အခန်း ၁၀၀၇
စိတ်ပျက်နေသည့် ထုံယော့
ဂျွတ် ဂျွတ်...
တစ်စုံတစ်ယောက်က မုန်လာဥ တစ်လုံးကို စားနေသကဲ့သို့ ဝါးနေသော အသံများ ထွက်ပေါ်လာသည်။
မီးတောက်၏ အတွင်းတွင်...
ထုံယော့ တွေဝေသွားသည်။
ကုန်းရှို့ပန်၏ စိတ်ပျက်လက်ပျက် အမူအရာသည် သူ၏မျက်နှာပေါ်တွင် အေးခဲသွားပြီး မျက်လုံးများက မယုံနိုင်စွာ ဖြစ်နေသည်။ ဆူညံသံများကို ကြားသောအခါ မတတ်နိုင်ပဲ ခေါင်းလှည့်ကြည့်လိုက်သည်။
အဲ့ဒီမှာ ...
ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုမှာ မသေမျိုးမီးတောက်ကို ကိုင်ထားပြီး ဝါးစားနေသည်။
ရွှေကြာနတ်ဆိုးမီးတောက် အကိုက်ခံရပြီးသည့်နောက် ထောင့်များကိုဆုံးရှုံးသွားပြီး ထူထဲသော မီးတောက်ကဲ့သို့ တစ်စုံတစ်ရာ ထွက်ပေါ်လာသည်။
အနည်းငယ် ပြင်းထန်လှသည်။
ပုဖန် မျက်ခုံးကိုပင့်ကာ သူ၏လက်ထဲမှ မီးတောက်ကို ကြည့်ပြီး နှုတ်ခမ်းကိုက်လိုက်သည် ။
ထုံယော့၏ မျက်လုံးများမှာ အောက်သို့ ပြုတ်ကျမတတ်ပင် ဖြစ်နေသည်။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဒါက မသေမျိုးမီးတောက်လေ မုန်လာဥကြီးမှ မဟုတ်တာ ..."
မသေမျိုးမီးတောက်က ကိုက်စား ခံလိုက်ရတာလား ...
ဒီကောင်လေးမှာ အဲ့လောက်ကောင်းတဲ့ သွားတွေရှိတာလား ... သူကဘာလို့ ပြာပုံ မဖြစ်သွားတာလဲ ...
သို့သော် ပုဖန် ထုံယော့ကို စိတ်မဝင်စားပေ။ ခဏခန့် ဝါးပြီးသောအခါ မီးတောက်တစ်ခုလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဂျွတ် ဂျွတ် ဂျွတ် ...
အကြိမ်ပေါင်းများစွာ ဝါးပြီးနောက် ကြာပန်းမီးတောက်တစ်ခုလုံး ဝါးမျိုခံလိုက်ရသည်။ ထို့နောက် ပုဖန် သူ၏လက်များကို လျက်လိုက်သည်။
" အင်း ... ကြက်သားအရသာလိုပဲ ..."
ထြီ
ကုန်းရှို့ပန် ငေးစိုက်ကြည့်နေသည်။
ကြက်သားအရသာနဲ့ မသေမျိုးမီးတောက်လား ...
ပိုင်ရှင်ပုက ရူးသွားတာပဲ ...
သို့ရာတွင် ယခင်က မည်သူမျှ မသေမျိုးမီးတောက်ကို မစားဖူးခဲ့ကြပေ။ မသေမျိုးမီးတောက် မည်သို့အရသာရှိသည်ကို အတည်ပြု၍ မရခဲ့ကြပေ။
အဲ့တာကြောင့် သူက ကြက်သားအရသာလို့ ပြောတော့လည်း ကြက်သားအရသာပဲပေါ့ ...
တကယ်လို့ သူ့အရသာက ကြက်သားနဲ့တူတယ်ဆိုရင် ဘာလို့ သူ့ကိုဝါးတဲ့အသံက မုန်လာဥလို ကြွပ်ဆတ်နေရတာလဲ ...
