အခန်း ၉၉၁
ပြဿနာရှာသော မသေမျိုးစားဖိုမှူးအဖွဲ့
ပုဖန် မည်သည့် တုန့်ပြန်ချက်မှရမလာပေ။ မျက်လုံးဝိုင်းဝိုင်းခုနစ်စုံက သူ့ကို ပြူးတူးကြောင်တောင် ငေးကြည့်နေကြသည်။
၎င်းက ပုဖန်ကို စိတ်မသက်မသာဖြစ်စေသည်။
"ဆရာပု... အစပ်ချောင်းဆိုတာ ဘာလဲဆိုတာ... မေး.. မေးလို့ရမလား..."
ကောင်လေးတစ်ယောက်က မေးလာသည်။
ထိုကောင်လေး၏ ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် အခြားကလေးများထက် ပိုမိုထွားကြိုင်းနေ၍ အနည်းငယ် ပိုအသက်ကြီးကြောင်း သိလိုက်ရသည်။
ပုဖန် မေးစေ့ပွတ်၍ လေးလေးနက်နက်ပြောလာသည်။
"အစပ်ချောင်းဆိုတာက... အရမ်းကို ဆန်းကျယ်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဟင်းပွဲပေါ့... တစ်ခါစားပြီးတာနဲ့ ထပ်မစားပဲမနေနိုင်အောင် စားကောင်းတယ်..."
ထိုအချိန်တွင် မူလျှို့အာရောက်လာပြီး ပုဖန်ရှေ့တွင် စားပွဲအသစ်လာချပေးလာသည်။
ထိုစားပွဲကိုကြည့်၍ ပုဖန် မူလျှို့အာကို မျက်စောင်းထိုးကြည့်လိုက်သည်။ သူကျောက်တုံးနှင့်လုပ်ထားသော စားပွဲအသစ်ယူလာရန် မပြောလိုက်ပေ။
မူလျှို့အာက ချက်ချင်း နောက်ပြန်ဆုတ်သွားပြီး ပုဖန်ကို ချန်ရစ်ခဲ့သည်။
"ဒီနေရာက အချက်အပြုတ် နည်းပညာတွေသင်ကြားပေးတဲ့ မသေမျိုးစားဖိုမှူးကျောင်းတော်ပဲ... မင်းတို့တွေ ဒီမှာရှိနေတယ်ဆိုကတည်းက မင်းတို့အားလုံးရဲ့ ပါရမီကအတော်လေးကောင်းတယ် ဆိုတဲ့သဘောပဲ..."
ပုဖန် ကလေးများအားလုံးကို ကြည့်၍ ပြောလိုက်သည်။
"မင်းတို့တွေ သင်ယူကြမယ်ဆိုကတည်းက မသေမျိုးစားဖိုမှူးဖြစ်လာဖို့ သင်ယူကြရမှာပဲ... ဒီတော့ ဒီနေ့ကစပြီး စာတွေ့မသင်ပဲ ဓားအစစ်တွေ ဒယ်အိုးအစစ်တွေနဲ့ လက်တွေ့သင်ရမယ်..."
ပုဖန် ရှီးရှီးဘေးနား လျှောက်သွားလိုက်သည်။ သူ့လက်ကိုမြှောက်၍ ရှီးရှီးခန္ဓာကိုယ်ပေါ်ရှိ ဥအနှစ်နှင့် အကာဖြူဖြူများကို သန့်ရှင်းပေးလိုက်သည်။
ရှီးရှီးခန္ဓာကိုယ်ပေါ်ရှိ စေးကပ်ကပ်ခံစားချက် ပျောက်ကွယ်သွားခဲ့သည်။
ချစ်စဖွယ် မျက်လုံးဝိုင်းဝိုင်းတစ်စုံက ပုဖန်ကို သိချင်စိတ်အပြည့်ဖြင့် စူးစိုက်ကြည့်နေလေသည်။
"ဆရာပု... သမီးတို့က မူရှော့လို မီးဖိုချောင်သူံးဓားကို ဝှေ့ယမ်းရမယ်လို့ပြောတာလား..."
