက်ကာ ကောင်းကင်ပေါ်မှသက်ဆင်းလာသည်။ ၎င်း၏ ဟိန်းဟောကိသံက အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။


ပရိတ်သတ်များ စိတ်လှုပ်ရှားလာကြပြီး အခန်းအလယ်ကိုသာ အာရုံစူးစိုက်၍ ကြည့်နေကြသည်။


မိုးကြိုးပြစ်ဒဏ်ပေါ်လာတိုင်း ထိတ်လန့်တုန်လှုပ်စရာတစ်ခု ထွက်ပေါ်လာမြဲဖြစ်သည်။ အဆုံးတွင် ၎င်းက နောက်ထပ် မသေမျိုးစားဖိုမှူးတစ်ယောက် မွေးဖွားလာခြင်းကို ကိုယ်စားပြုလေသည်။


ပုဖန်က သူရပ်နေသည့်နေရာတွင် မျက်နှာသေဖြင့်ရပ်နေဆဲဖြစ်ကာ သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံကလည်း လေနှင့်အတူ လွင့်မျောနေသည်။


မျက်လုံးကိုဖွင့်လိုက်သောအခါ သူ၏ရေနှင့်တူသော စိတ်စွမ်းအင်က နေရာအနှံ့ပြန့်ကျဲသွသည်။


သူ့ခေါင်းပေါ်ရှိ ဖိအားကို ခံစားမိသောအခါ အသာအယာအသက်ရှူသွင်းလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မြင်ကွင်းထဲတွင် တိမ်မဲများဖြင့် ပြည့်နှက်နေသည်။


ခဏအကြာတွင် အတွေးတစ်ချက်ဖြင့် သူ့ပတ်ပတ်လည်တွင် အဖြူရောင်အလင်းစက်များ ထွက်ပေါ်လာသည်။


ထိုအလင်းစက်များက လျှင်မြန်စွာ ပေါင်းစပ်သွားပြီး ခဏအကြာတွင် ပုဖန်ဘေး၌ အစီအရင်တစ်ခု ဖွဲ့တည်လာတော့သည်။


အစီအရင်က လည်ပတ်နေကာ လေပြင်းများတိုက်ခတ်လာသဖြင့် လူများကို ကြောက်လန့်သွားစေသည်။


ပရိတ်သတ်များ ခေါင်းလှည့်ကြည့်လိုက်သောအခါ သူတို့ဆံပင်များက လေနှင့်အတူမျောလွင့်နေကြောင်း သိလိုက်ရသည်။


"ရွှေ့ပြောင်း အစီအရင်လား..."


"အဲ့တာ သေမျိုးစားဖိုမှူးလေးရဲ့ အကာအကွယ်လား..."


"အဲ့စားဖိုမှူးမှာ မသေမျိုးရုပ်သေးရုပ်ရှိတယ်ဆိုတာ ငါမှတ်မိပါသေးတယ်... အဲ့ရုပ်သေးရုပ်ကလည်း မိုးကြိုးပြစ်ဒဏ်ကို ခုခံနိုင်တယ်တဲ့..."


ပရိတ်သတ်များ အော်ဟစ်ဆူပူနေကြသည်။


သို့သော်...


အစီအရင်ထဲမှ ကြီးမားသော ပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ပရိတ်သတ်များ ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ချေ။


ဤနေရာသည် မသေမျိုးစားဖိုမှူးစာမေးပွဲဖြေရန် မသေမျိုးမီးဖိုချောင်အဆောက်အဦးမှ စီစဉ်ထားသည့် အထူးခန်းဖြစ်သည်။ ၎င်းတွင် မိုးကြိုးဒဏ်ခံနိုင်ပြီး အခန်းကိုကာကွယ်ပေးသော အစီအရင်လည်းရှိနေသည်။


ထို့ကြောင့် သေမျိုးစားဖိုမှူး၏ မသေမျိုးရုပ်သေးရုပ်က များများစားစားလုပ်ပေးရန် မလိုအပ်ပေ။


သူ့ မသေမျိုးရုပ်သေးရုပ်ကို ဘာလို့ဆင့်ခေါ်နေသေးလဲ... မတ်တတ်ရပ်ပြီး လာကြည့်ပေးဖို့လား....


