အပိုင်း ၉၇၆
Viewers 62k

အခန်း ၉၇၆

နွေဦးကဲ့သို့ ကြည်လင်လတ်ဆတ်သောဖက်ထုပ်များ၊ မသေမျိုးစွမ်းအင်များ တလိမ့်လိမ့်မြင့်တက်လာခြင်း


စွပ်ပြုတ်ဖက်ထုပ်ငါးခုက ပေါင်းခံခြင်းထဲတွင် ငြိမ်သက်စွာရှိနေသည်။


၎င်းတို့၏ အထက်တွင် ရောင်ခြည်စက်ဝန်းတစ်ခုရှိနေပြီး တောက်ပနေသော အလင်းတန်းများက ကောင်းကင်ထိုးတက်နေသည်။


ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်တိုက်များ ပြန့်ကျဲသွားပြီး တောက်ပနေသောရွှေရောင်အလင်းတစ်ခုက ပုဖန်ပေါ် သက်ဆင်းလာသည်။


"ဖက်ထုပ်စွပ်ပြုတ် ပြီးသွားပြီလား..."


ပရိတ်သတ်များက တိတ်ဆိတ်နေကြကာ အသက်ပင်မရှူရဲကြပေ။


မကြာမီ ရလဒ်ကိုသိရတော့မည်ဖြစ်၍ လူတိုင်းစိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံး ပုဖန်မသေမျိုးစားဖိုမှူးဟူသော ဂုဏ်ပုဒ်ကိုရရှိမည်လား သို့မဟုတ် ထုံမိသားစု၏ သခင်လေး ထုံချန်းဆီက ခွေးသေတစ်ကောင်နှယ်အရိုက်ခံရမည်လား သိချင်နေကြသည်။


သူတို့ အခန်းအလည်ကို ပြူးကျယ်နေသောမျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုဖက်ထုပ်စွပ်ပေါင်းငါးခုက အရာအားလုံးကို ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။


သို့သော် နောက်ထပ်ပင့်သက်ရှိုက်လိုက်မိပြီးနောက်တွင် ပရိတ်သတ်များက ပိုမိုဆူညံလာသည်။


သူတို့ တိကျသေချာသည့်ရလဒ်မရှိသေး ဟင်းပွဲတစ်ခုကို နေ့တစ်ဝက်ခန့်စောင့်နေခဲ့ရသဖြင့် ဒေါသထွက်ကာ ဆူဆူညံညံ အော်ဟစ်ကြိမ်းမောင်းကြလေတော့သည်။


ခဏအကြာတွင် အော်ဟစ်ဆူပူသံများက ပိုမိုကျယ်လောင်လာသည်။


"လွန်ခဲ့တဲ့သုံးရက်က... သူမှာ မသေမျိုးစားဖိုမှူးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ သူ့မှာအရည်အချင်းမရှိဘူးလို့ငါပြောခဲ့ပါတယ်... တွေ့လား ငါပြောတာမှန်တယ်... ဘယ်လိုလုပ်ပြီး ဉာဏ်ကြီးရှင်တစ်ယောက်က လွယ်လွယ်နဲ့ ထွက်လာနိုင်ပါ့မလဲ....'


"မသေမျိုးစားဖိုမှူးဆိုတာ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ပဲ... သေမျိုးတစ်ယောက်ဆီက ဘယ်လိုလုပ် အစွန်းထင်းခံနိုင်ရမှာလဲ...."


"အမှိုက်လိုသေမျိုး အိမ်ပြန် ရေချိုးပြီး စောစောသာအိပ်လိုက်တော့...."