ရှီးရှီး သူမနှာခေါင်းလေးကို ပွတ်သုတ်၍ မေးလိုက်သည်။
"ကျွန်တော်တို့ မုန်လာဥတစ်ထောင် လှီးဖြတ်ရမှာလည်း ဖြစ်နိုင်တာပဲနော်..."
ကလေးတစ်ယောက်က ထပြောလာသည်။
ထို့နောက် ရယ်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာကြသည်။
ပုဖန် မျက်ခုံးပင့်လိုက်ကာ ဟာသလုပ်လိုက်သော ကောင်လေးကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။
၎င်းက အခြားကောင်လေးတစ်ယောက်ဖြစ်သည်။ သို့သော် ထိုကလေးက အတော်လေးလှလွန်းနေသည်။ ထိုကဲ့သို့သော အလှမျိုးက မိန်းကလေးများထက်ပင်လှသည့် အလှမျိုးဖြစ်လေသည်။
"မင်းဘာပြောလိုက်တာလဲ... မင်းနာမည်ဘယ်လိုခေါ်လဲ..."
ပုဖန် တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။
ထိုကောင်လေး တောင့်ခဲသွားကာ ပုဖန်ကို ကြောက်ကြောက်လန့်လန့်ကြည့်လိုက်သည်။
ယခုတွင် ကလေးများအားလုံး ပုဖန် သူတို့နာမည်ကိုမေးသည်နှင့် ကြောက်နေကြပြီဖြစ်သည်။
"ကျွန်တော်က.... ကျွန်တော်က မူယို့ပါ..."
မိန်းကလေးနှင့်တူသော ကောင်လေးက ပြန်ဖြေလာသည်။
"မင်းပုံကြည့်ရတာ မုန်လာဥတကယ်လှီးချင်နေပုံပဲ..."
ပုဖန်၏နှုတ်ခမ်းထောင့်များကွေးညွတ်သွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
မူယို့၏ သူငယ်အိမ်များက ချက်ချင်းကျုံ့ဝင်သွားပြီး ပင့်သက်ရှိုက်လိုက်မိသည်။
ခဏအကြာတွင် အခန်းထောင့်၌...
မူယို့ သူ့ရှေ့ရှိ မုန်လာဖြူဥအပုံကြီးကိုကြည့်၍ ဘဝကြီးကို စိတ်ကုန်သွားဟန်ဖြစ်နေသည်။
"ကောင်းပြီလေ... သင်ခန်းစာစကြတာပေါ့... အရင်ဆုံး မင်းတို့ရဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ထုတ်ကြ..."
ပုဖန် ပြောလိုက်သည်။
ထိုသည်ကိုကြားပြီးနောက် ကလေးများက အချင်းချင်းကြည့်မိလိုက်ကြသည်။
သူတို့တွင် မီးဖိုချောင်သုံး ပစ္စည်းများမရှိကြပေ။ သူတို့ကအလွန်ငယ်ရွယ်သေးကြသဖြင့် မိသားစုများက သူတို့ကို ပစ္စည်းများ ပြင်ဆင်ပေးကြခြင်းမရှိပေ။
ပုဖန် တောင့်ခဲသွားကာ လက်ရှိအခြေအနေကို နားလည်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။
ထို့နောက် သူစနစ်ကို မီးဖိုချောင်သုံးပစ္စည်းများ ပေး၍ရမည်လားဟု မေးလိုက်သည်။
စနစ်က ခေတ္တမျှငြိမ်သက်သွားပြီး သဘောတူလာသည်။
ကလင်
စူးရှလှသော အလင်းတန်းနှင့်အတူ သေးငယ်လှသော မီးဖိုချောင်သုံးဓားလေးများက ပုဖန်ဘေး ထွက်ပေါ်လာသည်။ ၎င်းတို့က ကလေးပေါက်စများဖြင့် အတိအကျသင့်တော်နေသည်။
တစ်ခါတစ်ရံတွင် စနစ်က ကျိုးကြောင်းဆီလျော်မှုရှိတတ်ပေသည်။
ကလေးများ၏ မျက်လုံးများက တောက်ပသွားကာ လက်ကိုင်တွင် ချစ်စဖွယ်စိတ်ဝိဉာဉ်သားရဲများ၏ ပုံများ ထွင်းထုထားသည်ဓားလေးများကို ကြည့်နေကြသည်။ ထို့နောက် သူတို့ကြိုက်သော ဓားကိုရွေးပြီး ဆော့ကစားနေကြသည်။
ခပ်လှမ်းလှမ်းတွင် မူယို့နှင့် မူရှော့တို့က မနာလိုမှုအပြည့်ဖြင့် ငေးကြည့်နေကြသည်။
"မင်းတို့နှစ်ယောက်က တာဝန်အရင်ပြီးအောင်လုပ်... ဓားတွေအပြင် သံမဏိဒယ်အိုးတွေပါရှိသေးတယ်..."
