အပိုင်း ၉၉၆
Viewers 52k

အခန်း ၉၉၆

ပန်းပွင့်လေး ကျားကိုစားရန်ဝက်ယောင်ဆောင်နေခြင်း


မသေမျိုးမီးတောက် မသေမျိုးပါဝင်ပစ္စည်းများနှင့် မသေမျိုး ကိရိယာများ...


ယခုအချိန်တွင် ကြာပန်းအမွေအနှစ်နယ်မြေတွင်ရှိသော မသေမျိုးစားဖိုမှူးများ စိတ်လှုပ်ရှားမှုဖြင့် ပွက်ပွက်ဆူနေကြသည်။


ဤကဲ့သို့ ခမ်းနားကြီးကျယ်သည့်မြင်ကွင်း... ထိုမြင်ကွင်းမျိုးကို သူတို့ ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်သည်။ 


ပထမအဆင့် အမွေအနှစ်နယ်မြေတွင် မသေမျိုးမီးတောက်နှင့် မသေမျိုးပါဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခြင်းမှာ အလွန်ကောင်းမွန်နေပြီဖြစ်သည်။ 

မသေမျိုးမီးတောက် တစ်ခုထက်မနည်း ပေါ်လာပြီး အရေးကြီးဆုံးမှာ မသေမျိုးကိရိယာများ ရှိနေခြင်းပင်ဖြစ်သည်။


ပုံမှန်အချိန် ဤအရာဝတ္ထုများကို ဒုတိယအဆင့် အမွေအနှစ်နယ်မြေတွင်သာ တွေ့ရသော်လည်း ယခုချိန်တွင် ကြာပန်းအမွေအနှစ်နယ်မြေသည် ဒုတိယအဆင့်နှင့် အမှန်တကယ်ပင် တူညီနေသည်။


ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုပဲ...


ယခုအချိန် မသေမျိုးစားဖိုမှူးများ မည်သို့ခံစားနေရသည်ကို ဖော်ပြရန် ခက်ခဲလှသည်။ တစ်ဦးတစ်ယောက်စီတိုင်းမှာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲနေပြီး သူတို့၏ပုံရိပ်များလည်း ကတုန်ကယင် ဖြစ်နေကြသည်။


သူတို့ရှေ့တွင် အင်အားကြီးသားရဲများစွာ ရှိသော်လည်း ၎င်းတို့မှာ အရေးမကြီးတော့ပေ။


အမာရွတ်နှင့်လူ၏ မျက်လုံးများတွင် ခက်ထန်မှု အပြည့်ရှိနေသည်။ 


မသေမျိုးပါဝင်ပစ္စည်း ငါးခုတဲ့လား ဒါဆိုရင် သူတို့မူမိသားစုက တစ်ခုကို ရအောင်ယူဖို့ အခွင့်အရေးရှိသေးတာပဲ...


ထို့အပြင် မသေမျိုးကိရိယာများနှင့် မသေမျိုးမီးတောက်အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၉ရှိသော မီးတောက်လည်းရှိနေသေးသည်။ 


ဤကဲ့သို့ ပြသထားသည်ကို မြင်သောအခါ သူတို့၏ နှလုံးသားထဲရှိ လောဘများ ပေါက်ကွဲသွားလေသည်။


ပုဖန် ယခင်က လုယူသွားခဲ့သော ဝိညာဉ်ပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်အပင်များမှာ အရေးမကြီးတော့ပေ။


အကယ်၍ ထိုမသေမျိုးပါဝင်ပစ္စည်းများထဲမှ တစ်ခုခုကို ရယူနိုင်ခဲ့ပါက ယခင်က လုယူခဲ့သောအရာများထက် အ‌ဆပေါင်းထောင်ချီ ပို၍ကောင်းလိမ့်မည်။ ထိုမျှသာမက မသေမျိုးမီးတောက်ကိုပါ ရယူနိုင်လျှင် အလွန်ကြီးမားသော အခွင့်အရေးကြီး ဖြစ်လိမ့်မည်။


အမာရွတ်နှင့်လူကိုယ်တိုင်သည်လည်း ဒုတိယအဆင့် မသေမျိုးစားဖိုမှူးဖြစ်ရန် စွမ်းအားကို ချေးငှားယူနိုင်လိမ့်မည်ဖြစ်သည်။


အခြားမသေမျိုးစားဖိုမှူးများသည်လည်း ထိုလူကဲ့သို့ အတွေးတစ်ခုတည်းကို တွေးနေကြသည်။ ယခုအချိန်တွင် သူတို့၏ နှလုံးသားထဲ၌ လောဘ တောင့်တမှု စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။


ဤကြာပန်းအမွေအနှစ်နယ်မြေမှာ အမှန်ပင် သူတို့ပိုင်ဆိုင်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။


ဝေါင်း... ဝေါင်း... ဝေါင်း...


