အပိုင်း ၆၀
Viewers 12k

ဝမ်မင်ယီက သူမရဲ့လက်ကို အဝေးကိုပုပ်ထုတ်လိုက်သည်။ သူ့မျက်နှာကိုကာရင်း သူမကိုကြည့်လိုက်ကာ သူ့ကိုယ်သူ အကာအကွယ်အပြည့်အဝယူလိုက်သည်။
ဝမ်မင်ယီက သက်ပြင်းချရင်း အိမ်ပတ်ပတ်လည်ကို အကူအညီမဲ့စွာကြည့်လိုက်သည်။
"ဒီမှာအရမ်းညစ်ပတ်နေတာ၊ မနက်ဖြန်မှ အိမ်ရှင်းဖို့ အဒေါ်ကြီးတစ်ယောက်ကိုရှာကြတာပေါ့၊ ဒီညတော့ ကျွန်တော် ခင်များကို ကျွန်တော့်မွေးစားမေမေရဲ့အိမ်ကို ခေါ်သွားပေးပါရစေ..."
ဝမ်မင်ယီ ဟွန့်ခနဲတစ်ချက်အသံပြုကာ ကိုယ်ကိုလှည့်ကာ တံခါးမှထွက်လာခဲ့သည်။
ဝမ်ဝေ့မှာတော့ သူ့ကိုကြည့်ကာ ဘာလို့များ တဟွန့်ဟွန့်ဖြစ်နေရသလဲ နားမလည်ဖြစ်နေတော့သည်။
တံခါးခေါက်သံကြားလိုက်ရချိန်တွင် စစ်ကျွင်းတောက်က သူ့မိဘတွေနှင့် အာလာပသလာပပြောနေတာဖြစ်ပြီး သူလှည့်ကြည့်လိုက်သည့်အခါ ဝမ်မင်ယီနှင့်ဝမ်ဝေ ပြန်လှည့်လာတာကို တွေ့လိုက်ရ၏။ သူက ထိုရလဒ်နှင့်ပတ်သက်၍ လုံးလုံးမအံ့သြပါချေ။ ဝမ်မင်ယီက ပထမနှစ်ဝက်လုံး အိမ်ငှားပြီးနေတာဖြစ်ပြီး နောက်နှစ်တစ်ဝက်ကို သူနှင့်နေတာဖြစ်သည်။ တစ်ချိန်လုံး သူ့ကိုယ်ပိုင်အိမ်မှာမနေခဲ့ပေ။ ထိုအမှန်တရားကြောင့် အိမ်တစ်ခုလုံး ဖုန်တွေအပြည့်ဖြစ်နေမှာပင်။
လွန်ခဲ့သည့်နှစ်က ဝမ်မင်ယီ၏မိဘများ ပြန်မလာမီတွင် စစ်ကျွင်းတောက်က တစ်စုံတစ်ယောက်ကို အိမ်ကိုသန့်ရှင်းဖို့ ငှားခဲ့တာဖြစ်သည်ာ ဒီတစ်ကြိမ်တွင်တော့ ဝမ်မင်ယီက သူ့ကိုထိုသို့လုပ်ခွင့်မပေးခဲ့ချေ။ ဝမ်မင်ယီက သူ့မိဘတွေနှင့်အတူ ပြန်လာမည်ဟု သူမမျှော်လင့်ထားခဲ့ချေ။ ထို့ကြောင့် အိမ်က ဖုန်များဖြင့်ပြည့်နေမှာအမှန်ပင်။ အဲတာက လုံးဝချစ်ဖို့မကောင်းပါချေ။
ကျိစစ်ယောင်က သူတို့ပြန်လာတာကိုမြင်သည့်အခါ ပြုံးလိုက်သည်။
"ကြည့်ရတာ ကျွင်းကျွင်းမှန်ပုံပဲ၊ နင်တို့ဒီည ငါတို့အိမ်မှာနားကြလေ"
ဝမ်ဝေ့က သူမဘေးတွင်ထိုင်ကာ ခေါင်းညိတ်လိုက်သည်။
"မနက်ဖြန် အိမ်ရှင်းဖို့ အဒေါ်ကြီးတစ်ယောက်ရတဲ့အထိ စောင့်ရတော့မှာပဲ၊ မင်မင် မင်းတကယ်ကို အိမ်ကိုသွားဖို့ မလိုအပ်ခဲ့ဘူးပဲ၊ မင်းအိမ်မှာ ရက်နည်းနည်းလောက်တော့ နေသင့်တယ်လို့ထင်တယ်"
ဝမ်မင်ယီ : “အဟွန့်”
ဝမ်ဝေ့က စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။
"သူဘာလို့ ဆက်တိုက် တဟွန့်ဟွန့်လုပ်နေတာလဲ၊ သူမင်းကိုလည်း ဒီလိုပဲဆက်ဆံတာလား"
"သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ..."
