အခန်း ၉၉၇
ကမ္ဘာမြေအကျဉ်းထောင်က အရှင်သခင်တွေ ဒီကိုရောက်လာပြီ...
ဝုန်း...ဝုန်း...
ဤနေရာတွင် ပို၍ ပူလောင်လာသည်။
ရွှေကြာနတ်ဆိုးမီးတောက် အတွင်း၌ အဆက်မပြတ် ပူလောင်နေပြီး နေရာတိုင်းတွင် မီးတောက်များ ပျံဝဲနေသကဲ့သို့ပင် ထင်ရသည်။
သူတို့အသုံးပြုခဲ့သော ဆန်းကြယ်နဂါးအမှုန့်သည် သားရဲဧကရာဇ်များအပေါ် မသက်ရောက်သည်ကို သတိပြုမိသွားသောအခါ သူကောင်းမျိုးမိသားစုမှ မသေမျိုးစားဖိုမှူးအဖွဲ့များ အရိုးထဲမှပင် အေးစက်မှုကို ခံစားခဲ့ရသည်။
ဤအခိုက်အတန့်တွင် မြေပြင်ပေါ်သို့ ပြိုလဲကျသင့်နေသော သားရဲဧကရာဇ်များ အားလုံး ဒေါသထွက်နေကြသည်။
ဂရား...
ဟိန်းဟောက်သံကြီးများမှာ နားကွဲမတတ်ပင် ဖြစ်သည်။ ခဏအကြာတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် ထွက်လာသည်။
မသေမျိုးပါဝင်ပစ္စည်းများနှင့် မီးတောက် များကြားတွင် မတ်တပ်ရပ်နေသော မသေမျိုး စားဖိုမှူးများ သားရဲဧကရာဇ်များကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေကြသည်။
တစ်ခုခု ထူးဆန်းတာတော့ ဖြစ်နေပြီ...
မသေမျိုးစားဖိုမှူများ သူတို့၏လက်ထဲတွင်ရှိသော မီးဖိုချောင်သုံးဓားများကို ကြည့်လိုက်သည်။ ထိုဓားများမှာ သာမန်မဟုတ်ပေ။
ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်ကို လှုံဆော်ပေးကာ သားရဲဧကရာဇ်များဆီသို့ ခုတ်ထစ်ရန် ပြေးသွားသည်။
သို့သော် မီးဖိုချောင်သုံးဓားများ သားရဲဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသောအခါတွင် ၎င်းတို့၏ အကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။
လက်သည်းတစ်ခုကို အလျားလိုက် လှုပ်ရှားလိုက်သောအခါ မသေမျိုးစားဖိုမှူးများ၏ ခေါင်းများ ပေါက်ကွဲသွားပြီး တောက်ပြောင်သော အနီရောင်သွေးအခိုးအငွေ့များ ဖြစ်ပေါ်လာသည်။
အမာရွတ်နှင့်လူ ခြေထောက်များတုန်ယင်လျက် နောက်ဆုတ်သွားသည်။ ဤသားရဲဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်မှုသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
အမာရွတ်နှင့်လူ ခေါင်းကိုလှည့်၍ အဝေးတစ်နေရာမှ ကုန်းရှို့ပန်ကို ကြည့်လိုက်သည်။
ဆံပင်များကို လေတိုက်ခတ်နေသဖြင့် ကုန်းရှို့ပန်၏ ပုံစံမှာ ကြော့ရှင်းနေသည်။ ခေါင်းကိုလှည့်၍ အမာရွတ်နှင့်လူကို ပြုံးပြလိုက်သည်။
ဆန်းကြယ်နဂါးအမှုန့်တွေက သားရဲဧကရာဇ်တွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ ကုန်းရှို့ပန် ကြိုသိခဲ့တာလား...
အမာရွတ်နှင့်လူ၏ နှလုံးသားများ အေးခဲသွားသည်။
ကုန်းရှို့မိသားစုရဲ့ ဂုဏ်ယူဖွယ်ရာ ပီသပါပေတယ် သူက တကယ်ကို စွမ်းအားကြီးတာပဲ...
