အပိုင်း ၉၉၅
Viewers 62k

အခန်း ၉၉၅

ရွှေကြာနတ်ဆိုးမီးတောက်... မသေမျိုးကိရိယာ လှိုင်းတစ်ခု...


ရွဲ... ရွဲ...


ထူထပ်သော မီးခိုးအလွှာတစ်ခုသည် အဖြူရောင် ပြာမှုန်များနှင့်အတူ ထွက်ပေါ်လာသည်။ ၎င်း၏ရနံ့သည် လေထဲတွင် လှည့်ပတ်သွားနေသည့် ရှည်လျားသော မြွေတစ်ကောင်ကို ဖွဲ့စည်းထားပုံနှင့် တူသည်။


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးများကို ပြူးကျယ်နေပြီး တရှဲရှဲမြည်နေသော ရွှေရောင်အသားကင်များကို စိုက်ကြည့်နေသည်။


ရွှေရောင်အသားကင်များကို ငရုတ်နှစ်ရည်များဖြင့် သုတ်လိမ်းထားသည်။ ထို ငရုတ်နှစ်ရည်မှာ မီးတောက်၏ အပူချိန်အောက်တွင် ပြန့်ကျဲ၍ မွှေးရနံ့များထွက်ပေါ်နေပြီး ပို၍ အရသာရှိမည့်ပုံပေါ်နေသည်။


ရွဲ... ရွဲ...


ပုဖန် အသားကင်ငါးချောင်းကို လက်တစ်ဖက်ဖြင့် ယူကာ စကာပေါ်တွင် တင်ထားလိုက်သည်။ ဒယ်အိုးထဲမှ ရေနွေးငွေ့များ လွင့်ပျံလာပြီး ထိုသို့ပျံတက်လာတိုင်း ရနံ့မှာ ပို၍ ထူထပ်လာသည်။


ဤအသား၏ အရည်အသွေးမှာ အလွန်ကောင်းပြီး ကင်ရန် သင့်တော်သောကြောင့် ပုဖန်ကိုပင် အနည်းငယ် ထိတ်လန့်သွားစေသည်။ အသားကင်ပါဝင်ပစ္စည်းတစ်ခုအတွက် ၎င်းသည် အလွန်မွှေးကြိုင်လှသည်။


ပုဖန် အကင်တစ်ချောင်းကိုယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။ ချက်ချင်းပင် သူ၏ပါးစပ်ထဲသို့ ပျော့ပြောင်းမှုအပြည့်နှင့် အသားတစ်ပိုင်း ခုန်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ဝါးနေသည့်အချိန်တွင် အသားကင်မှ ကင်ထားသော အခိုးအငွေ့နှင့် ပြည့်ဝသည့်အရသာကို ခံစားရပြီး အထူးပြုလုပ်ထားသော ငရုတ်နှစ်ရည်နှင့် ပို၍ အရသာခံနိုင်သည်။ အလွန်ပင် အရသာရှိလှသည်။


" စားဖို့ အဆင်သင့်ဖြစ်နေပြီ..." 


ပုဖန်ပြောလိုက်သည်။


ထိုအသားကင်ကိုစားရန် စောင့်ဆိုင်းနေသော ငရဲဘုရင်အာဟနှင့် နယ်သာရီတို့ စားချင်စိတ်ကို မအောင့်ထားနိုင်ကြတော့ပေ။


ပန်းပွင့်လေး အကင်တစ်ချောင်းကိုယူ၍ အသားများကို သူမ၏ချွန်ထက်လှသော သွားများနှင့်ကိုက်ဆွဲကာ ပါးစပ်ထဲ ထည့်လိုက်သည်။


ပါးစပ်ထဲတွင် အသားကင်များနှင့် ပြည့်နေပြီး ပါးစပ်ထောင့်များတွင် နီညိုရောင်ငရုတ်နှစ်ရည်များ ပေကျံလျက် ရွှင်မြူးစွာ မျက်လုံးများကို မှိတ်ထားသည်။


လူအုပ်စုကြီး အကင်များကို ဝိုင်း၍ထိုင်လိုက်ပြီး ကျေနပ်နှစ်သက်စွာ စားသောက်နေကြသည်။


ပုဖန်နှင့် ခရီးတူတူသွားပါက အရသာရှိသော အစားအသောက်များ စားရမည်ကို ပန်းပွင့်လေး သိသည်။ ထို့ကြောင့် သူမ အဆုံးမဲ့ပင်လယ်သို့ တူတူလိုက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် အမွေအနှစ်နယ်မြေသို့ လိုက်ခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် အနာဂတ်တွင်လည်း အရသာရှိသော အစားအသောက်များ စားရရန် ပုဖန်နောက်ကို ထပ်ကြပ်မခွာလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။


... 


