အခန်း ၁၀၀၉
ပုဖန် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲခြင်း
" မင်းတို့ဘာလို့ နယ်သာရီကိုပါ ခေါ်သွားကြမှာလဲ ..."
ပုဖန်၏ ဘာကိုမှ ဂရုမစိုက်သော အသံသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
ကျင်းကျောင်းနှင့် လော့ကျီးတို့သာမက ရွှမ်ယွမ်ရှားဟွေ့တို့အားလုံး အံ့အားသင့်သွားကြသည်။
ပုဖန်ကို ကြည့်လျက် ခွေးဘုရင်၏ နှုတ်ခမ်းများ မြင့်တက်သွားသည်။ ထို့နောက် ကျင်းကျောင်းဘက်သို့ လှည့်လိုက်သည်။
ရွှမ်ယွမ်ရှားဟွေ့၏ မျက်နှာမှာ ဖြူဖျော့နေသည်။ ကျင်းကျောင်း မည်မျှသန်မာသည်ကို သူမြင်တွေ့ခဲ့သည့်အတွက် လက်တစ်ဖက် ဝှေ့ယမ်းရုံဖြင့် ပုဖန်ကို အရိုးများ ကျိုးကြေသွားအောင် ပြုလုပ်နိုင်သည်။
ဒီလိုမျိုး စွမ်းအားကြီးတဲ့ တည်ရှိမှုတွေကို စိန်ခေါ်ဖို့ ပိုင်ရှင်ပု သတ္တိတွေ ဘယ်ကရလာတာလဲ...
သူ၏ အကြည့်များက လေကိုဖြတ်သန်းပြီးနောက် အနက်ရောင်ခွေးကြီးကို မြင်လိုက်ရသည်။
ရွှမ်ယွမ်ရှားဟွေ့ ကြိတ်၍ သက်ပြင်းချလိုက်သည်။ ဟကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်သည့် ခွေးနက်ကြီးကြောင့် ပိုင်ရှင်ပု ကြိုက်သလိုပင် အော်ဟစ်နေနိုင်သည်။
" အဲ့ဒီသေမျိုးစားဖိုမှူးမှာ ဒီလိုချောမောခန့်ညားတဲ့ မျက်နှာရှိမှန်း မသိခဲ့ဘူး ..."
ကုန်းရှို့ယွင် ကောင်းကင်ကို ကြည့်နေသည်။ ကျင်းကျောင်းကို စိန်ခေါ်ရန် မကြောက်ရွံ့သော ပုဖန်ကို သူမ လေးစားသဘောကျမိသည်။
မိန်းကလေးတစ်ယောက်အတွက်နှင့် သန်မာသော ကျင့်ကြံသူကို ဆန့်ကျင်နေသော အမျိုးသားမှာ သူမအတွက် အလွန်ချောမောပြီး ဆွဲဆောင်မှုရှိသည်။
ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ အကြည့်ချင်းဖလှယ်လိုက်သည်။
" ဘာ ... မင်းက အဆင့်နိမ့်သေမျိုးပဲ မင်းဘာသိလို့လဲ အဲ့ဒီ ငရဲကမ္ဘာအမျိုးသမီးရဲ့ ကိုယ်ပေါ်မှာ နှိမ်နင်းလို့မရတဲ့ ကြောက်စရာကောင်းတဲ့ ကျိန်စာတစ်ခုရှိတယ် အဲ့ဟာသာ ပေါက်ကွဲသွားရင် ဘယ်လောက် အန္တရယ်ကြီးပြီး အပျက်အစီးတွေ အများကြီးဖြစ်သွားမယ်ဆိုတာ မသိနိုင်ကြဘူး ..."
