အခန်း ၉၉၉
ငရဲဘုရင်အာဟ စတင်လှုပ်ရှားပြီ
ဝုန်း ဝုန်း ဝုန်း...
ကျင်းကျောင်း တဖြည်းဖြည်း ရှေ့တိုးလာသည်။ သူခြေလှမ်း လှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။
ယခု သူ၏ လက်ဖဝါးဖြင့် တိုက်ခိုက်မှုသည် မသေမျိုးစားဖိုမှူး အများစုကို ပေါက်ကွဲသွားစေပြီး လေထဲတွင် ဝဲနေသော သွေးမှုန်များ ဖြစ်သွားစေသည်။
ကျန်ရှိနေသေးသော မသေမျိုးစားဖိုမှူးများ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရပြီး အရိုးထဲသို့ စိမ့်ဝင်နေသည့် အအေးဒဏ်ကြောင့် သူတို့၏မျက်နှာများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
ရွှမ်ယွမ်ရှားဟွေ့ မျက်လုံးများ ပြူးကျယ်နေသည်။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်မှုကို ရပ်တန့်ရန် ခက်ခဲနေသည်။
ထိုလူသည် အလွန်ကြောက်မက်ဖွယ်ပင်။ လက်ဖဝါးတစ်ချက်ဖြင့် မသေမျိုးစားဖိုမှူးများကို သတ်ပစ်လိုက်သည်။
သူတို့က မသေမျိုးစားဖိုမှူးတွေနော်...
မသေမျိုးစားဖိုမှုးများမှာ ရှားပါးလှသည်။ သို့သော် ဤတစ်ကြိမ် အမွေအနှစ်နယ်မြေ၌ အသေအပျောက် အလွန်များသည်။
မသေမျိုးစားဖိုမှူးတွေ ဘယ်လောက်တောင် သေဆုံးသွားကြပြီလဲ...
သားရဲဧကရာဇ်၏ လက်သည်းအောက်တွင် သေဆုံးသွားသူများနှင့် ယခု ဤလူ၏ လက်ထဲ၌ သေဆုံးသွားသူများ...
မသေမျိုးစားဖိုမှူးများအတွက် အခွင့်အလမ်းများရရှိရန် ဤခရီးသည် သေလမ်းသို့ ရောက်သွားသည့်ခရီးဟုပင် ဆိုနိုင်သည်။
ကုန်းရှို့ယွင်သည်လည်း ထိတ်လန့် တုန်လှုပ်မှုလှိုင်းများကို ခံစားလိုက်ရသည်။
ကုန်းရှို့မိသားစုရဲ့ မင်းသမီးလေးက ဒီလိုကြောက်မက်ဖွယ်ရာ မြင်ကွင်းတွေကို တွေ့ကြုံဖူးပါ့မလား...
မသေမျိုးမြို့တော်တွင် သတ်ဖြတ်မှုများကို မမြင်ခဲ့ရသည်မှာ အချိန်ကြာပြီဖြစ်သည်။
ဤကဲ့သို့ သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ သူမနှလုံးသားထဲမှ ကြောက်ရွံ့မှုများကို ဖိနှိပ်ရန် ခက်ခဲသည်ဟု ခံစားခဲ့ရသည်။
လေထုသည် ချက်ချင်းပင် တိတ်ဆိတ်နေပြီး အုံ့မှိုင်းသွားကာ ကျန်ခဲ့သည့်အရာများမှာ လေထဲတွင်သွားနေသော ခြေသံများသာဖြစ်သည်။ ထိုအသံများက နှလုံးသားကို အမှတ်တမဲ့နှင့် ပြင်းထန်စွာ ရိုက်ခတ်နေသည်။
အဝေးမှလူသည် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်သူတစ်ယောက်ဖြစ်ပြီး ငရဲကမ္ဘာမှ ထွက်လာသော နတ်ဆိုးပင်ဖြစ်သည်။
ကျန်ရှိသော အကြည့်များကို သတိပြုမိသောကြောင့် ကျင်းကျောင်း လှည့်ကြည့်လိုက်သောအခါ အဝေးမှ ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့အပေါ်တွင် အကြည့်များ ကျရောက်သွားသည်။
ထိုစူးရှသောအကြည့်များက ပုံရိပ်ယောင်များကိုပင် ပြိုပျက်သွားစေပုံရသည်။
ရွှမ်ယွမ်ရှားဟွေ့ တစ်ကိုယ်လုံး တုန်လှုပ်ယင်နေလျက် သွေးများ အန်လိုက်သည်။
ကုန်းရှို့ယွင်လည်း ကြောက်လန့်နေသဖြင့် မျက်နှာများ ဖြူရော်နေသည်။ သူမ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပေါ်သို့ လဲကျသွားသည်။
ဝုန်း...
