အပိုင်း ၉၇၈
Viewers 54k

အခန်း ၉၇၈

မသေမျိုးစားဖိုမှူးဖြစ်ပြီးပြီးချင်း အသတ်ခံရတော့မှာလား


"မင်း... ငါ့ဒယ်အိုးနဲ့ အထုခံချင်နေတုန်းလား...."


ပုဖန်၏အသံတိုးတိုးက အခန်းတစ်ခုလုံးကို ပြန့်လွင့်သွားလေသည်။


ပရိတ်သတ်များက ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားကြလေသည်။ ပါးစပ်အဟောင်းသားဖြစ်ကာ ပုဖန်ကို ထိတ်လန့်တကြီး ကြည့်လိုက်ကြသည်။


ဒီသေမျိုး ဘာပြောလိုက်တာ...


ထုံချန်းတောင့်ခဲသွားသည်။ သူပုဖန်၏ စကားကိုကြားလိုက်သောအခါ သွေးအန်မလိုပင်ဖြစ်သွားတော့သည်။


သူပုဖန်၏ ဒယ်အိုးနှင့် နှစ်ကြိမ်အရိုက်ခံရဖူးပြီး နှာခေါင်းသွေးပင်ကျဖူးသည်။ ၎င်းသည် သူ၏နှလုံးသားကို နာကျင်နေစေဆဲဖြစ်သော အရာပင်ဖြစ်သည်။


ပုဖန် မည်သည်ကိုမှ မရည်ရွယ်လိုက်သော်လည်း သူ၏စကားများက ထုံချန်း၏ ရင်ထဲရှိ အမာရွတ်ကို ပြန်ဆွလိုက်မိချေသည်။


"မင်း... သေစမ်း..."


ထုံချန်း လုံးဝစိတ်တိုသွားကာ သူ့မျက်လုံးများပင် သွေးရောင်လွှမ်းသွားသည်။ သူထိုသေမျိုးအပေါ် သည်းခံမှုသည် အထွတ်အထိပ်ပင် ရောက်သွားပြီဖြစ်သည်။


သူ ထိုသေမျိုးကိုမဖမ်းနိုင်ပဲ ထုံမိသားစု၏ကိုယ်ပိုင် နှိပ်စက်နည်းဖြင့် မနှိပ်စက်နိုင်သည်ကို မုန်းတီးမိလေသည်။


"မန်နေဂျာချန်... ခင်ဗျား ကျုပ်ကိုတားရင်... မြို့အရှင်အိမ်တော်ရဲ့ စစ်ပွဲကြေငြာချက်လို့ မှတ်ယူလိုက်မယ်... ဘာဖြစ်ဖြစ် သောက်ဂရုမစိုက်ဘူး... ဒီသေမျိုးက သေကိုသေသင့်တာ..."


ထုံချန်း နောက်ဆုံးစကားကို ဖိပြောလိုက်သည်။


ရုတ်တရက် ထုံချန်းဘေးရှိ အစစ်အမှန်မသေမျိုးနှစ်ယောက် စတင်လှုပ်ရှားလာသည်။


ဘုန်း ဘုန်း


လက်ရန်းကချက်ချင်းပြိုကျသွားပြီး အစစ်အမှန်မသေမျိုးကျင့်ကြံသူနှစ်ယောက်က ပုဖန်ရှေ့ကို တည်နေရာ ရွေ့ပြောင်းလိုက်သလို ချက်ချင်းရောက်လာခဲ့သည်။


၎င်းတို့၏ အမူအယာက အေးစက်နေသော အော်ရာများက ကြောက်မက်ဖွယ်ကောင်းနေသည်။ ၎င်းတို့၏ အစစ်အမှန်စွမ်းအင်များက လေဟာနယ်ကိုပင် ကွဲအက်သွားစေပြီး နေရာတစ်ခုလုံးကို စိတ်စွမ်းအားဖြင့် ဖိနှိပ်လိုက်ကြသည်။


ထုံချန်း၏ အော်ရာသည်လည်း ပေါက်ကွဲထွက်လာသည်။ သို့သော် သူမည်သည့် လှုပ်ရှားမှုကိုမှ မလုပ်ပေ။


