အပိုင်း ၁၀၀၁
Viewers 53k

အခန်း ၁၀၀၁

ငရဲဘုရင် ခင်ဗျားက ငပျော့လေးပဲ


"ရွှေကြာနတ်ဆိုးမီးတောက်..."


ကုန်းရှို့ပန်က တောက်လောင်နေသော မီးတောက်များကို ပျော်ရွှင်စွာကြည့်နေသည်။


ချီလင်အဆင့်တစ်ဝက်စားဖိုမှူးဆီက အမွေဆက်ခံခွင့်လား...


မသေမျိုးမီးတောက်၊ မသေမျိုးပစ္စည်း၊ မသေမျိုးသတ္တု သူဒီသုံးမျိုးလုံးကို ရလာမှာ... အဲ့အပြင် ချီလင်အဆင့်တစ်ဝက်စားဖိုမှူးဆီက လမ်းစဉ်ကို ရရင်ရမှာ....


သူ မပျော်ဘဲ ဘယ်နေပါ့မလဲ...


ဖျားယောင်းသွေးဆောင်နိုင်အောင် ချောမောလှသောလူက ပြုံးလိုက်ကာ ကုန်းရှုချန်နှင့် ပုဖန်ကိုကြည့်လိုက်သည်။ သူ ထိုနှစ်ဦးထံမှ ပျော်ရွှင်မှုများကို ခံစားနေဟန် တူနေသည်။


သို့သော် သူပေါက်ကရခံစားနေရမှန်း သူမသိခဲ့ပေ။ ပုဖန်က ပုံမှန်ဆန်စွာ ဘာကိုမှမခံစားရပေ။


ရွှေကြာနတ်ဆိုးမီးတောက်မှလွဲ၍ ကျန်သည့်အရာများက သူ့နှလုံးသားကို လှိုင်းပင်မထစေပေ။


အဆင့်တစ်ဝက်ချီလင်စားဖိုမှူးတစ်ယောက်၏ မသေမျိုးပစ္စည်းများမှာ ပုဖန်၏ နတ်ဘုရားအဆင့် မီးဖိုချောင်သုံးပစ္စည်းများနှင့်ယှဉ်လျှင် အတော်လေးကွာဟလေရာ ထိုကဲ့သို့ အသေးအမွှားလေးအတွက် ပုဖန်က မည်သို့စိတ်လှုပ်ရှားမည်နည်း။


သို့သော် သူရွှေကြာနတ်ဆိုးမီးတောက်ကိုရနိုင်သည်မှာ မဆိုးလှပေ။


"ဟင်းချက်ပြိုင်ပွဲ..."


ကုန်းရှို့ပန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်လဲ့သွားသည်။


သူက ကုန်းရှို့မိသားစု၏ ဉာဏ်ကြီးရှင် မသေမျိုးစားဖိုမှူးဖြစ်ပြီး ချီလင်စားဖိုမှူးဖြစ်ရန် အလားအလာအရှိဆုံးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဟင်းချက်ပြိုင်ပွဲဟူသည်ကို သူတကယ်မကြိုက်ပေ။


သူ ပုဖန်အကြောင်း ကောလဟာလများစွာကြားထားသော်လည်း သူ့ကိုယ်သူအတော်လေး ယုံကြည်မှုရှိပေသည်။


"ဒါပေါ့.. ရိုးရှင်းတဲ့ ဟင်းချက်ပြိုင်ပွဲလေးပါပဲ... ငါမင်းတို့ကို ပါဝင်ပစ္စည်းထောက်ပံ့ပေးမှာ... မင်းတို့က အကောင်းဆုံးကြိုးစားပြီး ချက်ရုံပဲ..."


ထုံရော့ အပြုံးလေးဖြင့်ပြောလိုက်သည်။


ခဏအကြာတွင်


မီးတောက်နေသော နယ်မြေက ပြောင်းလဲသွားပြန်သည်။


ကြမ်းတမ်းလှသော မီးတောက်များ မြင့်တက်လာပြီး မျက်စိတစ်မှတ်အတွင်း အပူရှိန်မြင့်လာသည်။ မီးဖိုပေါ်တွင် နူးညံ့လှသော ပါဝင်ပစ္စည်းတစ်ခု ပေါ်ထွက်လာသည်။


"တို့ဟူး...."