ကုန်းရှို့ပန်၏ ကမ္ဘာကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထုံယော့ တုန်ယင်နေသည်။
ဒါက သူ့ရဲ့ မသေမျိုးမီးတောက်လေ ... အဲ့ကောင်လေးက ဘာလို့ မျိုချလိုက်တာလဲ ...
မီးတောက်တစ်ခုကို ဘယ်လိုတောင်မျိုချလိုက်တာလဲ ...
ပြီးတော့ ...
သူ့ရဲ့ ကြယ်စင်ဓားကလည်း အစိတ်စိတ်အမြွာမြွာ ကွဲသွားပြီ ...
ဒါက သောက် မသေမျိုးကိရိယာနော် မင်းသိရဲ့လား ...
အဲ့ဒီစားဖိုမှူး ဘယ်လိုတောင် အဆိပ်ပြင်းတဲ့ ပန်းတစ်ပွင့်လဲ ...
" ငါ့ရဲ့ ရွှေကြာနတ်ဆိုးမီးတောက်ကို ထွေးထုတ်လိုက်စမ်း ..."
ထုံယော့ အပြင်းအထန် ဒေါသထွက်သွားသည်။
ဘာလို့ ပုဖန်က သူ့ရဲ့ မသေမျိုးမီးတောက်ကို စားပစ်လိုက်ရတာလဲ ...
ရွှေကြာနတ်ဆိုးမီးတောက် မရှိရင် ချီလင်စားဖိုမှူး ဖြစ်ဖို့ ဘယ်လို ဖြတ်ကျော်ရမှာလဲ ...
ဝီ ...
အစောပိုင်းက ဝှိုက်တီ့ကို ထိန်းသိမ်းထားသည့် သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုးမှာ လေထဲတွင် ပျံဝဲနေသော ပုဖန်ကို ချိန်ရွယ်လာသည်။
ဝုန်း ဝုန်း ...
သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုးမှာ သူ၏ မသေမျိုးကိရိယာဖြစ်သည့်အတွက် သာမန်မဟုတ်ပေ။
ဝုန်းခနဲ မြည်သံများ အဆက်မပြတ် ပေါ်ထွက်လာသည်။
ပုဖန်ကို ထိုဒယ်အိုးဖြင့် သူရိုက်နှက်လိုက်သည်။
ရွှေကြာနတ်ဆိုးမီးတောက်ကို စားပစ်၍ မရပေ။ သူထွေးထုတ်ပစ်ရမည်။ အကယ်၍ ထိုစားဖိုမှူးလေး မထွေးထုတ်ပစ်ပါက ဒယ်အိုးဖြင့်ခေါက်ပြီး အန်ထွက်အောင်လုပ်ရမည်။
ရုတ်တရက် ...
သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုး၏ ချုပ်နှောင်မှုမှ လွတ်သွားသော ဝှိုက်တီ၏ ကိုယ်ပေါ်တွင် လျှပ်စီးကြောင်း
များ တောက်ပလာသည်။
နတ်ဘုရားသတ်တုတ်မှာ ကြီးမားလာပြီး ချက်ချင်းပင် ထုံယော့ကို ချိန်ရွယ်ထားသည်။
ထုံယော့ ဝှိုက်တီနှင့် ယဉ်ပါးအောင် ပြုလုပ်ချင်သော်လည်း ယခုအချိန်တွင် သူနှင့်ကစားရန် စိတ်မဝင်စားသေးပေ။
" ထွက်သွားစမ်း ... "
ဝုန်း ...
ထုံယော့ ဝှိုက်တီ့ဘက်သို့ကြည့်ပြီး မျက်လုံးမှ ရောင်ခြည်များ ပစ်လွှတ်လိုက်သည်။
ချက်ချင်းပင် မမြင်ရသော တွန်းအားတစ်ခု ပေါက်ကွဲထွက်သွားသည်။
ထိုမမြင်ရသောတွန်းအားဖြင့် ဝှိုက်တီ တိုက်ခိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်မှာ အမြှောက်ဆန်ကဲ့သို့ လွင့်စင်သွားသည်။
ဝုန်း ...
