အပိုင်း ၁၀၀၀
Viewers 53k

အခန်း ၁၀၀၀

ငရဲဘုရင်အာဟ vs ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်ကျင်းကျောင်း


"ငါလိုချင်တဲ့အတိုင်းပဲ..."

ကျင်းကျောင်း၏ မျက်လုံးများ တောက်ပလာသည်။


ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိုနေရာမှ ပျောက်ကွယ်သွားကာ ငရဲဘုရင်အာဟရှေ့တွင် ပေါ်ထွက်လာသည်။


တူကြီးနှင့်တူသော လက်သီးက ငရဲဘုရင်အာဟ၏ခေါင်းတည့်တည့်ကို ထိုးနှက်လိုက်သည်။


ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်လာကာ ပုံရိပ်ယောင်လေဟာနယ်ပင် ထိုလက်သီးတစ်ချက်ကြောင့် အပိုင်းပိုင်းအက်သွားလေသည်။


ခပ်လှမ်းလှမ်းမှ ရွှမ်ယွမ်ရှားဟွေ့တစ်ယောက် သူ့နှလုံးခုန်နှုန်းပင် ရပ်လုမတတ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။


ဒီလူက ဘယ်လိုတည်ရှိမှုမျိုးကြီးလဲဟ...


သူ ထုန်မိသားစုခေါင်းဆောင်ကို တွေ့ရတာထက် ဒီလူကို ဘာလို့ပိုကြောက်နေမိတာလဲ...


ထုံမိသားစုတွင် ကြယ်ခြောက်ပွင့်အဆင့် အစစ်အမှန်မသေမျိုးကျင့်ကြံသူ တစ်ယောက်ရှိပြီး ထိုကဲ့သို့သောလူမျိုးကို မသေမျိုးအချက်အပြုတ်နယ်မြေ၏ အထွတ်အထိပ်အဆင့်ကျင့်ကြံသူဟု ယူဆနိုင်သည်။


သို့သော် ဤလူ၏ သာမန်တိုက်ချက်လေးတစ်ခုကပင် သူတို့၏ ဝိဉာဉ်များကို ပျံထွက်သွားစေလုမတတ် ဖြစ်သွားစေသည်။


ပါးစပ်ထဲတွင် အစပ်ချောင်းကိုင်ထားသော ငရဲဘုရင်အာဟ၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားကာ ထိုလက်သီးချက်ကို တိုက်ရိုက်သာ ခံယူလိုက်တော့သည်။


ထိုလက်သီးချက်အောက်တွင် ဒီရေလှိုင်းလုံးကြီးကဲ့သို့ ကြီးမားသော စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်နေသော်လည်း ကျင်းကျောင်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု တစ်စွန်းတစ်စပင်ရှိမနေချေ။


အဘယ်ကြောင့်ဆိုသော် သူ၏ မျက်စိရှေ့တွင် ငရဲဘုရင်အာဟ၏ ပုံရိပ်က ဖြေးဖြေးချင်း ပျောက်ကွယ်နေ၍ဖြစ်သည်။


အမှန်တကယ်တွင် ၎င်းက ပုံရိပ်ယောင်တစ်ခုသာဖြစ်နေသည်။


ခပ်လှမ်းလှမ်းတွင် လော့ကျီးက သူမ၏ခြေထောက်များကို ဆန်တန်းကာ သူမ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည်ခုန်လှုပ်နေသည်။ ထိုသည်နှင့်အတူ မျက်မှောင်ကြုတ်လိုက်ကာ ငရဲဘုရင်အာဟနှင့် ကျင်းကျောင်း၏တိုက်ပွဲကို စိတ်လှုပ်တရှားကြည့်နေသည်။


ကျင်းကျောင်းသည် ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်ငါးယောက်ထဲတွင် တိုက်ခိုက်ရသည်ကို အခုန်မင်ဆုံးလူတစ်ယောက်ဖြစ်ပြီး အလွန်ကောင်းမွန်သော စွမ်းအင်တစ်ခုရှိသည်။


"ငါလည်း အစ်ကိုကြီးငရဲဘုရင် အဲ့လက်သီးချက်ကို ကာနိုင်ပါ့မလားမသေချာဘူး..."