ပုဖန်ပြောလိုက်သည်။
မူယို့နှင့် မူရှော့တို့ နောင်တရစွာဖြင့် ခေါင်းငုံ့သွားကြသည်။
ထို့နောက် ပုဖန်က ကလေးများကို ချက်ပြုတ်နည်းတွင် အရေးကြီးသည့် အချက်များကို စတင်သင်ကြားပေးလေတော့သည်။
…
ကောင်းကင်ယံက ပိန်းပိတ်အောင်မှောင်နေလျက် ညအချိန်ကျရောက်နေခဲ့လေပြီ။
ကလေးများအားလုံး ပြန်သွားကြပြီဖြစ်သည်။
ပုဖန် သက်ပြင်းဖွဖွချလိုက်မိသည်။ သူ့လက်ကိုနောက်ပစ်၍ ကျောင်းအပြင်သို့ လမ်းလျှောက်ထွက်လာကြသည်။
အဆောက်အဦးအပြင်ဘက်တွင် မူလျှို့အာက သူ့ကိုစောင့်နေသည်။
"ပိုင်ရှင်ပုအတွက် ခက်ခဲခဲ့မှာပဲ... ဟင်းပွဲတွေပြင်ပြီးပါပြီ.. မပြန်ခင်ညစာစားသွားပါလားဟင်..."
မူလျှို့အာ ပြောလိုက်သည်။
ပုဖန် အံ့အားသင့်သွားကာ ခေါင်းသာခါလိုက်သည်။ သူဤကလေးများကို သင်ကြားပေးရန်လာသည်မှာ စနစ်၏ တာဝန်သာဖြစ်သည်။ မူမိသားစုနှင့် အလွန်အမင်းမပတ်သတ်ချင်ပေ။
"ပိုင်ရှင်ပု အိမ်ပြန်ချင်နေပြီဆိုမှတော့... ကျွန်မ မတားတော့ပါဘူး... ဒါပေမယ့် ပြောစရာရှိတာတော့ ပြောရဦးမှာပဲ..."
မူလျှို့အာ ခေတ္တရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျွန်မအဖေက ရှင်ကလေးတွေကို သင်ပေးနေတာသိနေပေမဲ့ မငြင်းခဲ့ဘူး... ဒီတော့ ရှင့်ရဲ့နာမည်က အမွေအနှစ်နယ်မြေထဲ ဝင်ရမယ့်လူစာရင်းထဲပါသွားပြီ... နောက်တစ်လနေရင် အမွေအနှစ်နယ်မြေက ပွင့်တော့မှာဆိုတော့ ပိုင်ရှင်ပု ပြင်ဆင်ထားဖို့ မျှော်လင့်ပါတယ်..."
"အချိန်ရောက်လာရင် ပိုင်ရှင်ပုနဲ့ ကျွန်မတို့ မူမိသားစုရဲ့ မသေမျိုးစားဖိုမှူး အဖွဲ့က အတူတူဝင်ကြရမှာ... အမွေအနှစ်နယ်မြေက မသေမျိုးမြို့တော်နဲ့ မတူပဲ အရမ်းအန္တရာယ်များတယ်... ဒါကြောင့်လူတိုင်း ပြင်ဆင်ထားဖို့ လိုရတာပဲ..."