သူမလုပ်ချင်၍မဟုတ်ပဲ ဒယ်အိုးဖြင့် အထုခံရမည်ကြောက်၍ဖြစ်သည်။


ထို့ကြောင့် အချိန်ကောင်းကိုသာ စောင့်နေလိုက်သည်။


ထိုကျင့်ကြံသူနှစ်ဦး ရွေ့လျားသွားသည်ကို မြင်သောအခါ မန်နေဂျာချန်၏ မျက်လုံးများ ကျုံ့ဝင်သွားတော့သည်။


ရုတ်တရက် သူ ဒိုင်လူကြီးစားပွဲမှ ပျောက်ကွယ်သွားကာ ပုဖန်ရှေ့တွင် ဒိုင်းကာတစ်ခုအလား ပေါ်ထွက်လာသည်။


"ပုဖန်က ကျုပ်တို့ အဆောက်အဦးရဲ့ဂျူနီယာပိုင်ရှင်ငယ်လေးရဲ့ သူငယ်ချင်းပဲ... ကျုပ်သူ့လုံခြုံမှုကို စောင့်ရှောင့်ပေးသင့်တယ်... သခင်လေးထုံချန်း လှုပ်ရှားချင်ရင် ကျုပ်က မင်းရဲ့တောင်းဆိုမှုကို လိုက်လျောပေးရမှာပေါ့..."


ဘုန်း


မန်နေဂျာချန်၏ ကျင့်ကြံဆင့်သည့် ကျန်ကျင့်ကြံသူနှစ်ယောက်၏ အဆင့်နှင့်တူသောကြယ်တစ်ပွင့် အစစ်အမှန်မသေမျိုးသာဖြစ်သည်။


သို့သော် တစ်ဘက်က လူနှစ်ယောက်ဖြစ်ပြီး မန်နေဂျာချန်ထိုလူများ၏ ဖိအားကိုခံစားရသောအခါ အမူအယာပင်ပြောင်းလဲသွားတော့သည်။


သူ့လက်များကို ရှေ့သို့ အားပါပါတွန်းလိုက်ပြီး သူ၏တိုက်ခိုက်မှုက ကျင့်ကြံသူနှစ်ဦး၏တိုက်ခိုက်မှုနှင့်ဆုံသောအခါ လေဟာနယ်ကိုပင် အက်ကွဲသွားစေသည်။


ထိုတိုက်ခိုက်မှုက မန်နေဂျာချန်ကို တုန်ယင်သွားစေကာ သူ့မျက်နှာကိုနီရဲသွားစေပြီး နောက်သို့ခြေလှမ်းများစွာ ဆုတ်သွားစေသည်။


အစစ်အမှန်မသေမျိုးကျင့်ကြံသူနှစ်ယောက်၏ အမူအယာက ရုတ်ချည်းပင် ပြောင်းလဲသွားပြီး နောက်သို့ဆုတ်သွားကြသည်။


ဒီအဘိုးကြီးက ဘယ်တုန်းကဒီလောက်သန်မာလာရတာလဲ...


သူ ဘယ်လိုလုပ် သူတို့ရဲ့တိုက်ခိုက်မှုကို တစ်ချိန်တည်းမှာ‌ တောင့်ခံနိုင်ရတာလဲ...


ထို အတွေးများက ကျင့်ကြံသူနှစ်ဦးကို မျက်မှောင်ကြုတ်သွားစေသည်။


ထုံချန်း၏မျက်လုံးများလည်း ကျဉ်းမြောင်းသွားသည်။


"သောက်အဘိုးကြီး... သေချင်နေပြီလား... ဒီလိုဆိုမှတော့ ကျုပ်ကလည်း ညှာစရာမလိုတော့ဘူး... သူ့ကိုသတ်စမ်း..."


ထုံချန်း အေးစက်စွာ အမိန့်ပေးလိုက်သည်။


အစစ်အမှန်မသေမျိုးကျင့်ကြံသူနှစ်ယောက်၏ မျက်လုံးများ အေးစက်သွားကြသည်။


သူတို့ အားထပ်ယူလိုက်ပြီး ၎င်းတို့၏ ကြောက်မက်ဖွယ်အစစ်အမှန်စွမ်းအင်များက လှိုင်းများသဖွယ်တိုးမြင့်လာပြီး အခန်းတစ်ခုလုံးကို ကြမ်းတမ်းစွာ ဖုံးလွှမ်းသွားသည်။