အချို့ပရိတ်သတ်များက လှောင်ပြောင်သရော်သံများပင် ပြုလုပ်လိုက်သေးသည်။ သူတို့ ပုဖန်၏ ဆုံးဖြတ်ချက်က ရယ်စရာကောင်းသည်ဟု ထင်နေကြသည်။


ဘုန်း ဘုန်း


မိုးခြိမ်းသံများ မြည်ဟီးနေပြီး ကောင်းကင်ယံတွင် လျှပ်စီးကြောင်းတို့ လက်သွားကြသည်။


ဝှိုက်တီ ရွှေ့ပြောင်းအစီအရင်မှ ထွက်ပေါ်လာသောအခါ ၎င်း၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်တောက်ပနေပြီး လျှပ်စီးကြောင်းများက ၎င်း၏ခန္ဓာကိုယ်တွင် ကခုန်နေကြသည်။


ပုဖန်က လက်ပိုက်ထားပြီး သူ၏အာရုံစူးစိုက်မှုက မီးဖိုပေါ်တွင်သာရှိနေသည်။ ယခုလက်ရှိသည် အရေးကြီးသော အချိန်ဖြစ်နေလေသည်။


ဝှိုက်တီ ခေါင်းမော့လိုက်ကာ ကောင်းကင်ရှိ မိုးကြိုးနဂါးကိုကြည့်လိုက်ပြီး ၎င်း၏မျက်လုံးထဲတွင် အလင်းများ တောက်ပနေသည်။


ဝှိုက်တီ၏ သတ္တုအတောင်ပံများက စူးရှသော အသံတစ်ခုဖြင့် ဖြန့်သွားတော့သည်။


"အိုး ဝိုး... အဲ့ဒီ့ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်က ဘာလုပ်ဖို့ပြင်နေတာလဲ..."


"သူ မိုးကြိုးပြစ်ဒဏ်ကိုတားမလို့လား... ဆိုးဝါးလိုက်တာ ငါတို့မှာ အစကတည်းက မိုးကြိုးပြစ်ဒဏ်ကာကွယ်ရေး အစီအရင်ရှိတယ်လေ... အဲ့တော့ သူဘာမှသိပ်လုပ်စရာမလိုပါဘူး..."


"အဲ့ဒီ့ ကမ္ဘာမြေမသေမျိုးရုပ်သေးရပ်က အရမ်းချစ်ဖို့ကောင်းတာပဲ.. ငါလဲတစ်ရုပ်လောက် လိုချင်လိုက်တာ...."


ပရိတ်သတ်များက ဝှိုက်တီကိုကြည့်၍ ရယ်မောနေကြသည်။ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ် ထွက်ပေါ်လာပြီးနောက်တွင် အခန်းအတွင်းရှိ လေးလံနေသောလေထုက ပေါ့ပါးသွားကာ ရယ်ရယ်မောမောရှိလာကြသည်။


ရွဲ ရွဲ ရွဲ


ပုံမှန်အတိုင်းပင် ဝှိုက်တီက ထိုလူသားများ ဘာကြောင့်ရယ်နေရသလဲ မသိပေ။


၎င်း ၏ သတ္တုအတောင်ပံများကိုဖြန့်၍ ကြမ်းပြင်ပေါ် လျှပ်စီးများပစ်ချသွားပြီး အပေါက်များစွာဖြစ်ပေါ်လာစေသည်။ ဝှိုက်တီ၏ မျက်လုံးထဲတွင် အောက်သို့ဆင်းသက်လာသော မိုးကြိုးများက သူ၏စားစရာပင်ဖြစ်သည်။


မိုးကြိုးပြစ်ဒဏ်တစ်ချက်ကို ဝါးမြိုခြင်းသည် ဝှိုက်တီကို ပိုမိုသန်မာလာစေရန် လုံလောက်ပြီဖြစ်သည်။ နောက်ပိုင်းတွင် ဝှိုက်တီသည် ၎င်း၏စွမ်းအင်ကို မြှင့်တင်ချင်ပါက မိုးကြိုးပြစ်ဒဏ်များကို ဝါးမြိုရန် လိုအပ်ပေသည်။