ပရိတ်သတ်များ ကျယ်လောင်စွာ ရယ်မောလာကြသည်။ သူတို့ အလွန်စိတ်လှုပ်ရှားနေပြီး အချို့ဆိုလျှင် ခုန်ပေါက်၍ လက်သီးလက်မောင်းပင်တန်းနေကြသည်။


မသေမျိုးစွမ်းအင်မရှိဘူး။ ပေါင်းခံအိုးအတွင်းရှိ ဖက်ထုပ်စွပ်ပြုတ်တွင် မသေမျိုးစွမ်းအင် တစ်မျှင်ပင်မရှိပေ။


၎င်းက ပုဖန်ကျရှုံးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ သူ၏ဟင်းပွဲတွင် မသေမျိုးစွမ်းအင်မစုစည်းနိုင်း၍ မသေမျိုးစားဖိုမှူးတစ်ယောက် ဖြစ်လာမည်မဟုတ်ပေ။


မာနကြီးလှသော သေမျိုးက မသေမျိုးစားဖိုမှူးဖြစ်ရန် ကျရှုံးခဲ့သဖြင့် ကြောက်မက်ဖွယ်ကိစ္စရပ်များစွာက သူ့နောက်တွင် စောင့်ကြိုနေပြီဖြစ်သည်။


ပရိတ်သတ်များထဲရှိ လူအချို့က နောင်တရနေကြသည်။ သူတို့ ပုဖန်ကို အံ့ဖွယ်လူသားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။


သို့သော် ထိုအံ့ဖွယ်လူသားက မသေမျိုးစားဖိုမှူးဖြစ်လာရန် စာမေးပွဲကို ကျရှုံးခဲ့သည်။


အဆုံးတွင် သေမျိုးများက မသေမျိုးစားဖိုမှူးတစ်ယောက် ဖြစ်မလာနိုင်ပေ။


ရွှမ်ယွမ်ရှားဟွေ့ လည်ပင်းကိုဆန့်ထုတ်လိုက်ပြီး မဟူရာလိပ်ခုံးအပေါ်ရှိ ပေါင်းခံအိုးထဲတွင် ငြိမ်သက်စွာရှိနေသော ဖက်ထုပ်စွပ်ပြုတ်ငါးခုကိုကြည့်လိုက်သည်။


ဖက်ထုပ်စွပ်ပြုတ်များက ထွင်းဖောက်မြင်နိုင်အောင် ကြည်လင်နေပြီး ကျောက်စိမ်းများနှယ် တောက်ပြောင်နေကြသည်။ ၎င်းတို့၏ အပေါ်တွင် ရောင်ခြည်စက်ဝန်းများက အရောင်မျိုးစုံအလင်းများကို ထုတ်လွှတ်နေပြီး သလင်းကျောက်များနှယ် ကြည်လင်နေကြသည်။


သို့သော့ ၎င်းတို့တွင် မည်သည့် မသေမျိုးစွမ်းအင်များမရှိကြပေ။


"ကံဆိုးလိုက်တာ..."


ရွှမ်ယွမ်ရှားဟွေ့ နောင်တ တကြီးသက်ပြင်းချလိုကိသည်။


သူ့ဘေးတွင် ရပ်နေသော ရွှမ်ယွမ်ရွှမ်က အဖြစ်အပျက်များကို ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်လိုက်သည်။


တော်တော်လေးကို.. ကံဆိုးတာပဲ...


သူမ ပုဖန်ကို အောင်မြင်မည်ဟုထင်ခဲ့သော်လည်း သူဤတစ်ကြိမ်တွင် ကျရှုံးသွားပုံပေါ်လေသည်။


အဆုံးတွင် သေမျိုးများက သေမျိုးများဖြစ်နေကြဆဲပင်ဖြစ်သည်။


မူလျှို့အာ မျက်မှောင်ကြုတ်လိုက်ကာ သူမ၏အပြုံးကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမ နေရောင်ခြည်နွေးနွေးအောက်တွင် ရပ်နေဆဲဖြစ်သော ပုဖန်ကိုကြည့်ပြီး သူမ၏နှလုံးခုန်နှုန်းပင် ကမောက်ကမဖြစ်သွားလေသည်။


သူမ ဖက်ထုပ်များထဲတွင် မည်သည့်မသေမျိုးစွမ်းအင် အရိပ်အယောင်ကိုမျှ မတွေ့ရသော်လည်း ပုဖန်၏ အမူအယာက စိတ်ပူနေပုံ လုံးဝမပေါ်ပေ။


ထို တည်ငြိမ်လှသော အမူအယာက အခန်းအတွင်းတွင် အော်ဟစ်ဆူညံနေကြသော လူများကို အထင်သေးနေဟန် ဖြစ်နေသည်။


