အပိုင်း ၁၀၁၀
Viewers 53k

အခန်း ၁၀၁၀

နယ်သာရီ၏ ရက်စက်ကြမ်းကြုတ်သောအစ်မကြီး


" ငါ့ကို မယုံဘူးလား ..."


ပုဖန် ကျင်းကျောင်းကို လေးနက်သောအသံဖြင့် မေးလိုက်သည်။


" မင်းမှာ ငါ့ကိုယုံအောင် လုပ်နိုင်ဖို့ ဘာရှိလို့လဲ ..."


ကျင်းကျောင်း ပြန်လည်ချေပလိုက်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်ကတောင် မလုပ်နိုင်တဲ့ကိစ္စကို သူ့လိုမျိုး ပထမအဆင့် မသေမျိုးစားဖိုမှူး တစ်ယောက်က လုပ်နိုင်မယ်တဲ့လား ... ဒီလိုပြောရဲတဲ့ သတ္တိတွေ ဘယ်က ရလာပါလိမ့် ...


ခွေးဘုရင် ဘာမှ ဝင်မပြောပေ။ ကောင်းကင်ပေါ်မှ အပျက်စီးပုံဖြစ်နေသော မြေပြင်ပေါ်သို့ ဆင်းလာသည်။


" ခွေးဘုရင် ပင်ပန်းနေပြီ ငါ့ကို ခဏလောက် နားခွင့်ပေးကြပါဦး ..."


ခွေးဘုရင် ရေရွတ်လိုက်ပြီး မြေပြင်ပေါ် လှဲချလိုက်သည်။ 


အမှန်တကယ်တွင် သူပုဖန်ကို ယုံကြည်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုပုဖန်သည် သူယခင်ကသိခဲ့သော ပုဖန်မဟုတ်သောကြောင့်ပင်။ သူ၏ ချက်ပြုတ်ခြင်းသည် လူအများ၏ ခန့်မှန်းချက်ထက် အမြဲကျော်လွန်နေမည်ဖြစ်ပြီး နောက်ဆုံးတွင် သူတို့ကို အံ့အားသင့်စေမည်သာ ဖြစ်သည်။


ထို့အပြင် နယ်သာရီ၏ ကျိန်စာများကို ပုဖန်၏ဟင်းလျာက မည်သို့နှိမ်နင်းခဲ့သည်ကို ခွေးဘုရင် ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 


ခွေးဘုရင် သိသော်လည်း ဘာမှ‌မပြောခဲ့ပေ။ ပျံသန်းနေခဲ့ရသည့်အတွက် ပင်ပန်းနေပြီဖြစ်သောကြောင့် တိတ်တဆိတ်သာ လှဲလျောင်းနေသည်။


ကျင်းကျောင်းနှင့် အခြားလူများလည်း မြေပြင်ပေါ်သို့ ဆင်းလာကြသည်။


ပုဖန် မဟူရာလိပ်ခုံးဒယ်အိုးနှင့်အတူ အောက်သို့ဆင်းလာပြီး ကျင်းကျောင်းကို ကြည့်နေသည်။


" ကျင်းကျောင်းလူကြီးမင်း ပုဖန်ရဲ့ဟင်းလျာတွေက ကျွန်မရဲ့ ကျိန်စာတွေကို တကယ် နိမ်နင်းပေးနိုင်ပါတယ် ..."


နယ်သာရီ အဝေးရှိ ငရဲကမ္ဘာသင်္ဘောပေါ်မှ ဆင်းပြီး သူတို့ထံ ချဉ်းကပ်လာသည်။ သူမလမ်းလျှောက်လိုက်သည့် အချိန်တိုင်း ခြေတံလေးများက ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေသည်။


သူမ၏ အနက်ရောင်ဝတ်စုံသည် လေထဲတွင် ညင်သာစွာ လွင့်ပျံနေပြီး အနက်ရောင် ရေတံခွန်ကဲ့သို့ ဆံပင်များ လှုပ်ခါသွားကာ ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော အသားအရေကို ပြသပေးနေသည်။