သားရဲကောင်များ၏ နားရွက်ကွဲမတတ် ဟိန်းဟောက်သံများမှာ ကောင်းကင်ထိ တက်သွားတော့မည်ဟုပင် ထင်ရသည်။ သူတို့၏ ဟိန်းဟောက်သံများက နေရာတစ်ခုလုံးကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။ 


ဤအခိုက်အတန့်တွင် မသေမျိုးမီးတောက် 

နှင့် မသေမျိုးပါဝင်ပစ္စည်းများကို အာရုံစိုက်နေသူတိုင်းသည် နောက်ဆုံးတွင် ထိုရက်စက်ကြမ်းကြုတ်သော သားရဲများကို သတိပြုမိသွားကြသည်။ ခဏတွင်းချင်းမှာပင် စိတ်လှုပ်ရှားနေသော မသေမျိုးစားဖိုမှူးများ အသိစိတ် ပြန်ဝင်လာကြသည်။


မသေမျိုးပါဝင်ပစ္စည်းတစ်ခုစီကို စောင့်ရှောက်သော သားရဲတစ်ကောင်သာရှိ၍ အရေအတွက် အလွန်မများပေ။ ထို့ကြောင့် မသေမျိုးစားဖိုမှူးများ ယုံကြည်ချက် ရှိလာကြသည်။


အကယ်၍ သားရဲတစ်ကောင်တည်းသာ ဖြစ်ပါက အတူတူပူးပေါင်း၍ ထိုသားရဲကိုသတ်ပြီး မသေမျိုးပါဝင်ပစ္စည်းကို ရယူနိုင်မည်ဖြစ်သည်။


ရွှေကြာနတ်ဆိုးမီးတောက်သည် အလယ်ဗဟိုတွင် လှည့်ပတ်၍ တောက်ပစွာ လောင်ကျွမ်းနေသည်။ တောက်လောင်နေသော နေရောင်ကဲ့သို့ ဝင်းလက်သော ရွှေအိုရောင် ဖြစ်နေသည်။


မသေမျိုးမီးတောက်အတွင်းတွင် မသေမျိုးကိရိယာများ ရံဖန်ရံခါ ထွက်ပေါ်နေသည်။ ဤမသေမျိုးကိရိယာများကို အဆက်မပြတ် လည်ပတ်နေသည့် သိပ်သည်းသော မသေမျိုးစွမ်းအင်များဖြင့် လွှမ်းခြုံထားသည်။


ကုန်းရှို့ပန် ထောင့်‌တစ်နေရာတွင် ရပ်နေသည်။ ဤကောင်းကင်နှင့် မြေကြီးတွင် မည်သည့်အချိန်က လေစတင်တိုက်ခတ်ခဲ့သည်ကို မသိသော်လည်း လူတိုင်း၏ဝတ်ရုံရှည်များ အဆက်မပြတ် လွင့်သွားသည်အထိ လေသည် ပြင်းထန်စွာ တိုက်ခတ်လာခဲ့သည်။


ကုန်းရှို့ယွင် ကုန်းရှို့ပန်၏ အနီးသို့ရောက်သွားသည် ။ သူမ၏လှပသော မျက်နှာတွင် လေးနက်မှုများဖြင့် ပြည့်နှက်နေသည်။


" အစ်ကိုကြီး တစ်ခုခုတော့ မူမမှန်ဘူး... အရာအားလုံးက အရမ်းကောင်းလွန်းနေလို့ ယုံကြည်ရခက်နေတယ် ... ပထမအဆင့် အမွေအနှစ်နယ်မြေမှာ မသေမျိုးပါဝင်ပစ္စည်း မီးတောက်နဲ့ ကိရိယာတွေ တစ်ချိန်တည်း ပေါ်လာမှာ မဟုတ်ဖူးလေ..." 


" ငါသိတယ်... အဲ့တာကြောင့် အကုန်လုံးကို အရင်စမ်းသပ်ခိုင်းထားတာ ဘာပဲဖြစ်ဖြစ် ရွှေကြာနတ်ဆိုးမီးတောက်က သေချာပေါက် ငါ့ဖို့ပဲ..." 


