အခန်း ၁၀၀၃
ထုံယော့၏ ဇာတ်ကွက်
မိုးကြိုးပြစ်ဒဏ်လား....
ဘုန်း ဘုန်း
နားကန်းလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာကာ ကောင်းကင်ယံတွင် အရပ်မျက်နှာနှစ်ခုမှ တိမ်မဲများ စုဝေးလာသည်။
မိုးကြိုးများနှင့်အတူ အလင်းတန်းကြီးထွက်ပေါ်လာပြီး မိုးကြိုးနဂါးနှစ်ကောင်ကို မြင်သာသွားစေသည်။
ဝှီး
ရွှေကြာနတ်ဆိုးမီးတောက်သည် ကောင်းကင်၏ဖိအားအောက်တွင် စတင်တုန်ရီလာသည်။
ဆွဲဆောင်မှုရှိလှသောလူကြီး၏ အနီရောင်သူငယ်အိမ်များ ပြူးကျယ်လာသည်။ သူ၏ မျက်လုံးများက မီးတောက်များကို ထွင်းဖောက်၍ အထက်ကောင်းကင်ရှိ လျှပ်စီးများကို ကြည့်နေသည်။
"အာ... မိုးကြိုးအပြစ်ဒဏ်ပဲ... မသေမျိုးဟင်းပွဲတွေအတွက် မိုးကြိုးပြစ်ဒဏ်... မှတ်မိနေစေဖို့ ထိုက်တန်တဲ့အရာမျိုးပဲ..."
ထုံရော့ လျှာထုတ်လိုက်ကာ သူ့နှုတ်ခမ်းသူ သပ်လိုက်သည်။ သူ့မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားနေသော လေသံဖြင့်ပြောလိုက်သည်။
"အခု... ဒီမိုးကြိုးပြစ်ဒဏ်တွေက ငါမှန်းထားတာနဲ့ ကိုက်ညီနိုင်လား ကြည့်ကြတာပေါ့..."
ဘုန်း
ကောင်းကင်ယံမှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။
ကုန်းရှို့ပန် အနည်းငယ်မျှပင် မလှုပ်ပေ။ သူ နောက်ဆုံးအဆင့်ရောက်နေသော သူ၏ဟင်းပွဲကိုသာ အာရုံစိုက်ထားလေသည်။
တို့ဟူး မိန်းမပျိုလေးထံမှ အလင်းတန်းများထုတ်လွှတ်နေပြီး သူမကို အလွန်အစစ်အမှန်ဆန်စေသည်။ သူမ၏ အပြုံးနှင့် မျက်ခုံးလေးများက အသက်ဝင်လွန်းလှပြီး လူများကို ဆွဲဆောင်နေလေသည်။
သူမက ပိုးသားဝတ်ရုံကိုဝတ်ဆင်ထားကာ လေပြင်းတိုက်နေဟန်ဖြင့် လူးလွင့်နေသယောင်ပေါ်နေသည်။
၎င်းပေါ်သို့ ဆီပူများလောင်းချလိုက်သောအခါ
ထွင်းထုထားသော တို့ဟူးမှ ရီဝေစေသော အဖြူရောင်အငွေ့တို့ ထွက်ပေါ်လာသည်။ ထိုအငွေ့ကန့်လန့်ကာထဲတွင် ၎င်းက ပိုမိုအသက်ဝင်လာလေသည်။
ပိုအရေးကြီးသည်မှာ ထိုတို့ဟူး ရုပ်ထုဝန်းကျင်တွင် မသေမျိုးစွမ်းအင်များ ဝန်းရံနေ၍ဖြစ်သည်။
ဆီပူ၏အောက်တွက် မသေမျိုးစွမ်းအင်များကို ဖမ်းကိုင်ထားပြီး တို့ဟူးရုပ်ထု၏ ခြေဖဝါးပတ်ပတ်လည်တွင် ရစ်ခွေနေသည်။ ၎င်းက တို့ဟူးမိန်းမပျိုလေးက မသေမျိုစွမ်းအင်များပေါ်တွင် နင်းလျှောက်နေဟန်နှင့်တူပြီး အလွန်အမင်းလှပပေသည်။
မီးတောက်အပြင်ဘက်တွင် ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှုယွင်တို့ မိန်းမောသွားကြသည်။
ဤချက်ပြုတ်ခြင်းအနုပညာက သူတို့ကို အလွန်အမင်း ဆွဲဆောင်ညှို့ငင်နိုင်နေသည်။
"သခင်လေးကုန်းရှို့ရဲ့ ကျွမ်းကျင်မှုတွေက ကျွန်တော့်ထက် အရမ်းသာလွန်လွန်းတယ်... ကုန်းရှို့မိသားစုရဲ့ ပါရမီရှင်ဖြစ်ဖို့ ထိုက်တန်ပါတယ်..."