မူလျှို့အာ လေးလေးနက်နက်ပြောလိုက်သည်။
အမွေအနှစ်နယ်မြေတွင် အခွင့်အလမ်းများနှင့် အရင်းအမြစ်များရှိသဖြင့် အန္တရာယ်ပါယှဉ်တွဲ၍ ရှိနေမည်မှာ သဘာဝကျလှပေသည်။ အဆုံးတွင် အခွင့်အရေးနှင့် စွန့်စားမှုဆိုသည်မှာ လက်တစ်ကမ်းတွင် ရှိနေကြခြင်းဖြစ်သည်။
ပုဖန် မျက်မှောင်ကြုတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
အန္တရာယ်ဆိုသည်မှာ ရှောင်လွှဲ၍မရကြောင်း သူသိပေသည်။ အန္တရာယ်ရှိသည်ဆိုရင်တောင် သူမသေမျိုးမီးတောက်ကို ရရန် သွားကိုသွားရမည်ဖြစ်သည်။
ထို့အပြင် သူ ထုံမိသားစုကို ဆန့်ကျင်ခဲ့ပြီးဖြစ်၍ သူ့ကို အမွေအနှစ်နယ်မြေထဲဝင်ရန် အခွင့်အရေးပေးကြမည် မဟုတ်ပေ။
ခွေးဘုရင် သူ့နောက်လိုက်မလာနိုင်၍ အချိန်ကြလာလျှင် ထုံမိသားစုက တစ်စုံတစ်ယောက်ကိုလွှတ်၍ လှုပ်ရှားမည်ဖြစ်သည်။ အကယ်၍ သူသာ ထုံမုဟဲနှင့်အဆင့်တူသည့် လူတစ်ယောက်လွှတ်လိုက်ပါက သူတစ်ယောက်တည်းနှင့် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူပြင်ဆင်မှု အနည်းငယ် လုပ်ထားမှ တော်ကာကြမည်ဖြစ်သည်။
ပုဖန်ကို သတိပေးပြီးနောက်တွင် မူလျှို့အာ ပုဖန်ကို မူမိသားစု အိမ်တော်အပြင်သို့ လိုက်ပို့၍ အထဲပြန်ဝင်လိုက်သည်။
ပုဖန် အိမ်သို့ဖြေးဖြေးချင်း လမ်းလျှောက်ပြန်နေချိန်တွင် သူအနည်းငယ် စိတ်ကျေနပ်သလို ခံစားနေရသည်။
မသေမျိုးမြို့တော်၏ ညကောင်းကင်ယံက ကြယ်ရောင်တို့ မတောက်ပနေသော်လည်း လမ်းတစ်ဖက်တစ်ချက်ဆီတွင် အလင်းရောင်တို့
မုန့်မျိုးစုံတို့၏ ရနံ့ကလည်း လေထဲတွင် ပျံ့လွင့်နေပြီး သူ့ကို သက်တောင့်သက်သာရှိစေသည်။
သူ မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးသို့ ရောကသောအခါ မီးဖိုချောင်ထဲသို့ ဝင်၍ သူ၏နေ့စဉ်လေ့ကျင့်ခန်းကို စလုပ်လေတော့သည်။
ယခုအချိန်က မသေမျိုးဖြတ်တောက်နည်းစနစ်ကို လေ့ကျင့်ရန် အချိန်ဖြစ်ပေသည်။
မသေမျိုးဖြတ်တောက်နည်းစနစ်က လုံးဝအသစ်ဖြစ်နေသော ဓားစနစ်ဖြစ်ပေသည်။ ဓားဆယ့်သုံးချက်အရှင်သခင်နည်းစနစ်နှင့် လုံးဝကွဲပြားနေပြီး ထိုနည်းစနစ်တွင် ဓားတစ်ချောင်းနှင့် ခုတ်ချက်တစ်ချက်သာလိုပေသည်။