ကျယ်လောင်သောအသံနှင့်အတူ အမာရွတ်နှင့်လူမှာမြွေအမျိုးအစား သားရဲဧကရာဇ်၏ အမြှီးကြောင့် လေထဲသို့ ပျံသန်းသွားသည်။ ပါးစပ်မှ သွေးများထွက်ကျလာကာ မြေပြင်ပေါ် လဲကျသွားပြီး အားပျော့သွားသည် ။
ပန်းပွင့်လေး မြွေကြီး၏ ဦးခေါင်းပေါ်သို့ရောက်သွားကာ သူမ၏သုံးပန်လှ မြွေမျက်လုံးများကို ဖွင့်၍ အဝေးမှ ကျင်းကျောင်းနှင့် လော့ကျီးကို ကြည့်နေသည်။
" ပန်းပွင့်လေးရေ ပြန်လာခဲ့..."
နယ်သာရီ၏ မျက်နှာမှာ တည်ကြည်နေပြီး ပန်းပွင့်လေးကို လက်ဝှေ့ယမ်းပြနေသည်။
ပန်းပွင့်လေး လန့်သွားပြီး ငရဲကမ္ဘာ သင်္ဘောထဲသို့ ပျော်ရွှင်စွာ ပြန်ဆင်းလာခဲ့သည်။ မြွေအမျိုးအစား သားရဲဧကရာဇ်ကြီးသည် သူမနှင့်အတူ လိုက်ပါလာပြီး သင်္ဘောကို လှည့်ပတ်သွားနေကာ ကျင်းကျောင်းနှင့် လော့ကျီးတို့ကို စိုက်ကြည့်လျက် အနက်ရောင် ခက်ရင်းခွကဲ့သို့ လျှာကြီးကို ထုတ်နေသည်။
" ဝိုး ချစ်စရာ အရုပ်လေးပါလား..."
ပန်းပွင့်လေးကို လော့ကျီးမြင်သောအခါ သူမ၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ ခါးကိုလှုပ်ယမ်းပြီး ညင်သာစွာ ပြောလိုက်သည်။
" ကလေးလေး မမဆီကို လာပါဦး..."
ပန်းပွင့်လေးကို မျက်တောင်ခတ်လျက် ကြည့်နေပြီး တောက်ပသော ပန်းရောင်အလင်းတန်းတစ်ခုကို ပုံရိပ်ယောင်ထဲတွင် ဖန်တီးလိုက်သည်။
ချက်ချင်းပင် ပန်းပွင့်လေး အနည်းငယ် မှင်တက်သွားသည်။
မြွေအမျိုးအစား သားရဲဧကရာဇ် လျင်မြန်စွာ ခုန်ထွက်သွားပြီး လော့ကျီးကိုဟိန်းဟောက်ကာ ညှို့ငင်ထားမှုကို ချိုးဖျက်လိုက်သည် ။
ပန်းပွင့်လေး အသိစိတ်ပြန်ဝင်လာပြီး သူမ၏စိတ်ထဲတွင် တုန်လှုပ်သွားသည်။ နယ်သာရီက သူမကို နောက်တွင်ပုန်းနေရန် ဆွဲခေါ်သွားသည်။
နယ်သာရီ၏ မျက်လုံးများ မှေးသွားသည်။ သူမ၏ မျက်လုံးများ မည်းနက်လာပြီး မျက်လုံးမှ နားရွက်ဆီသို့ သွေးပြန်ကြောများ ပျံ့နှံ့သွားသည်။
ခဏအတွင်း လော့ကျီး၏ပုံရိပ်မှာ ကြီးမားသော သားရဲဧကရာဇ်၏ရှေ့သို့ ရောက်လာသည်။
" မြွေပေါက်စလေး ဒီအစ်မကြီးရဲ့ အလုပ်ကို လာရှုပ်ရဲတယ်ပေါ့ တော်တော်ဆိုးတာပဲ..."
