အခန်း ၉၉၈
သူမကို အသေရရ အရှင်ရရ ပြန်ခေါ်လာခဲ့
ကုန်းရှို့ပန်နှင့် ပုဖန်၏အကြည့်များ လေထဲတွင် ဆုံသွားသည်။
အချင်းချင်း ပဋိပက္ခဖြစ်ခြင်း မျက်စောင်းထိုးခြင်းလည်း မရှိခဲ့ပေ။
ပုဖန် မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ကုန်းရှို့ပန်သည်လည်း သိမ်မွေ့သော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် သူတို့ခေါင်းများလှည့်၍ မသေမျိုးစွမ်းအင်များ လျှံထွက်နေသည် နှစ်တစ်ထောင် မီးလျှံနှလုံးသား ကြာစေ့ဆီသို့ ကြည့်လိုက်သည်။
၎င်းသည် မသေမျိုးပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး မသေမျိုးသစ်ပင်တွင်ပင် အဖိုးတန်သော အရာတစ်ခုအဖြစ် သတ်မှတ်ကြသည်။
ပုဖန်က ထိုပါဝင်ပစ္စည်း၏ အဖိုးတန်မှုကို မသိသည်မှာ ဖြစ်နိုင်သော်လည်း ချီလင်စားဖိုမှူအဆင့်ထိ ဖြစ်လာနိုင်သော ကုန်းရှို့မိသားစု၏ ဉာဏ်ကြီးရှင် ကုန်းရှို့ပန် မသိရန်မဖြစ်နိုင်ပေ။
မသေမျိုးစွမ်းအင်များဖြင့် ဖုံးအုပ်ထားသည့် ဖောက်ထွင်းမြင်သော ရေစက်နှင့်တူသည့် ပါဝင်ပစ္စည်းသည် ဖြည်းညှင်းစွာ လည်ပတ်နေသည်။ အတွင်းတွင် နှစ်တစ်ထောင် မီးလျှံနှလုံးသား ကြာစေ့နှင့်တူသော ရွှေရောင်မီးတောက်တစ်ခု တဖျပ်ဖျပ်လင်းလက်နေသည်။
ကုန်းရှို့ပန် ခေါင်းကိုမော့၍ ကြာပန်းစေ့ကို စိုက်ကြည့်နေသည်။ သူ့ကိုကြည့်ရသည်မှာ တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားမှာ အလိုအလျောက်တုန်ခါနေသည်။
" တကယ်ကို လှတာပဲ..."
ကုန်းရှို့ပန် ယစ်မူးစွာဖြင့် ပြောလိုက်သည်။
ထို့နောက် သူဆက်လျှောက်သွားပြီး လက်ကိုဆန့်ထုတ်၍ ကြာစေ့ကို ယူလိုက်သည်။
သို့သော်လည်း ကြာစေ့ကို ပြင်းထန်သော မသေမျိုးစွမ်းအင်ဖြင့် ဖုံးအုပ်ထားသည်။
ဝုန်း... ဝုန်း...
မသေမျိုးစွမ်းအင်မှာ ထိုးထွက်လာပုံရသည်။ ကုန်းရှို့ပန် ထိလိုက်သည်နှင့် လျှပ်စီးလက်သကဲ့သို့ ဖြစ်သွားပြီး သူ၏လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
လက်ကိုမြှောက်လိုက်ပြီး လက်ချောင်းများကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူ၏အရေပြားပေါ်တွင် သေးငယ်သော ရှရာလေးတစ်ခု ဖြစ်သွားကာ အနီရောင်တောက်တောက် သွေးများ ထွက်နေသည်။
သူ လေအေးများ ရှုရှိုက်လိုက်သည်။
မသေမျိုးစွမ်းအင်တွေက ဓားတစ်ခုလို ဖြစ်လာတာပဲ.. ကြောက်စရာကောင်းလိုက်တာ...
ဤအချိန်တွင် အမှန်တကယ်ပင် ခေါင်းကိုက်စရာ ဖြစ်လာသည်။
သူ့ရဲ့ မသေမျိုးစွမ်းအင်တွေထဲကနေ နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့ကို ဘယ်လိုထုတ်ယူရမလဲ...
