အပိုင်း ၉၉၃
Viewers 61k

အခန်း ၉၉၃

ငရဲဘုရင်ကို ပြန်ခေါ်ခြင်း


ငရဲကမ္ဘာသင်္ဘောက သိပ်သည်းလှသော ငရဲစွမ်းအင်များကို ထုတ်ဖော်ကာ လေပေါ်တွင် ပေါလောပေါ်လာသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းများ မြင့်တက်သွားသည်။

နယ်သာရီသာရှိရင် ဝင်မရတဲ့ အမွေအနှစ်နယ်မြေဆိုတာ ရှိမှာတဲ့လား...


အမှန်တကယ်တွင် အမွေအနှစ်နယ်မြေဆိုသည်မှာ လျှို့ဝှက်နယ်မြေတစ်မျိုးသာဖြစ်သည်။ နယ်သာရီ၏ ငရဲကမ္ဘာသင်္ဘောနှင့်ဆိုလျှင် မည်သည့် လျှို့ဝှက်နယ်မြေမဆို ဝင်နိုင်သည်ဖြစ်ရာ ထိုအမွေအနှစ်နယ်မြေသို့ ဝင်ရန်မှာ လွယ်ကူလွန်းလှပေသည်။


ခွေးဘုရင်က မြေပြင်ပေါ်တွင်လှဲ၍ သန်းဝေနေသည်။ ထို့နောက် သူ နယ်သာရီနှင့် ပုဖန်ကို ကြည့်လိုက်သည်။


အဆုံးတွင် နှာခေါင်းကိုရှုံ့လိုက်ကာ သူ၏ဆွဲဆောင်မှုရှိရှိ နူးညံ့သော အသံထွက်ပေါ်လာသည်။


"ကောင်မလေး... ခွေးဘုရင် မင်းကို သတိပေးလိုက်မယ်... အဲ့ဒီ့ အမွေအနှစ်နယ်မြေကို မသွားတာ အကောင်းဆုံးပဲ..."


ခွေးဘုရင်၏ စကားများက ပုဖန်နှင့် နယ်သာရီကို အနည်းငယ် တောင့်ခဲသွားစေသည်။


အစပ်ချောင်းကို ကိုက်ဝါးနေသော ငရဲဘုရင်အာဟလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

အဲ့တာ ဘာကိုဆိုလိုတာလဲ... ခွေးငပျင်းစကားတွေက ဘာအဓိပ္ပါယ်လဲ....


နယ်သာရီ မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် စိတ်ငြိမ်သွားကာ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ပြောလိုက်သည်။


"ပြဿနာမရှိပါဘူး... လျှို့ဝှက်နယ်မြေတွေဆိုတာ ကျွန်မရဲ့ အိမ်ကွင်းလိုပါပဲ..."


သူမ ပုဖန်ကိုကြည့်ပြီး ပြောလိုက်သည်။


"တက်မလာသေးဘူးလား..."


ပုဖန်မျက်မှောင်ကြုတ်ရင်း ခွေးဘုရင်ကို ကြည့်လိုက်သည်။

ခွေးဘုရင်ရဲ့စကားထဲမှာ လေးနက်တဲ့ အဓိပ္ပါယ်တွေရှိနေတာလား...


"ကြောက်မနေနဲ့... ဒီဘုရင် မင်းတို့နဲ့လိုက်ခဲ့မယ်... ဒီဘုရင်သာပါရင် ဘယ်မတော်တဆမှ မဖြစ်ဘူး..."


ငရဲဘုရင်အာဟ ယုံကြည်မှုရှိစွာ ပြုံးရင်းပြောလိုက်သည်။


သူ၏ ပုံရိပ် ပျောက်ကွယ်သွားကာ ဒုန်းကနဲမြည်သံဖြင့် ငရဲကမ္ဘာသင်္ဘောပေါ် ထိုင်လိုက်သည်။


ပန်းပွင့်လေးက ခွေးဘုရင်ကိုကြည့်ပြီး သူမ၏ ခြေထောက်သေးသေးလေးများကို မြေပြင်ပေါ် နင့းချလိုက်ပြီး ငရဲကမ္ဘာသင်္ဘောပေါ် တက်သွားခဲ့သည်။ ထို့နောက် ကုန်းပတ်ပေါ်တွင်ရှိနေသော နယ်သာရီကို ပြုံး၍ ကြည့်လိုက်သည်။


"ငါ့သမီးသွားမယ်ဆိုမှတော့... ဒီနဂါးဘုရင်လည်း လိုက်ကိုလိုက်ရတော့မှာပေါ့..."


