အပိုင်း ၁၀၀၆
Viewers 62k

အခန်း ၁၀၀၆

ခွေးဘုရင် ရှင်က ကျွန်မရဲ့အိုင်ဒေါပဲ


နူးညံ့သိမ်မွေ့သော သံလိုက်ကဲ့သို့ အသံ ကောင်းကင်၌ ထွက်ပေါ်လာပြီး နေရာတိုင်းတွင် ပဲ့တင်ထပ်နေသည်။


လူအားလုံး ခေါင်းမော့ကြည့်လိုက်ကြသည်။


ကျင်းကျောင်း မျက်ခုံးပင့်ကြည့်လိုက်သည်။


ဒီတစ်ခေါက်ရော ငရဲဘုရင်အာဟကို ဘယ်သူက ထွက်လာပြီး ကယ်ဦးမှာလဲ သိချင်နေပြီ...


နတ်ဘုရားလက်နက်ငါးပါးသည် လေထဲတွင် လှုပ်ရှားသွားပြီး သိပ်သည်းသော ရောင်ခြည်များနှင့် စွမ်းအင်များကို ထုတ်ပေးနေသည်။ စွမ်းအင်များ တစ်ဟုန်ထိုး ကျဆင်းသွားကာ မြေပြင်ပေါ်ရှိ အပျက်အစီးများကို ထိမှန်သွားသည်။


မျက်ခေါင်းပေါက်တောင်ဝှေး နတ်ဘုရားလက်နက် ငါးပါးလုံးကို ဦးဆောင်လာသည်။ ထိုအရာကို ကြည့်ရသည်မှာ စွမ်းအားကြီးပြီး ခြိမ်းခြောက်မှု များနှင့် ပြည့်နှက်နေသောကြောင့် ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင် ယင်းလုံ လွှတ်လိုက်ကြောင်း ပြောရန်ပင် မလိုချေ။


သို့သော် ခွေးလက်ဖဝါးတစ်ခု လေကိုဖြတ်လာပြီး ထိုအရာကို ရိုက်ပစ်လိုက်သည်။


ထို့ကြောင့် ကျင်းကျောင်းနှင့် လော့ကျီးတို့ကို အလွန်ထိတ်လန့်သွားစေသည်။ တစ်စုံတစ်ယောက်သည် ထိုမျှ အင်အားကြီးမည်ဟု မထင်ထားကြပေ။


အိုး... 


ကြည့်ရတာ ဒီတစ်ခါ ကြားဝင်တဲ့သူက လူသားမဟုတ်ဖူးထင်တယ်...


မည်သူဖြစ်ကြောင်း ကျင်းကျောင်းနှင့် လော့ကျီးတို့ တွေ့သောအခါ ထိတ်လန့်သွားကြသည်။


၎င်းသည် အဆီများဖြင့် ပြည့်နေသော ခွေးဝဝတစ်ကောင်ဖြစ်သည်။ ၎င်း၏ပြောင်လက်တောက်ပသော အနက်ရောင်အမွေးများက နတ်ဘုရားအလင်းများဖြင့် ပြည့်နေသော ကြောက်စရာကောင်းသည့် မျက်လုံးတစ်စုံကို ပေါ်လွင်စေသည်။


ခွေးဝကြီး၏ဘေးတွင် ခေါင်းပြောင်လူတစ်ယောက် ပါလာသည်။


အဲ့လူက ကြားဝင်စွက်ဖက်ဖို့ လာတာလား...


မဖြစ်နိုင်ဘူး...


ထို ခေါင်းပြောင်နှင့်လူ၏ အော်ရာမှာ အလွန်အားနည်းလွန်းလှသည်။ အကယ်၍ ကျင်းကျောင်းသူနှင့် တိုက်ခိုက်မည်ဆိုပါက ထိုလူသည် သူ့အား တုန်လှုပ်အောင်ပင် လုပ်နိုင်မည် မဟုတ်ပေ။


ခေါင်းပြောင်ကြီး မဟုတ်ဖူးဆိုရင်...


အဲ့ ... အဲ့ဒီ ခွေးဝကြီးလား...