ကြီးမားသော ရွှေရောင်မီးတောက်သားရဲကြီး ဝှိုက်တီ၏ ဗိုက်ကို ရိုက်လိုက်သည်။
ထို့နောက် ၎င်း၏ခန္ဓာကိုယ်သည် လျှပ်စီးမလက်တော့ပေ။
ဝှိုက်တီ မီးတောက်ထဲမှ ပျံထွက်သွားပြီး ပေါက်ကွဲသံကြီးနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ဝုန်း ...
နံရံနှင့် ရိုက်မိသွားပြီး အက်ကွဲသွားသည်။
ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့ ဝှိုက်တီအနောက်သို့ ပျံသန်းလာသည်ကို ကြည့်ကာ မှင်တက်သွားကြသည်။
ဤမငြိမ်သက်မှုများသည် နယ်သာရီနှင့် အခြားသူများ၏အာရုံကို ဖမ်းစားထားခဲ့သည်။
နယ်သာရီ၏ အနက်ရောင်မျက်လုံးများက ဝှိုက်တီ့ကို လှည့်ကြည့်လိုက်ပြီး သူမမျက်နှာ ချက်ချင်းပြောင်းသွားသည်။
ဝှိုက်တီ ...
ဝှိုက်တီက မီးတောက်တွေနဲ့ ထိုးနှက်ခံလိုက်ရတာလား ...
ပုဖန်က အကာအကွယ်မဲ့သွားပြီပေါ့ ... ပုဖန်တော့ ဒုက္ခရောက်ပြီ ...
ကောင်းကင်ပေါ်တွင် ...
အဝတ်မပါသော ကလေးငယ်တစ်ဦး သူ၏အဖြူရောင်အတောင်ပံများကို ဖြန့်ကားလိုက်ပြီး ထိုနေရာတွင် ဖြစ်ပျက်နေသမျှကို ကြည့်ရှု့နေသည်။
ရုတ်တရက် ထိုကလေး ရွှေကြာနတ်ဆိုးမီးတောက်ကို တွေ့သွားသည်။
...
မသေမျိုးသစ်ပင်၏ အထွဋ်အထိပ် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမမြောက်အလွှာတွင်
သစ်သားအိမ်၏ရှေ့တွင် အဝတ်မဲ့နေသော ဆံပင်ရွှေရောင်နှင့် လူတစ်ဦး သူ၏မျက်လုံးများ ဝေဝါးလျက် မတ်တပ်ရပ်နေသည်။
" ခွေးဝကြီးပဲ ကောင်းတယ် ... အသားများမယ့်ပုံပဲ ..."
သူရေရွတ်လိုက်ပြီးနောက် လျှာကိုထုတ်၍ နှုတ်ခမ်းများကို လျက်လိုက်သည်။
သူ၏ဘေးတွင် ယာယာဟူသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ရပ်နေသည်။ ယာယာ ထိုလူကိုကြည့်၍ ရှက်နေပုံပေါ်သည်။
" အာ ... ရွှေကြာနတ်ဆိုးမီးတောက်ပဲ စိတ်ဝင်စားစရာပဲ ထူးဆန်းတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချင်နေတာလား ဆိုးတာပဲ ချီလင်စားဖိုမှူးဖြစ်ဖို့က လွယ်တာမဟုတ်ဖူး ..."
ထိုအမျိုးသား ၎င်း၏ရွှေရောင်ဆံပင်ကို လိမ်ကာ အောက်ဘက်ရှိ မြင်ကွင်းကို အားရပါးရ ကြည့်နေသည်။
" နယ်ပယ်အရှင် ... အရှင်မင်းကြီး အဲ့ဒီခွေးဝတုတ်ကြီးကို ရင်းနှီးနေတယ်လို့ မထင်ဘူးလား ... "
အဝတ်မဲ့နေသော နယ်ပယ်သခင်ကိုမေးကာ ယာယာ၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
" အင်း ... ရင်းနှီးနေတယ် ..."