ယခုအချိန်တွင် ဝှိုက်တီ၏ တိုက်ခိုက်နိုင်စွမ်းသည် ကြယ်တစ်ပွင့် အစစ်အမှန်မသေမျိုးအဆင့်ကျင့်ကြံသူနှင့် တူညီနေပြီဖြစ်ပြီး ၎င်း၏ အဓိကစားစရာမှာလည်း ပုဖန်၏ မိုးကြိုးပြစ်ဒဏ်များသာဖြစ်သည်။


ဘုန်း


ဝှိုက်တီ ၎င်း၏ခန္ဓာကိုယ်ကိုနှိမ့်လိုက်ကာ ကောင်းကင်ပေါ်ပျံတက်သွားသည်။ ၎င်း၏ သတ္တုအတောင်ပံများက တဖြတ်ဖြတ်ခတ်နေကာ လေပြင်းများကို ဖြစ်ပေါ်လာစေသည်။


ဖလပ် ဖလပ် 


၎င်းက ကောင်းကင်ပေါ်ကို မြှားတစ်စင်းနှယ် ပြေးထွက်သွားသည်။


ရုတ်တရက် ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက ကြုံ့ဝင်သွားတော့သည်။ မိုးကြိုးနဂါးက အစိမ်းရောင်အစီအရင်ကြောင့် ရပ်တန့်သွားဟန်ပေါ်နေသည်။


လျှပ်စီးကြောင်းများ ကျဲပြန့်လာပြီး မိုးကြိုးနဂါးက သူ့ကိုယ်သူအစီအရင်အတွင်းမှ ထွက်ရန် ကြိုးစားလာသည်။ ထို့နောက် ၎င်း ခြေသည်းများနှင့်ကုတ်ဖဲ့ပြီး အစွယ်များနှင့်ကိုက်ဖြတ်ကာ အစီအရင်ကို ဖျက်ဆီးနေသည်။


ဝှိုက်တီ ရပ်တန့်သွားကာ တစ်စုံတစ်ခုမှားယွင်းနေသည်ကို အာရုံခံလိုက်မိသည်။


"ဟားဟားဟား .. ရုပ်သေးရုပ်ကြီးကြောက်သွားပြီ..."


"ကြည့်ရတာ သူ့ကိုယ်သူဒီနေရာမှာ အသုံးမဝင်မှန်းသိတော့ ဘာလုပ်ရမလဲမသိဘူးဖြစ်သွားတာနေမှာ..."


"တကယ့်ကို ငတုံးသာသာပါပဲ..."


ပရိတ်သတ်များက သူတို့အပြုအမူများကိုပင် အမှုမထားတော့ပဲ ရယ်မောနေကြလေသည်။


သူတို့ ဝှိုက်တီက မိုးကြိုးပြစ်ဒဏ်ကိုရပ်တန့်ချင်ကြောင်း သိရှိကြလေသည်။ သို့သော် မိုးကြိုးပြစ်ဒဏ်အကာအကွယ် အစီအရင် ရှိနေသဖြင့် ၎င်း၏ ကြိုးစားမှုက သဲထဲရေသွန်သလိုသာဖြစ်နေသည်။


မန်နေဂျာချန် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေပြီး သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်နေသည်။


"မသေမျိုးစားဖိုမှူးစာမေးပွဲအတွက် အခန်းကို သေသေချာချာဆောက်ထားခဲ့တာ... မိုးကြိုးပြစ်ဒဏ်အကာအကွယ်အစီအရင်က စားဖိုမှူးတွေကို ချက်ပြုတ်တဲ့နေရာမှာ အာရုံစိုက်နိုင်ဖို့ သော့ချက်ပဲ..."


ထုံချန်း၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူ ထဲတွင် လွင့်မျောနေသော ဝှိုက်တီကို လောဘတကြီးကြည့်နေပြီး စိတ်လှုပ်ရှားနေသော အမူအယာကို မထိန်းနိုင်ဖြစ်နေသည်။


သူ မိုးကြိုးပြစ်ဒဏ်ကို ဝါးမြိုနိုင်သော ဝှိုက်တီအကြောင်း သိချင်စိတ်ပြင်းပြနေသည်။


သူ ထိုရုပ်သေးရုပ်ကို လိုချင်သည်။


ဝှိုက်တီ အံ့အားသင့်နေသည်။ ၎င်း၏ စက်ရုပ်မျက်လုံးများက ရွေ့လျားသွားကာ ခဏချင်းပင် အာရုံစူးစိုက်မှုပြန်ရလာသည်။ ၎င်း၏ မျက်လုံးများတွင် လင်းလက်နေသော အလင်းတန်းစူးစူးက လေဟာနယ်ကိုပင် ဖြတ်တောက်နိုင်ဟန် ပေါ်နေသည်။