ပုဖန်နှင့် ကုန်းရှို့ပန်တို့ တောက်ပနေသော အချက်အပြုတ် ပါဝင်ပစ္စည်းကို ကြည့်လိုက်သည်။ သူတို့ တို့ဟူးက ပါဝင်ပစ္စည်းတစ်ခုဖြစ်လာမည်ဟု မထင်ခဲ့သဖြင့် အတော်လေး အံ့ဩသွားကြသည်။


"မှန်တယ်... ဒါတို့ဟူးပဲ..."


ချောမောလှသောလူကြီးက ခပ်ပြုံးပြုံးဖြင့် တို့ဟူးကိုကြည့်လိုက်သည်။


"ငါ.. ထုံရော့က တို့ဟူးနဲအတူ ကြီးပြင်းလာတာ... ငါ့မှာ အဲ့အကြောင်းနဲ့ပတ်သတ်လို့ ဇာတ်လမ်းတွေအများကြီးရှိတယ်... ငါ့ရဲ့နောက်ဆုံး ချီလင်အဆင့်စားဖိုမှုးစာမေးပွဲမှာ ကျရှုံးခဲ့ရတာကလည်း တို့ဟူးကြောင့်ပဲ... ဒါပေမယ့် ငါတို့ဟူးကို သဘောကျနေတုန်းပဲ... နောင်တကိုမရခဲ့တာ..."


တို့ဟူး..


ပုဖန် မျက်မှောင်ကြုတ်မိသွားသည်။


တို့ဟူးက အတော်လေးကောင်းသော ပါဝင်ပစ္စည်းဖြစ်သည်။ ထိုလူလိုပင် သူလည်း တို့ဟူးစားရသည်ကို နှစ်သက်ပေသည်။


ဥပမာအားဖြင့် တို့ဟူးပုပ်ဖြစ်သည်။


ပုဖန်နှင့် ကုန်းရှို့ပန်တို့၏ အသိစိတ်များ လှစ်ကနဲဖြစ်သွားကာ ၎င်းတို့၏ ကိုယ်ပိုင် မီးဖိုရှေ့တွင် ပြန်ပေါ်လာကြသည်။


အဝါရောင်မီးတောက်က ပြင်းထန်စွာလောင်ကျွမ်းနေပြီး ၎င်းတို့၏ မျက်နှာများကို အပူရှိန်ဟပ်နေကြသည်။


"အခု... မင်းတို့စချက်လို့ရပြီ..."


ထုံရော့ လက်ပိုက်ရင်း ပုဖန်တို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။



ဘုန်း ဘုန်း ဘုန်း


ကြောက်မက်ဖွယ်ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး နေရာတစ်ခုလုံးကို လှုပ်ခါနေစေသည်။


တိုက်ပွဲမှ အဝေးတွင် ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့က တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့ လေထဲရှိ အဆက်မပြတ်ပေါက်ကွဲနေသော နေရာကိုကြည့်၍ ထိတ်လန့်နေကြသည်။


ငရဲဘုရင်အာဟ၏ ပုံရိပ်က ကောင်းကင်ထိတိုင်ရောက်နေပြီး တိုက်ခိုက်မှုတစ်ခုစီတိုင်းက လေဟာနယ်ကို အက်ကွဲသွားစေသည်။


ကျင်းကျောင်းသည်လည်း ကြောက်မက်ဖွယ်ကောင်းသူဖြစ်သည်။ ငရဲဘုရင်အာဟက သူ့ကို အဆက်မပြတ်ထုနှက်နေသော်လည်း မုန်တိုင်းသဖွယ် ရှေ့သို့ဆက်နေဆဲဖြစ်သည်။


ကျင်းကျောင်း၏ ပုံရိပ်ကြီးက ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ရှေ့သို့တစ်လှမ်းတိုးကာ လေဟာနယ်ကိုဖြတ်ကျော်ပြီး ငရဲဘုရင်အာဟရှေ့တွင် ပြန်ပေါ်လာခဲ့သည်။


