အပိုင်း ၉၉၄
Viewers 53k

အခန်း ၉၉၄

ဒါ အမွေအနှစ်နယ်မြေအတုကြီးဖြစ်နေမလား


ကောင်းကင်မှကြည့်သောအခါ အမွေအနှစ်နယ်မြေက ကြာပန်းကြီးတစ်ခုနှယ်ဖြစ်နေသည်။


သို့သော် ၎င်းက နယ်မြေအသေးစားလေးတစ်ခုသာဖြစ်သည်။


စစ်သင်္ဘောများက ကြာပန်း၏ဘေးဘက်တွင် ဆင်းသက်လာကြသည်။ ကြာပန်း၏အလယ်ဗဟိုတွင် စစ်သင်္ဘောများဆင်းသက်ခြင်းမှ ကာကွယ်ထားသည့် တစ်စုံတစ်ခုရှိနေပုံပေါ်သည်။


လူတိုင်းဆင်းသက်ပြီးနောက်တွင် ကျင့်ကြံသူများအားလုံး စစ်သင်္ဘောအပြင်ဘက်သို့ လျှောက်ထွက်လာကြသည်။


ဤအမွေအနှစ်နယ်မြေက သိပ်မကြီးသည့်အပြင် ပထမအဆင့်မသေမျိုးစားဖိုမှူးများသာ လိုချင်တပ်မက်ကြသည့် အရင်းအမြစ်များရှိနေသည်။


ဤအပိုင်းရှိ ကောင်းကင်နှင့်မြေပြင်က တောက်လောင်နေလျက်ရှိသည်။ သူတို့ခြေထောက်အောက်ရှိ မြေပြင်က အဆက်မပြတ်လှုပ်ခါနေပြီး အောက်ဘက်တွင် မီးလှိုင်းအချို့ဖြတ်ပြေးနေဟန် ခံစားနေရသည်။


မသေမျိုးစားဖိုမှူးတစ်ယောက်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေပြင်ကို လက်ဖြင့်ဖိလိုက်သည်။ ထူးခြားသော အပူဓာတ်အချို့ကို ခံစားလိုက်ရပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ဖြတ်ပြေးသွားသည်။


"မသေမျိုးမီးတောက် ဒီနေရာမှာ ရှိကိုရှိလောက်တယ်... အဆင့်နိမ့်မဟုတ်တဲ့အပြင် ထိပ်တန်းမသေမျိုးမီးတောက်အခုတစ်ရာထဲမှာ အလယ်အလတ်အဆင့်မှာရှိလောက်တယ်..."


မသေမျိုးမီးတောက် အမျိုးအစားများစွာရှိသော်လည်း ထိပ်တန်းအဆင့် မသေမျိုးမီးတောက်ထဲတွင်ပါဝင်သော မသေမျိုးမီးတောက်များက အလွန်အမင်း တန်ဖိုးရှိလှပေသည်။


ထိုအချိန်တွင် ငရဲကမ္ဘာသင်္ဘောက မြေပြင်ပေါ်သက်ဆင်းလာခဲ့သည်။ သို့သော် မည်သူမှ သင်္ဘောပေါ်က မဆင်းပေ။


ပုဖန်က ကုန်းပတ်ပေါ်တွင်ထိုင်နေပြီး နယ်သာရီလည်း သူ့ဘေးတွင်ရပ်နေကာ ဤအမွေအနှစ်နယ်မြေကို စူးစမ်းနေကြသည်။


နယ်သာရီ၏ အကြည့်များက အမွေအနှစ်နယ်မြေ၏ အလယ်ဗဟိုတွင် ကပ်ညိနေပြီး သူမ၏ မျက်လုံးများတွင် သိချင်စိတ်တို့ ပိုမိုများပြားလာသည်။


ငရဲဘုရင်အာဟ သူ့ပါးစပ်ထဲတွင် အစပ်ချောင်းကို ကိုက်ထားကာ သူတစ်ကိုယ်လုံးက ပိုမိုတက်ကြွနေသည်။


"ထူးဆန်းလိုက်တဲ့ ခံစားချက်ပဲ... ငါ့နှလုံးသားထဲမှာ ဘာလို့ မငြိမ်မသက်ဖြစ်နေရတာလဲပဲ..."


