အခန်း ၁၀၀၄
ခွေးဘုရင် သူ့လက်ဖဝါးကိုပြလိုက်တယ်
"မိန်းမတွေစကားဆိုတာ.. ယုံလို့ကိုမရဘူး..."
ငရဲဘုရင် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်ကာ အပျက်အဆီးများကြားမှ ကုန်းထလိုက်သည်။
ငြီးတွားသံများ ထွက်ပေါ်လာသည်။
လေထုထဲတွင် ကျင်းကျောင်းက တိတ်ဆိတ်စွာ ပျံသန်းနေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပျောက်ကင်းနေပြီဖြစ်သည်။
ဧရာမသံယပ်တောင်ကြီးကိုကိုင်ထားပြီး သူ ငရဲဘုရင်အာဟကိုကြည့်လိုက်သည်။
လော့ကျီးက မရဏနတ်မင်းဓားကောက်ကိုကိုင်ကာ လေဟာနယ်ထဲတွင်ရပ်နေသည်။ သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ့နေသော အော်ရာက လူများကိုကြောက်လန့်သွားစေသည်။
"အစ်ကိုကြီးငရဲဘုရင်... လော့ကျီးအစ်ကို့ကို အမြဲတမ်းချစ်နေတယ်ဆိုတာ ယုံပေးပါ..."
လော့ကျီးက မရဏနတ်မင်းဓားကောက်ကို လျှာနှင့်လျက်လိုက်ရင်း ကျီစယ်ဟန်ပြောလိုက်သည်။
ငရဲကမ္ဘာသင်္ဘောပေါ်တွင် နယ်သာရီနှင့် ပန်းပွင့်လေးတို့ နှစ်ယောက်စလုံး လုံးလုံးလျားလျား ကြောင်အနေကြသည်။
ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်နှစ်ယောက်လုံးက စတင်လှုပ်ရှားနေကြပြီ... ငရဲဘုရင်အာဟ သူတို့ကို ဆန့်ကျင်နိုင်ပါ့မလား...
နယ်သာရီ၏ စိတ်ထဲတင်းကနဲဖြစ်သွားကာ ဘေးဘက်သို့ကြည့်လိုက်မိသည်။
ထိုနေရာတွင် ရွေရောင်မီးတောက်က ပြင်းထန်စွာတောက်လောင်နေသည်။ ထိုသို့တောက်လောင်နေသည်မှာ ကမ္ဘာကြီးတစ်ခုလုံးကို လောင်ကျွမ်းပစ်ချင်နေသည့်ပုံနှင့် တူနေသည်။
မသေမျိုးမီးတောက်... ကြည့်ရတာရုန်းကန်နေပုံပဲ..
"ပုဖန်..."
နယ်သာရီ မျက်မှောင်ကြုတ်လိုက်မိသည်။
ပုဖန်က မီးတောက်ထဲမှာ... ဘာတွေဖြစ်ကုန်တာလဲ...
သူအဆင်ပြေမှာပါ ဟုတ်တယ်လား... ပုဖန်က ဘယ်သောအခါမှ မရှုံးဖူးဘူးလေ...
"အစ်ကိုကြီးငရဲဘုရင် အရှင်လော့ယင်းက အစ်ကို့ကိုပြန်လာစေချင်နေတယ်... ဒီတော့ လိမ်လိမ်မာမာနဲ့ ပြန်လိုက်ခဲ့စမ်းပါ... တိုက်ခိုက်ရင် ညီမတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သိရဲ့သားနဲ့..."
လော့ကျီးပြောလိုက်ပြီး သူမနှုတ်ခမ်းလေးဆူကာ ငရဲဘုရင်အာဟကို ကြည့်လိုက်သည်။
"ငါ့ကိုလာပြီး ဖြားယောင်းသွေးဆောင်မနေနဲ့... ဒီဘုရင်က မင်းစကားတွေကို မယုံဘူး..."
ငရဲဘုရင်အာဟ တည်ငြိမ်စွာပြောလိုက်သည်။
"ပြီးတော့... မင်းတို့နှစ်ယောက်က ဒီဘုရင်ပြန်လာအောင်လုပ်ဖို့ မလုံလောက်ဘူး..."
"အိုး... တကယ်လား..."
