အခန်း ၁၀၀၅
မီးကိုမစားရတာ အချိန်အတော်ကြာခဲ့ပြီ
ပန်းကန်ထဲရှိ ပုံစံပျက်ယွင်းနေသော တို့ဟူးများကိုကြည့်၍ ကုန်းရှို့ပန် ဒေါသကြောင့် တုန်ယင်ကာ မျက်လုံးများ နီရဲလာသည်။
ဒါက အရှက်ခွဲတာပဲ...
သူသေချာချက်ထားတဲ့ ဟင်းလျာကို ဒီလိုပုံစံနဲ့ မှောက်ချလိုက်တယ်...
ထုံယော့ သူ၏ကြာပန်းဦးခေါင်းကို ကိုက်လိုက်သောအခါ ကုန်းရှို့ပန် သူ၏အတွင်း၌ မီးတောက်တစ်ခု လျှံတက်လာသည်ကို ခံစားလိုက်ရသည်။
သို့သော် သူ့ထံတွင် ဒေါသထွက်ရန် အချိန်မရှိသေးပေ။ သူ၏ ဒေါသများမှာ နောက်ထပ်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်မှုများအဖြစ် ပြောင်းလဲသွားသည်။
သူနှင့် မဝေးလှသော နေရာတွင် ပုဖန် သောင်းကျန်းနေသည်။
ရွှေရောင် မီးဖိုချောင်သုံးဓားမှာ တောက်ပနေပြီး သူ၏ နဂါးအော်သံက ဟင်းလင်းပြင် တစ်ခုလုံးကိုပင် ပဲ့တင်ထပ်နေသည်။
ထုံယော့ မာပိုတို့ဟူးကိုသာ မျက်လုံးထဲ ရှိနေသည့်အတွက် ပုဖန် လှုပ်ရှားလိုက်မည်ဟု မမျှော်လင့်ထားပေ။
မီးဖိုချောင်သုံးဓားမှာ လျင်မြန်စွာ ရွေ့လျားနေပြီး ထုံယော့ မတုန့်ပြန်နိုင်မီမှာပင် သူ၏မျက်နှာကို လာရိုက်သည်။
တောက်...
ပုဖန် ဓားနောက်ပိုင်းကို သုံးပြီး ထုံယော့မျက်နှာကို ရိုက်လိုက်သည်။ သို့သော် အသံမှာ နိမ့်ပြီး ထူးဆန်းနေသည်။ ထိုသို့ အသံထွက်မည် မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ တစ်စုံတစ်ယောက်၏ မျက်နှာကို ရိုက်လိုက်သော ခံစားချက်မျိုး မဟုတ်ပေ။
ဟမ်...
ပုဖန် မျက်ခုကိုပင့်ကာ ထုံယော့ကို ကြည့်လိုက်သည်။
ထုံယော့၏ဦးခေါင်းမှ တစ်စုံတစ်ခု ကွာကျလာသည်။
ပုဖန်ရိုက်လိုက်သည့်နေရာမှ ကြေမွနေသော တို့ဟူး ပြုတ်ကျလာသည်။
" မင်း ငါ့ကို ရိုက်လိုက်တာလား... "
ထုံယော့ ခေါင်းမော့၍ သူ၏ ဒေါသထွက်နေသော မျက်နှာကို ပြသလိုက်သည်။ သူ၏မျက်နှာတစ်ခြမ်းမှာ ပုဖန်၏ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားဖြင့် အရိုက်ခံလိုက်ရပြီး ထိုချိုင့်ခွက်အတွင်းမှ တို့ဟူးများ ပြုတ်ကျလာသည်။
" မင်း ငါ့ရဲ့ အမွေအနှစ်တွေကို မလိုချင်ဘူးလား မသေမျိုးမီးတောက် ပါဝင်ပစ္စည်း ကိရိယာတွေ အားလုံးကိုလေ..."
