အပိုင်း ၉၉၂
Viewers 53k

အခန်း ၉၉၂

စိတ်မပူပါနဲ့ အစ်မကြီးက ကာကွယ်ပေးမယ်


ကျွီကနဲမြည်သံဖြင့် ပုဖန် စားသောက်ဆိုင်တံခါးများကို ပိတ်လိုက်သည်။


သူ အမွေအနှစ်နယ်မြေထဲရောက်နေစဉ်တွင် မသေမျိုးမြို့တော်ထဲတွင် ပြဿနာမရှာကြရန် ငရဲဘုရင်အာဟနှင့် အခြားလူများကို သတိပေးလိုက်သည်။


အစပ်ချောင်းကို ပါးစပ်ထဲတွင် ကိုက်ထားသော ငရဲဘုရင်အာဟက ရိုးသားမှုအရိပ်အယောင်ပင်မရှိပဲ ခေါင်းငြိမ့်ပြလေသည်။


သတိပေးပြီးနောက်တွင် ပုဖန် စားသောက်ဆိုင်ထဲမှထွက်၍ အတွင်းစက်ဝိုင်းအတွင်းသို့ ဦးတည်၍ သွားလိုက်တော့သည်။


အတွင်းစက်ဝိုင်း ဝင်ပေါက်တွင် ဂိတ်စောင့်များက ပုဖန်နှင့် ရင်းနှီးနေကြပြီဖြစ်သည်။


ပုဖန်ကိုမြင်သည်နှင့် သူတို့ နှုတ်ဆက်လိုက်ကြသည်။


ယနေ့က အမွေအနှစ်နယ်မြေပွင့်သည့် နေ့ဖြစ်သည်ကို သူတို့သိပြီး အင်အားကြီးမိသားစုမှ ဖွဲ့စည်းထားသော မသေမျိုးစားဖိုမှူး အဖွဲ့များက ပြင်ဆင်နေကြပြီဖြစ်ကြောင်း သိကြလေသည်။


ဂိတ်စောင့်များကို နှုတ်ဆက်ပြီးနောက်တွင် ပုဖန် အတွင်းစက်ဝိုင်း၏ အဓိကလမ်းမကြီးဆီ လမ်းလျှောက်လာခဲ့သည်။ လေထုထဲရှိ ထူထဲလှသော စိတ်ဝိဉာဉ်စွမ်းအင်များပင် လှုပ်ခါသွားသယောင်ဖြစ်သွားသည်။


ခပ်လှမ်းလှမ်းတွင် ဧရာမ မသေမျိုးသစ်ပင်ကြီးမှ အရွက်များက အသာအယာလှုပ်ခါနေသည်။ ၎င်းက မြို့တော်ထဲရှိ စိတ်ဝိဉာဉ်စွမ်းအင်များကို လှုပ်ခါနေစေသည်။


ကောင်းကင်ထက်တွင် အချိန်တိုင်း ကျင့်ကြံသူများက ပျံသန်းသွားနေကြသည်။ ၎င်းတို့၏ အော်ရာများက အလွန်ပြင်းထန်လွန်းလှ၍ ပုဖန်ကို မျက်လုံးပင် မှေးသွားစေသည်။


သို့သော် သူ အများကြီးဂရုမစိုက်ပေ။


အလွန်လျှင်မြန်စွာဖြင့် ပုဖန်တစ်ယောက် မူမိသားစု အိမ်တော်ကို ရောက်ရှိလာခဲ့သည်။


ဤနေရာကို သူတစ်လအတွင်း အကြိမ်ပေါင်းများစွာလာခဲ့ရသဖြင့် အတော်လေး ရင်းနှီးနေပြီဟု ဆို၍ရပေသည်။


သို့သော် ဤအကြိမ်တွင် ပုဖန် ထိုထဲရှိလေထုက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။


သူ မူမိသားစု အိမ်တော်ထဲသို့ ခြေတစ်လှမ်းဝင်ရုံရှိသေး လူများစွာက ဝင်ချည်ထွက်ချည်နှင့် လူတိုင်း အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည်။


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူ မူလျှို့အာပြောသော မသေမျိုးစားဖိုမှူးများ စုရပ်ကို သွားလိုက်သည်။