နယ်ပယ်သခင်မှာ သတိလစ်ဟင်းနေပုံရသည်။
" ခုနောက်ပိုင်း လူအိုကြီးဖန်ဆီကို သွားပြီး ခွေးသားမစားဖြစ်တာတောင် ကြာလှပြီ ..."
ယာယာ သူမနှဖူးကို ပွတ်လိုက်သည်။ သူမ၏ အရှင်မင်းကြီး မှာ သတိမေ့နေပုံရသည်။
ဇာတ်ကောင်ကြီးတွေ အားလုံး ဒီလို ချို့ယွင်းချက်တွေ အများကြီး ရှိကြတာလား ...
" နယ်ပယ်သခင် ပျော်နေတယ်ဆိုတော့ ကောင်းပါတယ် ..."
...
ပွက် ပွက် ...
ရွှေကြာနတ်ဆိုးမီးတောက်ကို မျိုချပြီးသည့်နောက် ပုဖန်၏ မျက်နှာမှာ ပြောင်းလဲလာပြီး မျက်ခုံးများ ပင့်လိုက်သည်။
ထုံယော့ ပုဖန်ကို စောင့်ကြည့်နေသည်။ အစပိုင်းတွင် တွေဝေသွားသော်လည်း ခဏအကြာတွင် ဝါးလုံးကွဲ ထရယ်လိုက်သည်။
" မင်းအခု မီးတောက်ကို စားလိုက်ပြီဆိုတော့ အကျိုးဆက်တွေကို ခံစားရတော့မယ် ..."
သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုး ရှေ့သို့ တစ်ဟုန်ထိုး တက်လာသည်။ ပုဖန် စိတ်ရှုပ်ထွေးနေသည့် အချိန်တွင် တိုက်ခိုက်ရန် အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် မကြာမီ ထုံယော့၏ အမူအရာ ပြောင်းသွားသည်။
သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုး ပုဖန်၏ အနားသို့ ရောက်သွားသောအခါ အနီရောင်စွမ်းအင်အချို့၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ အနီးသို့ ပိုကပ်သွားလေ ချဉ်းကပ်ရသည်မှာ နှေးသွားလေ ဖြစ်နေသည်။
နောက်ဆုံးတွင် ...
အနက်ရောင်မီးခိုးများ ထွက်နေသော ပုဖန်၏လက်မောင်းကို မြှောက်လိုက်သည်။
ခဏအကြာတွင် မဟူရာလိပ်ခုံးဒယ်အိုး သူ၏လက်ထဲတွင် ပေါ်လာသည်။ ထုံယော့ကို စိတ်မပါစွာ ကြည့်လိုက်ပြီးနောက် သူ၏အကြည့်များက သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုးဆီသို့ ရောက်သွားသည်။
ပုဖန် အသက်ရှုထုတ်လိုက်သည်။ သူ၏အသက်ရှုသံနှင့်အတူ ရွှေရောင်အမှုန်အမွှားလေးများ ထွက်လာသည်။
သတိပေးခြင်းမရှိပဲနှင့် မဟူရာလိပ်ခုံးဒယ်အိုး သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးဆီသို့ လှည့်ပတ်သွားပြီး ရိုက်ချလိုက်သည်။
အုန်း ...
ထုံယော့ လန့်သွားသည်။
ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် လှိုင်းလုံးကြီးများ ထပ်ခါထပ်ခါ ထွက်ပေါ်လာပြီး တိရစ္ဆာန်များ၏ ဟိန်း ဟောက်သံများ ပဲ့တင်ထပ်သွားသည်။
အနီရောင်ငှက်သည် သီချင်းဆိုနေပြီး လိပ်နက်ကြီးသည် ဟိန်းဟောက်နေသည်။
သူ၏ကျောပေါ်တွင် တောင်ကုန်းကြီးကို သယ်ဆောင်ထားသော လိပ်နက်ကြီး၏ မျက်လုံးမှ ရောင်ခြည်များ ထုတ်လွှတ်ကာ ဟိန်းဟောက်နေသည်။
တစ်ချိန်တည်းမှာပင် မဟူရာလိပ်ခုံးဒယ်အိုးမှ ထောင်သောင်းချီသော အလင်းတန်းများကို ပစ်လွှတ်လိုက်သည်။
ဝုန်း ...