ထုံမိသားစု၏ မသေမျိုးစားဖိုမှူးများ အဝေးသို့ ထွက်ပြေးနေရပြီး အလွန်အမင်း သနားစရာကောင်းသော အနေအထားသို့ ရောက်ရှိနေသည်။ ဤသားရဲဧကရာဇ်များမှာ ကြယ်နှစ်ပွင့်သားရဲများဖြစ်ကြသော်လည်း သာမန်မဟုတ်ကြပေ။ ဤသားရဲများ၏ ခုခံကာကွယ်မှုသည် အနှိုင်းမဲ့ သန်မာပြီး ၎င်းတို့၏ စွမ်းအားသည် သာမန် သားရဲဧကရာဇ်များထက် များစွာ အားကောင်းပါသည်။
" အဲ့တာက မသေမျိုးမီးတောက်နဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်လိမ့်မယ်... ဒီကြမ်းကြုတ်တဲ့ သားရဲတွေက ဒီနေရာမှာ နေတာကြာလို့ နှစ်တစ်ထောင်မီးလျှံကြာစေ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူထားတာ ဖြစ်မယ် အဲ့ဒီစွမ်းအင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို လျှို့ဝှက် လွှမ်းမိုးထားပြီး မသေမျိုးမီးတောက်ကြောင့် ခုခံမှုနဲ့ ကာကွယ်မှုတွေ သိသိသာသာ တိုးမြင့်လာတာဖြစ်မယ် အဲ့တာကြောင့် ဆန်းကြယ်နဂါးအမှုန့်တွေက သက်ရောက်မှုမရှိတာ..."
သူ၏အကြည့်များက ခက်ထန်လျက် ကုန်းရှို့ပန် ရှင်းပြလိုက်သည်။
အမာရွတ်နှင့်လူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလာသည်။ သားရဲဧကရာဇ်များနှင့် ရင်မဆိုင်နိုင်ရသည်မှာ ထိုအကြောင်းပြချက်ကြောင့်ဟု သူမသိခဲ့ပေ။
" သေစမ်း... အဲ့တာဆို ဒီတိရစ္ဆာန်တွေကို သတ်ဖို့ နည်းလမ်းမရှိဘူးလား..."
အမာရွတ်နှင့်လူ၏ ဒေါသမှာ အထွဋ်အထိပ်သို့ ရောက်နေသည်။
သို့သော် ကုန်းရှို့ပန် တိတ်ဆိတ်နေသည်။ သူ၏မျက်လုံးများက မသေမျိုးစားဖိုမှူးကို လက်သည်းတစ်ချက်တည်းဖြင့် ပေါက်ကွဲသွားစေသော ဟိန်းဟောက်နေသည့် သားရဲဧကရာဇ်ကို တောက်ပစွာ ကြည့်နေသည်။ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။
အမာရွတ်နှင့်လူ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ပုဖန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
သူကောင်းမျိုးနွယ်တွေတောင် လူတွေအများကြီး သေကြေနေတာ အဲ့သေမျိုးကတော့ အခုဆိုရင် အသားကင် ဖြစ်နေလောက်ပြီ...
အမာရွတ်နှင့်လူ၏ မျက်နှာမှာ သူတစ်ပါးကို မကောင်းကြံစည်လိုမှုများနှင့် ပြည့်နှက်နေပြီး ပုဖန်ရှိနေသော နေရာကို ကြည့်လိုက်သည်။
သို့သော် သူ၏မျက်နှာပေါ်ရှိ လှောင်ပြောင်နေသောအပြုံး ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်သွားသည်။
သူစိတ်ကူးယဉ်ခဲ့သော မြင်ကွင်း ဖြစ်မလာခဲ့ပေ။
ပုဖန် အသားကင် ဖြစ်မနေခဲ့ပါ။
ဤအခိုက်အတန့်တွင် ပုဖန် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော မြွေအမျိုးအစား သားရဲဧကရာဇ်၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်နေသည်။
တွေ့လိုက်ရသော မြင်ကွင်းမှာ သူမျှော်လင့်ထားသကဲ့သို့ မဟုတ်ခဲ့ပေ။
ဒါကဘယ်လို ဖြစ်နိုင်မှာလဲ...