ထုံယော့ မျက်ဆံလှန်လိုက်ပြီး သူ၏အသံမှာ ကြောက်စရာကောင်းနေသည်။ ကျိုးပဲ့သွားသော မျက်နှာ အဆက်မပြတ် ပြုတ်ကျနေသော တို့ဟူးများနှင့် သူ၏မျက်နှာမှာ လူအများကို ကြောက်လန့်စေသည်။
အနည်းဆုံး အပြင်မှ ကြည့်နေသော ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့ကို ထိတ်လန့်စေသည်။
" အဲ့... အဲ့လူ သူက လူမဟုတ်ဖူး..."
ရွှမ်ယွမ်ရှားဟွေ့ လေအေးများ ရှုရှိုက်ကာ ပြောလိုက်သည်။
ပုဖန် မျက်မှောင်ကြုတ်ပြီး ထုံယော့ကို ကြည့်နေသည်။
ကုန်းရှို့ပန်သည်လည်း လန့်သွားသည်။
အဲ့ဒီလူရဲ့ တစ်ကိုယ်လုံးက တို့ဟူးတွေနဲ့ လုပ်ထားတာလား...
ထုံယော့ တကယ် ရူးနေတာပဲ...
မသေမျိုးစွမ်းအင်များ လှည့်ပတ်နေသော ခန္ဓာကိုယ်ကို ကြည့်ရှု့လျက် ကုန်းရှို့ပန် ချက်ချင်းပင် မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
" မင်း ... မင်း ကိုယ့်ကိုကိုယ် စားစရာအဖြစ် ပြောင်းလိုက်တာလား..."
" ခိ ခိ ခိ မင်းသိသွားပြီပဲ..."
ထုံယော့ ရယ်မော လိုက်သည်။
" မင်းရဲ့ ဟင်းလျာကိုစားပြီး အဲ့က လျှပ်စီးပြစ်ဒဏ်ကို မျိုချပြီး မသေမျိုးဟင်းလျာဖြစ်ပြီး ချီလင်စားဖိုမှူးဖြစ်ဖို့ အစီအစဉ်ဆွဲခဲ့တာ ..."
ထုံယော့ လက်မြှောက်၍ ပျက်စီးသွားသော မျက်နှာတစ်ဝက်ကို အုပ်လိုက်သည်။ ခဏကြာပြီးနောက် သူ၏မျက်နှာရှိ တို့ဟူးများ ရွေ့လျားသွားပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
သူ၏ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပြန်လည်ရရှိပြီးနောက် နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
" ဘာ ... ချီလင်စားဖိုမှူးဟုတ်လား... မဖြစ်နိုင်ဘူး စိန်ခေါ်တာကို ကျရှုံးပြီး သေသွားခဲ့တာ မဟုတ်ဖူးလား..."
ကုန်းရှို့ပန် အလွန် အံ့အားသင့်မိသွားသည်။
" ဟုတ်တယ် ... ငါက တို့ဟူးကြောင့်ပဲ အနိုင်ရပြီး တို့ဟူးကြောင့်ပဲ ရှုံးနိမ့်ခဲ့ရတာ ဒါပေမဲ့ ငါအရှုံးမပေးခဲ့ဘူး ငါ ချီလင်စားဖိုမှူး ဖြစ်ဖို့အတွက် နည်းနည်းပဲ လိုတော့တာ ငါအဲ့လိုမကျရှုံးချင်ခဲ့ဘူး ငါသေသွားရင်တောင် ချီလင်စားဖိုမှူးပဲ ဖြစ်ချင်ခဲ့တာ ချီလင်စားဖိုမှူးဖြစ်ခဲ့တယ်ဆို ငါ့အတွက် ပြန်လည်ရှင်သန်လာတာပဲ..."