သူ သူ၏မျက်ခုံးကြားကို ပွတ်သပ်လိုက်သည်။ ထို့နောက် အစပ်ချောင်းကို ကိုက်ဖြတ်လိုက်သည်။


နယ်သာရီ၏ မျက်နှာက အေးစက်နေကာ ငရဲကမ္ဘာသင်္ဘောကို ဆက်သွားရန် ထိန်းချုပ်လိုက်သည်။


ငရဲကမ္ဘာသင်္ဘောက လျှို့ဝှက်နယ်မြေများကြား သွားလာနိုင်သည်ဖြစ်ရာ နယ်သာရီက သင်္ဘောပေါ်က ဆင်း၍ လှုပ်ရှားရန်မလိုပေ။


သို့သော် ပုဖန်က သင်္ဘောပေါ်တွင် မနေလိုတော့ချေ။ နယ်သာရီကို အကြည့်တစ်ချက်ပေးပြီး သူ ခုန်သာချလိုက်တော့သည်။


သူ့စိတ်တစ်ချက်လှုပ်ခါသွားပြီး မှော်အစီအရင်တစ်ခုက သူ့ပတ်ပတ်လည်တွင် တောက်ပလာသည်။


ခဏအကြာတွင် ထိုမှော်အစီအရင်ထဲမှ ဝှိုက်တီထွက်ပေါ်လာသည်။ ၎င်း၏ နောက်ကျောဘက်မှ သတ္တုအတောင်ပံများက ဖြန့်ကျလာကာ စူးရှလှသော ခံစားချက်ကို ပေးစွမ်းနေသည်။


ဝှစ်


ငရဲကမ္ဘာသင်္ဘောပေါ်မှ နောက်ထပ် ပုံရိပ်တစ်ခု ခုန်ချလာသည်။ ထိုပုံရိပ်လေးက လေထဲတွင် လွင့်ပျံလာပြီး ဝှိုက်တီ၏ ခေါင်းပေါ် ဆင်းသက်လာသည်။


ဘုန်း


ဝှိုက်တီ မြေပြင်ပေါ်ကျဆင်းလာသည့်အသံမှာ အတော်ကျယ်လောင်ပြီး ပတ်ဝန်းကျင်ကို တုန်ယင်သွားစေသည်။


ပန်းပွင့်လေးက ဝှိုက်တီ၏ ခေါင်းကိုဖက်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထို့နောက် သူမ၏မျက်လုံးလေးများကို ဝင့်ကာ ပတ်ဝန်းကျင်ကို စူးစမ်းဟန် ကြည့်လိုက်သည်။


ပုဖန်လည်း မြေပြင်ပေါ်ဆင်းသက်လာပြီး မျက်မှောင်ကြုတ်၍ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။


သူတို့ဆင်းသက်လာသော နေရာက မသေမျိုးစားဖိုမှူးများ ဆင်းသက်ရာနယ်မြေနှင့်ယှဉ်လျှင် အလယ်ဗဟိုနှင့် ပိုနီးလေသည်။


ပုဖန် ခပ်လှမ်းလှမ်းမှ မသေမျိုးစားဖိုမှူးများ၏ စကားပြောသံများကိုပင် ကြားနေရသည်။


"သွားကြစို့..."


သူ အလယ်ဗဟိုသို့ ဦးတည်၍ စတင်လမ်းလျှောက်လေတော့သည်။


ဤ အမွေအနှစ်နယ်မြေက သိပ်မဆိုးလှပေ။ ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေအတွက် သင့်တော်သော စိတ်ဝိဉာဉ်သစ်သီးပင်များစွာ ရှိနေသည်။


မူမိသစု၏ မသေမျိုးစားဖိုမှူးအဖွဲ့က သူ့ကို မလိုက်စေချင်သော်လည်း ပုဖန် ဘယ်လိုမှမနေပေ။ သူအရင်ဆုံးလှုပ်ရှား၍ အရင်းအမြစ်အားလုံးကို သိမ်းယူပစ်လိုက်မည်ဖြစ်သည်။


ပန်းပွင့်လေးက ကလေးငယ်အရွယ်သာရှိသေးသော်လည်း ပုဖန်နှင့်ယှဉ်လျှင်စိတ်ဝိဉာဉ်သားရဲများကို ပိုမို အာရုံခံနိုင်နေသည်။ မည်သို့ပင်ဆိုစေ သူမက ရှေးဟောင်းနတ်သားရဲဖြစ်သည့် ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမြိုစပါးအုံးမြွေဖြစ်နေသည်။


သူမ ဝှိုက်တီ၏ ခေါင်းပေါ်မှ ခုန်ချလိုက်ပြီး အဝေးသို့ပြေးသွားကာ စတင်မွှေနှောက်၍ ပြန်လာလေသည်။