ကျင်းကျောင်း၏ နှုတ်ခမ်းတွန့်ကွေးသွားကာ မျက်လုံးများ စူးရှသွားသည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချပ်ဝတ်က နောက်တစ်ဖန်ပြောင်းလဲသွားသည်။
သူ၏အနက်ရောင်ချပ်ဝတ်တွင် ချွန်ထက်သော စူးချွန်များ ထွက်ပေါ်လာသည်။
"ဒီ ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်အနက်ရောင်ချပ်ဝတ်က... အရှင့်ရဲ့ ငရဲနတ်ဘုရားချပ်ဝတ်ကို ဖိနှိပ်ဖို့ အထူးလုပ်ထားတာ...အရှင်ငရဲဘုရင် အရှင့်ဘက်က မယဉ်ကျေးမှတော့ ကျုပ်တို့ဘက်ကလည်း အားမနာတော့ဘူး..."
"ဖိနှိပ်ဖို့တဲ့လား... ဒီနှစ်တွေမှာ မင်းတို့က အင်အားစုတွေထဲပေါင်းစည်းလိုက်တာတောင် ငါ့အဖေရဲ့လက်ကိုတောင်မှ မဆန့်ကျင်နိုင်ဘူး... မင်းကိုယ်မင်းဘာထင်နေတာလဲ... ငါက ငါ့လူအိုကြီးထက်အားနည်းတယ်ဆိုရင်တောင် မင်းတို့နှစ်ယောက် ရင်ဆိုင်နိုင်တာမျိုးမဟုတ်သေးဘူး..."
ငရဲဘုရင်အာဟ ပြောလိုက်သည်။
ခဏအကြာတွင်
မြေကြီးက ရုတ်တရက်ကွဲအက်သွားကာ ချိုင့်ဝင်သွားပြီး ကျောက်တုံးများက လေထဲသို့ လွင့်ပျံလာသည်။
ငရဲဘုရင်အာဟ ကြယ်တစ်လုံးကြွေလာသည့်နှယ် ပြေးထွက်လာသည်။
ဘုန်း
ကျင်းကျောင်း စိတ်ရှုပ်သွားသည်။ လျှပ်တစ်ပြက်အတွင်း ငရဲဘုရင်အာဟက သူ့ကိုထိုးနှက်လိုက်ပြီး အဝေးသို့ ပျံထွက်သွားစေသည်။
လော့ကျီး၏ မျက်လုံးများ ပြူးကျယ်လာကာ အံ့အားသင့်သွားခဲ့သည်။
"အစ်ကိုကြီးငရဲဘုရင်... ငါတို့အချင်းချင်းချစ်ပြီး အချင်းချင်းသတ်ရမှာလား... ကောင်းတယ် စိတ်တောင်လှုပ်ရှားသွားပြီ..."
ဝှစ်
မရဏနတ်မင်းဓားကောက်ကို ဝှေ့ယမ်းလိုက်ကာ လေဟာနယ်ကို ပိုင်းဖြတ်သွားစေသည်။
ငရဲဘုရင်အာဟ၏ ကြက်သွေးနီရောင်ပုံရိပ်က မှိန်ဖျော့ကာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် လော့ကျီးရှေ့တည့်တည့်တွင် ပြန်ပေါ်လာတော့သည်။
သူ လော့ကျီးလက်ထဲရှိ မရဏနတ်မင်းဓားကောက်ကို ထိလိုက်ပြီး သူ့လက်က လော့ကျီးရင်ဘတ်ကို ထိသွားခဲ့သည်။
လော့ကျီး၏ရင်ဘတ် ပြင်းပြင်းထန်ထန်လှုပ်ရှားသွားသည်။ သူမ မြေပြင်ပေါ်သို့ အမြှာက်ဆန်တစ်ခုအလား ပြုတ်ကျလာသည်။
ဘုန်း
မြေပြင်ကွဲအက်သွားသည်။
ဝီး
ငရဲဘုရင်အာဟ မျက်ခုံးပင့်လိုက်သည်။ ရုတ်ချည်းပင် ငရဲနတ်ဘုရားချပ်ဝတ်က စတင်ပူပြင်းလာတော့သည်။
ကျင်းကျောင်းနှင့် လော့ကျိတို့ အပျက်အဆီးများကြားမှ ဖြေးဖြေးချင်း ပျံတက်လာကြသည်။ ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချပ်ဝတ်များက ပြောင်းလဲသွားကာ ပိုမိုကြမ်းတမ်းလာဟန်ဖြစ်နေသည်။
ချပ်ဝတ်၏ မျက်နှာပြင်တွင် လူများကို မူးဝေစေသော မှော်အစီအရင် ပုံစံများ ထွက်ပေါ်လာသည်။ ထိုသည်များမှ ထူးဆန်းသောစွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ထိုလှိုင်းများက ငရဲဘုရင်အာဟ၏ ငရဲနတ်ဘုရားချပ်ဝတ်ကို သက်ရောက်စေပြီး သူ့၏ လှုပ်ရှားမှုများအပေါ် သက်ရောက်စေသည်။
"ငရဲနတ်ဘုရားချပ်ဝတ်ကို မြင်လိုက်ရကတည်းက ဒီခရီးကထိုက်တန်သွားပြီ... ဘာပဲဖြစ်ဖြစ် အရှင်ငရဲဘုရင်ရေ ကစားပွဲကလည်းပြီးဆုံးပြီဆိုတော့ ကျုပ်တို့နောက် လိမ်လိမ်မာမာလိုက်ခဲ့ပါတော့..."