ထုံယော့ သရော်လိုက်သည်။
" မင်းရဲ့ဟင်းလျာက မိုးကြိုးပြစ်ဒဏ်နဲ့ မသေမျိုးစွမ်းအင်က ငါလိုအပ်တဲ့ မသေမျိုးစွမ်းအင်ကို ဖြည့်ဖို့အတွက်မလုံလောက်ဖူး..."
" ဒါဆို ငါတို့ကို မသေမျိုးမီးတောက် ပါဝင်ပစ္စည်းနဲ့ ကိရိယာတွေ အကုန်လုံးအကြောင်း လိမ်ခဲ့တာပေါ့..."
ကုန်းရှို့ပန်၏ ခြေထောက်မှ အအေးဓာတ်တစ်ခု တိုးလာသည်။ သူမျှော်လင့်ထားသည့် အခွင့်အရေးသည် ကြီးမားသော ကြံစည်မှုတစ်ခုဖြစ်လိမ့်မည်ဟု သူမထင်မှတ်ထားပေ။
ထုံယော့ ကိုယ်တိုင်က အစားအစာဖြစ်နေသော်လည်း မချက်ပြုတ်နိုင်ပေ။ သို့သော် သူ၏ခန္ဓာကိုယ်ရှိ မသေမျိုးစွမ်းအင်များ အလွန်ထူထဲသောကြောင့် ဤလျှို့ဝှက်အစီအစဉ်ကို အချိန်အတော်ကြာအောင် လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။
မသေမျိုးစားဖိုမှူးများစွာ ဤနေရာ၌ သေဆုံးကြရမည်မှာ သံသယဝင်စရာပင် မလိုချေ။
အပြင်ဘက်တွင် ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့ ကြောက်လန့်မှုကြောင့် မလှုပ်ရှားနိုင် ဖြစ်နေကြသည်။
ရွှေကြာနတ်ဆိုးမီးတောက်မှာ ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး လုပ်ကြံမှုကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်မည်ဟု မထင်ထားကြပေ။
" မူးဟားဟားဟား မဟုတ်ဖူး ငါမင်းတို့ကို မလိမ်ပါဘူးမင်းတို့က ငါ့ရဲ့ ရွှေကြာနတ်ဆိုးမီးတောက်အတွက် အာဟာရတွေ ဖြစ်လာပြီး သူ့ရဲ့အဆင့်တက်အောင် ကူညီပေးကြရမှာ အခုဆိုရင် ဒီမီးတောက်က မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်မှာ အဆင့်၅၀အထက်ရောက်သွားပြီ မင်းတို့ သူ့ရဲ့ တိုးတက်မှုအတွက် ဂုဏ်ယူနေရမှာ..."
ထုံယော့ ဝါးလုံးကွဲ ရယ်လိုက်သည်။ သူ၏လက်ကို ဖြန့်လိုက်သည်နှင့် ခဏအကြာတွင် မီးတောက်က ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။
ကခုန်နေသည့် ရွှေကြာနတ်ဆိုးမီးတောက်မှာ ကောင်းကင်တစ်ခုလုံးကို အရိပ်ပေးနေသည့် ရွှေရောင်တောက်နေသော သားရဲဘီလူး နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဧရာမသားရဲကြီး ပျံသန်းလျက် ဟိန်းဟောက်နေသည်။
ကုန်းရှို့ယွင်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ မူးဝေသွားပြီး ခဏအကြာတွင် သူတို့၏ရှေ့မှ မြင်ကွင်းတစ်ခုလုံး ပျောက်ကွယ်သွားသည်။
" အမ် ... ငါတို့ဘာဖြစ်လို့ ဘာမှမမြင်ရတော့တာလဲ။ အစ်ကိုကြီး ဒီမှာသေသွားလို့ မရဘူးနော်..."