သူမထိုသို့လုပ်ချိန်တိုင်း စိတ်စွမ်းအင်များအပြည့်ပါနေသော ပါဝင်ပစ္စည်းများကို ရှာပေးနိုင်ပေသည်။


ထို စိတ်ဝိဉာဉ်ပေါကြွယ်ဝသော ပါဝင်ပစ္စည်းများ၏ အရည်အသွေးက အတော်လေးကောင်းမွန်၍ ပုဖန်က ကိုင်တောင်မထားတော့ပဲ ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲသို့ ပစ်ထည့်လိုက်သည်။


သူတို့ရှေ့ဆက်သွားပြီး တွေ့သမျှအရာတိုင်း ကောက်ယူနေသည်မှာ အနောက်တွင်ကျန်နေသော မသေမျိုးစားဖိုမှူးများအတွက် ဘာမှမကျန်တော့ချေ။


ထိုအချိန်တွင် ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲတွင် နျိုဟန်ဆန်း တစ်ခုပြီးတစ်ခုပေါ်လာသော ပါဝင်ပစ္စည်းများစွာကိုကြည့်နေသည်။ ချက်ချင်းပင် ပုဖန် ပြဿနာစရှာနေပြီဖြစ်ကြောင်း သူသိလိုက်၍ မျက်လုံးသုံးလုံး ခြင်္သေ့ရိုင်းကို မြန်မြန်ခေါ်ကာ ထိုပစ္စည်းများကို စုဆောင်းခိုင်းတော့သည်။


ပန်းပွင့်လေး၏ မျက်နှာတွင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေကာ အမွေအနှစ်နယ်မြေထဲတွင် ပတ်ပြေးနေခဲ့သည်။


တစ်ခါတစ်ရံ သူမစိတ်ဝိဉာဉ်သစ်သီးအချို့ကို ပါးစပ်ထဲပစ်ထည့်၍ တစ်မြုံ့မြုံ့ဝါးလေ့ရှိသည်။ သစ်သီးအရည်တို့က နေရာအနှံ့သို့ ဖိတ်ဆင်သဖြင့် ထိုရနံ့တို့က လူတိုင်း၏နှာခေါင်းဝသို့ပင် ကလူကျီဆယ်နေဟန်ဖြစ်နေသည်။


တစ်ခါတစ်ရံ သူမက တစ်နေရာသို့လက်ညှိုးထိုးပြ၍ ပါဝင်ပစ္စည်းများရှိသည့်နေရာကို ပြောပြတတ်သည်။


ထိုအခါ ပုဖန်က ထိုနေရာသို့သွား၍ ထိုပါဝင်ပစ္စည်းများကို ယူဆောင်လေ့ရှိသည်။


ပန်းပွင့်လေးနှင့်အတူ ပါဝင်ပစ္စည်းရှာရခြင်းသည် ပုဖန်အတွက် ပိုမိုလွယ်ကူစေကာ ပိုမိုလျှင်မြန်စေသည်။ ထို့အပြင် ၎င်းက သူလိုချင်သည့်စုဆောင်းမှုမျိုးဖြစ်ပြီး တစ်နေရာလုံးက ဘာမှမပေါက်ရောက်သည့်အသွင် ရှင်းလင်း၍နေသည်။


အနောက်တွင် ဘာဆိုဘာမှမကျန်ခဲ့ပေ။


သို့သော် ပုဖန် လမ်းတစ်လျှောက်တွင် မည်သည့် မသေမျိုးပါဝင်ပစ္စည်းမှ ရှာမတွေ့သည်မှာ နှမျောစရာပင်ဖြစ်သည်။


သို့သော် ယင်းက ပုံမှန်သာဖြစ်သည်။ မသေမျိုးပါဝင်ပစ္စည်းများက မသေမျိုးပါဝင်ပစ္စည်းများသာဖြစ်ကြပေသည်။ မသေမျိုးသစ်ပင်တွင်ပင် ထိုသည်များကိုတွေ့ရသည်မှာ အလွန်ရှားလှပြီး အမွေအနှစ်နယ်မြေထဲတွင် မတွေ့ရသည်မှာ ဖြစ်သင့်လေသည်။


ထိုသည်ကို တွေးကြည့်ပါက အမွေအနှစ်နယ်မြေထဲတွင် မသေမျိုးပါဝင်ပစ္စည်းများမှာ အလွန်အလွန့်နည်းပါးလိမ့်မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့ကို ကြောက်မက်ဖွယ်စိတ်ဝိဉာဉ်သားရဲတို့က စောင့်ရှောက်နေကြလေသည်။