ဤဓားတစ်ချောင်းနှင့် ခုတ်ပိုင်းချက်တစ်ခုလေးကပင် ပုဖန်ကို တစ်ကိုယ်လုံးရှိစိတ်စွမ်းအင်များကို စုစည်းစေပြီး ပမာဏများစွာကို လိုအပ်ပေသည်။
ပုဖန်၏ ကြယ်နှစ်ပွင့်အစစ်အမှန်မသေမျိုးအဆင့် စိတ်စွမ်းအင်ဖြင့်ပင် မသေမျိုးဖြတ်တောက်နည်းစနစ်ကို တစ်ကြိမ်သာအသုံးပြုရန် လုံလောက်လေသည်။
ထိုဓားချက်ပေါ်တွင် ပုဖန် အတော်လေး မျှော်လင့်ထားပေသည်။
နဂါးအရိုးမီးဖိုချောင်သုံးဓားကိုကိုင်လိုက်သောအခါ ပုဖန်ဘေးရှိလေထုက ပြောင်းလဲသွားပေသည်။ သူ၏ မျက်လုံးများက စူးရှလာကာ သူ၏စိတ်ဝိဉာဉ်ပင်လယ်က စတင်ဆူပွက်လာသည်။
ထိုစိတ်စွမ်းအင်များအားလုံးက ဓားတစ်ချောင်းအဖြစ် သိပ်သည်းသွားဟန် ဖြစ်နေသည်။
…
အချိန်များစွာ ကုန်ဆုံးသွားပြီးနောက်
ပုဖန် မူမိသားစုမှ ကလေးများကို သင်ကြားပေးသည်မှာ တစ်လနီးပါး ရှိနေပြီဖြစ်သည်။
ဤတစ်လအတွင်း ပုဖန်က ကလေးအုပ်စု၏ idol တစ်ယောက်ဖြစ်လာခဲ့သည်။ လူတိုင်းက သူ့ကို လေးစားအားကျမှုအပြည့် မျက်လုံးများဖြင့် စိုက်ကြည့်လာကြသည်။
သူ၏ သာလွန်ကောင်းမွန်လွန်းလှသော ဟင်းချက်နည်းများကြောင့် သူ့ကိုလေးစားကြခြင်းဖြစ်သည်။ ထို့အပြင် အမှန်အတိုင်းပြောရလျှင် အစပ်ချောင်းများကြောင့် လည်းဖြစ်လေသည်။
အစပ်ချောင်းများက အမှန်တကယ်နတ်ဆိုးကိုပင် စွဲလမ်းစေနိုင်သော ဟင်းပွဲဖြစ်ပေသည်။
အစပ်ချောင်းကို ပထမဆုံးရရှိသည့်သူမှာ အာပြဲအောင်ငိုလေ့ရှိသော ရှီးရှီးဟူသည့် ကလေးမသာဖြစ်သည်။ ရှီးရှီးက အလွန်ပါရမီရှိလှပြီး ပုဖန် သူမကို ကြယ်ပျံဖြတ်တောက်နည်းအကြောင်း နှစ်ရက်ခန့်သာ သင်ကြားပေးခဲ့ရသည်။
ဤအကြိမ်က ပုဖန်တစ်ယောက် သူကောင်းမျိုးနွယ်မိသားစု၏ တပည့်များတွင် အလွန်ကောင်းမွန်သော အချက်အပြုတ်ပါရမီရှိကြောင်း ခံစားရသည့် ပထမဆုံးအကြိမ်ဖြစ်လေသည်။
ရှီးရှီး အစပ်ချောင်းကိုရသောအခါ စူးစမ်းချင်စိတ်အပြည့်ဖြင့် တစ်ကိုက်ကိုက်လိုက်သည်။
ထိုအငိုသန်ကလေးက ချက်ချင်းငိုချလာပေသည်။ အရသာရှိလွန်း၍ မဟုတ်ပဲ စပ်လွန်း၍ ငိုခြင်းဖြစ်သည်။
သို့သော် ထိုအစပ်အရသာက ရှီးရှီးကို ပိုမိုစိတ်လှုပ်ရှားစေပြီး မထိန်းနိုင်တော့ပဲ အရသာအရမ်းကောင်းကြောင်း တသီကြီးချီးကျူးခဲ့သည်။