ဝမ်မင်ယီက ယုံကြည်ချက်ရှိစွာပင် ငြင်းပယ်ပစ်သည်။
"ခင်များက ကျွန်တော့်ကောနဲ့ ယှဉ်နိုင်လို့လား၊ ကျွန်တော် ခင်များကိုသိလို့လား၊ ဒီတစ်နှစ်လုံး ကျွန်တော် ခင်များနဲ့ ဘယ်နှကြိမ်များ တွေ့ဖူးလို့လဲ၊ ကျွန်တော်တို့ စကားတောင် ပုံမှန်ပြောဖူးလို့လား၊ ဒါတောင် ခင်များက ကိုယ့်ဟာကိုယ် ကျွန်တော့်ကောနဲ့ လာယှဉ်နေသေးတယ်၊ နှလုံးသားကိုထိ အသိစိတ်လေးကပ်ပြီး ကိုယ့်ဟာကိုယ် မေးကြည့်ပါဦး၊ ခင်များနဲ့တန်လားလို့..."
ဝမ်ဝေ့ : "..."
ဝမ်ဝေ့ သူမရဲ့အသိစိတ်နှင့်ယှဉ်ပြီးသည့်အခါ ထိုမေးခွန်းကို မဖြေနိုင်တော့သလို ခံစားလိုက်ရသည်။ ဝမ်မင်ယီ ငယ်စဉ်ကတော့ သူမက ထိုက်တန်ခဲ့သည်။ သို့ပေမယ့် ဝမ်မင်ယီ အရွယ်ရောက်လာချိန်မှာတော့ သူမက မထိုက်တန်တော့ချေ။
ဝမ်ဝေ့.က သူ့ကိုအပြုံးတစ်ခုဖြင့် နှစ်သိမ့်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"အမေမှားသွားပါတယ်"
"ပြီးတော့ရော"
"ပြီးတော့လား"
ဝမ်ဝေ့ ရှုပ်ထွေးသွားသည်။
ဝမ်မင်ယီ အဲဒါကို သိခဲ့ပါသည်။
"အမှားကိုဝန်ခံဖို့ သတ္တိရှိပေမယ့် နောင်တတော့မရဘူးမလား၊ အင်းပေါ့ ခင်များပဲဟာ..
"
ဝမ်ဝေ့မှာ အကူအညီမဲ့စွာ ပြန်ဖြေရသည်။
"ဘေဘီ၊ အမေ့မှာ ရွေးချယ်ခွင့်မရှိလို့ပါ..."
ဝမ်မင်ယီ အေးစက်စွာ နှာမှုတ်လိုက်ပြန်သည်။
ဝမ်ဝေ့က သူ့ကို အလျင်အမြန်ပင် ကတိပေးလာသည်။
"နောက်လာမယ့်နှစ်နည်းနည်းဆို အမေ့အလုပ်တွေပြီးတာနဲ့ မင်းနဲ့အတူ အိမ်မှာလိုက်နေပါ့မယ်..."
အိမ်မှာ ငါနှင့်အတူ လိုက်နေမယ်ပေါ့မယ်၊ အဲ့အချိန်ကျရင် ခင်များသားက သေပြီးလောက်ပြီဖြစ်နေမှာကိုပဲ ကြောက်ပါရဲ့။
ဝမ်မင်ယီမှာ ထိုအကြောင်းကို တွေးမိတိုင်း ဒေါသထွက်သထက်ထွက်လာရသည်။ ထို့ကြောင့် သူက နောက်ထပ် ထမင်းကို ပန်းကန်လုံးနဲ့တစ်ဝက်စားပစ်လိုက်သည်။
ညစာစားပြီးနောက်တွင် ဝမ်ဝေ့က အားလုံးအတွက် သူမယူလာတဲ့လက်ဆောင်တွေကို လိုက်ဝေခဲ့သည်။ ပြီးနောက်တွင် ဝမ်မင်ယီ၏အခန်းဆီကို သားအမိကြားက ချစ်ခြင်းမေတ္တာတွေကို ခံစားရန် ပြန်လာခဲ့သည်။
သို့သော်လည်း ဝမ်မင်ယီကတော့ မေမေနှင့်ကလေးကြားက နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာကို မလိုချင်ခဲ့ပါချေ။ သူသိချင်တာက သူသေဆုံးပြီးနောက် သူက သူမထံအမှားကို ဝန်ခံခဲ့ကာ အဓိကဇာတ်ဆောင်၏အရှိန်အဝါအောက်တွင် သူမရဲ့သုံးဖက်မြင်လောကကြီးချွတ်ယွင်းသွားပြီး သူ့ကိုခွင့်လွှတ်ခဲ့လားဆိုတာပင်။
"ကျွန်တော်မေးချင်တာက..."