ပန်းချီကားချပ်ထဲမှ ထွက်လာသော မိန်းမပျိုလေးတစ်ဦးကဲ့သို့ ရင်သပ်ရှုမောဖွယ်ကောင်းပြီး လှပနေသည်။


ကျင်းကျောင်း နယ်သာရီကိုကြည့်ပြီး မည်သည့်စကားမျှ မပြောပေ။ 


နယ်သာရီသည် အလွန်လှပလွန်းသည်။ သူမ၏ ရင်သပ်ရှု့မောဖွယ်ကောင်းပြီး သိမ်မွေ့သောမျက်နှာကို မြင်တွေ့ရသောအခါ သူ၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားစေသည့် ရက်စက်ကြမ်းကြုတ်သော မိန်းမ တစ်ယောက်ကို သတိရသွားသည်။


ဓားရှည်တစ်ချောင်းနှင့် ကမ္ဘာမြေအကျဉ်းထောင်ရှိ အင်အားကြီးမိသားစုများ အားလုံးကို တော်လှန်ရဲခဲ့သည်။ အမှန်ပင် ရဲရင့်ထက်မြက်သော အမျိုးသမီးတစ်ဦးပင်။


ကြမ်းကြုတ်ခြင်း လှပမှုနှင့် အေးစက်မှုတို့ကို ထိုထူးဆန်းသော အမျိုးသမီးတွင် တွေ့ရှိနိုင်သည်။ 


သူမ၏ စကားများကို သတိရသွားသောအခါ ကျင်းကျောင်း ငရဲကမ္ဘာအမျိုးသမီးကို မည်သို့ပင် လုပ်ရပါစေ မဖြစ်မနေ ပြန်ခေါ်သွားရမည်ဟု တွေးခဲ့မိသည်။ 


ကျင်းကျောင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ချိုးသွားသည်။ သူ၏ ညီငယ် အဘယ့်ကြောင့် ထိုကြမ်းတမ်းသော အမျိုးသမီးကို တစ်ဖက်သတ်ကြိုက်နေသည်ကို သူနားမလည်ပေ။


သူမသည် ‌ကမ္ဘာမြေအကျဉ်းထောင် အမှောင်မြေခွေးမျိုးနွယ်မှ သေးသွယ်သောခါးနှင့် ဝိုင်းစက်သော တင်ပါးရှိသည့် မိန်းကလေးများနှင့်တူသည်။ သူတို့အားလုံး မိန်းမလှလေးများဖြစ်သည်မှာ အမှန်ပင်။


" ငရဲကမ္ဘာအမျိုးသမီး မင်းရဲ့ကိုယ်ပေါ်က ကျိန်စာနဲ့ဆိုရင် ဒီလူနဲ့တူတူနေတာက ကောင်းတဲ့အဆုံးသတ် ဖြစ်မှာ မဟုတ်ဖူးဆိုတာ သိသင့်တယ် .."


ပုဖန် နယ်သာရီကို ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်မှ ကြွက်သားများ ပြင်းထန်စွာ လှုပ်ရှားသွားသည်။ 


" ငါသူ့အတွက် ပြောပေးနေတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ မင်းကိုယ်ပေါ် မှာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်တဲ့ ကျိန်စာကြီး ရှိနေတယ် အဲ့တာကြောင့် သူ့ကိုချစ်တယ်ဆိုရင် သူ့ဘေးကနေ ထွက်သွားပါ ..."


လော့ကျီး ကျင်းကျောင်းကိုကြည့်ပြီး အံ့ဩသွားသည်။


အဲ့ကောင် ဘယ်တုန်းကစပြီး အချစ်ဂုရုကြီး ဖြစ်သွားတာလဲ ...