သို့သော် သူထိုနေရာသို့ ခြေချရုံဖြင့် မျက်မှောင်များ ကြုတ်သွားခဲ့သည်။


ခပ်လှမ်းလှမ်းတွင် ရေခဲကဲ့သို့အေးစက်နေသော စစ်သင်္ဘောက ဖြေးညင်းစွာ မြင့်တက်နေသည်။


ထို စစ်သင်္ဘောကြီးတစ်ခုလုံးကို လျှို့ဝှက်ဆန်းကျယ်သော အစီအရင်များဖြင့် လွှမ်းခြုံထားပြီး စိတ်ဝိဉာဉ်စွမ်းအင်များကို ကန်ထွက်စေကာ ၎င်းကို လေပေါ်ပျံနေစေသည်။


ဟမ်...


ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။


သူ ထိုစစ်သင်္ဘောက မူမိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့၏ သင်္ဘောဖြစ်ကြောင်းသိပေသည်။


ဘာလို့ စထွက်နေတာလဲ...သူ့ကို မစောင့်ကြဘူးလား...


ပုဖန် မျက်စိများမှေးကျဉ်းလိုက်ကာ သူ့နှလုံးသားထဲတွင် သတိပေးချက်တို့ ဆူညံလာသည်။


"ရှင့်တို့ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ..."


မူလျှို့အာ ဒေါသထွက်ထွက်နှင့် အော်လိုက်သည်။ သူမ လေထဲရှိ စစ်သင်္ဘောကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်နေခြင်းဖြစ်သည်။


သို့သော် စစ်သင်္ဘောက လုံးဝမရပ်ပေ။ သူတို့ မူလျှို့အာကို ဂရုပင်မစိုက်ကြချေ။


စစ်သင်္ဘောအောက်ခြေရှိ မှော်အစီအရင်လေးခုက အလင်းရောင်များတောက်ပလာပြီး ၎င်းထံမှ စိတ်ဝိဉာဉ်စွမ်းအင်များ အဆက်မပြတ်ထွက်ပေါ်နေသည်။


ရှေ့တွင် အရပ်ရှည်ကာ ကိုယ်ခန္ဓာတောင့်တင်းသော လူတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုလူက မျက်နှာတွင် အမာရွတ်ရှိသော လူဖြစ်သည်။


ထိုအမာရွတ်နှင့်လူက ပုဖန်ကိုမြင်သောအခါ အေးစက်စက်ရယ်မောလိုက်သည်။


ပုဖန် ထိုလူကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။


ဘုန်း


ဘန်းကနဲမြည်သံဖြင့် စစ်သင်္ဘောမှစွမ်းအင်က ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ၎င်းက မြို့အပြင်သို့ ဥက္ကာပျံအလား ပျံသန်းထွက်သွားသည်။


တစ်ချိန်တည်းတွင်


မသေမျိုးမြို့တော်အတွင်းစက်ဝိုင်း၏ ကောင်းကင်ယံထက်တွင် အခြားသော သူကောင်းမိသားစုများမှ စစ်သင်္ဘောများလည်း လေပေါ်ပျံတက်လာကြသည်။


ထိုစစ်သင်္ဘောများကလည်း မူမိသားစု စစ်သင်္ဘောများကဲ့သို့ အတွင်းစက်ဝိုင်းအတွင်းမှ အရှိန်အဟုန်ဖြင့် ပျံထွက်သွားကြသည်။


ပုဖန် လက်ပိုက်ရင်း ပျောက်ကွယ်သွားပြီဖြစ်သော စစ်သင်္ဘောကိုတည်တည်ငြိမ်ငြိမ် ကြည့်လိုက်သည်။ အနီရောင်စားဖိုမှူးဝတ်ရုံက သူ့နောက်ကျောဘက်တွင် လေနှင့်အတူ လူးလွန့်နေသည်။


သူ အသက်ဖြေးညှင်းစွာ ရှူထုတ်လိုက်ပြီး နှုတ်ခမ်းထော်လိုက်မိသည်။ ထင်သည့်အတိုင်းပင် တစ်စုံတစ်ယောက်က ပြဿနာရှာလိုက်ပြီဖြစ်သည်။


မူလျှို့အာ ပုဖန်ကို ကိုးယိုးကားယားအမူအယာနှင့် ကြည့်လိုက်သည်။


အဆုံးတွင် သူမက ပုဖန်ကို မူမိသားစုထံသို့ ဖိတ်ခေါ်ခဲ့သူဖြစ်သည်။ အမွေအနှစ်နယ်မြေသို့ ပုဖန်ဝင်ခွင့်ရစေရန် သူ့နာမည်ကို စာရင်းထဲထည့်ထားသည်ဟု အာမခံခဲ့သူကလည်း သူမသာဖြစ်သည်။


သို့သော် ယခုတွင်


ဒီပြဿနာက သေချာပေါက် ထုံမိသားစုကြောင့် ဖြစ်ရတာပဲ...