ဝမ်မင်ယီ၏အမူအယာက လေးနက်နေသည်။
"တစ်နေ့မှာ ကျွန်တော့်ကို တစ်စုံတစ်ယောက်က တွန်းလိုက်လို့ လမ်းမပေါ်ကျသွားပြီး မောင်းလာတဲ့ကားနဲ့တိုက်မိပြီး သေသွားခဲ့ရင် အဲဒါက ဘယ်သူ့မှာ တာဝန်ရှိတာလဲ..."
ဝမ်ဝေ့က သူ့ဘေးမှာ မနေပေးနိုင်ခဲ့တဲ့အတွက် သူမကိုအပြစ်တင်နေတာပဲဟု တွေးလိုက်မိသည်။ ပြီးနောက် အမြန်ပင် ဖြေလိုက်၏။
"အမေ့မှာတာဝန်ရှိတာပါ၊ မင်းရဲ့အနားမှာ မနေပေးနိုင်တဲ့အတွက် အမေ့ကို အပြစ်လိုက်ပါကွယ်"
ဝမ်မင်ယီ : "..."
ဝမ်မင်ယီမှာ သူ့နဖူးသူ အကူအညီမဲ့စွာထိလိုက်မိသည်။
"အမေမဟုတ်ဘဲ အခြားလူကိုပြောတာ"
"ဒါဆို မင်းအဖေပေါ့၊ မင်းနဲ့ရှိမနေပေးတဲ့အတွက် သူ့ကိုအပြစ်တင်ပစ်လိုက်၊ အမေတို့နှစ်ယောက်လုံးရဲ့အမှားပဲ..."
"ကျွန်တော်အခု အမေနဲ့အဖေ့ကြားက အကြောင်းပြချက်ကို မေးနေတာမဟုတ်ဘူး၊ ကျွန်တော်မေးတာက မတော်တဆမှုအတွက် အပြစ်ရှိတာဘယ်သူလဲလို့၊ အဲဒါက ကားမောင်းသမားလား ဒါမှမဟုတ် ကျွန်တော့်ကို တွန်းချလိုက်တဲ့လူလား"
ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။
"နှစ်ယောက်လုံးပဲ"
သူမက ဝမ်မင်ယီကို ကြည့်လိုက်ပြီး ရှုပ်ထွေးစွာဖြင့်
"ဘာလို့ ဒါကို ရုတ်တရက်ကြီး မေးရတာလဲ၊ အမေက မင်းကို ဂရုမစိုက်ဘူးလို့ထင်တဲ့အတွက် မေးနေတာလို့ထင်ခဲ့တာ"
"အမေ တကယ်လည်း ကျွန်တော့်ကိုဂရုမစိုက်ခဲ့ပါဘူး၊ ဒါပေမယ့် အဲဒါက အဓိကအချက်မဟုတ်ဘူး၊ အဓိကအချက်က ကျွန်တော် အမေ့ကိုပြောသလို သေသွားခဲ့ရင် လူနှစ်ယောက်က အမေ့ဆီလာပြီး ခွင့်လွှတ်ဖို့တောင်းခံခဲ့ရင် အမေခွင့်လွှတ်ပေးမှာလား"
"လုံးဝပဲ၊ ခွင့်မလွှတ်နိုင်ဘူး"
"ဒါဆို အခြားတစ်ယောက်က သူမရည်ရွယ်ဘဲ ကျွန်တော့်ကို မတော်တဆ တွန်းချမိသွားပါတယ်ပေါ့၊ ပြီးတော့ ကားလာနေတယ်လို့လည်း မမျှော်လင့်ထားမိဘူး၊ ကျွန်တော်သေသွားမယ်လို့ မမျှော်လင့်ခဲ့ပါဘူးပေါ့၊ အဲ့အတွက်အပြစ်ရှိစိတ်နဲ့ လုံးဝအိပ်မရဘူးဆိုပြီး မျက်ရည်လည်ရွှဲနဲ့ပြောလာရင်ရော၊ ပြီးတော့ သူကအမေ့ကို ခွင့်လွှတ်ပေးပါဆိုပြီး တောင်းပန်လိမ့်မယ်၊ သူ့အမှားအတွက် ပြန်ပေးဆပ်ချင်တယ်ဆိုပြီးပြောလာလိမ့်မယ်၊ သူလုပ်ခဲ့တဲ့အမှားက အမေ့ကလေးကိုဆုံးရှုံးစေခဲ့တာဆိုတော့ သူပြန်ပေးဆပ်မှာက သူကအမေတို့ကို သူ့ရဲ့မိဘအရင်းတွေလို ဆက်ဆံပေးပြီး ဆုံးရှုံးသွားတဲ့ကလေးနေရာက ဖြည့်ဆည်းပေးမယ်ပေါ့၊ အမေလက်ခံမှာလား"