ဤသားရဲဧကရာဇ်များမှာ အလွန်ကြောက်စရာကောင်းပြီး ကြမ်းတမ်းကြသည်။
ဒီအကြောင်းကို သူ အသိဆုံးပဲ...
မသေမျိုးစားဖိုမှူးများစွာ ဤနေရာတွင် သေဆုံးသွားခဲ့ကြပြီး လေထဲရှိ သွေးအနံ့အသက်များက အန်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ဒါမဲ့ ပုဖန်ဘက်မှာကျတော့ အခြေအနေက အေးချမ်းလွန်းနေတယ်...
မင်းမေလင်ကို အေးချမ်းနေလိုက်...
အဲ့ဒီသေမျိုး ရွေးလိုက်တဲ့လမ်းကြောင်းက သားရဲဧကရာဇ်က အဲ့လောက် မကြမ်းတမ်းတာများလား...
ပို၍ ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အမာရွတ်နှင့်အမျိုးသား၏ မျက်လုံးများ တောက်ပလာသည်။
သူတို့ကြုံတွေ့ခဲ့ရသော သားရဲဧကရာဇ်မှာ အလွန်ကြမ်းတမ်းပြီး သူ၏မျက်လုံးထဲရှိ ရက်စက်မှုများက တုန်လှုပ်ခြောက်ခြား သွားစေနိုင်သည်။
ဒါပေမဲ့ အဲ့ဒီမြွေကြီးက သူ့ခေါင်းကို ပုဖန်ပွတ်ပေးနေတုန်း သက်တောင့်သက်သာနဲ့ မျက်လုံးတွေကိုတောင် မှေးထားသေးတယ်...
သားရဲတွေရဲ့ ကွာခြားချက်က အဲ့လောက်တောင် ကြီးလား...
ကုန်းရှို့ပန် အမာရွတ်နှင့်လူ ရေရွတ်နေသည်ကိုကြား၍ အမှတ်တမဲ့ ပုဖန်ဘက်သို့ ကြည့်လိုက်မိသည်။
ထိုမြင်ကွင်းက သူ၏နှလုံးသားကို ထိတ်လန့်သွားစေခဲ့သည်။
" ပိုင်ရှင်ပုပဲ... သူတကယ်ကို အမွေအနှစ်နယ်မြေကို လာခဲ့တာပဲ..."
ရွှမ်ယွမ်ရှားဟွေ့ ပုဖန်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ မျက်လုံးများပြူး၍ မယုံကြည်နိုင်စွာ ကြည့်နေသည်။
ပုဖန်ကိုကြည့်ရတာ ဘယ် သူကောင်းမျိုးမိသားစုကိုမှ မဝင်ခဲ့တဲ့ပုံပဲ အမွေအနှစ်နယ်မြေကို သူ့ဘာသာ လာခဲ့တာများလား...
သူဘယ်လိုလုပ်ခဲ့တာလဲ မယုံကြည်နိုင်စရာပဲ...
" စိတ်ဝင်စားစရာပဲ..."
သားရဲဧကရာဇ်ကြီး ကြောင်လေးတစ်ကောင်ကဲ့သို့ ပြုမူနေသည်ကို ကုန်းရှို့ပန် မျက်လုံးများမှေးလျက် ကြည့်နေသည်။
သူ၏အတွေးများမှာ အမာရွတ်နှင့်လူနှင့် ကွာခြားသည်။ ပုဖန်၏လမ်းကြောင်းမှ သားရဲဧကရာဇ်မှာ သိမ်မွေ့သည်ဟု သူမထင်ခဲ့ပေ။
သူတို့မသိတဲ့ နည်းလမ်းတစ်ခုခုကို ပုဖန် သုံးလိုက်တာပဲဖြစ်မယ်...