မန်နေဂျာချန်၏ အမူအယာက တင်းမာသွားပြီး ဒိုင်လူကြီးထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူက ဤမသေမျိုးစားဖိုမှူး စာမေးပွဲ၏ တစ်ဦးတည်းသော ဒိုင်လူကြီးဖြစ်သည်။


မသေမျိုးစားဖိုမှူးဖြစ်လာရန် အတွက် စံနှုန်းများက အလွန်ရိုးရှင်းလေသည်။ မိုးကြိုးပြစ်ဒဏ်ကိုရင်ဆိုင်ပြီး သင်၏ဟင်းပွဲတွင် မသေမျိုးစွမ်းအင်များကို စုစည်းစေရန်သာဖြစ်သည်။ မည်သည့်စားဖိုမှူးမဆို ဤအချက်နှစ်ချက်ကို ပြုလုပ်နိုင်မည်ဆိုပါက မသေမျိုးစားဖိုမှူးဖြစ်လာမည်ဖြစ်ပြီး ဟင်းပွဲ၏အနံ့အရသာကို မည်သူမှဂရုမစိုက်ကြမည် မဟုတ်ပေ။


မည်သို့ပင်ဆိုစေ မိုးကြိုးပြစ်ဒဏ်ခံယူထားပြီး မသေမျိုးစွမ်းအင်စုစည်းစေသော ဟင်းပွဲက အနံ့အရသာဆိုးဝါးမည်မဟုတ်ပေ။


ထုံချန်း ရုတ်တရက် ခြေဆောင့်ချလိုက်၍ ကြမ်းပြင်ပေါ်ရှိ ကျောက်စိမ်းပုတီးကို ကွဲကြေသွားစေသည်။


"အမှိုက်ကောင်... မင်းမှာဘာအကြံတွေထပ်ရှိသေးလဲကြည့်ရအောင်.. ဒီတစ်ကြိမ်တော့ မင်းကိုဘယ်သူကူညီရဲလည်း ကြည့်ရသေးတာပေါ့..."


ထုံချန်း အေးစက်စွာပြုံးလိုက်ပြီး သူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှုများပြည့်နေသည်။


သူ ပုဖန် မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်လာပြီး သူ့ကိုပြဿနာဖြစ်စေမည်ကို ကြောက်ရွံ့ခဲ့သော်လည်း ယခုတွင် သူကြိုတင်တွေးထားသော အစီအစဉ်များက အသုံးမဝင်တော့ပေ။


ပုဖန် မသေမျိုးစားဖိုမှူးဖြစ်လာပါက အနည်းငယ်ဒုက္ခများသွားမည်ဖြစ်သည်။


သို့သော် သူ ထိုသေမျိုးကို အထင်ကြီးမိသွားဟန်ပေါ်နေသည်။


ယခု ပုဖန်က ကျရှုံးသွားပြီဖြစ်၍ ထုံချန်း သူ့ကိုရိုက်သတ်လျှင်တောင် ဘာမှမဖြစ်တော့ပေ။ အဆင့်နိမ့်ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသည်နှင့်ပင် ကွာခြားတော့မည် မဟုတ်ချေ။


"ဒီတော့ မင်းဘာပြောချင်သေးလဲ...."


ဘုန်း


ထုံချန်း၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာပြီး သူ့အထက်ရှိ လေထုပင် ရှုံ့တွသွားသည်။


ထိုအချိန်တွင် သူ သူ၏ အစစ်အမှန်မသေမျိုးစွမ်းအင်ကို အားအပြည့်ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။


သိပ်သည်းလှသော ဖိအားလှိုင်းကြီးက အခန်းတစ်ခုလုံးကို ဖိနှိပ်သွားပြီး ပရိတ်သတ်များကို အသက်ရှူရန်ပင် ခက်ခဲသွားစေသည်။


ဤ အစစ်အမှန်မသေမျိုးအဆင့်အော်ရာက အခန်းတစ်ခုလုံးကို ဖိနှိပ်ရန် လုံလောက်လေသည်။


ထုံချန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေပြီး ပုဖန်ကို စူးစိုက်ကြည့်လိုက်သည်။