ခွေးဘုရင် သူ၏ကြောင်ကဲ့သို့ သိမ်မွေ့သော ခြေလှမ်းများဖြင့် လေထဲတွင် တစ်လှမ်းချင်း လျှောက်နေသည်။


မဟူရာနဂါးဘုရင် ငရဲကမ္ဘာ သင်္ဘောဆီသို့ အမြောက်ကျည်ဆန်တစ်ခုကဲ့သို့ ထိုးထွက်ကာ ခေါင်းကို မော့လိုက်သည်။


" ငါ့ရဲ့ ချစ်သမီးလေး အဲ့ဒီ သောက်ခွေးနက်ကြီးက ရူးနေတာ မင်းရဲ့ နဂါးဖေဖေကို သေလုနီးပါး ကြောက်အောင် လုပ်လိုက်တယ်..."  


မဟူရာနဂါးဘုရင် ငိုယိုနေပြီး သူ၏နှာခေါင်းမှ နှပ်ချေးများ ထွက်ကျနေသည်။ ရုတ်တရက် နေရာကူးပြောင်းခြင်းက သူ့အား အမှန်ပင် ကြောက်လန့်စေခဲ့သည်။


ထိုမျှသာမက နေရာတစ်ခုကို ဖြတ်ကျော်ပြီးနောက် သူ၏လက်ဖဝါးကို ထုတ်ပြ၍ ဆဲဆိုပြီး နဂါးဘုရင်ကို နံစော်နေသော နဂါးဟုပြောခဲ့သည်။


ထိုခွေး သူ့ကို အမှန်တကယ် သတ်ဖြတ်ပြီး နဂါးနံရိုးချိုချဉ် ချက်စားချင်နေသည်ဟုပင် ထင်ခဲ့သည်။


ပန်းပွင့်လေး သုံးပန်လှမြွေမျက်လုံးဖြင့် မျက်တောင်ခတ်လ်ုက်သည်။ သူမ၏ မျက်လုံးထဲတွင် မဟူရာနဂါးဘုရင်ကို ကရုဏာ သက်စွာဖြင့် ကြည့်နေသည်။


သို့သော် နယ်သာရီ၏ အနက်ရောင်မျက်လုံးများက သူ့အား ထိုးဖောက်တော့မည့်ဟန်နှင့် ကြည့်ပြီး ပြောလိုက်သည်။


" ပါးစပ်ပိတ်ပြီး တိတ်တိတ်နေစမ်း..."


မဟူရာနဂါးဘုရင် ထိတ်လန့်သွားပြီး သူ၏ပါးစပ်ကို မဆိုင်းမတွ ပိတ်လိုက်ကာ အသက်ရှုသံဖြင့် မထွက်ဝံ့တော့ပေ။ 


အဲ့ဒီကောင်မလေးက အရမ်းခက်ထန်တာပဲ...


အဝေးတွင်...


ကျင်းကျောင်းနှင့် လော့ကျီးတို့ ကောင်းကင်ပေါ်မှ ခွေးဘုရင်ကို ကြည့်နေကြသည်။


ရုတ်တရက် ကျင်းကျောင်း မျက်မှောင်ကြုတ်သွားပြီး လေအေးကို ရှုရှိုက်လိုက်ရသည်။ သူ့ကိုကြည့်ရသည်မှာ ခွေးဘုရင်ကို မှတ်မိသွားပုံရသည်။


တစ်ချိန်တည်းမှာပင် လော့ကျီး အော်ဟစ်လိုက်ပြီး သူမ၏ ခြေထောက်များ လေထဲသို့ တက်နင်းလိုက်သည်။


" အာ... အဲ့တာ အဲ့တာက..."


လော့ကျီး၏ မျက်လုံးများက သူမအိုင်ဒေါကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်သွားကာ ပီတိဖြစ်နေပုံရသည်။


ကျင်းကျောင်း၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ၏ အကြီးဆုံးရန်သူကို တွေ့လိုက်ရသကဲ့သို့ပင်။


သူ၏လက်ကို တစ်ချက်ခါယမ်းလိုက်သောအခါ ဝိညာဉ်ချုပ်ယပ်တောင်က လက်ထဲတွင် ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စွမ်းအင်များ မလှုပ်မယှက် လှုပ်ရှားသွားကာ အော်ရာသည် ပိုပို၍ သိပ်သည်းလာသည်။


လော့ကျီးလည်း လက်ကိုခါယမ်း၍ မရဏနတ်မင်းဓားကောက်ကို ဆင့်ခေါ်လိုက်သည်။ ထိုလက်နက်ကို ကိုင်လိုက်သောအခါ ဟင်းလင်းပြင်သည်ပင် ခုတ်ပိုင်းခံလိုက်ရ သကဲ့သို့ ဖြစ်သွားသည်။


" မင်း ... မင်း ငါ့ကို တိုက်ခိုက်မှာလား..." 