လော့ကျီး၏ နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်သွားကာ အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။


"မြန်မြန်ရှောင်လိုက်နိုင်တာပဲ..."


ကျင်းကျောင်းနှာမှုတ်လိုက်ကာ သူ၏ပုံရိပ် မှိန်ဖျော့ပျောက်ကွယ်သွားသည်။


ဘုန်း


ငရဲဘုရင်အာဟ ပုံရိပ်ပြန်ပေါ်လာသောနေရာတွင် ကျင်းကျောင်း၏ လက်သီးချက်ကျလာပြီး ဘုန်းကနဲမြည်သံနှင့်အတူ ပုံရိပ်ယောင်လေဟာနယ် ကွဲကြေသွားသည်။


ငရဲဘုရင်အာဟ နောက်ထပ်နေရာတစ်ခုသို့ ပြောင်းရွှေ့လိုက်ပြန်သည်။


၎င်းတို့၏ အရှိန်နှုန်းက အလွန်လျှင်မြန်ကြကာ ပေါ်ချည်ပျောက်ချည်ဖြင့် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နေသည်။ အလွန်မြန်လွန်းလှသဖြင့် လူတိုငိး၏ မျက်လုံးများပင် လည်ထွက်သွားကြသည်။


နယ်သာရီ၏ နက်မှောင်နေသော မျက်လုံးအစုံက ထိုတိုက်ပွဲကို စူးစိုက်ကြည်နေပြီး စိတ်သက်သာရာရနေဟန် မရှိပေ။


ငရဲဘုရင်အာဟ၏ စွမ်းရည်က အလွန်သန်မာသော်လည်း ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင် ငါးယောက်ကလည်း အားမနည်းကြပေ။


ကံကောင်းစွာဖြင့် ယနေ့လာခဲ့သောလူက ကျင်းကျောင်းတစ်ယောက်တည်းသာ ဖြစ်နေခဲ့သည်။


အကယ်၍ ကျင်းကျောင်းနှင့် ယင်းကျောင်း ညီအစ်ကိုနှစ်ယောက်လုံး အတူတူလာကြပါက ငရဲဘုရင်က ထိုလူနှစ်ယောက်၏ ပြိုင်ဘက်ပင်ဟုတ်မည် မဟုတ်ပေ။


ထိုလူနှစ်ယောက်သာ အတူတူတိုက်ခိုက်ပါက အလွန်အမင်း အင်အားကြီးကြမည် ဖြစ်ပေသည်။


"မပြေးနဲ့... လာ တိုက်စမ်းပါ..."


ကျင်းကျောင်း လက်သီးဆန့်ထုတ်ရင်း အော်ပြောလိုက်သည်။


ငရဲဘုရင်အာဟ၏ ပုံရိပ်က ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာပြီး နောက်ဆုံးကျန်သော အစပ်ချောင်းအနည်းငယ်ကို ပါးစပ်ထဲ ပစ်သွင်းလိုက်သည်။


"နေစမ်းပါဦး... ဒီဘုရင်အရင်ဆုံး တိုက်ခိုက်ချင်စိတ်ရှိအောင် ပြင်လိုက်ပါဦးမယ်..."

ငရဲဘုရင်အာဟ ဝါးနေရင်းပြောလိုက်သည်။


တိုက်ပွဲကို ကြည့်နေသော လူများအားလုံး ဆွံ့အသွားကြသည်။


ရွှမ်ယွမ်ရှားဟွေ့ ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။ 

ထင်တဲ့အတိုင်းပဲ ပိုင်ရှင်ပုရဲ့ ဘက်တော်သားဆိုတော့ ဟာသဉာဏ်အတော်လေးရှိတာပဲ...