ကုန်းရှို့ယွင် အလွန်စိုးရိမ်ပြီး မီးတောက်ကို စတင်တိုက်ခိုက်တော့သည်။
သို့သော်လည်း ရွှမ်ယွမ်ရှားဟွေ့က သူမကို တားဆီးလိုက်သည်။
ထိုမီးတောက်က မသေမျိုးမီးတောက် ဖြစ်သည့်အတွက် ကုန်းရှို့ယွင် အနားသို့ ကပ်သွားပါက ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားမည် ဖြစ်သည်။
" ကုန်းရှို့သခင်လေးက လူကောင်းတစ်ယောက်ပါ ကံကောင်းမှုက သူ့ဘက်မှာ ရှိပါတယ် မသေလောက်ပါဘူး..."
ရွှမ်ယွမ်ရှားဟွေ့ သူမကို နှစ်သိမ့်လိုက်သည်။
ထိုအချိန်တွင် မီးတောက်မှ ဖန်တီးထားသော နေရာသည် အလွန်ပြောင်းလဲလာသည်။ အပူချိန် တစ်ဟုန်ထိုး တက်လာပြီး လေပူများက လှည့်ပတ်နေသည်။
ထုံယော့ သူ၏လက်ကို ဆုပ်ကိုင်ပြီး ရူးကြောင်ကြောင်ရယ်နေသည်။
နေရာမှာ ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။
ကောင်းကင်၌ ရွှေကြာနတ်ဆိုးမီးတောက်မှာ ဖြည်းညှင်းစွာ ရွေ့လျားနေပြီး အလွန်မြင့်မားသော အပူရှိန်များကို ဖြန့်ကျဲနေသည်။
ကုန်းရှို့ပန်နှင့် ပုဖန်၏ မျက်လုံးထဲတွင် ရွှေကြာနတ်ဆိုးမီးတောက်မှာ အလွန်အသက်ဝင်နေပြီး သားရဲကောင်ကြီးမှ လူတို့၏ ဦးခေါင်းများကို ကိုက်ဖြတ်ကာ သေစေနိုင်သော အဆုံးမရှိသည့် ခြိမ်းခြောက်မှုများကို ပေးနေသည်။
ဝီ...
မသေမျိုးစွမ်းအင်များ ထုံယော့၏ ကိုယ်ပေါ်တွင် စီးဆင်းနေပြီး သူ့အား အဆင့်မြင့် မသေမျိုးအစားအစာ အဖြစ်သို့ ပြောင်းလဲနေသည်။
မသေမျိုးစားဖိုမှူးများမှ ချက်ပြုတ်သော အစားအစာများကိုလည်း အဆင့် ခွဲခြားထားသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မသေမျိုးဟင်းလျာများကို အဆင့်ဆယ်ဆင့် ပိုင်းခြားထားသည်။
အဆင့်တစ်မှ သုံးအထိမှာ ပထမအဆင့် မသေမျိုးစားဖိုမှူးအဆင့် အဆင့်လေးမှ ခြောက်အထိသည် ဒုတိယအဆင့် မသေမျိုးစားဖိုမှူးများ အတွက်ဖြစ်ပြီး အဆင့်ခုနစ်မှ က်ိုးအထိသည် တတိယအဆင့် မသေမျိုးစားဖိုမှူးများအတွက် အဆင့်သတ်မှတ်ချက်ဖြစ်သည်။
နောက်ဆုံး အဆင့်ကိုးနှင့် အထက်တွင်ရှိသော အဆင့်တစ်ဆယ် မသေမျိုးဟင်းလျာမှာ ချီလင်စားဖိုမှူးဖြစ်ရန်အတွက် စံသတ်မှတ်ချက် ဖြစ်သည်။
အဆင့်တစ်ဆယ် မသေမျိုးဟင်းလျာများမှာ ချီလင်စားဖိုမှူးများသာ ချက်ပြုတ်နိုင်သော အဆင့်မြင့် ဟင်းလျာများဖြစ်သည်။
ပုဖန်နှင့် ကုန်းရှို့ပန်၏ ဟင်းလျာများမှာ အဆင့်နှစ်တွင် ရှိသည်။
ထုံယော့ အတွက် သူတို့မှာ အဆင့်မြင့်များ မဟုတ်ကြသော်လည်း သူနောက်ဆုံးလိုအပ်နေသော တွန်းအားတစ်ခု ဖြစ်နေသည်။ သူ၏ကိုယ်တွင်းတွင်ရှိသော မသေမျိုးစွမ်းအင်ကို အသုံးပြု၍ အဆင့်တစ်ဆယ် ရရှိရန် လုံလောက်သည်။
သူ၏ ချီလင်စားဖိုမှူးဖြစ်ရန် အိပ်မက်ကို အကောင်အထည် ဖော်ပေးမည့် မသေမျိုးဟင်းလျာ ဖြစ်လာခြင်းမှာ ထူးဆန်းသော အစီအစဉ် ဖြစ်နေသည်။
ဒါဟာ ရဲရင့်ပြီး ဆန်းသစ်တဲ့ စိတ်ကူးတစ်ခု မဟုတ်ဘူးလို့ ငြင်းမရပါဘူး...