အစပ်ချောင်းတစ်ချောင်းစားပြီးနောက်တွင် သူမနောက်တစ်ချောင်း ထပ်စားချင်ခဲ့သည်။ ထို့ကြောင့် အလွန်အရသာရှိကြောင်းအခြားသူများက လက်ခံသွားကြသည်။
ကလေးတစ်အုပ်လုံးက အစပ်ချောင်းကို စွဲလမ်းသွားပြီး အလုပ်ကြိုးစားကာ သူတို့ကိုယ်သူတို့ သက်သေပြရင်း အစပ်ချောင်းစားရရန် အသဲအသန်ဖြစ်ကုန်ကြသည်။
လူတိုင်း၏ အထင်နှင့်ဆန့်ကျင်စွာ မသေမျိုးစားဖိုမှူးကျောင်းတော်မှ ကလေးများက ကြက်သွေးထိုးခံလိုက်ရသလို တက်ကြွစွာ သင်ကြားနေကြသည်။
မူလျှို့အာ ကလေးများ၏ တိုးတက်လာမှုကြောင့် ထိတ်လန့်သွားခဲ့ပြီး သူမ မျက်လုံးပင် သူမ မယုံနိုင်အောင်ဖြစ်သွားခဲ့သည်။
ထိုကလေးများက တစ်လဆိုသည့် အချိန်တိုအတွင်း အလယ်အလတ်အဆင့်စားဖိုမှူးများအဖြစ် တိုးတက်လာခဲ့ကြသည်။
သူတို့ထဲမှ အငယ်ဆုံးကလေးက ရှီးရှီးဖြစ်ပြီး ခြောက်နှစ်သာရှိသေးပေသည်။
ပုဖန်ကိုကြည့်သော မူလျှို့အာ၏ အကြည့်များပင် ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်ဟန်ဖြစ်နေသည်။
ဒီတော့ ပိုင်ရှင်ပုမှာ နတ်ဘုရားအဆင့်ဆရာတစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေရှိနေတာပဲ...
သို့သော် မူလျှို့အာ မသိသည်မှာ သူမဂရုစိုက်သောအရာက ကလေးများ၏ တိုးတက်လာမှုဖြစ်သော်လည်း ပုဖန်ဂရုစိုက်သည်က ကလေးများ၏ အချက်အပြုတ်ပါရမီကိုဖြစ်သည်။ မည်သည့်ကလေးက ပါရမီအရှိဆုံးလဲဆိုသည်ကို ကြည့်နေပြီး သူ၏ မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးဆီခေါ်သွားကာ သူ၏ အလုပ်သင်စားဖိုမှူးလေးလုပ်ခိုင်းရန် ကြံရွယ်နေခဲ့သည်။
မူလျှို့အာသာ ပုဖန်၏ အကြံကိုသိလျှင် မျက်နှာကြီးမဲသွား၍ ပုဖန်နောက်ကို တံမြက်စည်းဖြင့် လိုက်ရိုက်ပေလိမ့်မည်။
သူမက ပုဖန်ကို သူတို့၏ဆရာအဖြစ် အသိအမှတ်ပြုထားသော်လည်း ပုဖန်က သူတို့၏မူမိသားစုမှ ကလေးများကို အလစ်သုတ်ရန် ကြံရွယ်နေလေသည်။
"ပိုင်ရှင်ပု... အမွေအနှစ်နယ်မြေက နှစ်ရက်အတွင်း ပွင့်တော့မယ်... လာပြီးသင်ပေးစရာမလိုတော့ပါဘူး... ကောင်းကောင်းပြင်ဆင်ပါတော့... အမွေအနှစ်နယ်မြေကို ဝင်တာက ဟာသမဟုတ်ဘူးနော်..."
မူလျှို့အာ ပုဖန်ကို ပြောလိုက်သည်။
ပုဖန် အနည်းငယ် တွေဝေသွားသည်။
တစ်လဆိုတာက သူမသိလိုက်ပဲ ကုန်ဆုံးသွားခဲ့တာလား...