ကုန်းရှို့ပန် မျက်ခုံးများ ပင့်လိုက်သည်။ သူ အဖြေကို စဉ်းစားမရသည့်အတွက် မလှမ်းမကန်းမှ ပုဖန်ကိုကြည့်လိုက်ပြီး ထိုသေမျိုး မည်သို့လုပ်မည်ကို သိချင်နေသည်။
ပုဖန်သည်လည်း ကုန်းရှို့ပန်ကဲ့သို့ ခက်ခဲမှုကို ကြုံတွေ့နေရသည်။
မသေမျိုးစွမ်းအင်သည် လှပသည့် အသွင်သဏ္ဍာန်ရှိသော်လည်း ၎င်း၏အောက်တွင် အရိုးပင် အေးစက်သွားနိုင်သည့် ချွန်ထက်မှုကို သိုဝှက်ထားသည်။
ပုဖန် ကြာစေ့ကို ကြည့်လိုက်ပြီးနောက် အစေ့၏နောက်မှ မီးတောက်ကို ကြည့်လိုက်သည်။
မသေမျိုးစွမ်းအင်များဖြင့် ဖုံးအုပ်ထားသည့် မသေမျိုးကိရိယာများ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် ထိုရွှေမီးတောက်သည် စူးရှတောက်ပနေပြီး အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
" ဘာလို့ မသေမျိုးစွမ်းအင်တွေက ဓားတစ်လက်လို ထက်လာရတာလဲ..."
ပုဖန်စိတ်ထဲတွင် အနည်းငယ် သိချင်နေသည်။ မသေမျိုးစွမ်းအင်၏ စနစ်၏ဖော်ပြချက်အရ ၎င်းသည် ဝိညာဉ်စွမ်းအင်ကဲ့သို့ ဖြစ်သင့်သည်။
ထို့နောက် သူ စနစ်ကို အကြောင်းပြချက်ကို မေးခဲ့သည်။ စနစ်သည် အနည်းငယ်တွန့်တို၍ တစ်ခါတစ်ရံ မတိကျသော်လည်း ဤတစ်ကြိမ်တွင် သူ၏လေးနက်သောအသံ ထွက်ပေါ်လာသည်။
" ပိုင်ရှင်မရှိတဲ့ မသေမျိုးစွမ်းအင်က ဝိညာဉ်စွမ်းအင်လိုပဲ ပိုင်ရှင်ရှိတဲ့ မသေမျိုးစွမ်းအင်ကိုတော့ ပိုင်ရှင်က လိုသလို ထိန်းချုပ်နိုင်ပြီး ထက်မြက်ပြီး သတ်ဖြတ်နိုင်တဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားတယ်..."
ပုဖန်၏ မျက်လုံးများ မှေးသွားသည်။
" ပိုင်ရှင်ရှိတဲ့ မသေမျိုးစွမ်းအင်တဲ့လား..."
ပုဖန် စနစ်ကို ပဟေဠိဖြစ်စွာ မေးလိုက်သည်။
ဒါက အမွေအနှစ်နယ်မြေ မဟုတ်ဖူးလား... မသေမျိုးစွမ်းအင်တွေမှာ ပိုင်ရှင် ဘယ်လိုလုပ်ရှိမှာလဲ...
သို့သော် စနစ်က အမှားမလုပ်နိုင်ပေ။ ပုဖန်၏အမြင်အရ စနစ်သည် စွယ်စုံကျမ်းတစ်ခုအဖြစ် အလွန်ယုံကြည်စိတ်ချရသည်။
" နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့က ပိုင်ရှင်ရှိတဲ့ မသေမျိုးစွမ်းအင်တွေနဲ့ လွှမ်းခြုံထားတာပေါ့..."