သို့သော် သူပြောသည်မှာလည်း မှန်ကန်သည်။


ပုဖန်နှင့် နယ်သာရီ ဘာပြောရမည်မသိ ဖြစ်သွားသည်။


ဒီလူကြီး သူရဲ့ အချစ်ရေးနဲ့ဆိုင်တဲ့ အမြင်တွေကို ဘယ်ကနေ ရလာတာလဲ ...


" ကျွန်မ အမှန်ကို ပြောနေတာပါ ပုဖန်ရဲ့ဟင်းလျာတွေက တခြားသူတွေနဲ့ ကွာခြားတယ် ကျိန်စာကို နှိမ်နင်းပေးနိုင်တယ် ဘာလို့လဲတော့မသိပါဘူး ..."


နယ်သာရီ အေးစက်သော အသံဖြင့် ပြောလိုက်သည်။


ကျင်းကျောင်း မျက်ခုံးများ ပင့်လိုက်သည်။ နယ်သာရီ၏ အကျင့်စရိုက်မှာ ထိုသို့ နောက်ပြောင်တတ်သည့် ပုံစံမျိုးမဟုတ်ပေ။


ဖြစ်နိုင်တာက...


အဲ့ဒီ သေမျိုးရဲ့ ဟင်းလျာက နယ်သာရီရဲ့ ကျိန်စာကို တကယ် ချိုးနှိမ်ပေးနိုင်တာလား ...


အဲ့တာသာ အမှန်ဆိုရင်တော့ တကယ်ကောင်းတာပဲ ...


ကျင်းကျောင်း ပုဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ဝုန်း ဝုန်း ...


ရုတ်တရက်...


ဟင်းလင်းပြင် တုန်ခါသွားသည်။


ကျင်းကျောင်းနှင့် လော့ကျီးတို့၏ အမူအရာများ ပြောင်းလဲသွားပြီး အဝေးကိုကြည့်ရန် တစ်ဖက်သို့ လှည့်လိုက်သည်။


ဟင်းလင်းပြင် အက်ကွဲသွားပြီး ထိုနေရာမှ သိမ်မွေ့သော လက်တစ်စုံထွက်လာသည်။ အက်ရာကို ပိုမိုကွဲအက်အောင် ပြုလုပ်လိုက်ပြီး အက်ကြောင်းအကြီးကြီး ဖြစ်သွားစေသည်။ 


ခဏအကြာတွင် ပုံရိပ်နှစ်ခု ထိုနေရာမှ ထွက်လာသည်။


" ဒီစားဖိုမှူးလေးရဲ့ ဟင်းလျာတွေက ငါ့ညီမလေးရဲ့ ကျိန်စာတွေကို ချိုးနှိမ်နိုင်တယ်လို့ ပြောတာလား အဲ့တာဆိုရင် သူ့ကိုပါ ကမ္ဘာမြေအကျဉ်းထောင်ကို ခေါ်သွားသင့်တယ် ..."


အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အော်ရာဖြင့် ထွက်ပေါ်လာသည်။


သူတို့နှင့် အဝေးတွင် ...


ကုန်းရှို့ပန်နှင့် အခြားလူများ ကြောက်ရွံ့တုန်လှုပ်ကြပြီး ခြေထောက်များ တုန်ရီနေကြသည်။


ထိုပုံရိပ်နှစ်ခု ပေါ်လာသည်နှင့် လေထုထဲတွင် သတ်ဖြတ်လိုသည့် အော်ရာများဖြင့် ပြည့်နှက်သွားသည်။ 


" ဝိုး ... ခက်ထန်လိုက်တဲ့ အော်ရာပဲ ..."