"တိုက်ခိုက်ချင်စိတ်ရှိအောင် လုပ်မယ်..."


ကျင်းကျောင်း၏ နှုတ်ခမ်းများ တွန့်လိမ်သွားသည်။


ထို့နောက် ပုံရိပ်ယောင်လေဟာနယ်အတွင်း တိုးဝင်သွားကာ ပေါ်လာသမျှ ငရဲဘုရင်အာဟတိုင်းကို ရိုက်ပုတ်ပစ်လိုက်သည်။


ဘုန်း ဘုန်း ဘုန်း


လက်သီးချက်များက မိုးရွာသလို သက်ဆင်းလာပြီး ပုံရိပ်ယောင် လေဟာနယ်တစ်ခုလုံး ကျိုးပျက်သွားတော့သည်။


ဝှစ်


ငရဲဘုရင်အာဟ၏ ပုံရိပ် ဖြေးဖြေးချင်းပြန်ပေါ်လာသည်။ ဂလုကနဲမြည်သံဖြင့် သူ့ပါးစပ်ထဲရှိ အစပ်ချောင်းကို မြိုချလိုက်လေသည်။


"ငါတိုက်ခိုက်ချင်စိတ် ရှိသွားပြီ...."


ချက်ချင်းပင် ငရဲဘုရင်အာဟ၏ မျက်လုံးများ စူးရှလာသည်။


"အခု ငါ့ ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင် ကျင်းကျောင်းရဲ့ အရည်အချင်းကို လက်တွေ့ကြုံရတော့မှာပေါ့..."


ကျင်းကျောင်း ခပ်ဟဟ ရယ်မောလိုက်တော့သည်။


"တိုက်ခိုက်စမ်းပါ ငရဲဘုရင်အာဟ..."


ခပ်အုပ်အုပ်မြည်သံနှင့်အတူ ကျင်းကျောင်း၏ ခန္ဓာကိုယ် လှုပ်ရှားသွားကာ သွေးကြောများပင် တုန်ရီလာသည်။


ချက်ချင်းပင် သူ၏လက်မောင်းများ ကြီးမားလာကာ လေဟာနယ်ကို ကွဲအက်သွားစေသည်။


ဘုန်း ဘုန်း ဘုန်း


ပေါက်ကွဲမှုများ ဆက်တိုက်ထွက်ပေါ်လာပြီး ငရဲဘုရင်အာဟကို ပျံထွက်သွားစေသည်။


ငရဲဘုရင်အာဟ၏ ဆံပင်များ ပြန့်ကျဲသွားသည်။ ဤတစ်ကြိမ်တွင် သူ ပုန်းမနေတော့ပေ။ သူ့လက်ကိုမြှောက်ကာ သူ့ရှေ့ကို ရိုက်ချလိုက်သည်။ 


ဘုန်း


နောက်ထပ်ပေါက်ကွဲမှ ထွက်ပေါ်လာကာ မီးခိုးများပင် အူထွက်လာသည်။


ငရဲဘုရင်အာဟက ကျင်းကျောင်း၏ လက်သီးချက်ကို တားဆီးလိုက်သည်။


ကျင်းကျောင်းနှင့်ယှဉ်လျှင် ငရဲဘုရင်ဘုရင်အာဟက ကလေးတစ်ယောက်နှင့်တူနေသော်လည်း သူ၏ လက်ဖဝါးက ထိုလက်သီးချက်ကို တားနိုင်နေဆဲဖြစ်သည်။


ဟူး


ခပ်ဖြေဖြေးအသက်ရှူထုတ်လိုက်ပြီး သူ့လက်မှ အားလှိုင်းတစ်ခု ထွက်လာခဲ့သည်။


ကျင်းကျောင်း ငရဲဘုရင်အာဟကို ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။


ထို့နောက် ငရဲဘုရင်အာဟ လက်သီးတင်းတင်းဆုပ်လိုက်ပြီး ကျင်းကျောင်း၏ လက်သီးကို ပြန်ထိုးလိုက်သည်။