ကြီးမားလှသော ဖိအားကြီးက တောင်ငယ်လေးတစ်ခုနှယ် လေးလံလှပြီး အခန်းအဘယ်တွင်ရှိနေသော စားဖိုမှူးကို ဖိနှိပ်နေသည်။


ထုံချန်း ထိုသေမျိုးစားဖိုမှူးက သူ့ကိုဒူးထောက်ပြီး အသနားခံလာသည်ကို မြင်ချင်နေသည်။


ထိုသေမျိုးက သူ့ကိုစိတ်ဒုက္ခပေးသည်မှာ ရက်အတော်ကြာရှိနေပြီဖြစ်ပြီး သူအတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။


သူ ထိုသေမျိုးကို ထုံမိသားစု၏ ညှင်းပန်းနှိပ်စက်မှုများထဲမှ ဆယ့်ရှစ်ခုမြောက်ကို ခံစားစေချင်သည်။


မန်နေဂျာချန် ထုံချန်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းများ လှုပ်ရှားသွားပြီး တစုံတစ်ခုပြောရန် ပြင်လိုက်သည်။


သို့သော် သူ့စိတ်ထဲ ဒုတိယအတွေးတစ်ခုပေါ်လာသည်။ ထုံမိသားစု၏ သခင်လေးကို မသေမျိုးစွမ်းအင်မစုစည်းနိုင်သည့် သေမျိုးတစ်ယောက်အတွက် ဆန့်ကျင်ရမည်မှာ မတန်လှပေ။


ထို့ကြောင့် သူ နှုတ်ဆိတ်၍သာနေလိုက်ပြီး ပုဖန်ကို လက်လျော့လိုက်သည်။


သူ မသေမျိုးစားဖိုမှူးဖြစ်ရန် ကျရှုံးခဲ့၍ သူ့တွင် ထိုအင်အားကြီးသူကောင်းမျိုးမိသားစုများကို ဆန့်ကျင်နိုင်မည် မဟုတ်တော့ချေ။


ထိုသေမျိုးလေးက အတော်လေးငယ်ရွယ်နေသေးသည်။


မန်နေဂျာချန် မမြင်ဟန်ဆောင်လိုက်သောအခါ ထုံချန်း အားပါးတရရယ်မောလိုက်တော့သည်။ သူ ထိုမသေမျိုးမီးဖိုချောင်အဆောက်အဦးက သူ့ကိုဆန့်ကျင်မည်ကို ကြောက်ရွံ့ခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် ထိုကိစ္စကိုစိတ်ပူရန်မလိုတော့ပေ။


ထုံမိသားစုက မသေမျိုးမီးဖိုချောင် အဆောက်အဦးကို မကြောက်သော်လည်း ၎င်းတွင် မြို့အရှင်၏ ကျောထောက်နောက်ခံရှိသည်။ သူသာ ပြဿနာဖန်တီးလိုက်လျှင် သူ၏မိသားစုနှင့် မသေမျိုးမီးဖိုချောင် အဆောက်အဦးပါ နောင်တရလိမ့်မည်ဖြစ်သည်။ သေမျိုးတစ်ယောက်အတွက် ထိုမျှလောက် စွန့်စားခြင်းသည် မတန်လှပေ။


ယခုတွင် ကိစ္စများက သူ့အတွက် လွယ်ကာသွားပြီဖြစ်သည်။


"အခု မင်းကိုဘယ်သူမှ မကူညီတော့ဘူး..."