ခွေးဘုရင် အေးအေးဆေးဆေးပင် မေးလိုက်သည်။


ခွေးဘုရင် အောက်သို့ ဆင်းသက်လာသောအခါ လော့ကျီးနှင့် ကျင်းကျောင်းတို့ စိတ်မသက်မသာ ဖြစ်လာသည်။


ယင်းလုံ၏ စိတ်စွမ်းအင်ကို ချိုးဖျက်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ခွေးတစ်ကောင် ဤကဲ့သို့ လုပ်နိုင်မည်ဟု သူတို့ မယုံကြည်ကြပေ။


ဒီခွေးက ... ကမ္ဘာမြေ အကျဉ်းထောင်မှာ ဒဏ္ဍာရီတစ်ခုပဲ...


ယခင် ငရဲဘုရင်နှင့် တိုက်ခိုက်နိုင်ခဲ့သော ဒဏ္ဍာရီလာ ခွေးတစ်ကောင်ဖြစ်သည်။


" လူကြီးမင်း ကျွန်တော်တို့ ဒီမှာတွေ့‌ရတာ ယုံတောင်မယုံနိုင်ဘူး ကျွန်တော်တို့ မတိုက်ခိုက်ရဲပါဘူး..." 


ကျင်းကျောင်း အသက်ရှုထုတ်ပြီး ပြောလိုက်သည်။


ခွေးဘုရင် ခေါင်းကို ဆတ်ခနဲမော့၍ ကြည့်လိုက်သည်။ 


" လူကြီးမင်း ကျွန်မကို ရှင့်ရဲ့ အမွှေးတစ်ပင်လောက်ပေးပါလား ... ကျွန်မကရှင့်ရဲ့ သစ္စာရှိပရိသတ် တစ်ယောက်ပါ.." 


လော့ကျီး၏ မျက်လုံးများ အရောင်တောက်နေပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


ကျင်းကျောင်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


ဒီမိန်းမကတော့ ... လုံးဝကို အားကိုးလို့ မရဘူး ...


ဒါက ခွေးအမွှေး‌ကို တောင်းဖို့ အချိန်ကောင်းမှ မဟုတ်တာ ... အိုင်ဒေါနဲ့ ပရိသတ် တွေ့ဆုံပွဲ လုပ်နေရမယ့် အချိန်လည်း မဟုတ်ဖူး ...


" ဒါပေမဲ့ လူကြီးမင်း ကျွန်တော်တို့ကို အမိန့်ပေးထားတာတွေ ရှိသေးတယ် နားလည်ပေးပါ ..."


ကျင်းကျောင်း ခွေးဘုရင်ကို လေးစားစွာ ကြည့်ပြီး ပြောလိုက်သည်။


" ကျွန်တော်တို့ အရှင်ငရဲဘုရင်ကို ခေါ်သွားရပါမယ် ငရဲကမ္ဘာရဲ့ သခင်တစ်ယောက်အနေနဲ့ သူ ကမ္ဘာမြေအကျဉ်းထောင်ကနေ စိတ်တိုင်းကျ ထွက်သွားလို့ မရပါဘူး..." 


" ငရဲကမ္ဘာအမျိုးသမီးကိုလည်း ကျွန်တော်တို့ ပြန်ခေါ်သွားရပါမယ် ... အရင် ငရဲဘုရင် မရှိတော့တဲ့အတွက် သူမရဲ့ ကိုယ်ပေါ်က ချိပ်ပိတ်ထားတာက ပိုပြီး အားနည်းလာနေပြီ ..." 