ဘုန်း


အရွယ်အစားချင်း အလွန်ကွာဟကြသော လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားကြသည်။


ကျင်းကျောင်း သူ၏ခန္ဓာကိုယ်ထဲတွင် ကြီးမားသောစွမ်းအင်တစ်ခု ပေါက်ကွဲသွားသည်ဟု ခံစားလိုက်ရပြီး ထိုအားက သူ့ကိုနောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားစေသည်။


"မင်းတိုက်ခိုက်ချင်တာမလား... ဟုတ်ပြီလေ ဒီဘုရင်က မင်းကိုကြောက်မယ်ထင်ရအောင် မင်းကဘာလဲ ခွေးငပျင်းလား..."


ငရဲဘုရင်အာဟ၏ မျက်လုံးထဲတွင်ရူးသွပ်မှုများ ထွက်ပေါ်လာပြီး ခဏအကြာတွင် သူ၏ ပုံရိပ်ပျောက်ကွယ်သွားတော့သည်။


ကျင်းကျောင်း၏ နှုတ်ခမ်းထောင့်များ ကုတ်ကျသွားတော့သည်။

ဒါက အဲ့တာပဲနေရမယ်...


ဘုန်း ဘုန်း ဘုန်း


လက်သီးချက်၊ ကန်ချက်၊ တံတောင်ချက်၊ လက်ဝါးချက်...


လူထွားကြီးနှင့် လူငယ်လေးတို့က လေထဲတွင် ကြောက်မက်ဖွယ်ရန်ပွဲကြီးကို စတင်တော့သည်။


နယ်သာရီ အနည်းငယ်တွေဝေသွားသည်။ ငရဲဘုရင်အာဟ လေထဲလွင့်ပျံသွားသည်ကိုကြည့်ပြီး သူမတစ်ကိုယ်လုံး တောင့်ခဲသွားတော့သည်။ 


ယခုအကြိမ်က ငရဲဘုရင် လေပေါ်ပျံသွားအောင် အထိုးထံရသော ပထမဆုံးအကြိမ်ဖြစ်သည်။


လက်သီးချက်ကအသားကိုထိမိချိန်တိုင်း လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံတိုင်း ပုံရိပ်ယောင်လေဟာနယ်ကို အက်ကွဲသွားစေသည်။


ထိုတိုက်ပွဲမှ လွင့်ပျံလာသော စွမ်းအင်များက လူများကို အရိုးများထဲထိ အေးစိမ့်သွားစေသည်။


ဘုန်း


နှစ်ဖက်လုံး ရုတ်တရက် နောက်ပြန်ဆုတ်လိုက်ကြကာ လေထဲတွင် ရပ်နေကြသည်။ ထိုနှစ်ယောက် ပျံထွက်သွားကြချိန်တွင် လေထုပင် ချိုင့်ဝင်သွားဟန်ဖြစ်ပြီး အချင်းချင်းပြန်လုံးထွေးသွားကြပြန်သည်။


တိုက်ပွဲတစ်လျှောက်လုံး နက်မှောင်နေသည့် ငရဲစွမ်းအင်များက ထိုနှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်နေသည်။


တိုက်ပွဲက အထွတ်အထိပ်ရောက်နေဟန်ဖြစ်နေသည်။


ဘုန်း


ကြီးမားကျယ်လောင်သော ပေါက်ကွဲသဲကြီးထွက်ပေါ်လာသည်။


ကျင်းကျောင်းရုတ်တရက် အထိုးခံလိုက်ရသည်။ သူ၏ပုံရိပ်က လွင့်ပျံသွားအောင် အထိုးခံလိုက်ရပြီး အောက်သို့ပြန်ကျလာသောအခါ တောင်များပင် အက်ကွဲသွားရသည်။ ထိုတောင်များက အစိတ်စိတ်အမွှာမွှာပင် ထိုးနှက်ခံလိုက်ရပုံ ပေါ်နေသည်။