သူမ နှုတ်ခမ်းစူပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သူမ၏ ပျော့ပျောင်းသော အနီရောင်နှုတ်ခမ်းများပေါ်တွင် ရေအလွှာတစ်ခုရှိပြီး တောက်ပနေပုံရသည်။
သားရဲဧကရာဇ်ကြီး ပါးစပ်ဟကာ နောက်ထပ်ဟိန်းဟောက်သံဖြင့် ရှေ့သို့ တိုးလာပြီး လော့ကျီးကို မျိချရန် ရည်ရွယ်လိုက်သည်။
သို့သော် လော့ကျီးက သူမ၏ဆံပင်များ ရှုပ်ပွမနေစေရန် ဘီးဖြင့်သေချာဖြီးနေသည်။
ထို့နောက်...
သူမ၏ မျက်လုံးများ ဖွင့်လိုက်သောအခါ ခရမ်းရောင် ပြောင်းသွားသည်။
" ဆိုးတဲ့မြွေပေါက်စလေးကို အပြစ်ပေးရတော့မယ်..."
တချွင်ချွင်အသံများ မြည်လာသည်။
လော့ကျီး သူမ၏နောက်မှ စူးရှသောစွမ်းအင်ကို ထုတ်လွှတ်လိုက်သောကြောင့် အလင်းတန်းများ ပျောက်ကွယ်သွားသည်။
လော့ကျီး ကြီးမားကာကွေးညွှတ်နေသော ဓါးနှင့် အနက်ရောင် သတ္တုချောင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်းသည် အနက်ရောင်ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော တောက်ပမှုကို ရောင်ပြန်ဟပ်ကာ ထူးဆန်းသော အော်ရာကို ပေးနေသည်။
မရဏနတ်မင်းဓားကောက်...
ဓားသွား လျင်မြန်စွာ ဖြတ်သွားကာ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဧရာမမြွေအမျိုးအစား သားရဲဧကရာဇ်ကို နှစ်ခြမ်းခွဲသွားသည် ။
ချက်ချင်းပင် သားရဲဧကရာဇ်၏ ကွဲအက်နေသော ခန္ဓာကိုယ်မှ လတ်ဆတ်သော သွေးများ အဆက်မပြတ် ထွက်လာသည်။
ဝုန်း...
သားရဲဧကရာဇ်၏ ပုံရိပ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
နယ်သာရီ မျက်ခုံး ပင့့်လိုက်မိသည်။
ငရဲဘုရင်အာဟ သူ၏မျက်နှာတစ်ဝက်ကို ကိုင်ထားပြီး သူ၏မျက်လုံးများမှာ အေးစက်၍ လေးနက်လာသည်။
ရွှမ်ယွမ်ရှားဟွေ့၏ မျက်နှာမှာ ပို၍ ဖြူဖျော့လာသည်။
ချစ်စရာလေး ဟုတ်လား... မင်းမေလင်ကိုပဲ ချစ်စရာလေးနေလိုက်...
ဒီမိန်းမက တကယ်ကို အိမ်မက်ဆိုးပဲ...