လော့ကျီး ပြောလိုက်သည်။


မရဏနတ်မင်းဓားကောက်ကို ပခုံးပေါ်တွင် တင်ထားကာ သူမထပ်ပြောလိုက်သည်။


" ခွေးဘုရင် လူကြီးမင်း လော့ကျီး ရှင့်ရဲ့ အမွှေတစ်မျှင်လောက်ကို ရိုရိုသေသေနဲ့ တောင်းပါရစေ ကျွန်မကိုယုံပါ ကျွန်မကရှင့်ရဲ့ နံပါတ်တစ် ပရိသတ်ပါ..." 


ကျင်းကျောင်း လော့ကျီးကို ကြည့်လိုက်သည်။


ဒီမိန်းမ ပြဿနာ တက်ချင်နေတာပဲ...


ခွေးအမွှေးက အရေးကြီးလို့လား ... ငရဲဘုရင်ကို ဘယ်လိုပြန်ခေါ်မယ်ဆိုတဲ့ နည်းလမ်းကျတော့ မစဉ်းစားဘူး ...


" အိုး ... မင်းတို့တွေက ငရဲဘုရင်ကို ပြန်ခေါ်ချင်နေတာလား ငရဲကမ္ဘာအမျိုးသမီးကိုလည်း ပြန်ခေါ်မယ်ပေါ့ ပြီးတော့ ခွေးဘုရင်ရဲ့အမွှေးကိုလည်း လိုချင်သေးတယ်..." 


ခွေးဘုရင် စိတ်မပါလက်မပါဖြင့် လော့ကျီးနှင့် ကျင်းကျောင်းကို ကြည့်လိုက်သည်။


ကျင်းကျောင်း ဆွံ့အသွားသည်။


ဒီခွေးက ဒီနေရာကို ဘာလုပ်ဖို့လာတာလဲ... မိုင်ပေါင်းထောင်ချီ လာပြီးတော့ သူ့အမွှေးကို လာပို့ပေးတာလား...


" လူကြီးမင်း ... ဘာကို ဆိုလိုတာလဲ ..." 


" ခွေးဘုရင်က ဒီကို ပြဿနာရှာဖို့ လာတယ်ဆိုတာ သိသာနေတာပဲမလား ..."


ခွေးဘုရင် ပြောလိုက်သည် ။ သူ၏အသံမှာ ပဲ့တင်နေပြီး နေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးမှာ ကြည်လင်တောက်ပနေသည်။ သူမ၏ လက်သီးလေးများကို တင်းတင်းဆုပ်ထားသည်။


အဲ့ဒီ ခွေးဘုရင် အရမ်းခက်ထန်တာပဲ...


နယ်သာရီ မျက်မှောင်ကြုတ်လိုက်သည်။


ခွေးဘုရင် သူမကို အမွေအနှစ်နယ်မြေသို့ မသွားရန် သတိပေးခဲ့သော်လည်း ထိုကိစ္စကို သူမ လျစ်လျူရှု့ခဲ့မိသည်။ ယခု ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်များ ပေါ်လာခဲ့ပြီ။


ခွေးဘုရင် သူမကို လာကူညီမည် မဟုတ်ဟု ထင်ခဲ့သည်။ 


သူ့ကို ဒီနေရာမှာတွေ့ဖို့ မမျှော်လင့်ထားဘူး ...


ဒါဆိုရင် ... ခွေးဘုရင်က သူတော်ကောင်းယောင်ဆောင်ထားတဲ့ ကြင်နာတဲ့ ခွေးတစ်ကောင်ပေါ့ ...


" ဝိုး ... လူကြီးမင်း ဘာလို့အရမ်း ခန့်ညားရတာလဲ ..."


လော့ကျီး သူမ၏မျက်နှာကို ဖုံးအုပ်ထားပြီး ရှက်ရွံနေပုံရသည်။


ကျင်းကျောင်း၏ မျက်နှာမှာ ခက်ထန်နေသည်။ သူ၏လက်ထဲတွင် ဝိညာဉ်ချုပ်ယပ်တောင်ကို ကိုင်ဆောင်ထားလျက် အသက်ရှုထုတ်လိုက်သည်။ 


" ဒါဆို ကျွန်တော်တို့ တိုက်ခိုက်ရုံပဲ ရှိတော့တာပေါ့ ..."


" တိုက်ခိုက်မယ်တဲ့လား ..." 