အဝေးတစ်နေရာမှ ပြင်းထန်သော အော်ရာတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်။


ယခုအချိန်တွင် မူမိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့ လျင်မြန်စွာ နီးကပ်လာပြီး သူတို့ကို ဦးဆောင်နေသူမှာ ပုဖန်ကို ငြင်းပယ်ခဲ့သည့် အမာရွတ်ရှိသော အမျိုးသားဖြစ်သည်။


ထိုအမာရွတ်နှင့် လူ၏မျက်နှာမှာ မည်းမှောင်နေပြီး မျက်လုံးထဲတွင်လည်း‌ ဒေါသဖြင့် ပြည့်နှက်နေသည်။ သူ၏မျက်နှာကြွက်သားများ တွန့်ချိုးနေသဖြင့် အမာရွတ်သည် တွန့်လိမ်နေသော မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။


" ဘယ်သူလဲဆိုတာ ငါမသိစေနဲ့ မဟုတ်ရင် အဲ့လူက ကုန်းရှို့မိသားစုက ဆိုရင်တောင် ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်..."


အမာရွတ်နှင့် လူ၏ ဒေါသမှာ ကောင်းကင်ဘုံအထိ ရောက်တော့မည်ဟု ထင်ရသည်။


ရုတ်တရက်...


မသေမျိုးစားဖိုမှူးအဖွဲ့ ရပ်တန့်သွားသည်။


နှာခေါင်းများရှုံ့ပြီး လေထဲတွင် ပြန့်နှံ့နေသော အသားကင်နံ့ကို ရှုသွင်းလိုက်မိကြသည်။ 


ဒီအနံ့က...


" ဘာတွေလဲ ဘယ်လိုဖြစ်လို့ အမွေအနှစ်နယ်မြေမှာ အသားကင်နံ့ ရနေတာလဲ..." 


အမာရွတ်နှင့်အမျိုးသား၏ မျက်နှာမှာ ပို၍ပင် တွန့်ချိုးသွားကာ စိတ်ထဲမှ ဒေါသများက ကောင်းကင်သို့ ပျံတက်သွားသည်။


တခြားတစ်ဖက်က သူတို့ကို လှောင်ပြောင်နေသည်ဟု ခံစားရသည်။


သူတို့ပိုင်ဆိုင်သည့် အရင်းအမြစ်များကို လုယူသွားသည့်အပြင် အသားကင်ပါစား၍ သူတို့ကို လှောင်ပြောင်နေသည်။


အရမ်းလွန်နေပြီ မဟုတ်ဖူးလား...


သူတို့ကို ဘယ်လို အမုန်းအာဃာတတွေများ ထားနေတာလဲ...


" အားလုံး မြန်မြန်သွားကြစမ်း..." 


အမာရွတ်နှင့်လူ ဒေါသတကြီးဟိန်းဟောက်ကာ နောက်တစ်ခဏတွင် သူ၏ပုံရိပ်သည် လျှပ်စီးကဲ့သို့ လွင့်ပျံကာ လေထဲသို့ ပျံတက်သွားသည်။ သူ၏အရှိန်မှာ အလွန်မြန်လွန်းလှသည်။


...


ပုဖန်တို့အုပ်စု အသားကင်များ စားပြီးသွားကြသောအခါ မဟူရာလိပ်ခုံးဒယ်အိုးနှင့် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို သိမ်းဆည်းလိုက်သည်။


ထို့နောက် ငရဲကမ္ဘာသင်္ဘောပေါ်သို့ တက်သွားကြသည်။


ပန်းပွင့်လေး အလွန်စိတ်ကျေနပ်နေသည်။ သူမ၏ လုံးဝန်းနေသော ဗိုက်ကိုပွတ်လျက် ဝိညာဉ်သစ်သီးကို စားနေသည်။ တစ်ချက် ကိုက်လိုက်သည့်အချိန်တိုင်း သစ်သီးရည်များက နေရာအနှံ့ပြန့်ကျဲသွားသည်။


ငရဲဘုရင်အာဟကို ကြည့်ရသည်မှာလည်း စိတ်လှုပ်ရှားသွားပုံရသည်။ သူသည်လည်း ဝိညာဉ်သစ်သီးကို စားနေသည်။


တကယ်ကို အရသာရှိလွန်းတယ်...