သူ၏မျက်နှာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် လိုချင်တောင့်တမှုများနှင့် ပြည့်နှက်နေသည်။


ရွှေကြာနတ်ဆိုးမီးတောက်သည် သူ့အား ဒုတိယအဆင့် မသေမျိုးစားဖိုမှူး ဖြစ်လာရန် ကူညီပေးမည့် မသေမျိုးမီးတောက် သို့မဟုတ် တတိယအဆင့် မသေမျိုးစားဖိုမှူး တစ်ဟုန်ထိုး ဖြစ်လာ‌စေရန် ကူညီပေးနိုင်မည်ဖြစ်သည်။


သို့သော် ကုန်းရှို့ပန်သည် အလွန်သတိရှိသူ တစ်ယောက်ဖြစ်သည်။ ကုန်းရှို့ယွင် ပြောသည်မှာ မှန်သည်။ အရာအားလုံး စည်းမျဉ်းထက်ကျော်လွန်နေသောအခါ တစ်ခုခု မှားယွင်းနေသည်။ မသေမျိုးပါဝင်ပစ္စည်း မီးတောက်နှင့် ကိရိယာများသည် ဒုတိယအဆင့် အမွေအနှစ်နယ်မြေတွင်သာ တစ်ချိန်တည်း ပေါ်လာလေ့ရှိသည်။


ဤအမွေအနှစ်နယ်မြေတွင် တစ်စုံတစ်ရာက အမှန်တကယ်ပင် မှားယွင်းနေသည်။


ရုတ်တရက် ကုန်းရှို့ပန် ခေါင်းကိုလှည့်၍ အဝေးတစ်နေရာကို ကြည့်လိုက်သည်။


ထိုနေရာတွင် ထုံမိသားစု၏ မသေမျိုးစားဖိုမှူးများက စတင်လှုပ်ရှားနေကြပြီး ဖြစ်သည်။


ဤလူများ ရှေ့သို့ အလျင်စလို သွားနေကြပြီး သိပ်သည်းလှသော မသေမျိုးစွမ်းအင်တိုင်များဖြင့် မသေမျိုးပါဝင်ပစ္စည်းများကို ရှာဖွေရာ ၎င်းတို့၏ ပုံရိပ်များသည် ကြယ်တံခွန်များအဖြစ်သို့ ပြောင်းလဲသွားသည်။


ဝေါင်း...


နတ်သားရဲ၏ ဟိန်းဟောက်သံကြောင့် အားလုံး၏စိတ်များ တုန်ယင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မတည်ငြိမ်မှုများက ဟင်းလင်းပြင်ကိုပင် တုန်လှုပ်သွားစေသည်။


ထိုအချိန်တွင် ထုံမိသားစု မသေမျိုးစားဖိုမှူးများ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။


ခဏအကြာတွင် ဝိညာဉ်သားရဲကြီး ၎င်း၏လက်သည်းကို လှုပ်ခါကာ ပြင်းပြင်းထန်ထန် နင်းချေလိုက်သည်။


ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ထုံမိသားစု၏ မသေမျိုးစားဖိုမှူးနှစ်ယောက် လက်သည်းရာတစ်ချက်နှင့်ပင် ချက်ချင်းပေါက်ကွဲသွားသည်။


သွေးနံ့များက ကောင်းကင်နှင့် မြေပြင်ကိုပင် လွှမ်းခြုံသွားသည်။


အိုး...


မသေမျိုးစားဖိုမှူးများအားလုံး အေးစက်သောလေကို ရှုရှိုက်လိုက်ကြသည်။ ထိုအချိန်တွင် ၎င်းတို့ မသေမျိုးပါဝင်ပစ္စည်းများနှင့် မသေမျိုးမီးတောက်များ၏ ဆွဲဆောင်မှုမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။


မသေမျိုးပါဝင်ပစ္စည်းကို ကာကွယ်ပေးသော ဤသားရဲကြီးသည် အလွန်ကြမ်းတမ်းသည်။


ထုံမိသားစုသည် ရက်စက်ကြမ်းကြုတ်သော ဝံပုလွေအမျိုးအစား သားရဲတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များနှင့်အတူ ရိုင်းစိုင်းကြမ်းတမ်းသော အော်ရာရှိသည်။


၎င်း၏ မကောင်းဆိုးဝါး မေးရိုးများနှင့် ကြီးမားသော အသွင်အပြင်သည် လူအများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။


လက်သည်းတစ်ချက်သည်ပင် မသေမျိုးစားဖိုမှူးနှစ်ယောက်ကို သတ်နိုင်ခဲ့သည်။ ဤ ဝံပုလွေအမျိုးအစား ဝိညာဉ်သားရဲသည် လတ်ဆတ်သောသွေးများကြောင့် စိတ်လှုပ်ရှားနေပုံရပြီး ၎င်း၏ကြမ်းတမ်းသောဟောက်သံများသည် ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။


ဝံပုလွေအမျိုးအစား သားရဲကြီး၏ ဒေါသဖြင့် ဟိန်းဟောက်သံနှင့်အတူ အခြားသားရဲကြီးများ၏ ဟိန်းဟောက်သံများလည်း ပေါ်ထွက်လာသည်။ ၎င်းတို့အားလုံး‌ပေါင်းထားသော ဟိန်းဟောက်သံများသည် သူကောင်းမျိုးမိသားစုမှ မသေမျိုးစားဖိုမှူးများကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။