ရုတ်တရက် ဝှိုက်တီ၏ ဝမ်းဗိုက်တင် အနက်ရောင်တွင်းကြီး တစ်ခုပေါ်လာသည်။ ခဏအကြာတွင် စစ်နတ်ဘုရားတုတ်ထွက်ပေါ်လာပြီး ၎င်းပေါ်တွင်လျှပ်စီးကြောင်းများစွာ ကခုန်နေသည်။


ဝှိုက်တီ၏ သစ်ရွက်နှင့်တူသော လက်ဖဝါးက စစ်နတ်ဘုရားတုတ်ကို ဆွဲကိုင်လိုက်ပြီး အတောင်ပံများ တဖျပ်ဖျပ်ခတ်လာသည်။ ထို့နောက် ၎င်းက စစ်နတ်ဘုရားတုတ်ကို ဝံ့ကြွစွာ လွှဲရမ်းလိုက်ပြီး လေဟာနယ်ကို အက်ကွဲသွားစေသည်။


ပရိတ်သတ်များ၏ ရယ်မောနေသံများက လည်ပင်းအကိုင်ခံလိုက်ရသော ဘဲတစ်ကောင်နှယ် တိခနဲ ချက်ချင်းရပ်သွားပြီး ပရိတ်သတ်များ အံ့အားသင့်သွားကြသည်။ 


သူတို့ရှေ့တွင် စစ်နတ်ဘုရားတုတ်က ကြီးသည်ထက်ကြီးလာပြီး ခဏအတွင်း ဧရာမတိုင်လုံးကြီးတစ်ခုနှယ် ကြီးမားလာသည်။ ဝှိုက်တီ စစ်နတ်ဘုရားတုတ်ကိုဖက်ပြီး မိုးကြိုးကာကွယ်ရေး အစီအရင်ဆီ လွှဲရမ်းလိုက်သည်။


ဘုန်း


နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး အဆောက်အဦးတစ်ခုလုံးကို လှုပ်ခါသွားစေသည်။


ဘုရားရေ....


လူတိုင်း ပင့်သက်ရှိုက်လိုက်မိကာ ၎င်းတို့၏ မျက်နှာများထက်တွင် ကြက်သေသေနေသောအမူအယာများရှိနေကြသည်။


ဒီ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်က သောက်ရမ်းကြမ်းတာပဲ...


မန်နေဂျာချန် သူ၏မေးစေ့မှ မုတ်ဆိတ်မွှေးကိုပင် ဆွဲနှတ်လုနီးပါးဖြစ်သွားသည်။


ဒီကမ္ဘာမြေမသေမျိုးရုပ်သေးရုပ် ရူးနေတာလား... ဘာလို့ မိုးကြိုးကာကွယ်ရေးအစီအရင်ကို တိုက်ခိုက်ရတာလဲ...


မည်သူမှ ဝှိုက်တီကြံရွယ်နေသောအရာကို မသိကြပေ။


ထုံချန်းက စိတ်လှုပ်ရှားလွန်း၍ မတ်တတ်ပင်ထရပ်မိပြီး လက်တန်းကို ကိုင်လိုက်မိသည်။ သူ့လက်ထဲရှိ ကျောက်စိမ်းပုတီးက အောက်သို့ ပြုတ်ကျသွားသည်။


"ထက်မြက်လိုက်တဲ့ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်... ပြီးပြည့်စုံလွန်းတယ်... အရမ်းကိုပြီးပြည့်စုံလွန်းတယ်... ငါသူ့ကိုရကိုရ ရမယ်..."