မဟူရာနဂါးဘုရင်က သူ့မျက်လုံးကို ပြူး၍ ပြောလိုက်သည်။


"ဒုန်း"ကနဲမြည်သံနှင့်အတူ သူလည်း ငရဲကမ္ဘာသင်္ဘောပေါ်သို့ တက်လိုက်သည်။


သို့သော် သူကုန်းပတ်ပေါ် တက်လာလာခြင်း နယ်သာရီက သူ၏ ဂတုံးပြောင်ပြောင်ဦးခေါင်းကို ကန်ထည့်လိုက်သည်။ ရုတ်ချည်းပင် မဟူရာနဂါးဘုရင်က မြေပြင်ပေါ်သို့ စိတ်ရှုပ်ထွေးနေသော အမူအယာဖြင့် ပြုတ်ကျသွားသည်။


"ငါ့ရဲ့ငရဲကမ္ဘာသင်္ဘောက လူတိုင်း ခုန်တက်နိုင်တဲ့ဟာမျိုး မဟုတ်ဘူး..."


နယ်သာရီ မေးငေါ့၍ ပြောလိုက်သည်။


မဟူရာနဂါးဘုရင်၏ မျက်နှာ နီနီရဲသွားကာ မျက်လုံးပြုံးမျက်ဆန်ပြူးဖြစ်သွားသည်။


"ငါ..."


သူ ဘာပြောရမလဲ တကယ်မသိတော့ပေ။


ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ် တက်လိုက်သည်။ သူ ကုန်းပတ်ထိပ်တွင် ထိုင်လိုက်ပြီး ဒေါသထွက်နေသော မဟူရာနဂါးဘုရင်ကို ပြောလိုက်သည်။


"စားသောက်ဆိုင်ထဲမှာပဲနေ... ခင်ဗျားက စားပွဲထိုးဆိုတော့ စားသောက်ဆိုင်ကို ကောင်းကောင်းစောင့်ကြည့်ထားလိုက်..."


မဟူရာနဂါးဘုရင် မည်မျှပင် ငြင်းဆန်နေကာ စောဒကတက်နေပါစေ ငရဲကမ္ဘာသင်္ဘောက စွမ်းအင်လှိုင်းလုံးများကို ထုတ်ဖော်ကာ ပုံရိပ်ယောင် လေဟာနယ်ကို ထိုးခွင်း၍ ပျံထွက်သွားတော့သည်။


ဝှီး


ပုံရိပ်ယောင် လေဟာနယ်သည် စီးဆင်းနေသော ရေလို လှိုင်းထသွားပြီး နောက်ဆုံးတွင် ငရဲကမ္ဘာသင်္ဘောကို ဝါးမြိုသွားသည်။



ငရဲကမ္ဘာရှိ ကမ္ဘာမြေ အကျဉ်းထောင်တွင်


ကျယ်ပြောလှကာ မဲမှောင်နေသော ဧရိယာကြီးတွင် ဧရာမဓားကြီးဖြင့် ခုတ်ပိုင်းခံထားရသော ခုတ်ရာအကြီးကြီးနှင့်တူသည့် ချောက်ကြီးရှိနေသည်။ ထို ချောက်ကြီးက ပျက်ဆီးနေသော နန်းတော်ဖြစ်ပေသည်။