ခွေးဘုရင်၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။


လော့ကျီး ကျင်းကျောင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။


" ရှင်က တုံးတာလား ဘာလားပဲ ... ဘာလို့ သူ့ကို တိုက်ခိုက်မှာလဲ ... ကျွန်မရဲ့ အိုင်ဒေါကို ရိုက်မလို့လား ရှင့်အကြံကဘာလဲ ..."


မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် ထိုမိန်းမကို တစ်ချက်တည်းနှင့် အသေသတ်ရန် တွေးလိုက်မိသည်။ 


သူ့ရဲ့ ဝက်ခေါင်းတွဲဖက်က ဒီထက်ပိုပြီး မတုံးနိုင်တော့ဘူးလား ...


ဝီ...


ရုတ်တရက် ကျင်းကျောင်း ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး တုန်လှုပ်သွားသည်။


ခဏအကြာတွင် သူ၏ မျက်လုံးသူငယ်အိမ် ကျုံ့သွားသည်။ ဝိညာဉ်ချုပ်ယပ်တောင်ကို ရှေ့သို့ ရွှေ့လိုက်ပြီး ရင်ဘတ်ကို ကာထားလိုက်သည်။ 


ခွေး၏ လက်ဖဝါးများက သူ့ကို လာပုတ်သည်။


မြင့်မြတ်သော သတ္တဝါ၏ ဖိအားနှင့်အတူ ရောက်လာသော ကြောက်မက်ဖွယ် စွမ်းအားကို ကျင်းကျောင်းခံစားလိုက်ရသည်။


ဆူညံသံများ ပဲ့တင်ထပ်က ဟင်းလင်းပြင် အဆက်မပြတ် ကွဲအက်သွားသည်။


ကျင်းကျောင်း ကြယ်တံခွန်ကဲ့သို့ ပြုတ်ကျသွားသည်။ သူ မြေပြင်ပေါ်သို့ ပြုတ်ကျကာ ချိုင့်ခွက်ကြီးတစ်ခုကို ဖန်တီးခဲ့သည်။


သူ၏ အမည်းရောင် သံချပ်ဝတ်အက်ကွဲကာ ချိုင့်ခွက်ဖြစ်သွားသည်။ ထိုချိုင့်ခွက်မှာ ခွေးလက်ဖဝါးပုံနှင့် တူနေသည်။


တဝီဝီအသံနှင့်အတူ ဝိညာဉ်ချုပ်ယပ်တောင်က အလင်းရောင် အစက်အပြောက်များ ဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။


ကျောက်တုံးများ ပြုတ်ကျသွားသည်။


အဝေးမှ ပုံရိပ်တစ်ခု အပျက်အစီးပုံထဲမှ ထလာသည်။


ထိုအချိန်တွင် ငရဲဘုရင်အာဟကို ကြည့်ရသည်မှာ ဖရိုဖရဲဖြစ်နေသည်။ ဆံပင်များလည်း ရှုပ်ပွနေပြီး မျက်နှာသည်လည်း မဲမှောင်နေသည်။


သူ၏ ချောမောသော မျက်နှာမှာ ပြာများဖြင့် ပေကျံနေပြီး ရယ်စရာကောင်းနေသည်။


" မင်း မင်းတို့က ဟိုဝဲစားခွေးလိုပဲ မျက်နှာပြောင်တိုက်တယ် နှစ်ယောက် တစ်ယောက် ချတဲ့အပြင်က်ု အကူအညီ ခေါ်လိုက်သေးတယ် မင်းမှာ ဒီဘုရင်ကိုနိုင်ဖို့ နတ်ဘုရားလက်နက် ၅ခုလည်း ရှိသေးတယ် မရှက်ကြဖူးလား ..."