ဘုန်း


စစ်နတ်ဘုရားတုတ်ထံမှ နောက်ထပ်ရိုက်ချက်ကို ခံလိုက်ရသောအခါ မိုးကြိုးအကာအကွယ်အစီအရင်တွင် ကြီးမားလှသည့် အက်ကွဲကြောင်းများထွက်ပေါ်လာသည်။


မိုးကြိုးနဂါးကြီးက ဟိန်းဟောက်လိုက်သည်။


မျက်တောင်တစ်ခတ်အတွင်း အစီအရင်က ပြိုကျသွားသည်။ တစ်ချိန်တည်းတွင် မိုးကြိုးနဂါး၏ အင်အားကတစ်ဟန်ထိုးတက်သွားကာ အခန်းအတွင်းအစီအရင်ကိုဖြတ်ကျော်၍ အခန်းထဲဝင်လာသည်။


၎င်း၏ ပစ်မှတ်က ပုဖန်ပင်ဖြစ်သည်။


ပရိတ်သတ်များအားလုံး အံ့ဩသွားကြသည်။ သူတို့ ရူးရူးသွပ်သွပ်အော်ဆဲနေရုံသာ တတ်နိုင်ပေသည်။ 


သူတို့ မသေမျိုးစားဖိုမှူးစာမေးပွဲတွင် ဤမျှကြမ်းတမ်းသော မြင်ကွင်းမျိုးမြင်ရမည်ဟု မထင်ထားခဲ့ကြပေ။ ပုဖန် ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်ကို ဆင့်ခေါ်လိုက်ပြီး သူတို့အားလုံးကို အံ့ဩစရာမျိုးစုံပေးလာခဲ့သည်။


တစ်ချို့က အမှန်တကယ်အံ့ဩခဲ့ကြပြီး အချို့က သူ၏ ကံဆိုးမှုဟုထင်ပြီး ရယ်မောခဲ့ကြသည်။ သူတို့ ပုဖန်၏ အားထုတ်မှုအားလုံးကို အချည်းအနှီးသာဖြစ်စေချင်သည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် ပုဖန်ကိုသိကြသော အခြားသူများအားလုံး ကြောက်လန့်သွားကြသည်။


မန်နေဂျာချန် မျက်မှောင်ကြုတ်လိုက်မိသည်။


မူလျှို့အာ၏ အပြုံးပျောက်ကွယ်သွားပြီး စိုးရိမ်နေသော အကြည့်များထွက်ပေါ်လာသည်။ သူမ ပုဖန်အစား အလွန်စိတ်လှုပ်ရှားနေလေသည်။


ဝှိုက်တီ မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျလာပြီး ကြမ်းပြင်ကို ချိုင့်ဝင်သွားစေသည်။ သို့သော် ခဏအကြာတွင် ဝှိုက်တီ ပြန်ထလာခဲ့သည်။


၎င်း၏ စက်ရုပ်မျက်လုံးများက စစ်နတ်ဘုရားတုတ်နှယ် လင်းလက်နေပြီး လျှပ်တစ်ပြက်အတွင်း ဝှိုက်တီက သူ့ကိုယ်သူ ပုဖန်ခေါင်းအထက်သို့ ရွေ့ပြောင်းလိုက်သည်။ ပုဖန်ခေါင်းအထက်တွင် ပျံဝဲနေရင်း ရောက်ရှိလာမည့် မိုးကြိုးနဂါးကို စောင့်မျှော်နေသည်။


ဘုန်း


လျှပ်စီးကြောင်းများ နေရာအနှံ့ပျံ့သွားပြီး လူများကိုမျက်လုံးကန်စေနိုင်လောက်အောင် တောက်ပနေသော အလင်းတန်းများ ဖြစ်ပေါ်စေသည်။


လူတိုင်း ကြောင်အနေကြပြီး သူတို့မြင်လိုက်ရသောအရာကို ကြောက်လန့်နေကြသည်။


ဝှိုက်တီက မိုးကြိုးနဂါးကို ကိုင်ဖမ်းကာ နှစ်ခြမ်းဖြဲလိုက်သည်။ ထိုနှစ်ခြမ်းက လျှပ်စီးအမျှင်များဖြစ်ပေါ်လာပြီး ချက်ချင်းဝါးမြိုခံလိုက်ရသည်။


မိုးကြိုးနဂါးက အစားခံလိုက်ရတာလား....