သူတို့ တစ်စုံတစ်ခုကို တွေ့ရလျှင်ပင် ကံကောင်းမှသာ ရရှိမည်ဖြစ်သည်။


ပုဖန်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ပါဝင်ပစ္စည်းများကို စုဆောင်းနေသော်လည်း အနောက်မှ မသေမျိုးစားဖိုမှူးအဖွဲ့သည် စပ်စုချင်စိတ်နှင့် ထိတ်လန့်မှုတို့ ပြည့်နေသော မျက်နှာဖြင့် ရှိနေကြသည်။


အမွေအနှစ် ကြာပန်းနယ်မြေတွင် များစွာသော သက်ဆင်းရာနေရာများရှိသဖြင့် သူကောင်းမျိုးနွယ်မိသားစုများ၏ မသေမျိုးစားဖိုမှူး အဖွဲ့များက မတူညီသော သက်ဆင်းရာနယ်မြေများသို့ ရွေးချယ်ကြပေလိမ့်မည်။


သူတို့ရှေ့ဆက်သွားလျှင် ၎င်းတို့၏ ပစ်မှတ်ဖြစ်သော အလယ်ဗဟို၌ ဆုံကြမည်ဖြစ်သည်။


အခြားနေရာများတွင် ဆင်းသက်ကြသော လူများက အရင်းအမြစ်များကို ရှာဖွေတွေ့ရှိ၍ စုဆောင်းနိုင်ခဲ့ကြသည်။


ပုဖန်နောက်တွင် ဆင်းသက်ကြသော ကံမကောင်းရှာသည့် အဖွဲ့သည် မူမိသားစု မသေမျိုးစားဖိုမှူးအဖွဲ့မှလွဲ၍ မည်သူရှိမည်နည်း။


အရာအားလုံးက ပုဖန်၏ အစီအစဉ်အတိုင်းဖြစ်နေသည်။


စိတ်ပုတ်သောစားဖိုမှူးပုဖန်က ထိုလူများ၏ ခရီးစဉ်ကို မလွယ်ကူအောင်လုပ်သည်မှာ ပုံမှန်သာဖြစ်သည်။


ထိုအချိန်တွင် အမာရွတ်နှင့်လူကြီး၏ မျက်နှာက မဲမှောင်ကာ သံသယများပြည့်နှက်နေပြီဖြစ်သည်။


အမွေအနှစ်နယ်မြေများစွာသို့ သွားဖူးကာ ပထမအဆင့်မသေမျိုးစားဖိုမှူးဖြစ်သည်မှာ ကြာလှပြီဖြစ်သော ထိုလူက ဤနယ်မြေတွင် မသေမျိုးမီးတောက်နှင့် မသေမျိုးပါဝင်ပစ္စည်းများရှိပြီး အခြားအဖိုးတန်ပါဝင်ပစ္စည်းများစွာရှိကြောင်း သိပေသည်။ သူတို့အတွက် ထိုပါဝင်ပစ္စည်းများက အဓိကအားထားရာဖြစ်ပြီး ထိုသည်များကိုသာ စုဆောင်းရန် လာခဲ့ခြင်းဖြစ်သည်။


အဆုံးတွင် မသေမျိုးပါဝင်ပစ္စည်းများနှင့် မသေမျိုးမီးတောက်များက အလယ်ဗဟိုဧရိယာတွင်သာပေါ်လာတတ်ပြီး အနည်းအကျဉ်းသာရှိလေသည်။ ထိုပစ္စည်းများပေါ်လာချိန်တွင် များစွာသော မသေမျိုးစားဖိုမှူးအဖွဲ့များက ထိုအဖိုးတန်အရာများကို တိုက်ခိုက် လုယူကြမည်ဖြစ်သည်။


သူတို့ ထိုအဖိုးတန်ပစ္စည်းများကို မရပါက ဤစိတ်ဝိဉာဉ်ပါဝင်ပစ္စည်းများက ၎င်းတို့၏ အဆုံးသတ် ရိတ်သိမ်းမှုများဖြစ်သည်။


သို့သော်...


"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...လမ်းတစ်လျှောက်လုံး စိတ်ဝိဉာဉ်စွမ်းအင်ပါတဲ့ ပါဝင်ပစ္စည်းတစ်ခုမှမရှိဘူးတဲ့လေ... ငါတို့ စိတ်ဝိဉာဉ်သစ်သီးလေးတစ်ခုတောင် မတွေ့ဘူး... ဖြစ်နိုင်ကြရဲ့လား..."