ငရဲဘုရင်အာဟ လေထဲတွင်ရပ်နေပြီး သူ၏ရင်ဘတ်က အနည်းငယ် နာနေသည်။


ဝှစ်


အပျက်အဆီးများမှ ကျောက်တုံးမှ လိမ့်ကျလာသည်။


ကျင်းကျောင်း ဒဏ်ရာပင် မရပဲ ပြန်ထွက်လာသည်။ သူ့မျက်လုံးထဲရှိ ကြောက်မက်ဖွယ်တင်းမာမှုက ပိုမိုပြင်းထန်လာသည်။


"ထင်တဲ့အတိုင်းပဲ အရှင်ငရဲဘုရင်ရယ်... ဒါက တကယ့်ကို စွဲလမ်းစရာပဲ..."


"ဟူး... မင်းက အဲ့ဒီ့နတ်ဆိုးကောင် ယင်းကျောင်းထက် တိုက်ခိုက်တဲ့နေရာမှာတော်တာပဲ... "


ငရဲဘုရင်အာဟ ပြောလိုက်သည်။


"အမှန်ပဲ... သွေးပူအောင်လုပ်တာပြီးသွားပြီ... အခုတော့ ငါ့ရဲ့ အစစ်အမှန်စွမ်းရည်တွေ ပြဖို့အချိန်ရောက်ပြီပဲ..."


ကျင်းကျောင်းပြုံးလိုက်သည်။


သွေးပူအောင်လုပ်တာ...


လူတိုင်း၏ မျက်နှာတွင် တွေဝေမှုတို့ ပြည့်သွားသည်။


ဒီလောက်ကြီးတဲ့ တိုက်ပွဲကြီးက သွေးပူအောင်လုပ်ရုံပဲလား...


ရွှမ်ယွမ်ရှားဟွေ့ ကမ္ဘာကြီးမှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

ဒါကမှ ပညာရှင်အစစ်တွေလား...


ကြောက်ဖို့ကောင်းလိုက်တာ... သူက အရမ်းသန်မာတာပဲ..


"ဟူး... ဒီဘုရင်လည်း အစာကြေသွားပြီ..."

ငရဲဘုရင်အာဟ ပြောလိုက်သည်။


ဘုန်း


ငရဲဘုရင်အာဟ ထိုစကားများကိုပြောလိုက်ပြီးသည်နှင့် ကျင်းကျောင်း၏ ခန္ဓာကိုယ်မှ ငရဲစွမ်းအင်တို့ ထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်အထိပင် ထိုးတက်သွားကာ သူ့နောက်တွင် ကြီးမားကာ ကြောက်မက်ဖွယ်စိတ်ဝိဉာဉ်ပုံရိပ်ကြီး ထွက်ပေါ်လာသည်။


သူ့ခေါင်းအထက်ရှိ ရွှေရောင်ဦးချိုမှ အလင်းတစ်ချက်လက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက အသက်ဝင်လာသည့်နှယ် အဆက်မပြတ်တုန်ရီလာသည်။


ချက်ချင်းဆိုသလို ချပ်ဝတ်အပိုင်းအစများထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။


ကျင်းကျောင်း၏ စွမ်းအင်များက မယှဉ်ပြိုင်နိုင်လောက်အောင် လွှမ်းမိုးမှုရှိနေသည်။


ပုံရိပ်ယောင်လေဟာနယ် အက်ကွဲသွားကာ ကောင်းကင်နှင့်မြေပြင်ကို ဖုံးအုပ်သွားစေနိုင်သည့် အနက်ရောင်တိမ်တိုက်များထွက်ပေါ်လာသည်။


"အိုး... မင်းအသွင်ပြောင်းနေတာလား... ဒီဘုရင်ကတော့ဖြင့် အသွင်ပြောင်းစရာကို မလိုသေးတာ..."