ကျင်းကျောင်းအပြုံးလေးဖြင့် ပြောလိုက်သည်။
လော့ကျီး နှုတ်ခမ်းလေးဆူကာ သူမရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ ငရဲဘုရင်အာ၏ တိုက်ခိုက်မှုက အလွန်နာပေသည်။
"အစ်ကိုကြီးငရဲဘုရင်က အကျင့်မကောင်းဘူး... ညီမရင်ဘတ်ကိုရိုက်တယ်..."
ငရဲဘုရင်အာဟ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏မျက်လုံးများက တဖြေးဖြေးချင်း အေးစက်သောအလင်းရောင်များကို ထုတ်လွှတ်လာသည်။
"သက်ကျားအိုကြီး ယင်းလောင်ရောက်လာရင် ငါနည်းနည်းလောက် ကြောက်မိဦးမယ်... ဒါပေမဲ့ မင်းတို့နှစ်ယောက်က ဘာကိစ္စကြောင့် ငါ့ရှေ့မှာ မိမိုက်သလို ဟန်ဆောင်နေရတာလဲ..."
ဘုန်း
ငရဲဘုရင်အာဟ၏ ခန္ဓာကိုယ်မှ အနီရောင်မီးတောက်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ့ရှေ့တွင် အနီရောင် အစီအရင်တစ်ခု ထွက်ပေါ်လာသည်။
ထိုအစီအရင်မှ ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
ဘုန်း ဘုန်း
ကျင်းကျောင်းနှင့် လော့ကျီးတို့၏ မျက်လုံးများ ပြူးကျယ်သွားကာ သက်ပြင်းပင် ရှိုက်မိလိုက်ကြသည်။ သူတို့ အမြန်ဆုံး ပြေးထွက်သွားကြသည်။
အနီရောင်အစီအရင် ထွက်ပေါ်လာချိန်တွင် ၎င်း၏ဖိအားကို မခံနိုင်ဟန်ဖြင့် လေဟာနယ်က တုန်ရီလာကာ အက်ကွဲတော့မည့်ဟန် ဖြစ်နေသည်။
ထိုအစီအရင်က အလွန်သန်မာလွန်းလှသည်။ ၎င်းက တဖြေးဖြေးချင်းလည်နေပြီး အထဲမှ အလွန်ကြောက်မက်ဖွယ်ရာတစ်စုံတစ်ခုက ထွက်လာနိုင်ရန် ကြိုးပမ်းနေသည်နှင့် တူနေသည်။
တဖြေးဖြေးချင်း ကြက်သွေးရောင်သံလက်ကိုင်တစ်ခု ထွက်ပေါ်လာသည်။
ထိုသံလက်ကိုင်တွင် ဆန်းကျယ်သော ထွင်းထုစာများရှိနေပြီး လူများကို အလွန်ဆွဲဆောင်နေစေသည်။
ငရဲဘုရင်အာဟ၏ အေးစက်သော မျက်လုံးများက ထိုအစီအရင်ကိုကြည့်လိုက်ပြီး လက်ဆန့်ထုတ်၍ ထိုသတ္တုလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။
အစီအရင်ပတ်ပတ်လည်က လေထုက အစိတ်စိတ်အမြွှာမြွှာပိုင်းအက်နေပြီး ဤကမ္ဘာက ၎င်း၏ အင်အားကို တောင့်မခံနိုင်သည့်ဟန် ဖြစ်နေသည်။
"မဖြစ်နိုင်ဘူး.. ငရဲဘုရင်က အဲ့တာကို ဘယ်လိုလုပ်ထိန်းချုပ်နိုင်နေရတာလဲ..."