ပန်းပွင့်လေး မတွန့်တိုပေ။ ခရီးတစ်ယောက်တွင် ဝိညာဉ်သစ်သီးအနည်းငယ်ကို ကောက်ယူခဲ့ပြီး ငရဲဘုရင်အာဟက အချို့ကို လုယူသွားသောအခါတွင်လည်း မည်သို့မျှ မခံစားရပေ။


ပန်းပွင့်လေးမှာ အလွန်နာခံပြီး ထက်မြက်လှသည်။ ပုဖန်နှင့် နယ်သာရီကိုပင် သူမသဘောအတိုင်း သစ်သီးအချို့ ခွဲဝေပေးထားသည်။


လူအုပ်စုကြီး ငရဲကမ္ဘာသင်္ဘော ကုန်းပတ်ပေါ်တွင်ထိုင်၍ ဝိညာဉ်သစ်သီးများကို စားနေကြသည်။


ဝိညာဉ်အဆီအနှစ်သည် နေရာတိုင်းသို့ ပြန့်နှံ့သွားပြီး ဝိညာဉ်စွမ်းအင်များက ကောင်းကင်သို့ ပြေးတက်လာသည်။


အဝေးမှ ပုံရိပ်များစွာ လျင်မြန်စွာ ဆင်းသက်လာသည်။


ဝုန်း...


မြေကြီးများ တုန်ခါလာပြီး ဖုန်မှုန့်များ အရပ်မျက်နှာအသီးသီးသို့ ပြန့်နှံ့သွားသည်။


အမာရွတ်နှင့်လူ ခေါင်းကိုမော့၍ သူ၏အထက်တွင်ရှိသော ငရဲကမ္ဘာသင်္ဘောကို စိုက်ကြည့်နေသည်။


"နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ... ဘယ်မိသားစုက မသေမျိုးစားဖိုမှူးလဲဆိုတာ တိတိကျကျ..."


သို့သော် သူပြောမည့် စကားလုံးများ လည်ချောင်းထဲတွင် နစ်မြုပ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲနေပြီး သူ၏မျက်လုံးများက ပေါက်ထွက်လုနီးပါး ဖြစ်နေသည်။


အဘယ်ကြောင့်ဆိုသော် ထိုသင်္ဘောပေါ်တွင် သူစိတ်ကူးခဲ့သော သြဇာကြီးသော မိသားစုများ မဟုတ်သော်လည်း သူလုံးဝ တွေးထင်မထားဖူးသော တစ်စုံတစ်ယောက်ရှိနေသောကြောင့်ပင်။


ပုဖန်လား အဲ့ဒီမသေမျိုးစားဖိုမှူးလေ...


မယုံကြည်နိုင်စွာ အော်ဟစ်လျက် အမာရွတ်နှင့်အမျိုးသား၏ မျက်လုံးများ မှုန်ဝါးသွားခဲ့သည်။


သူ၏ဘေးနားရှိ အခြားမသေမျိုးစားဖိုမှူးများလည်း ဘာမှမပြောနိုင် ဖြစ်ကုန်သည်။


သူတို့ငြင်းပယ်ခဲ့သော ထိုသေမျိုးနှင့် အမွေအနှစ်နယ်မြေတွင် လာရောက်တွေ့ဆုံလိမ့်မည်ဟု မည်သူမျှ ထင်မထားကြပေ။


အမာရွတ်နှင့်လူ လက်သီးများဆုပ်လိုက်ပြီး အေးစက်သော လေသံဖြင့်ပြောလိုက်သည်။


 " သူက ဘယ်လိုလုပ် အမွေအနှစ်နယ်မြေကို ဝင်လို့ရသွားတာလဲ... ဘယ်မိသားစုကမှ သူ့ကိုဝင်ဖို့ ခွင့်ပြုချက် မပေးထားဘူးလေ..."