မူလျှို့အာ အလွန်ဒေါသထွက်သွားပြီး နှလုံးသားထဲတွင် ခါးသီးမှုတို့ ပြည့်လျှံသွားသည်။ အမာရွတ်နှင့်လူက မူမိသားစု၏ မသေမျိုးစားဖိုမှူး အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ထိုသူက ဤကိစ္စအားသဘောတူထားပေလိမ့်မည်။


သို့သော် အပြောင်းအလဲက မြန်လွန်းလှပေရာ တစ်စုံတစ်ယောက်က သေချာပေါက် အရိပ်ထဲမှ နေ၍ ကြိုးကိုင်နေလောက်ပေသည်။


ပုဖန်က ထုံမိသားစုနှင့် ဆိုးရွားသော ဆက်ဆံရေးရှိ၍ အရာအားလုံးကို ထုံမိသားစုက လုပ်ခဲ့သည်မှာ သေချာပေသည်။


ထုံမိသားစုက ခွေးနက်ကြီး၏ အင်အားကြောင့် ပုဖန်ကို တိုက်ရိုက်မဆန့်ကျင်ရဲ၍ အရိပ်အောက်တွင် လှုပ်ရှားရန် ရွေးချယ်ခဲ့သည်။


မူလျှို့အာ ဒေါသထွက်လွန်း၍ လက်သီးကျစ်ကျစ်ဆုပ်မိသွားသည်။


သူကောင်းမျိုးနွယ်မိသားစုတွေက တကယ့်ကို စက်ဆုပ်ဖို့ကောင်းတာပဲ...


"ပိုင်ရှင်ပု... ကျွန်မ..."


မူလျှို့အာ ပုဖန်ကို အပြစ်ရှိသော မျက်နှာလေးဖြင့် ကြည့်လိုက်သည်။


သူမ ပုဖန်ကို တောင်းပန်ရန် လိုအပ်ပေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးက ကောင်းမွန်ခြင်းမရှိပဲ ပုဖန် သူမကို ရန်ညှိုးဖွဲ့ကာ ဒေါသဖြစ်မည်လား မသိနေပေ။


သို့သော် သူမ မှားသွားခဲ့သည်။ ပုဖန်က လွယ်လွယ်ကူကူ ရန်ညှိုးဖွဲ့တတ်သူ မဟုတ်ပေ။


သူမူမိသားစုကို လာခဲ့သည်မှာလည်း စနစ်၏တာဝန်ဖြစ်သော ကလေးတစ်အုပ်ကို စာသင်ပေးရမည်ဟူသော တာဝန်ကြောင့် လာခဲ့ခြင်းဖြစ်သည်။


မသေမျိုးစားဖိုမှူးအဖွဲ့သို့ဝင်ပြီး အမွေအနှစ်နယ်မြေသို့ ဝင်ရခြင်းဆိုသည်မှာ အပိုဆုလာဘ်သာဖြစ်သည်။


ယခုသူ့ကို ချန်ရစ်ပြီး ထွက်ခွာသွားကြသော်လည်း စိတ်ထဲသိပ်မထားပေ။ သို့သော် သူ့စိတ်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရုံသာ ရှိသည်။


"ရပါတယ်... ကျုပ် အမွေအနှစ်နယ်မြေကို သွားလို့ရတဲ့ အစီအစဉ်ရှိပါသေးတယ်... ဒါပေမယ့် ကျုပ်ထွက်သွားတော့မှာဆိုတော့ ကလေးတစ်အုပ်ကို သွားတွေ့ပြီး ဒီနေ့အတွက် ပေးစရာတာဝန်ကို ပေးရဦးမယ်..."