ဝီ...
ရွှေကြာနတ်ဆိုးမီးတောက် ဖြည်းညှင်းစွာ ကုန်းရှို့ပန်ပေါ်သို့ ဆင်းလာသည်။ ထို ကြာပန်းမီးတောက်အောက်တွင် လှုပ်ရှားနေသော ရေဘဝဲလက်များကို မြင်နိုင်သည်။
ကုန်းရှို့ပန် ကြောက်လန့်သွားသည်။ သူ မသေချင်သေးပေ။
ထို့အပြင် သူသည် ဤမီးတောက်၏ အစာဖြစ်လာရမည်ဖြစ်၍ အရုပ်ဆိုးသောသေခြင်းပင်။
" ကဲ အခု ... မင်းရဲ့ဟင်းလျာအလှည့်..."
သူ့အား ရိုက်နှက်ထားသည်ကို စိတ်မဆိုးပဲ ထုံယော့ ပုဖန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် မာပိုတို့ဟူးများသာ ရှိသည်။
မာပိုတို့ဟူးများကို စားပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ထဲရှိ မသေမျိုးစွမ်းအင်များ စုံပုံလာပြီး အဆင့်တစ်ဆယ်သို့ အောင်မြင်စွာ ရောက်နိုင်မည်ဖြစ်သည်။
ထို့နောက်တွင်... သူသည် ချီလင်စားဖိုမှူး ဖြစ်လာလိမ့်မည်။
ပုဖန် သူ့ကို စိတ်မဝင်စားသလိုပင် ကြည့်နေသည်။ မာတို့ဟူးထည့်ထားသော ဖြူပြာပန်းကန်ပြားကို ယူကာ လက်ကို မြှောက်လိုက်သည်။
" ငါမင်းကို ကျွေးမယ် ပြောလို့လား..."
ပုဖန် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
ထုံယော့ အံ့ဩသွားသည်။
အဝေးမှ ကုန်းရှို့ပန်သည်လည်း စကားမပြောနိုင် ဖြစ်သွားသည်။
ခဏအကြာတွင် ကုန်းရှို့ပန် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် မျက်လုံးများ ပြူးကျယ်၍ အော်ဟစ်လိုက်သည်။
" ပိုင်ရှင်ပု သူ့ကို အဲ့ဟင်းလျာ မပေးသင့်ဘူး သူစားလိုက်ရင် စွမ်းအင်တွေကို စုပ်ယူပြီး ချီလင်စားဖိုမှူး ဖြစ်သွားလိမ့်မယ်.."
ပုဖန် ကုန်းရှို့ပန်ကို တစ်ချက်ကြည့်လိုက်သည်။
" ကျုပ် သိပါတယ် ပြောစရာမလိုဘူး..."