ငရဲဘုရင်အာဟ သရော်လိုက်သည်။ ထို့နောက် အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့နောက်တွင် စိတ်ဝိဉာဉ် ပုံရိပ်ကြီး ထွက်ပေါ်လာသည်။


ကျင်းကျောင်း အားရပါးရ ရယ်မောလိုက်သည်။ အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သူရှေ့ကို ပြေးထွက်သွားသည်။


ထို့နောက် သူ၏လက်သီးကို အောက်သို့ ထိုးချလိုက်သောအခါ ထိုလက်သီးကြီး၏ပုံရိပ်က ကောင်းကင်တစ်ခွင်လုံး ဖုံးအုပ်သွားသည်။


ကျင်းကျောင်း၏စိတ်ဝိဉာဉ်ပုံရိပ်ကြီးက ငရဲဘုရင်၏ စိတ်ဝိဉာဉ်ပုံရိပ်ကြီးနှင့် လုံးထွေးသွားသည်။


ဘုန်း ဘုန်း ဘုန်း


နေရာတစ်ခုလုံး တုန်ယင်သွားပေသည်။


ရွှမ်ယွမ်ရှားဟွေ့ ကြောင်အသွားခဲ့သည်။ ဤတိုက်ပွဲ၏အဆင့်က သူထင်ထားသည်ထက် အများကြီး မြင့်နေခဲ့သည်။



တဖြေးဖြေးချင်းလမ်းလျှောက်၍ရောက်လာသော ချောမောလှသည့် ထိုလူကိုကြည့်ပြီး ကုန်းရှို့ပန် ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားသည်။


ထိုလူက ယောက်ျားတစ်ယောက်ဖြစ်သည်။ သူ့တွင် ဆံပင်အရှည်ကြီးရှိသော်လည်း လည်ပင်းရှိ အာဒမ်ပန်းသီးကိုကြည့်ခြင်းအားဖြင့် ယောက်ျားဖြစ်ကြောင်း သိသာစေသည်။


"ဒီမှာဘာလို့ နောက်ထပ်လူတစ်ယောက်ရှိနေရတာလဲ..."


ကုန်းရှို့ပန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သံသယဖြင့်ပြောလိုက်သည်။


အခြားတစ်ဖက်တွင် ပုဖန်က အလွန်တည်ငြိမ်နေသည်။ မသေမျိုးမီးတောက်က အနည်းငယ်ကွဲပြားနေသည်ဟု သူထင်နေခဲ့သော်လည်း ယခုတွင် ၎င်းက အမှန်ဖြစ်နေပုံပေါ်နေသည်။


ထိုအမျိုးသား၏အသံက အလွန်ကောင်းလှသည်။ ၎င်း ချိုမြိန်သာယာနေကာ သံစဉ်လေးတစ်ခုကို နားထောင်ရသလိုဖြစ်နေပြီး တစ်စုံတစ်ယောက်၏ စိတ်နှင့်ခန္ဓာကိုယ် တည်ငြိမ်စေသည်။


နောက်ဆုံးတွင် လူတစ်ယောက်က သူတို့ရှေ့တွင်ပေါ်လာခဲ့သည်။ ထိုလူ၏ နက်မှောင်နေသော မျက်လုံးအစုံက ပုဖန်နှင့် ကုန်းရှုပန်ကို တည်ငြိမ်စွာကြည့်နေသည်။


"နောက်ဆုံးတော့ တစ်စုံတစ်ယောက်ပေါ်လာခဲ့ပြီပဲ... မသေမျိုးစားဖိုမှူးနှစ်ယောက်ပဲ.. ကြည့်ရတာ ကံကြမ္မာကငါတို့ကို တွေ့ဆုံပေးလိုက်ပုံပဲ..."


ကံကြမ္မာ...


"ကျုပ်တို့တကယ်ပဲ ကဲကြမ္မာအရတွေ့ဆုံရတာ ဟုတ်လို့လား..."