အမာရွတ်နှင့်လူကြီး၏ နှုတ်ခမ်းများ တုန်ရီသွားကာ သူ့မျက်နှာက ပိုမို မှိုင်းညို့လာသည်။


သူတို့ အမွေအနှစ်နယ်မြေအတုကြီးထဲများ ရောက်လာတာလား...


အမာရွတ်နှင့်လူကြီး၏ အနောက်ဘက်ရှိ မသေမျိုးစားဖိုမှူးများက မျက်နှာများပြာနှမ်း၍ ခေါင်းသာ တွင်တွင်ငုံ့နေကြသည်။


ကတိပေးထားတဲ့ အရင်းအမြစ်တွေ ဘယ်မှာလဲ... ကတိပေးထားတဲ့ စိတ်ဝိဉာဉ်အစွမ်းပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့ စိတ်ဝိဉာဉ်သစ်သီးတွေရော...


ပါဝင်ပစ္စည်းတစ်ခုလေးရဲ့ အရိပ်အယောင်တောင်မရှိတာ ဘာလို့လဲ...


ဝှစ်


သူတို့စိတ်တွေလှုပ်ရှားသွားပြီး ခပ်လှမ်းလှမ်းကို တစ်ချက်ကြည့်လိုက်သည်။


ခြုံပုတ်များကြားမှ ကြီးမားလှသော စိတ်ဝိဉာဉ်သားရဲကြီးတစ်ကောင် ဖြတ်ပြေးသွားသည်။


အမာရွတ်နှင့်လူ၏ မျက်လုံးနှင့် အခြားမသေမျိူးစားဖိုမှူးများ၏ မျက်လုံးများ ရဲရဲနီသွားတော့သည်။ သူတို့နောက်ဆုံးတွင် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို ရှာတွေ့ပြီဖြစ်သည်။


၎င်း၏ အဆင့်က သိပ်မမြင့်သော်လည်း ပါဝင်ပစ္စည်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။


ထို့ကြောင့် မသေမျိုးစားဖိုမှူးများက ၎င်းကိုသတ်ရန် စတင်လှုပ်ရှားကြတော့သည်။


သို့သော် သူတို့ကို အလွန်အံ့အားသင့်သွားစေသည့်အရာမှာ ထိုသားရဲက အသတ်ခံလိုက်ရပြီး သေးငယ်ကြုံဝင်သွား၍ဖြစ်သည်။ ၎င်း၏ ကြီးမားသည့် ခန္ဓာကိုယ်ကြီး ကြုံ့ဝင်သွားသည်မှာ လက်မောင်းတစ်ဖက်စာ အရွယ်အစားသာ ရှိလေတော့သည်။


မူမိသားစု၏ မသေမျိုးစားဖိုမှူးများ အချင်းချင်းကြည့်လိုက်ကြသည်။


အမာရွတ်နှင့်လူကြီးက ပိုမိုဒေါသထွက်လာသည်။ သူဒေါသထွက်လွန်း၍ နှုတ်ခမ်းများပင် တုန်ရီနေပြီဖြစ်သည်။


နေ့တစ်ဝက်မျှ ခရီးဆက်ပြီးနောက်တွင် နောက်ဆုံး၌ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို တွေ့ခဲကြသော်လည်း ကြုံဝင်သွားတတ်သော အကောင်မျိုးဖြစ်နေသည်။


အမာရွတ်နှင့်လူ ဖိနှိပ်ထားသည့် စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်ကို ဖိနှိပ်သွားသည်။


အမာရွတ်နှင့်လူ၏ ကျင့်ကြံဆင့်က အတော်လေးမြင့်ပြီး ကြယ်နှစ်ပွင့်အစစ်အမှန် မသေမျိုးအဆင့်သို့ရောက်နေပြီဖြစ်၍ ၎င်း၏ ဖိနှိပ်မှုက များစွာသော မသေမျိုးစားဖိုမှူးများ၏ နှလုံးသားကို တုန်ရီနေစေလေသည်။


ရုတ်တရက် မျက်စိလျှင်သော မသေမျိုးစားဖိုမှူးတစ်ယောက်က တစ်ဝက်မျှကိုက်စားခံထားရသော စိတ်ဝိဉာဉ်သစ်သီးတစ်လုံးကို တွေ့သွားခဲ့သည်။ ထိုစိတ်ဝိဉာဉ်သစ်သီးထဲတွင် စိတ်ဝိဉာဉ်စွမ်းအင်တို့ ထူထပ်သိပ်သည်စွာ ပါဝင်နေသည်ကိုတွေ့လိုက်ရသည်။ သူစူးစိုက်ကြည့်နေမိသည်မှာ မျက်လုံးများပင် ကြုံ့ဝင်လုမတတ်ဖြစ်နေသည်။