ပရိတ်သတ်များက ကြောက်မက်ဖွယ်အော်ရာများ သူတို့ရင်ဘတ်ပေါ်ဖိလိုက်သလိုခံစားလိုက်ရပြီး ကြောက်ရွံ့သွားကြသည်။


၎င်းက ဩဇာကြီးမားလှသည့်မိသားစုများ၏ အစွမ်း၊ အစစ်အမှန်မသေမျိုးများ၏ အစွမ်းဖြစ်သည်။


ပုဖန်က လက်ပိုက်ထားဆဲဖြစ်သည်။ သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံက ကျင့်ကြံသူနှစ်ယောက်ဖန်တီးထားသော ကြောက်မက်ဖွယ်အော်ရာများကြောင့် လေနှင့်အတူ လူးလွန့်နေသည်။


ထိုစဉ် ဝှိုက်တီက သူ့အနောက်တွင်ရပ်နေသည်။ ၎င်း၏ မျက်လုံးများက လျှပ်စီးများကြောင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပေသည်။


ဘုန်း ဘုန်း ဘုန်း


တိုက်ခိုက်မှုများစွာခံလိုက်ရပြီး မန်နေဂျာချန် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားသည်။


အခန်းကြီးတစ်ခုလုံး ဖိအားကို မခံနိုင်ဟန်ဖြင့် ယိမ်းထိုးနေပြီး ပြိုကျတော့မည်ဟန်ပင် ဖြစ်နေသည်။


လူအုပ်ကြီးကြားတွင် မူလျှို့အာ၏ မျက်လုံးများတင်းမာသွားသည်။


ထုံတွေက... တကယ် ပြဿနာဖြစ်ချင်နေပုံပဲ...


ဝီး


ထိုခုအချိန်တွင် ကြောက်မက်ဖွယ်အော်ရာတစ်ခုက မသေမျိုးမီးဖိုချောင်အဆောက်အဦး တစ်ခုလုံးကို ဖိနှိပ်သွားသည်။


ထုံမိသားစု၏ အစစ်အမှန်မသေမျိုးကျင့်ကြံသူများ၏ အမူအယာက ရုတ်တရက်ပြောင်းလဲသွားပြီး ရပ်တန့်သွားစေသည်။


ယင်းအော်ရာက ကြယ်နှစ်ပွင့် အစစ်အမှန်မသေမျိုးကျင့်ကြံသူ ပိုင်ဆိုင်သည့်အရာဖြစ်သည်။ မသေမျိုးမီးဖိုချောင် အဆောက်အဦးကို ကာကွယ်သူ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်ပေသည်။


သို့သော် ထုံချန်းက မျက်စိပင် ဆွေမကြည့်ပေ။ သူအရာတိုင်းကို ကောင်းကောင်းပြင်ဆင်ခဲ့ပုံပေါ်လေသည်။


ယနေ့ သူပုဖန်ကို သတ်ကို သတ်ရမည်ဖြစ်သည်။


"ထုံမိသားစုနဲ့ မြို့အရှင်နဲ့ကြားမှာ ကိစ္စတွေပိုမဆိုးလာစေချင်ရင် ငြိမ်ငြိမ်လေးထိုင်ကြည့်နေဖို့ အကြံပေးချင်တယ်... ဒါမှမဟုတ်ရင် ကျုပ် လည်း အပျော်တမ်းဝင်ပါဖို့ စိတ်ရှိမှမဟုတ်ဘူး..."


နားကန်းလုမတတ်အသံတစ်ခုက မသေမျိုးမီးဖိုချောင်အဆောက်အဦးရှေ့တွင် ပေါ်ထွက်လာသည်။


ကြယ်နှစ်ပွင့် အစစ်အမှန်မသေမျိုးအဆင့်ကျင့်ကြံသူ၏ အော်ရာက မသေမျိုးမီးဖိုချောင် အဆောက်အဦးအတွင်းရှိ အခြားအော်ရာများနှင့် ထိပ်တိုက်တွေ့သွားခဲ့သည်။