ရုတ်တရက်...
ပုဖန်လှုပ်ရှားလိုက်သည်။
မြွေအမျိုးအစား သားရဲဧကရာဇ်၏ ခေါင်းကို ပွတ်သပ်ပြီးနောက် လက်နောက်ပစ်၍ ၎င်း၏အနောက်သို့ လျှောက်သွားလိုက်သည်။ သူ၏ ပစ်မှတ်မှာ နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့ ဖြစ်သည်။
အမာရွတ်နှင့်လူ၏ မျက်လုံးများမှေးသွားပြီး ခဏအကြာတွင် မျက်ဝန်းထဲ၌ ကြမ်းကြုတ်မှုများ ပေါ်လာသည်။
" ချီးပဲ... မင်းကို မသေမျိုးပါဝင်ပစ္စည်း ယူသွားခွင့်ပြုမယ်ထင်နေလား..."
စစ်မှန်စွမ်းအင်များ သူ၏ခြေဖဝါးအောက်မှ တက်လာသည်။ သူ၏ ပုံရိပ်မှာ ကြယ်တံခွန်ကဲ့သို့ ဖြစ်လာပြီး ပုဖန်ဆီသို့ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။
သားရဲဧကရာဇ်က ပုဖန်နဲ့ဆို သိမ်မွေ့နေတယ်ဆိုတော့ သူနဲ့ဆိုရင်လည်း အဲ့လိုပဲနေမှာ...
မသေမျိုးပါဝင်ပစ္စည်းကလည်း သူ့ဟာ... မသေမျိုးမီးတောက်ကလည်း သူ့အတွက်ပဲ...
သူ၏နောက်ဖက်မှ လှုပ်ရှားမှုကို ပုဖန်ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ နောက်သို့လှည့်ကြည့်လိုက်သောအခါ အမာရွတ်နှင့်လူ တစ်ဟုန်ထိုး လိုက်လာသည်ကို မြင်လိုက်ရသည်။
ပုဖန်ကိုကြည့်နေသော ထိုလူ၏မျက်လုံးမှာ လောဘဖြင့် ပြည့်နှက်နေသည်။
ပုဖန် ထိုလူကိုကြည့်၍ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
" ငတုံးကောင်..."
ပုဖန်ရေရွတ်လိုက်သည်။
ခဏအကြာတွင်...
အမာရွတ်နှင့်လူ ရှေ့သို့တစ်ဟုန်ထိုး ပြေးလာသည်။
ဂရား...
မြွေအမျိုးနွယ်သားရဲဧကရာဇ်ကြီး သူ၏မြွေအမြှီးကို လှုပ်ရမ်း၍ ခြိမ်းခြောက်ကာ အမာရွတ်နှင့်လူကို ရက်စက်စွာ စတင်တိုက်ခိုက်တော့သည်။
ပုဖန်အပေါ် နူးညံ့သိမ်မွေ့ခဲ့သော သားရဲဧကရာဇ်မှာ ထိုကဲ့သို့ ဒေါသဖြင့် ပေါက်ကွဲလာမည်ဟု သူမထင်ထားခဲ့ပေ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချေမွခံရပြီး ပျံတက်သွားသည်။
ပန်းပွင့်လေး မျက်မှောင်ကြုတ်လိုက်သည်။ ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမျိုစပါးအုံးတစ်ကောင် အနေဖြင့် မြွေများအပေါ် သဘာဝအလျောက် ဖိနှိပ်လိုမှုများ သူမတွင်ရှိသည်။
ဤသားရဲဧကရာဇ်သည် သာမန်မဟုတ်သော်လည်း ပန်းပွင့်လေး သူမ၏ ကိုယ်ပိုင်လက္ခဏာကို ဖော်ပြပြီးသည်နှင့် အညံ့ခံရန်ရွေးချယ်ခဲ့သည်။
" သူ့ကိုရိုက်စမ်း... စက္ကူစတစ်ခု ဖြစ်သွားတဲ့အထိ ရိုက်နှက်လိုက်..."