ပုဖန်ကို အေးစက်စွာ ကြည့်နေသည့် ကျင်းကျောင်း၏ မျက်လုံးများမှာ မီးတိုင်ကဲ့သို့ တောက်ပနေသည်။
သူအနည်းငယ် စိတ်တိုနေသည်။ အမျိုးသမီးတစ်ဦးအတွက်နှင့် အကျိုးဆက်ကို ဂရုမစိုက်ပဲ မဆင်မခြင် မိုက်မဲတတ်သော အမျိုးသားများစွာကို ကြုံတွေ့ခဲ့ဖူးသည်။
ယခင် ငရဲဘုရင်သည်ပင် ငရဲကမ္ဘာအမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်မှ ကျိန်စာကို မဖယ်ရှားနိုင်သည့်အတွက် ဒီအတိုင်းထားလိုက်ရသည်။ ထို့ကြောင့် ငရဲကမ္ဘာ အမျိုးသမီးကို ပြန်ခေါ်လာရခြင်းသည် သူတို့အပေါ် ပြင်းထန်သော ဖိအားတစ်ခုဖြစ်သည်။
ငရဲကမ္ဘာအမျိုးသမီးမှာ အမှန်တကယ် လှပသော်လည်း သူမ၏အလှသည် ဆူးများသော နှင်းဆီကဲ့သို့ပင်။
" ဒီလိုကျိန်စာ အမျိုးအစားက အရမ်းကြောက်ဖို့ကောင်းတယ် သူ့သခင်က ဒီမှာ ရှိနေတယ်ဆိုတာနဲ့ မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေလား ကျိန်စာသာ လွတ်မြောက်သွားရင် ဘယ်သူမှ တားဖို့ ခွန်အားရှိမှာ မဟုတ်ဖူး ..."
ကျင်းကျောင်း ခွေးဘုရင်ကို ကြည့်လိုက်သည်။
သူက အမှန်တွေ ပြောနေတာပဲ...
ယခင် ငရဲဘုရင်သည်ပင် ကျိန်စာကို ဟန့်တားရုံသာ တတ်နိုင်ခဲ့သည်။ ခွေးဘုရင်သည်လည်း ဖျက်ဆီး၍ မရနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ခွေးဘုရင်သည် အလွန်အစွမ်းထက်သည့် ကမ္ဘာမြေအကျဉ်းထောင်မှ ခွေးတစ်ကောင်ပင် ဖြစ်သည်။ ဖွဲ့စည်းခြင်းနှင့် မန္တရားများကို လေ့လာခဲ့သော ငရဲဘုရင်နှင့် မတူပေ။
ခွေးဘုရင် မျက်လုံးများကို ဖွင့်လိုက်သည်။
သူဘာမှ မလုပ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကျင်းကျောင်းမှ ဤသို့ပြောလိုက်သည့်အခါတွင် သူသည်းမခံနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် မဟာနိယာမလမ်းကြောင်းအဆင့်ရှိသည့် တည်ရှိမှုကိုပင် ဝါးမျိုနိုင်သည်။
" တကယ်လို့ ကျိန်စာသာ လွတ်မြောက်သွားရင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး ငရဲဖြစ်သွားပြီး လူတွေသေကြေပြီး အရာအားလုံး ပျက်စီးကုန်လိမ့်မယ် ..."
ကျင်းကျောင်း မည်းမှောင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
ပုဖန် မျက်မှောင်ကြုတ်နေသည်။
နယ်သာရီရဲ့ကိုယ်မှာ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ကျိန်စာ ရှိနေတာလား ...
ဒါပေမဲ့ ...
" အဲ့တော့ရော ဘာဖြစ်လဲ ... မင်းတို့ သူမကို ပြန်ခေါ်သွားတော့ရော ကျိန်စာကို နှိမ်နင်းနိုင်လို့လား ..."
ပုဖန် အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။
ထိုစကားများကို ကြားရသောအခါ နယ်သာရီ စိတ်လှုပ်ရှားသွားရသည်။ သူမ၏ အနက်ရောင် မျက်လုံးများမှာ တလက်လက် တောက်ပနေသည်။
ဤစကားဝိုင်းထဲသို့ ဝင်မပါချင်သည့်ပုံဖြင့် ခွေးဘုရင် လျှာကိုထုတ်ပြီး သမ်းဝေလိုက်သည်။
" ဝိုး ပိုင်ရှင်ပုက အံ့မခန်းစရာကောင်းအောင် ခန့်ညားတာပဲ ဒီလိုစွမ်းအားကြီးတဲ့ တည်ရှိမှုတွေကိုတောင် သူမကြောက်ဖူး ..."