ခဏအတွင်း ကြောက်မက်ဖွယ်အော်ရာနှစ်ခုနှင့် စိတ်စွမ်းအားများ အချင်းချင်း လေထဲတွင်တိုက်မိကြသည်။ ထို့နောက် အစစ်အမှန်မသေမျိုးကျင့်ကြံသူနှစ်ဦးက ဒေါသတကြီးနှာမှုတ်၍ ၎င်းတို့၏ အော်ရာများကို ပြန်သိမ်းလိုက်သည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးအပြင်ဘက်ရှိအော်ရာကလည်း ရုတ်ချည်းပြန်သိမ်းသွားသည်။ ကြည့်ရသည်မှာ ထိုလူက သူတို့ကို သတိပေးချင်ရုံလောက်သာဖြစ်နိုင်သည်။


မူလျှို့အာ၏ အမူအယာ ရုတ်ချည်း ဖျော့တော့သွားသည်။


ထုံချန်းကအတော်လေး ပြင်ဆင်ခဲ့ပုံပေါ်က ပြုံးပင်ပြုံးလိုက်သေးသည်။


သံသယဝင်စရာပင်မရှိပဲ သူယနေ့ သူလုပ်ချင်သည်ကို လုပ်နိုင်တော့မည်ဖြစ်သည်။


ထိုသေမျိုးသူ၏ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်တော့မည်မဟုတ်ပေ။


"ကျေးဇူးတင်ပါတယ် တတိယဦးလေး..."


ထုံချန်းက အသံလာရာ ဦးတည်ဘက်ကို လေးလေးစားစားဦးညွတ်လိုက်သည်။


သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ လှောင်ပြုံးတစ်ခုဖြစ်လာပြီး သူ၏အကြည့်များက ပုဖန်ပေါ် ကျရောက်သွားသည်။


"သွားကြစမ်း..."


ထုံချန်းအော်လိုက်ကာ ရှေ့သို့ ရှေးရှု၍ပြေးလိုက်သည်။


ပရိတ်သတ်များ သက်ပြင်းချလိုပ်သည်။ ပုဖန် ဤဘေးဆိုးမှ မလွတ်မြောက်နိုင်တော့ကြောင်း သူတို့သိလိုက်သည်။ 


ကြယ်နှစ်ပွင့်အဆင့် အစစ်အမှန်မသေမျိုးကျင့်ကြံသူက နောက်ဆုတ်လိုက်ကာ ဘာမှမပြောလိုက်သော်လည်း ထုံချန်း၏ လုပ်ရပ်ကို ခွင့်ပြုပေးလိုက်ပုံ ပေါ်သည်။


မသေမျိုးမီးဖိုချောင်အဆောက်အဦးရဲ့ ကာကွယ်မှုမရှိပဲ သေမျိုးလေးတစ်ယောက်ဖြစ်တဲ့ ပုဖန်က ဘယ်လိုလုပ်ပြီး ထုံတွေကို ဆန့်ကျင့်နိုင်မှာလဲ...


ဝှီး


အစစ်အမှန်မသေမျိုးကျင့်ကြံသူ သုံးဦး၏အော်ရာများ ဖြန့်ကြဲသွားကာ ၎င်းတို့၏ ပေါင်းစပ်ထားသော စိတ်စွမ်းအင်က မယုံနိုင်လောက်အောင် မြင့်မားလာသည်။


မသေမျိုးစားဖိုမှူးစာမေးပွဲခန်း၏ နံရံများ အက်ကွဲလာတော့သည်။


ပရိတ်သတ်များ ဖြူဖျော့သွာကာ ထွက်ပေါက်ဆီသို့ အပြေးအလွှားပြေးသွားကြသည်။


ဤအခန်းက ချက်ချင်းပင် စစ်မြေပြင်တစ်ခုဖြစ်လာတော့သည်။


မန်နေဂျာချန်က သလင်းကြည်ဖက်ထုပ်များကို စားလိုက်ပြီး သူ၏ကျင့်ကြံဆင့်တိုးမြင့်သွားသော်လည်း အဆင့်တက်သွားခြင်းမဟုတ်ပေ။


သူ၏ စွမ်းအင်များက အစစ်အမှန်မသေမျိုးသုံးယောက်ကို တစ်ချိန်တည်းတွင် မခုခံနိုင်သဖြင့် ၎င်းတို့၏တိုက်ခိုက်မှုများကိုသာ ခံယူလိုက်ရပြီး သွေးများပင် အန်လိုက်ရသည်။