ဘုန်း


သူကာရံလိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအင်များ လေထဲတွင်လှိုင်းထသွားကာ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ နေရာတစ်ခုလုံးက လှုပ်ခါနေကာ ဆက်လက်တောင့်မခံနိုင်တော့ဟန် ဖြစ်နေသည်။


ထိုစဉ် ငရဲကမ္ဘာသင်္ဘောက လေထဲတွင် လွင့်မျောနေဆဲဖြစ်သည်။ ပန်းပွင့်လေးနှင့် နယ်သာရီက ကုန်းပတ်ပေါ်တွင်ရပ်နေပြီး အောက်ဘက်ရှိတိုက်ပွဲကို စူးစိုက်ကြည့်နေကြသည်။


နယ်သာရီ၏ အနက်ရောင်မျက်လုံးများက ထိုတိုက်ပွဲတွင်သာ မြဲနေပြီး သူမ၏မျက်နှာက တင်းမာနေလျက်ရှိသည်။


ငရဲဘူရင်အာဟသည် သူ၏ပုံမှန် ပျော်ရွှင်ပေါ့ပါးသော ပုံစံနှင့်ကွဲထွက်ကာ မျက်နှာအမူအယာတင်းမာနေလျက်ရှိသည်။ ယနေ့တွင် သူငရဲဘုရင်တစ်ယောက်၏ ဂုဏ်သိက္ခာကို ပြသမည်ဖြစ်သည်။


သူတို့နှင့်အဝေးတွင် လော့ကျိက လေထဲ၌ခြေချိတ်ထိုင်၍ မျက်လုံးများ တောက်ပနေလျက်ရှိသည်။


"ငါ့အစ်ကိုကြီးငရဲဘုရင်ဖြစ်ဖို့ ထိုက်တန်ချက်.. အသားထူထူကျင်းကျောင်းနဲ့စာရင် ငါသူ့ကိုကြည့်လို့ကိုမဝတာ..."


လော့ကျီး လျှာဆန့်ထုတ်ကာ သူမ၏ အနီရောင်နှုတ်ခမ်းလေးများကို သပ်လိုက်သည်။


ကျင်းကျောင်းက ရှေးဦးသားရိုင်းကြီးတစ်ကောင်နှင့်တူနေပြီး ရုတ်ရင်းကြမ်းတမ်းစွာ ဟိန်းဟောက်နေလျက်ရှိသည်။ သူ့ပတ်ပတ်လည်ရှိ ငရဲစွမ်းအင်များက ထူထပ်လွန်းလှသည်မှာ အစိုင်အခဲအဖြစ် ပုံပြောင်းလုမတတ်ပင်ဖြစ်နေသည်။


သို့သော် ထိုသို့အော်ဟစ်နေသောကျင်းကျောင်းကို ငရဲဘုရင်အာဟ၏ လက်ချောင်းတစ်ချောင်းတည်းဖြင့် နောက်တစ်ကြိမ် ဖိချခြင်းခံလိုက်ရသည်။


သူ၏ လက်ချောင်းပေါ်တွင် ထောင်သောင်းချီသော ငရဲစွမ်းအင်များ စုဝေးနေကာ ကောင်းကင်ပေါ်တွင် အရိပ်အဖြစ် ထင်ဟပ်နေသည်။ ထိုလက်ချောင်းက လေထုကိုပင် အခေါင်းပေါက်ဖြစ်အောင် ဖောက်ထွင်းနိုင်နေဟန် ဖြစ်နေသည်။


ထိုလက်ချောင်း၏ဖိအားအောက်တွင် လေဟာနယ်က အဆက်မပြတ် အက်ကွဲလာသည်။


ကျင်းကျောင်းအဖိခံလိုက်ရကာ မြေပြင်ပေါ် ပြုတ်ကျလာသည်။


"ဘာတွေဖြစ်နေနေ ဒီအရှင်မင်းကြီးက ငရဲကမ္ဘာရဲ့ အရှင်သခင်တစ်ယောက်ပဲ... မင်းငါ့ကို လျှော့မတွက်သင့်ဘူး..."