ကုန်းရှို့ယွင် သူမလက်သီးများကို ဆုပ်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းမေတ္တာကို သူမ ကြည့်နေသကဲ့သို့ ခံစားမိသည်။
" အင်း... ဘာတွေ အရမ်း စိတ်လှုပ်ရှားနေတာလဲ ပုဖန်က သူ့စားသောက်ဆိုင်က စားပွဲထိုးမလေးကို ကာကွယ်ပေးချင်တာ သဘာဝပဲလေ ..."
ရွှမ်ယွမ်ရှားဟွေ့ စိတ်လှုပ်ရှားနေသော ကုန်းရှို့ယွင်ကိုကြည့်ကာ ခေါင်းကုတ်လိုက်သည်။
ကုန်းရှို့ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး စူးရှသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
" ရှင် ပါးစပ်ပိတ်ထား ပိုင်ရှင်ပုက လူကောင်းလေးပါ ရှင့်ရဲ့ညစ်ပတ်တဲ့ အတွေးတွေနဲ့ ဘာလို့ ဒီလိုမျိုး ယူဆလိုက်တာလဲ ..."
ရွှမ်ယွမ်ရှားဟွေ့ ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
ပုဖန်၏ အကြောင်းကို သူနားလည်ပုံအရ နယ်သာရီမှာ သူ၏စားသောက်ဆိုင်မှ ဝန်ထမ်းဖြစ်သဖြင့် သူမဘက်မှရပ်တည်လိုက်သည်မှာ သေချာသည်။
ပုဖန်၏ စကားများကိုကြားပြီး ကျင်းကျောင်း အံ့ဩသွားသည်။ သူ မျက်ဆံကိုလှန်လိုက်ပြီး မည်သို့မျှ ချေပ မပြောနိုင်ပေ။
လော့ကျီး သူမ၏ အနီရောင်နှုတ်ခမ်းများကို စေ့ကာ ပုဖန်ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
" အိုး ဝိုး စိတ်ဝင်စားစရာပဲ ... စားဖိုမှူးငယ်လေးက ငါတို့ရဲ့ ညီမလေး နယ်သာရီကို ကြိုက်နေတာလား ..."
လော့ကျီး မရဏနတ်မင်းဓားကောက်ကို ကိုင်ဆောင်ထားပြီး လေဟာနယ်ထဲတွင် ရပ်နေရာမှ ပုဖန်ဆီသို့ ချဉ်းကပ်လာသည်။
လော့ကျီးထက် ပုဖန်ကပို၍ အရပ်ရှည်သော်လည်း လော့ကျီး၏ခြေတံများက သွယ်လျပြီး ဆွဲဆောင်မှုအားကောင်းသောပုံပေါက်သည်။
" နယ်သာရီက ကျုပ်စားသောက်ဆိုင်က ဝန်ထမ်းပဲ ... ပိုင်ရှင်တစ်ယောက်အနေနဲ့ ဝန်ထမ်းကို ကာကွယ်ပေးရမယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တာပဲ ..."
ပုဖန် သဘာဝကျစွာ ပြောလိုက်သည်။
လှပသော လော့ကျီးနှင့် မျက်နှာချင်းဆိုင်နေရသော်လည်း ပုဖန်၏ မျက်နှာမှာ မပြောင်းလဲသွားပေ။
" ကျွတ် ကျွတ် ကျွတ် ... ဒီခေတ်ကောင်လေးတွေများ ဆင်ခြေတွေ အရမ်းများတာပဲ ... စားဖိုမှူးလေး သေချာနားထောင်နော် နောက်မှ ငါမင်းကို သတိမပေးဘူးလို့ မပြောနဲ့ ဟုတ်ပြီလား ... နယ်သာရီက အင်မတန် ကြမ်းကြုတ်တဲ့ကောင်မလေး သူမနောက်ကို လိုက်မယ်ဆိုရင် သတိထားရမယ် ... အဲ့ဒီ ရူးနေတဲ့ ကောင်မလေးက မင်းရဲ့ စားသောက်ဆိုင်ကို ဖျက်ဆီးလိမ့်မယ် ..."