ထိုအချိန်တွင် ပုဖန် ငါးခုမြောက် မသေမျိုးပါဝင်ပစ္စည်းကို ရည်မှန်းကာ ငရဲကမ္ဘာသင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။


အမျိုးမျိုးသော သူကောင်းမျိုးမိသားစုများက လမ်းကြောင်းများကို ရွေးချယ်ပြီးပြီဖြစ်၍ နောက်ဆုံးလမ်းတစ်ခုကို သူရွေးလိုက်သည်။


ပုဖန်လေကိုနင်း၍ ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။


ဝှိုက်တီ ပုဖန်၏နောက်မှလိုက်လာပြီး သူ၏စက်ရုပ်မျက်လုံးများမှာ တလက်လက်တောက်ပနေကာ လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ကခုန်နေသည်။


ဝုန်း...


ဝှိုက်တီ မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်သည်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ ပုဖန်သူ၏ဘေးတွင် လက်ပိုက်၍သာ ရပ်နေခဲ့သည်။


ပုဖန် ခေါင်းကိုမော့ကြည့်လိုက်သောအခါ မသေမျိုးပါဝင်ပစ္စည်းကို အာရုံစိုက်မိရမည့်အစား ၎င်းကိုကာကွယ်ပေးနေသည့် ကြမ်းကြုတ်သော ဝိညာဉ်သားရဲကို အာရုံစိုက်မိသွားသည်။


ဤသားရဲသည် ထုံမိသားစု ရင်ဆိုင်နေရသော သားရဲနှင့် မတူညီပေ။ လမ်းကြောင်းတိုင်းရှိ ဝိညာဉ်သားရဲတိုင်းမှာ ကွဲပြားပုံရသည်။


ပုဖန်၏ရှေ့တွင် ရှိသည်မှာ မြွေအမျိုးအစား ဝိညာဉ်သားရဲဖြစ်သည်။ ကြီးမားသော မြွေကြီး၏ အကြေးခွံများက အရောင်တလက်လက်ဖြစ်နေကာ တစ်စုံတစ်ယောက်၏ မျက်လုံးကိုဖောက်ထွင်းသွားနိုင်သည်အထိ တောက်ပသော အလင်းရောင်ကို ထုတ်လွှင့်နေသည်။


၎င်း၏ မည်းနက်သော ခက်ရင်းခွကဲ့သို့ လျှာကြီးကိုထုတ်လိုက်သောအခါ လေထုထဲတွင် သွေးနံ့များဖြင့် သိပ်သည်းသွားသည်။


အဝေးမှ အမာရွတ်နှင့်လူ ပုဖန်ကို သတိထားမိသွားသည်။


ပုဖန်တစ်ဦးတည်း ဤလမ်းကို ရွေးချယ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။


ထိုကြမ်းကြုတ်သော သားရဲသည် မသေမျိုးစားဖိုမှူးနှစ်ဦးကို လက်သည်းတစ်ချက်နှင့် သတ်ပစ်ခဲ့သည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ကြယ်နှစ်ပွင့် သားရဲဧကရာဇ် တည်ရှိမှုဖြစ်လိမ့်မည်။


သားရဲဧကရာဇ်မှာ လူသားများ၏ စစ်မှန်မသေမျိုးနယ်ပယ်နှင့် တူညီသည်။


သားရဲဧကရာဇ်တိုင်း အသိဉာဏ်ပညာကို ပိုင်ဆိုင်ထားသည်။ ၎င်းတို့သည် မသေမျိုးပါဝင်ပစ္စည်းကို စောင့်ရှောက်ရသောကြောင့် ထိုမှထွက်လာသော မသေမျိုးစွမ်းအင်ကို ကျင့်ကြံရာတွင် အသုံးပြုရသည်။


ထို့ကြောင့် ပုဖန်၏ ကျင့်ကြံမှုဖြင့် မသေမျိုး ပါဝင်ပစ္စည်းကို ရယူရန် သားရဲဧကရာဇ်ကို ဆန့်ကျင်ခြင်းသည် စိတ်ကူးယဉ်အိပ်မက်တစ်ခုဖြစ်သည်။


မြေကမ္ဘာအင်မော်တယ်ရုပ်သေး၏ ကူညီမှုဖြင့်ပင်လျှင် မသေမျိုးပါဝင်ပစ္စည်းကို မရရှိနိုင်ပေ။


အမာရွတ်နှင့်လူ ပုဖန်ကိုကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။ ထိုသေမျိုး အပိုင်းပိုင်း ဆုတ်ဖြဲခံရသည့် မြင်ကွင်းကို သူမျှော်လင့်နေသည်။