ငရဲဘုရင်အာဟ မထူးခြားဟန်ပြောလိုက်သည်။


သူ တစ်ခါမျှ ဤကဲ့သို့ လေသံဖြင့် မပြောဖူးပေ။


"ငရဲကမ္ဘာရဲ့အရှင်သခင်..."


ကျင်းကျောင်း အပျက်အဆီးများကြားမှ ကုတ်တွယ်၍ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချပ်ဝတ်က တောက်ပနေဆဲဖြစ်သည်။


ကျင်းကျောင်း၏ ပါးစပ်ဖျားမှ စူးစူးဝါးဝါးရယ်မောသံ ထွက်ပေါ်လာသည်။


လေထဲမှ လော့ကျိ၏ မျက်လုံးကျဉ်းမြောင်းသွားသည်။ ထို့နောက် သူမ၏ သူငယ်အိမ်များမှ ခရမ်းရောင်အလင်းတို့ ထွက်ပေါ်လာသည်။


ကျင်းကျောင်း ရယ်ရင်းလက်မြှောက့်လိုက်ကာ သူ့မျက်နှာပေါ်တွင် ရူးသွပ်နေသောအကြည့်များ ထွက်ပေါ်လာနေသည်။


"ငရဲကမ္ဘာရဲ့အရှင်သခင်က အရင်ငရဲကမ္ဘာအရှင်သခင်မဟုတ်တော့ဘူး... မင်းကသူ့ရဲ့ရာထူးကိုဆက်ခံထားပေမယ့် မင်းနဲ့လုံးဝမထိုက်တန်ဘူး..."


ဘုန်း


ကောင်းကင်ပေါ်တွင် ကြီးမားသော အလင်းလှိုင်းကြီးတစ်ခု ထွက်ပေါ်လာသည်။


ခဏအကြာတွင် ကျင်းကျောင်း၏ လက်ထဲသို့ လက်နက်ကြီးတစ်ခု ဖွဲ့တည်လာသည်။


ထိုပုံရိပ်က လျှင်မြန်စွာဖွဲ့စည်းသွားသည်။ ထို့နောက် တဖြေးဖြေးချင်း သံယပ်တောင်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုသံယပ်တောင်ပေါ်တွင် မျက်လုံးတစ်စုံနှင့်တူသော အရာကို ဆွဲထားသည်။


ငရဲဘုရင်အာဟ ထိုလက်နက်ကိုမြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။


 "နတ်ဘုရားလက်နက်...အလောင်းတစ္ဆေဝိညာဉ်ချိတ်ပိတ်ယပ်တောင်..."


လော့ကျီးလည်း အံ့ဩသွားပြီး သူမ၏ အနီရောင်နှုတ်ခမ်းလေးများပင် ပွင့်ဟသွားသည်။


ကျင်းကျောင်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်သွေးကြောတို့ထောင်ထလာကာ သူ့မျက်နှာတစ်ခုလုံးနီရဲလာအောင် အော်ဟစ်လိုက်သည်။ 


သူအင်အားအပြည့်ဖြင့် ယပ်ခတ်လိုက်သောအခါ လေရိုင်းများ မြည်ဟီးလာသည်။


ထိုလေရိုင်းများတွင် အေးစက်ကာ ဆိတ်ငြိမ်ပြီး သေစေချင်စိတ် များပါဝင်နေသည်။


ယပ်တောင်ကိုခတ်လိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး အနက်ရောင်လေများဖြင့် ပြည့်နှက်သွားကာ မြေပြင် ကွဲအက်သွားသည်။


ပတ်ပတ်လည်မှ မသေမျိုးစားဖိုမှူးများ အလွန်အမင်းကြောက်ရွံ့သွားကြသည်။ သူတို့ထွက်ပြေးလိုက်ချင်သော်လည်း ခြေထောက်မမြှောက်ရသေးမီ အနက်ရောင်လေပြင်းက ဖြတ်တိုက်သွားသည်။