လော့ကျီး သူမ၏ နှုတ်ခမ်းများကိုအုပ်၍ ရယ်နေသည်။ သူမ အလွန်ရယ်မောနေသဖြင့် ခန္ဓာကိုယ်မှာ တုန်ယင်လာသည်။
ပုဖန် လော့ကျီးကို စိတ်မဝင်စားသကဲ့သို့ ကြည့်ပြီးနောက် အဝေးတွင်ရပ်နေသော ခွေးဘုရင်ကို ကြည့်လိုက်သည်။
" ခွေးဘုရင် ဒီမိန်းမကို လေနဲ့မှုတ်ထုတ်လိုက်လို့ မရဘူးလား ကျုပ် ခင်များကို နံရိုးချိုချဉ်တစ်ပွဲ ပေးပါ့မယ် ..."
ခွေးဘုရင်၏ မျက်လုံးများ အရောင်တောက်သွားသည်။
နံရိုးချိုချဉ် တစ်ပွဲလား ...
" ဝမ်းမြောက်ဝမ်းသာပါပဲ ငါအဲ့မိန်းမကို စတွေ့တည်းက မုန်းနေတာ ငါ့ရဲ့ လှပတဲ့ အမွှေးတွေကို ဆွဲနှုတ်သွားရဲတယ်လေ ..."
လော့ကျီး၏ ရယ်သံများမှာ လည်ချောင်းဝ၌ပင် အေးခဲသွားသည်။ ပုဖန်နှင့် ခွေးဘုရင်၏ ကြားမှ စကားဝိုင်းသည် သူမကို စိတ်ရှုပ်ထွေးသွားစေသည်။
ခွေးဘုရင် သူ၏ လက်ဖဝါးကို မြှောက်ထားသည်ကို မြင်သောအခါ ငိုရှိုက်ကာ ညည်းတွားလျက် မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာသည်။
" ကျွန်မရဲ့အိုင်ဒေါ ရှင့်ရဲ့ သစ္စာအရှိဆုံးပရိသတ်ကို ဒီလို မဆက်ဆံသင့်ဘူးလေ ..."
ခွေးဘုရင်၏ လက်ဖဝါးမှာ ရပ်တန့်သွားသည်။
ပုဖန် ခွေးဘုရင်ကို စောင်းငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
" ကျွန်မရဲ့အိုင်ဒေါ ပြန်စဉ်းစားပါဦး ရှင့်ရဲ့ နံပါတ်တစ်ပရိသတ်နဲ့ နံရိုးချိုချဉ်တစ်ပွဲ ဘယ်ဟာကပို အရေးကြီးလဲ ..."
လော့ကျီး ငယ်ရွယ်၍ ဝမ်းနည်းနေသော ဇနီးမယား ပုံစံဖြင့် ခွေးဘုရင်ကို သနားစဖွယ်ကြည့်နေသည်။
ပရိသတ်တစ်ယောက်လား နံရိုးချိုချဉ်လား ...
ခွေးဘုရင်၏ နှာခေါင်းမှ မီးခိုဖြူများ ထွက်လာသည်။
" ဒါပေါ့ နံရိုးချိုချဉ်က ပို အရေးကြီးတယ် ..."
ခွေးဘုရင် အများကြီး မတွေးတောမိပေ။ မျက်လုံးများ ပြူးကျယ်လျက် ဆုံးဖြတ်ချက် မြန်မြန်ချလိုက်သည်။
ထို့နောက် ...
ဘန်း ...
လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
လော့ကျီး ထိတ်လန့်သွားသည်။ သူမ၏ ခန္ဓာကိုယ် လေထဲသို့ လွင့်ပျံသွားပြီးနောက် မြေကြီးပေါ် ပြုတ်ကျသွားသည်။
ဝှစ် ...
မရဏနတ်မင်းဓားကောက်သည်လည်း သူမဘေးနားရှိ မြေပြင်တွင် စိုက်နေသည်။
လော့ကျီး လုံးဝကို အံ့ဩသွားသည်။ သစ္စာရှိပရိသတ်တစ်ယောက် ဖြစ်ခဲ့သော်လည်း သူမထက် နံရိုးချိုချဉ်တစ်ပွဲက ပိုအရေးကြီးနေခဲ့သည်လား ...