ပုဖန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ချိုးသွားသည်။


"မဟုတ်ဘူး.. ငါ့သီချင်းသံကိုကြားရတယ်ဆိုရင် ကံကြမ္မာအရလို့ပြောလို့ရတယ်... ငါခန့်မှန်းတာမှန်မယ်ဆိုရင် မင်းတို့က ဒီကို မသေမျိုးမီးတောက်ကြောင့်ရောက်လာကြတာမလား... ငါက ဒီရွှေကြာနတ်ဆိုးမီးတောက်ရဲ့ ပိုင်ရှင်ဟောင်းပဲ... "


ဟမ်...


ကုန်းရှို့ပန်နှင့် ပုဖန်တို့ အချင်းချင်း ကြည့်မိလိုက်သည်။


"မင်းတို့ အခုရောက်နေတဲ့နေရာက ငါ့ရဲ့စိတ်ဝိဉာဉ် ပင်လယ်ပဲ..."


ထိုလူက အပြုံးလေးဖြင့် ပြောလာသည်။ သူ၏ အပြုံးမှ ကွဲပြားသောဆွဲဆောင်မှုအချို့ကို ထုတ်လွှတ်နေသည်။


ဒါက စိတ်ဝိဉာဉ်ပင်လယ်လား...


ပုဖန် မျက်မှောင်ကြုတ်မိသွားပြီး ပတ်ပတ်လည်ကို လျှောက်ကြည့်လိုက်မိသည်။ ဤမီးတောက်နယ်မြေက အလွန်ကြီးမားသော်လည်း သူ၏ အဆုံးမဲ့သော စိတ်ဝိဉာဉ်ပင်လယ်နှင့်ယှဉ်ပါက သေးငယ်ပေသည်။


"စိတ်ဝိဉာဉ်ပင်လယ်... စီနီယာက ကျွန်တော်တို့ကို စီနီယာရဲ့ အမွေအနှစ်ကို ရစေချင်လို့များ ဖြစ်နိုင်မလား..."


ကုန်ရှို့ပန်ပြောလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေဟန် ပေါ်နေသည်။


ဆွဲဆောင်မှုရှိသော လူက ပြုံးရင်းခေါင်းငြိမ့်ပြလိုက်သည်။


"ဟုတ်တယ်လေ... ဒါပေမယ့် အမွေအနှစ်ကတစ်ခုတည်းရှိတာ ဒီတော့တစ်ယောက်ပဲရနိုင်မယ်..."


ကုန်းရှို့ပန်၏မျက်နှာ ပြောင်းလဲသွားခဲ့သည်။

တကယ့်ကို အမွေအနှစ်ပဲ.. အရမ်းကြီးမားတဲ့အခွင့်အရေးကြီး...


အမွေအနှစ်တစ်ခုချန်ရစ်နိုင်ရန် အနည်းဆုံး ထိုလူအသက်ရှင်စဉ်က တတိယအဆင့်မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်ရန်လိုအပ်သည်။

ဒီလူမသေခင်က တတိယအဆင့်စားဖိုမှူးဖြစ်နိုင်ပါ့မလား...


ထိုလူက အစိမ်း၊အနီ နှင့် အဝါတို့အရောင်သုံးရောင်ရှိသော ကြီးမားသည့် ဒယ်အိုးကြီးကို လက်တစ်ဖက်ဖြင့်မြှောက်လိုက်ပြီး နောက်တစ်ဖက်ဖြင့် အပြာဖျော့ဖျော့မီးဖိုချောင်သုံးဓားတစ်ချောင်းကို မြှောက်ပြပြီး ပုဖန်နှင့် ကုန်ရှုပန်ကို ပြုံး၍ကြည့်လိုက်သည်။


"မင်းတို့ ငါ့စမ်းသပ်မှုကိုအောင်မြင်ရင် သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးနဲ့ ကြယ်စင်ဓားအပါအဝင် ရွှေကြာနတ်ဆိုးမီးတောက်ကိုပါရမယ်..."