တုံ့ပြန်သည့်အနေဖြင့် ထုံယော့ အေးစက်စွာ ပြုံးပြလိုက်သည်။
" အိုး ... ဒါဆို မင်းကငါ့ကို အဲ့ဒီဟင်းလျာ မပေးချင်ဘူးပေါ့ ဒါက ငါ့ရဲ့ဝိညာဉ်ပင်လယ်နော် ငါကဒီမှာ နတ်ဘုရားပဲ ဘယ်သူမှငါ့ကို တားဆီးလို့ မရဘူး..."
ဝီ...
ဝှိုက်တီ ၎င်း၏မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လျက် ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းများကို ပစ်ခတ်လိုက်သည်။ ၎င်း၏ သတ္တုအတောင်ပံနှစ်ခုသည် ပွင့်ထွက်သွားပြီး တဖျပ်ဖျပ် လှုပ်ခါနေသည်။
မျက်စိတစ်မှိတ် အချိန်အတွင်း ထုံယော့၏ရှေ့၌ ပေါ်လာသည်။
ထုံယော့ ပုဖန်ကို သတ်ရန် ကြံရွယ်ထားသောကြောင့် ဝှိုက်တီသည် သူ့အား တိုက်ခိုက်မည်မှာ သဘာဝပင် ဖြစ်သည်။
" မင်း ... မြေကမ္ဘာ အင်မော်တယ်ရုပ်သေး မင်းကတော်တော် ထူးဆန်းတာပဲ ငါ့ဘက်မှာနေပါလား ငါ့ရဲ့ ထင်ပေါ် ကျော်ကြားမှုကို တွေ့ရလိမ့်မယ်..."
ထုံယော့ ဝှိုက်တီ့ကို ကြည့်လျက် ပြုံးနေသည်။
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ တလက်လက် တောက်သွားသည်။
ဝုန်း...
ခဏကြာသောအခါ သူ၏ဝမ်းဗိုက် လည်လာသည်။
နတ်ဘုရားသတ်တုတ်သည် ကခုန်နေသော လျှပ်စီးကြောင်းများနှင့် တောက်ပစွာ ထွက်ပေါ်လာပြီး ထုံယော့ဆီသို့ သွားနေသည်။
" ဆိုးတဲ့ ကောင်လေးပဲ..."
ထုံယော့၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
ထို့နောက်...
သုံးရောင်ခြယ် ဆန်းကြယ်ဒယ်အိုး ပျံထွက်လာပြီး ဝှိုက်တီ၏ အထက်တွင် အုပ်မိုးထားသည်။
အစိမ်း အနီ အဝါရောင် စွမ်းအင်များ ထွက်လာပြီး ဝှိုက်တီ့ကို ကာစီးထားသည်။
နတ်ဘုရားသတ်တုတ်ကို ဝှိုက်တီ ခက်ခက်ခဲခဲ ကိုင်ဆောင်ထားသော်လည်း သုံးရောင်ခြယ်စွမ်းအင်မှ ဖန်တီးထားသော ကန့်သတ်ချက်များကို မချိုးဖောက်နိုင်ပေ။
ကြယ်ရောင်တောက်ပနေသော ဓားတစ်ချောင်း ပုဖန်ဆီသို့ ချိန်ရွယ်ပြီး ခုတ်ဖြတ်လိုက်သည်။
ကြယ်စင်ဓားသည် အလွန်လျင်မြန်သည်။ မျက်တောင်တစ်ခတ်စာ အချိန်တွင်း ပုဖန်ရှေ့သို့ ရောက်လာကာ မျက်ခုံးနှစ်ခုကြားရှိ နေရာကို ချိန်ရွယ်ထားသည်။
ဝီ...