မည်သို့ပင်ဆိုစေ ထုံချန်းက မန်နေဂျာချန်ကို တကယ်သတ်ချင်ခြင်းမဟုတ်ပေ။


အဆုံးတွင်တော့ မန်နေဂျာချန်က မသေမျိုးမီးဖိုချောင်အဆောက်အဦး၏ အရေးပါသော လူတစ်ဦးဖြစ်ပေသည်။ သူသာအသတ်ခံရမည်ဆိုပါက မြို့အရှင်၏ အင်အားစုများက ဆိတ်ငြိမ်နေမည်မဟုတ်ပဲ ပြဿနာကြီးတစ်ခုတက်သွားမည်ဖြစ်သည်။


အမှန်တကယ်တွင် မန်နေဂျာချန်ကို အနိုင်ယူရသည်မှာ လွယ်လွန်းပေသည်။


အစစ်အမှန်မသေမျိုးကျင့်ကြံသူနှစ်ဦး ရှေ့သို့ပြေးထွက်သွားသည်။ ၎င်းတို့၏ အော်ရာများက ပုဖန်ဆီချိန်ရွယ်ထားပြီး တဖြေးဖြေးပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။


သူတို့ခြေတစ်လှမ်းလှမ်းလိုက်တိုင်း နံရံများကွဲကြေသွားကာ ကျောက်ခဲများကို လွင့်ပျံသွားစေသည်။


ထိုအချိန်တွင် ထုန်ချန်းသည် ကျင့်ကြံသူနှစ်ဦးနောက်မှလိုက်လာနေသည်။ သူ ပုဖန်၏ ဒယ်အိုးကိုကြောက်နေဆဲဖြစ်၍ သေချာသတိထားနေသည်။


အဲ့ဒယ်အိုးက တကယ်ကြီး ကြောက်ဖို့ကောင်းတာ...


သူ သတိထားမှ တော်ကာကြမယ်...


ပရိတ်သတ်များ သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်၍ မျက်လုံးများ ပြူးကျယ်လာကြသည်။ သူတို့ထဲမှတစ်ယောက်မှ ပုဖန် လွတ်သွားနိုင်မည်ဟု မယုံပေ။


ပုဖန်၏ ကျင့်ကြံဆင့်က အထွတ်အထိပ် စိတ်ဝ်ဉာဉ်သခင်အဆင့်သာရှိသောကြောင့် မည်ကဲ့သို့ ဆန့်ကျင်နိုင်မည်နည်း။


သူ အစစ်အမှန်မသေမျိုးတစ်ယောက်ကိုပင် မခုခံနိုင်ရာ သုံးယောက်ဆိုပါက...


ထုံချန်းသည် ယခင်က ပုဖန်၏ ဒယ်အိုးစာမိခဲ့သော်လည်း ပုဖန်ကံကောင်း၍ဖြစ်ခဲ့သည်ဟုသာ ယုံကြည်ပေသည်။


ရွဲ ရွဲ ရွဲ


ရုတ်တရက် မိုးကြိုးတစ်စင်းက လေကိုခွင်း၍ ပစ်ချလေသည်။


ဝှိုက်တီက ပုဖန်ရှေ့တွင် ဒိုင်းသဖွယ် ကာကွယ်ပေးရန် ပေါ်လာလေသည်။ ၎င်း၏ သတ္တုအတောင်ပံများကို ဖြန့်ကားလိုက်ကာ စူးရှသော လေပြင်းများကို ဖြစ်ပေါ်လာစေသည်။


ဘုန်း ဘုန်း


ဝှိုက်တီ၏ ဧရာမလက်သီးကြီးက ပြေး၍လာနေသော ထုံမိသားစုမှ အစစ်အမှန်မသေမျိုးနှစ်ယောက်ကို ဆီးကြိုလိုက်လေသည်။


ရွဲ


လျှပ်စီးများက ဝှိုက်တီ၏ လက်သီးပတ်ပတ်လည်တွင် ကခုန်နေလေသည်။


ဘုန်း


ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြစ်ပေါ်လာပြီး ဝှိုက်တီက တောင်ကြီးတစ်ခုနှယ် မတုန်မလှုပ်ဖြစ်နေဆဲဖြစ်သည်။


တစ်ဖက်မှ အစစ်အမှန်နတ်ဘုရားအဆင့် ကျင့်ကြံသူများက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။