ဓားကောက်ကို ကိုင်ထားခြင်းက လော့ကျီး၏ တစ်ကိုယ်လုံးကို ပြောင်းလဲသွားစေပုံရသည်။ နားရွက်ကွဲမတတ် အော်သံများ ထွက်ပေါ်လာပြီး သူမ၏အော်ရာမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေသည်။
မရဏနတ်မင်းဓားကောက်ကို သူမလက်ထဲတွင် ကိုင်ထားပြီး ဝှေ့ယမ်းကာ အနက်ရောင် ဓါးစွမ်းအင် လှိုင်းလုံးများကို ခုတ်ပိုင်းလိုက်သည် ။
ချက်ခြင်းပင် မြေပြင်ပေါ်ရှိ ဧရာမ သားရဲဧကရာဇ်သည် ဓါးစွမ်းအင်များဖြင့် ခုတ်ထစ်ခြင်း ခံလိုက်ရသည်။ ၎င်း၏ပုံရိပ်သည် အပိုင်းအစငယ်လေးများ ဖြစ်သွားပြီး နေရာတစ်ခုလုံး ပြန့်ကျဲနေသည်။
" မြွေလေး မင်းက နာခံမှုမရှိတော့ အပြစ်ပေးခံရတာပေါ့..."
ပန်းပွင့်လေး နယ်သာရီ၏နောက်တွင် ပုန်းနေပြီး ထိုမြင်ကွင်းကို ကြည့်နေသည်။ သူမ၏ သုံးပန်လှမြွေမျက်လုံးများမှ မျက်ရည်များ ကျဆင်းလာသည်။
ဝုန်း...
နယ်သာရီ၏ နောက်မှ ပန်းပွင့်လေး တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ အရှိန်ပြင်းပြင်းဖြင့် ငရဲကမ္ဘာသင်္ဘောပေါ် နင်းလိုက်ပြီး သူမ၏ပုံရိပ်သည် နှစ်ရောင်စပ် ဧရာမ စပါးအုံးမြွေကြီးအဖြစ်သို့ ပြောင်းလဲသွားသည် ။
လော့ကျီး အံ့ဩစွာပြောလိုက်သည်။
" ဝိုး ဒီကလေးမလေးက ခုနှစ်ရောင်ခြယ် ကောင်းကင်ဝါးမျိုစပါးအုံးပဲ ကလေးပဲရှိသေးတာ နှမြောဖို့ကောင်းလိုက်တာ..."
လော့ကျီး ကျယ်လောင်စွာရယ်မောပြီး သူမ၏ခရမ်းရောင်မျက်လုံးထဲတွင် ရူးသွပ်နေသော အကြည့်များ ပေါ်လာသည်။ ချက်ချင်းပင် ဓားကောက်မှာ လှုပ်ရှားသွားပြီး ဓားစွမ်းအင်များက ပန်းပွင့်လေးဆီသို့ တစ်ဟုန်ထိုး ပြေးလာသည်။
" မလုပ်နဲ့...."
နယ်သာရီ၏ အနက်ရောင်မျက်ဆံများ ကျုံ့သွားပြီး သူမတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာသည်။
ဝုန်း...
ဟမ်...
လော့ကျီးအံ့အားသင့်သွားကာ သူမ၏ ပန်းရောင်ဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး တွေဝေစွာဖြင့် ရှေ့ကို ငေးကြည့်နေမိသည်။
ထိုနေရာတွင် ချောမောခန့်ညားသော ပုံရိပ်တစ်ခု ပေါ်လာပြီး မရဏနတ်မင်းဓားကောက်ကို လက်ဖြင့် ဖမ်းထားလိုက်သည်။
ငရဲဘုရင်အာ၏ ဆံပင်များ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူ၏လှစ်ဟထားသော ရင်ဘတ်မှ အသားရောင်ဖြူဖျော့ဖျော့ကို မြင်နေရသည်။
ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံးမှ ပန်းပွင့်လေးအဖြစ်သို့ ပြန်ပြောင်းသွားပြီး သုံးပန်လှမြွေမျက်လုံးမှာ လှုပ်ရှားနေသည်။ ငရဲကမ္ဘာသင်္ဘောပေါ်သို့ ရောက်သောအခါ သူမ နှုတ်ခမ်းစူလိုက်သည်။
" လုံလောက်ပြီ..."