မနက်ဖက်တွင် စားသောက်ဆိုင်ဖွင့်ကာ ဈေးရောင်းပြီး ညနေကြလျှင် ကလေးများကို သင်ကြားပေးရသည်။ ထို့နောက် သူ အိမ်ပြန်၍ မသေမျိုးဖြတ်တောက်နည်းစနစ်ကို လေ့ကျင့်ရသည်။
ဤရက်များက အတော်လေး သက်တောင့်သက်သာဖြင့် ကုန်ဆုံးသွား၍ သူအနည်းငယ် စီးမျောသွားမိကာ သူ၏ရည်ရွယ်ချက်ကို မေ့လုနီးပါးဖြစ်သွားသည်။
မသေမျိုးမီးတောက် အတွက်သာမဟုတ်ပါက ပုဖန် ဤနည်းအတိုင်းဆက်သွားရန် ကြံရွယ်ထားခဲ့သည်။
"ကောင်းပြီလေ... နောက်နှစ်ရက်ကြာရင် ကျုပ် မူမိသားစုအိမ်တော်ကို ထပ်လာခဲ့ပါ့မယ်..."
ပုဖန် လေးလေးနက်နက်ခေါင်းငြိမ့်ပြလိုက်သည်။
…
အမွေအနှစ်နယ်မြေပွင့်သည့်နေ့တွင် မသေမျိုးမြို့တော်အတွင်းရှိ လေထုကအနည်းငယ် ထူးဆန်းနေသည်။
အမွေအနှစ်နယ်မြေ ပွင့်ခါနီးတိုင်းတွင် သာမန်နေ့များတွင် တွေ့ရခဲသော မသေမျိုးစားဖိုမှူးများကို ဟိုဟိုသည်သည်နေရာတိုင်းတွင် တွေ့ရသည်။
အပြင်ဘက်စက်ဝိုင်းတွင်ပင် မသေမျိုးစားဖိုမှူး များစွာကို တွေ့ရပေသည်။
ထိုအချိန်တွင် မသေမျိုးမြို့တော်သားများက ဒဏ္ဍာရီလာမသေမျိုးစားဖိုမှူးများကို တွေ့ရ၍ စိတ်လှုပ်ရှားနေကြသည်။
မသေမျိုးအချက်အပြုတ်နယ်မြေ၏ အမွေအနှစ်နယ်မြေကို အဆင့အမျိုးမျိုးအဖြစ် ခွဲဖြာထားပြီး ဝင်ရောက်လာကြသော မသေမျိုးစားဖိုမှူးများကလည်း ကွဲပြားကြပေသည်။
ဤတစ်ကြိမ် အမွေအနှစ်နယ်မြေက ပထမအဆင့်ဂိတ်သာပွင့်၍ ဝင်ရောက်မည့်လူများက များသောအားဖြင့် ပထမအဆင့်မသေမျိုးစားဖိုမှူးများသာ ဖြစ်ကြပေသည်။ ပထမအဆင့်ဂိတ်သာပွင့်သည်ဖြစ်၍ ဒုတိယ၊ တတိယနှင့် ချီလင်အဆင့် စားဖိုမှူးများကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။
ထိုအဆင့်မြင့် မသေမျိုးစားဖိုမှူးများ၏ လိုအင်က ပို၍အဆင့်မြင့်ပြီး ဒုတိယနှင့်တတိယအဆင့် အမွေအနှစ်နယ်မြေပွင့်မှသာ လှုပ်ရှားကြခြင်းဖြစ်သည်။
သူတို့၏ လိုအပ်ချက်များက ကွဲပြားကြသည်ဖြစ်ကာ အဆင့်မြင့်သော အမွေအနှစ်များကသာ သူတို့ကို ဆွဲဆောင်နိုင်ကြပေသည်။
…
သူကောင်းမျိုးနွယ်မိသားစုများ၏ အဖွဲ့များစွာက အမွေအနှစ်နယ်မြေကို ဝင်ရန် ပြင်ဆင်နေကြပြီး ပွင့်မည့်နေ့ကို စောင့်နေကြသည်။
ကုန်ရှုမိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့ကလည်း စောင့်နေရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ထိုအဖွဲ့တွင် လူဆယ်ယောက်ပါဝင်ပြီး ရွှမ်ယွမ်ရှားဟွေ့လည်းပါဝင်သည်။ သူတို့အားလုံး ပြုံးရယ်နေကာ စိတ်လှုပ်တရှားဖြင့် ဆွေးနွေးနေကြသည်။