၎င်းတို့၏ အသက်စွမ်းအင်များက မျက်စိတစ်မှတ်အတွင်း ပျောက်ကွယ်သွားကာ အေးစက်မှုန်မှိုင်းသွားသည်။ ၎င်းတို့၏ မျက်လုံးများပွင့်ကာ ပါးစပ်အဟောင်းသားဖြစ်ပြီး ကြောက်ရွံ့မှုနှင့်အတူ တောင့်ခဲသွားကြသည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှုယွင်တို့ စိတ်လွတ်သွားအောင် ကြောက်သွားခဲ့ကြသည်။


ကုန်းရှို့ယွင် ဤကဲ့သို့ ကြောက်မက်ဖွယ်မြင်ကွင်းမျိုးတစ်ခါမှ မမြင်ဖူးပေ။ ကြောက်လွန်း၍ သူမ၏ခြေထောက်များ ဂျယ်လီသဖွယ်ပင် ပျော့ဖတ်နေပြီဖြစ်သည်။


ရွှမ်ယွမ်ရှားဟွေ့ သူတို့ဤနေရာတွင်ရပ်၍ သေမည်ကို စောင့်မသင့်ကြောင်းသိပေသည်။ ထို့ကြောင့် ကုန်းရှုယွင်ကို ချီမကာ ရွှေကြာနတ်ဆိုးမီးတောက်ရှိရာဆီ ပြေးတော့သည်။


အလွန်အမင်းပူလောင်သော အပူရှိန်က ရွှမ်ယွမ်ရှားဟွေ့ကို လောင်ကျွမ်းလုမတတ်ခံစားလိုက်ရစေသော်လည်း သူဆုံးဖြတ်ချက်ကောင်းကောင်း ချလိုက်မိခြင်းဖြစ်သည်။


သေခြင်းတရားနှင့်အတူလာသော လေက ရွှေကြာနတ်ဆိုးမီးတောက်နား ရောက်မလာပဲ ရပ်တန့်သွားခဲ့သည်။


ရွှေကြာနတ်ဆိုးမီးတောက်က ငြိမ်းသက်တော့မည်ဖြစ်သည်။ သို့သော် ကျင်းကျောင်း၏ ပစ်မှတ်က မသေမျိုးမီးတောက်မဟုတ်၍ ၎င်းကတောင့်ခံနေနိုင်ဆဲဖြစ်သည်။


"ကျွန်... ကျွန်မကို ချပေး..."


ကုန်းရှို့ယွင် အသိပြန်ဝင်သွားပြီး ရွှမ်ယွမ်ရှားဟွေ့၏ လက်မောင်းကြားထဲ ရုန်းကန်တော့သည်။


နောက်ဆုံးတွင် သူမ သူ၏ချီထားမှုမှ လွတ်မြောက်သွားခဲ့သည်။ လက်မြှောက်၍ သူမကို အသားယူခဲ့သောလူကို ပါးရိုက်ပစ်ချင်နေလေသည်။


သို့သော် ရွှမ်ယွမ်ရှားဟွေ့၏ ပြူးကျယ်သွားသော မျက်လုံးများက သူမကို အံ့အားသင့်သွားစေသည်။


ရွှမ်ယွမ်ရှားဟွေ့၏ အကြည့်နောက်ကို လိုက်ကြည့်လိုက်သောအခါ မြင်လိုက်ရသောအရာက သူမကို ပင့်သက်ရှိုက်မိသွားစေသည်။


"အစ်ကိုကြီး..."


တောက်လောင်နေသော ရွှေရောင်မီးတောက်များကြားတွင် လူသုံးယောက်ရှိနေဟန်တူနေသည်။


နှစ်ယောက်က မီးဖိုရှေ့တွင်ရပ်နေကြပြီး ၎င်းတို့၏ လှုပ်ရှားမှုများအရတစ်စုံတစ်ခုကို ချက်ပြုတ်ရန် ပြင်ဆင်နေကြကြောင်း သိလိုက်ရသည်။


ကြည့်ရသည်မှာ ထိုလူနှစ်ဦး ဟင်းချက်ပြိုင်တော့မည့်ပုံ ဖြစ်နေသည်။


"အဲ့တာ ပိုင်ရှင်ပုပဲ... ပိုင်ရှင်ပုက ကုန်းရှို့ပန်နဲ့ ပြိုင်တော့မလို့လား... အဲ့တာ မသေမျိုးမီးတောက်ရဖို့ သော့ချက်များလား..."


ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများစူးရှသွားကာ ထိုမြင်ကွင်းကို သေချာစိုက်ကြည့်၍ လေ့လာနေသည်။


"ငါ့အစ်ကိုကြီးပဲ နိုင်မှာ... ဘယ် အငယ်တန်းစားဖိုမှူးမှ ငါ့အစ်ကိုကြီးကို မနိုင်နိုင်ဘူး..."


ကုန်းရှို့ယွင် ဝံ့ကြွားစွာပြောလိုက်သည်။


သေစေနိုင်သောလေကြောင့် ဖြစ်ပေါ်လာသော အကြောက်တရား ပျောက်ကွယ်သွားပုံပေါ်သည်။ ယခုတွင် သူတို့ မီးတောက်များကြားမှ ပုံရိပ်ကို ကြည့်နေကြသည်။


ထို့နောက် ထိုပုံရိပ်များက စတင်ချက်ပြုတ်တော့သည်။



နယ်သာရီနှင့် ပန်းပွင့်လေးတို့က ငရဲကမ္ဘာသင်္ဘောထဲတွင် ပုန်းနေလိုက်သည်။


ကြောက်မက်ဖွယ်မုန်တိုင်းပုံတိုက်ခိုက်မှုက လေဟာနယ်နှင့် လျှို့ဝှက်နယ်မြေများကိုပင် ထိုးဖောက်၍သွားနိုင်သော ငရဲကမ္ဘာသင်္ဘောကို လေပြင်းများကြားလူးလွန့်နေသည့် စက္ကူလှေငယ်လေးတစ်စင်းနှယ် ဖြစ်နေစေသည်။


ထိုအချိန်တွင် လော့ကျီးက တောင့်ခဲသွားပြီး ကျင်းကျောင်းကို အားပါတရ ဆဲဆိုမိသွားသည်။


မရဏနတ်မင်းဓားကောက်ကို ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်လိုက်ကာစများစွာပေါ်လာပြီး သူမကိုလေပြင်းထံမှ ကာကွယ်ပေးလိုကိသည်။


သေခြင်းတရားနှင့်အတူပါလာသောလေက အကြိမ်ပေါင်းများစွာမြည်ဟီးသွားခဲ့သည်။


နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ရသည်။


လေဟာပြင်တစ်ခုလုံး ကြောက်မက်ဖွယ်ရာတိတ်ဆိတ်သွားခဲ့သည်။


လော့ကျီးက မရဏနတ်မင်းဓားကောက်ကို ကိုင်ဆွဲထားပြီး သူမ၏ ခရမ်းရောင်သူငယ်အိမ်များက အလင်းရောင်တို့ ထုတ်လွှတ်နေလျက်ရှိသည်။


နယ်သာရီနှင့် ပန်းပွင့်လေးတို့က ၎င်းတို့၏ ခေါင်းလေးများကို ငရဲကမ္ဘာသင်္ဘောထဲမှ ထွက်ပြူကြည့်လိုက်ပြီး အပြင်ဘက်ကိုစူးစမ်းလိုက်သည်။ ထို့နောက် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။


လေပြင်းတစ်ခုက ရှုခင်းတစ်ခုလုံးက်ု လုံးဝပြောင်းလဲသွားစေခဲ့သည်။


ဖုန်လုံးကြီးက ကျင်းကျောင်းရှေ့တွင် မြင့်တက်လာပြီး ဧရာမတောင်ထွတ်ကြီး တစ်ခုပေါ် စုပုံနေသည်။


ငရဲဘုရင်အာဟက ထိုတောင်ထဲတွင် မြှုပ်ထားခြင်းခံနေရသည်။


"မင်းအဖေကမှ ငရဲကမ္ဘာရဲ့အစစ်အမှန် အရှင်သခင်ပဲ... သူက ကမ္ဘာမြေအကျဉ်းထောင်ကို အုပ်စိုးခဲ့ပြီး သူ့ရဲ့အာဏာစက်က ငရဲကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းခဲ့တယ်... ငရဲအကျဉ်းထောင်က လူတွေတောင်မှ ပြဿနာမရှာရဲခဲ့ဘူး..."