ထိုအချိန်တွင် မူမိသားစု၏ မသေမျိုးစားဖိုမှူးအဖွဲ့ သားရဲဧကရာဇ်ကို ရင်ဆိုင်နေရသည်။ ၎င်း၏ ဖိနှိပ်မှုဒဏ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများကို တုန်လှုပ်စေခဲ့သည်။


ဝိညာဉ်အဆောင်များ မသေမျိုးစားဖိုမှူးများ၏ လက်ထဲတွင် ပေါ်လာသည်။


အမွေအနှစ်နယ်မြေကို လာရောက်စူးစမ်းသည်ဖြစ်၍ သူတို့မပြင်ဆင်ပဲ လာကြသည်မဟုတ်ပေ။ သူတို့အားလုံး ဝိညာဉ်အဆောင်များ ယူဆောင်လာကြသည်။


တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာပြီး မသေမျိုးစားဖိုမှူးတိုင်း၏ဘေးတွင် မြေကမ္ဘာ အင်မော်တယ်ရုပ်သေးများ ပေါ်လာသည်။


မြေကမ္ဘာ အင်မော်တယ်ရုပ်သေးများ၏ မျက်လုံးများမှာ နီရဲနေသည်။ ၎င်းတို့မှာ မသေမျိုးစားဖိုမှူးများ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး သားရဲဧကရာဇ်ဆီသို့ တစ်ဟုန်ထိုး ပြေးလာကြသည်။


မသေမျိုးစားဖိုမှူးများ ဝိညာဉ်အဆောင်များကို ညှစ်လိုက်သောအခါ တုန်လှုပ်သွားကာ လေထဲတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်။


မြေကမ္ဘာအင်မော်တယ် ရုပ်သေးများမှ စွဲမက်ဖွယ်ကောင်းသည့် အမှုန့်ပုံစံ အရာဝတ္ထုများ ပျံဝဲလာသည်။


သားရဲဧကရာဇ် ဒေါသထွက်စွာ ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များ သူတို့၏ပတ်ဝန်းကျင်တွင် လှုပ်ခါသွားပြီး အမှုန့်နှင့်တူသော အရာများကို ဖယ်ရှားလိုက်ပုံရသည်။


သို့သော် ဤအမှုန့်များသည် အရိုးအတွင်းမှ ပိုးမွှားများကဲ့သို့ဖြစ်ပြီး ဆေးကြော၍မရပေ။ ပေါက်ကွဲထွက်လာသော ဝိညာဉ်စွမ်းအင်ဖြင့် သားရဲဧကရာဇ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။


ခဏအကြာတွင် မြေကမ္ဘာအင်မော်တယ် ရုပ်သေးများက သားရဲဧကရာဇ်ကို မဆုတ်မနစ် တိုက်ခိုက်သတ်ဖြတ်ရန် ကြိုးစားခဲ့ကြသည်။ 


ထင်ရှားသည်မှာ ဤတိုက်ပွဲသည် လုံးဝ တစ်ဖက်သတ်တိုက်ပွဲဖြစ်နေသည်။


မြေကမ္ဘာအင်မော်တယ် ရုပ်သေးကို သားရဲဧကရာဇ်မှ လုံးလုံးလျားလျား သုတ်သင်ရှင်းလင်းခဲ့သော်လည်း ရုပ်သေးတိုင်း ကွဲအက်သွားသောအခါတွင် ၎င်းတို့အထဲမှ ကြီးကျယ်ခမ်းနားသော အမှုန့်များသည် သားရဲဧကရာဇ်ကို ဖုံးလွှမ်းသွားခဲ့သည်။


သားရဲဧကရာဇ် အမှုန့်အားလုံးကို အလွန်လျင်မြန်စွာ စုပ်ယူလိုက်သည်။


အခြားမသေမျိုးစားဖိုမှူး အဖွဲ့များသည်လည်း သူတို့၏သားရဲဧကရာဇ်နှင့် ရင်ဆိုင်ရသောအခါ ထိုနည်းလမ်းကိုသာ အသုံးပြုကြသည်။


" ဒီ တိရစ္ဆာန်တွေက သားရဲဧကရာဇ်တွေ ဖြစ်တော့ရော ဘာဖြစ်လဲ ဆန်းကြယ်နဂါးအမှုန့်တွေနဲ့သာဆို သူတို့အကုန် သေဖို့ကံပါလာတာပဲ ဟား ဟား ဟား..." 


သူကောင်းမျိုးမိသားစုမှ မသေမျိုးစားဖိုမှူးများ ပျော်ရွှင်မြူးတူးစွာ ရယ်မောနေကြသည်။


ဝုန်း ဝုန်း ဝုန်း...