ထိုအချိန်တွင် ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်တွင် ထိုင်ပြီး သူ၏ခြေထောက်များက လှုပ်ရမ်းနေလျက် ထိုလူအုပ်စုကို မျက်နှာသေဖြင့် ကြည့်နေသည်။


ဝိညာဉ်သစ်သီးကို ကိုင်ဆောင်၍ မည်သူ့ကိုမျှ ဂရုမစိုက်ကာ အသံမြည်အောင်စားနေလျက် သစ်သီးရည်များလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။


ပုဖန်သစ်သီးကို စားပြီးပြီဖြစ်၍ လက်ကျန်သစ်သီးကို အမာရွတ်နှင့် လူဆီသို့ အေးအေးဆေးဆေးပင် လှမ်းပစ်လိုက်သည်။


သစ်သီးပြုတ်ကျလာပြီး အမာရွတ်နှင့် လူရှေ့သို့ ပလုံခနဲအသံဖြင့် ကျသွားသည်။


ထိုလူ၏စိတ်ထဲမှ အမျက်ဒေါသသည် တစ်ဟုန်ထိုး ပေါက်ကွဲထွက်သွားသည်။


ထိုဝိညာဉ်သစ်သီးမှာ မူလက သူတို့ပိုင်ဆိုင်သည့် အရာဖြစ်သော်လည်း ထိုသေမျိုးက လုယူသွားပြီး မည်သည့်အရာမျှ မချန်ခဲ့ပေ။


အရာအားလုံးကို လုယူသွားပြီးသည့်နောက်တွင်လည်း ဤသို့ လှောင်ပြောင်နေသည်။ 


အမွေအနှစ်နယ်မြေကို ဝင်ခွင့်မရှိသည့် သေမျိုးက ယခု သူတို့ကို လှောင်ပြောင်နေသည်။


" မင်းက သေချင်နေတာပဲ..."


 အမာရွတ်နှင့်လူ အော်ဟစ်လိုက်သည်။


သို့သော် သူပြန်ရရှိလာသည့် တုံ့ပြန်မှု့မှာ ငရဲကမ္ဘာသင်္ဘောပေါ်မှ ပစ်ချလိုက်သော သစ်သီးများပင်ဖြစ်သည်။


သစ်သီးတစ်လုံးမှာ တင့်တယ်စွာ ကွေ့ကောက် ပျံသန်းလာပြီး အမာရွတ်နှင့်လူ၏ ဦးခေါင်းတည့်တည့်သို့ ထိမှန်၍ တစ်ကြိမ်ခန့်ခုန်ပြီး မြေပေါ်သို့ လှိမ့်ဆင်းသွားသည်။


" နွားသိုးမျက်လုံး... ဒီဘုရင်ရဲ့ အချိန်အဆက မင်းထက်ပိုပြီး တိကျတယ် ကြက်စပ်ကောင်ရဲ့..."


 ငရဲဘုရင်အာဟ ကျယ်လောင်စွာ ရယ်နေသည်။


အမာရွတ်နှင့်လူမှာ ဒေါသထွက်လွန်းသည့်အတွက် ရူးသွပ်သွားတော့မည်ဟုပင် ထင်နေရသည်။ ဘေးနားရှိ မသေမျိုးစားဖိုမှူးများလည်း သူ၏ခန္ဓာကိုယ် တုန်ခါနေသည်ကို ခံစားရသည်။


တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ ငရဲစွမ်းအင်များ လှည့်ပတ်လာပြီး ငရဲကမ္ဘာသင်္ဘောသည်လည်း စတင်မြည်ချုန်းလာသည်။ နောက်ဆုံးတွင် ဝှစ်ခနဲ အသံနှင့်အတူ အမွေအနှစ်နယ်မြေ အလယ်ဗဟိုရှိ ကြာပန်းနယ်မြေသို့ ပျံသန်းသွားသည်။


အရှိန်အလွန်မြန်သည့်အတွက် အားလုံး၏ မြင်ကွင်းရှေ့မှ ချက်ချင်းပျောက်သွားသည်။


အမာရွတ်နှင့်လူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ 


" သွား သူတို့နောက် လိုက်ကြစမ်း အဲ့သေမျိုးကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ရမယ်..." 