ထုံချန်းက ဝှိုက်တီ၏ ဗိုက်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သော်လည်း သူ၏မျက်နှာသာ ဖြူဖျော့သွားခဲ့ရသည်။


ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်၏ ဗိုက်သားမှ စုပ်ယူအားတစ်ခုကို ခံစားလိုက်ရပြီး သူ၏မျက်လုံးထဲတွင် လိုချင်စိတ်တို့ တောက်လောင်လာသည်။


"သူက ငါ့ဆီကအထိုးခံရတာတောင် ဘာမှမဖြစ်ဘူးပဲ... ငါဒီ ရုပ်သေးရုပ်ကို ရကိုရ ရမယ်..."


ထုံချန်း စိတ်လှုပ်တရှားအော်လိုက်သည်။

ဘုန်း


ထိုသို့သာပြောပြီး ထုံချန်း ဆက်မပြောရဲတော့ချေ။ သူ့လက်ကိုပြန်ဆွဲထုတ်၍ နောက်သို့ပြန်ဆုတ်လိုက်သည်။


ဝှိုက်တီ၏ အော်ရာက စတင်မြင့်တက်လာသည်။ ၎င်းက အစစ်အမှန်မသေမျိုးအဆင့်သို့ ရောက်နေပြီးဖြစ်သည်။


ဝှိုက်တီက ၎င်း၏ ဝမ်းဗိုက်အတွင်းမှ စစ်နတ်ဘုရားတုတ်ကို ဆွဲထုတ်လိုက်သည်။ လျှပ်စီးကြောင်းတို့က ထိုတုတ်ပေါ်တွင် ပတ်ပြေးနေသည်။


ထို့နောက် မျက်စိတစ်မှတ်အတွင်း ဝှိုက်တီပျောက်ကွယ်သွားခဲ့သည်။


အစစ်အမှန်မသေမျိုးကျင့်ကြံသူနှစ်ဦးက ဝှိုက်တီထံ ပြေးဝင်သွားသည်။


၎င်းတို့၏ လက်နက်ဖြစ်သော အမြွှာလှံရှည်နှစ်ခုကို ထုတ်လိုက်သည်။ ၎င်းတို့၏ လှံရှည်များကို ဝံ့လိုက်သောသော စူးရှသော အသံဖြစ်ပေါ်လာသည်။


ကြမ်းပြင် ချိုင့်ဝင်သွားကာ ၎င်းပေါ်တွင် အက်ကွဲကြောင်းများစွာဖြစ်ပေါ်လာသည်။


အခန်းက ဆက်လက်တောင့်မခံနိုင်တော့ပဲ တိုက်ရိုက်ပင် ပွင့်ထွက်သွားခဲ့သည်။


နံရံများ ပြိုကျသွားခဲ့သည်။


အစကတည်းက ထွက်ပြေးသွားခဲ့ပြီးဖြစ်သော ပွဲကြည့်သူများအားလုံးက တိုက်ပွဲကို အဝေးမှကြည့်နေကြသည်။


ဝှိုက်တီက ကျင့်ကြံသူနှစ်ဦးကို တိုက်ခိုက်နေသည်ကို မြင်လိုက်ရသောအခါ မတတ်နိုင်ပဲ သက်ပြင်းရှိုက်လိုက်မိသည်။ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်က လုံးဝ ပုံမှန်မဟုတ်ပေ။


ထိုအချိန်တွင် ထုံချန်းက မနီးမဝေးတွင် ရပ်နေပြီး ထိုတိုက်ပွဲကိုကြည့်လေလေ သူ့မျက်လုံးထဲမှ လိုချင်တက်မက်စိတ်များ ပိုများလာလေလေဖြစ်နေသည်။


သူ၏ အသန်မာဆုံး ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်က အထွတ်အထိပ် စိတ်ဝိဉာဉ်သခင်အဆင့်သို့သာရောက်သေးသည်။ ထို့ကြောင့်၎င်းက အစစ်အမှန်မသေမျိုးကျင့်ကြံသူများနှင့်ယှဉ်လျှင် ပုရွက်ဆိတ်သာသာ သာဖြစ်သည်။


သို့သော် ဤသေမျိုး၏ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်က အစစ်အမှန်မသေမျိုးကျင့်ကြံသူ နှစ်ဦးကို တစ်ချိန်တည်းတွင် ခုခံနိုင်နေသည်။


လွန်ခဲ့သောရက်များခန့်က သူ ထိုကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်နှင့် ရင်ဆိုင်ခဲ့ဖူးသေးသော်လည်း ၎င်းက ဤမျှမစွမ်းပေ။ 

သူ့အင်အားက မိုးကြိုးတွေဝါးမြိုပြီးတာနဲ့ ပိုသန်မာလာတာလား...


ဒီကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်က မိုးကြိုးတွေစားပြီးတာနဲ့ တကယ်ကြီး တိုးတက်လာတာလား...


ဘုရားရေ...


ဆင့်ကဲပြောင်းလဲနိုင်တဲ့ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်....


မယုံကြည်နိုင်စရာပဲ...


ဝန်းရံခံထားလိုက်ရသော်လည်း ဝှိုက်တီက အားနည်းခြင်းမရှိပေ။ ထုံချန်း သူ့ရင်ဘတ်သူ့ပုတ်၍ ပျော်ရွှင်စွာခုန်ပေါက်နေသော နှလုံးကို တည်ငြိမ်အောင်လုပ်လိုက်သည်။


သူ တိုက်ပွဲအဝေးတွင် ရပ်ကြည့်နေသော ပုဖန်ကိုကြည့်ကာ နှာမှုတ်လိုက်သည်။


သူက တစ်ယောက်တည်းဖြစ်နေပြီစ မန်နေဂျာချန်ရော မသေမျိုးရုပ်သေးရုပ်ပါ သူ့ဘေးတွင်ရှိမနေပေ။


အဲ့သေမျိုး သူ့ကိုဘယ်လိုလုပ်တားနိုင်ဦးမှာလဲ...


ဝီး


သူ၏ လက်လှုပ်ခါသွားကာ လက်ထဲတွင် အနီရောင်မီးဖိုချောင်သုံးဓားတစ်လက် ထွက်ပေါ်လာသည်။


၎င်းက မသေမျိုးသစ်ပင်သစ်သီးမှမွေးဖွားလာသည့် မသေမျိုးလက်နက်ဖြစ်သည်။ ထုံမိသားစုခေါင်းဆောင်က သူမသေမျိုးစားဖိုမှူးဖြစ်လာချိန်တွင် သူ့ကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။


မသေမျိုးလက်နက်ဓားဖြင့် သူ ထိုသေမျိုးကိုခြေမွရာတွင် ပိုမိုယုံကြည်ချက်ရှိလာပြီဖြစ်သည်။


မီးဖိုချောင်သုံးဓားက ရွေ့လျားသွားကာ တောက်ပနေသော အနီရောင်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပြီး အခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။


ပရိတ်သတ်များထိုပစ္စည်းကို မြင်သောအခါ ကြောက်ကြောက်လန့်လန့် ပင့်သက်ရှိုက်မိသည်။ သူတို့ ထုံချန်းလက်ထဲရှိ မျက်စိစူးဖွယ် ဓားနီနီကို စိုက်ကြည့်မိလိုက်သည်။


ခဏအကြာတွင် လူအုပ်ကြားမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။


မသေမျိုးလက်နက်မလား....


ထုံချန်းက သေမျိုးတစ်ယောက်ကိုရင်ဆိုင်ဖို့ သူ့ရဲ့ မသေမျိုးလက်နက်ကို တကယ်ကြီး ထုတ်သုံးလိုက်တာလား...


ပုဖန်က လက်ပိုက်ရင်း တိုက်ပွဲကိုကြည့်နေရာမှ ထုံချန်းလက်ထဲရှိ ဓားထံ အကြည့်ရောက်သွားသည်။


ရုတ်တရက် အတွေးတစ်ချက်ဖြင့် နဂါးအရိုးမီးဖိုချောင်သုံးဓားက သူ့လက်ထဲပေါ်လာခဲ့သည်။


သူ ထုံချန်း၏ မသေမျိုးလက်နက်ကိုမြင်လိုက်ရသောအခါ ရွှေရောင်နဂါးအရိုးမီးဖိုချောင်သုံးဓား၏ စိတ်ဝိဉာဉ်မှ အထင်အမြင်သေးသော အရိပ်အယောင်ကို ခံစားလိုက်ရသည်။


အထင်အမြင်သေးတာလား...