ရှပ် ရှပ် ရှပ်


ခပ်စိတ်စိတ်ခြေသံများနှင့်အတူ တိုးလျှလှသော အသံတစ်ခုကို ကြားနိုင်သည်။


ကျွီကနည်းမြည်သံဖြင့် နန်းတော်ရှိ ကြီးမားလေးလံလှသော သတ္တုဂိတ်တံခါးကြီးက ပွင့်သွားကာ နှစ်ပေါင်းများစွာ ပိတ်ထားခြင်းခံခဲ့ရသကဲ့သို့ ဖြေးဖြေးချင်း တွန်းဖွင့်ခံလိုက်ရသည်။


ထိုတံခါးများ ပွင့်သွားချိန်တွင် ဖုန်မှုန့်များ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။


ခေါင်းတစ်ခုလုံး ဖွေးဖွေးဖြူနေသော ဆံပင်များရှိသည့် ကလေးတစ်ယောက် ခေါင်းပြူထွက်လာသည်။ သူ့မျက်လုံးများတွင် ပင်ပန်းနွမ်းနယ်နေမှုများ ရှိနေပြီး ခပ်လှမ်းလှမ်းသို့ လှမ်းမျှော်ကြည့်ရှုလိုက်သည်။


ထိုနေရာတွင် တိမ်မဲများ တလိပ်လိပ်တက်လာနေသည်။


ထိုတိမ်မဲများကိုကြည့်ပြီး ကလေး၏ နှုတ်ခမ်းများ တုန်ရီသွားသည်။


တိမ်မဲများ၏ အရှိန်က အလွန်အမင်းလျှင်မြန်ပြီး ခဏအတွင်း နန်းတော်ရှေ့သို့ သက်ဆင်းလာသည်။


တိမ်မဲများ ပြန့်ကျဲသွားကာ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။


ထိုပုံရိပ်များမှ ထွက်ပေါ်လာနေသော စွမ်းအင်များက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းနေသည်။ အချိန်တိုင်း ၎င်းတို့က ပုံရိပ်ယောင်လေဟာနယ်ကို တွန့်လိမ်နေစေသည်။


ဘုန်း ဘုန်း ဘုန်း


ခြေသံခပ်ပြင်းပြင်းတို့ ထွက်ပေါ်လာသည်။ ထိုလူများက နန်းတော်ဘက်သို့ ဖြေးဖြေးချင်းလျှောက်လှမ်းလာပြီး ထိုလူများကို ဦးဆောင်နေသည်မှာ လူငါးယောက်ဖြစ်ပေသည်။ ထိုလူငါးယောက်တွင် တစ်ယောက်ချင်းဆီတိုင်းက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။


တစ်ယောက်က အရည်တွန့်နေသော မျက်နှာဖြင့် လူအိုကြီးတစ်ယောက်ဖြစ်သည်။ အနက်ရောင်ချပ်ဝတ်နှင့် ဆင်တူသော အနက်ရောင်မှော်တောင်ဝှေးကို ကိုင်ဆောင်ထားပြီး သူ၏အော်ရာက အခြားသူများနှင့်ယှဉ်လျှင် သာမန်သာဖြစ်နေသည်။


လူအိုကြီးဘေးတွင် ခေါင်းအထက်တွင် ချွန်မြနေသော ငွေရောင်ဦးချိုရှိသည့် ချောမောခန့်ညားလှသော ယောက်ျားတစ်ဦးရှိနေသည်။ ထိုလူ၏ နောက်ကျောတွင် ဘူးသီး အကြီးကြီးတစ်ခုကို ထမ်းပိုးထားပြီး နှုတ်ခမ်းပါးတွင် လူတိုင်း၏ နှလုံးသားကို နွေးထွေးစေသည့် အပြုံးလေးရှိနေသည်။


လူအိုကြီး၏ အခြားဘေးတစ်ဖက်တွင် ဦးခေါင်းပေါ်တွင်ရွှေရောင် ဦးချိုရှိသော ကြမ်းတမ်းခက်ထန်သည့် ပုံပေါ်သော လူအိုကြီးတစ်ယောက်ရှိနေသည်။ သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံက အရပ်ရှည်ကာ ထွားကျိုင်းသဖြင့် ဧရာမတိုင်တန်ကြီးနှင့် တူနေသည်။


သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ချပ်ဝတ်တို့ဖြင့် ကာရံထားခြင်းမရှိဘဲ သွေးကြောတို့ ခုံးထနေသည့် ကြွက်သားများဖြင့် အတိပြီးသော ခန္ဓာကိုယ်ကို ထုတ်ဖော်ပြထားသည်။ သူလှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောတို့က အရူးအမူးလှုပ်ခါသွားသည်။


ထိုအုပ်စုထဲတွင် အမျိုးသမီးနှစ်ယောက်လည်း ပါဝင်နေသည်။


တစ်ယောက်က ငွေရောင်ဦးချိုရှိသူဘေးတွင်ရပ်နေသည်။ သူမတွင် ကလေးကဲ့သို့ မျက်နှာလေးရှိနေသော်လည်း ခန္ဓာကိုယ်က အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်တည်ဆောက်ပုံရှိနေသည်။ သူမခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်က သူမ၏ ရင်သားများကို အပြည့်အဝဖုံးကာမပေးနိုင်ပဲ မည်သည်အချိန်မဆို ထွက်ကျလာတော့မည့်ပုံနှင့် တူနေသည်။


ထိုမိန်းမပျို၏နှုတ်ခမ်းများက ပန်းရောင်သန်းနေကာ သူမ၏ မျက်လုံးများက နက်နက်ရှိုင်းရှိုင်း စွဲမက်ဖွယ်ဖြစ်နေသည်။ သူမ၏ ပန်းရောက်ဆံပင်များက နားရွက်နားသို့ရောက်ရုံသာ ရှည်ပေသည်။ ခြုံကြည့်ရမည်ဆိုလျှင် သူမက ကျက်သရေရှိပြီး ချစ်စဖွယ်ကောင်းသော ပုံလေးဖြစ်နေသည်။


အခြားတစ်ယောက်က ခါးအထိတိုင် ဆံပင်ရှည်ရှည်တို့ရှိနေသော အမျိုးသမီးဖြစ်သည်။ သူမ၏ မျက်နှာက လှပကာအေးစက်နေပြီး သူမတွင် သွယ်လျသော ကိုယ်လုံး ကိုယ်ပေါက်ရှိနေသည်။ နောက်ကျောဘက်တွင် ဓားအရှည်ကြီးတစ်ချောင်းကို သယ်ဆောင်နေကာ သူမထံမှ အင်အားကြီးကာ ကြောက်စရာကောင်းသော အော်ရာများ ထွက်ပေါ်နေသည်။


"အိုင်းယား... တျဲလေး... အစ်မကြီးက မင်းကိုမြင်ပြီးသားပါကွာ... ဒီကိုမြန်မြန်လေးထွက်လာခဲ့..."


ထိုဆံပင် ပန်းရောင်နှင့် အမျိုးသမီးက ခေါင်းထုတ်ကြည့်သည့် လောင်တျဲဟုခေါ်သောကလေးကို မြင်သွားသည်။ သူမ၏ မျက်လုံးများ တောက်ပလာကာ ခြေတံရှည်တို့ဖြင့် ရှေ့ကို လျှောက်သွားသည်မှာ လောင်တျဲဟူသော ကလေးနား တယ်လီပို့ဖြင့်ရောက်သွားဟန်ပင် ဖြစ်နေသည်။


လောင်တျဲက ဂိတ်တံခါးကို ပိတ်ချင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။


ထိုအမျိုးသမီးက သူမ၏ ဖြူဖွေးသွယ်လျသော လက်လေးကိုမြှောက်ကာ ထိုဂိတ်တံခါးကို သူမ၏ လက်ဖဝါးဖြင့် ဖိချလိုက်သည်။ လောင်တျဲက သူ၏ခွန်အားအကုန်လုံးကိုသုံးသော်လည်း မပိတ်နိုင်ပဲဖြစ်နေသည်။


အဆုံးတွင် သူအရှုံးပေးလိုက်တော့သည်။


လောင်တျဲ သူ့ခေါင်းကို မော့လိုက်သောအခါ သူ၏ဆံနွယ်ဖြူဖြူတို့ပျံ့လွင့်ကာ ဖြူစင်ကာ အပြစ်ကင်းစင်သော မျက်နှာလေးကို ထုတ်ဖော်ပြလိုက်သည်။