 ငရဲဘုရင်အာဟ အပျက်အစီးပုံထဲမှ ထလာပြီး အော်ဟစ်လိုက်သည်။


အနက်ရောင် ပြာမှုန်များကြောင့် ချောင်းဆိုးနေသော သူ၏ပုံရိပ်မှာ သနားစဖွယ်ကောင်းနေသည်။ သူ၏ ပုံပန်းသွင်ပြင်မှာ လမ်းဘေးကြောင်တစ်ကောင်နှင့် မခြားနားပေ။


ခဏအကြာ သူ၏လက်ကို ခါလိုက်သောအခါ အနီရောင်အစပ်ချောင်းတစ်ခု ပေါ်လာပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။


ငရဲဘုရင်အာဟကို ကြည့်၍ ခွေးဘုရင် ဘာမှ မပြောနိုင်တော့ပေ။


ဒီ လူရွှင်တော်ကောင်က တက်ကြွနေသေးတာပဲ...


ဤနေရာတွင် သူ့ကို မလိုအပ်တော့ဟု ခွေးဘုရင်ထင်လိုက်သည်။


လော့ကျီး ငရဲဘုရင်အာဟကို ကြည့်ပြီးနောက် ခွေးဘုရင်ကို ကြည့်လိုက်သည်။ သူမ ထိုအချိန်တွင် ပြာယာခတ်သွားသည်။


" လူကြီးမင်း အရှင်ယင်းလုံက ကျွန်မတို့ကို အစ်ကိုကြီးငရဲဘုရင်ကို ခေါ်လာဖို့ပြောထားပါတယ် ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ..."


ထိုသို့ပြောပြီးနောက် သူမ ပျောက်ကွယ်သွားပြီး ခွေးဘုရင်၏ ရှေ့တွင် ပေါ်လာသည်။


မရဏနတ်မင်းဓားကောက်မှာ အနီရောင် တောက်ပနေပြီး ရုတ်တရက် ခုတ်ဖြတ်ပစ်လိုက်သည်။


ဝှစ်...


ထောင်ပေါင်းများစွာသော အနီရောင် အလင်းတန်းများ ကောင်းကင်တွင် ပေါ်လာသည်။


ငရဲဘုရင်အာဟ ကျောက်တုံးကြီးပေါ်တွင် မှီလျက် ရှုးရှဲအစပ်ချောင်းကိုစားကာ သူ၏အထက်မှ တိုက်ပွဲကို စိတ်ဝင်စားစွာ ကြည့်နေသည်။


ဝုန်း ...


ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ရှိ အနီရောင်ဓားများ လက်ဖဝါးဖြင့် ချိုးဖဲ့ခံလိုက်ရသည်။ 


ဝိုး...


လော့ကျီး၏ ခန္ဓာကိုယ် ဘီးကဲ့သို့ လှိမ့်သွားပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။


‌သူမ၏ ခြေလက်တို့ ပြန့်ကားကာ မြေပြင်ပေါ် ပြုတ်ကျသွားပြီး နစ်မြုပ်သွားသည်။


ဖျပ်... ဖျပ်...


မရဏနတ်မင်းဓားကောက် သူမ၏ဘေးမှ မြေပြင်ပေါ် ကျသွားပြီး ထိုးစိုက်မိသွားသည်။


" အိုး ကျွန်မရဲ့အိုင်ဒေါ ရှင်က ကျွန်မနှလုံးသားထဲမှာတော့ အကောင်းဆုံး ခွေးတစ်ကောင်ပဲ ..."


လော့ကျီး၏ မျက်လုံးများ လှည့်ပတ်နေပြီး အနီရောင်နှုတ်ခမ်းများ ပွင့်အာလာသည်။ လက်သီးဆုပ်ကို ဖြည်လိုက်သောအခါ အမည်းရောင် အမွှေးများကို တွေ့လိုက်ရသည်။


ထို ခွေးအမွှေးကို ကိုင်ထားရခြင်းသည် သူမအတွက် ကမ္ဘာကြီးတစ်ခုလုံးကို ဆုပ်ကိုင်ထားသကဲ့သို့ပင် အလွန်စိတ်ကျေနပ်စရာ ကောင်းနေသည်။


ကျင်းကျောင်း အပျက်အစီးပုံထဲမှ ထရပ်လိုက်ပြီး ရှုံ့မဲ့စွာ ပြုံးလိုက်သည်။ ထိုခွေး ဤနေရာတွင် ပေါ်လာမည်ဟု သူတို့မထင်ထားကြပေ။


ကြည့်ရတာတော့ ဒီတစ်ခေါက် သူတို့ရဲ့မစ်ရှင် ကျရှုံးမယ်ထင်တယ် ...