ပုဖန် ရေရွတ်လိုက်သည်။
မသေမျိုးကိရိယာများကို အဆက်မပြတ် ထုတ်လွှတ်နေသော မသေမျိုးမီးတောက်ကို ကြည့်လိုက်သောအခါ သူ၏မျက်လုံးများက စူးရှလာသည်။
မသေမျိုးမီးတောက်က ကိရိယာများကို ထုတ်လွတ်နေသည်နှင့်ပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။ မသေမျိုးစွမ်းအင်တွင် ပိုင်ရှင်ရှိနေသည်ဆိုသော အကြောင်းအရာကိုမူ ပြောစရာမလိုတော့ပေ။
ပုဖန် သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် သူ၏မျက်နှာမှာ အေးစက်သွားသည်။
အမွေအနှစ်နယ်မြေက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာပဲ...
သို့သော် ထိုအကြောင်းအရာက သူ မသေမျိုးမီးတောက်ကို ရယူခြင်းမှ ရပ်တန့်နိုင်မည် မဟုတ်ပေ။ သူ၏ နှလုံးသားထဲတွင် ထိုအရာကို ရယူမည်ဟု ဆုံးဖြတ်ထားသည်။
ကောင်းကင်ကမ္ဘာမြေမီးလျံသည် သူလိုအပ်သော ချက်ပြုတ်ခြင်းဆိုင်ရာ လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်တော့ပေ။ ထို့ကြောင့်သူ၏ အချက်အပြုတ်စွမ်းရည် တိုးတက်ရန် မီးတောက်အသစ်တစ်မျိုး လိုအပ်နေသည်။
ဒီ ပိုင်ရှင်ရှိတဲ့ မသေမျိုးမီးတောက်ကတော့...
ပုဖန်၏ မျက်ခုံးများ ကျဉ်းမြောင်းသွားသည်။
မသေမျိုးစွမ်းအင်သည် အလွန်ချွန်ထက်နေသည်။
မဟူရာလိပ်ခုံးဒယ်အိုးကိုရော ကွဲသွားစေမလား မသိဘူး...
သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။
ခဏအကြာတွင် သူ၏စိတ်ထဲ တွေးလိုက်သည်နှင့် မီးခိုးများ ဝေ့ဝဲနေသော မဟူရာလိပ်ခုံးဒယ်အိုး သူ၏လက်ထဲတွင် ပေါ်လာသည်။
ပုဖန် ဒယ်အိုးကို ထုတ်လိုက်သည်ကို မလှမ်းမကန်းမှ ကုန်းရှို့ပန် မြင်လိုက်ပြီး အေးခဲသွားကာ မျက်မှောင်ကြုတ်လိုက်သည်။
ပုဖန် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...
ခဏအကြာတွင် မူလက ကုန်းရှို့ပန်၏ ထိတ်လန့်နေသော အမူအရာမှာ ကိုးရို့ကားယားအမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် ပုဖန် နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့ကို သူ၏ဒယ်အိုးဖြင့် ရိုက်ခွဲနေသောကြောင့်ဖြစ်သည်။
ချက်ချင်းပင် ထိုကြာစေ့ကို ဖုံးအုပ်သွားပြီး တချွင်ချွင်မြည်သံများ အဆက်မပြတ် ထွက်လာသည်။
မသေမျိုးစွမ်းအင်မှာ မဟူရာလိပ်ခုံးဒယ်အိုးကိုအဆက်မပြတ် ရိုက်ခတ်နေသည်။ ၎င်းသည် မဟူရာလိပ်ခုံးဒယ်အိုးကို ခွဲထုတ်ပစ်တော့မည့်ကဲ့သို့ ပို၍ပြင်းထန်လာသည့် ဓားစွမ်းအင်နှင့်တူလာသည်။
သို့သော်...
မဟူရာလိပ်ခုံးဒယ်အိုးသည် ခွဲရခက်သော ကျောက်တုံးကြီးနှင့်တူသည်။
ပုဖန်၏ ဝိညာဉ်ပင်လယ်ထဲတွင် လိပ်ကြီးတစ်ကောင်သည် ကြီးမားသောတောင်ကို သယ်ဆောင်လာသကဲ့သို့ သူ၏ခေါင်းကိုမော့လိုက်ပြီး ဟိန်းဟောက်နေသည်။
ချက်ချင်းပင် ဝိညာဉ်ပင်လယ်ထဲတွင် ထိတ်လန့်ဖွယ်ရာ မတည်ငြိမ်မှုများ ဖြစ်သွားပြီး သူ၏စိတ်စွမ်းအင် ထွက်ပေါ်လာသည်။
ဝုန်း...