သုံးရောင်ခြယ်အံ့ဖွယ်ဒယ်အိုးမှာ တိုက်ခိုက်ခံရမှုကြောင့် တုန်ခါသွားသည်။
ထုံယော့၏ မျက်နှာမှာ မယုံကြည်မှုများဖြင့် ပြည့်နှက်၍ တသိမ့်သိမ့် တုန်နေသည်။ သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုး၏ ဝိညာဉ်မှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်ကို ခံစားမိနေသည်။
သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးမှာ အဆင့်မြင့် မသေမျိုးကိရိယာ ဖြစ်သည်။ ယခု သူ၏ဝိညာဉ်မှာ ထိတ်လန့် တုန်လှုပ်နေသည်။
အဲ့ဒီစားဖိုမှူးငယ်လေးရဲ့ လက်ထဲက ဒယ်အိုးက မသေမျိုးကိရိယာ သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးထက် သန်မာနေတာလား ...
ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင်...
ကြီးမားသော ဖားပြုတ်ကြီးတစ်ကောင် ပေါ်လာသည်။ ထွက်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
တုန်တုန်ယင်ယင်ဖြင့် သူ၏ရှေ့မှ ကြောက်မက်ဖွယ် ပုံရိပ်သုံးခုကို ကြည့်နေသည်။
ရွှေရောင်နတ်နဂါး ပင်လယ်လိပ်နက်နှင့် မီးလျံနီငှက်...
သူဘယ်ကို ရောက်လာတာလဲ ...
သူ၏မျက်လုံးထဲမှ နတ်ဘုရားရောင်ခြည်များ ထွက်နေသော ပင်လယ်လိပ်နက် ဖားပြုတ်ကြီး၏ရှေ့သို့ ခြေလှမ်းကြီးများဖြင့် လှမ်းလာသည်။
ထိုဖားပြုတ်မှာ သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုး၏ ကိရိယာဝိညာဉ် ဖြစ်သည်။ ဧရာမလိပ်ကြီးနှင့် ရင်ဆိုင်နေရသဖြင့် သူ့ထံတွင် ပြန်လည်ခုခံရန် အားမရှိပေ။
ထို့နောက် လိပ်နက် ၎င်း၏လည်ပင်းကို ဆွဲဆန့်ကာ ဖားပြုတ်ကို မျိုချလိုက်သည်။
အပြင်ဘက်တွင် ...
ဖျောက် ...
သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးတွင် အက်ကြောင်းများစွာ ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အိုးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ခဏအကြာတွင် ...
ပေါက်ကွဲသွားပြီး ထောင်သောင်းချီသော အစပေါင်းများစွာအဖြစ် ပြန့်ကျဲသွားသည်။
ထုံယော့၏ ခန္ဓာကိုယ်မှာ တုန်ယင်နေပြီး ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားသည်။ သူ၏မျက်ဝန်းထဲတွင် မယုံကြည်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူ၏ ကြယ်စင်ဓားမှာ ကျိုးကြေသွားသည့်အပြင် ယခု သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးလည်း ပျက်စီးသွားပြီဖြစ်သည်။
သူ့ရဲ့မိသားစု မျိုးဆက်ရှစ်ဆက်အတွင်းမှာ အကြီးဆုံး အရှုံးသမား ဖြစ်နေတာလား ... သူ ဘယ်လိုစားဖိုမှူးနဲ့ တွေ့လိုက်ရတာလဲ ...
အိုး သေစမ်း ... ဒီစားဖိုမှူးက နယ်ပယ်သခင်ရဲ့ တရားမဝင် ကလေးများလား ...
ဘယ်လိုဖြစ်လို့ သူ့လက်ထဲမှာ ခြိမ်းခြောက်နိုင်တဲ့ ကိရိယာကြီး ရှိနေရတာလဲ ...