ကံကောင်းသည်မှာ ထိုခွေး သူတို့အား သတ်ချင်ပုံ မရပေ။ ပညာပေးရုံ သဘောမျိုးသာ ဖြစ်ပုံရသည်။


ထိုအချိန် ဟင်းလင်းပြင်ထဲတွင် နတ်ဘုရားလက်နက်များမှ ရောင်ခြည်များ ထုတ်လွှတ်နေသည်။


ခွေးဘုရင် လက်မမြှောက်မီ ကျန်ရှိနေသော လက်နက်များဆီသို့ တစ်လှမ်းခြင်း လျှောက်သွားသည်။


မူလရှုပ်ထွေးရွှေဘူးသီးနှင့် ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးတို့ မြေပြင်ပေါ် ကျသွားပြီး လက်ဖဝါးနှင့် ထိလိုက်သော နေရာတွင် အပေါက်များ ပေါ်လာသည်။


ထို့နောက် ခွေးဘုရင် ခေါင်းမော့၍ သူ၏အထက်မှ မျက်ခေါင်းပေါက်တောက်ဝှေးကို ကြည့်လိုက်သည်။


ပါးစပ်ကိုဟ၍ သမ်းဝေပြီးနောက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။


ဝီ...


ရုတ်တရက် ကြီးမားသော အရိပ်ကြီးတစ်ခု မျက်‌ခေါင်းပေါက်တောင်ဝှေးပေါ်တွင် ထွက်ပေါ်လာသည်။


" ခွေးဝကြီး မင်းရဲ့ လက်ဖဝါးကို ပြန်ယူစမ်း..."


မှုန်ဝါး၍ အသက်ကြီးရင့်နေသော ပုံရိပ်တစ်ခု ပေါ်လာပြီး ခွေးဘုရင်ကို ကြည့်နေသည်။


ခေါင်းမော့လိုက်ပြီး အဘိုးအိုကြီး၏ အရိပ်ကို ခွေးဘုရင် ကြည့်လိုက်သည်။


ထို့နောက် သူပြုံးလိုက်သည်။ 


" မင်းကများ ငါ့ကိုခြိမ်းခြောက်နေတယ်ပေါ့ နံစော်နေတဲ့နဂါး ငါမင်းကို သေအောင်ရိုက်ပြီး ပုဖန်ဆီမှာ နဂါးနံရိုးချိုချဉ် လုပ်ပစ်ခိုင်းရမလား ပြီးတော့ မင်းရဲ့ဒီလူ ခွေးဘုရင်က မင်းအတွက် ကူညီပေးပါ့မယ် ..." 


...


" မီးကို မစားခဲ့ရတာ အချိန်တော်တော်ကြာပြီ ... "


ပုဖန်၏ စကားလုံးများက နေရာတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။


ကုန်းရှို့ပန်လည်း အံ့ဩသွားပြီး ပုဖန်၏နောက်မှ မီးတောက်ငှက်၏ အတောင်ပံကို ကြည့်နေသည်။ ထို့နောက် ပုဖန် ရွှေကြာနတ်ဆိုးမီးတောက်ကို ဖမ်းဆွဲလိုက်သည်ကို ကြည့်နေသည်။


မီးကို စားမှာလား ...


ဘာလဲ သူက မီးကို စားနိုင်တာလား ဒီဟာက ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် စုစည်းထားတဲ့ မသေမျိုး မီးတောက်လေ...


ဤ မီးတောက်သည် မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်တွင် ပါဝင်နေသည်။ ထိုစာရင်းတွင် အဆင့်သတ်မှတ်ထားသော ဒဏ္ဍာရီမီးတောက်များသည် နှစ်သန်းပေါင်းများစွာကြာပြီးနောက် ပေါ်ပေါက်လာသည်ဟု ဆိုကြသည်။ ၎င်းသည် အလွန်စွမ်းအားကြီးသည်။ 


ထိုမီးတောက်ကို ထိမိသွားပါက ခန္ဓာကိုယ်တစ်ခုလုံး မျက်စိတစ်မှိတ်အတွင်း ပြာကျသွားနိုင်သည်။


သူစားလိုက်သည်နှင့် ပြာအဖြစ်သို့ ပြောင်းလဲ သွားနိုင်သည်။


" စားမယ်ဟုတ်လား မင်းက သေချင်နေတာပဲ ..." 