ပန်းပွင့်လေး မျက်လုံးများမှေးစင်းထားပြီး သူမ၏ သေးငယ်သော လက်သီးများကိုဆုပ်၍ ရေရွတ်လိုက်သည်။
ဧရာမမြွေကြီး၏ တိုက်ခိုက်မှုမှာ ပို၍ပြင်းထန်လာပြီး အမာရွတ်နှင့်လူကို သတ်ရန်ကြိုးပမ်းလာသည်။
ထိုလူအနည်းငယ် တွေဝေသွားသည်။ သားရဲဧကရာဇ်၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ပါးစပ်မှသွေးများ ထွက်လာပြီး မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
ပုဖန် သူ့အားငတုံးဟု ခေါ်လိုက်သည့်အတွက် သွေးများ ပို၍အန်ထွက်လာသည်။
ထိုအမာရွတ်နှင့်လူကို ဂရုမစိုက်ပဲ မသေမျိုးစွမ်းအင်များ ဖြာထွက်နေသော မသေမျိုးပါဝင်ပစ္စည်းဆီသို့ ပုဖန် လျှောက်သွားလိုက်သည်။
ကုန်းရှို့ပန် မျက်လုံးများ မှေးစင်းသွားသည်။ သူထပ်မံ မစောင့်နိုင်တော့ပေ။
နောက်ဆုံးတွင် လှုပ်ရှားတော့မည်ဖြစ်သည်။
လက်ထဲတွင် အလင်းရောင် တောက်ပသွားပြီး ခရမ်းရောင် မီးဖိုချောင်သုံးဓားတစ်ခု သူ၏လက်သီးဆုပ်ထဲတွင် ပေါ်လာသည်။
ထိုအရာမှာ မသေမျိုးစွမ်းအင်များ လှည့်ပတ်နေသော မသေမျိုးကိရိယာတစ်ခု ဖြစ်သည်။
သိမ်မွေ့သော ကုန်းရှို့ပန် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထွက်သွားပြီး မြေပြင်ပေါ်သို့နင်းပြီးနောက် သားရဲဧကရာဇ်ဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။
သူ၏အရှိန်မှာ အလွန်မြန်သောကြောင့် နေရာမှ ခဏချင်းပင် ပျောက်ကွယ်သွားသည်။
သားရဲဧကရာဇ် ဟိန်းဟောက်လိုက်ပြီး လက်သည်းဖြင့် ရိုက်ချလိုက်သည်။ သို့သော် ကုန်းရှို့ပန်၏ ပုံရိပ်မှာ အခြားတစ်နေရာသို့ ရွှေ့သွားသဖြင့် လေကိုသာ ကုတ်ဆွဲမိသွားသည်။
ကြည့်ရှု့နေသူများ၏ မျက်လုံးထဲတွင် ခရမ်းရင့်ရောင် အလင်းတန်းများသာ ပြည့်နှက်နေသည်။
မီးဖိုချောင်သုံးဓား သားရဲဧကရာဇ်၏ အသားများကို ပိုင်းဖြတ်လိုက်သောအခါ သွေးမိုးများ ရွာကျလာသည်။
" အ.. အရမ်း အင်အားကြီးတာပဲ..."
ရွှမ်ယွမ်ရှားဟွေ့ အံ့အားသင့်သွားသည့်အမူအရာဖြင့် ကြည့်နေခဲ့ပြီး ကျယ်လောင်စွာ ချီးကျူးလိုက်သည်။
" ဒါပေါ့ ကျွန်မအစ်ကိုက အင်အားကြီးတယ် ကုန်းရှို့မိသားစုရဲ့ ဂုဏ်ယူစရာဖြစ်တဲ့အပြင် သူက ချီလင်စားဖိုမှူးလည်း ဖြစ်လာနိုင်တယ်..."