တောက်ပြောင်သော အနက်ရောင် ချပ်ဝတ်တန်ဆာသည် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။ သူမ၏ဆံပင်ကို သတ္တုကွင်းများဖြင့် စည်းထားသည်မှာ ခေါင်းပေါ်တွင် ကြာပွတ်ရှိနေသကဲ့သို့ ဖြစ်နေသည်။


သတ္တုကွင်းတစ်ခုစီသည် သေစေသော အော်ရာများပါရှိကာ သူမ၏ဆံပင်များ လွင့်သွားသည့်အခါတိုင်း ၎င်းတို့သည် ဟင်းလင်းပြင်ကိုပင် ပျက်ပြယ်သွားစေမည့် ပုံပေါ်သည်။


သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦးပင်။


သူမ၏ လှပသော မျက်နှာသည် နယ်သာရီ ထက် မနည်း လှပသည်။ ထို့အပြင် သူတို့သည် တူညီလုနီးပါးပင်။


ထိုအမျိုးသမီး အနက်ရောင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော်လည်း လော့ကျီးနှင့် လုံးဝခြားနားသော ပုံစံနှင့် အမူအရာရှိသည်။


လော့ကျီးသည်လည်း ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ရှိပြီး သူမ၏ အနက်ရောင် ချပ်ဝတ်တန်ဆာဖြင့်ဆိုလျှင် နှစ်လိုဖွယ်ကောင်းပြီး ချစ်စဖွယ်ဖြစ်နေသည်။


ဆန့်ကျင်ဘက်အားဖြင့် ယို့ကျီးသည် ရဲရင့်ပြီး တည်ကြည်ခံ့ညားသောပုံပေါက်သည်။ သူမ၏ ခြေထောက်များပေါ်ရှိ ချပ်ဝတ်တန်ဆာများတွင် သံချပ်ကာများသာပါဝင်ပြီး သူမ၏တင့်တယ်သောပေါင်တံများကို ထင်ရှားစေသည်။


သူရဲကောင်းဆန်နေသော်လည်း နှစ်လိုဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ကို သူမ မဆုံးရှုံးခဲ့ပေ။


" ဝိုး အံ့မခန်းပဲ..."


ဟင်းလင်းပြင်အက်ကွဲရာမှ ထွက်လာသည့် အမျိုးသမီးကို မြင်သောအခါ ကုန်းရှို့ယွင်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ သူမကို စွဲလန်းသွားပုံပေါ်ပြီး မိန်းမောနေကြသည်။


ကုန်းရှို့ယွင် ရွှမ်ယွမ်ရှားဟွေ့၏ မိုက်မဲပြီး နှစ်သက်ကြည်နူးနေသော အကြည့်ကို သတိပြုမိပြီး သူမချက်ချင်းပင် ဒေါသကို ခံစားလိုက်ရသည်။ သို့သော် ထိုဒေါသကို မည်သို့ ဖွင့်ထုတ်ရမည်မှန်း မသိသောကြောင့် သူ၏နှာခေါင်းကို သွားနှိုက်ကာ မျက်လုံးများမှိတ်သွားအောင် ပြုလုပ်လိုက်သည်။


" ရှင် ဘာတွေကြည့်နေတာလဲ ... ရှင့်မှာ ကြည့်ခွင့်မရှိဘူးလေ ..."


ကုန်းရှို့ယွင် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။


ခွေးဘုရင် ထိုပုံရိပ်နှစ်ခုကို ကြည့်လိုက်သည်။


တစ်ယောက်က အမျိုးသမီးဖြစ်ပြီး အခြားတစ်ယောက်မှာ ဦးခေါင်းတွင် ငွေရောင်ဂျိုရှိသည့် ခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ငွေရောင်ဆံပင်များက ပြန့်ကျဲနေပြီး မြင့်မြတ်၍ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို ပေးစွမ်းနေသည်။


သူက ဟိုထိပ်ပြောင် ကျင်းကျောင်းနဲ့ လုံးဝ ဆန့်ကျင်ဘက်ပဲ ...


" ယို့ကျီး ယင်ကျောင်း မင်းတို့ဘာလို့ ဒီရောက်နေတာလဲ ..."


ထိုနှစ်ဦးကို မြင်သောအခါ ကျင်းကျောင်း မတတ်နိုင်ပဲ မေးလိုက်မိသည်။


ယို့ကျီး ကျင်းကျောင်းကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး သူမလက်ကို မြှောက်လိုက်သည်နှင့် ငရဲ စွမ်းအင်တစ်ဆုပ်စာ ပေါ်လာသည်။


ဝီ ...