ရွှမ်ယွမ်ရှားဟွေ့ စိတ်တွင်းတွင် သက်ပြင်းချလိုက်သည်။
မူလက ၎င်းကို ထိုလူ၏ အလွန်ထူးခြားလှသည့် မွေးရာပါစွမ်းရည်ဟုထင်ခဲ့သော်လည်း ကုန်းရှို့ပန်ချက်ပြုတ်သည်ကို ကိုယ်တိုင်ကြုံတွေလိုက်ရသောအခါ သူနှင့်ကုန်းရှို့ပန်ကြားက ကွာခြားမှုက အလွန်ကြီးမားကြောင်းသိလိုက်ရသည်။
မည်သို့ပင်ဆိုစေ မသေမျိုးစားဖိုမှူးများကမ္ဘာတွင် များပြားလှသော ပါရမီရှင်များကြိ တွေ့ရမည်ဟု မထင်ခဲ့ပေ။
ကုန်းရှို့ပန်ဖြစ်စေ၊ ထုံမိသားစုမှ ထုံချန်းပင်ဖြစ်စေ၊ ကျန်းမိသားစုမှ ပါရမီရှင်များနှင့် ပိုင်ရှင်ပုအပါအဝင် မည်သူပင်ဖြစ်ပါစေ အကုန်လုံးက အံ့ဖွယ်လူများဖြစ်ကြသည်။
ပုဖန်အကြောင်းတွေးလိုက်မိသောအခါ ရွှမ်ယွမ်ရှားဟွေ့၏ မျက်လုံးများက သူ့ထံရောက်သွားတော့သည်။ သူထိုသူကိုကြည့်လိုက်မိသည့်နှင့် မျက်လုံးမပြူးပဲ မနေနိုင်ပေ။
"ဘာ..."
ဝုန်း ဝုန်း
မဟူရာလိပ်ခုံးဒယ်အိုး မြင့်တက်လာသည်။ ဒယ်အိုးနှင့် ယောက်မတို့ ထိသွားချိန်တွင် ဒေါင်ဟူသောမြည်သံကြီးထွက်ပေါ်လာပြီး ရွှေရောင်မီးတောက်က ဒယ်အိုးထဲမှ မြင့်တက်လာပြီး အလွန်မျက်စိဖမ်းစားဖွယ်ဖြစ်နေသည်။
အစားအသောက်များအားလုံး မီးဖြင့် ဖုံးလွှမ်းသွားသယောင်ဖြစ်နေသည်။
ကုန်းရှို့ပန်၏ဟင်းပွဲက တိတ်ဆိတ်ကာ မသေမျိုးစွမ်းအင်တို့ဝန်းရံနေသည်ဟုဆိုရလျှင် ပုဖန်၏ ဟင်းပွဲက မီးတောက်တို့ဖြင့် ပတ်လည်ဝိုင်းနေသည်ဟု ဆိုရပေမည်။
မတူညီသောအပြင်အဆင်ဖြင့် မတူညီသောဟင်းပွဲနှစ်ခုက မထင်မှတ်ထားစွာ တိုက်မိသွားသည်။
ထုံရော့က အဆင့်တစ်ဝက်ချီလင်စားဖိုမှူးဖြစ်သော်လည်း မသေမျိုးစားဖိုမှူးနှစ်ယောက်၏ ဟင်းပွဲများမှ ထူးခြားမှုများကို သတိပြုမိနေသည်။ သူ၏မျက်လုံးများက အလွန်စိတ်လှုပ်ရှားသွားသည်။
"ဒီနေ့ခေတ်ရဲ့ လူငယ်လေးတွေက သန်မာလိုက်တာ... ပြီးပြည့်စုံတယ်... ဒီအရည်အသွေးနဲ့ ဒီဟင်းပွဲတွေက သန်မာတဲ့ မိုးကြိုးပြစ်ဒဏ်ကို ဆွဲဆောင်နိုင်တယ်...."