ပုဖန် မျက်တောင်ခတ်လိုက်သည်။

ကြည့်ရတာ တော်တော်လေးစိတ်ဝင်စားစရာ ကောင်းမယ်ပုံပဲ...


ဘုန်း


ထုံချန်း ရွေ့လျားသွားကာ ခြေဆောင့်၍ရှေ့သို့ အရိပ်တစ်ခုနှယ် ပြေးထွက်သွားသည်။ ခဏအကြာတွင် သူ ပုဖန်ရှေ့တွင် ပေါ်လာခဲ့သည်။


အနီရောင်ဓားက ပုဖန်ခေါင်းပေါ် တိုက်ရိုက်ခုတ်ချလိုက်သည်။


"သောက်သေမျိုးကောင်... မင်းတန်ကြေးကြီးကြီးပေးရမယ်..."


အနီရောင်ဓားက မမြင်နိုင်သောဓားစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ မသေမျိုးမီးဖိုချောင်အဆောက်အဦး မြေပြင်သည် ထိုစွမ်းအင်ကို မခံနိုင်သဖြင့် ပေါက်ကွဲသွားခဲ့သည်။


လူတိုင်း အသက်အောင့်ထားလိုက်ကာ သနားစိတ်တို့ယိုဖိတ်နေသော မျက်လုံးများဖြင့် သေမျိုးကိုကြည့်လိုက်ကြသည်။


သူက မသေမျိုးစားဖိုမှူးဖြစ်ကာစသာ ရှိသေးသည်။ ကံမကောင်းစွာဖြင့် ချက်ချင်းအသတ်ခံရတော့မည်ဖြစ်သည်။


ဘဝ၏အထွတ်အထိပ်ကို ရောက်ရုံပင်ရှိသေး ချက်ချင်းပင် အောက်ဆုံးသို့ထိုးကျသွားခဲ့ရသည်မှာ သနားစဖွယ်ပင်ဖြစ်သည်။


သို့သော် ၎င်းတို့၏ အတွေးနှင့်ဆန့်ကျင်စွာ ပုဖန်က မျက်နှာသေဖြင့်ရှိနေဆဲဖြစ်သည်။


ရုတ်တရက် မဟူရာလိပ်ခုံးဒယ်အိုးက ကြေးဝါရောင်အလင်းကိုထုတ်၍ သူ၏နောက်ထပ် လက်တစ်ဖက်ထဲတွင်ပေါ်လာသည်။


ဘယ်လက်တွင် ဒယ်အိုးကိုင် ညာလက်တွင် ဒယ်အိုးကိုင်၍ မျက်နှာသေဖြင့် ထုံချန်းကိုကြည့်လိုက်သည်။


သူ၏ စိတ်ဝိဉာဉ်ပင်လယ်ထဲတွင် နဂါးဟိန်းသံပေါ်လာပြီး မြင့်တက်လာသည်။


ပုဖန်၏ စိတ်စွမ်းအင်များ လုံးလုံးလျားလျားထွက်ပေါ်လာပြီး သူ၏စိတ်စွမ်းအင်များက လှိုင်းလုံးများသဖွယ် မြင့်တက်လာသည်။


ဝုန်း


ကြယ်နှစ်ပွင့်မသေမျိုးကျင့်ကြံသူ၏ စိတ်စွမ်းအင်နှင့်ယှဉ်နိုင်သည့် စိတ်စွမ်းအင်နှင့်ရင်ဆိုင်လိုက်ရသဖြင့် ထုံချန်း၏ဓားက လေထဲတွင် ရပ်တန့်သွားပြီး စိတ်ရှုပ်လာသည်။


ထုံချန်း အသိပြန်ဝင်လာချိန်တွင် သူ၏ သူငယ်အိမ် ကျုံ့ဝင်သွားသည်။


သူ့မျက်လုံးထဲတွင် ရွှေရောင်ဓားဆယ့်သုံးချောင်းက ရောင်ပြန်ဟပ်နေပြီး တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားသည်။


နောက်ဆုံးတွင် ၎င်းတို့အားလုံး ဓားတစ်ချောင်းအဖြစ်ပေါင်းစည်းသွားကာ သူ့ကိုခုတ်ချလိုက်သည်။