ကျယ်လောင်သော အသံနှင့်အတူ အဝေးမှ တောက်ပနေသော အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ခဏအကြာ ယို့ကျီး၏ လက်ထဲတွင် အနက်ရောင် ဓားပြားကြီးတစ်ချောင်း ထွက်ပေါ်လာသည်။


ထိုဓားပြားကြီးသည် သူမ၏ ခန္ဓာကိုယ်ထက်ပင် ကြီးမားသည်။ 


ထိုအရာသည် ငရဲဘုရင်အာဟကို အောင်နိုင်ခဲ့သော နတ်ဘုရားလက်နက် ၅မျိုးထဲမှ တစ်ခုဖြစ်သည့် ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးဖြစ်သည်။


" အစ်ကိုကြီးက အရမ်းနှေးတာပဲ ငရဲကမ္ဘာအမျိုးသမီးကို ရှာတွေ့ပြီဆိုကတည်းက ကျွန်တော့်ဘေဘီက မစောင့်နိုင်တော့ဘူး သူမ ဒီကို အခုချက်ချင်း လာချင်နေတာ..."


ယင်ကျောင်း ပြုံးပြလိုက်သောအခါ နူးညံ့ချောမောသည့် ပုံဟုထင်ရသည်။


သို့သော် သူထိုသို့ ပြောလိုက်သည့်အချိန်တွင် ...


ဝှစ် ...


ဓားကြီးတစ်ချောင်း သူ၏လည်ပင်းနားသို့ ရောက်လာသည်။ ၎င်း၏ ဓားသွားမှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အော်ရာသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။


" ဘယ်သူက နင့်ရဲ့ဘေဘီလဲ ..."


ယို့ကျီး အေးစက်စွာ မေးလိုက်သည်။


" ဘေဘီ ဘာတွေပြောနေတာလဲ ကိုယ့်ရဲ့နှလုံးသားက မင်းတစ်ယောက်တည်း အတွက်လေ မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော ဘေဘီပဲ ..."


ယင်ကျောင်း၏အသံတွင် အချစ်များဖြင့် ပြည့်နေသည်။


" ကိုယ်မင်းရဲ့ ရက်စက်တဲ့ မျက်နှာလေးကို ကြိုက် ..."


ဝုန်း ...


ယင်ကျောင်း သူ၏ စိတ်အားထက်သန်လှသော စကားများကို အဆုံးမသတ်မီမှာပင် ထိုဓားပြားကြီးက သူ့အား အလျားလိုက် ပိုင်းဖြတ်သွားသည်။ သူ ငွေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် လဲကျသွားသည်။


" နင့်ရဲ့မျက်ခွက်ကို မမြင်ချင်ဘူး ထွက်သွားစမ်း ..."


‌ယို့ကျီးသည် အလွန် အေးစက်လှသည်။ သူမ၏ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို နောက်တွင်ပြန်ထားပြီး သူမ လွင့်စင်အောင်လုပ်လိုက်သော ယင်ကျောင်းကို လှည့်၍ပင် မကြည့်ချေ။


အဝေးတွင် ကျောက်ခဲများ ပြုတ်ကျလာပြီး ယင်ကျောင်း အပျက်အစီးပုံထဲမှ ထလာသည်။


သူ၏နှာခေါင်းထဲမှ သွေးစက်နှစ်စက် ထွက်ကျလာသည် ။ သူ၏ ငွေရောင်ဆံပင်ကို ပွတ်သပ်ကာ ကြော့ရှင်းသော အမူအရာနှင့် အသွင်အပြင်ကို မဆုံးရှုံးစေရန် ကြိုးစားလ်ိုက်သည်။


" ဘေဘီ မင်းကအရမ်းဆိုးတာပဲ ဒါပေမဲ့ မင်းရဲ့ ရက်စက်တဲ့ မျက်နှာလေးက ချစ်ဖို့ကောင်းတယ် ..."