ထုံချန်း နှာမှုတ်လိုက်သည်။


သူသည် စင်မြင့်ကိုဝန်းရံထားသော လက်ရန်းပေါ်ခုန်တက်ကာ ပုဖန်ကို အမြင့်မှ ငုံ့ကြည့်လိုက်လေသည်။


သို့သော် ပုဖန်က တည်ငြိမ်နေဆဲဖြစ်ကာ လက်နောက်ပစ်၍ အေးအေးလူလူရပ်နေဆဲဖြစ်သည်။


ပုဖန်ဘေးတွင် ရပ်နေသော ဝှိုက်တီ၏ မျက်လုံးထဲတွင်လျှပ်သီးကြောင်းများ ပေါ်လာသည်။


မိုးကြိုးပြစ်ဒဏ်ကို မြိုချပြီးနောက်တွင် ဝှိုက်တီ၏ တိုက်ခိုက်နိုင်စွမ်းသည် ကြယ်တစ်လုံး အစစ်အမှန်မသေမျိုးအဆင့်သို့ ရောက်သွားသည်။ ထို့ကြောင့် ထုံချန်းနှင့်ရင်ဆိုင်လျှင်ပင် အားမနည်းတော့ပေ။


သို့သော် ပုဖန်က ဝှိုက်တီတစ်ယောက်တည်း အားကိုးရှိခြင်းမဟုတ်ပေ။


"သခင်လေးထုံချန်းက အတော်လေးစိတ်မရှည်တာပဲ... သူအောင်မြင်သည် မအောင်မြင်သည်က ကျွန်မတို့ဆုံးဖြတ်ရမှာဖြစ်ပြီးတော့ ရှင်ဆုံးဖြတ်ရမယ့်ဟာမျိုး မဟုတ်ဘူးလေ..."


ရုတ်တရက် တိုးလျှသောအသံတစ်ခုက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။


ပရိတ်သတ်များ ကြောင်အသွားကြသည်။


ထုံချန်း မျက်မှောင်ကြုတ်သွားသည်။


အခန်း၏ အခြားတစ်ဖက်တွင် မူလျှို့အာ မတ်တတ်ရပ်နေသည်။ ထိုစကားများက သူမဆီမှ ထွက်လာခြင်းဖြစ်သည်။


"မသေမျိုးမီးဖိုချောင် အဆောက်အဦးရဲ့ ဂျူနီယာလေး... မင်းက မသေမျိုးစားဖိုမှူးမဟုတ်လို့ စည်းမျည်းတွေကို နားလည်မှာဟုတ်လောက်ဘူး... သူ့ဟင်းပွဲမှာ မသေမျိုးစွမ်းအင်တစ်မျှင်တောင်မရှိတော့ ဘူးဆိုမှတော့ မသေမျိုးစားဖိုမှူးဖြစ်မလာနိုင်တော့ဘူးဆိုတဲ့သဘောပဲ... ဒီလောက်ဆို မရှင်းလင်းဘူးလား... မသေမျိုးမီးဖိုချောင်အဆောက်အဦးက ထုံမိသားစုကို ဆန့်ကျင်ချင်နေတာလား..."


ထုံချန်းက အေးစက်စွာပြောလာသည်။ သူဒေါသထွက်နေသည်မှာ သိသာလှပေသည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးက ဒီသေမျိုးလေးတစ်ယောက်ကြောင့်နဲ့ ထုံမိသားစုကို ဆန့်ကျင်မှာလား....


"မဟုတ်ဘူး.. ကျွန်မပြောချင်တာက ဆုံးဖြတ်ချက်ဖို့စောနေတယ်လို့ပြောချင်တာ... သူ့ဟင်းပွဲထဲမှာ မသေမျိုးစွမ်းအင်မရှိဘူးလို့ ရှင်ဘယ်လိုသိလဲ.."


မူလျှို့အာ အပြုံးလေးဖြင့် မေးလိုက်သည်။


သူမ၏ အကြည့်များက နေရောင်ခြည်အောက်တွင်ရှိနေသော စားဖိုမှူးငယ်လေး ပုဖန်ထံတွင်ရောက်နေသည်။ ဘာကြောင့်လဲမသိသော်လည်း သူမ သူ့အပေါ်ယုံကြည်ချက်ရှိနေသည်။


"ငါတို့တွေ ကန်းနေတယ်လို့များ ထင်နေတာလား..."


ထုံချန်း နှာမှုတ်လိုက်ပြီး ခေါင်းရမ်းပြလိုက်သည်။


"ဒါပေါ့ မင်းတို့တွေက ကန်းနေတာလေ..."