တစ်ဟုန်ထိုး သွားနေသော ပုံရိပ်ကိုကြည့်၍ ကုန်းရှို့ယွင် ဂုဏ်ယူစွာ ပြောလိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့ ခေါင်းငြိမ့်လိုက်သည်။ ကုန်းရှို့ပန် အင်အားကြီးသည်မှာ အမှန်ပင်ဖြစ်သည်။ ဤမြင်ကွင်းကို ကိုယ်တိုင်တွေ့ပြီးနောက်မှ ထိုလူ၏စွမ်းအားနှင့် ဂုဏ်သိက္ခာကို သိရှိလာခဲ့သည်။
ဝုန်း...
သားရဲဧကရာဇ်၏ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး သွေးများ တတောက်တောက် စီးကျနေသည်။
ကုန်းရှို့ပန် ထိုနေရာနှင့် မလှမ်းမကန်းတွင် ရပ်နေသည်။ မီးဖိုချောင်သုံးဓားကို လက်ထဲပြန်မထည့်မီ လေပေါ်တွင် ရစ်ဝဲစေလျက် ဓားစွမ်းရည်အချို့ကို ပြသလိုက်သည်။
သားရဲဧကရာဇ်၏ ဦးခေါင်းကို ချိန်ရွယ်ထားပြီး ကုန်းရှို့ပန် သူ၏ဓားကို မျက်ခုံးအလယ်မှ ချိန်လိုက်သည်။
ဝုန်း...
မသေမျိုးစားဖိုမှူး များစွာကို သတ်ခဲ့သည့် အနှိုင်းမဲ့အားကြီးသော သားရဲဧကရာဇ်သည် ထိုကဲ့သို့ပင် ပြိုလဲကျသွားသည်။
အပြင်းအထန် မောပန်းကာ သေလုမျောပါး ဖြစ်နေသည်။
" ယွင်လေး ဒီသားရဲဧကရာဇ်ကို သိမ်းထားလိုက် သူက မသေမျိုးမီးတောက်နဲ့ ပါဝင်ပစ္စည်းတွေကို စုပ်ယူထားလို့ ပါဝင်ပစ္စည်းကောင်းတစ်ခု ဖြစ်လိမ့်မယ် မဖြုန်းတီးပစ်နဲ့ ..."
ကုန်းရှို့ပန် နောက်သို့လှည့်မကြည့်ပဲ ညွန်ကြားချက်များပေးကာ မီးဖိုချောင်သုံးဓားပေါ်မှ သွေးများကို အဖြူရောင်အဝတ်စဖြင့် သုတ်နေသည်။
ညီမဖြစ်သူ၏ ပြန်လည်ဖြေကြားချက်ကို မစောင့်တော့ပဲ မသေမျိုးပါဝင်ပစ္စည်းဆီသို့ လျှောက်သွားသည်။
...
ဆုတ်ဖြဲလိုက်သည့် အသံနှင့်အတူ ဟင်းလင်းပြင် ကွဲအက်သွားသည်။
ထိုအတွင်းထဲမှ ပုံရိပ်နှစ်ခု ထွက်လာသည်။
တစ်ယောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေကာ အရပ်ရှည်၍ သန်မာသော ခန္ဓာကိုယ်ရှိပြီး သူ၏ကြွက်သားများပေါ်တွင် ဆန်းကြယ်သော တက်တူးများ ရေးထိုးထားသည်။
အခြားတစ်ဦးမှာ ကိုယ်လုံးကိုယ်ပေါက်လှပြီး တောက်ပနေသော ပုံရိပ်တစ်ခု ဖြစ်သည်။ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော်လည်း သူမ ခန္ဓာကိုယ်၏ ဆွဲဆောင်မှုကို မဖုံးကွယ်ထားနိုင်ပေ။
" ဝိုး ကြာပန်းကောင်းကင်ဘုံနဲ့ ကမ္ဘာကြီးပါလား လှလိုက်တာ..."