ငရဲဘုရင်အာဟ ခေါင်းကိုမော့ပြီး အေးစက်ခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။
လော့ကျီး မရဏနတ်မင်းဓားကောက်ကို ဆွဲလိုက်သောအခါ ငရဲဘုရင်အာဟ၏ လက်ဖဝါးနားမှ ဖြတ်သွားပြီး သွေးများဖြာထွက်လာသည်။
သို့သော် ငရဲဘုရင်၏ လက်ပေါ်ရှိအနာမှာ ချက်ချင်းပင် ပျောက်သွားသည်။
လော့ကျီးရယ်လိုက်ပြီး ဓားကောက်ပေါ်မှ လတ်လတ်ဆတ်ဆတ်သွေးများကို ကြည့်နေသည်။ သူမ မျက်လုံးများ ပြူးကျယ်သွားပြီး ပြောလိုက်သည်။
" အစ်ကိုကြီး ငရဲဘုရင်ကို လော့ကျီး အရမ်းလွမ်းနေတာ..."
သူမ၏ အနီရောင် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ဓားကောက်ပေါ်ရှိ သွေးများအားလုံးကို လျှာဖြင့်လျက်လိုက်သည်။
အသက်ပြင်းပြင်းရှု၍ သူမ၏ မျက်လုံးများကို မှေးစင်းကာ ကျေနပ်အားရစွာဖြင့် မျိုချလိုက်သည်။ သွေးများကို မျိုချပြီးသောအခါ ယစ်မူးနေသော အကြည့်တစ်ခု သူမမျက်လုံးထဲတွင် ပေါ်လာသည်။
ငရဲဘုရင်အာဟ လော့ကျီးကို တည်ငြိမ်စွာ ကြည့်နေသည်။ ထို့နောက် သက်ပြင်းချ၍ အစပ်ချောင်းကိုထုတ်ယူပြီး ပါးစပ်ထဲ ထည့်ထားသည်။
" မင်းတို့ကို ယင်းလုံဆိုတဲ့ အဘိုးကြီးက ငါ့ကို ပြန်ခေါ်ခိုင်းလိုက်တာလား..."
ငရဲဘုရင်အာဟ တည်ငြိမ်စွာ ပြောလိုက်သည်။
ပုံမှန်အချိန်နှင့် လုံးဝကွဲပြားနေသော ငရဲဘုရင်အာဟကိုကြည့်၍ နယ်သာရီ၏မျက်နှာတွင် အံ့ဩနေသော အမူအရာ ပေါ်လာသည်။
လော့ကျီး၏ လက်ထဲမှ မရဏနတ်ဆိုးဓားကောက် ပျောက်ကွယ်သွားသည်။ ငရဲဘုရင်အာဟကို ကြည့်နေချိန်တွင် သူမ၏မျက်လုံးထဲတွင် ပန်းရောင်အသဲပုံများပင် ပေါ်လာသည်ဟု ထင်ရသည်။
ခဏအကြာတွင် သူမ၏ ကိုယ်နေဟန်ထား ဖြောင့်တန်းသွားပြီး ငရဲဘုရင်ဆီသို့ ပြေးလာသည်။
သို့သော်လည်း ငရဲဘုရင်အာဟ လက်ကိုမြှောက်၍ လော့ကျီး၏ ခေါင်းကိုတောက်လိုက်သည်။ ထိုလက်ချောင်း တစ်ချောင်းတည်းနှင့်ပင် သူမ၏ ပုံရိပ် နောက်သို့ ပြန်လဲကျသွားသည်။
ကျင်းကျောင်း လက်မြှောက်၍ လော့ကျီး လဲမကျခင် ဖမ်းထားလိုက်သည်။
" အရှင်နတ်ဆိုးဘုရင် ကျွန်တော်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့ ဒီတိုင်းပြန်လိုက်ခဲ့ပါ..."