"ကမ္ဘာမြေအကျဉ်းထောင်အရှင်တို့က ငရဲဘုရင်ရဲ့နန်းတော်ကို လာလည်ဖို့ ဘယ်လိုလုပ်စိတ်ကူးပေါက်လာကြပါလိမ့်ဗျာ... အရှင်ငရဲဘုရင်က လောလောဆယ်အနားယူနေပါတယ်... သူ့ကို နှောင့်ယှက့်လို့ မကောင်းဘူး မဟုတ်လား..."


လောင်တျဲက အပြုံးလေးဖြင့် ပြောလိုက်သည်။


ဆံပင်ပန်းရောင်ဖြင့် အမျိုးသမီး၏ နှုတ်ခမ်းတို့ တွန့်ချိုးသွားကာ လောင်တျဲ၏ ပါးလေးကို ဖျစ်ညှစ်လိုကိသည်။


"တျဲလေး... လိမ္မာတဲ့ ကလေးဆိုတာ မလိမ်ရဘူးလေ... စမ်းချောင်းဝါဂိတ်ပဏ္ဍိတက ငရဲဘုရင် သူ့နန်းတော်က ထွက်လာပြီး ပစ္စည်းအချို့ လာလုသွားတယ်လို့ပြောပြပြီးသား..."


"အိုး... အဲ့လိုလား... မဖြစ်နိုင်ဘူးနော်.. အရှင်ငရဲဘုရင်က စားလိုက် အိပ်လိုက် အိပ်လိုက်စားလိုက်နဲ့ အရမ်းကိုနာခံမှု ရှိနေတာပါ..."


လောင်တျဲ မျက်တောင်တို့ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဖြူစင်အပြစ်ကင်းသော မျက်နှာလေးကို ပြသလိုက်ပြန်သည်။


"လုပ်မနေနဲ့တော့ လော့ကျီ. ငါတို့ တိုက်ရိုက်ဝင်ပြီး ကြည့်လိုက်ကြတာပေါ့..."


သူတို့ကို ဦးဆောင်နေသော လူအိုကြီးက ပြောလိုက်သည်။ သူ၏ အက်ရှလှသော အသံထွက်ပေါ်လာသည်နှင့် ပန်းရောင်ဆံပင်နှင့် အမျိုးသမီးက လျှာတစ်လစ် ထုတ်လိုက်သည်။


"ကောင်းပြီလေ... ကျွန်မတောင် အစ်ကို ငရဲဘုရင်ကို မတွေ့ရတာ အတော်ကြာပြီ..."


"ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်တို့... အရှင်တို့ ဝင်သွားလို့မရဘူး... လောလောဆယ် ငရဲဘုရင် အနားယူနေတယ်..."


လောင်တျဲ တံခါးဝကို လက်နှစ်ဆက် ဆန့်တန်း၍ ကာလိုက်သည်။ သူ အရှင်သခင်များကို ကြောက်လန့်တကြား ကြည့်နေလေသည်။


ဘုန်း ဘုန်း


ခက်ထန်လှသော ကျင်းကျောင်းက လှုပ်ရှားလိုက်သည်။ သူခြေနှစ်လမ်းသာ လှမ်းလိုက်သေးသော်လည်း မြေပြင်တစ်ခုလုံး လှုပ်ခါသွားလေသည်။


အလွန်လျှင် မြန်စွာဖြင့် သူ လောင်တျဲရှေ့ ရောက်လာသည်။ သူ၏လက်ကြီးများဖြင့် လောင်တျဲကို သူ့မျက်စိဖြင့် တစ်တန်းတည်းဖြစ်အောင် မြှောက်လိုက်သည်။


"ငါတို့ ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်တွေ လုပ်ချင်တာရှိရင် မင်းတစ်ယောက်တည်းနဲ့ တားလို့ရမယ်ထင်တာလား... မြန်မြန်လေးလမ်းပြပေးစမ်း... ငါတို့ ငရဲဘုရင်နဲ့တွေ့ချင်တယ်... ငါတို့မှာ သူ့ကိုပြောစရာတွေလည်း ရှိနေတယ်..."