အခြားမသေမျိုးစားဖိုမှူးများ တွန့်ဆုတ်ကုန်ကြသည်။ အမာရွတ်နှင့် လူကိုကြည့်၍ မဆုံးဖြတ်နိုင်ဖြစ်ကုန်ကြသည်။


" ခေါင်းဆောင် အဲ့ဒီသေမျိုးက ထုံမိသားစုက ထုံမူဟဲရဲ့ ငွေရောင်သံချပ်ဝတ်အဖွဲ့ကို သုတ်သင်ပစ်ခဲ့တာလေ..." 


မသေမျိုးစားဖိုမှူးများထဲမှ တစ်ယောက်က ပြောလိုက်သည်။


အမာရွတ်နှင့်လူ ချက်ချင်းတည်ငြိမ်သွားပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။


" အဲ့ဒီခွေး ဒီမှာမရှိဘူး ဘာကိုကြောက်နေကြတာလဲ ငါတို့ ဒီခရီးကို အချိန်အကြာကြီး မျှော်လင့်ခဲ့ပြီးတော့မှ လက်ဗလာနဲ့‌ပြန်ရတော့မှကို မင်းတို့ငြိမ်ခံနိုင်ကြလို့လား..." 


အနီးရှိ မသေမျိုးစားဖိုမှူးများလည်း သက်ပြင်းချရုံမှလွဲ မတတ်နိုင်ပေ။


သူတို့ အဲ့လို အဖြစ်မခံနိုင်ပေ...


ဝုန်း ဝုန်း ဝုန်း...


ခဏအကြာတွင် ပုံရိပ်များစွာသည် ဒုံးပျံများကဲ့သို့ ပေါက်ကွဲထွက်လာသည်။ အမွေအနှစ်နယ်မြေ အလယ်ဗဟိုရှိ ကြာပန်းနယ်မြေသို့သွားနေသော ငရဲကမ္ဘာသင်္ဘောနောက်သို့ လိုက်ကြသည်။


...


ရွှမ်ယွမ်ရှားဟွေ့ အနည်းငယ် ပင်ပန်းနေသည်။ သူ၏ကျင့်ကြံခြင်းမှာ သန်မာသည်ဟု သတ်မှတ်၍ မရသောကြောင့် အခြား မသေမျိုးစားဖိုမှူးများကြားတွင် နိမ့်ကျသည်ဟု သတ်မှတ်‌နိုင်သည်။


မသေမျိုး စားဖိုမှူး ဖြစ်လာခဲ့သော်လည်း သူ၏ကျင့်ကြံခြင်းမှာ စစ်မှန် မသေမျိုးနယ်ပယ်သို့ မရောက်သေးပေ။


ကုန်းရှို့မိသားစုမှ မသေမျိုးစားဖိုမှူးများ အနေဖြင့် မသေမျိုးစားဖိုမှူး ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သူတို့၏ ကျင့်ကြံခြင်းမှာ စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။


သူတို့၏ခေါင်းဆောင် ကုန်းရှို့ပန်မှာ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိနေပြီးဖြစ်သည်။


ကုန်းရှို့ပန်မှာ ကုန်းရှို့မိသားစု၏ ဉာဏ်ကြီးရှင်ဖြစ်သည်။ သူ့ထံတွင် ထုံမိသားစုမှ ထုံချန်းကဲ့သို့ လူသိရှင်ကြား အသိအမှတ်ပြုထားသော အချက်အပြုတ် ပါရမီရှင် ညီမငယ်တစ်ဦးရှိသည်။ သူတို့နှစ်ဦးကို ကုန်းရှို့မိသားစု၏ ဂုဏ်ယူဖွယ်နှစ်ရပ်အဖြစ် မှတ်ယူကြပြီး သူတို့သည် တတိယအဆင့် မသေမျိုးစားဖိုမှူးများ ဖြစ်လာနိုင်ဖွယ်ရှိသည်။


တတိယအဆင့် မသေမျိုးစားဖိုမှူးသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အထွဋ်အထိပ်အဆင့်တည်ရှိမှု ဖြစ်သည်။ အချို့မိသားစုများတွင် တတိယအဆင့် မသေမျိုးစားဖိုမှူးများ မရှိကြသေးပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာသည် အခြားအလွှာလေးခုနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် အနည်းငယ် နောက်ကျကျန်နေသည်။ မသေမျိုးမြို့တော်သည် မသေမျိုးသစ်ပင်၏ ပင်ခြေတစ်ဝိုက်တွင် တည်ဆောက်ထားသောကြောင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ ပိုမိုမြင့်မားသော နေရာများနှင့်နှိုင်းယှဉ်လျှင် အရင်းအမြစ်နည်းပါးသည်။