" မင်း သေမျိုးကောင် မင်းပြောတာ ကျိုးကြောင်း မဆီလျော်ဘူး ..."
ကျင်းကျောင်း အေးစက်စွာ ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ငရဲကမ္ဘာအမျိုးသမီးက ငါတို့နဲ့တူတူ ကမ္ဘာမြေအကျဉ်းထောင်ကို လိုက်လာရမယ် အရှင်ယင်းလုံရဲ့ အစွမ်းနဲ့သာဆိုရင် ကျိန်စာကို နှိမ်နင်းနိုင်မှာပါ ..."
သို့သော် ခွေးဘုရင်က နှာခေါင်းရှုံ၍သာ တုံ့ပြန်လိုက်သည်။
" အဲ့ဒီ နံစော်နေတဲ့ နဂါးက ကျိန်စာကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ မင်း အဲ့လို မပြောသင့်ဘူး မင်းရဲ့ဟာသက ငါ့ကို ရယ်ပြီးသေအောင် လုပ်နေတာပဲ ..."
ခွေးဘုရင်၏ အရှင်ယင်းလုံအပေါ် အထင်အမြင်သေးမှုမှာ ကြီးမားလှသည်။
" အရှင်ယင်းလုံ မလုပ်နိုင်ဘူးဆိုရင် ဘယ်သူလုပ်နိုင်မှာလဲ ..."
ကျင်းကျောင်း မေးလိုက်သည်။
" ငါလုပ်နိုင်တယ် ..."
ကျင်းကျောင်း၏ စကားဆုံးသည်နှင့် ပုဖန်ဆီမှ အသံထွက်လာသည်။
ကျင်းကျောင်း စိတ်ရှုပ်ထွေးသွားပြီး ခွေးဘုရင်သည်လည်း နှုတ်ခမ်းကို တွန့်ချိုးလိုက်သည်။
" မင်းက သေမျိုးစားဖိုမှူးတစ်ယောက်ပဲ ကျိန်စာကို ဘယ်လိုထိန်းချုပ်မှာလဲ ..."
ကျင်းကျောင်း ပုဖန်ကို လှောင်ပြောင်လိုက်သည်။
သူ ပုဖန်ကို လှောင်ပြောင်ချင်၍ မဟုတ်သော်လည်း ကမ္ဘာမြေအကျဉ်းထောင်၏ အရှင်သခင် ယင်းလုံနှင့် ယှဉ်လိုက်ပါက ပုဖန်သည် အလွန်အားနည်းသည်။
အလွန် အားနည်းသဖြင့် တစ်ဖက်သား၏ စိတ်ဝင်စားမှုကိုပင် မနှောင့်ယှက်နိုင်ချေ။
အဲ့လို စွမ်းအားမျိုးနဲ့ ကျိန်စာကို ဘယ်လိုနှိမ်နင်းမှာလဲ ...
ကျိန်စာကို ထိန်းချုပ်ဖို့အတွက် သူ့မှာ ဘာပစ္စည်း ရှိလို့လဲ ...
ဝုန်း ...
ကျင်းကျောင်း သူ၏ ခွန်အား အပြည့်ကို ထုတ်ဖော်လိုက်သည်။ လေဟာနယ်တစ်ခုလုံး သူ၏အော်ရာကို ကြောက်ရွံ့နေသကဲ့သို့ တုန်ခါသွားသည်။
သူတို့နှင့် အဝေးရှိ ကုန်းရှို့ပန်နှင့် အခြားသူများ သူတို့၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။
ဒီအော်ရာက ...
အရမ်းဖိနှိပ်ပြီး ကြောက်ဖို့ ကောင်းလွန်းတယ် ...
" မင်း အသက်ရှုကြပ်လာတယ်လို့ မခံစားရဘူးလား ... ခြေထောက်တွေရော တုန်ယင်မနေဘူးလား ... မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ကျိန်စာကို အားပျော့သွားအောင် ဘယ်လိုလုပ်မှာလဲ ..."