ကျင်းကျောင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ကြီးမားလှသည့် ဖိအားကြီးတစ်ခုက သူ့ကိုဖိနှိပ်ထားပြီး သူ့ခန္ဓာကိုယ်ကို တုန်ရီနေစေသည်။
လော့ကျီး၏ မျက်နှာလေးတွင် အံ့အားသင့်နေစော အကြည့်လေးရှိနေသည်။ သူမ၏ ပန်းရောင်ဆံပင်လေးက လေထဲတွင် လွင့်ပျံနေပြီး သူမပြောလိုက်သည်။
"ကြည့်ရတာ... အစ်ကိုကြီးငရဲဘုရင်က အတော်ကြီး တိုးတက်လာပုံပဲ..."
…
မသေမျိုးအချက်အပြုတ်နယ်မြေ ပဉ္စအလွှာရှိ မသေမျိုးသစ်ပင်ထိပ်တွင်...
ထီးတစ်ချောင်းနှယ် ယှက်ဖြာနေသော မသေမျိုးသစ်ပင်၏ ထိပ်တွင် အိုဟောင်းစုတ်ပြုတ်နေသော အိမ်တစ်အိမ်ကို မြင်နိုင်ပေသည်။
သစ်သားတံခါးက ကျွီကနဲမြည်သံဖြင့် ပွင့်သွားပြီး ပုံရိပ်တစ်ခု ခုန်ထွက်လာသည်။
ထိုပုံရိပ်သည် ပိန်သွယ်သော်ငြားလည်း ကိုယ်လုံးတီးဖြစ်နေလေသည်။ သူ၏ ဂွကြားကို ဖုံးအုပ်ရန် အတွင်းခံအပိုင်းလေးတစ်ခုသာရှိနေသည်။
သစ်လုံးအိမ်၏အပြင်ဘက်တွင် လှပသော ခန္ဓာကိုယ်ကောက်ကြောင်းရှိပြီး ဆံပင်အဝါရောင်နှင့် အမျိုးသမီးက ရပ်စောင့်နေသည်။ သူမက ရင့်ကျက်ဟန်ပေါ်နေပြီး ဆွဲဆောင်မှုရှိနေသည်။
ကျွီကနဲမြည်သံကိုကြားလိုက်ပြီးနောက်တွင် ထိုအမျိုးသမီးက လှည့်ကြည့်လိုက်ပြီး ကိုယ်လုံးတီးဖြစ်နေသောလူကို တွေ့လိုက်ရသည်။
ထိုအမျိုးသားက အလွန်ကြည့်ကောင်းလှပြီး သူ၏ ရွှေဝါရောင်ဆံနွယ်ကတောက်ပနေကော အလင်းရောင်တို့က ထိုဆံနွယ်များကြားထဲ ဆော့ကစားနေဟန်နှင့်တူနေသည်။ ထိုမြင်ကွင်းက အလွန်ရင်သပ်ရှုမောဖွယ်ရာဖြစ်နေသည်။
သို့သော် သူ၏ ကိုယ်လုံးတီးခန္ဓာကိုယ်ကို မြင်ရသည်မှာ အလွန် ကိုးရိုးကားရားနိုင်လှသည်။
"နယ်မြေသခင် အရှင်သခင်... ကိုယ်လုံးတီးဖြစ်နေပြန်ပြီ... ကျေးဇူးပြုပြီး အဝတ်အစားပြန်ဝတ်ပေးပါ.."
အမျိုးသမီးက ရှက်သွေးဖြာသွားပြီး ၎င်းက သူမကို ပိုမိုဆွဲဆောင်မှုရှိသွားစေသည်။ သူမအော်လိုက်ပြီးနောက်တွင် သူမလက်ထဲတွင် အလင်းတန်းတစ်ချက်လက်သွားပြီး ဝတ်ရုံရှည်ကြီးတစ်ခုထွက်ပေါ်လာသည်။ သူမ ထိုယောက်ျားနားသွားကာ ၎င်းကို လွှမ်းခြုံပေးလိုက်သည်။
"ယယ ငါ့ကိုယုံစမ်းပါ... ကိုယ်လုံးတီးခန္ဓာကိုယ်ကပဲ ကောင်းကင်နဲ့မြေပြင်ရဲ့ပြီးပြည့်စုံမှုကို အာရုံခံဖို့ အကောင်းဆုံးပဲ.."
ချောမောသော အမျိုးသားက ရီဝေဝေမျက်လုံးဖြင့်ပြောလိုက်သည်။
"ဒါပေမဲ့ အရှင်အဝတ်တွေမဝတ်ပဲနေရလောက်တဲ့အထိ ကောင်းမွန်တဲ့ အကြောင်းပြချက်မဟုတ်ဘူးလေ..."