" ဟုတ်တယ် ဟုတ်တယ် အစ်ကိုကြီး ငရဲဘုရင် ပြန်ရောက်ရင် လော့ကျီးက ရှင့်အတွက် စောင်တွေနွေးအောင် လုပ်ပေးမှာပါ..."
လော့ကျီး သူမနှုတ်ခမ်းများကို ကိုက်ထားလိုက်ပြီး ပါးပြင်ပေါ်တွင်လည်း ပန်းရောင် အရိပ်တစ်ခုသမ်းလာသည်။
ငရဲဘုရင်အာဟ နှုတ်ခမ်းထောင့်ကို ကွေးညွှတ်လိုက်ပြီး ရှူးရှဲအစပ်ချောင်းကို ကိုက်ထားသည်။
" စောင်တွေနွေးဖို့အကြောင်းကို မေ့ထားလိုက်ပါ မင်းကအဘွားအိုကြီးပဲ ငါဘာမှမလုပ်ရဲပါဘူး ... ဘာပဲဖြစ်ဖြစ် ပြန်လိုက်ဖို့ကတော့ မဖြစ်နိုင်ဘူး..."
ကျင်းကျောင်း ခေါင်းကိုငုံ့ထားစဉ် သူ၏ အကြည့်များမှာ အလွန်စူးရှလာသည်။
လော့ကျီးသူမ မျက်နှာကို ကျင်းကျောင်း၏ လက်မောင်းနှင့် ကွယ်ထားပြီး ငိုကြွေးနေသည်။
ဒါနဲ့ဆိုရင် အစ်ကိုကြီး ငရဲဘုရင် ငါ့ကိုငြင်းတာ ၉၉၈၃ကြိမ်မြောက်ပဲ...
ခဏကြာပြီးနောက် ငရဲဘုရင်အာဟ ပြောလိုက်သည်။
" ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ် ..."
ကျင်းကျောင်း အနည်းငယ် ပြံးပြလိုက်သည်။
" ဘာအခြေအနေလဲ မသိဘူး..."
" မိန်းကလေး နယ်သာရီနဲ့ နံစော်နေတဲ့ မြွေပေါက်စလေးကို သွားခိုင်းလိုက်..."
ငရဲဘုရင်အာဟ ဆံပင်ကိုပွတ်၍ ပြောလိုက်သည်။
" အဲ့တာတော့ မဖြစ်ဖူး အစ်မကြီး ယို့ကျီးက ငရဲကမ္ဘာအမျိုးသမီးကိုတွေ့ရင် အသေရရ အရှင်ရရ ပြန်ခေါ်ခဲ့ရမယ်လို့ မှာထားတယ်..."
လော့ကျီး ခေါင်းမော့၍ မျက်ရည်များကိုသုတ်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
ကျင်းကျောင်း သူ၏ခေါင်းပေါ်မှ ရွှေရောင်ဂျိုကို ပွတ်သပ်လိုက်သည်။
" ဟုတ်ပြီ ကျွန်တော်တို့ ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြိုစပါးအုံးကို လွှတ်ပေးလိုက်မယ်လေ ဒါပေမဲ့ ငရဲကမ္ဘာ အမျိုးသမီးကတော့ လိုက်ခဲ့ရလိမ့်မယ် မဟုတ်ရင် သူမ သေသွားမှ ပြန်ခေါ်နေရမယ်နော်..."