အေးစက်စက်အသံတစ်ခုထွက်လာပြီး လူတိုင်းကို မှင်သက်သွားစေသည်။


ပရိတ်သတ်များ၊ ထုံချန်း နှင့် မန်နေဂျာချန်တို့ ပြောစရာစကားပင်ပျောက်ရှသွားကြသည်။ ခဏအကြာတွင် သူတို့အားလုံး၏ အကြည့်များက ပုဖန်ထံရောက်ရှိသွားသည်။


နေရောင်ခြည်နွေးနွေးအောက်တွင် ပုဖန် ပျင်းပျင်းရိရိရပ်နေသည်။ သူ့လက်တွေကိုခါလိုက်ပြီး သူ၏ဝတ်ရုံလက်ဖျားကို ခေါက်လိုက်သည်။


အတွေးတစ်ချက်ဖြင့် သလင်းနှယ်ကြည်လင်နေသော ဖက်ထုပ်ငါးခုက ဒယ်အိုးထဲမှ ပျံထွက်လာသည်။ ၎င်းတို့က သူ့လက်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော အဖြူနှင့်အပြာပန်းကန်ပြားပေါ် ကျဆင်းလာသည်။


အဖြူနှင့်အပြာပန်းကန်ပြားထဲတွင် ဖက်ထုက်စွပ်ပြုတ်များ စီစီရီရီကျလာသည်။ စိမ်းလန်းနေသော စိတ်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေပြီး သလင်းနှယ်ကြည်လင်နေသည်။


"မင်းဘာပြောလိုက်တာ...."


ထုံချန်း ပုဖန်ကို အေးစက်စွာ ကြည့်လိုက်သည်။ သူထုတ်လွှတ်နေသော အော်ရာက ပိုမိုထူထပ်လာကာ အခန်းတစ်ခုလုံး စတင်လှုပ်ရမ်းလာသည်။


ပုဖန်က မျက်နှာသေဖြင့်ရှိနေဆဲဖြစ်သည်။ သူ ထုံချန်းကို ငတုံးတစ်ကောင်ကို ကြည့်လိုက်ရသည့်နှယ် ကြည့်လိုက်သည်။


"ငါ မင်းကို ကန်းနေတာလို့ပြောတာ..."


ပုဖန် ထိုသို့ပြောပြီး ဖက်ထုပ်ပန်းကန်ကိုယူကာ ပုံမှန်အတိုင်း လမ်းလျှောက်သွားလိုက်သည်။


ခဏအကြာတွင် ဒိုင်လူကြီးခုန်တွင် ထိုင်နေသော မန်နေဂျာချန်ရှေ့သို့ ရောက်သွားသည်။


မန်နေဂျာချန်က ပုဖန်၏တည်ငြိမ်မှုကြီးကိုကြည့်ပြီး ဆွံ့အနေသည်။


ဒီ ဖက်ထုပ်စွပ်ပြုတ်ငါးခုလုံးက မသေမျိုးစွမ်းအင်မှထုတ်မနေတာ... ဒီသေမျိုး ဘယ်နားကနေ ယုံကြည်ချက်ရှိနေရတာလဲ...


နေစမ်းပါဦး....


မန်နေဂျာချန်၏မျက်လုံးများက ဖက်ထုပ်စွပ်ပြုတ်ထံရောက်သွားပြီး စေ့စေ့စပ်စပ်ကြည့်လိုက်သည်။


ရုတ်တရက် သူ့မျက်စိသူငယ်အိမ်ပင် ကျွတ်ကျလုမတတ်ဖြစ်လာပြီး မယုံကြည်နိုင်စရာတစ်ခုကို တွေ့လိုက်ရသည့်နှယ် ဖြစ်နေသည်။


"ဒါက..."


ခပ်လှမ်းလှမ်းတွင် ထိုင်နေသော ရွှမ်ယွမ်ရှားဟွေ့က သူ မတွေ့လိုက်သောအရာတစ်ခုကို သတိပြုလိုက်မိဟန်ဖြင့် သူ့မျက်လုံးများတောက်ပလာသည်။


"ဒီတော့... ဒီလိုမျိုးပေါ့... ပိုင်ရှင်ပုက အဲ့တာကြောင့် ယုံကြည်ချက်တွေရှိနေတာပေါ့လေ.. ကျစ် ကျစ် ကျစ်..."