ယယဟုခေါ်သော အမျိုးသမီးက လေးလေးနက်နက်ပြောလိုက်သည်။
"အရှင်က မသေမျိုးအချက်အပြုတ်နယ်မြေရဲ့ အရှင်သခင်... အကြီးမြတ်ဆုံး ချီလင်စားဖိုမှူးပါ... ဒါကြောင့် အရှင့်ပုံရိပ်ကို ဂရုစိုက်ရပါမယ်..."
"ငါ့ကို ချုပ်နှောင်ထားမယ့်ဟာတွေကို မဝတ်ချင်ဘူး... ဒီပုံစံကသာ ငါ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်က မသေမျိုးအချက်အပြုတ်နယ်မြေနဲ့ သက်ရောက်မှုရှိစေတာ..."
ထိုလူက သူ့လက်ကို ဖြန့်ကားလိုက်ကာ အင်အားတစ်ခု ထွက်ပေါ်လာသည်။
ယယ သူ့ကိုခြုံပေးလိုက်သော ဝတ်ရုံက အစိတ်စိတ်အမြွှာမြွှာဆုတ်ပြဲသွားကာ လေထဲတွင် ပျံ့လွင့်သွားသည်။ သူ၏ဂွကြားကို အုပ်ထားသော အဝတ်ပိုင်းလေးပင် ပြဲသွားတော့သည်။
ဝှစ်
နတ်ဘုရားအလင်းတန်းတစ်ခုက ထိုလူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ယယ ဆွံ့အသွားကာ နှဖူးသာနာနာပွတ်လိုက်မိသည်။
နယ်မြေသခင်အရှင်ဘုရင် သူ့ရဲ့ရူးသွပ်တဲ့အခြမ်းကို ပြလာပြန်ပြီ...
သူမ၏ လက်ကို လှုပ်လိုက်ပြီး လက်ထဲတွင် အပြာရောင်ဒယ်အိုးကြီးထွက်ပေါ်လာသည်။ ရုတ်တရက် ထိုဒယ်အိုးကို လွှဲမလိုက်ကာ ချောမောသော အမျိုးသား၏ ခေါင်းကို ရိုက်ချလိုကိသည်။
ဒေါင်
ထိုလူတောင့်ခဲသွားကာ သူ့ခန္ဓာကိုယ်မှ အလင်းတန်းများ မှိန်ဖျော့သွားတော့သည်။
ဝှစ် ဝှစ်
ယယ သူမလက်ကိုထပ်လှုပ်လိုက်သောအခါ ခမ်းနားထည်ဝါသော ဇိမ်ခံဝတ်ရုံကြီးတစ်ခုထွက်ပေါ်လာသည်။ သူမ ၎င်းကို နယ်မြေအရှင်သခင်ပေါ် လွှမ်းခြုံပေးလိုက်သည်။
"အရှင့်ရဲ့ အလုပ်သင်စားဖိုမှူးဖြစ်တဲ့အလျောက် ကျွန်မ အရှင့်ကို ဒယ်အိုးသုံးပြီး မရိုက်ချင်ပါဘူး မတတ်နိုင်လို့သာရိုက်ရတာပါ... "
ယယ ခေါင်းခါလိုက်ပြီး သူမ၏ အပြာရောင်ဒယ်အိုးကြီးကို ပွတ်သပ်လိုက်သည်။ ထို့နောက် ထိုဒယ်အိုးကို ပြန်လည်သိမ်းလိုက်သည်။
ထိုလူ မူးဝေသွားတော့သည်။ သူ၏မျက်လုံးများကမူ မသေမျိုးသစ်ပင်ကို စူးစိုက်ကြည့်နေလျက်ရှိသည်။
သူ၏ မျက်လုံးများက လေဟာနယ်များကို ဖြတ်သန်း၍ မြင်နေရဟန်တူနေသည်။.