မသေမျိုးပါဝင်ပစ္စည်းများကို ကာကွယ်ပေးသော သားရဲဧကရာဇ်များ ပြိုလဲသွားသဖြင့် မသေမျိုးစားဖိုမှူးများကို လုံးဝမခုခံနိုင်တော့ဘဲ မြေကြီးများလည်း တုန်ခါသွားသည်။


သားရဲဧကရာဇ်များ ပြိုလဲသွားသည်နှင့် ၎င်းတို့စောင့်ရှောက်နေသော မသေမျိုးပါဝင်ပစ္စည်းသည် နောက်ဆုံးတွင် သူတို့ရှေ့၌ ပေါ်လာခဲ့သည်။


ထိုအရာသည် ကြာစေ့ပုံစံ မသေမျိုးပါဝင်ပစ္စည်းဖြစ်ပြီး မသေမျိုးစွမ်းအင်များ ပြည့်နေသော ဖောက်ထွင်းမြင်နိုင်သည့် ရေစက်တစ်ခုနှင့်တူသည်။ ကြာစေ့၏ အလယ်ဗဟိုတွင် မီးတောက်လေးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်နေရသည်။


" အဲ့တာ ပြိုင်ဘက်ကင်း မသေမျိုးပါဝင်ပစ္စည်း နှစ်တစ်ထောင် မီးလျံနှလုံးသားကြာစေ့ပဲ အဲ့တာ အမွေအနှစ်နယ်မြေမှာ ပေါ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ..." 


" ဘုရားရေ ဒီမသေမျိုးပါဝင်ပစ္စည်းနဲ့ဆိုရင် တတိယအဆင့် မသေမျိုးစားဖိုမှူးဖြစ်လာဖို့က ပြဿနာမရှိဘူး..."


" ဒီမသေမျိုးပါဝင်ပစ္စည်းကိုသာ စားလိုက်ရင် စစ်မှန် မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ယောက်က တစ်ခြားနယ်ပယ်တစ်ခုကို အဆင့်တက်သွားမှာပဲ..."


မသေမျိုးစားဖိုမှူးများအားလုံး အံ့အားသင့်လျက် အော်ဟစ်ကြွေးကြော်နေကြသည်။


အမြဲ အေးဆေးတည်ငြိမ်၍ ထိန်းထိန်းသိမ်းသိမ်းနေ‌တတ်သော ကုန်းရှို့ပန်သည်ပင် တုန်လှုပ်နေသည်။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် တွန့်ချိုးနေသည်။


" နှစ်‌တစ်ထောင် မီးလျံနှလုံးသားကြာစေ့... ငါးခုရှိတယ် ထင်‌ပေမယ့် တကယ်တမ်း တစ်ခုတည်းပါလား...မသေမျိုးပါဝင်ပစ္စည်းတွေအားလုံး တစ်ချိန်တည်းမှာ ပေါ်လာတာ မထူးဆန်းပါဘူး... ဒီမသေမျိုးပါဝင်ပစ္စည်းတွေက အစုံလိုက်ရှိတာ အကုန်လုံးကိုစုလိုက်ရင် တတိယအဆင့် မသေမျိုးစားဖိုမှူး‌တောင် ဖြစ်နိုင်တယ်..." 


ကုန်းရှို့ပန်၏ အသိပညာနှင့် အတွေ့အကြုံများမှာ သာမန်မဟုတ်ပေ။ သူထို့သို့ပြောလိုက်သည့် အချိန်တွင် လျှာကိုထုတ်၍ သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျက်လိုက်သည်။


ကုန်းရှို့ယွင်၏ မျက်လုံးများ စိတ်အားထက်သန်မှုဖြင့် လောင်ကျွမ်းသွားသည်။ 


" အစ်ကိုကြီး ဘာကိုစောင့်နေတာလဲ သွားကြမယ်လေ..." 


" အလျင်မလိုပါနဲ့... တခြားလူတွေ အရင်သွားပါစေဦး..."  


သူတို့ရှေ့တွင် ကြီးမားသော ဆုကြေးငွေများရှိနေသော်လည်း ကုန်းရှို့ပန် မမျှော်လင့်ဘဲ ၎င်း၏သွေးဆောင်မှုကို ခံနိုင်ရည်ရှိခဲ့သည်။


ရွှမ်ယွမ်ရှားဟွေ့ ကုန်းရှို့ပန်ကို အနည်းငယ် သဘောကျစွာ ကြည့်လိုက်မိသည်။


 ကုန်းရှို့မိသားစုရဲ့ ဂုဏ်ယူဖွယ်ရာလို့ ဆိုနိုင်ပါပေတယ် သူက တကယ့်ကို သာမန်မဟုတ်ဖူး လူတစ်ယောက်က ဒီလိုဆွဲဆောင်မှုမျိုးနဲ့ ကြုံနေတာတောင် ဘယ်လို သည်းခံနေနိုင်တာလဲ...