" ဟင်း... ဘာလို့ အဘိုးကြီးယင်းလုံက ဒီဘုရင်လို အမြော်အမြင်ရှိတဲ့ ယင်ကျောင်းမဟုတ်ပဲ သစ်သားခေါင်းနဲ့ ငတုံးကို လွှတ်လိုက်ပါလိမ့် အနည်းဆုံးတော့ အဲ့အဆင့်နိမ့်လေးနဲ့ စကားကောင်းကောင်း ပြောလို့ရသေးတယ်..."
ငရဲဘုရင်အာဟ မျက်ခုံးနှစ်ခုကြားမှ နေရာကို ပွတ်၍ ရေရွတ်နေသည်။
ထို့နောက် သူ၏အကြည့်များ စူးရှကာ အသံသည်လည်း အေးစက်သွားပြီး ပြောလိုက်သည်။
" ဒီဘုရင်ပြောပြီးပြီလေ ငရဲကမ္ဘာအမျိုးသမီးကို လွှတ်လိုက်ရင် မင်းတို့နဲ့ အတူလိုက်ခဲ့မယ်ဆိုတာ မင်းတို့သူ့ကို မလွှတ်ဖူးဆိုရင်တော့ တိုက်ခိုက်ရုံပဲ ရှိတော့တယ်..."
လေထုသည် ချက်ချင်းပင် တည်ငြိမ်သွားသည်။
ကျင်းကျောင်း ငရဲဘုရင်အာဟကို ကြည့်ပြီး သူ၏ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
" ကျွန်တော်လည်း ဒါကိုပဲ လိုချင်နေတာ..."
ဝုန်း...
ကျင်းကျောင်း၏ပုံရိပ် နေရာမှ ပျောက်ကွယ်သွားသည်။
...
" ဘာလို့ ဒီမသေမျိုးမီးတောက်က ထူးဆန်းနေရတာလဲ ဒါက ကျွန်တော် တွေ့ဖူးသမျှထဲမှာ အလှပဆုံးမီးတောက်ပဲ ... တကယ့်ကို မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်ထဲ ပါသင့်ပါတယ်..."
ကုန်းရှို့ပန် ယစ်မူးစွာ ပြောလိုက်သည်။
ပုဖန် ကုန်းရှို့ပန်ကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ သူ၏ ပင်ကိုဗီဇအရ တစ်ခုခု ထူးဆန်းသည်ကို သိနေသည်။
ပိုင်ရှင်ရှိတဲ့ မသေမျိုးစွမ်းအင်... နောက်ကွယ်မှာ တစ်စုံတစ်ယောက်များ ရှိနေတာများလား...
သို့သော် ပုဖန် ထိုအတွေးကို ဆက်မတွေးခင်မှာပင် လေထုသည် ရုတ်တရက် ပြောင်းလဲသွားသည်။
ကုန်းရှို့ပန်လည်း ဒဏ်ရာမှ ပြန်ကောင်းလာပြီး သူ၏အပေါ်ကို မော့ကြည့်လိုက်ကာ မျက်ဆံများ ကျုံ့သွားသည်။
ရွှေကြာနတ်ဆိုးမီးတောက်မှ ထွက်လာသော မသေမျိုးကိရိယာများသည် လေဆင်းနှာမောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး အောက်တွင်ရှိသည့် ကုန်းရှို့ပန်နှင့် ပုဖန်တို့ဆီသို့ ဦးတည်လာသည်။
မသေမျိုးစွမ်းအင်ရှိသည့် အစိမ်းရောင် မီးဖိုချောင်သုံးဓားတစ်ချောင်း ကောင်းကင်ကြီးကို နှစ်ပိုင်းဖြတ်မည့်ပုံဖြင့် ပုဖန်ဆီသို့ လာနေသည်။ ၎င်းသည် အလွန်ချွန်ထက်ပြီး ပုဖန်ကိုပင် နှစ်ပိုင်း ပိုင်းနိုင်လောက်သည်။
ဝုန်း...
