အပိုင်း ၁၀၁၁
Viewers 53k

အခန်း ၁၀၁၁

ကောင်းကင်မှ ကျလာသော နှာဘူးတစ်ယောက်


ဝုန်း ...


ကြောက်မက်ဖွယ်ကောင်းသော ဓားပြားကြီး ကျယ်လောင်စွာ လွင့်ပျံသွားပြီး မြေပြင်ကိုပင် ခုတ်ပိုင်းပစ်နိုင်လောက်သည်။ 


တည်ကြည်ခန့်ညားသော အော်ရာဖြင့် ထိုဓားကြီး၏ထိပ်ဖျားက ပုဖန်ကို ချိန်ရွယ်ထားသည်။


" အခုပဲ ကမ္ဘာမြေအကျဉ်းထောင်ကို သွားကြမလား ..."


နယ်သာရီနှင့် ခပ်ဆင်ဆင်တူနေသော ယို့ကျီးကို ပုဖန်ကြည့်၍ မျက်ခုံးများ ပင့်သွားသည်။


သူ ကမ္ဘာမြေအကျဉ်းထောင်ကို သွားမှာပါ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူးလေ ...


ပုဖန် တွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းခါလိုက်သည်။ 


" ကျုပ်အတွက် ကမ္ဘာမြေအကျဉ်းထောင်ကို သွားဖို့အချိန် မဟုတ်သေးဘူး ..."


" မင်းမှာ ရွေးချယ်ဖို့ အခွင့်အရေး ရှိတယ်များထင်နေလား ..."


ယို့ကျီး မျက်မှောင်ကြုတ်လိုက်သည်။ ပုဖန် ငြင်းမည်ဟု သူမ မထင်ထားပေ။ 


" ရွေးချယ်စရာ မလိုပါဘူး နယ်သာရီ့ကို ကျုပ်ရဲ့ စားသောက်ဆိုင်မှာပဲ နေခွင့်ပြုလိုက်ပါ ကျိန်စာကို သူ့အလိုလို နှိမ်နင်းပြီးသား ဖြစ်သွားလိမ့်မယ် တကယ်လို့ ကျုပ်ကို မင်းတို့တွေနဲ့ ကမ္ဘာမြေအကျဉ်းထောင်ကို တူတူသွားစေချင်ရင်တော့ ဟမ်း... ဖရဲသီးကို စောစောခူးတဲ့အခါ မှည့်လည်း မမှည့် ချိုလည်းမချိုနိုင်ဘူးလို့ပဲဆိုကြပါစို့ ..."


ပုဖန် ခေါင်းခါလိုက်သည်။ ထိုအမျိုးသမီးနှင့် စကားနိုင်လုရန် သူအရမ်းပျင်းနေသည်။


ထို့နောက် သူ့စိတ်ထဲ တစ်ချက်တွေးလိုက်သောအခါ မဟူရာလိပ်ခုံးဒယ်အိုး ပေါ်လာသည်။


ဝုန်း ...


ယို့ကျီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ၏ ခန္ဓာကိုယ် အလိုလိုလှုပ်ရှားသွားပြီး ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်လောက်သည့် ဓားပြားကြီး ပုဖန်ဆီသို့ ချိန်ရွယ်ထားသည်။ 


သူမ၏ဓားကို အောက်ဘက်သို့ ထိုးချလိုက်သောအခါ ကောင်းကင်တစ်ခုလုံးကို သန့်စင်သွားစေနိုင်သည့် ပြင်းထန်သော ဖိအားတစ်ခု ရောက်ရှိလာသည်။


လေးလံသော ဓားကြီး ဖြတ်သန်းလာသဖြင့် ဟင်းလင်းပြင်သည်ပင် အပိုင်းပိုင်းဖြစ်သွားသည်ဟု ထင်ရသည်။ 


သူမ၏ ထိုးနှက်မှုသည် ပုဖန်ကိုသတ်ရန် ကြိုးပမ်းမှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။


ပုဖန် လက်နောက်ပစ်ထားပြီး အနီရောင် စားဖိုမှူးဝတ်စုံလည်း လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။ 