ကျင်းကျောင်း သူ၏ခန္ဓာကိုယ်မှ ကြွက်သားများ လှုပ်ရှားလာပြီး ပုဖန်ကို အေးစက်စွာ ကြည့်နေသည်။
သူ၏ ဖိအားကို အသုံးပြုကာ ပုဖန်ကို အညံ့ခံရန် ကြိုးစားနေသည်။
ပုဖန် ခွေးဘုရင်ကို သိသော်လည်း သူ၏ အရည်အချင်းများ လွန်ကဲနေကြောင်း ပြသရမည်ဖြစ်သည်။
ခွေးဘုရင်၏ မျက်လုံးများ မှေးစင်းသွားကာ နှုတ်ခမ်းထောင့်များ ကွေးညွှတ်လာသည်။ သို့သော် သူ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ပေ။
ငရဲကမ္ဘာသင်္ဘောပေါ်တွင် နယ်သာရီ၏ မျက်လုံးနားမှ အစိမ်းရောင် သွေးကြောများ ပျောက်ကွယ်သွားပြီး သူမ၏ လှပသောမျက်လုံးလေး ပေါ်လွင်လာသည်။
စိုးရိမ်နေသော အကြည့်များဖြင့် ပုဖန်ရှိရာဘက်သို့ ကြည့်လိုက်သည်။
ဝုန်း ဝုန်း ...
ကျင်းကျောင်း၏ ဖိအားအောက်တွင် လေထုမှာ တုန်ခါနေပြီး အဆက်မပြတ် ပေါက်ကွဲနေသည်။
ပုဖန် အသက်ရှုထုတ်လိုက်သည်။
လူတော်တော်များများက သူတို့နဲ့ ဂုဏ်သိက္ခာနဲ့ ဖိအားတွေကို အသုံးချပြီး သူ့ကို ခြိမ်းခြောက်ချင်နေရတာလဲ ...
သူ ကျင်းကျောင်းကို တည်ကြည်စွာ ကြည့်နေလိုက်သည်။
ရုတ်တရက် သူ၏ကိုယ်ရှိ အနီရောင်စားဖိုမှူးဝတ်စုံမှ ရောင်ခြည်များ ဖြာထွက်လာသည်။ ထိုအချိန်တွင် ၎င်း၏ မူလ ဖြူနီရောင်မှ ကတ္တီပါရောင်သို့ ပြောင်းလဲသွားသည်။
ထို့နောက် အနီရောင်ငှက်၏ သီချင်းဆိုသံကို လူများ ကြားလိုက်ရသည်။
ပုဖန်၏နောက်တွင် အမွှေးများဖြန့်ကျက်ကာ လေထဲတွင် ဝဲနေသော မီးတောက်အတောင်ပံတစ်ခု ရှိနေသည်။ ထိုအချိန်မှာပင် သူ၏ လက်တစ်ဝိုက်တွင် မီးခိုးများ ပေါ်လာပြီး မဟူရာလိပ်ခုံးဒယ်အိုး လက်ထဲတွင် ပေါ်လာသည်။
" ငါက စားဖိုမှူး တစ်ယောက်ပဲ ငါ့ရဲ့လုပ်ရည်ကိုင်ရည်တွေကို ကြည့်ပြီး ငါ့ကို အကဲဖြတ်ချင်နေတာလား ...မင်းက ဝက်တစ်ကောင်လိုပဲ ..."
ပုဖန်ပြောလိုက်သည်။
သူ၏စကားများကို ကြားသောအခါ ကျင်းကျောင်း အံ့ဩသွားသည်။
အဲ့ဒီအဆင့်နိမ့်သေမျိုး ... သူ ဘာပြောလိုက်တာလဲ ...
ဘန်း ...
ကျင်းကျောင်း ဘာမှမပြောရသေးမီ အနက်ရောင်ဒယ်အိုး သူ၏မြင်ကွင်းထဲတွင် ကြီးမားလာသည်။
ပဲ့တင်သံများနှင့်အတူ အနက်ရောင်ဒယ်အိုး သူ၏ခေါင်းကို ရိုက်သွားသည်။
ကျင်းကျောင်း၏မျက်နှာမှာ အနက်ရောင် ပြောင်းသွားသည်။
မပျက်စီးနိုင်တဲ့ ကျင်းကျောင်းက ဒယ်အိုးနဲ့ အရိုက်ခံရပြီး ကျိုးကြေလုနီးပါး ဖြစ်သွားတယ် ...