ပုဖန် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံကို အသာခါကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။


မူလျှို့အာ တောင့်ခဲသွားပြီး အနည်းငယ် စိတ်ထွေသွားသည်။


"ဟမ်..."


သို့သော် ပုဖန်က မူလျှို့အာကို ထပ်ပြောပြရန် ပျင်းနေသည်။ ထို့ကြောင့် လက်နောက်ပစ်ကာ မသေမျိုးစားဖိုမှူးကျောင်းတော်သို့ သွားလိုက်တော့သည်။


"ပိုင်ရှင်ပုက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ..."


မူလျှို့အာ အတော်လေး အံ့ဩသွားသည်။ သူမသာဆိုလျှင် ဒေါသထိန်းရန်ခက်ခဲမည်ဖြစ်ကာ အမာရွတ်နှင့်လူကို သတ်ပင် သတ်ပစ်မိမည် ဖြစ်သည်။


အဆုံးတွင် အမွေအနှစ်နယ်မြေသို့ ဝင်ရန် အခွင့်အရေးဆုံးရှုံးခြင်းသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်တိုးမြှင့်မည့် အခွင့်အရေးကို ပိတ်ပင်ခြင်းနှင့်တူမည်ဖြစ်သည်။ ထိုကဲ့သို့သော အမုန်းတရားမျိုးက သေးငယ်မည် မဟုတ်ပေ။


သို့သော် မူလျှို့အာက ပုဖန်တွင် နယ်သာရီရှိကြောင်း မည်သို့ သိမည်နည်း။ နယ်သာရီ၏ ငရဲကမ္ဘာသင်္ဘောဖြင့်ဆိုလျှင် အမွေအနှစ်နယ်မြေဟု ခေါ်သောနေရာသည် သူ၏အိမ်နှင့်မခြားပေ။ သူသွားချင်ပါက ဘာပြဿနာမှမရှိပဲ သွားနိုင်လေသည်။


အမာရွတ်နှင့်လူအတွက် ပုဖန် စိတ်ထဲပင်မထားပေ။


သူ့စိတ်ထဲတွင် စီရင်ချက်ချပြီးဖြစ်သည်။ ဤတစ်ကြိမ် အမာရွတ်နှင့်လူက အမွေအနှစ်နယ်မြေတွင် သေချာပေါက် စိတ်ဓာတ်ကျသွားရမည်ဖြစ်သည်။



ကလေးများက ပုဖန်ကိုမြင်သောအခါ ပျော်မသွားကြပဲ မျက်နှာပင် လွှဲသွားကြသည်။


"ဆရာပု.. ဆရာ အမွေအနှစ်နယ်မြေထဲမှာ ရှိနေရမှာမဟုတ်ဘူးလား... ကျွန်တော်တို့ကို နှိပ်စက်ဖို့ ပြန်လာတာလား..."


မူရှော့ အင်အားနည်းစွာပြောလိုက်သည်။


သူ ပုဖန်ထံမှ မီးဖိုချောင်သုံးဓားကို အခါတစ်ထောင် ဝှေ့ရမ်းခိုင်းခံရကတည်းက သူ့နှလုံးသားထဲတွင် အရိပ်မဲကြီးတစ်ခု ကျန်နေခြင်းဖြစ်သည်။


အခြားတစ်ဖက်တွင် ရှီးရှီးက အလွန်ပျော်နေခဲ့သည်။ သူမ ပုဖန်ဘေးသို့ အော်ဟစ်ရယ်မောကာ ပြေးသွားခဲ့သည်။


ပုဖန် လက်ပိုက်လိုက်ကာ ကောင်းကောင်းနိုးသေးပုံမပေါ်သေးသော ကလေးအုပ်စုကို ကြည့်လိုက်သည်။


"ငါ့ကို မကြိုဆိုကြဘူးပေါ့လေ..."


ကလေးများအားလုံး တစ်ပြိုက်နက်တည်း မျက်လုံးလှိမ့်မိလိုက်ကြသည်။


"ကောင်းပြီလေ... ငါအစကတော့ မင်းတို့ကို ဟင်းပွဲချက်နည်းသင်ပေးမလို့ပဲ... ဒါပေမယ့် မင်းတို့က မသေချင်ဘူးဆိုမှတော့ ဓားကိုင်နည်းပဲ ဆက်လေ့ကျင့်ကြတာပေါ့..."