ကျင်းကျောင်း ထိုတောင်ကိုကြည့်ကာ လက်ထဲတွင် ကိုင်ထားသော သဲယပ်တောင်ကြီးကိုကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။


"မင်းကတော့.. မင်းကတော့ ငရဲဘုရင်ဆိုတဲ့ဂုဏ်ကိုဆက်ခံထားတဲ့ အားနည်းတဲ့ ငပျော့လေးတစ်ယောက်သာသာပဲရှိတယ်..."


နယ်သာရီ၏ မျက်လေးများက ရှုပ်ထွေးသွားခဲ့သည်။


ကျိန်စာမိနေသော ငရဲကမ္ဘာအမျိုးသမီးဖြစ်သည့်အလျောက် သူမ လျှို့ဝှက်ချက်များစွာကို သိပေသည်။


ကျင်းကျောင်းက အမှန်တရားများကိုသာပြောသွားခြင်းဖြစ်ပြီး ငရဲဘုရင်အာဟက ယခင်ငရဲဘုရင်ထက် အားနည်းပေသည်။


ယခင်ငရဲဘုရင်က သူမခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသောကျိန်စာများကို မပယ်ဖျက်နိုင်သဖြင့် သူမကို လျှို့ဝှက်နယ်မြေများထဲသို့ နှင်လွှတ်လိုက်ခြင်းဖြစ်သည်။


သူက ကျိန်စာကိုမဖိနှိပ်နိုင်တော့သဖြင့် သူမကို လျှို့ဝှက်နယ်မြေထဲလွှတ်ပြီး ၎င်းကိုဖိနှိပ်ရန် လွှတ်ခဲ့သည်။


သို့သော် ယခင်ငရဲဘုရင်က သေဆုံးသွားပြီဖြစ်၍ သူခတ်ထားပေးခဲ့သော ချိတ်ပိတ်စည်းတံဆိပ်က အားနည်းသည်ထက် အားနည်းလာနေပြီဖြစ်သည်ဟ


ယခုဆိုလျှင် ကျိန်စာက ပေါက်ကွဲထွက်လာလုပင်ဖြစ်နေသည်။


၎င်းက ကျင်းကျောင်းနှင့်လော့ကျီးတို့ သူမကိုပြန်ဖမ်းခေါ်သွားသင့်သည့် အကြောင်းပြချက်ဖြစ်သည်။ ကျိန်စာသာ ပေါက်ကွဲထွက်သွားပါက ကြီးမားလှသည့်ကပ်ဘေးဆိုးကြီး ဖြစ်ပေါ်လာမည်ဖြစ်သည်။


သို့သော် နယ်သာရီက သူမ၏ကျိန်စာကို ပုဖန်၏ အစားအသောက်များဖြင့် ဖိနှိပ်ထား၍ ရကြောင်းသိပေသည်။


ထို့ကြောင့်သာ သူမထွက်မသွားချင်ခြင်းဖြစ်သည်။


ဝုန်း ဝုန်း


ကျောက်တုံးများ လိမ့်ဆင်းလာသည်ဟ


တောင်ထိပ်က တုန်ခါသွားပြီး အက်ကွဲကြောင်းများ စတင်ဖြစ်ပေါ်လာသည်။


ခဏအကြာတွင်


ပေါက်ကွဲသံများဆူညံလာကာ တောင်တစ်ခုလုံး လုံးဝပေါက်ထွက်သွားပြီး ကြောက်မက်ဖွယ်ငရဲစွမ်းအင်များက ကောင်းကင်ထိတိုင် ထိုးဆက်သွားသည်။


အမိုက်စားပုံရိပ်တစ်ခုထွက်ပေါ်လာသည်။


ဝုန်း ဝုန်း


ကျင်းကျောင်း၏ မျက်လုံးများက လေထုထဲကို စိုက်ကြည့်နေသည်။


ငရဲဘုရင်အာဟက သူ့ကို ခံစားချက်မဲ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