ထိုမြင်ကွင်းက ပရိတ်သတ်များကို တိတ်ဆိတ်သွားစေပြီး အခန်းထဲတွင် မည်သည့်အသံမှမကြားရတော့ပေ။


သို့သော် မကြာမီ အမောတကောအသက်ရှူသံကို ကြားလိုက်ရသည်။


ထုံချန်းက အမောတကောအသက်ရှူနေခြင်းဖြစ်သည်။


ဘုန်း


လျှပ်စီးကြောင်းများ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖုံးလွှမ်းနေပြီး ဝှိုက်တီ ပုဖန်ဘေးပြန်ရောက်လာသည်။


ထိုအခါမှ ပရိတ်သတ်များက ပုဖန် တစ်လက်မပင်မရွေ့ကြောင်း သတိထားမိသွားကြသည်။ ၎င်းက သူမိုးကြိုးက သူ့ကိုပစ်သွားမည်ကို လုံးဝမကြောက်ဟန်ပေါ်နေသည်။


ပုဖန်က မျက်နှာသေနှင့် လက်ပိုက်လျက်ရှိနေဆဲဖြစ်သည်။ မသိလျှင် ဤထိတ်လန့်စရာဖြစ်ရပ်ကြီးက သူနှင့်လားလားမျှဆိုင်မနေဟန်ပင် ဖြစ်နေသည်။


ဒီသေမျိုးစားဖိုမှူးက... အရမ်းတည်ငြိမ်တာပဲ...


ရုတ်တရက် ပုဖန်၏ စိတ်စွမ်းအင် မြင့်တက်လာပြီး သူ၏ခေါင်းအထက်တွင် စုဝေးသွားသည်။


သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။


အနက်ရောင်တိမ်တိုက်များက ကောင်းကင်အမြင့်တွင် ပြန့်ကျဲသွားပြီး ရုတ်ချည်းပင် နေလုံးကြီး ပြန်လည်ထွက်ပေါ်လာသည်။


ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းတန်းကျဆင်းလာပြီး ပုဖန်ကို လွှမ်းခြုံသွားသည်။


လူတိုင်း ပုဖန်ကို အံ့အားတသင့်ငေးကြည့်နေကြသည်။


ပုဖန်ရဲ့ဟင်းပွဲက.. ပြီးပြည့်စုံသွားပြီ...


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးထံ လျှောက်လှမ်းလာပြီး ပေါင်းအိုးကိုဖွင့်လိုက်သည်။ အငွေ့များစွာထွက်ပေါ်လာပြီး ပရိတ်သတ်များကို စိတ်လှုပ်ရှားစွာ အော်ဟစ်သွားစေခဲ့သည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားလူများ လည်ဆန့်၍ ကြည့်လိုက်ကြသည်။


နောက်ဆုံးတော့ ပုဖန် မသေမျိုးစားဖိုမှူးဖြစ်သွားပြီလား...


ထုံချန်း၏ မျက်လုံးများက ဝှိုက်တီဆီမှ ပုဖန်ထံသို့ရွေ့လျားသွားသည်။


ဒီသေမျိုးစားဖိုမှူးက ချက်ပြုတ်ပြီးသွားပြီပဲ... သူ မသေမျိုးစားဖိုမှူးတစ်ယောက် ဖြစ်လာနိုင်ပါ့မလား...


လူတိုင်း အသက်အောင့်လိုက်ကာ ပေါင်းခံအိုးအတွင်းမှ အစားအသောက်များကို ကြည့်လိုက်ကြသည်။


ခဏချင်းပင် တောက်ပနေသော အလင်းရောင် မှိန်ဖျော့သွားသည်။


ရေနွေးငွေ့များက ကောင်းကင်ထိတိုင်တက်သွားပြီး ပြန့်ကျဲသွားသည်။


ပေါင်းခံအိုးထဲတွင် ကျောက်စိမ်းနှင့်တူသော ဖက်ထုပ်စွပ်ပြုတ်ငါးခုက ရေနွေးငွေ့များကြားတွင် တည်ငြိမ်စွာရှိနေပြီး တောက်ပသောအလင်းတန်းများကို ထုတ်လွှတ်နေသည်။


သို့သော် လူများက ဖက်ထုပ်စွပ်ပြုတ်ကိုမြင်သောအခါ မျက်လုံးများ ကြုံ့ဝင်သွားကြသည်။


"ဒီဖက်ထုပ်စွပ်ပြုတ်မှာ... မသေမျိုးစွမ်းအင်တွေမရှိဘူးလား...."