မသေမျိုးစားဖိုမှူး တစ်ဦးအတွက် အရင်းအမြစ်များမှာ အလွန်အရေးပါသည်။ ထိုအရာများမရှိပါက ထူးခြားဆန်းကြယ်သော စွမ်းရည်များရှိသော်လည်း အထွဋ်အထိပ်သို့ မရောက်နိုင်ပေ။


ကုန်းရှို့ယွင် နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သော်လည်း ထိုအကြောင်းကြောင့်ပင် ကုန်းရှို့မိသားစု၏ အခြားသော မသေမျိုးစားဖိုမှူးများနှင့် အရောဝင်ရန် ရွှမ်ယွမ်ရှားဟွေ့အတွက် ခက်ခဲနေသည်။


သူတို့အားလုံး ကုန်းရှို့မိသားစု၏ အရင်းအမြစ်များကို ရရှိရန်အတွက် ကုန်းရှို့ယွင်ကို ရယူရန် မျှော်လင့်ထားကြသောကြောင့်ဖြစ်သည်။


ထို့ကြောင့် ဤခရီးတွင် ရွှမ်ယွမ်ရှားဟွေ့သည် အညံ့ဆုံးဖြစ်သောကြောင့် ရင်းမြစ်အနည်းငယ်ကိုသာ ရရှိပြီး သနားစရာကောင်းစွာဖြင့် ဝိညာဉ်သစ်သီးကိုသာ ရရှိခဲ့သည်။ ထိုသစ်သီးလျှင်ပင် ကုန်းရှို့ယွင်မှ သူ့အတွက် အထူးသီးသန့် ဖယ်ပေးထားသောကြောင့် ဖြစ်သည်။ 


ထို့ကြောင့် ရွှမ်ယွမ်ရှားဟွေ့ အနည်းငယ် စိတ်မကောင်းဖြစ်နေသည်။


ကုန်းရှို့မိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့ ရှေ့သို့ တိုးလာသည်နှင့်အမျှ အမွေအနှစ်နယ်မြေ အလယ်ဗဟိုရှိ ကြာပန်းနယ်မြေသို့ ရောက်လာကြသည်။


ထိုနယ်မြေထဲသို့ ဝင်လိုက်သည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး ပြောင်းလဲသွားသည့်ပုံပင်။


အဝေးတစ်နေရာတွင် အစွယ်များနှင့် လက်သည်းများကို ဝှေ့ယမ်းပြနေသကဲ့သို့ မီးတောက်အစုအဝေးများ တောက်လောင်နေသည်။


အဲ့ဒီမီးတောက်တွေက...


မသေမျိုး မီးတောက်တွေပဲ...


မသေမျိုးစားဖိုမှူးများအားလုံး ထိုမီးတောက်များကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြပြီး သူတို့၏မျက်ဝန်းထဲမှ လောဘများကို ထုတ်ဖော်ပြသနေကြသည်။


သူတို့အတွက် မသေမျိုးမီးတောက်သည် အရေးပါ၍ ရှားပါးသောရင်းမြစ်တစ်ခု ဖြစ်သည်။ ခုန်ပျံကျော်လွှားရုံဖြင့် စွမ်းရည်များကို တိုးတက်စေနိုင်သည်။


ရွှမ်ယွမ်ရှားဟွေ့တွင် မသေမျိုးမီးတောက်တစ်ခုရှိသော်လည်း ၎င်းမှာ အဆင့်သတ်မှတ်ချက်တွင် မပါဝင်ပေ။


သူတို့ရှေ့တွင်ရှိနေသော မီးတောက်အစုအဝေးသည် အရာဝတ္ထုများ ပုံစံသို့ပြောင်း၍ ကောင်းကင်သို့ အပြေးအလွှားတက်တော့မည့်ဟန် ဖြစ်နေသည်။ တစ်ချက်ကြည့်ရုံနှင့် သာမန်မဟုတ်ကြောင်း သိနိုင်သည်။ မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်တွင် ပါဝင်သော မသေမျိုးမီးတောက်ပင် ဖြစ်သည်။