ပုဖန် ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။


ထိုစကားလုံးများကို ကြားသောအခါ ကလေးများက ကြက်သီးပင် ထသွားခဲ့ကြသည်။


ရှပ် ရှပ် ရှပ်


ကလေးရှစ်ယောက်က ချက်ချင်းမတ်တတ်ရပ်လိုက်ကာ ပုဖန်ကို ဦးညွတ်ရင်း လေးလေးနက်နက်ပြောလာကြသည်။


"ဆရာပု ပင်ပန်းသွားပါပြီ..."


မူလျှို့အာက အဝေးမှနေ၍ ခပ်ပြုံးပြုံးဖြင့် ပုဖန် သင်နေသည်ကို ကြည့်နေလိုက်သည်။


ရမ်းကားလှသော ကလေးဆိုးတစ်သိုက်က ပုဖန်သင်ကြားပေးလိုက်သည်နှင့် တကယ်ကြီး လိမ္မာနာခံသွားကြသည်။


သူတို့က မူမိသားစုရဲ့ မကောင်းဆိုးဝါးအုပ်စုလေးရော ဟုတ်သေးရဲ့လား...


"တော်တယ်... ထိုင်ကြတော့..."


ပုဖန် ပြောလိုက်သည်။


ကလေးများအားလုံး ထိုင်လိုက်သောအခါ ပုဖန်က မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်တော့သည်။


"ဒီနေ့... ငါမင်းတို့ကို အခြေခံဟင်းပွဲ ဥထမင်းကြော်ဘယ်လိုချက်ရလဲ သင်ပေးမယ်... ချက်ပြပေးပြီးတာနဲ့ ကိုယ့်ဘာသာ ပြန်လေ့လာကြရမှာနော်... ငါအမွေအနှစ်နယ်မြေက ပြန်လာရင် ဥထမင်းကြော်အပေါ် နားလည်နိုင်မှုနဲ့ ထိန်းချုပ်မှုအကြောင်း စစ်ဆေးမယ်... အကျွမ်းဆုံးလူက အံ့ဩစရာဆုကိုရမယ်..."


ပုဖန် ပြောလိုက်သည်။


ကလေးများ၏ မျက်လုံးတောက်ပသွားကာ စိတ်လှုပ်တရှား ဆွေးနွေးလာကြသည်။


ပုဖန်သာ ဆုပေးမည်ဆိုပါက သူတို့အလွန်အံ့ဩကြမည်ဖြစ်သည်။ အရင်တစ်ခေါက် အစပ်ချောင်းများနှင့် ဟော့ပေါ့များကို ကြည့်ခြင်းအားဖြင့် ကလေးတစ်အုပ်က ပုဖန် ဆုပေးမည်ဟုပြောတိုင်း အလွန်အမင်းစိတ်လှုပ်ရှားလာတတ်ကြသည်။


"ဆရာပု... ရှီးရှီးအတွက် နည်းနည်းလောက် ထပ်ပြောပြပေးလို့ရမလားဟင်..."


ရှီးရှီး သူမ၏ ချစ်စဖွယ် မျက်လုံးဝိုင်းဝိုင်းများဖြင့် ပုဖန်ကို စိုက်ကြည့်လာသည်။


ပုဖန် တောင့်ခဲသွားသည်။


"အိုး... ဒီတစ်ခေါက်ဆုက ဥထမင်းကြော်ကို အကောင်းဆုံးကြော်နိုင်တဲ့လူကို ငါ့ရဲ့စားသောက်ဆိုင်ကို အလည်ခေါ်သွားမယ်... စားကောင်းတာတွေလည်း ကျွေးမှာပေါ့..."

ပုဖန် ပြောလိုက်သည်။


အဝေးမှ မူလျှို့အာက ထိုသည်ကိုနားထောင်လိုက်မိပြီး ထူးဆန်းသော ခံစားချက်ကိုရလိုက်သည်။


ယင်းက အတော်လေးထူးဆန်းပြီး သူမ မပြောပြတတ်ပေ။


သူမ ခေါင်းခါလိုက်ကာ ဆက်မတွေးတော့ရန်သာ ဆုံးဖြတ်လိုက်သည်။


မူမိသားစုက ပုဖန်ဘက်မရပ်တည်သော်လည်း သူ၏ တပည့်များအပေါ် သင်ကြားခြင်းကို လက်မလျော့ခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်ပြီး မည်သည်က ထူးဆန်းနေသနည်း။


ပုဖန် ကလေးတစ်အုပ်ကို အဲ့အကြောင်းပြောပြမှာတော့ မဟုတ်ဘူးမလား...