အနီရောင်စားဖိုမှူး ဝတ်စုံ၏ မမြင်ရသော သက်ရောက်မှုကို အသုံးပြုလိုက်သောအခါ ပုဖန်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။
ပုဖန် လက်မြှောက်ပြီး ကြယ်စင်ဓားကို ဖမ်းယူကာ သူ၏မျက်လုံးများက ထုံယော့ကို ခက်ထန်စွာ ကြည့်နေသည်။
" အိုး... မင်းမသေဘူးလား..." ထုံယော့ အံ့ဩသွားသည်။
တစ်ခုခု ကျိုးကြေသွားတဲ့ အသံက ဘာသံလဲ...
သို့သော် သူအများကြီး မတွေးမိပေ။
အကယ်၍ ပုဖန် ကြယ်စင်ဓားကိုတောင်မှ တားဆီးနိုင်ရင် ရွှေကြာ နတ်ဆိုးမီးတောက်ကိုရော ခုခံနိုင်မှာလား...
သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်သည်နှင့် ချက်ချင်းပင် ရွှေကြာနတ်ဆိုးမီးတောက်သည် ကုန်းရှို့ပန်ဆီမှ ဝေးရာကို ရွှေ့ပြီး ပုဖန်၏ ခေါင်းအထက်တွင် ပေါ်လာသည်။
မီးတောက်နေသော ရေဘဝဲလက်များမှာ လှုပ်ရှားပြီး တွဲလောင်းကျနေသည်။
ရွဲ ရွဲ ရွဲ...
ရေဘဝဲလက်များ ပုဖန်၏ လက်မောင်းတွင် ရစ်ပတ်နေပြီး အနီရောင်စားဖိုမှူးဝတ်စုံကို လောင်ကျွမ်းနေသည်။
ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။
အဝေးမှ ကုန်းရှို့ပန် သေလုနီးပါး လောင်ကျွမ်းခံထားရပြီး သူ၏ချွေးများနှင့် စိုရွှဲနေသည်။
" ပိုင်ရှင်ပု..."
သို့သော် နောက်ဆုံးတွင် သူသေမည်ကို ကုန်းရှို့ပန် နားလည်ထားသည်။ ထုံယော့သည် ခြိမ်းခြောက်နိုင်သော ကျင့်ကြံခြင်းအခြေခံဖြင့် ချီလင်စားဖိုမှူးဖြစ်ရန် ခြေလှမ်းတစ်ဝက် ရောက်နေသူ ဖြစ်သဖြင့် သူ၏စွမ်းအားကို သူတို့ မခုခံနိုင်ပေ။
အနှေးနဲ့ အမြန် သူတို့အားလုံး အသတ်ခံရမှာပဲ...
ပုဖန် တစ်ဖက်သို့လှည့်၍ သူ၏ အနီရောင်စားဖိုမှူး ဝတ်စုံ၏လက်ကို မီးတောင်ရေဘဝဲလက်များက ရစ်ပတ်နေသည်ကို ကြည့်နေသည်။
ဒါက နတ်ဘုရားအဆင့် အချက်အပြုတ် ပစ္စည်းအစုံလေ မီးလောင်နိုင်လို့လား...
" ငါကပဲ မီးတောက်တွေကို စားတာ မီးတောက်တွေက ငါ့ကို မစားနိုင်ဘူး..."
ပုဖန်ခေါင်းမော့၍ ရွှေကြာနတ်ဆိုးမီးတောက်ကို အမူအရာမဲ့စွာ ကြည့်နေသည်။
ကုန်းရှို့ပန် ထိတ်လန့်သွားသည်။
ပုဖန်ရဲ့ စကားလုံးတွေက အရမ်း အထက်စီးဆန်တာပဲ...
ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရ သကဲ့သို့ ထုံယော့ ဝါးလုံးကွဲ ရယ်လိုက်သည်။
" မီးတောက်တွေ စားမယ်ဟုတ်လား မသေမျိုးမီးတောက်ရဲ့ အပူချိန်ကို မင်းသိရဲ့လား စားလေ ဟားဟားဟား... မင်းပါးစပ်ထဲ မီးတောက်မထည့်ရခင်မှာပဲ ပြာဖြစ်သွားမှာပဲ..."