သူ၏ကျင့်ကြံမှု လုံလောက်မှု မရှိသည်ကို သိသည့်အတွက် ရွှမ်ယွမ်ရှားဟွေ့ အခြားသူများထံသို့ မသွားပေ။


မသေမျိုးစားဖိုမှူးများ တစ်ဟုန်ထိုးပြေးသွားလျက် သားရဲဧကရာဇ်ကို ကြည့်နေကြသည်။ သူတို့၏ ရည်မှန်းချက်မှာ သားရဲဧကရာဇ်၏နောက်မှ နှစ်‌တစ်ထောင် မီးလျံနှလုံးသားကြာစေ့ဖြစ်ပြီး သူတို့၏ မျက်နှာများတွင် လောဘစိတ်များကို ထင်ရှားစွာ မြင်နေရသည်။


မသေမျိုးပါဝင်ပစ္စည်းဆီသို့ ပြေးသွားသောအခါ အမာရွတ်နှင့် လူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။


ရုတ်တရက်...


မသေမျိုးစားဖိုမှူးများ အလိုအလျောက် တုန်လှုပ်သွားကြသည်။ သူတို့၏ ခန္ဓာက်ိုယ်များကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများသည် အစပိုင်းတွင် သတ်ခဲ့သော သားရဲဧကရာဇ်၏ မျက်လုံးများနှင့် ဆုံမိကြသည်။


ထိုမျက်လုံးများမှာ ကဲ့ရဲ့လှောင်ပြောင်မှု နိုင်လိုမင်းထက်ပြုလိုမှုတို့နှင့် ပြည့်နှက်နေသည်။


သားရဲဧကရာဇ် ဟိန်းဟောက်လိုက်သောအခါ မသေမျိုးစားဖိုမှူးများ၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။


ခဏအကြာ သားရဲဧကရာဇ် စတင်တိုက်ခိုက်သောအခါ နေရာအနှံ့ သွေးများလွင့်စင်ကုန်သည်။


...


ပုဖန် မြွေအမျိုးအစား ဝိညာဉ်သားရဲကို အဝေးမှကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။


သူထံတွင် အခြားသူကောင်းမျိုးမိသားစုများကဲ့သို့ ဆန်းကြယ်နဂါးအမှုန့်များ မရှိပေ။ ထို့ကြောင့် သားရဲဧကရာဇ်နှင့် မည်သို့ တိုက်ခိုက်ရမည်ကိုတွေးကာ ခေါင်းကိုက်နေသည်။


ဝှိုက်တီ သားရဲဧကရာဇ်ကို စိုက်ကြည့်နေပြီး တချွင်ချွင် မြည်သံနှင့်အတူ သူ၏သတ္တုတောင်ပံများကို ဖြန့်ကျက်လိုက်သည်။


ခဏအကြာတွင် သူ၏ဝမ်းဗိုက်၌ တွင်းနက်ကြီးတစ်ခုပေါ်လာကာ လျှပ်စီးများဖြင့် ဖုံးအုပ်ထားသော နတ်ဘုရားသတ်တုတ် ပေါ်လာသည်။


နတ်ဘုရားသတ်တုတ်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားလျက် ၎င်း၏ မေးရိုးကို အနည်းငယ်မြှင့်လိုက်သောအခါ ဖိအားများက ကောင်းကင်သို့ ပြေးတက်သွားခဲ့သည်။


မိုးကြိုးပြစ်ဒဏ်များကို စားသုံးပြီးသည့်နောက် မြေကမ္ဘာအင်မော်တယ်ရုပ်သေး ဝှိုက်တီသည် ကြယ်နှစ်ပွင့် စစ်မှန် မသေမျိုးနယ်ပယ်သို့ ရောက်ရှိသွားသဖြင့် သားရဲဧကရာဇ်နှင့် ရင်ဆိုင်ခြင်းမှာ သူ့အတွက် ပြဿနာမရှိပေ။


သားရဲဧကရာဇ်နှင့် ကြီးမားသောတိုက်ပွဲစရန် ပြင်တင်နေချိန်တွင်...