သူ၏သင်ခန်းစာသင်ကြားပေးပြီးနောက်တွင် ပုဖန်ကို မူလျှို့အာက မူမိသားစု အိမ်တော် အပြင်ဘက်ထိ လိုက်ပို့လိုက်သည်။


သူ မူမိသားစု အိမ်ဂိတ်ကို နင်းပြီး အိမ်တော်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။


ထို့နောက် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးသို့ ပြန်သွားခဲ့သည။


သူလမ်းလျှောက်နေရင်း သူ့မျက်နှာက တဖြေးဖြေးနက်မှောင်လာသည်။


မူမိသားစုရဲ့ မသေမျိုးစားဖိုမှူးအဖွဲ့...


ကြည့်ရတာ သူ သူတို့ကို နည်းနည်းလောက် သင်ခန်းစာပေးရမယ့်ပုံပဲ...


အတွင်းစက်ဝိုင်းဂိတ်စောင့်များက ပုဖန်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

ပုဖန် အမွေအနှစ်နယ်မြေကို သွားပြီမဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီမှာ ရှိနေရသေးတာလဲ...


သို့သော် သူတို့ ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်လိုက်ကြသေးသည်။


ပုဖန် အတွင်းစက်ဝိုင်းမှ ထွက်ကာ အပြင်စက်ဝိုင်းသို့ ခပ်မြန်မြန်သွားလိုက်သည်။


သူ မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏ ဝင်ပေါက်သို့ရောက်သောအခါ...


ငရဲဘုရင်အာဟနှင့် မဟူရာနဂါးဘုရင်တို့က ဆိုင်ရှေ့တွင် ထိုင်ခုံနှစ်ခုံကို ဆွဲထုတ်ထားပြီး ထိုင်ခုံပေါ်မှီထိုင်ကာ မျက်လုံးမှိတ်၍ နေရောင်ခံနေကြသည်။


ငရဲဘုရင်အာဟ တစ်စုံတစ်ခုကို အာရုံခံလိုက်မိဟန်ဖြင့် သူ၏ မျက်တောင်ရှည်ရှည်တို့က အနည်းငယ် တုန်ခါသွားကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ ပုဖန်၏ အုံ့မှိုင်းနေသော မျက်နှာကို မြင်လိုက်ရသည်။


ရုတ်ချည်းပင် သူ 'အာ'ကနဲ ခပ်တိုးတိုး မြည်တမ်းလိုက်မိသည်။


ပုဖန် စားသောက်ဆိုင်ထဲ ဝင်ပြီးနောက်တွင် ဇီးသီးစိမ်းဖျော်ရည်တစ်ခွက် ငှဲ့လိုက်သည်။ ပါးစပ်အပြည့် သောက်လိုက်ပြီးသောအခါမှ အေးမြသော ခံစားချက်က သူ့လည်ချောင်းတစ်ချောက် လျှောဆင်းသွားပြီး သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။


ငရဲဘုရင်အာဟနှင့် မဟူရာနဂါးဘုရင်တို့ သူတို့၏ ထိုင်ခုံများကို အထဲပြန်ဆွဲလာ၍ ပုဖန်ကို စပ်စုချင်စိတ်အပြည့်ဖြင့် ကြည့်နေကြသည်။


ထို့နောက် ဘာဖြစ်လာလဲ မေးလိုက်သည်။


ပုဖန် သူ့ကို ချန်ထားခဲ့ကြသည်ဟု မပြောပဲ အငြင်းခံလိုက်ရသည်ဟုသာ ပြောလိုက်သည်။


သို့သော် ငရဲဘုရင်အာဟ ထိုသည်ကိုကြားသောအခါ အားပါးတရရယ်မောသွားခဲ့သည်။


"ပုဖန်ရယ် ကောင်လေး... မင်းမှာတောင် ဒီလိုနေ့မျိုးရှိလာသေးတာပဲ... တစ်ယောက်ယောက်ဆီက ချန်ထားခံရတာမျိုးလေ..."