ကျင်းကျောင်း သူ၏ ဂျိုကိုကိုင်၍ လေထဲတွင် အော်ဟစ်နေသည်။ နာကျင်မှုသည် အလွန်ပြင်းထန်ပြီး သူ၏အရိုးများထဲသို့ပင် နစ်မြုပ်သွားသည်။
မြေပြင်ပေါ်မှ လော့ကျီး လှည့်လာပြီး မတ်တပ်ထလိုက်သည်။ ထိုအချိန်တွင် သူမ၏မျက်လုံးများကို ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခုက ဖမ်းစားလိုက်သည်။
" အဲ့ဒီစားဖိုမှူးလေးက အရမ်းကြမ်းတမ်းတာပဲ ... ကျင်းကျောင်းကို အဲ့လိုကြီး ရိုက်နှက်လိုက်ဆိုတော့ သူလည်း နယ်သာရီနဲ့ သိပ်မကွာဘူးပဲ ..."
ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ဒယ်အိုးသည် ကျင်းကျောင်းကို လွင့်ထွက်သွားအောင် မပြုလုပ်နိုင်ပေ။
ဒီလူက တကယ်ကို သန်မာတာပဲ ...
အနီရောင်စားဖိုမှူးဝတ်စုံ၏ စွမ်းအားမှာ လျော့နည်းသွားပြီဖြစ်သော်လည်း သူ၏လက်ထဲတွင် မဟူရာလိပ်ခုံးဒယ်အိုး ရှိနေသေးသည်။
" နယ်သာရီရဲ့ ကျိန်စာကို ငါနှိမ်နင်းပေးနိုင်တယ် ငါ့ရဲ့ဟင်းလျာတွေနဲ့ သူမရဲ့ကျိန်စာကို ဖိနှိပ်နိုင်တယ် ..."
ပုဖန် သဘာဝကျကျ ပြောလိုက်သည်။
" မင်း အိပ်ရင်းစကားပြောနေတာလား မင်းရဲ့ဟင်းလျာတွေကသာ သူမရဲ့ ကျိန်စာကို ဖိနှိပ်နိုင်ရင် ကမ္ဘာမြေအကျဉ်းထောင်တစ်ခုလုံး ဘာလို့ ဒုက္ခရောက်နေဦးမှာလဲ ..."
ကျင်းကျောင်း၏ မျက်လုံးမှ မျက်ရည်များ စီးကျလာသည်။
အကယ်၍ ခွေးဘုရင်သာ ထိုနေရာ၌ မရှိခဲ့ပါက သူ၏အမျက်ဒေါသမှာ ပေါက်ကွဲထွက်သွားပြီး သူ့ကိုစော်ကားသော ထိုသေမျိုးကို အပိုင်းပိုင်း ဆုတ်ဖြဲမိလောက်သည်။
သူ့ရဲ့ဟင်းလျာတွေက ကျိန်စာကို ဘယ်လိုနည်းနဲ့ တားနိုင်မှာတဲ့လဲ ... အဲ့ဒီနှစ်က အရင်ငရဲဘုရင်က သူမရဲ့ ကျိန်စာကို တားဆီးဖို့ မသုံးဖူးတဲ့နည်းကို မကျန်တော့ဘူး...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်ကိုတောင် ရှာပြီး ဟင်းလျာချက်ပြုတ်ခိုင်းခဲ့သေးတယ် ဒါပေမဲ့ အဲ့ဒီလူကလည်း ကျိန်စာကို မတားနိုင်ခဲ့ဘူး ...
အခု သူ့ရှေ့မှာရှိတဲ့ စားဖိုမှူးလေးက ကျိန်စာကို တားနိုင်မယ်တဲ့လား ... ဒါက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ဟာသကြီး တစ်ခုလိုပဲ ...