လော့ကျီး ပြောလိုက်သည်။
" သိပ်သည်းလှတဲ့ စွမ်းအင်တွေပဲ ငရဲဘုရင်က ဒီနေရာမှာပဲ ရှိနေလောက်တယ်... "
ကျင်းကျောင်း၏ အတွေးများမှာ လော့ကျီးနှင့် မတူပေ။
အသက်ပြင်းစွာ ရှုလိုက်သောအခါ သူ၏မျက်လုံးများ လှုပ်ရှားသွားသည်။ ဝေလငါး အစာကို စုပ်ယူသွားသကဲ့သို့ ဤနယ်ပယ်မှ ဝိညာဉ်စွမ်းအင်များကိုလည်း သူ၏ပါးစပ်တွင်းသို့ စုပ်ယူလိုက်သည်။
" ဟေး ဒီကိုလာကြည့်ဦး..."
လော့ကျီး အဝေးတစ်နေရာသို့ ညွန်ပြနေသည်။
မီးတောက်တစ်ခု တောက်လောက်နေပြီး သူ၏မသေမျိုးစွမ်းအင်မှာ ထောက်တိုင်ကဲ့သို့ ဖြစ်နေသည်။
" အဲ့တာမသေမျိုးမီးတောက်လား..."
ကျင်းကျောင်း တည်ငြိမ်စွာ ပြောလိုက်သည်။ မသေမျိုးမီးတောက်ကို မြင်လိုက်ရသော်လည်း သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။
" နင်က တကယ်တုံးတာပဲ ယင်ကျောင်းရဲ့တစ်ဝက်လောက်သာ ဉာဏ်ကောင်းရင် ကောင်းကင်ကို တက်သွားနိုင်နေပြီ..."
လောကျီး ကျင်းကျောင်းကို မျက်ဆံလှန်ကြည့်လိုက်သည်။ ထို့နောက် သူမအကြည့်များက မသေမျိုးမီးတောက်ထံ ရောက်သွားပြီး မျက်လုံးများ ခရမ်းရောင် ပြောင်းသွားသည်။
" အဲ့ဒီ မသေမျိုးမီးတောက်က တစ်ခုခုထူးဆန်းနေတယ် တစ်ခုခုကို ဖုံးအုပ်ထားသလိုပဲ..."
ကျင်းကျောင်း မျက်ခုံးများ တွန့်ချိုးကာ လှောင်ပြောင်သရော်ပြီး နှာခေါင်းရှုံလိုက်သည်။
" ဘယ်လောက်ထူးဆန်းလဲဆိုတာ ဘယ်သူဂရုစိုက်လို့လဲ ငါ့လက်သီးနဲ့ ခွဲပစ်လိုက်လို့ရလား..."
ခဏအကြာတွင် မသေမျိုးမီးတောက် ရှိရာသို့ သူလမ်းလျှောက်သွားလိုက်သည်။
ကျင်းကျောင်း၏ ပျောက်ကွယ်သွားသောပုံရိပ်က်ိုကြည့်ကာ သူမသက်ပြင်းချလိုက်သည်။
" သူ့ခေါင်းထဲမှာ ကျောက်တုံးတွေပဲ ရှိတယ်ထင်တယ် ဘယ်လိုပျော်ရမယ်ဆိုတာကို မသိဘူး..."
" ဟမ့်..." ဟူသောအသံပြု၍ သူမ၏ တင်ပါးများကို ယိမ်းနွဲ့ကာ သိမ်မွေ့သော ခြေလှမ်းများဖြင့် ကျင်းကျောင်းနောက်သို့ လိုက်သွားသည်။
...
ငရဲကမ္ဘာသင်္ဘောပေါ်တွင်
နယ်သာရီ ငရဲဘုရင်အာဟကို စိတ်ရှုပ်ထွေးစွာကြည့်၍ အေးစက်စွာ မေးလိုက်သည်။
" ပုန်းရမယ်တဲ့လား... ဘာလို့ ပုန်းနေရမှာလဲ..."
ငရဲဘုရင်အာဟ အဝေးသို့ ကြည့်နေသည်။ သူ၏ပါးစပ်ထဲတွင် ရှုးရှဲအစပ်ချောင်းကို ကိုက်ထားသော်လည်း သူ့ကိုကြည့်ရသည်မှာ လေးနက်နေပုံရသည်။
" ဒီဘုရင်ကို ပြောတာကို နားထောင်ပါ ငါမင်းကိုမလိမ်ဘူး..."