ဝမ်ဝေ့ထိတ်လန့်သွားခဲ့ရသည်။
"အဲလို ဖြစ်လာနိုင်တာလား"
ဒါပေါ့ ဖြစ်နိုင်တယ်။ မူရင်းစာအုပ်ထဲမှာ သူသေပြီးတဲ့နောက် ကျန်းဇီမော့နှင့်ဝမ်ပေါ်က အဲလိုပြောခဲ့တယ်လေ။ ပြီးတော့ သူ့မိဘတွေ၊ ကြည့်ရတာတော့ဥာဏ်ကောင်းသလိုလိုနှင့် အဲဒီ့ကျန်းဇီမော့ သူခိုးလိုလူကို ရုပ်ခံလေးကြည့်ပြီး လူကောင်းပါလို့တွေးလိုက်ရုံမက သူတို့ရဲ့တကယ့်သားအရင်းလို ဆက်ဆံလိုက်သေးတယ်လေ။ ဝမ်မင်ယီ ပြန်တွေးလိုက်ရင်း သူ့အမေရဲ့ လှပတဲ့မျက်နှာရှေ့မှာ သွေးအန်ပစ်ချင်လာသည်။
အဲဒါက သူ့ကိုသတ်နေတာပဲ။ အဲဒီခွေးကောင်၊ ကျန်းဇီမော့ သူ့ကို တစ်ဆင့်ချင်း ဂုပ်သွေးစုပ်နေတာ နောက်ဆုံး အောင်မြင်မှုရတဲ့အထိ။ ပြီးတော့ သူ့မိဘတွေကလည်း အဲဒီကျန်းဇီမော့ကို ထပ်ပြီးသွေးစုပ်ခွင့်ပေးလိုက်သေးတယ်။ ဒေါသထွက်လိုက်တာ။
ဝမ်ဝေ့ သူမရဲ့နောက်ကျောဘက်ကိုကြည့်ပြီး ဒေါသထွက်နေတဲ့သားကို ကြည့်လိုက်မိသည်။ သူဘာကိုအဲလောက်စိတ်ဆိုးနေလဲ သူမ နားမလည်တော့ချေ။ သူမလုပ်နိုင်တာဆိုလို့သူ့အမေးကို ဖြေရုံမျှသာရှိသည်။
"သူက အမေ့ရဲ့ကလေးကို ဆုံးရှုံးစေခဲ့တာတောင် သူ့အမေဖြစ်စေချင်သေးတာလား၊ သူ့ကိုသေအောင်ရိုက်မှာကို သူမကြောက်ဘူးလား..."
အဟွန့်၊ ဒါပေါ့ သူမကြောက်ဘူးလေ။ သူက အဓိကဇာတ်ဆောင်ကိုး!။ ဒါ့အပြင် မူရင်းစာအုပ်မှာ အမေသူ့ကို လုံးဝကြီးကို မရိုက်ခဲ့ပါဘူးနော်။ သူကအတော်လေးကောင်းတယ်လို့တော့ အမေတွေးလိုက်သေးတယ်! !။
"ဒါဆို အမေလက်ခံမှာလား"
"သူ့ကိုထောင်ထဲပို့ပြီး ပေးဆပ်ခိုင်းပစ်မယ်"
ဝမ်ဝေက တုန့်ဆိုင်းခြင်းမရှိ ငြင်းပယ်ပစ်သည်။
"အမေပြောတာကို မှတ်ထားနော်"
ဝမ်ဝေ့ခေါင်းညိတ်လိုက်ပြီး မပြောပဲမနေနိုင်တော့ချေ။
"အမေ ဒီလိုကိစ္စမျိုးကို မှတ်ထားစရာကိုမလိုတာ၊ ပုံမှန်လူတိုင်း ဒီလိုလုပ်မှာပဲဟာ"
ကျွန်တော်တော့ အမေက အဲလိုပုံမှန်လူဟုတ်မနေမှာကိုပဲ ကြောက်တယ်။
ဝမ်မင်ယီ တွေးလိုက်မိသည်။ သို့ပေမယ့် သူစိုးရိမ်နေဆဲပင်။ သူကလက်ကိုဆန့်ကာ ဝမ်ဝေ့ကို ဖုန်းပေးဖို့တောင်းလိုက်ပြီးနောက် အသံသွင်းစနစ်ကို ဖွင့်လိုက်သည်။
"အမေကို ဘာကိုမှတ်မိနေရမယ်လို့ ကျွန်တော်ပြောခဲ့လဲ"
ဝမ်ဝေ : "..."