သူ့ရဲ့ အချက်ပြုတ်စွမ်းရည်တွေက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်ထက် သာတယ်လို့ ဒီကောင်လေး တွေးနေတာလား ...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်က အဆင့်မြင့် ချီလင်စားဖိုမှူးဖြစ်ပြီး သူ့ကို အသန်မာဆုံးစားဖိုမှူးလို့ လူသိများကြတယ် ...
...
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ သစ်သားအိမ်လေး၏ ရှေ့တွင် အဝတ်မဲ့နေသော ရွှေရောင်ဆံပင်နှင့်လူက ပုဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
" စိတ်ဝင်စားစရာပဲ ... အဲ့ဒီစားဖိုမှူငယ်လေးက မာနကြီးပေမယ့် ကောင်းသောမာနကြီးခြင်းပဲ သူဒီလောက်တောင် ရူးသွပ်နေမှတော့ အံ့ဩဖွယ်ကောင်းတဲ့ စားဖိုမှူး တစ်ယောက်ပဲ ဖြစ်ရမယ် ..."
စိတ်လှုပ်ရှားနေသော နယ်ပယ်သခင်ကို ကြည့်၍ ယာယာ နဖူးကို ပွတ်လိုက်သည်။
" နယ်ပယ်သခင် အဲ့တာကရူးနေတာ မဟုတ်ပါဘူး ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲနေတာပါ ... အဲ့ဒီနှစ်က မဟာနိယာမလမ်းကြောင်းအုပ်စိုးသူနဲ့အတူ အရှင့်ရဲ့ဟင်းလျာကတောင် ကျိန်စာကို မတားဆီးနိုင်ခဲ့ဘူး အဲ့ဒီစားဖိုမှူးလေး ဒီလိုပြောဖို့ ဘယ်ကသတ္တိတွေ ရလာလဲမသိဘူး ..."
ယာယာပြောလိုက်သည်။
" သူဘာလို့ ပြောလို့ မရရမှာလဲ ..."
နယ်ပယ်သခင် ယာယာ့ကို ကြည့်ပြီး ပြောလိုက်သည်။
" သူ့ရဲ့ စွမ်းရည်ကို ယုံကြည်မှုရှိတာ မကောင်းဘူးလား မင်းသိရမှာက ချီလင်စားဖိုမှူး ဖြစ်လာဖို့ဆိုရင် အချက်အပြုတ်နှလုံးသားလမ်းစဉ် ရှိရမယ် ...မင်းရဲ့စွမ်းရည်မှာ ယုံကြည်မှုမရှိရင် အချက်အပြုတ်နှလုံးသား လမ်းစဉ်ကို ဘယ်လိုဖန်တီးနိုင်မှာလဲ..."
ယာယာ အံ့ဩသွားသည် ။ နယ်ပယ်သခင်၏စကားများမှာ အဓိပ္ပာယ်ရှိလှသည်။ မထင်မှတ်စွာဖြင့် သူမတွင် ဘာမျှပြန်လည်ချေပရန် မရှိပေ။
နယ်ပယ်သခင် သူ၏ရွှေရောင်ဆံပင်ကိုလှန်ကာ ပုဖန်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများမှာ တောက်ပနေသည်။
" ငါ စင်မြင့်ပေါ်တက်ဖို့ အချိန်ရောက်ပြီပဲ အဲ့ဒီစားဖိုမှူးငယ်လေးမှာ တောက်ပတဲ့ အနာဂတ်ရှိတယ်... သူ့ကို ငါ့ရဲ့ လက်ထောက်စားဖိုမှူးအဖြစ် ထားဖို့ ဆန္ဒရှိတယ် သူက အချက်အပြုတ်နှလုံးသား လမ်းစဉ်ကို စုစည်းပြီး ထိပ်တန်း အချက်အပြုတ်ကျွမ်းကျင်မှုရဲ့ တံခါးတွေကို တွန်းဖွင့်နိုင်မယ်လို့ မျှော်လင့်မိတယ် ဟားဟားဟား ..."
နယ်ပယ်သခင် ခါးထောက်လျက် အားရပါးရရယ်မောနေပြီး နတ်ဘုရားအလင်းတန်းများက သူ၏အဝတ်မဲ့ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာသည်။