ကျင်းကျောင်း နဖူးကို ပွတ်လိုက်သည်။ သူသည် ဂုဏ်သိက္ခာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။


ဘာကြောင့်သူ့မှာ အသားနာတာကို သာယာတတ်တဲ့ ညီငယ်တစ်ယောက် ရှိနေရတာလဲ ...


လော့ကျီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ ယာင်ကျောင်းကို ကြည့်လိုက်မိသောအခါ သူမတစ်ကိုယ်လုံး ကြက်သီးများ ထလာသည်။


" ငါ့ရဲ့ အစ်ကိုကြီး ငရဲဘုရင်က အခန့်ညားဆုံး ဖြစ်နေတုန်းပဲ ..."


ထင်ရှားသော ခြေသံများ ဟင်းလင်းပြင်ထဲတွင် ကြားနေရသည်။


မကြာမီ ယို့ကျီး၏ အကြည့်များက နယ်သာရီ့အပေါ်သို့ ကျရောက်လာသည်။ 


နယ်သာရီ၏ တောက်ပနေသော အနက်ရောင် မျက်လုံးများက မလှုပ်ရှားပဲ အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် အမျိုးသမီးကို ကြည့်နေခဲ့သည်။


ဘန်း ...


‌ယို့ကျီး ပုဖန်ကို မရှောင်ပဲ သူ၏ဘေးမှ ဖြတ်သွားသည်။ သူမ၏ ပုခုံးကို ပုဖန်၏ပခုံးနှင့် တိုက်လိုက်ခြင်းက ပုဖန်၏ မျက်ခုံးများကို ပင့်သွားစေသည်။ 


ဒီအမျိုးသမီးက အထက်စီးဆန်ပြီး ရန်လိုလွန်းတယ် ...


သူ ... သူမက နယ်သာရီရဲ့ အစ်မကြီးလား ...


နယ်သာရီ ယို့ကျီးကို ကြည့်လိုက်ပြီး သူမ၏ အမူအရာမဲ့ မျက်နှာမှာ တစ်ချက်ခန့် တုန်လှုပ်သွားသည်။ နောက်ဆုံး သူမ၏ ပါးစပ်ကို ဟပြီး ပြောလိုက်သည်။ 


" အစ်မကြီး ..."


ဝုန်း ...


ကျယ်လောင်သော အသံကြီးက အားလုံးကို ထိတ်လန့်သွားစေသည်။


လေးလံသောဓားပြားကြီးသည် မြေကြီးထဲသို့ ထိုးကျသွားပြီး အပေါက်မှ အက်ကြောင်းများ ကျယ်လာသည်။


ယို့ကျီး၏ လက်မှာ ဓားပြား၏ လက်ကိုင်ကို ကိုင်ဆောင်ထားပြီး နယ်သာရီ့ကို ကြည့်နေသည်။ သူမ၏ အခြားလက်တစ်ဖက်က နယ်သာရီ၏ ခေါင်းကိုဖက်ထားကာ သူမရင်ခွင်ထဲထည့်ထားသည်။


" ကလေးမလေး အိမ်ကို ပြန်လိုက်ခဲ့ပါ ... အဲ့ဒီကျိန်စာကို ငါဖြေဖျောက်ပေးမယ် ..."


သူမ၏ ထိမိသော စကားလုံးများနှင့် ကြီးကျယ်ခမ်းနားသော လှုပ်ရှားမှုများက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။


ပုဖန် အံ့ဩနေသည် ။ ယခုအချိန်တွင် သူဘာလုပ်ရမည်ကို မသိပေ။ 


ရုတ်တရက်...