"မင်းက အသံတောင် သွင်းထားချင်တာလား"
"ကျွန်တော်အသံပဲသွင်းချင်တာမဟုတ်ဘူး၊ နေ့တိုင်း စစ်မေးချင်တာ"
ဝမ်မင်ယီ ထက်ရှစွာပင်ပြောသည်။
"အမေနိုးလာတာနဲ့ ပထမဆုံးလုပ်ရမှာက ဒီအသံဖမ်းထားတဲ့ဟာကို နားထောင်ရမှာနော်၊ နားလည်ပြီလား"
ဝမ်ဝေ နားမလည်ခဲ့ချေ။
"ဘေဘီ၊ မင်းဘာဖြစ်နေတာလဲ"
ဝမ်မင်ယီ သူမကို ရှုပ်ထွေးနေသည့်အကြည့်များဖြင့်ကြည့်လိုက်ကာ ထိုအကြောင်းကို စဉ်းစားလိုက်ပြီး အသံဖမ်းခလုတ်ကို လွှတ်လိုက်ကာ အမှန်းတစ်ဝက်အမှန်တစ်ဝက်ဖြင့် ဆိုလိုက်သည်။
"လွန်ခဲ့တဲ့၂ရက်က ကျွန်တော် သေသွားတဲ့အကြောင်း အိမ်မက်မက်တယ်၊ တစ်ယောက်ယောက်ကတွန်းလိုက်လို့ ကားတိုက်မိပြီးတော့ပေါ့၊ ပြီးတော့ ဘာဆက်ဖြစ်လဲအမေသိလား၊ ကျွန်တော့်ကိုတွန်းချခဲ့တဲ့လူက အမေ့ကိုလာရှာတယ်လေ၊ ပြီးတော့ သူ့အမှားကိုဝန်ခံတယ်၊ သူမရည်ရွယ်ပါဘူးတဲ့၊ သူကအမေတို့သားဖြစ်ပေးမယ်လို့ပြောတယ်၊ ပြီးတော့ အမေ.. ကျွန်တော့်ရဲ့ချစ်လှစွာသောအမေက အဲဒါကို လက်ခံလိုက်တယ်လေ"
ဝမ်ဝေ့ ထိတ်လန့်သွားရသည်။
"မဖြစ်နိုင်တာ!"
"မဖြစ်နိုင်တာ မရှိဘူး၊ အမေကသူ့ကိုလက်ခံရုံတင်မကဘူး ကြင်ကြင်နာနာလည်း ဆက်ဆံပေးသေးတယ်..."
ဝမ်ဝေ့မှာ ပိုလို့ပင် ထိတ်လန့်သွားရသည်။
"အမေ ရူးများသွားတာလား"
ဝမ်မင်ယီ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်လည်း အဲလိုပဲထင်တယ်..."
"မဖြစ်နိုင်တာ "
ဝမ်ဝေ့ သူ့ကိုမယုံကြည်နိုင်ခဲ့ချေ။
"အိမ်မက်ဆိုတာ လူတွေရဲ့မသိစိတ်ရဲ့ခံစားချက်ကနေ ဖြစ်လာတာ၊ ဘေဘီ မင်းနှလုံးသားထဲမှာ အမေက အဲလိုလူဖြစ်နေတာလား"
ဝမ်မင်ယီ ခေါင်းကိုခါယမ်းလိုက်သည်။
"အရင်ကတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အခုတော့..."
သူကဝမ်ဝေ့ကို ထက်အောက်ကြည့်ကာ
"ဖြစ်နိုင်ပုံပဲ"
ဝမ်ဝေ့ သူမ တကယ်မှားခဲ့သလို ခံစားလိုက်ရသည်။
"မင်းဘယ်လိုလုပ် အမေ့ကိုဒီလိုတွေးနိုင်ရတာလဲ၊ မင်းကအမေ့သား၊ နာကျင်မှုတွေ ပင်ပန်းမှုတွေကြားက မင်းကိုမွေးခဲ့တဲ့လူပဲ၊ မင်းအထက်တန်းတက်ပြီးတဲ့အချိန်ထဲက မင်းကို အဲလောက်ထိ ဂရုတစိုက်ပေးနိုင်ခဲ့ပေမယ့် အဲဒါကလည်း မင်းက ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကို သိလို့ပဲ၊ ကျွင်းကျွင်းက မင်းကို သေချာဂရုစိုက်ပေးနေလို့လေ၊ အမေ့မှာ ကလေးဆိုလို့မင်းပဲရှိတာ၊ ဘယ်လိုလုပ် မင်းကို ဂရုမစိုက်ပဲနေနိုင်မှာလဲ၊ မင်းကိုသတ်ခဲ့တဲ့လူတွေကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ..."