လောင်တျဲ၏မျက်နှာတွင် မျက်ရည်စီးကြောင်းနှစ်ခု ဖြစ်ပေါ်လာသည်။


သူလည်း ငရဲဘုရင် ဘယ်ကိုလစ်ပြေးသွားသလဲသိချင်သော်လည်း ဤကျွမ်းကျင်သူများနှင့်ယှဉ်ရန် သူကအတော်လေး စွမ်းအားမဲ့နေသည်။


ဤလူများက ကမ္ဘာမြေအကျဉ်းထောင်၏အရှင်သခင် ငါးယောက်ဖြစ်သည်။ ထိုသူများအားလုံး၏ ကျင့်ကြံဆင့်က အသန်မာဆုံးဖြစ်ကြပြီး အရှင်ငရဲဘုရင်၏အဆင့်နှင့် တူသည်ဟုလည်း ပြောနိုင်သည်။


ထိုသူများက အရှင်ငရဲဘုရင်ကို ထိန်းချုပ် ကွပ်ကဲရန် တာဝန်ရှိသူများ ဖြစ်ကြသည်။


ကျွီ


ဂိတ်တံခါးကြီး ပွင့်သွားသောအခါ ထိုငါးယောက်က အထဲသို့ ဝင်သွားကြသည်။


ထိုငါးယောက်၏ နောက်တွင် သူတို့၏ လက်အောက်ငယ်သားအမျိုးမျိုးကလိုက်လာပြီး ထိုသူများ၏ အော်ရာကလည်း အလွန်သန်မာလှသည်။


ငရဲဘုရင်နန်းတော်သည် နက်ရှိုင်းလှသော ချောက်နက်ကြီးထဲတွင်တည်ရှိပြီး အလွန်ငြိမ်းချမ်းတိတ်ဆိတ်လှသည်။


လူတစ်စုက သတ္တုခင်းထားသော လမ်းမတစ်လျှောက်သို့ လျှောက်လာပြီး ခဏချင်းပင် နန်းတော် ရှေ့တည့်တည့်သို့ရောက်လာသည်။


သူတို့ နန်းတော်ထဲ ခြေချလိုက်သည်နှင့်....


အဓိကခန်းမကြီး၏ ပလ္လင်အမြင့်ပေါ်တွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ခေါင်းက ရွေ့စောင်းနေပြီး အသွင်အပြင်ကို ညွှန်းဆိုရန် ခက်ခဲလှပေသည်။


"မြင်လား... ကျွန်တော်ပြောပါတယ်... အရှင်ငရဲဘုရင် လောလောဆယ်မှာ အနားယူနေပါတယ်လို့... အခုသူ့ကို နှောင့်ယှက်ဖို့ အချိန်ကောင်းမဟုတ်ဘူး..."


လောင်တျဲက ရုပ်ဆိုးလှသော အပြုံးနှင့် ပြောလိုက်သည်။


"ဟမ့်... ဒီအရုပ်လေးနဲ့ ငါတို့ကို ညာလို့ရမယ် ထင်နေတာလား..."


ဒုန်း


လူအိုကြီး စိတ်တိုသွားသည်။ သူ့လက်ထဲရှိ တောင်ဝှေးကိုဆောင့်ချလိုက်သောအခါ မြေကြီးက အစိတ်စိတ်ကွဲကြေသွားသည်။


ဝှီး


တောင်ဝှေးမှ ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး ပလ္လင်ပေါ်ရှိ ပုံရိပ်ကို ခွဲခြေပစ်လိုက်သည်။


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုပုံရိပ်ကြီး ပေါက်ကွဲသွားသည်။


လူပြက်ဟန် ပြုံးယောင်သန်းနေသည်မျက်နှာက လေနှင့်အတူ လွင့်မျောလာသည်။


လောင်တျဲ၏ မျက်နှာ ကိုးယိုးကားယားဖြစ်သွားခဲ့သည်။


ထိုအချိန်တွင် လေထုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။


"ဖွီး... ငါ့အစ်ကိုကြီးငရဲဘုရင်ကတော့.. ထင်တဲ့အတိုင်းပဲ ပြဿနာရှာရတာ တော်တော်လေးကြိုက်တယ်..."