ပုဖန်က ထိုလူ၏စကားကိုနားထောင်ပြီးနောက်တွင်ပင် အမူအယာပြောင်းလဲခြင်းမရှိပေ။


သို့သော် ကုန်းရှို့ပန်က ပိုမိုစိတ်လှုပ်ရှားလာသည်။ သူ၏ အမူအယာက အံ့အားတသင့်ဖြစ်သွားကာ အော်ပြောလာသည်။


"သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုးနဲ့ ကြယ်စင်ဓား.... ခင်ဗျား... ခင်ဗျားက မသေမျိုးမြို့တော်သခင်ကို ချီလင်စားဖိုမှူးအဆင့်တစ်ဝက်နဲ့တင် စိန်ခေါ်ရဲခဲ့တဲ့ ... ထုံမိသားစုရဲ့ အရင်ခေါင်းဆောင် ထုံရော့ပဲ..."


ထိုလူ အနည်းငယ် တောင့်ခဲသွားပြီး တစ်ယောက်ယောက်က သူ့ကိုမှတ်မိနေမည်ဟု မထင်ခဲ့ပေ။


"ဟုတ်တယ် အဲ့တာငါပဲ... သနားစရာကောင်းတာက ငါက အဝါရောင်ရွှံ့တွေအဖြစ်ပြောင်းလဲသွားခဲ့ပြီ မင်းထင်သလို အထင်ကြီးစရာကောင်းတဲ့ လူမျိုးမဟုတ်ဘူး.."

ထိုလူက တည်ငြိမ်စွာပြောလာသည်။


ကုန်းရှို့ပန် အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။

ချီလင်အဆင့်တစ်ဝက်စားဖိုမှူးဆီက အမွေအနှစ်...


တကယ့်ကို အခွင့်အရေးအကြီးကြီးပဲ...


ပုဖန် မျက်မှောင်သာကြုတ်လိုက်သည်။

ထုံမိသားစုတဲ့လား...


သူစနစ်ကပြောသည့် နှစ်တစ်ထောင်မီးလျှံကြာစေ့က ၎င်းပိုင်ရှင်၏ မသေမျိုးစွမ်းအင်ဖြင့် ဖုံးလွှမ်းခြင်းခံရသည်ဟူသော အရာကို ပြန်တွေးမိလိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။


ဒင်


ပုဖန်နှင့် ကုန်းရှို့ပန်တို့ကို ဂရုမစိုက်တော့ပဲ ထိုလူက သူ၏သီချင်းကို တစ်ဖန် ဟစ်အော်လိုက်ပြန်သည်။


အလွန်လျှင်မြန်စွာဖြင့် ကောင်းကင်နှင့်မြေပြင်တို့က ပြောင်းလဲသွားသည်။


အကတ်အသတ်မရှိလှသော နယ်မြေထဲတွင် မီးဖိုနှစ်ခု ပေါ်ထွက်လာသည်။


ယင်းတို့က မသေမျိုးပစ္စည်းမီးဖိုများဖြစ်ကြပြီး မသေမျိုးစွမ်းအင်တို့ ဝန်းရံနေသည်။


"ငါပြောတဲအတိုင်းလိုက်နာပြီး... ဟင်းတစ်ပွဲချက်လိုက်ပြီး ငါ့ကို မင်းတို့အရည်အချင်းပြကြ... အနိုင်ရတဲ့ဟင်းပွဲပိုင်ရှင်က ငါပိုင်တာတွေအကုန်ရလိမ့်မယ်..."


ဆွဲဆောင်မှုရှိသောလူက ပြောလိုက်သည်။


ခဏအကြာတွင်


သူတို့အထက်၌ ရွှေကြာနတ်ဆိုးမီးတောက်က နှစ်ခြမ်းကွဲသွားပြီး ထိုမီးဖိုများထံ ပြေးထွက်သွားသည်။


"အခု မင်းတို့ထဲက ဘယ်သူကများ ငါ့ရဲ့ မသေမျိုးမီးတောက်ကို ယဉ်ပါးစေနိုင်မလဲ ကြည့်ကြတာပေါ့..."