ဝမ်မင်ယီ သူမရဲ့စကားတွေကြောင့် သူမကိုပြန်ကြည့်လိုက်တော့ သူမမျက်လုံးထဲကဝမ်းနည်းမှုတွေကို မြင်လိုက်ရ၏။ သူ့နှလုံးသားလေးပျော့ပြောင်းသွားပြီး..
"ဒါဆို အမေပြောတာကို မှတ်ထားရမယ်နော်၊ ကျွန်တော့်ကို သတ်လိုက်တဲ့လူကို ခွင့်မလွှတ်ရဘူး"
"ဒါပေါ့၊ မလုပ်ဘူး"
ဝမ်ဝေ့စိတ်ဓာတ်ကျလာသည်။
"မင်းနဲ့ နှစ်နည်းနည်းလောက်အတူမနေပေးရုံနဲ့ မင်းအမေ့ကို ဒီလိုဆက်ဆံလို့မရဘူး"
သူမက သက်ပြင်းချသည်။
"အမေလည်း မင်းနဲ့အတူနေချင်တာပါပဲ၊ ဒါပေမယ့် အမေတကယ်အလုပ်များနေတာ၊ ဟိုဟာဒီဟာလုပ်ပြီးတာနဲ့ အမေမင်းကို တစ်ခါတစ်လေ လာတွေ့ချင်ခဲ့တယ်၊ လေယာဉ်ကွင်းရောက်ပြီဆိုတာနဲ့ အခြားတစ်ခုကဖြစ်ပြန်ရော၊ အဲဒါက အမေမင်းကို မလွမ်းလို့မဟုတ်ပါဘူး၊ အမေအလုပ်များနေလို့ပါ၊ မင်းအဲဒါကို တကယ်စိတ်ထဲထားတယ်ဆိုရင် ဒီနှစ်ကစပြီး မင်းကို များများလာတွေ့နိုင်အောင် အမေကြိုးစားပါ့မယ်၊ အဆင်ပြေတယ်မလား"
"အမေ့သဘောပဲ"
ဝမ်မင်ယီ ပါးစပ်ကိုပိတ်လိုက်တော့သည်။
ဝမ်ဝေ့သူ့ကိုဖက်လိုက်သည်။
"စိတ်မဆိုးပါနဲ့တော့၊ မေမေ့မင်မင်လေးက အကောင်းဆုံးပဲ၊ အရမ်းကိုအကောင်းဆုံး"
ဝမ်မင်ယီရုန်းလိုက်ပေမယ့် သူမကမလွှတ်ပေးချေ။
"မှန်တယ်"
သူ ရုတ်တရက် တစ်ခုခုကိုသတိရလိုက်သည်။ သူ့ဖုန်းကိုထုတ်ကာ ကျန်းဇီမော့ပုံက ထွက်လာသည်။
"အိမ်မက်ထဲမှာ ကျွန်တော့်ကိုသတ်တဲ့လူက ဒီလိုပုံစံပဲ"
ဝမ်ဝေက ပုံကိုကြည့်ရင်း အံ့သြတကြီးပြောလိုက်သည်။
"မင်းအိမ်မက်က အတော်လေးထူးခြားတာပဲ၊ ဇာတ်ကောင်ရဲ့ပုံတောင်ရှိနေတယ်"
"ကျွန်တော့်အိမ်မက်က ဘယ်လောက်တောင် အစစ်နဲ့တူလဲကြည့်"
ဝမ်မင်ယီ သူမကိုကြည့်ပြီး စိတ်ဖိစီးစွာပြောလိုက်သည်။
"သူ့မျက်နှာကိုမှတ်ထားနော်၊ သူကလူကောင်းမဟုတ်ဘူး၊ သူက ကျွန်တော့်ကို အိမ်မက်ထဲမှာသတ်ခဲ့တာ၊ အပြင်မှာလည်း ကောနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကြားမှာ သွေးထိုးပေးနေတယ်"
"မင်းနဲ့ကျွင်းကျွင်းရဲ့ဆက်ဆံရေးကြားမှာ သွေးထိုးတယ်လား"
ဝမ်မင်ယီ ခေါင်းညိတ်လိုက်သည်။
"သူက ကျွန်တော်က ကျွန်တော့်ကောနဲ့မတန်ဘူးလို့ထင်နေတာလေ၊ ကောကို ကျွန်တော့်ကို တစ်ယောက်တည်း ချန်ထားခဲ့စေချင်နေတာ၊ တစ်ယောက်တည်းနေပြီး သေစေချင်နေတာလေ"
ဝမ်ဝေ့မကျေမနပ်ဖြစ်သွားသည်။
"ဘာလို့သူက အဲဒါနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေရတာလဲ၊ သူ့ကိုယ်သူ တစ်ယောက်ထဲနေပြီးသေပါ့လား"