မဟူရာလိပ်ခုံးဒယ်အိုး လှည့်ပတ်နေပြီး မသေမျိုးစွမ်းအင်များကို ခွဲထုတ်လိုက်သည်။
အဆုံးတွင် ကြည်လင်နေသော ရေစက်တစ်ခုကဲ့သို့ နှစ်တစ်ထောင်မီးလျှံ နှလုံးသားကြာစေ့ကို ပြန်လည်ယူဆောင်လာခဲ့သည်။
မဟူရာလိပ်ခုံးဒယ်အိုး ကျုံ့သွားပြီးနောက် ပုဖန်၏ လက်ဖဝါးပေါ်၌ မျောလွင့်နေသည်။
သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး လက်ကိုဆန့်၍ မဟူရာလိပ်ခုံးဒယ်အိုးကို ယူလိုက်သည်။ အချိန်တိုအတွင်း နှစ်တစ်ထောင်မီးလျှံ နှလုံးသားကြာစေ့ကို ယူဆောင်နိုင်ခဲ့သည်။
ကုန်းရှို့ပန် ဘာမှမပြောနိုင်အောင် ဖြစ်သွားသည်။
ဘာလဲ... အဲ့လိုလှုပ်ရှားလို့ ရတာလား...
မသေမျိုးစွမ်းအင်တွေကို တားဆီးဖို့ ဒယ်အိုးနဲ့ ကြာစေ့ကို ထုတ်လိုက်တာလား...
ထို မသေမျိုးစွမ်းအင်၏ ချွန်ထက်မှုမှာ မသေမျိုးကိရိယာကိုပင် ကွဲကြေသွားစေနိုင်သည်။
အဲ့ဒီသေမျိုးရဲ့လက်ထဲက ဒယ်အိုးက သာမန်တော့ မဟုတ်ဖူးပဲ...
ဒီလိုနည်းလမ်းမျိုးက... ပုံတူပွားလို့ရလား...
ကုန်းရှို့ပန် မျက်ခုံးများ ပင့်လိုက်သည်။ ပုဖန် အသုံးပြုသွားသောနည်းလမ်းသည် အရိုးရှင်းဆုံးနှင့် အကြမ်းတမ်းဆုံးဖြစ်သည်။ သို့သော် သက်ရောက်မှုအရှိဆုံး နည်းလမ်းလည်း ဖြစ်နေပြန်သည်။
သူ၏စိတ်ထဲ လှုပ်ရှားလိုက်ရုံဖြင့် ခရမ်းရောင် မီးဖိုချောင်သုံးဓား လက်ထဲတွင် ပေါ်လာသည်။
ဓားကို အလျားလိုက်ထား၍ ပုဖန်၏နည်းလမ်းကို ပုံတူကူးပြီး ကြာစေ့ကို ခုတ်ထစ်ရန် ကြိုးစားလိုက်သည်။
သို့သော် မကြာမီ ကုန်းရှို့ပန် မျက်ခုံးပင့်လိုက်မိသည်။
အဘယ့်ကြောင့်ဆိုသော်...
သူ၏လက်ထဲရှိ အလယ်အလတ်အဆင့် ခရမ်းရောင် မသေမျိုးကိရိယာမှာ မသေမျိုးစွမ်းအင်များဖြင့် တိုက်ရိုက် ဖြိုခွဲခံရပြီး အက်ကြောင်းများ ပေါ်လာသည်။
ကုန်းရှို့ပန် စိတ်ထဲတွင် နာကျင်ပြီး တုန်ယင်လာသည်။ သို့သော် သူ အံ့ကြိတ်ထားပြီး လက်လျှော့မည့်ပုံ မပြပေ။
အတွေးတစ်ချက်ဖြင့် လက်ထဲတွင် မသေမျိုးကိရိယာများ ပေါ်လာပြီး မသေမျိုးစွမ်းအင်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။
အရည်အသွေးနဲ့ မဆင်မပြေမှတော့ အရေအတွက်ကိုပဲ အားကိုးရတော့မှာပေါ့...