…
ကြာပန်း အမွေအနှစ်နယ်မြေတွင်
ကောင်းကင်ပေါက်ကွဲသွားကာ မျက်လုံးတစ်စုံ တဖြေးဖြေးချင်း ပေါ်ထွက်လာသည်။
ကျင်းကျောင်းနှင့် လော့ကျီးတို့ ခေါင်းမော့ကြည့်လိုက်သောအခါဆ ၎င်းတို့ကို မိုင်တစ်သောင်းအကွာအဝှေးမှ လှမ်းကြည့်နေသော မျက်လုံးကို တွေ့လိုက်ရသည်။
ဝှစ်
ငရဲဘုရင်အာဟ ဟိန်းဟောက်လိုက်ပြီး ခဏအကြာတွင် ငရဲနတ်ဘုရားချပ်ဝတ်က မီးတောက်နေဟန်ဖြစ်လာသည်။
သူ၏လက်မောင်း လှုပ်ရှားသွားကာ နီရဲတောက်လောင်နေသော လှံရှည်တစ်ချောင်းကို အစီအရင်အတွင်းမှ ဆွဲထုတ်လိုက်သည်။
ထိုလှံရှည်မှ ကြောက်မက်ဖွယ်စွမ်းအင်တို့ ထွက်ပေါ်နေပြီး ကောင်းကင်တစ်ခွင် ငရဲစွမ်းအင်တို့ ပြည့်နှက်သွားသည်။
ကောင်းကင်ရှိ မျက်လုံးက အံ့ဩသွားပုံပေါ်လေသည်။
"ဘာတွေကြည့်နေတာလဲ... လှံရှည်ကိုင်တဲ့လူကို မြင်ဖူးတာ ပထမဆုံးမလို့လား.."
ငရဲဘုရင်အာဟ ခေါင်းမော့လိုက်ကာ ကောင်းကင်ရှိမျက်လုံးကို သေချာစိုက်ကြည့်လိုက်သည်။
ထို့နောက် လှံရှည်ကို ဝှေ့ယမ်းကာ ထိုမျက်လုံးတစ်စုံကို ထိုးနှက်လိုက်သည်။
ကျင်းကျောင်းနှင့် လော့ကျီးတို့ နှုတ်ခမ်းများ တွန့်လိမ်သွားတော့သည်။
သူတို့ မှန်းတာ မမှားလျှင် ထိုမျက်လုံးများက မသေမျိုးအချက်အပြုတ်နယ်မြေသခင်၏ မျက်လုံးများဖြစ်ပေသည်။
၎င်းက နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်ကာ ယခင်ငရဲဘုရင် နည်းတူ အစွမ်းထက်သူဖြစ်သည်။
အရှင်ငရဲဘုရင်က ကျားကိုမကြောက်သည့် ကလေးပေါက်စနှင့်တူနေသည်။
မည်သို့ပင်ဆိုစေ
လော့ကျီးနှင့် ကျင်းကျောင်းတို့၏ မျက်လုံးများက ငရဲဘုရင်အာဟထံတွင်သာ ကပ်တွယ်နေသည်။ ၎င်းတို့၏ မျက်နှာများတွင် လေးစားစိတ်များအပြည့်ဖြစ်နေပြီး သူကိုင်ထားသော ကြက်သွေးနီရောင်လှံရှည်ကို စိုက်ကြည့်နေကြသည်။
"ငရဲဘုရင်လှံရှည်..."
ငရဲဘုရင်အာဟက တစ်ကိုယ်လုံးမီးတို့တောက်လောင်နေသည့်နှယ်ဖြစ်နေသည်။ သူ လှံရှည်ကို လွှဲရမ်းလိုက်သည်နှင့် လေဟာနယ်က ချက်ချင်း ကွဲအက်သွားသည်။
၎င်းက ငရဲဘုရင်လှံရှည်၏ဖိအားကို ဤကမ္ဘာက တောင့်မခံနိုင်တော့ဟန်နှင့် တူနေသည်။
ကျင်းကျောင်း အသက်ပြင်းပြင်းရှူလိုက်သည်။
"ငါမထင်ထားမိဘူး... အရှင်ငရဲဘုရင်က ငရဲဘုရင် လှံရှည်ကိုတောင် သုံးနိုင်နေပြီပဲ... ကြည့်ရတာတော့ ငါတို့ အဲ့ဒီ့အစီအစဉ်ကိုပဲ သုံးနိုင်တော့မယ်ထင်တယ်..."
လော့ကျီး အနည်းငယ်တုံ့ဆိုင်းသွားကာ သက်ပြင်းချလိုက်သည်။
"အစ်ကိုကြီးငရဲဘုရင်.. ညီမတောင်းပန်ပါတယ်..."