ဘုန်း
သူပြောပြီးသည်နှင့် ကောင်းကင်တွင် လျှပ်စီးတို့ဖြင့် လင်းထိန်သွားကာ မိုးခြိမ်းသံများထွက်ပေါ်လာသည်။
သို့သော် ဤနေရာက မည်သည့်မိုးကြိုးပြစ်ဒဏ်ကိုမှ မကာကွယ်မတားစီးနိုင်သဖြင့် ပုဖန်နှင့်ကုန်းရှို့ပန်တို့ ကိုယ့်ကိုကိုယ်အားကိုး၍ မိုးကြိုးပြစ်ဒဏ်ကို တားဆီးရပေမည်။
သို့သော် ထိုအချိန်တွင် မသေမျိုးစားဖိုမှူးနှစ်ယောက်လုံးက သူတို့ခေါင်းပေါ်ရှိ မိုးကြိုးပြစ်ဒဏ်ကို ဂရုပင်မစိုက်ကြပေ။ သူတို့၏ မျက်လုံးများက ဟင်းပွဲများပေါ်တွင်သာ ရှိနေကြသည်။
ဝီး
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက အလင်းရောင်များ လင်းလက်လာပြီး ၎င်းကပုဖန်နောက်တွင် ပေါ်လာသည်။ ၎င်း၏ သတ္တုအတောင်ပံများ ပြန့်ကားသွားကာ အဆက်မပြတ် တဂျီဂျီမြည်နေပြီး နားညီးနေစေသည်။
ဝှိုက်တီ ခေါင်းမော့လိုက်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။
လူတိုင်းရှောင်လွှဲချင်သော မိုးကြိုးပြစ်ဒဏ်က ၎င်းအတောင့်တဆုံးအရာဟုပြောလျှင်ပင် လွန်မည်မဟုတ်ပေ။ ထိုသည်က အခြားလူများကို အံ့အားသင့်စေသည်။
ဘုန်း
ဝှိုက်တီ၏ သတ္တုအတောင်ပံများက တစ်ကြိမ်ခတ်သွားကာ ကောင်းကင်ဆီပျံသန်း၍ မိုးကြိုးပြစ်ဒဏ်ဆီ တိုက်ရိုက်ပြေးဝင်သွားသည်။
"လာပါပြီ... ပိုင်ရှင်ပုရဲ့ မိုးကြိုးဝါးမြိုနိုင်တဲ့ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်..."