ရွှမ်ယွမ်ရွှမ် ကြောင်အသွားသည်။

ဘာတွေဖြစ်နေတာလဲ..


အစ်ကိုပြောတဲ့ "အဲ့တာ" ဆိုတာကဘာကြီးလဲ...


အစ်ကိုပဲ ပုဖန်ကမျှော်လင့်ချက်မရှိတော့ဘူးဆို... အခုတော့ ချက်ချင်းကြီး စိတ်လှုပ်ရှားလာပြန်ပြီ...


မသေမျိုးစွမ်းအင်တွေ ထွက်လာလို့လား...


ရွှမ်ယွမ်ရွှမ် အံ့အားသင့်နေသည်။


ပရိတ်သတ်များသည်လည်းဆွံ့အသွားကြကာ နေရောင်အောက်တွင်ရပ်နေသော စားဖိုမှူးလေးကို ကြည့်လိုက်ကြသည်။


ပုဖန်၏လက်ထဲတွင် ရွှေရောင်မီးဖိုချောင်သုံးဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သူ ၎င်းကို လွှဲရမ်းလိုက်ပြီး အေးအေးဆေးဆေးခုတ်ချလိုက်သည်မှာ ကြယ်တစ်စင်းကြွေသွားသည့်နှယ် မြန်ဆန်လှချေသည်။


ကျောက်စိမ်းရောင်လဲ့နေသော ဖက်ထုပ်စွပ်ပြုတ်က နှစ်ခြမ်းပွင့်သွားတော့သည်။


ဗွမ်း ဗွမ်း


လူတိုင်း မျက်လုံး ပြူးသွားကြသည်။


ဖက်ထုပ်စွပ်ပြုတ် ပွင့်ဟသွားသောအခါ ကြည်လင်လှသည့် နွေဦးစိမ့်စမ်းရေအချို့ ထွက်ပေါ်လာသည်။


ထူထဲလှသောရနံ့က ထိုအဟကြားမှ ထွက်လာပြီး ဆင်စွယ်ရောင်အငွေ့များ ထွက်ပေါ်လာသည်။


အဲ့ဒီ့ ဆင်စွယ်ဖြူရောင် အငွေ့...


အဲ့တာ မသေမျိုးစွမ်းအင်တွေလေ...


ရုတ်ချည်းပင် ၎င်း၏ ရနံ့က အခန်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။


လူအုပ်ကြီး ထိုရနံ့ကို ရလိုက်သောအခါ နစ်မျောသွားဟန်ပေါ်လာသည်။


ဒီအနံ့က... ဘာလို့ အဲ့လောက်မွှေးနေရတာလဲ...


ဂလု


လူများစွာက မသေမျိုးစွမ်းအင်များ ထွက်ပေါ်လာမှုကို မယုံကြည်နိုင်ဟန် ကြည့်လိုက်သည်။


ဘယ်လိုလုပ်ပြီး ဖက်ထုပ်စွပ်ပြုတ်က ဒီလောက်မွှေးကြိုင်လတ်ဆတ်တဲ့ အနံ့ကိုထုတ်လွှတ်နေနိုင်ရတာလဲ...


မန်နေဂျာချန်၏ မျက်နှာ တွန့်လိမ်သွားသည်။


၎င်းက အမှန်တကယ်ပင်ဖြစ်သည်။ နောက်ထပ်ကမ္ဘာတစ်ခုက ဖက်ထုပ်စွပ်ပြုတ်ထဲတွင် တည်ရှိနေသည်နှင့်ပင် တူနေသည်။


မန်နေဂျာချန် ပုဖန်ကို ရှုပ်ထွေးနေသော အကြည့်ဖြင့်ကြည့်လိုက်ပြီး ခဏအကြာတွင် ကျောမတ်မတ်ထိုင်လိုက်သည်။