ထုံယော့ သူ၏ခေါင်းကို လှုပ်ခါ၍ ရယ်နေသည်။
ရွဲ ရွဲ...
အနီရောင် စားဖိုမှူးဝတ်စုံမှာ ရွှေကြာနတ်ဆိုးမီးတောက်များ အောက်တွင် လောင်ကျွမ်းနေသည်။
တောက်လောင်နေသော မီးတောက်များက ပုဖန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။
" နတ်ဘုရားအချက်အပြုတ် ပစ္စည်းအစုံက ငါ့ကို စိတ်ပျက်စေမှာလား... "
ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင် သူ၏ဝိညာဉ်ပင်လယ်တွင် မြင့်မားသော လှိုင်းလုံးကြီးများ တက်လာသည်။
ရွှေရောင်နတ်နဂါးနှင့် တောင်ကုန်းကြီးကို သယ်ဆောင်ထားသော ပင်လယ်လိပ်နက်တို့ကို ကြည့်ရသည်မှာ တည်ကြည်လေးနက်နေသည်။
တစ်ချိန်တည်းမှာ ပင် ငှက်တစ်ကောင်၏ တေးသီသံက ပုဖန်၏ ဝိညာဉ်ပင်လယ်ထဲတွင် ပဲ့တင်လာသည်။
ပုဖန်၏ မျက်လုံးရှေ့မှ နေရာတစ်ခုလုံး မီးပင်လယ်ကြီး ဖြစ်သွားသည်။ သူ၏ ဝိညာဉ်ပင်လယ်ကြီး ဆူပွက်လာသောအခါ မီးတောက်များလည်း မြင့်တက်လာသည်။
ဝုန်း ဝုန်း...
သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲရှိ နက်ရှိုင်းသော လှိုင်းလုံးကြီးများကြားတွင် အနီရောင်ငှက်ကြီးတစ်ကောင်က ၎င်း၏အတောင်ပံများကို ခတ်လိုက်သည်။
ကြယ်အလင်းရောင်တစ်ခုသည် ထိုငှက်နီကြီး၏ ပါးစပ်ထဲသို့ ကျရောက်သွားသည်။
အပြင်ဘက်တွင်...
အနီရောင်စားဖိုမှူးဝတ်စုံ ရဲရဲတောက်လာချိန်တွင် ပုဖန်၏ ဆံပင်များ လေထဲတွင် အဆက်မပြတ် လွင့်နေသည်။
သူ၏နောက်တွင် ကတ္တီပါနီရောင် တောင်ပံတစ်စုံဖြန့်ကျက်ထားပြီး မီးတောက်မိုးများ ရွာချနေသည်။
ကြယ်စင်ဓားလည်း လိမ်ချိုးခံရ၍ ကျိုးကြေသွားသည်။
ပုဖန် သူ၏ မာပိုတို့ဟူးကို ကိုင်ပြီး လေထဲသို့ ခုန်တက်သွားသည်။ တစ်လှမ်းစီလျှောက်၍ လှည့်ပတ်နေသော ရွှေကြာနတ်ဆိုးမီးတောက် ထံသို့ လာနေသည်။
ထုံယော့၏ ရယ်မောသံများ အေးခဲသွားသည်။
ထိုမြင်ကွင်းကို ကုန်းရှို့ပန် ငေးမောကြည့်နေသည်။
ပုဖန် ဘာလုပ်ချင်နေတာလဲ... မဟုတ်မှလွဲရော...
" မီးကို မစားရတာတောင် အချိန်အတော်ကြာပြီ ဒီမသေမျိုးမီးတောက်က ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ် ..."
ပုဖန် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် ခေါင်းကိုမော့၍ ရွှေကြာနတ်ဆိုးမီးတောက်ကို ကိုင်ပြီး ပါးစပ်ထဲထည့်လိုက်သည်။