ရွှမ်ယွမ်ရှားဟွေ့ ဝှိုက်တီကိုမြင်သည်နှင့် အော်လိုက်သည်။ ထိုရုပ်သေးရုပ်ပေါ်လာချိန်တိုင်း သူတုန်လှုပ်သွားလေ့ရှိသည်။
မိုးကြိုးပြစ်ဒဏ်ကိုဝါးမြိုနိုင်သော ကမ္ဘာမြေ မသေမျိုးရုပ်ဆိုသည်မှာ မသေမျိုးစားဖိုမှူးတိုင်း အိပ်မက်မက်နေရသောအရာဖြစ်သည်။
ရှီး ရှီး ရှီး
မိုးကြိုးနဂါးကအော်ဟစ်ဟိန်းဟောက်ကာ ဝှိုက်တီကို လှည့်ပတ်နေသည်။
၎င်းကိုတုန့်ပြန်သည့်အနေဖြင့် ဝှိုက်တီ စစ်နတ်ဘုရားတုတ်ကိုထုတ်ယူကာ ကောင်းကင်ရှိ လျှပ်စီးကြောင်းများကို ရိုက်နှက်လိုက်သည်။
ကြီးမားသော အရာများတစ်ခုနှင့်တစ်ခု ထိခိုက်မိသံများ ပေါ်ထွက်လာသည်။
ထို့နောက် မိုးကြိုးနဂါးက ကွဲကြေသွားပါ စစ်နတ်ဘုရားတုတ်နှင့်အတူ ဝှိုက်တီ၏ ဗိုက်ထဲ ပြန်ဆွဲခေါ်ခံလိုက်ရသည်။
ကုန်းရှို့ပန်အတွက် ဝှိုက်တီလို သူ့ကိုကာကွယ်ပေးမည့်အရာမျိုးမရှိသဖြင့် မိုးကြိုးပြစ်ဒဏ်က သူ့ဆီတည့်တည့်သက်ဆင်းလာသည်။
ဝှိုက်တီ မိုးကြိုးများကို ဝါးမြိုသွားသည်ကိုကြည့်ပြီး ထုံရော့၏ မျက်လုံးများက ကျွတ်ထွက်သွားလုမတတ်ပြူးကျယ်သွားသည်။
သူ ဤကမ္ဘာပေါ်တွင် မိုးကြိုးကိုဝါးမြိုနိုင်သည့် မသေမျိုးရုပ်သေးရုပ်ရှိမည်မှန်း တစ်ခါမှ မတွေးခဲ့ဖူးပေ။
အဲ့တာကြီးက ဘယ်ကနေရောက်လာတာလဲ...
မိုးကြိုးပြစ်ဒဏ်အစားခံလိုက်ရမှတော့ သူ့ဇာတ်ကွက်တစ်ဝက်က ဖျက်ဆီးခံလိုက်ရပြီလေ..
ဝီး
ထုံရော့ တွင် စိတ်ပူနေရန် အချိန်မရှိပေ။ သူလေထဲသို့ခြေလှမ်းလိုက်ပြီး မိုးကြိုးပြင်းထန်စွာ သက်ဆင်းလာသော ကုန်းရှို့ပန်ခေါင်းထက်တွင် ပေါ်ထွက်လာသည်။
မိုးကြိုးပြစ်ဒဏ်ကိုစားပြီးနောက်တွင် ဝှိုက်တီ၏အော်ရာ ပြောင်းလဲသွားသည်။ ကျယ်လောင်သောမြည်သံနှင့်အတူ မြေပြင်ပေါ် သက်ဆင်းလာသည်။
ထုံရော့၏ မျက်လုံးများတွင် လိုချင်တောင့်တစိတ်များထွက်ပေါ်နေသည်။ သူ့လက်ကိုမြှောက်လိုက်ကာ သူ့ခန္ဓာကိုယ်ပေါ် အဆက်မပြတ်မိုးကြိုးပြစ်စေလိုက်သည်။
"မိုးကြိုး... ကောင်းလိုက်တဲ့မိုးကြိုး..."
ရွဲ ရွဲ ရွဲ
မိုးကြိုးနဂါးများက ထုံရော့၏ ခန္ဓာကိုယ်ကို ဝန်းရံလိုက်သော်လည်း သူမခုခံပေ။ သူ တိုက်ရိုက်သာ လက်ခံလိုက်သည်။
သူ့မျက်နှာတွင် မိုးကြိုးပစ်ချက်များကို ပျော်ရွှင်နေဟန်ဖြစ်နေပြီး မိုးကြိုးပြစ်ဒဏ် ခံယူရသည်ကိုပျော်နေဟန် ပေါက်နေသည်။
ထိုအချိန်တွင် ပုဖန်နှင့် ကုန်းရှို့်ပန်က ၎င်းတို့၏ ဟင်းပွဲများကိုသာ အာရုံစိုက်နေပြီး သူ့ကို သတိမပြုမိပေ။
သို့သော်
ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှုယွင်တို့က ပါးစပ်အဟောင်းသားဖြစ်နေကြလေပြီ။ သူတို့ခေါင်းမော့လိုက်၍ ကောင်းကင်ပေါ်ရှိ လျှပ်စီးတို့ဝန်းရံနေသောလူကို ကြည့်လိုက်ကြသည်။
"သူ မိုးကြိုးပြစ်ဒဏ်ကို ခံယူနေတာလား..."