မသေမျိုးစွမ်းအင်များအားလုံး လျင်မြန်စွာထွက်လာပြီး သူ၏မသေမျိုးစွမ်းအင်ကို အမှန်တကယ်ပင် ပိတ်ဆို့ထားသည်။
ဤအခွင့်အရေးကို ဆုပ်ကိုင်လျက် ကုန်းရှို့ပန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ လက်ကိုဆန့်၍ နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့ကို ဖမ်းယူလိုက်သည်။
အား...
နာကျင်မှုကြောင့် အော်သံတစ်ခု ထွက်လာသည်။
ကုန်းရှို့ပန်၏ နှဖူးတွင် ချွေးများစိုရွှဲနေပြီး မျက်လုံးများလည်း ရဲရဲနီနေသညိ။
ကျန်ရှိနေသော မသေမျိုးစွမ်းအင်သည် ကုန်းရှို့ပန်၏ လက်ဖဝါးကို ဖြတ်တောက်ပြီး နေရာတိုင်းတွင် သွေးများစီးကျနေသည်။
သို့သော် ကုန်းရှို့ပန် အလျှော့မပေးပေ။ ကြာစေ့ကို ရယူမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
ကုန်းရှို့ပန်၏ လက်ဖဝါးမှ အနီရောင်တောက်တောက် သွေးစက်များ ကျဆင်းလာသည်။
သို့သော် သူ၏မျက်နှာမှာ ပြုံးရယ်လျက်ရှိသည်။ သူ၏လက်ထဲမှ နှစ်တစ်ထောင် မီးလျှံနှလုံးသား ကြာပန်းကို ကြည့်လိုက်သောအခါ ကြည်လင်တောက်ပနေသည့် ရေစက်လေးများ ကဲ့သို့ပင်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
တစ်နည်းနည်းနဲ့တော့ သူရခဲ့တာပဲ...
ပုဖန် ကုန်းရှို့ပန်ကို ကြည့်လိုက်သောအခါ သူ၏စိတ်ထဲတွင် ထိုလူအတွက် လေးစားမှု အနည်းငယ် ပေါ်ပေါက်လာသည်။
ပုဖန်၏ အကြည့်ကို ခံစားမိသဖြင့် ကုန်းရှို့ပန် ခေါင်းမော့ကြည့်၍ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။
ပုဖန်လည်း မျက်နှာသေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
ခဏအကြာတွင် ခေါင်းမော့၍ နှစ်တစ်ထောင် မီးလျှံနှလုံးသားကြာစေ့ကိုယူကာ အလယ်ဗဟိုနေရာသို့ ပြန်သွားခဲ့သည်။
ယခု သူ၏ပစ်မှတ်မှာ မသေမျိုးမီးတောက်ဖြစ်သည်။
လင်းလက်တောက်ပနေသော ရွှေကြာနတ်ဆိုးမီးတောက်သည် တောက်ပနေသော နေမင်းကြီးကဲ့သို့ပင်။ ၎င်း၏ ဝင်းလက်မှုများ ဖြာထွက်နေကာ မရေမတွက်နိုင်သော မျက်လုံးများကို ဖမ်းစားထားခဲ့သည်။
မြေပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်လာပြီး ရွှေကြာနတ်ဆိုးမီးတောက်သည် တောက်ပစွာ လောင်ကျွမ်းနေသည်။
တစ်ချိန်တည်းမှာပင် မသေမျိုးကိရိယာများ ကောင်းကင်ပေါ်သို့ ပျံသွားသည်။
ပုဖန် ရွှေကြာနတ်ဆိုးမီးတောက်ရှေ့တွင် ရပ်နေသောအခါ ကြောက်မက်ဖွယ်ကောင်းသည့် မတည်ငြိမ်မှုများကို ခံစားနေရသည်။
အဝေးမှ ကုန်းရှို့ပန် လမ်းလျှောက်လာသည်။ သွေးစွန်းနေသောလက်ကို ပတ်တီးစီးရန် အင်္ကျီလက်ကို ဆုတ်ဖြဲခဲ့ရသည်။
ပုဖန်၏ဘေးတွင်ရပ်၍ ခေါင်းမော့ကာ ရွှေကြာနတ်ဆိုးမီးတောက်ကို တောင့်တသော အကြည့်များဖြင့် ကြည့်နေသည်။
" ကျွန်တော်က ကုန်းရှို့ပန်ပါ ခင်များရဲ့ ကြီးကျယ်ခမ်းနားတဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ..."