၎င်းတို့၏ စိတ်အာရုံတို့ လှစ်ကနဲဖြစ်သွားကာ လေဟာနယ်ကို ကျိုးပျက်သွားစေသည်။
ကျင်းကျောင်း လက်ဆန့်လိုက်ကာ ကျောဘက်ရှိ ရွှေရောင်ဘူးသီးကြီးကို ယူလိုက်သည်။
လော့ကျီးသည်လည်း တစ်ပုံစံတည်းလုပ်လိုက်သည်။ သူမလေဟာနယ်ကို ဆုတ်ဖြဲလိုက်ကာ ဧရာမအနက်ရောင် ဓားကြီးကို ဆွဲထုတ်လိုက်သည်။
တစ်ချိန်တည်းတွင် သူတို့လက်ကို ကောင်းကင်ကို ဆန့်တန်းလိုက်သောအခါ ခေါင်းအထက်တွင် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုနေရာမှ လက်တစ်ချောင်းဆန့်ထွက်လာပြီး တောင်ဝှေးတစ်ခု ပေါ်ထွက်လာသည်။
ဝီး
သံယပ်တောင်တစ်ခု၊ ရွှေရောင်ဘူးသီးခြောက်တစ်ခု၊ ဓားတစ်ချောင်းနှင့် တောင်ဝှေးတစ်ခု
လက်နက်ငါးခုက ကောင်းကင်ပေါ်တက်သွားပြီး ငရဲဘုရင်အာဟကို ပတ်လည်ဝိုင်းထားကြသည်။
ရွဲ ရွဲ ရွဲ
အနက်ရောင်အလင်းတန်းတစ်ခုထွက်လာပြီး ငရဲဘုရင်အာဟ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
ဘုန်း
အစီအရင်က နောက်တစ်ကြိမ်ထွက်ပေါ်လာပြီး ငရဲဘုရင်လှံရှည်ကို ထိုလက်နက်ငါးမျိုးက အထဲသို့ ပြန်ဝင်သွားစေသည်။
ငရဲဘုရင်အာဟ ခန္ဓာကိုယ်ပေါ်ရှိ ငရဲနတ်ဘုရားချပ်ဝတ်လည်း ကွာကျသွားတော့သည်။
"မင်းတို့.."
ငရဲဘုရင် မျက်လုံးပြူးကာ အံတင်းတင်းကြိတ်မိလိုက်သည်။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ငရဲဘုရင်လှံရှည်ပျောက်ကွယ်သွားကာ ငရဲနတ်ဘုရားချပ်ဝတ် မှိန်ဖျော့သွားတော့သည်။
ငရဲဘုရင်အာဟက အလင်းတန်းငါးခုနှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
ခပ်လှမ်းလှမ်းရှိ ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရှိသော နယ်သာရီက တုန်ရီနေလေတော့သည်။
"ကမ္ဘာမြေအကျဉ်းထောင်အရှင်သခင်တွေရဲ့ နတ်ဘုရားလက်နက်ငါးခု... မျက်ခေါင်းပေါက်တောင်ဝှေး၊ မူလရှုပ်ထွေးရွှေဘူးသီး၊ မရဏနတ်မင်းဓားကောက်၊ အလောင်းတစ္ဆေဝိဉာဉ်ချိတ်ပိတ်ယပ်တောင်နဲ့ ချယ်လှယ်နိုင်စွမ်းသောဓားပြားကြီး... နင်တို့တွေ အရှင်ဘုရင်ကို အဲ့လိုဆက်ဆံရဲတယ်လား... လွန်လွန်းသွားပြီ.."
နယ်သာရီ၏ မျက်လုံးထဲတွင် သွေးကြောများထောင်ထလာကာ သူမခန္ဓာကိုယ် တုန်ရီသွားသည်။
…
လေထဲတွင် အဖြူရောင်အတောင်ပံတစ်စုံဖြင့် ကိုယ်လုံးတီးဖြစ်နေသော ကလေးငယ်လေးတစ်ယောက် ပျံဝဲနေသည်။ သူ့အတောင်ပံကို တဖျပ်ဖျပ်ခတ်ပြီး မဟာနတ်ဘုရားလက်နက်များကိုကြည့်လိုက်သည်။
သူ့မျက်လုံးများက မသေမျိုးအချက်အပြုတ်နယ်မြေ၏ အမြင့်ဆုံးအထပ်ကို သတင်းပို့နေသည်။
သစ်လုံးအိမ်အပြင်ဘက်တွင် ဆံပင်ရွှေဝါရောင်နှင့်လူက လည်ပင်ဆန့်လိုက်ပြီး နှုတ်ခမ်းထောင့် တွန့်ကွေးသွားသည်။
"ကျစ် ကျစ် ကျစ် အဝတ်တွေဆွဲဖြဲပစ်တာပဲ... ဒီကောင်တွေ အဖော်အချွတ်အနုပညာကို နားလည်တာလား.."