ရွှမ်ယွမ်ရှားဟွေ့ ကြောင်အစွာမေးလိုက်သည်။
"မိုးကြိုးပြစ်ဒဏ်ခံယူတဲ့ မသေမျိုးစားဖိုမှူးလား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မသေမျိုးစားဖိုမှူးတွေရဲ့ ဟင်းပွဲတွေကပဲ မိုးကြိုးပြစ်ဒဏ်ခံယူနိုင်တာလေ.... အဲ့လူက ဟင်းပွဲလား မဖြစ်နိုင်တာ..."
ကုန်းရှို့ယွင်က ကုန်းရှို့မိသားစု၏ ပါရမီရှင်ဖြစ်၍ သူမ၏ ဗဟုသုတများက ရွှမ်ယွမ်ရှားဟွေ့ထက် များပြားပေသည်။
သို့သော် သူမ မဖြစ်နိုင်သလိုသာ ခံစားနေရသည်။
သူရဲ့ ခန္ဓာကိုယ်က အစားအသောက်လား... သူတကယ်ကြီးရူးသွားတာမလား...
ထုံရော့ရယ်လိုက်ကာ သူ့တစ်ကိုယ်လုံး လျှပ်စီးတို့ဖုံးလွှမ်းနေပြီး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူအတော်လေး စိတ်ကျေနပ်နေသည်။
အချိန်အတော်ကြာသွားသောအခါ
မိုးကြိုးနှင့်လျှပ်စီးများ ပြန့်ကျဲသွားတော့သည်
ထုံရော့ သူ့မျက်လုံးကိုဖွင့်လိုက်ပြီး သူ့ထံမှ ပြင်းထန်သော အော်ရာများ ထွက်ပေါ်နေသည်။
"ဘယ်လိုလုပ်မရှိရတော့တာလဲ... သောက်ကျိုးနည်း... အဲ့ဒီ့ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ် တစ်ခုကိုစားပစ်လိုက်တာ... မဟုတ်ရင် ငါမိုးကြိုးနှစ်ချက်နဲ့ လုံးဝပြီးပြည့်စုံသွားမှာပဲ... ပြီးရင် မိုးကြိုးပြစ်ဒဏ်ကိုဖြစ်ပေါ်စေတဲ့ ဟင်းပွဲနှစ်ခုလည်းစားရမှာပဲ... ငါ့ရဲ့အကြံက လုံးဝကိုပြီးပြည့်စုံနေပြီ... ငါချီလင်စားဖိုမှူးဖြစ်လာတော့မှာလေ..."
ထုံရော့ ဒေါသတကြီးအော်ဟစ်လိုက်သည်။
သူ့အောက်တွင်
ကုန်းရှို့ပန် သက်ပြင်းချလိုက်ကာ မောပန်းနေဟန်ဖြစ်နေသည်။ သူ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူရှေ့ရှိ အသက်ဝင်နေသော ဟင်းပွဲက ပြီးသွားပြီဖြစ်သည်။
မသေမျိုးစွမ်းအင်များက တို့ဟူးရုပ်ထုအောက်တွင် လှည့်ပတ်နေပြီး ၎င်းကို နူးညံ့သိမ်မွေ့သော နတ်ဘုရားမတစ်ပါး ကောင်းကင်မှဆင်းသက်လာနေသည်နှင့် တူနေစေပြီး အလွန်ကို လှပနေစေသည်။
"မသေမျိုးဟင်းပွဲ... မိန်းမပျိုနှင့်ကြာတစ်ပွင့် ပြီးသွားပြီ..."