နယ်သာရီ့ကို ဖက်ထားသော ယို့ကျီး မျက်မှောင်ကြုတ်သွားသည်။ သူမ ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်သည်။


ထိုနေရာတွင် အဖြူရောင်တောင်ပံများနှင့် အဝတ်မဲ့နေသော ကောင်လေးတစ်ယောက် အောက်ကိုငုံ့၍ သူတို့ကို စောင့်ကြည့်နေသည်။


" မင်း ဘာကြည့်နေတာလဲ ..."


ယို့ကျီး၏ အသံမှာ အေးစက်နေသည်။ ခဏအကြာ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကိုင်ဆောင်၍ ကောင်းကင်ရှိ ထိုကောင်လေးဆီသို့ ပစ်လိုက်သည်။


ဝုန်း ...


ဟင်းလင်းပြင်မှာ အုန်းခနဲ မြည်သံများဖြင့် အက်ကွဲသွားသည်။


သူမ၏ လှုပ်ရှားမှုမှာ ရုတ်တရက် ဆန်လွန်းသည့်အတွက် ထိုကောင်လေး မရှောင်နိုင်ပဲ နှစ်ခြမ်းကွဲထွက်သွားသည်။


နှစ်ခြမ်းခွဲခံရသော ကောင်လေး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အသီးတစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာမှ မွှေးကြိုင်သော သစ်သီးရည်များ ထွက်လာသည်။


နေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။


" ဝိုး ငါ့ရဲ့ဘေဘီက အံ့မခန်းပဲ ..."


ယင်ကျောင်း သွေးထွက်နေသော နှာခေါင်းကိုပွတ်၍ အရူးအမူးဖြစ်နေသည်။


" ကလေးမလေး မကြောက်ပါနဲ့ ဒါကငါ့ရဲ့ ထူးဆန်းတဲ့ အကျင့်တစ်မျိုးပဲ လူတွေ ငါ့ကိုချောင်းကြည့်နေတာကို အရမ်းမုန်းတယ် တကယ်တော့ ငါကအရမ်း ငြင်သာပါတယ် ..."


နယ်သာရီ၏ ဦးခေါင်းကိုမ၍ သူမကို စစ်ဆေးကြည့်လိုက်ပြီး သူမခေါင်းကို ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် ပြန်ထည့်လိုက်သည်။ 


ငရဲကမ္ဘာသင်္ဘောပေါ်တွင် မဟူရာနဂါးဘုရင် အိပ်ပျော်နေသော ပန်းပွင့်လေးကို ကာကွယ်ပေးနေသည်။ ယို့ကျီးဟူသောအမည်နှင့် ကြမ်းတမ်းပြီး ခန့်ညားထည်ဝါသော အမျိုးသမီးကို ကြည့်၍ သူ၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


နယ်သာရီ ဘာကြောင့် ကြမ်းတမ်းနေရသည်ကို သူသိသွားပြီဖြစ်သည်။ သူမထံတွင် ကြမ်းတမ်းသော ဗီဇများ ပါလာသည်။


သူမမှာ သောက်ရမ်းကြမ်းတဲ့ အစ်မတစ်ယောက် ရှိတာကိုး ...


အချိန်ခဏ ကြာပြီးနောက် ...


‌ယို့ကျီး နယ်သာရီ့ကို လွတ်ပေးလိုက်သည်။ တစ်ဖက်သို့လှည့်၍ သူမ ပုဖန်ကို တည့်တည့်ကြည့်လိုက်သည်။


" မင်း မင်းက ကျိန်စာကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ စားဖိုမှူးလား ..." 


ပုဖန် အေးခဲသွားသည်။ အနောက်သို့လှည့်၍ စစ်ဆေးပြီး ခေါင်းငြိမ့်ပြလိုက်သည်။


" အခြားသူကို မေးနေတာ မဟုတ်ဖူးဆိုရင်တော့ ကျွန်တော်ပါပဲ ..."


" ကောင်းတယ် ..."