ကုန်းရှို့ပန် ပုဖန်ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။
ကြီးကျယ်ခမ်းနားတဲ့ နာမည်ကိုကြားဖူးတယ် တဲ့လား...
ပုဖန် အနည်းငယ် အေးခဲသွားသည်။
သူအဲ့လောက်တောင် နာမည်ကြီးနေတာလား... တကယ်တော့ သူက အနေအထိုင် သိုသိပ်တဲ့လူပါ...
" ထုံချန်းကို ဒယ်အိုးနဲ့ရိုက်တယ် ထုံမိသားစုရဲ့ ငွေရောင်သံချပ်ဝတ်အစောင့်တွေကို အုပ်စုလိုက် ရှင်းပစ်တယ် ထုံမိသားစုခေါင်းဆောင် ထုံဝူတီကတောင် သူကိုယ်တိုင်လာပြီး ထုံမူဟဲကို ကယ်သွားရတယ်... မင်းရဲ့ကိစ္စက မသေမျိုးမြို့တော်မှာ သာမာန်သတင်းဖြစ်လာတာကြာပါပြီ..."
ကုန်းရှို့ပန် ပြောလိုက်သည်။
မသေမျိုးမြို့တော် ဩဇာရှိ သူကောင်းမျိုးမိသားစုများကြားတွင် ပုဖန်၏ နာမည်မှာ အလွန်ကျော်ကြားနေသည်။ ထိုကိစ္စသည် ထိတ်လန့်စရာပင်။
" ဒါက နေ့စဉ် ဖြစ်လေ့ဖြစ်ထ ရှိတာတွေပါ..."
ပုဖန် မျက်နှာသေဖြင့်ပြောလိုက်သည်။
နေ့စဉ် ဖြစ်လေ့ဖြစ်ထ...
ကုန်းရှို့ပန်၏ အမူအရာများ ချက်ချင်းအေးခဲသွားသည်။
ဒီသေမျိုးက ကောလဟာလတွေထဲက အတိုင်းပဲ တကယ်ကို သာမန်မဟုတ်ဖူး...
" မသေမျိုးမီးတောက်ကို လိုချင်တယ်မလား..."
ကုန်းရှို့ပန်ကိုကြည့်၍ ပုဖန်မေးလိုက်သည်။
ကုန်းရှို့ပန်၏မျက်နှာ ချက်ချင်းပင် တည်ကြည်သွားသည်။
" ဒါက မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၅၉နေရာမှာရှိတဲ့ ရွှေကြာနတ်ဆိုးမီးတောက်ပဲကို လိုချင်တာ မှားလို့လား..."
ကုန်းရှို့ပန် ဖြေလိုက်သည်။
မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်...
ပုဖန် အနည်းငယ် လန့်သွားသည်။
" ဒါဆိုရင်တော့ မျှမျှတတပဲ ပြိုင်ရအောင် ဒါပေမဲ့ မင်းကိုတစ်ခု သတိပေးမယ် ... ဒီမသေမျိုးမီးတောက်ကို ကြည့်ရတာ နည်းနည်းထူးဆန်းနေသလိုပဲ ..."
...
တောက် တောက် တောက်...
ရှင်းလင်းသော ခြေသံများကို ကြားနေရသည်။
အားလုံး အဝေးကို လှမ်းကြည့်ကာ အံ့အားသင့်သွားကြသည်။
အဝေးမှ လူနှစ်ဦး လမ်းလျှောက်လာနေသည်ကို သူတို့သိလိုက်သည်။
" အရမ်း... အရမ်းလှတာပဲ..."