သူ့လက်ကို အဖြူရောင်အဝတ်ပိုင်းနှင့်သုတ်လိုက်ပြီး ကုန်းရှုပိုင်၏ နှုတ်ခမ်းများက ဝံ့ကြွားစွာ ကွေးညွတ်သွားသည်။ သူ နောက်သို့ခြေလှမ်းများစွာဆုတ်ပြီး သူ၏ ကိုယ်ပိုင်ဟင်းပွဲကို ရှုစားလိုက်သည်။
ဤတစ်ကြိမ်တွင် ရွှေကြာနတ်ဆိုးမီးတောက်ဖြင့် သူ၏အခြေအနေက အထွတ်အထိပ်သို့ရောက်သွား၍ အဆင့်တိုင်းကို ပြီးပြည့်စုံစွာ ချက်ပြုတ်နိုင်ခဲ့သည်။
ယခုအချိန်တွင် ဤဟင်းပွဲက သူကြုံဖူးသမျှထဲတွင် စိတ်ကျေနပ်စရာအကောင်းဆုံးဖြစ်သည်။
"အဆင့်တစ်ဝက်ချီလင်စားဖိုမှူးရဲ့ အမွေအနှစ်က ငါ့ဟာဖြစ်လာမှာပဲ..."
ကုန်းရှို့ပန်ပြောလိုက်သည်။
သူနှင့် ခပ်လှမ်းလှမ်းတွင်
မီးတောက်များ ဖြေးဖြေးချင်းငြိမ်းသက်သွားပြီး ပုဖန်၏ ဟင်းပွဲမှ မွှေးရနံ့များ ပေါက်ကွဲထွက်လာသည်။
ထိုမွှေရနံ့ကအလွန်သိပ်သည်းလှကာ ပျောက်ကွယ်သွားရန်ခက်လှပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံနေသည်။
၎င်းက ဟင်းပွဲ၏ ရနံ့သာဖြစ်သော်လည်း လူများ၏နှာခေါင်းကို ထူပူသွားစေပြီး အစပ်အရသာက ပေါက်ကွဲထွက်လုမတတ်ဖြစ်စေသည်။
နုတ်နုတ်ဆင်းထားသော အသားများနှင့် ရွှေအိုရောင်တို့ဟူးလေးများက ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်နေပြ ၎င်း၏ရနံ့ကို အထွတ်အထိပ်သို့ရောက်စေသည်။
ဟင်းပွဲကို မသေမျိုးစွမ်အင်များ ဖုံးလွှမ်းနေကာ ၎င်း၏အရောင်က အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်နှင့် ခရမ်းအဖြစ် အရောင်မျိုးစုံပြောင်းလဲနေသည်။
အလင်းများက အဆက်မပြတ်ပြောင်းလဲနေကာ လေထုကို တုန်ခါစေသည်။
ပုဖန် ခပ်ဖွဖွသက်ပြင်းချလိုက်သည်။
အနီရောင်စားဖိုမှူးဝတ်ရုံက နောက်တစ်ကြိမ်ပျံ့လွင့်သွားပြီး နဂါးအရိုးမီးဖိုချောင်သုံးဓားက သူ့လက်ထဲတွင် လည်ပတ်နေပြီး ဓားအလင်းများကို ထုတ်လွှတ်နေသည်။ ထို့နောက် မှိန်ဖျော့ပျောက်ကွယ်သွားလေသည်။
"ခုနစ်ရောင်ခြယ် မာပိုတို့ဟူး ပြီးပြီ..."
ပုဖန်၏ ခပ်တိုးတိုးအသံက ထွက်ပေါ်လာသည်။
ပြီးသွားပြီလား...
ကုန်းရှို့ပန်နဲ့ ပုဖန်တို့ တစ်ချိန်တည်းမှာ ဟင်းချက်ပြီးတာလား..
ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့ ထုံရော့ထံမှ အကြည့်လွှဲလိုက်ပြီး ဟင်းပွဲနှစ်ခုကိုကြည့်လိုက်ကြသည်။
ကုန်းရှို့ပန်၏ ဟင်းပွဲတွင် မသေမျိုးစွမ်းအင်တို့ရစ်ဝဲနေပြီး ပုဖန်၏ ဟင်းပွဲက အရောင်ခုနစ်မျိုးတောက်ပနေသည်။
သူတို့နှစ်ယောက်လုံးက အရမ်းအံ့ဩဖို့ကောင်းတာပဲ...