အရေးမစိုက်သော မျက်လုံးများဖြင့် မြင်ကွင်းထဲတွင် တဖြည်းဖြည်းကြီးလာသော ဓားကြီးကို ကြည့်နေသည်။


ပတ်ဝန်းကျင်မှလူများ အေးစက်သောလေကို ရှုရှိုက်လျက် အော်ဟစ်နေကြသည်။


ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့၏ မျက်လုံးများ ပြူးကျယ်ကုန်သည်။


ပိုင်ရှင်ပု ဒီနေရာမှာ သေချင်နေတာလား ... အဲ့ဒီမိန်းမရဲ့ ဓားချက်အောက်မှာ ‌တကယ် သေချင်နေတာလား ...


ယင်ကျောင်းနှင့် ကျင်းကျောင်းလည်း ကြည့်နေကြသည်။


နယ်သာရီ၏ မျက်လုံးများ မှေးမှိန်နေပြီး မလိုလားမှုအပြည့်ဖြစ်နေသည်။


ယို့ကျီး၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အော်ရာများ ထုတ်လွှတ်နေပြီး သွေးပင်လယ်နှင့် အလောင်းတောင်ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။


သူတို့နှင့် အဝေးတွင် ...


ခွေးဘုရင် သမ်းဝေလိုက်ပြီး မြေကြီးပေါ်တွင် လှဲ‌လျောင်းနေဆဲ ဖြစ်သည်။ လျှာထုတ်၍ သူ၏နှုတ်ခမ်းများကို လျက်နေသည်။ 


သို့သော် သူ၏အကြည့်များမှာ နက်နဲနေသည်။


ဝှစ် ...


ပြင်းထန်သောလေ တိုက်ခတ်လာပြီး ပုဖန်၏ အနီရောင် စားဖိုမှူး ဝတ်စုံကို လွင့်ပျံနေစေသည်။ 


သူနှင့် သုံးလက်မခန့် အကွာအဝေးတွင် တောက်ပသော အမည်းရောင် ဓားပြားကြီးတစ်ခု ရပ်တန့်နေပြီး ထပ်မံမရွေ့လျားတော့ပေ။


ပုဖန်၏ မျက်နှာသေကြီး အံ့ဩသွားပုံရပြီး ထိုအမျိုးသမီးကို သံသယဝင်စွာ ကြည့်နေသည်။


" မင်း သတ္တိရှိသားပဲ ..."


ဒုန်း ...


ယို့ကျီး၏ဓား မြေပြင်ပေါ်သို့ တစ်ဖန် ကျသွားပြန်သည်။ ပုဖန်ကိုကြည့်ပြီး သူမ ကျေနပ်နေပုံရသည်။


" မင်းရဲ့ အမူအရာက ငါ့ရဲ့ဓားနဲ့ ရင်ဆိုင်နေရတာတောင် မပြောင်းသွားဘူး မဆိုးပါဘူး ငါဆိုတဲ့ ယို့ကျီးက လူတွေကို ဘယ်တော့မှ တွန်းအားမပေးဘူး မင်း ကမ္ဘာမြေ အကျဉ်းထောင်ကို မသွားချင်ရင် သွားစရာမလိုပါဘူး ငါ့ညီမလေးက မင်းကိုယုံတယ်ဆိုတော့ ငါလည်းမင်းကို ယုံပါတယ် ငါ့ညီမလေးရဲ့ ကျိန်စာကို ပျက်ပြယ်သွားတဲ့အထိ တားဆီးပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် ..."


ပုဖန် အံ့ဩသွားသည်။


ဒီမိန်းမ သူ့သဘောထားကို အဲ့လောက်မြန်မြန် ပြောင်းလိုက်တယ်ပေါ့ ...


မကြာသေးမီက သူမ သူ့ကို သတ်ရန် ကြံရွယ်နေခဲ့သည်။ ယခု သူ့ကို ပြုံးပြနေသည်။


သူမက ရူးနေတာပဲ ...