သွယ်လျ၍ စွဲမက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက အားလုံးကို ဖမ်းစားထားသည်။
သူမ၏ အနက်ရောင်ချပ်ဝတ်တန်ဆာမှာ ခါးသွယ်သွယ်ပေါ်တွင် ရစ်ပတ်ထားပြီး သူမ၏အသွင်အပြင်မှာ အလွန်လှပ၍ စိတ်နှလုံးကို တုန်လှုပ်စေပါသည်။
ကလေးဆန်သော အလှတရားတစ်ခု သူတို့၏ရှေ့တွင် ပေါ်လာပြီး လူတိုင်း၏ နှလုံးသားကို လှုပ်ခါစေခဲ့သည်။
လော့ကျီး၏ သွယ်လျသော ခြေတံများ ဖြည်းညှင်းစွာ လှုပ်ရှားသွားသည်။ လှုပ်ရှားမှုတိုင်းနှင့် အပြုံးများသည် လူတိုင်း၏မျက်လုံးများကို ဆွဲဆောင်နိုင်ခဲ့သည်။
" နတ်ဘုရားမလေး နတ်သက်ကြွေလာသလိုပဲ..."
ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများ ဝေဝါးပြီး မိန်းမောနေသည်။
ကုန်းရှို့ယွင် မျက်ခုံးများ ပင့်လိုက်ပြီး ရွှမ်ယွမ်ရှားဟွေ့ကို စိုက်ကြည့်နေသည်။ ချက်ချင်းပင် ဒေါသများထွက်လာသဖြင့် သူ့ကို ပါးရိုက်လိုက်သည်။
ထိုသို့ ပါးရိုက်လိုက်ခြင်းကြောင့် ရွှမ်ယွမ်ရှားဟွေ့ အေးစက်သောလေကို ရှုရှိုက်လိုက်မိပြီး သူ၏တစ်ကိုယ်လုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။
" ကြောက်စရာကောင်းလိုက်တဲ့ ဆွဲဆောင်မှုပါလား..."
အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးကို ကြည့်လျက် ရွှမ်ယွမ်ရှားဟွေ့၏ စိတ်မှာ တုန်လှုပ်ပြီး ကြောက်လန့်သွားသည် ။
ဒီလို တည်ရှိမှုမျိုးက အမွေအနှစ်နယ်မြေမှာ ဘာလို့ ပေါ်လာရတာလဲ...
အခြားမသေမျိုးစားဖိုမှူးများလည်း ရူးသွပ်ကုန်ကြသည်။ နီရဲသောမျက်လုံးများဖြင့် လော့ကျီးဆီသို့ ပြေးသွားကြသည်။
လော့ကျီး သူမ၏ပါးစပ်ကိုအုပ်၍ တခစ်ခစ် ရယ်နေသည်။
" ချစ်စရာလေး..."
ရွှမ်ယွမ်ရှားဟွေ့ ပြောလိုက်သည်။
ကုန်းရှို့ယွင် သူ့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
" မဟုတ်ဖူး အဲ့လိုမဟုတ်ဖူး ဒီတစ်ခါ ဆွဲဆောင်ခံလိုက်ရတာ မဟုတ်ဖူး ရိုးရိုးသားသား ထင်မြင်ချက်ပေးတာ..."
ရွှမ်ယွမ်ရှားဟွေ့ လျင်မြန်စွာ ရှင်းပြလိုက်သည်။
သို့သော် ကုန်းရှို့ယွင်၏ မျက်လုံးများမှာ ပို၍ အေးစက်လာသည်။
မသေမျိုးစားဖိုမှူးများ လောဘကြီးစွာ ပြေးလာကြသည်ကို စောင့်ကြည့်နေပြီး လော့ကျီး၏ ခြေလှမ်းများက ငှက်မွှေးကဲ့သို့ ပေါ့ပါးလာသည်။
အရပ်ရှည်၍ သန်မာသော ကျင်းကျောင်း လော့ကျီးအနားတွင် ရပ်နေပြီး အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။ ထို့နောက် သူ၏လက်ကိုမြှောက်၍ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
ကောင်းကင်ကြီးနှစ်ခြမ်းကွဲ သွားသကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
ညှို့ယူခံနေရသော မသေမျိုးစားဖိုမှူးများ ချက်ချင်းပင် အသတ်ခံခဲ့ရပြီး သွေးစွန်းနေသော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
" အမှိုက်တွေပဲ..."