ယို့ကျီး ပြုံးလိုက်သည်။


ထို့နောက် သူမ၏ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကိုင်လိုက်သည်။ ဓားဖျားက ပုဖန်ကို ချိန်ရွယ်ထားလျက် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။


" ဒါဆိုရင် မင်း ငါ့ညီမလေးနဲ့အတူ ကမ္ဘာမြေအကျဉ်းထောင်ကို လိုက်လာသင့်တယ် ..."


...


မသေမျိုးသစ်ပင်၏ အထွဋ်အထိပ် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမမြောက်အလွှာတွင်


သစ်သားအိမ်လေးရှေ့မှ လေထုသည် အနည်းငယ် ကမောက်ကမ ဖြစ်နေသည်။


" ငါ့ ငါ့ရဲ့ညီငယ် ဂျင်ဆင်းသီးလေး ကြမ်းတမ်းလိုက်တဲ့ မိန်းမကြီး ..." 


ဆံပင်ရွှေရောင်နှင့်လူ ဝမ်းနည်းပူဆွေးကာ မျက်နှာကို ဖုံးအုပ်ပြီး အော်ဟစ်နေသည်။


ယာယာ ဘာပြောရမည်မသိ ဖြစ်နေသည်။


" သွား သွား သွား ... ငါတို့ အခုချက်ချင်း ထွက်မှ ဖြစ်မယ် ငါအဲ့မိန်းမနဲ့ စကားနည်းနည်း ပြောမှဖြစ်မယ် ငါ့ရဲ့ညီ ဂျင်ဆင်းသီးလေးကို သူဘာလို့ ဓားနဲ့ ခုတ်ပစ်ရတာလဲ သူကအပြစ်ကင်းပါတယ် ..."


ဆံပင်ရွှေရောင်နှင့်လူ မျက်ရည်များဝဲကာ ဝမ်းနည်းနေသည့် အသံဖြင့် ပြောလိုက်သည်။


ယာယာ စိတ်ရှုပ်ထွေးနေသည်။


ခဏအကြာတွင် ထိုအမျိုးသား ပျောက်ကွယ်သွားပြီး သစ်ပင်၏ ထိပ်ဖျားတွင် ပြန်ပေါ်လာသည်။


လေပြင်းများ အဆက်မပြတ် တိုက်ခတ်ပြီး ထိုလူ၏ဆံပင်များ လေထဲတွင် လွင့်ပျံနေသည်။


" လေက ခံစားလို့ အရမ်းကောင်းတာပဲ စိတ်ထဲ ခံစားသွားရပြီ ဒါက အဖော်အချွတ်အနုပညာပဲ ..."


ဆံပင်ရွှေရောင်နှင့်လူ စိတ်အားထက်သန်စွာ ပြောလိုက်သည်။ 


ထို့နောက် ယာယာ၏ အလွန်အမင်း အံ့ဩနေသော မျက်နှာရှေ့သို့ ခုန်ချကာ ဒူးကို ဖက်ထားလိုက်သည်။


သူ၏ အဝတ်မဲ့ ခန္ဓာကိုယ်သည် နတ်ဘုရားအလင်းဖြင့် တောက်ပနေသော နေလုံးအငယ်လေးနှင့်တူနေသည်။ လေထဲတွင် တစ်ကြိမ်ခန့် ကျွမ်းထိုးပြီးနောက် တစ်ခါတည်း ခုန်ချသွားသည်။ 


ချီးပဲ 


"နယ်ပယ်သခင် ... အရှင်မင်းကြီး အဲ့ဒီကို ကိုယ်တုံးလုံးကြီးနဲ့ မသွားနဲ့လေ ..."


ယာယာ၏မျက်နှာ အလွန်ပြောင်းလဲသွားကာ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာသည်။


အချိန်မဖြုန်းပဲနှင့် သူမ၏ မြန်မြန်လှုပ်ရှားလိုက်သည်။ သူမ၏ လှပသော ကိုယ်လုံးပေါ်တွင် ဝတ်ရုံရှည်ကို အမြန်ဝတ်ဆင်လိုက်ပြီး သူ၏နောက်မှ လိုက်သွားသည်။