ရွှေရောင်ဓားနဲ့ အနက်ရောင် ဒယ်အိုး သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ စားဖိုမှူးဝတ်စုံ သူတို့အားလုံးက မထင်မှတ်လောက်အောင် အစွမ်းထက်တဲ့ မသေမျိုး ကိရိယာတွေပဲ ...
သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးကို ရိုက်နှက်ပြီးသည့်နောက် ပုဖန် ခေါင်းကိုမော့၍ ပါးစပ်ဟပြီးနောက် လေတက်လိုက်သည်။ ထိုလေတက်သံနှင့်အတူ ရွှေမီးတောက် ထွက်လာသည်။
ပုဖန် ထိုမီးတောက်ကို ဖမ်းယူပြီး ပါးစပ်ထဲ ပြန်ထည့်လိုက်သည်။
အငွေ့တထောင်းထောင်းနှင့် မာပိုတို့ဟူးကို လက်တစ်ဖက်တွင် ကိုင်ပြီး အခြားတစ်ဖက်တွင် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ဆောင်ထားကာ သူ၏နောက်ဘက်မှ မီးတောက်အတောင်ပံများ တဖျပ်ဖျပ်ခတ်နေသည်။ အားလုံးကို ခြုံငုံကြည့်လိုက်သောအခါ သူ့ကိုကြည့်ရသည်မှာ အထင်ကြီးစရာကောင်းနေသည်။
ထုံယော့ တုန်လှုပ်နေသည်။
သူ ဒီကိစ္စကို အချိန်အတော်ကြာ စီစဉ်ခဲ့ပေမယ့် စားဖိုမှူးတစ်ယောက်ကြောင့် သူ့အကြံအစည်တွေ ကျရှုံးတော့မယ် ...
သူလက်ခံရန် ငြင်းပယ်လိုက်သည်။ သူ ကျိန်းသေ ချီလင်စားဖိုမှူး ဖြစ်လာရမည်။
ဝုန်း ...
ထုံယော့ မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်နှာတွင် မုန်းတီးမှုများနှင့် ပြည့်နှက်နေကာ ပုဖန်ကို ချိန်ရွယ်ထားသည်။
နေရာတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
ကုန်းရှို့ပန် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး စိုးရိမ်မှုများဖြင့် ပုဖန်ကို ကြည့်နေသည်။
ထုံယော့ သူ၏အသက်ကို စွန့်ချင်ခဲ့သည်။ ပုဖန်ကို အနိုင်ယူရန် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ပင်လယ်ကို အသုံးပြုလိုခဲ့သည်။
ပိုင်ရှင်ပု သူ့အား ခုခံနိုင်မည်လားဆိုသည်ကို မည်သူမှ မသိကြပေ။
နောက်ထပ် တုန်ခါမှုတစ်ခု ကျယ်ပြန့်လာပြီး ခဏအကြာတွင် နေရာတစ်ခုလုံး လွင့်စင်သွားခဲ့သည်။
" ဒါက ငါ့ရဲ့ ဝိညာဉ်ပင်လယ်ပဲ ဒီနေရာမှာ ငါကနတ်ဘုရားပဲ ဘယ်သူမှ ငါ့ကို တားဆီးလို့မရဘူး..."
ထုံယော့ အပြင်းအထန် ဒေါသတကြီးဖြင့် အော်ဟစ်နေသည်။
သူ၏ ဝိညာဉ်ပင်လယ်သည် ရှေ့သို့ လှိမ့်သွားကာ ပုဖန်ကို အနိုင်ယူရန်အတွက် သူ၏ အစွမ်းထက်လှသော အင်အားကို အသုံးပြုကာ ချေမှုန်းခဲ့သည်။
သို့သော် ...