သူ ၎င်းကို အမာရွတ်နှင့်လူကို ပြောပြလိုက်သည်။


အမာရွတ်နှင့်လူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ သူထိုစိတ်ဝိဉာဉ်သစ်သီးကို ကောက်ယူလိုက်ပြီး သူ၏မျက်လုံးထဲမှ လူသတ်လိုသော အရောင်အဝါများ ထွက်ပေါ်နေသည်။


"ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ကို တမင်တကာ လာရှုပ်နေတာပဲ... ငါတို့သွားတဲ့ လမ်းတစ်လျှောက်က စိတ်ဝိဉာဉ်ပါဝင်ပစ္စည်းတွေအကုန်လုံးကို အလစ်သုတ်ပြီး ငါတို့ကို လက်ဗလာနဲ့ ပြန်စေချင်ပုံပဲ..."


အမာရွတ်နှင့်လူကြီး အံတင်းတင်းကြိတ်လိုက်ကာ သူ့ဒေါသများက အဆုံးအစွန်သို့ ရောက်သွားပြီဖြစ်သည်။


သူတို့ဆက်သွားလေလေ စိတ်ဝိဉာဉ်သစ်သီးခွံများနှင့် အစားခံထားရသော အသီးမျိုးစုံကို တွေ့လာရသည်။


ဂရုတစိုက်ကြည့်လိုက်သောအခါ ထိုပတ်ဝန်းကျင်တွင်ရှိရမည့် ပါဝင်ပစ္စည်းများစွာက အစအနမရှိအောင် ပျောက်ကွယ်နေပေသည်။ ၎င်းက သူတို့ရောက်မလာခင် တစ်စုံတစ်ယောက်က အလစ်သုတ်သွားမှန်း သိသာနေသည်။


"ဘယ်သူလဲကွ... ဘယ်မိသားစုကလဲ... ကုန်းရှုမိသားစုလား... ကျန်းမိသားစုလား..."


အမာရွတ်နှင့်လူက လက်သီးတင်းတင်းဆုပ်လိုက်မိသည်။


သူကောင်းမျိုးနွယ်မိသားစုများထဲတွင် အချင်းချင်းယှဉ်ပြိုင်ခြင်းကို ခွင့်ပြုထားပေသည်။ သို့သော် မိသားစုတိုင်း ကိုယ့်လမ်းပေါ်ရှိ ပစ္စည်းများကို မယူကြရန် သဘောတူထားကြသည် မဟုတ်ပါလော။


ဘာလို့ သူတို့ရှေ့မှာကြိုသွားပြီး သူတို့ ပစ္စည်းတွေကို လုယူနေရတာလဲ...


"အရှိန်မြှင့်ပြီးဆက်သွားကြမယ်... ငါတို့ရဲ့ အရင်းအမြစ်တွေကိုလုတာ ဘာကောင်တွေလဲသွားကြည့်ကြမယ်... ဒီမှာရှိသမျှ ပစ္စည်းတိုင်းက ငါတို့ပိုင်သင့်တာတွေပဲ..."


အမာရွတ်နှင့်လူကြီး အော်ဟစ် အမိန့်ပေးလိုကိသည်။


ခဏအကြာတွင် မူမိသားစု မသေမျိုးစားဖိုမှုးများအားလုံး ရှေ့သို့ အရှိန်အပြည့်ဖြင့် ခရီးဆက်ကြလေတော့သည်။



ဝှစ်


ပုဖန် ကြက်ခြေသည်းနှင့်တူသော စိတ်ဝိဉာဉ်ဆေးပင်တစ်အုပ်ကို ဆုပ်ယူလိုက်သည်။ ၎င်း၏ အမြစ်တွင် မြေဆီလွှာများပင် ရှိနေသေးပေသည်။


၎င်းက ဇာမဏီခြေသည်းမြက်ဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအင် ပေါကြွယ်ဝလေသည်။ ၎င်းကို ဟင်းချိုချက်ရာတွင်အသုံးပြုပြီး ၎င်းက စွပ်ပြုတ်၏အရသာကို ပိုမိုကောင်းမွန်စေသည်။ ၎င်းက အလွန်ကောင်းသည့် စိတ်ဝိဉာဉ်ဆေးပင်ဖြစ်ပေသည်။