လော့ကျီ ထိုအပြုံးမျက်နှာကို မြင်လိုက်ရသောအခါ ကျယ်လောင်စွာ ရယ်မောမိလိုက်သည်။ သူမအားရပါးရ ရယ်မောနေသည်မှာ ခန္ဓာကိုယ်တစ်ခုလုံးပင် လှုပ်ခါနေလျက်ရှိသည်။


"ထင်တဲ့အတိုင်းပဲ... အရှင်ငရဲဘုရင်အာဟ ငရဲဘုရင်နန်းတော်က ထွက်ပြေးသွားပြန်ပြီ..."


လူအိုကြီး၏ နက်ရှိုင်းလှသောအသံ ထွက်ပေါ်လာသည်။


လောင်တျဲက ထိုနေရာတွင်သာရပ်နေပြီး အတုန်တုန်အရီရီဖြစ်နေသည်။


သူ့နှလုံးသားထဲတွင် မှားယွင်းနေသလို ခံနေရသည်။

သူဘာလုပ်နိုင်မှာလဲ... သူလည်း စိတ်ပျက်ပါတယ်နော်....


လူအိုကြီးက ဘာမှဆက်မပြောပဲ အနက်ရောင်မှော်တောင်ဝှေးကိုကိုင်ထားပြီး သူ၏ မျက်လုံးများက ခရမ်းရောင်ပြောင်းသွားခဲ့သည်။ တောင်ဝှေးမှလာသော ခရမ်းရောင်အလင်းတန်းများက ကြီးမားလှသော ဝဲကတော့ကြီးဖြစ်လာပြီး သူ့ရှေ့တွင် လည်ပတ်နေလေသည်။


ခဏအကြာတွင် ၎င်းက သူ၏ သူငယ်အိမ်များထဲ ဝင်သွားခဲ့သည်။


"ငရဲဘုရင်အာဟက တကယ်ကြီး မသေမျိုးအချက်အပြုတ်နယ်မြေထဲ ဝင်သွားခဲ့တာလား... တကယ့်ကို ငြိမ်ငြိမ်မနေနိုင်တဲ့ အရှင်ပဲ... လော့ကျီ ...ကျင်းကျောင်း မင်းတို့နှစ်ယောက် မသေမျိုးအချက်အပြုတ်နယ်မြေထဲဝင်ပြီး ငရဲဘုရင်ကို ပြန်ခေါ်လာခဲ့..."


လော့ကျီး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်သွားသည်။


"တကယ်လား ဖိုးဖိုးယင်းလောင်.... ကျွန်မသွားလို့ရတာလား..."


ကျင်းကျောင်းက ပြုံးရုံသာ ပြုံးလိုက်သော်လည်း သူ့မျက်လုံးများတွင်တော့ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။


"ဘာလို့မေးနေသေးလဲ.. မင်းမသွားချင်ရင် ယို့ကျီကို သွားခိုင်းလိုက်မယ်..."


လူအိုကြီးက လော့ကျီးကို မျက်စောင်းထိုးပြီးပြောလိုက်သည်။


လော့ကျီး လျှင်မြန်စွာ လက်ခါပြပြီး ခပ်ဟဟရယ်လိုက်သည်။ သို့သော် သူမမျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုများက ပျောက်ကွယ်ခြင်း မရှိသေးပေ။


"ဒါဆိုသွားကြတော့.. ငါတို့ မင်းတို့နှစ်ယောက်ကို ဒီမှာစောင့်နေလိုက်မယ်... ဒီလူအိုကြီးမှာ အရှင်ငရဲဘုရင်ကို ပြောစရာရှိနေတယ်.."