ပေါက်ကွဲသံကြီးဖြင့် မီးဖိုချောင်သုံးဓား မြေပြင်ပေါ်သို့ ကျသွားသည်။ ခဏအကြာတွင် ဒယ်အိုးတစ်လုံးသည်လည်း ပုဖန်၏အနားရှိ မြေပြင်ပေါ်သို့ကျကာ ကြေမွသွားသည်။
တူ ယောက်ချိုများ မီးဖိုများ မီးဖိုချောင်သုံးဓားများနှင့် ဒယ်အိုးများ...
မသေမျိုးကိရိယာ အမျိုးအစားပေါင်းစုံ ပြုတ်ကျလာသည်။
ပုဖန် မျက်ခုံးပင့်လိုက်သည်။
အသံများထွက်ပေါ်လာပြီး မီးခိုးတလိပ်လိပ် ဖြစ်ပေါ်နေချိန်တွင် ကုန်းရှို့ပန်၏ မျက်နှာမှာ စိတ်ရှုပ်ထွေးနေသည်။
ကြေမွနေသော မြေပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး ချက်ချင်းပင် ရွှေရောင်မီးတောက်များ ထွက်ပေါ်လာကာ ပုဖန်နှင့် ကုန်းရှို့ပန်ကို ဝါးမျိုသွားသည်။
မြင်ကွင်း ရုတ်တရက် ပြောင်းလဲသွားသည်။
ပုဖန်နှင့် ကုန်းရှို့ပန် အခြားနေရာတစ်ခု၌ ပေါ်လာသည်။ ဤနေရာ၌ လေသည် ပူနေပြီး နေရာတိုင်းတွင် တောက်လောင်နေသော အပူချိန်များ ရှိနေသည်။
သူတို့နှစ်ဦး တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ မည်သည့်နေရာရောက်မှန်း မသေချာ ဖြစ်နေသည်။
ရုတ်တရက် သူတို့၏ ခေါင်းများမော့ကာ အထက်သို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ရွှေရောင်ကြာပန်းပုံ မီးတောက်အစုအဝေးကြီး တောက်ပစွာ လောင်ကျွမ်းနေသည်။
ကုန်းရှို့ပန်၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး ပြောလိုက်သည်။
" ဒါ ... ဒါက ရွှေကြာနတ်ဆိုးမီးတောက်ရဲ့ မီးတောက်ပင်ပျိုပဲ..."
မီးတောက်ပင်ပျို တဲ့လား...
ပုဖန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ မသေမျိုးမီးတောက်ကို ရယူရန် ပထမအဆင့်သည် မီးတောက်ပင်ပျိုကို ယဉ်ပါးအောင်ပြုလုပ်ရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ပြီးသည်နှင့် မသေမျိုးမီးတောက်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည်။
ဒါပေမဲ့ မီးတောက်ပင်ပျိုက ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ပေါ်လာရတာလဲ...
ပုဖန် မျက်ခုံးများပင့်လိုက်ပြီး တစ်စုံတစ်ခု မရိုးရှင်းဟု ခံစားလိုက်ရသည်။
ပိုင်ရှင်ရှိတဲ့ မသေမျိုးမီးတောက်နဲ့ မီးတောက်ပင်ပျို ရုတ်တရက် ပေါ်လာတာ... ဒီအရာနှစ်ခုက ဆက်နွယ်နေတာများလား...
ရုတ်တရက်...
နှစ်ဦးလုံး သူတို့၏အထက်မှ မီးတောက်ပင်ပျိုကို ကြည့်နေချိန်တွင်...
စူးစူးဝါးဝါး တီးလုံးသံတစ်ခု မီးတောက်ရှိနေသော နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်လာသည်။
နက်ရှိုင်းသော မီးရောင်အတွင်းမှ ဆံပင်ရှည်ရှည်နှင့် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ မီးဖိုချောင်သုံးဓားနှင့် ဒယ်အိုးတစ်ခုကို ကိုင်ဆောင်ထားပြီး သီချင်းညည်းလျက် ရောက်လာသည်...