" ဘာပဲဖြစ်ဖြစ် သူမရဲ့ကျိန်စာကို ပျောက်ကင်းသွားအောင် မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ငါ့ရဲ့ဓားက သေချာပေါက် မင်းရဲ့ အရိုးနဲ့အသား တစ်ခြားစီဖြစ်အောင် ဖြတ်ပေးမှာပါ ..."


ယို့ကျီး သတိပေးလိုက်သည်။


အဝေးတွင် ...


ကျင်းကျောင်း မျက်ခုံးများ ပင့်လိုက်သည်။


ယို့ကျီးက လက်လျှော့လိုက်တာလား ...


ငရဲကမ္ဘာအမျိုးသမီးကို ကမ္ဘာမြေအကျဉ်းထောင်ကို ပြန်မခေါ်သွားဘူးလား ...


" ဝိုး ငါ့ရဲ့ဘေဘီက လူတွေကို နားလည်တဲ့နေရာမှာ အရမ်းတော်တာပဲ ချစ်စရာကောင်းလိုက်တာ ..."


ယင်ကျောင်း ချီးကျူးနေသည်။ 


လော့ကျီး မြေပြင်ပေါ်မှ ထလာပြီး သူမ၏ မရဏနတ်မင်းဓားကောက်ကို ပခုံးပေါ်တင်လိုက်ကာ ဖုန်များကို ခါနေသည်။


" သူမကို ပြန်မခေါ်သွားတော့ဘူးလား အရှင်ယင်းလုံမေးရင် ဘယ်လိုပြန်ဖြေမှာလဲ ..."


လော့ကျီး ယို့ကျီးကို ကြည့်ကာ မေးလိုက်သည်။


ယို့ကျီး ပြုံးပြလိုက်သည်။


" ဘာလို့ ငါက သူ့ကို ပြန်ဖြေနေရဦးမှာလဲ ယို့ကျီးအလုပ်လုပ်ရင် ဘယ်သူ့ကိုမှ ရှင်းပြနေစရာ မလိုဘူး ..."


လော့ကျီးပြုံးပြလိုက်သည်။


အင်း ... အဲ့လိုထပ်လုပ်ပြန်ပြီ ...


" တကယ်လို့ ငါကိစ္စတွေကို ကိုင်တွယ်တာ သဘောမကျဘူးဆိုရင် အရှင်ယင်းလုံကိုယ်တိုင် ဒီကိုလာလို့ရတယ် သူနဲ့တိုက်ခိုက်ဖို့လည်း ငါမကြောက်ဖူး ..." 


ယို့ကျီး သူမ၏ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကိုင်တွယ်၍ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် မကြောက်မလန့် ပြောခဲ့သည်။ 


" မဆိုးဘူး ကောင်မလေး ခွေးဘုရင် မင်းကို သဘောကျတယ် ..."


ခွေးဘုရင် ယို့ကျီးကို ‌သဘောကျနေသည်။ 


ယို့ကျီး တစ်ခဏတာ အံ့အားသင့်သွားသည်။ တစ်ဖက်သို့ လှည့်လိုက်သောအခါ မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ခွေးနက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။


သူမ စူးစိုက်ကြည့်နေပြီးနောက် မည်သူမည်ဝါဖြစ်ကြောင်း သတိရသွားခဲ့သည်။


" အိုး သခင်ကြီး ..."


ယို့ကျီး လေးစားစွာ ပြောလိုက်သည်။ 


" ငါ နည်းနည်း စကားများချင်စိတ် ဖြစ်နေတဲ့အတွက် နည်းနည်းပြောပြမယ် ပုဖန်ရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုက အရမ်းကို အထူးတလည်ပဲ သူရဲ့ဟင်းလျာတွေနဲ့သာဆို နယ်သာရီရဲ့ ကျိန်စာကို နှိမ်နင်းနိုင်တယ် ခွေးဘုရင်ကိုယုံရင် နယ်သာရီကို ပုဖန်နဲ့ နေခိုင်းလိုက်ပါ မဟုတ်ရင်တော့ မင်းနဲ့တူတူ ခေါ်သွားလို့ရတယ် ..."