သူမျှော်လင့်ထားသော အရာမှာ ဖြစ်မလာခဲ့ပေ။ သူမျက်မြင်တွေ့တော့မည့် အဖြစ်အပျက်များသည် သူ၏စိတ်ကူးယဉ်မှုထက် ကျော်လွန်နေပြီး သာမန်အသိဉာဏ်နှင့် အလွန်အကျွမ်းတဝင် မရှိလှပေ။
သူ၏ဝိညာဉ်ပင်လယ်က ပုဖန်ကို နှိမ်နင်းလိုက်သည့်အခိုက်တွင် သူ၏ခန္ဓာကိုယ် အေးခဲသွားပြီး လေထဲတွင် လွင့်နေသည်။
သူ၏ရှေ့တွင် ကြီးမားသော လှိုင်းလုံးကြီးများ ကောင်းကင်ယံအထိ ရောက်ရှိနေပြီး ဧရာမ သားရဲကြီး သုံးကောင် သူ၏အပေါ်မှ လှည့်ပတ်လာနေသည်။
ရွှေရောင်နတ်နဂါးကြီး တစ်ကောင် ကျယ်လောင်စွာ ဟိန်းဟောက်နေပြီး ပင်လယ်လိပ်နက်သည် ဖားပြုတ်ကြီးတစ်ကောင်ကို ဝါးမျိုနေကာ အနီရောင်ငှက်ကြီးသည် အတောင်ပံများဖြန့်ကာ သီချင်းဆိုနေသည်။
" အဲ့တာ သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုးရဲ့ ဝိညာဉ် မဟုတ်ဖူးလား ..."
သုံးရောင်ခြယ် အံ့ဖွယ်ဒယ်အိုး၏ ပိုင်ရှင်အနေဖြင့် ထုံလော သူ၏ကိရိယာဝိညာဉ်ကို သိသည်မှာ သဘာဝပင်။ သူ၏ဝိညာဉ် ဝါးမျိုစားသောက် ခံနေရသည်ကို မြင်သောအခါ ထုံယော့၏ အမူအရာများ ပြောင်းလဲသွားသည်။
သူ အလွန် ကြောက်ရွံ့နေသည်။
ဝုန်း ...
ရွှေရောင်နတ်နဂါး ပင်လယ်လိပ်နက်နှင့် အနီရောင်ငှက်တို့ ပြိုင်တူ ဟိန်းဟောက်နေကြသည်။
ထုံလော စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အလွန် တုန်ယင်နေသည်။
ခဏအကြာတွင် သူ၏ ဝိညာဉ်ပင်လယ် ပြိုကျကာ ကွဲအက်သွားသည်။
မဟုတ်ဖူး မဟုတ်ဖူး...
ထုံလော တုန်လှုပ်ခြောက်ခြားကာ အသည်းအသန် တုန်လှုပ်သွားခဲ့သည်။
ဒီလိုအဆုံးသတ်ကို သူဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး...
သူ၏ဝိညာဉ်ပင်လယ်သည် မီးထဲသို့သွားနေသည့် ပိုးဖလံတစ်ကောင်ကဲ့သို့ ပုဖန်၏ ဝိညာဉ်ပင်လယ်ဆီသို့ ရောက်လာသည်။
ခဏအကြာတွင် မီးတောက်၏နေရာမှာ ပြိုကျလာသည်။
ထုံယော့၏ ခန္ဓာကိုယ် အဆက်မပြတ် တုန်ခါနေသည်။ မသေမျိုးစွမ်းအင်သည် ထိန်းချုပ်မှု ဆုံးရှုံးသွားပုံရပြီး ရိုင်းစိုင်းစွာ လည်ပတ်နေသည်။
ထုံယော့၏ ဝိညာဉ်ပင်လယ် ပုဖန်၏ ဝိညာဉ်ပင်လယ်ကြောင့်ကွဲအက်သွားပြီးနောက် ထုံလော၏ လက်ကျန်အသိစိတ် ပျောက်ကွယ်သွားသည်။
သူ၏ အော်ရာများ လွင့်ထွက်သွားကာ နောက်ဆုံးတွင် တောက်ပြောင်ပြီး ကျောက်စိမ်းနှင့်တူသော တို့ဟူးအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုတို့ဟူးတုံးတွင် သိပ်သည်းပြီး ကြွယ်ဝသော မသေမျိုးစွမ်းအင်များ လှည့်ပတ်နေကာ သူ၏ အဖြူရောင် အလင်းတန်းများက ကောင်းကင်အထိပင် ရောက်ရှိနေသည်။
ဝုန်း ...