ထုံယော့ လှောင်ပြောင်လိုက်သည်။


" ငါက မသေမျိုးဟင်းလျာ ဖြစ်သွားပေမယ့် ရွှေကြာနတ်ဆိုးမီးတောက်က ပိုင်ဆိုင်သူ မရှိတော့ဘူး မင်းလို ပထမအဆင့် မသေမျိုးစားဖိုမှူး တစ်ယောက်က သူ့ရဲ့စွမ်းအားတွေကို စိတ်ကူးယဉ်ကြည့်‌လို့တောင် မရဘူး..."


အနီရောင်စားဖိုမှူး ဝတ်စုံတွင် မီးတောက်မိုးများ ရွာချနေသော တောင်ပံနှစ်ခုမှာ တောက်ပသော အနီရောင်ဖြစ်နေသည်။


အနီရောင်ငှက်မှာ သူ၏ဝိညာဉ်ပင်လယ်ထဲတွင် အဆက်မပြတ် သီချင်းဆိုနေသည်။ နီရဲသောမျက်လုံးများက စူးစူးစိုက်စိုက်ကြည့်နေသောအခါ လှိုင်းလုံးကြီးများက ကောင်းကင်သို့ ရောက်ရှိလာသည်။


ထိုအချိန် ပုဖန်၏ မျက်လုံးများထဲတွင် အနီရောင် ငှက်တစ်ကောင် လှုပ်ရှားနေပုံရသည်။


နောက်ဆုံးတွင် သူသည် အနီရောင်စားဖိုမှူးဝတ်စုံ၏ ဝိညာဉ်နှင့် အသေအချာ ဆက်သွယ်နိုင်ခဲ့သည်။ သူ၏ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံမှ အပိုင်း၃ပိုင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။


ပုဖန် အနီရောင်စားဖိုမှူးဝတ်စုံကို ထိန်းချုပ်ပြီးနောက်တွင် သူရရှိထားသည့် ခံစစ်သည် ပိုမိုအားကောင်းလာသည်ကို ခံစားရနိုင်သည်။


ထို့အပြင် သူ၏ စိတ်စွမ်းအင်ကိုလည်း မြှင့်တင်ထားပုံရသည်။ ၎င်းသည် ပို၍ သိပ်သည်းလာပြီး သူ၏စိတ်စွမ်းအင်သည် ကြီးမားသော လှိုင်းလုံးကြီးကဲ့သို့ ပြန့်ကျဲလာသည်။


ထိုအခြေအနေတွင် သူ၏စိတ်စွမ်းအင်မှာ ရွှေကြာနတ်ဆိုးမီးတောက်ကို ဆုပ်ကိုင်ထားသော လက်တစ်ခုကဲ့သို့ ဖြစ်နေသည်။


ပုဖန် ပါးစပ်ဟပြီး မသေမျိုးမီးတောက်ကို ထည့်လိုက်သည်။


မီးတောက်ကြာပန်းမှာ တုန်ခါသွားပြီး သူ၏စိတ်ဝိညာဉ်ပင်လယ်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာသည်။


ထုံယော့၏ မျက်လုံးများတွင် အလင်းရောင် ထွက်ပေါ်လာပြီး ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။


" သေစမ်း ... မသေမျိုးမီးတောက်ကို စားတာက မင်းဘာသာ သတ်သေနေတာပဲ ..."


ကုန်းရှို့ပန် ခေါင်းခါလိုက်ပြီး သူ၏မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။


ရုတ်တရက်...


ဟင်းလင်းပြင်ထဲတွင် ဆူညံသံအချို့ ထွက်ပေါ်လာသည်။ ထိုအသံမှာ တစ်ယောက်ယောက်က မုန်လာဥကို ဝါးစားနေသော အသံကဲ့သို့ပင်။ 


ဂျွတ် ဂျွတ်...


ထို ရွှေကြာနတ်ဆိုးမီးတောက်မှာ ဝါးမျိုပြီး စားသောက်ခံလိုက်ရသည်။


ထုံယော့ ဆွံ့အသွားသည်။ 


" ဘာ ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."