ထုံရော့ အခြားလူနှစ်ယောက် ချက်ပြုတ်ပြီးသည်ကို တွေ့သောအခါ သူ့မျက်လုံးများ တောက်ပလာသည်။ သူမိုးကြိုးများကို ဝါးမြိုလိုက်သော ရုပ်သေးရုပ်အကြောင်းမေ့လိုက်သည်။
သူ ကမ္ဘာမြေမသေမျိုးရုပ်သေးရုပ်ထက် သူ့ကို ချီလင်စားဖိုမှူးဖြစ်လာဖို့ ကူညီပေးနိုင်လောက်သည့် ဟင်းပွဲများကိုသာ ပိုစိတ်ဝင်စားလေသည်။
ကုန်းရှို့ပန်ခေါင်းမော့လိုက်ကာ ပုဖန်၏ ဟင်းပွဲကိုကြည့်လိုက်သည်။
"ခုနစ်ရောင်ခြယ် မာပိုတို့ဟူးလား..."
ကုန်းရှို့ပန် ဟင်းပွဲနာမည်ကိုကြားလိုက်ပြီး အံ့အားသင့်သွားသည်။
"မာပိုဆိုတာ ဘယ်သူလဲ..."
ကုန်းရှုပန် ပုဖန်ကိုကြည့်ရင်းမေးလိုက်သည်။
ပုဖန် ခေတ္တခဏ ကြောင်အသွားသည်။
မာပိုဆိုတာဘယ်သူလဲ... ဒီမေးခွန်းက တော်တော်လေး နက်နဲတယ်...
အချိန်ခဏကြာပြီးနောက်တွင် ပုဖန်လေးနက်သော အကြည့်ဖြင့်ပြန်ဖြေလိုက်သည်။
"မာပိုဆိုတာ ဒဏ္ဍာရီပဲ..."
ကုန်းရှုချန် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် လေထုထဲမှ ရနံ့ကိုခံစားမိပြီး သူ့နှာခေါင်းများ လှုပ်ခါသွားသည်။
အနံ့ကအရမ်းကောင်းတာပဲ... ဒီရနံ့ထဲမှာ လူတွေတောင့်မခံနိုင်တဲ့ အစပ်အရသာလေး ရောနှောပါဝင်နေတယ်...
မည်သို့ပင်ဆိုစေ ကုန်းရှို့ပန်က သူ၏ဟင်းပွဲအပေါ် ယုံကြည်ချက်ရှိနေဆဲဖြစ်သည်။
နောက်ဆုံးတွင် ထုံရော့ မြေပြင်ပေါ်ဆင်းသက်လာခဲ့သည်။
ပုဖန်နှင့် ကုန်းရှို့ပန်တို့ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအချိန်တွင် ထုံရော့က သူတို့ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။
သူ သိမ်မွေ့ကာ တည်ငြိမ်မနေတော့ချေ။ ယင်းအစား သူစိတ်လှုပ်ရှားဟန်ပင်ပေါ်နေသည်။
"တော်လိုက်ကြတာ... ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်..."
ထုံရော့၏ဆံပင်များ လေနှင့်အတူ လွင့်ပျံသွားကာ သူ့မျက်လုံးများက စိတ်လှုပ်ရှားနေပုံပေါက်နေသည်။ မူလက သူ့မျက်လုံးများက ကုန်းရှို့ပန်၏ မိန်းမပျိုနှင့်ကြာပန်းတစ်ပွင့်ဆီကိုသာရောက်နေသော်လည်း ခဏအကြာတွင် ပုဖန်၏မာပိုတို့ဟူးဆီရောက်လာသည်။
သူ ထိုဟင်းပွဲကိုမြင်သောအခါ ဓာတ်လိုက်သလို ခံစားလိုက်ရသည်။
ဒီမာပိုတို့ဟူးက စိတ်ဝင်စားစရာကောင်းပုံပဲ...