ထုံမိသားစု၊ ကျန်းမိသားစု နှင် အခြားမသေမျိုးစားဖိုမှူးအဖွဲ့များစွာလည်း စောင့်နေကြသည်။
ထိုအချိန်တွင် မူမိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့က ပြင်ဆင်မှုများပြုလုပ်ရင်း အလုပ်ရှုပ်နေကြသည်။
မျက်နှာပေါ်တွင် အမာရွတ်ကြီးနှင့်လူက သူ့ရှေ့ရှိ မူလျှို့အာကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
"အဆောက်အဦးအရှင်သခင်သာမရှိရင် မင်းကဘာမလို့လဲ.. မူမိသားစုရဲ့ မသေမျိုးစားဖိုမှူးအဖွဲ့ဝင် မဟုတ်တဲ့လူကို အမွေအနှစ်နယ်မြေထဲ လိုက်ခွင့်ပြုရမှာလား.. ဒီအဘိုးကြီးက အမွေအနှစ်နယ်မြေထဲဝင်ဖို့ မူမိသားစုဝင်ထဲဝင်ခဲ့ရတယ်... ဒါပေမယ့် အပြင်လူက ငါတို့နဲ့ အတူလိုက်ဝင်မယ်တဲ့လား... အဆောက်အဦးအရှင်သခင်သာမရှိရင် မင်းက ပြဿနာလုပ်နေတာပဲ..."
အမာရွတ်နှင့်လူက အေးစက်စွာပြောသည်။
သူ၏စကားများက ပတ်ဝန်းကျင်မှ မသေမျိုးစားဖိုမှူးများကို နှိုးဆွလိုက်သလိုဖြစ်သွားပြီး အကုန်လုံးက မူလျှို့အာကို အေးစက်စက်ကြည့်လာကြသည်။
မူလျှို့အာ၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။ သူမ သူမမိသားစု၏ ကိုယ်ပိုင် မသေမျိုးစားဖိုမှူးအဖွဲ့က ပုဖန်ကို ဆန့်ကျင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒါ သဘောတူပြီးသား ကိစ္စမဟုတ်ဘူးလား...
"ဘာလို့လဲ... ကျွန်မအဖေရှေ့မှာတုန်းက ရှင်တို့ဘာလို့ ဘာမှမပြောခဲ့ကြတာလဲ..."
မူလျှို့အာ မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။
အမာရွတ်နှင့်လူက ပြုံးလိုက်ပြီး မူလျှို့အာကို ကြည့်လိုက်သည်။
"အမှန်ပဲ... ငါတို့က မြို့အရှင်ကို ကတိပေးခဲ့ကြတယ်... ဒါပေမယ့် မြိုအရှင်က အခုမသေမျိုးအချက်အပြုတ်နယ်မြေရဲ့ ဒုတိယအလွှာကိုရောက်နေတယ်... ဒီတော့ အခုအချိန်မှာ မသေမျိုးစားဖိုမှူးအဖွဲ့ကို ဦးဆောင်ဆုံးဖြတ်ပေးရမယ့်လူကငါပဲ... ငါမရဘူးလို့ပြောရင် မရဘူးပဲ... အဲ့ဒီ့သေမျိုးစားဖိုမှူး ငါတို့နဲ့အတူ အမွေအနှစ်နယ်မြေကို မလိုက်ရဘူး..."
မူလျှို့အာ၏ မျက်နှာ ပိုမို ဖြူဖျော့သွားသည်။
မဟုတ်တော့ဘူး... သူမ ပိုင်ရှင်ပုကို ဘယ်လိုရှင်းပြရတော့မလဲ...