သူမ၏ပုံရိပ်မှာ မရွေ့လျားသည့်အပြင် နယ်သာရီမျက်မှောင်ကြုတ်လိုက်သည်။
ငရဲဘုရင်အာဟ နယ်သာရီကိုကြည့်၍ သက်ပြင်းချလိုက်သည်။
" အရမ်းနောက်ကျသွားပြီ..."
နယ်သာရီ အေးခဲသွားသည်။ သူမ၏ ခန္ဓာကိုယ်ကိုလှည့်၍ မလှမ်းမကမ်းသို့ ကြည့်လိုက်သည်။
သူတို့၏အထက်တွင် ပုံရိပ်နှစ်ခု ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
ရွှေရောင်ဦးချိုနှင့် သန်မာကြံ့ခိုင်သော အမျိုးသားတစ်ဦးနှင့် ကလေးဆန်သော မျက်နှာနှင့် ပန်းရောင်ဆံပင်ရှိသည့် အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။
ထိုနှစ်ဦးကိုကြည့်ကာ နယ်သာရီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" ကမ္ဘာမြေအကျဉ်းထောင်က အရှင်သခင်တွေလား..."
" မင်းကိုဘာလို့ ပုန်းစေချင်တယ်ဆိုတာ သိပြီမလား..."
ငရဲဘုရင်အာဟ ထပ်မံ သက်ပြင်းချလိုက်သည်။ ဟိုခွေးငပျင်း သူမကို အမွေအနှစ်နယ်မြေကို မလာစေချင်သည့် အကြောင်းအရင်းကို သိသွားပြီဖြစ်သည်။
ကမ္ဘာမြေ အကျဉ်းထောင်က အရှင်သခင်တွေ ပေါ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ...
ခေါင်းကို ခါရမ်း၍ ငရဲဘုရင်အာဟ ပြဿနာတက်တော့မည်ဟု ခံစားနေရသည်။
ထိုနှစ်ဦးကို ကမ္ဘာမြေအကျဉ်းထောင်မှ အခြားအထောက်တော်များကဲ့သို့ ရှုးရှဲအစပ်ချောင်းကျွေး၍ ပြန်လွှတ်လိုက်၍ မရပေ။
ကျင်းကျောင်း၏ဘေးမှ လော့ကျီးကို ကြည့်လိုက်မိသည်။ ငရဲဘုရင်အာဟ၏ မျက်နှာကြွက်သားများပင် တုန်လှုပ်သွားသည်။ ဒီမိန်းမကရော ဘာလို့ရောက်လာရတာလဲ...
...
တောက် တောက် တောက်...
ပုဖန် လမ်းလျှောက်လာချိန်တွင် လေပြင်းသည် မသေမျိုးစွမ်းအင်များကို သူ၏ပုံရိပ်မှ အဆက်မပြတ် ထုတ်လွတ်နေသည်။
သူ၏ဆံပင်ကို ချည်ထားသည့်ကြိုးလည်း ပြေလျော့သွားပြီး ဆံပင်များ လေထဲတွင် ဝဲနေသည်။ သို့သော် သူ၏ခြေလှမ်းကို မရပ်တန့်ပဲ ဆက်လက်လျှောက်သွားသည်။
ခဏအကြာတွင် မသေမျိုးစွမ်းအင်များ စတင်ပြန့်ကျဲလာသည့် နေရာသို့ ရောက်သွားသည်။
ခေါင်းကိုမော့၍ လေပေါ်တွင် မျောနေသော နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့ကို ကြည့်လိုက်သည်။
အဝေးမှ ကုန်းရှို့ပန်လည်း ရပ်လိုက်ပြီး ပုဖန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ပုဖန်လည်း သတိမထားမိပဲ လှမ်းကြည့်လိုက်သည်။
သူတို့၏ အကြည့်များ လေထဲတွင် ဆုံသွားသည်...