"မှန်တယ်"
ဝမ်မင်ယီ နောက်ကလိုက်ပြောလိုက်သည်။
"သူကအရမ်းပိုလွန်းတယ်"
ဝမ်ဝေ့ကခေါင်းညိတ်လိုက်သည်။
"ဒါဆို အနာဂတ်မှာသူနဲ့တွေ့ရင်၊ သူ့ကိုမျက်နှာသာမပေးနဲ့နော်"
"စိတ်မပူပါနဲ့"
ဝမ်ဝေ့က သူ့မျက်နှာကို ပွတ်လိုက်သည်။
"သူ့လိုလူမျိုးက အမေနဲ့လုံးဝတွေ့နိုင်မှာမဟုတ်ဘူး၊ သူအမေ့ကိုလာတွေ့ရင်တောင် သူ့ကိုဂရုစိုက်(အာရုံထား)နေမှာမဟုတ်ဘူး"
"အဲဒါမှန်တယ်"
ကိုးနာရီထိုးသောအခါ ဝမ်မင်ယီ ဝမ်ဝေ့အခန်းထဲကထွက်လာခဲ့သည်။ သူသွားအိပ်တော့မယ့်အကြောင်း ပြောလိုက်သည်။
"စောလိုက်တာ"
"စောစောအိပ်ပြီးစောစောထတာက ကျန်းမာရေးအတွက်ကောင်းတဲ့အရာတစ်ခုပဲ၊ အမေ့မှာ ပြဿနာရှိနေသေးရင် ကျွန်တော့်ကို မနက်ဖြန် မနက်ကိုးနာရီထိုးပြီးရင် လာတွေ့လို့ရတယ်"
"ကောင်းပြီ၊ ဒါဆိုလည်း ကောင်းသောညပါဘေဘီ၊ ကြောက်စရာကောင်းပြီး အစစ်နဲ့တူတဲ့အိမ်မက်တွေ ထပ်မမက်ပါစေနဲ့"
ဝမ်မင်ယီ : "ကောင်းသောညပါ"
ဝမ်မင်ယီ ဝမ်ဝေ၏အခန်းထဲမှထွက်လာပြီး ဘယ်သူ့ကိုမှ မမြင်တာနှင့် စစ်ကျွင်းတောက်၏အခန်းထဲသို့ ပြေးဝင်တော့သည်။
စစ်ကျွင်းတောက်ကတော့ သူဒီနေ့ သူ့အခန်းထဲပြန်အိပ်လိမ့်မည်ဟု တွေးထားခဲ့တာဖြစ်သည်။ သို့ပေမယ့် မမျှော်လင့်ထားစွာပင် သူက ကိုးနာရီရောက်သည်နှင့် ရောက်လာပြန်၏။
"အမေနဲ့စကားပြောလို့ပြီးပြီလား"
"ပြီးပြီ".
ဝမ်မင်ယီက အိပ်ယာပေါ်လှဲလိုက်သည်။
"အရမ်းပင်ပန်းတာပဲ၊ ဒါပေမယ့်..."
သူကအတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ နူးညံ့စွာပြောလာသည်။
"ကျွန်တော်ထင်ထားတာထက် ပိုကောင်းတယ်"
ကံကောင်းစွာဖြင့် ထိုအချိန်က စာအုပ်ပေါ်မူတည်ပြီး ကျန်းဇီမော့က အဓိကဇာတ်ဆောင်ဖြစ်နေသဖြင့် သူ့မိဘတွေ တုံးအသွားခြင်းဖြစ်သည်။ ထိုအကြောင်းကို တွေးမိသည်နှင့် ဝမ်မင်ယီ ပို၍နေလို့ထိုင်လို့ကောင်းလာသည်။ ထိုသို့မဟုတ်ပါက ဝမ်ဝေ့ကို သူ့သားသေဆုံးသွားတဲ့အခါ ဘာဖြစ်မယ်ဆိုတဲ့အကြောင်းကို မတတ်သာပဲ သိစေလမ့်မည်မဟုတ်ချေ။
စစ်ကျွင်းတောက် သူ့ကိုကြည့်ကာ သူ့ဘေးတွင်ထိုင်လိုက်သည်။ ပြီးနောက် သူ့ခေါင်းလေးကို ထိလိုက်ရင်း မေးလိုက်သည်။
"ဘာဖြစ်လို့လဲ "
သူပွတ်သပ်နေရင်း တစ်ခုခုကမမှန်သလို ခံစားလိုက်ရသည်။ သူငုံ့ကြည့်လိုက်သည်နှင့် ဝမ်မင်ယီက ကြောင်ဝါလေးအဖြစ်ကို ပြောင်းနေပြီးဖြစ်တာကို တွေ့လိုက်ရ၏။