…
မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးတွင်
ခွေးဘုရင် သူ့မျက်လုံးကိုဖွင့်လိုက်ပြီး သက်ပြင်းချလိုက်သည်။
ထိတ်လန့်နေပြီးသား မဟူရာနဂါးဘုရင် တုန်လှုပ်သွားသည်။ သူ ခွေးဘုရင်ကို သတိကြီးစွာကြည့်လိုက်သည်။
ဒီခွေးနက်က သူ့ကိုအချိန်တိုင်း ခြောက်လှန့်နေတော့တာပဲ.. သူ့ကို သေအောင်ခြောက်လှန့်ပြီး နဂါးနံရိုးချိုချဉ်ကြော်ကြော်စားချင်လို့များလား... ဒီခွေးမှာ ညစ်ပတ်တဲ့ အကြံအစည်တွေရှိတာပဲ...
သို့သော် ခဏအကြာတွင်
ခွေးဘုရင်က ဖြေးဖြေးချင်းထလိုက်ပြီး မဟူရာနဂါးဘုရင်ကို မျက်စောင်းထိုးကြည့်လိုက်သည်။
သူ၏ လက်ဖဝါးကို မြှောက်လိုက်သည်။
မဟူရာနဂါးဘုရင် ကမ္ဘာကြီးလည်သွားသလိုခံစားလိုက်ရပြီး သူ့ရှေ့ရှိ မြင်ကွင်းပြောင်းလဲသွားတော့သည်။
…
လော့ကျီးနှင့် ကျင်းကျောင်းတို့ အသက်ရှူထုတ်လိုက်သည်။
သူတို့ အကြည့်ချင်းဖလှယ်လိုက်ပြီး အချင်းချင်းမျက်လုံးမှ အကြောက်တရားများကို မြင်လိုက်ရသည်။
ယခင်ငရဲဘုရင် ငရဲအကျဉ်းထောင်ကိုတိုက်ခိုက်ရန် အသုံးပြုခဲ့သော လက်နက်ဖြစ်သည့် ငရဲဘုရင်လှံရှည်ဖြစ်ရန် ထိုက်တန်ပါပေသည်။ နတ်ဘုရားလက်နက်ငါးခုနှင့်လျှင်ပင် ၎င်းကိုဖိနှိပ်ရန် အချိန်အတော်ကြာသုံးခဲ့ရသည်။ သို့သော် အဆုံးတွင် သူတို့ ဖိနှိပ်နိုင်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ငရဲဘုရင်အာဟ ၎င်းကို အပြည့်အဝ မထိန်းချုပ်ရသေး၍ဖြစ်သည်။
ဘုန်း ဘုန်း
အနက်ရောင်တောင်ဝှေးပေါ်တွင် အနက်ရောင်မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။
"ကျင်းကျောင်းနဲ့ လော့ကျီး.. အချိန်မဖြုန်းနဲ့တော့.. အရှင်ငရဲဘုရင်နဲ့ ငရဲကမ္ဘာအမျိုးသမီးကိုပါ ခေါ်ခဲ့လိုက်တော့. သူတို့ ခုခံရင် ခြေထောက်ချိုးခဲ့လိုက်..."
"ဟုတ်ကဲ့ပါ အရှင်ယင်းလော့..."
ကျင်းကျောင်းနှင့် လော့ကျီးတို့ တစ်ချိန်တည်းတွင် ပြန်ဖြေလိုက်သည်။
သို့သော် သူတို့ထွက်သွားခါနီးတွင် နူးညံ့ကာ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာပဲဖြစ်ဖြစ် သူက ငရဲဘုရင်ပဲဆိုတော့... မင်းတို့တွေ အလွန်အကျွံမလုပ်သင့်ဘူး... မင်းအတွက်တော့... အကျင့်မကောင်းတဲ့နဂါးစုတ်... ခွေးဘုရင်က မင်းရုပ်ကို အမုန်းဆုံးပဲ.. ထွက်သွားစမ်း.."
ခဏအကြာတွင်
လေဟာနယ် အက်ကွဲသွားသည်။
အနက်ရောင်ခွေးတစ်ကေင်က လေဟာနယ်ထဲမှ ထွက်ပေါ်လာကာ ကြောင်တစ်ကောင်နှယ် ကျက်သရေရှိစွာ လျှောက်လှမ်းလာသည်။
သူ့ဘေးတွင် ကြောက်လွန်း၍ တုန်ရီနေသော ကတုံးနှင့်လူရှိနေသည်။
ခွေးဘုရင်က သူ့လက်ဖဝါးလေးကို ဝှေ့ယမ်းကာ တောင်ဝှေးပေါ်ရှိ အနက်ရောင်မျက်လုံးကို ရိုက်ချလိုက်သည်။ ရုတ်ချည်းပင် ထိုမျက်လုံး ပျောက်ကွယ်သွားတော့သည်။