လူအိုကြီးက အေးစက်စွာပြောလိုက်သည်။


ကျင်းကျောင်း ခေါင်းငြိမ့်ပြလိုက်ကာ လော့ကျီးက သူမတင်ပါးများကို လှုပ်ခါနေသည်။


ထို့နောက် ထိုနှစ်ဦးက အစိမ်းရောင်အငွေ့များအဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေတော့သည်။



ဝှီး


ပုံရိပ်ယောင်လေဟာနယ် တွန့်လိမ်သွားကာ ငရဲစွမ်းအင်တို့ ဝန်းရံနေသော ငရဲကမ္ဘာသင်္ဘော ပေါ်ထွက်လာသည်။


ကုန်းပတ်ပေါ်တွင် ပုဖန် ပတ်ဝန်းကျင်ကို သိချင်စိတ်အပြည့်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်တို့ တောက်ပနေသည်။


"ဒါ အမွေအနှစ်နယ်မြေလား... မသေမျိုးမီးတောက်ကရော ဘယ်မလဲ..."


ခပ်လှမ်းလှမ်းတွင် သတ္တုသင်္ဘောတစ်စင်း ပျံသန်းလာပြီး ကြောက်မက်ဖွယ်စွမ်းအင်တို့ကို ဖြန့်ကျက်နေသည်။ ၎င်း ပတ်ပတ်လည်ရှိ ပုံရိပ်ယောင် လေဟာနယ်ပင် တုန်ရီနေလေသည်။


၎င်းက သူကောင်းမျိုးနွယ်မိသားစု၏ စစ်သင်္ဘောဖြစ်လေသည်။ သူတို့သည်လည်း ပုံရိပ်ယောင်လေဟာနယ်ထဲ ခရီးဆန့်၍ အခုမှ အမွေအနှစ်နယ်မြေသို့ ရောက်လာဟန်တူသည်။


ပုဖန် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။


အောက်ဘက်တွင် မြေပြင်ကျယ်ကြီးဖြစ်သည်။


တောင်တန်းများစွာ နိမ့်တစ်ခါ မြင့်တစ်လှည့်ရှိနေပြီး အပေါ်မှ ကြည့်ပါက ဧရာမကြာပန်းကြီး ပွင့်အာနေဟန်ဖြစ်နေသည်။ ၎င်းပေါ်ရှိ ပွင့်ချပ်တိုင်းတွင် ရွေ့လျားနေသော အမှတ်အသားများရှိပြီး အသေအချာကြည့်ပါက ထိုအမှတ်များက မြစ်ပြင်ကျယ်ကြီးများဖြစ်ကြောင်း သိနိုင်ပေသည်။


စစ်သင်္ဘောများတွင် ဆန်းကျယ်သော အစီအရင်များရှိနေပြီး အောက်သို့ ဖြေးဖြေးချင်း သက်ဆင်းလာကြသည်။


နယ်သာရီ ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေပြီး ကြာပန်းပုံတောင်ကို ငုံ့ကြည့်နေသည်။


"ထူးဆန်းလိုက်တဲ့ ခံစားချက်... ဒီကြားပန်းတောင်က ငါ့ကိုဆွဲဆောင်နေတဲ့ တစ်ခုခုရှိနေပုံပဲ..."


ဟမ်...


နယ်သာရီ၏ စကားများက ပုဖန်ကို တောင့်ခဲသွားစေသည်။


"အဆင်ပြေပါတယ်... မင်းကိုဆွဲဆောင်နေတာရှိရင် သွားယူလိုက်လေ..."

ပုဖန် ပြောလိုက်သည်။


သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံက လေနှင့်အတူ ပြင်းထန်စွာ ဝေ့ဝဲနေပြီး ဆက်ပြောလိုက်သည်။


"အခု ကျုပ်တို့ မူမိသားစု မသေမျိုးစားဖိုမှူး အဖွဲ့ရဲ့ စစ်သင်္ဘောကို ရှာရမယ်... သူတို့က သူတို့စကားကို ပြန်ရုတ်သိမ်းမှတော့... ဒီအမွေအနှစ်နယ်မြေကနေ သူတို့ဘာမှရမသွားအောင် လုပ်ရမယ်..."