ငရဲကမ္ဘာသင်္ဘောပေါ်မှ ဝှစ်ခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။


ပန်းပွင့်လေး၏ ပုံရိပ် အောက်သို့ဆင်းလာပြီး ဝှိုက်တီ၏ ခေါင်းအထက်တွင်ဆင်းလိုက်ကာ ၎င်းကိုဖက်ထားလျက်ရယ်မောနေသည်။


အဝေးမှ မြွေအမျိုးအစား သားရဲဧကရာဇ် ၎င်း၏ ခက်ရင်းခွကဲ့သို့လျှာကို ဖွင့်ချည်ပိတ်ချည် လုပ်နေသည်။


ဝှိုက်တီ မှင်သက်သွားသည်။ ကောင်းကင်မှ ပြေးဆင်းလာသော ဖိအားများသည်လည်း အေးခဲသွားပြီး သွားသင့် မသွားသင့် မသိတော့ပေ။


ဝှစ်ခနဲအသံဖြင့် ပန်းပွင့်လေး ဝှိုက်တီ့ခေါင်းပေါ်မှ ခုန်ဆင်းလာသည်။ သူမ၏ ခြေဖဝါး မြေပြင်နှင့် ထိလိုက်သည့် အခိုက်အတန့်တွင် ကြီးမားသော မြွေအမျိုးအစား သားရဲဧကရာဇ်ထံသို့ လျင်မြန်စွာ ပြေးသွားသည်။


သားရဲဧကရာဇ် သူ၏ပါးစပ်ကိုဟ၍ ဟိန်းဟောက်သံနှင့်အတူ သွေးညှီနံ့များကိုပါ ထုတ်လွှတ်လိုက်သည်။


လေပြင်းတစ်ခု တိုက်ခတ်လာပြီး ပန်းပွင့်လေးကို သူမ၏တင်ပါးနှင့် မြေပြင်ထိသွားသည်အထိ နောက်လန်ကျသွားစေခဲ့သည်။


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


ပန်းပွင့်သခင်ကြီးက ဒီနေရာကို ဟာသလုပ်ဖို့ ရောက်လာတာလား...


ရုတ်တရက် ပုဖန်အေးခဲသွားသည်။


အဝေးတစ်နေရာရှိ မြေပြင်ပေါ်တွင်ထိုင်နေသော ပန်းပွင့်လေး စိတ်ဆိုးနေပုံရသည်။ သူမ၏ သုံးပန်လှ မြွေမျက်လုံး၏ မျက်ဆံများ လှည့်ပတ်နေပြီး ချက်ချင်းပင် အစိမ်းရင့်ရောင် ရောင်ခြည်များ ထုတ်လွတ်နေသည်။


ခဏအကြာတွင်...


မြွေအမျိုးအစား သားရဲဧကရာဇ်မှာ ကြီးမားလွန်းလှသော ရောင်စုံစပါးအုံးမြွေကြီး တစ်ခဏချင်း ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွားသည်ကို မှင်တက်စွာ ကြည့်နေသည်။


စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာသည်...


ရှေးဦးသားရဲ ခုနစ်ရောင်ခြယ်ကောင်းကင်ဝါးမျို စပါးအုံးကြီး သူ၏ အစိမ်းရင့်ရောင် မျက်လုံးများဖြင့် သားရဲဧကရာဇ်ကို ကြည့်နေသည်။ သူ၏ ပါးစပ်ကို ဟလိုက်ပြီး ဆံပင်များပင်ထောင်သွားစေမည့် အသံဖြင့် အော်ဟစ်လိုက်သည်။


သူတို့၏အထက်တွင် ငရဲဘုရင်အာဟ အစပ်ချောင်းများ စားနေလျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။


" ဖြူစင်ပြီး အပြစ်ကင်းတဲ့ အရုပ်‌လေးလို ပန်းပွင့်လေးလည်း ခွေးငပျင်းနဲ့ အရောဝင်လိုက်တာနဲ့ ကျားကိုစားဖို့ ‌ဝက်လို ဟန်ဆောင်တတ်နေပြီ ဟိုမြွေလေး ဘယ်လောက်လန့်နေလဲ ကြည့်လိုက်ပါဦး..." 


နယ်သာရီ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။


ရုတ်တရက်...


ငရဲဘုရင်အာဟ၏ ရယ်မောသံများ တိတ်ဆိတ်သွားသည်။


မျက်ခုံးပင့်ကာ ခပ်မာမာ မျက်နှာထားဖြင့် အဝေးကို လှမ်းကြည့်လိုက်သည်။ မျက်လုံးသူငယ်အိမ် များသည် ထင်ယောင်ထင်မှားဖြစ်စေသော ပုံရိပ်ယောင်ကို ဖြတ်သွားပုံရသည်။


နယ်သာရီ အံ့အားသင့်သွားပြီး သူ့ကို စူးစမ်းစွာကြည့်နေသည်။ ငရဲဘုရင်အာဟ ဤကဲ့သို့ ဖြစ်လာခဲသည်။


" ညီမလေး နယ်သာရီ သူတို့ဒီကိုရောက်လာပြီ... မင်းပုန်းဖို့ နေရာရှာရတော့မယ်..."