သူစိတ်ကျေနပ်မှုအပြည့်ဖြင့် ထိုစိတ်ဝိဉာဉ်ဆေးပင်ကို ကောင်းကင်နှင့်ကမ္ဘာမြေ လယ်ယာမြေထဲ ပစ်ထည့်လိုက်ပြီး ရှေ့သို့လှမ်းမျှော်ကြည့်လိုက်သည်။


ဤလမ်းက ဆုံးတော့မည်ဖြစ်ကာ အရှေ့သို့အနည်းငယ်ဆက်သွားလျှင် အမွေအနှစ်၏ ကြာပန်းအလယ်ဗဟိုသို့ ရောက်မည်ဖြစ်သည်။


အလယ်ဗဟိုသည် မသေမျိုးပါဝင်ပစ္စည်းများနှင့် မသေမျိုးမီးတောက်တို့ ပေါ်ထွက်ရာနေရာဖြစ်၍ ထိုနေရာတွင် တိုက်ပွဲများ ပြင်းထန်မည်ဖြစ်သည်။


ဘုန်း ဘုန်း


ပုဖန် စိတ်တို့လှုပ်ခါသွားကာ သူ့နောက်ကို လှည့်ကြည့်လိုက်သည်။


ထိုနေရာတွင် ကြောက်မက်ဖွယ်စွမ်းအင်တို့ လျှင်မြန်စွာချဉ်းကပ်လာသည်။ အမှန်ပင် မူမိသားစု၏ မသေမျိုးစားဖိုမှုးအဖွဲ့က ဒေါသအပြည့်ဖြင့် ပြေးလာပြီး ပြဿနာရှာနေသော လူကို ဖမ်းရန် ပြင်နေကြခြင်းဖြစ်သည်။


ပုဖန် ထိုနေရာဘက်ကို အကြည့်တစ်ချက်သာ စွန့်ကြဲလိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် လေထဲရှိ ငရဲကမ္ဘာသင်္ဘာကို ဆင်းသက်လာရန် အချက်ပြလိုက်သည်။


ထိုအချိန်တွင် နယ်သာရီနှင့် ငရဲဘုရင်အာဟ၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ အချိန်မဖြုန်းတော့ပဲ ငရဲကမ္ဘာသင်္ဘောပေါ်မှ ခုန်ဆင်းလာခဲ့ကြသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးနှင့် နဂါးအရိုးမီးဖိုချောင်သုံးဓားကိုထုတ်ယူကာ ဟင်းပွဲချက်ပြုတ်ရန် ပြင်ဆင်လေတော့သည်။


ထို့နောက် စနစ်သိုလှောင်နယ်မြေထဲမှ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကို ထုတ်လိုက်သည်။


ဤစိတ်ဝိဉာဉ်သားရဲ၏ အဆင့်က မနိမ့်ပေ။ ၎င်းက စိတ်ဝိဉာဉ်သခင်အဆင့်ရှိသားရဲဖြစ်သည်။


ပုဖန် ၎င်းကို ပြင်ဆင်ပြီး အသားလွှာများဖြစ်အောင်လှီးဖြတ်ကာ တုတ်ဖြင့်ထိုးလိုက်သည်။


သူ့ပါးစပ်ကိုဖွင့်ကာ မြေကမ္ဘာမီးတောက်ကိုမှုတ်လိုက်ပြီး အပူရှိန်ချက်ချင်း မြင့်သွားစေသည်။


သူမဟူရာလိပ်ခုံးဒယ်အိုးပေါ်တွင် အကင်ဇကာတင်လိုက်ပြီး စိတ်ဝိဉာဉ်သားရဲများတင်ကာ အသားကင်လုပ်လိုက်တော့သည်။


တောမြိုင်အလယ်တွင် အသားကင်ရသည်မှာ စိတ်ကျေနပ်ဖွယ်ကောင်းလှပေသည်။


ထိုစဉ် ခပ်လှမ်းလှမ်းမှ မူမိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့က တဖြေးဖြေးချင်း နီးကပ်လာပြီဖြစ်သည်။



ပုံရိပ်ယောင်လေဟာနယ် တွန့်လိမ်သွားသည်။


မသေမျိုးအချက်အပြုတ်နယ်မြေ၏ ပထမအလွှာ မသေမျိုးမြို့တော်အပြင်ဘက်တွင် လေဟာနယ်အက်ကွဲကာ ပုံရိပ်နှစ်ခု လမ်းလျှောက်ထွက်လာသည်။


လော့ကျီးအကြောလျော့လိုက်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူမ၏ ရင်သားများက အပေါ်အောက်အဆက်မပြတ် တုန်ခါသွားလေသည်။


"ဒီနေရာကလေထုက အရမ်းကောင်းတာပဲ... အစ်ကိုကြီးဒီ မသေမျိုးအချက်အပြုတ်နယ်မြေထဲပြေးလာတာ မအံ့ဩတော့ဘူး..."