"ပိုင်ရှင်ပုရဲ့ တို့ဟူးက ကျွန်တော်ထင်ထားတာတက် အများကြီးသာတာပဲ... ရနံ့က လုံးဝပျောက်ကွယ်မသွားဘူး... ပြင်းရှပေမယ့် မလွန်ကြူးဘူး.. ကောင်းလိုက်တဲ့ဟင်းပွဲ..."
ကုန်းရှို့ပန် ပုဖန်၏ဟင်းပွဲကိုကြည့်ပြီး ပြောလိုက်သည်။
ပုဖန် ၎င်း၏ဝတ်ရုံလက်ကိုခေါက်လိုက်ပြီး ကုန်းရှုပိုင်ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
"နေ့စဉ်ချက်ပြုတ်နေတဲ့အရာမျိုးပါပဲ..."
အာ...
"လာပါ ငါမြည်းကြည့်စမ်းမယ်... ဘယ်သူကများ ငါ့ဆီက အမွေဆက်ခံနိုင်မလဲကြည့်ရတာပေါ့..."
ထုံရော့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့် လောဘကြီးမှုတို့ လှိုင်းထန်လာသည်။
ကုန်းရှို့ပန်တွင် ယုံကြည်ချက်ရှိပေသည်။ သူ ဦးညွတ်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"စီနီယာထုံ မြည်းစမ်းကြည့်ပါဦး.."
"ခစ်ခစ်ခစ်..."
ထုံရော့က ကုန်းရှို့ပန်ကိုကြည့်ပြီး ရယ်မောလိုက်သည်။ သူ၏ရယ်သံက လူများကို တုန်ရီသွားစေသည်။
သူ ဇွန်းရောတူပါမသုံးပဲ ကုန်းရှို့ပန်၏ ဟင်းပွဲကို နှိုက်စားလိုက်သည်။
အရသာပင်မခံတော့ပဲ တို့ဟူးမိန်းမပျိုလေးနှင့်ကြာပန်းကို ပါးစပ်ထဲထည့်လိုက်သည်။
ကုန်းရှို့ပန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ကြက်သီးမွေးညင်းပင်ထ၍ ထုံရော့ကိုကြည့်လိုက်သည်။
"ခင်ဗျား..."
ကကျွတ် ကကျွတ် (တို့ဟူးဝါးသံ 💃)
ထုံရော့ တို့ဟူးကို မဝါးပဲမြိုသာချလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အလင်းတစ်ချက်လက်လာပြီး မသေမျိုးစွမ်းအင်များ ပတ်လည်ဝိုင်းလာသည်။
ထုံရော့က တို့ဟူးမိန်းမပျိုလေးကို အရသာမခံပဲ မြိုသာချလိုက်ခြင်းဖြစ်သည်။
ကုန်းရှုပိုင် မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကာ တစ်ခုခုထူးဆန်းနေကြောင်း သတိပြုမိသွားသည်။
"အခုမင်းရဲ့ မာပိုတို့ဟူးအလှည့်ပဲ..."
သူ့မျက်နှာရှိ တို့ဟူးစများကိုသုတ်ကာ ထုံယော့၏ မျက်လုံးများက ပုဖန်၏ဟင်းပွဲပေါ် ကျရောက်လာသည်။
ဘုန်း
ရွှေကြာနတ်ဆိုးမီးတောက်က မျက်စိတစ်မှိတ်အတွင်း တောင်လောင်လာကာ တည်နေရာတစ်ခုလုံးကို အပူရှိန်မြင့်သွားစေသည်။
ပုဖန် မျက်မှောင်သာကြုတ်လိုက်ပြီး ထုံရော့သူ့ထံ ချည်းကပ်လာသည်ကိုကြည့်နေလိုက်သည်။
သူ အသက်ဖြေးဖြေးရှူသွင်းလိုက်သည်။
ထို့နောက်
သူ့လက်ထဲတွင် နဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်ထွက်လာသည်။
ဓားကို ထုံရော့ကိုဦးတည်၍ လွှဲရမ်းလိုက်သည်။
"ကျုပ်ခင်ဗျားကို အစကတည်းက မုန်းနေတာ... လူမဟုတ်၊ သရဲမဟုတ်နဲ့ ကောက်ကျစ်တဲ့ ကောင်..."