ကျင်းကျောင်း၏ မျက်လုံးများတွင် အေးစက်မှုများနှင့် ပြည့်နှက်နေသည်။
ထို့နောက် ခေါင်းကိုမော့ပြီး ငရဲကမ္ဘာသင်္ဘောကို ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများမှာ တောက်ပနေပုံရသည်။
" အရှင် ငရဲဘုရင် မတွေ့ရတာကြာပြီ..."
ငရဲဘုရင်အာဟကို ကြည့်နေသော ကျင်းကျောင်း၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နေသည်။
ကျင်းကျောင်း၏နောက်မှ လော့ကျီး ခေါင်းပြူထွက်လာသည်။
" အကိုကြီး ငရဲဘုရင် လော့ကျီး ရှင့်ကိုအရမ်းလွမ်းနေတာ..."
ငရဲကမ္ဘာသင်္ဘောပေါ်တွင် နယ်သာရီ ငရဲဘုရင်အာဟကို ထူးဆန်းစွာ ကြည့်နေသည်။ ထိုအမျိုးသမီးသည် ငရဲဘုရင်အာဟနှင့် အထူးတလည် ဆက်နွယ်နေပုံရသည်။
ငရဲဘုရင်အာဟ မှုန်ကုပ်ကုပ်ဖြင့် ရှုးရှဲအစပ်ချောင်းကို ပါးစပ်ထဲထည့်ထားပြီး မျက်နှာတစ်ဝက်ကို လက်ဖြင့် အုပ်လိုက်သည်။
" ငါ့ရဲ့ဆွဲဆောင်မှုဟာ မြင့်မားလွန်းလှတယ် မီးလျှံထဲတိုးဝင်လာတဲ့ ပိုးဖလံတွေလို မိန်းကလေးတော်တော်များများကို ဒီဘုရင်ဆီ ပျံသန်းဖို့ အမြဲဆွဲဆောင်နေတယ် ဒီဘုရင်ဟာ တကယ့်ကို စိတ်ရင်းမှန်နဲ့ လူမသိသူမသိ နေချင်တာပါ အား ငါ့ရဲ့နှလုံးသားလေး..."
လော့ကျီး၏ ဦးခေါင်းတစ်ခုလုံး ပန်းရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်နေသည်။ ငရဲဘုရင်အာဟအနားမှ အမျိုးသမီးကို လှမ်းကြည့်လိုက်သောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
နယ်သာရီကို မြင်လိုက်ရသောအခါ လော့ကျီး၏မသိစိတ်မှ တုံ့ပြန်လိုက်မိသည်။
"အမ် ငရဲကမ္ဘာ အမျိုးသမီးလား..."
ကျင်းကျောင်းသည်လည် အံ့ဩသွားသည်။ သို့သော် သူ၏ နှုတ်ခမ်းများက မဲ့ပြုံးပြုံးလိုက်သည်။
" ယို့ကျီးရဲ့ ညီမလေး ကျိန်စာသင့်နေတဲ့ ငရဲကမ္ဘာအမျိုးသမီးလား ငါအရင်က ယို့ကျီးပြောပြဖူးတာ သတိရသွားပြီ တကယ်လို့ ငါတို့ ငရဲကမ္ဘာက အမျိုးသမီးကို ရှာတွေ့ရင် အသေရရ အရှင်ရရ ပြန်ခေါ်လာရမယ်တဲ့... ကြည့်ရတာ ဒီတစ်ခါတော့ အကြီးစား ရိတ်သိမ်းမှုကြီးပဲ..."