သူမဘေးတွင် သန်မာတောင့်တင်းလှသော ပုံရိပ်နှင့် ကျင်းကျောင်းရှိပြီး မသေမျိုးမြို့တော်ကို ငြိမ်သက်စွာကြည့်နေသည်။


"ဒီ မသေမျိုးအချက်အပြုတ်နယ်မြေထဲမှာ ကျင့်ကြံသူတွေရှိတာလဲ မမေ့နဲ့ဦး... ငါတို့ဒီကို အရှင်ငရဲဘုရင်ကိုလာရှာတာ ပြဿနာလာရှာတာမဟုတ်ဘူး... မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ နယ်မြေအရှင်သခင်က အရမ်းသန်မာတယ်ဆိုတာ မှတ်ထား..."


ကျင်းကျောင်း မျက်မှောင်ကြုတ်၍ပြောလိုက်သည်။


လော့ကျီး ထိုသည်ကိုကြားသောအခါ သူမ၏ ပန်းရောင်နှုတ်ခမ်းပါးများ ဆူထော်သွားကာ မျက်လုံးလှန်လိုက်မိသည်။


"ဒီအမျိုးသမီးလေးက... ငါနဲ့သဘောမတူနဲ့လူတိုင်းကို တိုက်ခိုက်မယ့်လူလား... ပြဿနာမရှာသင့်တဲ့လူကနင်ပါနော် ကျင်းကျောင်းရဲ့..."


ကမ္ဘာမြေအကျဉ်းထောင်၏ အရှင်သခင်ငါးယောက်က ခက်ထန်ကြမ်းတမ်းကြသော်လည်း တိုက်ခိုက်ရခြင်းကို ကြိုက်သူမှာ ကျင်းကျောင်းသာဖြစ်သည်။


သူမကို ပြဿနာမရှာဖို့ပြောတယ်ပေါ့... နောက်နေတာလား...


ကျင်းကျောင်းက လော့ကျိကို ဂရုစိုက်ရန် ပျင်းနေသဖြင့် မျက်မှောင်သာကြုတ်လိုက်သည်။ သူ၏ ရွှေရောင်ဦးချိုက ရွှေရောင်စွမ်းအင်လှိုင်းအချို့ ထွက်ပေါ်လာသည်။


"အရှင်ငရဲဘုရင်က မြို့ထဲမှာမရှိဘူး... ဒါပေမယ့် အရှင်ယင်းလောင်ပြောတာတော့ သူပထမအလွှာထဲမှာရှိတယ်တဲ့... ဒီတော့ သူ ဒီထဲမှာပဲရှိရမယ်..."


ကျင်းကျောင်း ပြောလိုက်သည်။


လော့ကျီး နောက်တစ်ကြိမ် မျက်ဆံလှန်လိုက်တော့သည်။


"အရှင်ယင်းလော့ ငါ့ကိုဘာလို့ ဒီကို လွှတ်လဲသိလိုက်ပြီ... ဒီလို အကြီးစားငတုံးကြီးနဲ့ဆိုရင် အရှင်ငရဲဘုရင်ကိုရှာရတာ နတ်ပြည်တက်ရသလို ခက်မှာပဲ..."


လော့ကျီး နှုတ်ခမ်းလေး ဆူထော်လိုက်သည်။ ထို့နောက် သူမ၏ ဖြူဖွေးနူးညံ့သော လက်မောင်းလေးများကို လေထဲတွင် ဝှေ့ယမ်းလိုက်သည်။


ပုံရိပ်ယောင် လေဟာနယ် အက်ကွဲသွားပြန်သည်။


"ငါက အရှင်ငရဲဘုရင်ရဲ့ ဖန်ဂဲလ်လေးဆိုတော့ ငါ့နောက်လိုက်လို့ မမှားဘူးဆိုတာသိလား..."


ခဏအကြာတွင် လော့ကျီး ပုံရိပ်ယောင် လေဟာနယ်ထဲ ဝင်ရောက်သွားသည်။


ပုံရိပ်ယောင်လေဟာနယ် အက်ကွဲသွားကာ ကြာပန်းနယ်နယ်မြေ၏ အမွေအနှစ်ဆီသို့ တိုက်ရိုက်ဆက်သွယ်သွားသည်။