ကြည်လင်လှသော နွေဦးစိမ့်စမ်းရေက ကြွယ်ဝလှသော မွှေးရနံ့ဖြင့် ထွက်ပေါ်လာပြီး ဖက်ထုပ်စွပ်ပြုတ်ထဲမှ ထွက်ပေါ်နေဆဲဖြစ်သည်။ ထို ကြည်လင်လန်းဆန်းလှသော မွှေးရနံ့က စွပ်ပြုတ်ပူပူမှထွက်ပေါ်နေသည်။


ဖက်ထုပ်စွပ်ပြုတ်အတွင်းတွင် အဆာပလာများက ရောင်စုံသောအလင်းများ ထုတ်လွှတ်နေသည်။


"သလင်းကြည်ဖက်ထုပ်စွပ်ပြုတ်ပါ... မြည်းစမ်းကြည့်ပါဦး.."


ပုဖန် သူ့လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓားကို လှည့်လိုက်ပြီး ရွှေရောင်အလင်းတစ်ခုလက်သွားကာ ဓားပျောက်သွားသည်။


သလင်းကြည် ဖက်ထုပ်စွပ်ပြုတ်....


မန်နေဂျာချန် အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ၏နှာခေါင်းဝတွင် ဖက်ထုပ်၏ ကြွယ်ဝလှသော ရနံ့ကရစ်သီလာသည်။


ထိုရနံ့တွင် များစွာသေအစေ့အဆန်မျိုးစုံနှင့် စိတ်ဝိဉာဉ်သားရဲများ၏အသားများ ရနံ့များ ပါဝင်နေသည်။ စိတ်ဝိဉာဉ်သားရဲများ၏ အသားရနံ့က အလွန်သိပ်သည်းလှသဖြင့် လူတိုင်း သူတို့၏ ဝိဉာဉ်ကို ကြိုးတစ်ချောင်းဖြင့် ချည်နှောင်လိုက်ဟန် ခံစားလိုက်ရသည်။


အစေ့အဆံများမှလာသော ရနံ့က သန့်ရှင်းလတ်ဆတ်လှသည်။ ပရိတ်သတ်များ ထိုရနံ့ကိုရသောအခါ ၎င်းတို့၏ ဝိဉာဉ်များ သန့်စင်သွားဟန် ခံစားလိုက်ရသည်။


ထုံချန်း ဖက်ထုပ်ထဲမှ မသေမျိုးစွမ်းအင်များ ထွက်လာသည်ကို တွေ့လိုက်သောအခါ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


သေမျိုးကောင်က တကယ်ကြီး မသေမျိုးစွမ်းအင်ပါတဲ့ ဟင်းပွဲကိုချက်လိုက်တာလား....


ချီးပဲ...


ထုံချန်း အလွန်ဒေါသထွက်သွားသည်။ သူ၏မျက်လုံးများတွင် သွေးရောင် လွှမ်းလာပြီး သူ့စိတ်နှလုံးအတွင်းမှ ဒေါသများကို ဖိနှိပ်နေရဟန်ဖြင့် သူ၏အသက်ရှူသံက လေးလံလာသည်။


ဒီသေမျိူးက... မသေမျိုးစွမ်းအင်တွေထုတ်လွှတ်နေတဲ့ ဟင်းပွဲကို ဘယ်လိုလုပ်ပြီး ချက်နိုင်နေရတာလဲ...


သို့သော် မည်သူမှ ထုံချန်းကို အာရုံစိုက်မနေကြပေ။ လူတိုင်း၏ မျက်လုံးက မန်နေဂျာချန်ထံတွင်သာ ကျရောက်သွားသည်။


ထိုအချိန်တွင် မန်နေဂျာချန်က ကျောက်စိမ်းတူတစ်စုံကိုယူ၍ နွေဦးစိမ့်စမ်းရေများထွက်နေဆဲဖြစ်သော ဖက်ထုပ်ကိုညှပ်ယူလိုက်သည်။


သူ အသက်ပြင်းပြင်းရှူလိုက်ပြီး မုတ်ဆိတ်မွှေးကိုကိုင်လိုက်ကာ ပါးစပ်ကျယ်ကျယ်ဟ၍ ဖက်ထုပ်တစ်ခုလုံး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။


သူထိုသို့လုပ်ပြီးချိန်တွင် သူ့မျက်လုံးများ ပြူးထွက်လာတော့သည်။