မသေမျိုးစားဖိုမှူး ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ပိုက်နေသည့် ကုန်းရှို့ပန်ကို ကြည့်ရသည်မှာ ယဉ်ကျေးသိမ်မွေ့နေသည်။ အဝေးတွင်ရှိသော မီးတောက်အစုအ‌ဝေးကိုကြည့်လျက် သူ၏မျက်လုံးများက တောက်လောင်ပြီး တောင့်တနေသော အကြည့်များကို ပေါ်လွင်စေသည်။


" ကြည့်ရတာ မသေမျိုးမီးတောက် အဆင့် ၅၉မှာရှိတဲ့ ရွှေကြာနတ်ဆိုးမီးတောက်ထင်တယ်... ဒီလိုအဆင့်မျိုးရှိတဲ့မီးတောက်ကို အမွေအနှစ်နယ်မြေမှာ မြင်ရလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ..." 


ကုန်းရှို့ပန် ထိုသို့ပြောလိုက်သည့်အချိန်တွင် သူ၏မျက်လုံးထဲမှ ရောင်ခြည်များ ထွက်နေသည်ဟုပင် ထင်ရသည်။


အခြား မသေမျိုးစားဖိုမှူများသည်လည်း စိတ်လှုပ်ရှားနေကြသည်။


မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ရာအတွင်းဝင်သော မီးတောက်များကို အခြေခံအားဖြင့် ဒုတိယအဆင့် မသေမျိုးစားဖိုမှူးများက ထိန်းချုပ်ကြသည်။ သာမန်အားဖြင့် ပထမအဆင့် မသေမျိုးစားဖိုမှူများသည် ထိုမီးတောက်များနှင့်အကျွမ်းတဝင်ဖြစ်ရန် အခွင့်အရေးမရှိပေ။


ထိုအဆင့် မသေမျိုးမီးတောက်ကို ဤအချိန်တွင် ကြာပန်းအမွေအနှစ်နယ်မြေ၌ တွေ့ရလိမ့်မည်ဟု မထင်ထားကြပေ။


ဤသည်မှာ အခွင့်ကောင်းတစ်ခုဖြစ်သည်။ အကယ်၍ ဤမီးတောက်ကို ထိန်းချုပ်နိုင်ခဲ့ပါက သူတို့သည် ဒုတိယအဆင့် မသေမျိုးစားဖိုမှူးတစ်ဦး ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။


ဝုန်း...


ရုတ်တရက် ရွှေကြာနတ်ဆိုးမီးတောက်သည် ပြင်းထန်သော စွမ်းအင်အတက်အကျကို ထုတ်လွတ်ပေးနေပြီး မြေပြင်ပေါ်တွင် တုန်ခါမှုများဖြစ်ပေါ်စေလိုက်သည်။


ဝေါင်း...


တစ်ချိန်တည်းမှာပင် ဧရိယာတစ်ခုလုံး၌ နားကွဲမတတ် သားရဲဟိန်းဟောက်သံများစွာ ထွက်ပေါ်လာသည်။


မသေမျိုးစားဖိုမှူးများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။


ရွှေကြာနတ်ဆိုးမီးတောက် ပတ်လည်တွင် ကြီးမားသော ဝိညာဉ်စွမ်းအင် အတက်အကျ လှိုင်းလုံးများ ပြန့်ကျဲနေသည်။ ၄င်း၏ မသေမျိုးစွမ်းအင်သည် ကောင်းကင်ဆီသို့ ပြေးသွားသည့် ထောက်တိုင်တစ်ခုကဲ့သို့ပင်။


ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးနေပုံရသော ကြီးမားသော မသေမျိုးစွမ်းအင် စုစုပေါင်းငါးခုရှိသည်။


ထုံမိသားစု ကုန်းရှို့မိသားစု ကျန်းမိသားစုနှင့် မူမိသားစုများမှ မသေမျိုးစားဖိုမှူးအဖွဲ့များ တစ်ဟုန်ထိုးပြေးလာကြပြီး‌ လေအေးများရှုရှိုက်နေကြရသည်။


မသေမျိုးပါဝင်ပစ္စည်းများကို ရှာဖွေနေသည်မှာ အချိန်ကြာပြီဖြစ်သော်လည်း ယခုသူတို့မျက်စိရှေ့တွင် အပိုင်းငါးပိုင်း တစ်ကြိမ်တည်း ပေါ်လာနေပြီဖြစ်သည်။


ကြည့်ရတာ ဒီတစ်ခေါက် အမွေအနှစ်နယ်မြေမှာ ရိတ်သိမ်းမှု အကြီးကြီး လုပ်ရတော့မယ်ထင်တယ်...