ဝမ်မင်ယီက သူ့အမေးကိုဖြေဖို့ရာ ပြင်ဆင်နေဆဲဖြစ်ကာ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်စဉ် "မြောင်~"ဟူသော အသံတစ်ခုသာ ထွက်လာခဲ့သည်။
စစ်ကျွင်းတောက် ပြုံးလိုက်သည်။ ဝမ်မင်ယီ သူ့ကို မကျေမနပ်ဖြင့် လက်ဖဝါးဖြင့် ရိုက်ပစ်၏။ ဘာလို့ပြုံးတာလဲ!။
စစ်ကျွင်းတောက်က ကြောင်လေးကို သူ့လက်တွေကြားထဲတွင်ပွေ့လိုက်ပြီး ခေါင်းနှင့်ကျောဘက်ကို အဆက်မပြတ်ပွတ်သပ်ပေးနေသည်။
ဝမ်မင်ယီ ထိုအချိန်၌ သက်တောင့်သက်သာဖြစ်တာကို ခံစားလိုက်ရပြီး အလံဖြူထောင်ပြလိုက်ကာ သူ့ကိုထိခိုင်းလိုက်တော့သည်။
နှစ်ဦးသားက ကစားနေကြပြီး၊ ရုတ်တရက် တံခါးခေါက်သံထွက်လာသည်။
စစ်ကျွင်းတောက်က ကြောင်ဝါလေးကို အမြန်ပင် စောင်အောက်မှာ ဖွက်လိုက်၏။
ဝမ်မင်ယီ : '? ? ? ဘာလို့သူ့ကိုဖွက်တာလဲ၊ ဘယ်သူမှ သူ့မျက်နှာကို မမြင်နိုင်ဘူးလေ ! !'
ဝမ်မင်ယီ သူ့ကြောင်လက်ဝါးတွေကိုအသုံးပြုပြီး မပျော်မရွှင်ဖြင့် သူ့ကိုပုတ်လိုက်သည်။ သို့ပေမယ့် စစ်ကျွင်းတောက်ကတော့ သူအခု သက်တောင့်သက်သာဖြစ်နေတာဟုထင်လိုက်ကာ သူ့ကိုအာရုံမစိုက်ချေ။ နောက်တစ်စက္ကန့်တွင် တံခါးပွင့်သွားသည်။ အဲဒါက ကျိစစ်ယောင်၊ စစ်ကျွင်းတောက်၏မိခင်ဖြစ်သည်။
စစ်ကျွင်းတောက် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"တစ်ခုခုဖြစ်လို့လား"
"တစ်ခုခုပဲ"
ကျိစစ်ယောင်ကပြောသည်။
"ဘာလဲ"
ကျိစစ်ယောင်ကပြုံးသည်။
'ကျွင်းကျွင်း၊ မင်း တရုတ်နှစ်သစ်ကူးအတောအတွင်း အလုပ်အရမ်းမများလောက်ဘူးမလား"
"အမေ ဘာပြောချင်နေတာလဲ"
"အမေ မင်းကို တစ်ခုလောက် တောင်းဆိုချင်လို့"
အဲဒါက ကောင်းတဲ့အရာတစ်ခုမဟုတ်တာကို စစ်ကျွင်းတောက် ခံစားလိုက်ရသည်။
"ကျွန်တော်ငြင်းတယ်"
"ငြင်းလို့မရဘူး"
ကျိစစ်ယောင် သူမ၏လက်ချောင်းများကို ယမ်းလိုက်ရင်း သူ့ဘေး၌ဝင်ထိုင်သည်။
စစ်ကျွင်းတောက်က အမြန်ပင် မလှုပ်မရှားဖြစ်နေသည့် ကြောင်ဝါလေးကို စောင်အောင်ပိုရောက်အောင် တွန်းလိုက်သည်။
စောင်ထဲ ထိုးထည့်ခံလိုက်ရတဲ့ ဝမ်မင်ယီ : "..."
ကျိစစ်ယောင်က သူ့လှုပ်ရှားမှုကိုမတွေ့ပဲ နူးညံ့စွာပြောလိုက်သည်။
"အမေ့သူငယ်ချင်းရဲ့သမီးက နှစ်သစ်ကူးပြီးရင် ဒီကိုခရီးထွက်လာချင်တယ်၊ ငါနဲ့မင်းအဖေက ဒီအသက်အရွယ်မှာ လူငယ်တွေနဲ့ မကစားနိုင်တော့ဘူး၊ ဒီတော့ မင်း ငါ့ကိုကူညီရမယ့်အချိန် ရောက်လာပြီ"
ဝမ်မင်ယီ၏ ကြောင်နားရွက်လေးများက ထောင်လာခဲ့သည်။
'သူငယ်ချင်းရဲ့သမီး...