မီးတောက်များ ပြန့်ကျဲသွားသည်။
ပုဖန်၏ အနီရောင်စားဖိုမှူးဝတ်စုံ ငြိမ်သက်သွားပြီး သူ၏ဖြူနီအရောင်သို့ ပြန်ပြောင်းသွားသည်။
ထိုအချိန်တွင် ပုဖန်၏ လက်ဖဝါးပေါ်၌ ရွှေမီးတောက်တစ်ခု ငြိမ်သက်စွာ လွင့်မျောနေသည်။
ကုန်းရှို့ပန် အံသြပြီး မေးရိုးများ ပြုတ်ကျမတတ် ဖြစ်နေသည်။
မီးတောက်နေရာများ ပျောက်ကွယ်သွားသောအခါ ရွှမ်ယွမ်ရှားဟွေ့နှင့် ကုန်းရှို့ယွင်တို့ နောက်ဆုံးတွင် ပုဖန်နှင့် ကုန်းရှို့ပန်တို့ကို မြင်လိုက်ရသည်။
ကုန်းရှို့ပန် အသက်ရှင်နေသည်ကို မြင်သောအခါ ကုန်းရှို့ယွင် အလွန်ပျော်ရွှင်သွားသည်။ မျက်ရည်များကျဆင်းလာပြီး သူမအော်ဟစ်လိုက်သည်။
" အစ်ကိုကြီး ..."
ကုန်းရှို့ပန် ခေါင်းကို လှည့်လိုက်သောအခါ ကုန်းရှို့ယွင်ကို မြင်လိုက်ရသည်။ သူ ထိုအခါမှ အသိစိတ်ပြန်ဝင်လာသည်။
မီးတောက်နေရာတစ်ခုလုံး ပျောက်ကွယ်သွားသောအခါ နေရာအမှန်သို့ ပြန်ရောက်လာကြသည်။
သူတို့၏ရှေ့ရှိ ကြာပန်းပလ္လင်တွင် ထွင်းထုထားသည့် ဧရာမကျောက်တုံးကြီး တစ်ခုရှိနေသည်။ ထိုပလ္လင်ပေါ်တွင် ထုံယော့နှင့်တူသည့် ခြောက်သွေ့နေသော အလောင်းတစ်လောင်း တင်ပျဉ်ခွေထိုင်လျက်ရှိသည်။
ထိုအလောင်းသည် ကျောက်စိမ်းနှင့်တူသော တို့ဟူးပါသည့် ကျောက်စိမ်းဗန်းကို ကိုင်ဆောင်ထားပြီးသိပ်သည်းသော မသေမျိုးစွမ်းအင်များက ၎င်းကို လှည့်ပတ်နေသည်။
ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးကို သိမ်းလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ခဏအကြာတွင် ထိုတို့ဟူး လေထဲ၌ ဝဲပျံနေပြီး ပုဖန်ဆီသို့ လာနေလေသည်။
.....
ဝုန်း...
သူတို့နှင့် အဝေးတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသည်။
ကောင်းကင်ကို အုပ်မိုးထားသော ခွေးလက်ဖဝါးတစ်ခု ပေါ်လာသည်။
ပုဖန် အနည်းငယ် အံ့ဩသွားပြီး ထိုလမ်းကြောင်းကို လှမ်းကြည့်လိုက်သည်။
ရင်းနှီးနေတဲ့ လက်ဖဝါးကြီးတစ်ခု...
" ခွေးဘုရင်ရော ဒီရောက်နေတာလား ..."
ပုဖန် အံ့အားသင့်သွားသည်။ ထို့နောက် လက်တစ်ဖက်တွင် မာပိုတို့ဟူး အခြားတစ်ဖက်တွင် ကျောက်စိမ်းနှင့်တူသော တို့ဟူးကို သယ်ဆောင်ပြီး ခွေးလက်ဖဝါးဆီသို့ ဦးတည်သွားလိုက်သည်။