မသေမျိုးပါဝင်ပစ္စည်းများ၏ မသေမျိုးစွမ်းအင်မှာ အလွန်သိပ်သည်းသဖြင့် ၎င်းသည် ခိုင်မာသောတိုင်တစ်ခုဖြစ်လာပုံရသည်။


ရွှေကြာနတ်ဆိုးမီးတောက်သည် အမှန်တကယ်ပင် မသေမျိုးမီးတောက် အဆင့် ၅၉တွင် ရှိသင့်သော မီးတောက်တစ်ခုအဖြစ်ဖြစ်သည်။


ဤအမွေအနှစ်နယ်မြေသည် စင်စစ်အားဖြင့် သုခဘုံတစ်ခုပင်။


ထိုနေရာ၌ ရှိနေသော မသေမျိုးစားဖိုမှူးများ၏ မျက်ဝန်းများတွင် လိုချင်တောင့်တစိတ်များနှင့် ပြည့်နှက်နေပြီး သူတို့မျက်လုံးထဲတွင် မသေမျိုးပါဝင်ပစ္စည်းနှင့် မသေမျိုးမီးတောက်ကိုသာ မြင်နိုင်တော့သည်။


မသေမျိုးပါဝင်ပစ္စည်းများကို စောင့်ရှောက်နေသော ပတ်ဝန်းကျင်ရှိ ဝိညာဉ်သားရဲများကို ထိုစားဖိုမှူးများ လျစ်လျူရှု့ထားကြသည်။


...


အဝေးတစ်နေရာတွင် ငရဲ‌ကမ္ဘာသင်္ဘောသည် ကောင်းကင်ကို အုပ်မိုးထားသည်။


ပုဖန် သင်္ဘောရှေ့‌တွင် မတ်တပ်ရပ်နေပြီး သူ၏မျက်လုံးများသည်လည်း ရွှေကြာနတ်ဆိုးမီးတောက်ကို မြင်သောအခါ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။


စနစ်မှ‌ပြောပြထားသော ရွှေကြာနတ်ဆိုးမီးတောက်အကြောင်း သူ၏ခေါင်းထဲတွင် ပဲ့တင်လာသည်။ ထိုမီးတောက်သည် မသေမျိုးမီးတောက်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၉နေရာ၌ရှိသည်။


၎င်းသည် ကောင်းကင်မြေကမ္ဘာမီးလျံထက် အဆပေါင်းများစွာပို၍ အစွမ်းဖက်သည်။ ဤနှစ်ခုမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။


သို့ရာတွင် ငရဲဘုရင်အာဟနှင့် နယ်သာရီတို့ ထိုမသေမျိုးမီးတောက်ကို စိုက်ကြည့်နေကြပြီး သူတို့၏မျက်နှာများသည် ပို၍ လေးနက်လာသည်။


ရုတ်တရက်...


ပုဖန် တောင့်တင်းသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။


အဘယ့်ကြောင့်ဆိုသော် ထိုမီးတောက်ထဲတွင် ကြယ်တံခွန်များ ‌ကောင်းကင်ဆီသို့ တက်သွားနေသကဲ့သို့ မြင်တွေ့ရသောကြောင့်ဖြစ်သည်။


မီးဖိုချောင်သုံးဓားများ ဝိညာဉ်ဒယ်အိုးများ မီးဖိုများနှင့် မီးဖိုချောင်သုံးကိရိယာ အမျိုးမျိုးကိုပင် လှိုင်းလုံးကြီးကဲ့သို့ မသေမျိုးစွမ်းအင်များဖြင့် ထုပ်ပိုးထားသည်။


မသေမျိုးကိရိယာများသည် ဧရာမလှိုင်းကြီးကဲ့သို့ ဖြစ်နေသည်။


ထိုအချိန်တွင် များစွာသော သူကောင်းမျိုးမိသားစုများမှ မသေမျိုးစားဖိုမှူးများ၏ မျက်နှာများ အနီရောင်သို့ လုံးဝပြောင်းလဲသွားသည်။