ကြက်သွေးနီရောင်ချပ်ဝတ်ပေါ်ထွက်လာပြီး ငရဲဘုရင်အာဟ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချပ်ဝတ်တစ်ခု ထွက်လာတိုင်း သူ၏အော်ရာက ပိုမိုပြင်းထန်ဘာသည်။


ဘုန်း


ချပ်ဝတ်၏နောက်တွင် ကြီးမားလှသော အတောင်ပံကြီးနှစ်ဖက် ပေါ်ထွက်လာသည်။


ခေါင်းဆောင်းတစ်ခုထွက်ပေါ်လာပြီး ငရဲဘုရင်အာဟ၏ ပျံဝဲနေသော ဆံပင်များကို ဖုံးအုပ်သွားသည်။


ခဏအကြာတွင် တင်းမာခက်ထန်သော ဖိအားတစ်ခုထွက်ပေါ်လာသည်။


ငရဲဘုရင်အာဟ လည်ပင်းအကြောဆန့်လိုက်ပြီး သူ့မျက်လုံးများကို အန္တရာယ်ရှိစွာ ကျဉ်းမြောင်း၍ ကျင်းကျောင်းကိုကြည့်လိုက်သည်။


နောက်ဆုံးတွင် အေးစက်ခက်ထန်နေသော အသံတစ်ခုပေါ်ထွက်လာပြီး ပြောလိုက်သည်။


"ဒီအရှင်သခင် အမုန်းဆုံးက အဖေ့အကြောင်းပြောတဲ့လူတွေပဲ... ကျင်းကျောင်းမင်း သေချင်နေတာလား..."



မသေမျိုးအချက်အပြုတ်နယ်မြေ မသေမျိုးမြို့တော်


မသေမျိုးစားဖိုမှုးဆိုင်ငယ်လေးတွင် ခွေးဘုရင် သူ့မျက်လုံးကိုဖွင့်လိုက်သည်။


ဘုန်း


ခွေးဘုရင်ထံမှ ကြောက်မက်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာသည်။


ထိုအချိန်တွင် မဟူရာနဂါးဘုရင်က ထိုင်ခုံပေါ်တွင်အိပ်နေပြီး သွားရည်ကျသည်အထိ ပါးစပ်ဟ၍ ဟောက်နေသည်။ ရုတ်တရက် မွမ်းကြပ်သွားပြီး တံတွေးပင်သီးသွားခဲ့သည်။


သူမျက်လုံးဖွင့်လိုက်၍ လှည့်ကြည့်လိုက်သောအခါ ဝတုတ်နေသည့်ခွေးငပျင်းထံမှ ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။


အနက်ရောင်ခွေးကြီးတွင် ယခုအချိန်၌ မျက်လုံးနီနီများရှိနေပြီဖြစ်သည်။


ထိုနီရဲနေမှုက မဟူရာနဂါးဘုရင်ကို သွေးပင်လယ်ထဲရှိ အလောင်းပုံကြီးကို မြင်လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။


ကြောက်ဖို့ကောင်းလိုက်တာ..


မဟူရာနဂါးဘုရင် အထိတ်တလန့်ဖြစ်သွားသည်။


သို့သော် ထိုမြင်ကွင်းက မျက်စိတစ်မှိတ်အတွင်း ပြန်ပျောက်ကွယ်သွားပြီး ခွေးဘုရင်က သူ၏ပျင်းရိနေသော ပုံသဏ္ဍာန်ပြန်ပြောင်းသွားခဲ့သည်။


သက်ပြင်းချလိုက်ကာ ခွေးဘုရင် ခေါင်းသာခါလိုက်ပြီး ပြန်လှဲလိုက်တော့သည်။


မဟူရာနဂါးဘုရင် အလွန်ကြောင်အသွားတော့သည်။


ခင်ဗျား ဒီနဂါးဘုရင်ကို ခြောက်လှန့်ချင်လို့ တမင်လုပ်တာမလား...