ပုဖန်၏ မျက်နှာ ချက်ချင်းမဲမှောင်သွားသည်။


"ဒါပေမယ့် မသေမျိုးစားဖိုးမှူးအဖွဲ့ ဘယ်လိုပြုမူရမယ်ဆိုတာ တကယ်မသိဘူးပဲ ဟမ့်... သူတို့သင်ခန်းစာအပေးခံရဖို့ တကယ်လိုနေတာပဲ..."


ငရဲဘုရင်အာဟ မေးစေ့ပွတ်ကာ ပြောလိုက်သည်။


ရှပ် ရှပ် ရှပ်


အပေါ်ထပ်မှ ခြေသံများကြားလိုက်ရပြီး နယ်သာရီ၏ ပုံရိပ် ပေါ်ထွက်လာသည်။


အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်နေသော နယ်သာရီက လမ်းလျှောက်ထွက်လာပြီး သူမ၏ ရှည်လျားသွယ်ပြောင်းသော ခြေတံရှည်များက လူတိုင်း၏ မျက်လုံးကို ဆွဲဆောင်နေသည်။ သူမ၏ မျက်နှာလှလှလေးကလည်း လူတိုင်းကို အကြည့်မလွှဲစေနိုင်အောင် ဖြစ်သွားစေသည်။


နယ်သာရီ ပေါ်ထွက်လာသည်နှင့် သူမ၏ အကြည့်များက ပုဖန်ဆီ ရောက်ရှိသွားတော့သည်။ သူမ သူပြောသည့်အရာများကို သေချာကြားလိုက်ရသည်။


ပုဖန်၏ မျက်နှာပေါ်တွင် ကိုးယိုးကားယားဖြစ်နေသော အမူအယာဖြစ်ပေါ်လာသည်။


"အဆင်ပြေပါတယ်... အမွေအနှစ်နယ်မြေလေးထဲ ဝင်ရုံပဲမလား... စိတ်မပူနဲ့ အစ်မကြီးက အဲ့ဒီ့ကိုခေါ်သွားပေးပြီး ကာကွယ်ပေးမယ်..."


နယ်သာရီ ပုဖန်၏ ကိုးယိုးကားယားအမူအယာကိုကြည့်ပြီး သူမ၏ နီထွေးထွေးနှုတ်ခမ်းများက အပြုံးတစ်ခု ဖြစ်တည်သွားသည်။


သူမ၏ အပြုံးမျက်နှာလေးက အလွန်လှပြီး သူတို့၏ စိတ်ဝိဉာဉ်များကိုပင် လှုပ်ခါသွားစေသည်။


ငရဲကမ္ဘာသင်္ဘောနဲ့ဆို သူမ မသွားနိုင်တဲ့ အမွေအနှစ်နယ်မြေဆိုတာ ရှိမှာတဲ့လား...


အဆုံးမှာတော့ သူမက အမွေအနှစ်နယ်မြေတွေထဲ နယ်နှင်ဒဏ်ပေးခံထားရတဲ့ ငရဲကမ္ဘာအမျိုးသမီးပဲလေ...


ပုဖန် လှပစွာပြုံးနေသော နယ်သာရီကိုကြည့်၍ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


ထို့နောက် သူ့နှုတ်ခမ်းထောင့်များလည်း ကွေးညွတ်သွားကာ ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။


"ကောင်းပြီလေ.."


နယ်သာရီ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များ လွင့်မျောလာသည်။ ခဏအကြာတွင် ငရဲကမ္ဘာသင်္ဘောက လေထဲတွင် ပေါ်လာပြီး သန်မာလှသော ငရဲစွမ်းအင်များကို ထုတ်လွှတ်နေသည်။


သူမ သင်္ဘောကုန်းပတ်တွင် တည်ငြိမ်စွာ ရပ်လိုက်ပြီး ပုဖန်ကို ကြည့်လိုက်သည်။ သူမ၏ နီထွေးထွေးနှုတ်ခမ်းတစ်စုံက အနည်းငယ် ကွေးညွတ်သွားပြီး ပြောလိုက်သည်။


"ဒါဆို အကုန်လုံးကို လုယက်ဖို့ သွားကြတာပေါ့..."