ခွေးဘုရင် ပြောလိုက်သည်။


သို့သော် ခွေးဘုရင် ထိုသို့ ပြောလိုက်သည့်အချိန်တွင် ...


ယို့ကျီးသူမ၏ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကိုင်ဆောင်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ 


" ခွေးဘုရင်က ဒီလိုပြောတယ်ဆိုတည်းက မလိုအပ်တော့ပါဘူး ကလေးမလေး ဒီမှာပဲ နေခဲ့တော့ ..."


ယို့ကျီး ရုတ်တရက် သူမ၏ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကောင်းကင်သို့ ထိုးစိုက်လိုက်ပြီး ကြွေးကြော်လိုက်သည်။ 


" ခွေးဘုရင်ကို ယုံကြည်ပါတယ် ထာဝရ အသက်ရှင်ပါစေ ..." 


နယ်သာရီနှင့် ပုဖန် ဆွံ့အသွားသည်။


ကျင်းကျောင်း သူ၏မျက်နှာကို အုပ်ထားသည်။


ယင်ကျောင်း နှစ်လိုဖွယ်ကောင်းသော မျက်နှာဖြင့် သူမအား ချစ်စဖွယ်မျက်လုံးများဖြင့် ကြည့်နေသည်။


လော့ကျီး မျက်လုံးထဲတွင် ကြယ်များပြည့်နှက်နေသကဲ့သို့ တောက်ပလာသည်။ သူမသည်လည်း မရဏနတ်မင်းဓားကောက်ကို ကိုင်ဆောင်ပြီး အော်ဟစ်လိုက်သည်။


" ခွေးဘုရင်ကို ယုံကြည်ပါတယ် ထာဝရ အသက်ရှင်ပါစေ ..." 


ကျင်းကျောင်း စိတ်ရှုပ်ထွေးသွားသည်။ 


‌ဒီခွေးဝကြီးက ဘာလုပ်ထားလို့တုန်း ...အဲ့ဒီမိန်းမနှစ်ယောက်ကို လက်ဖဝါးနဲ့ ရိုက်ထားတာလား ...


" ခွေးဘုရင်ကို ယုံကြည်ပါတယ် ထာဝရ အသက်ရှင်ပါစေ ဟုတ်လား မဆိုးပါဘူး ခွေးဘုရင် သဘောကျတယ် ..."


ခွေးဘုရင် သူ၏ခေါင်းကို မြေပေါ်တွင် ပြန်လှဲလိုက်ပြီး ပြုံးနေသည်။


ရုတ်တရက် ...


ခွေးဘုရင် ခေါင်းမော့ပြီး ကောင်းကင်သို့ ကြည့်လိုက်သည်။


အနက်ရောင်တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ညည်းငြူသံကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။


ခဏအကြာတွင် ဖိအားတစ်ခုက နေရာတစ်ခုလုံးကို ပြည့်လျှံသွားစေသည်။


ဘာတွေဖြစ်နေတာလဲ...


လူတိုင်း အံ့ဩသွားကြသည်။


ကျင်းကျောင်း ယင်ကျောင်း လော့ကျီးနှင့် ယို့ကျီးတို့ ခေါင်းမော့၍ ကောင်းကင်သို့ ကြည့်လိုက်သည် ။ သူတို့ကို ကြည့်ရသည်မှာ တင်းမာနေပုံရသည်။


တစ်စုံတစ်ခု ကောင်းကင်ပေါ်မှ ကျဆင်းလာတော့မည်ဟု ထင်ရသည်။


" အရမ်းကြောက်ဖို့ကောင်းတဲ့ အော်ရာပဲ ..."


ယို့ကျီး သူမ၏ ဓားပြားကြီးကို ကိုင်ဆောင်လျက် မျက်မှောင်ကြုတ်ထားသည်။


ကျင်းကျောင်း၏လက်ထဲတွင် ဧရာမ ရွှေရောင်ဘူးသီး ပေါ်လာပြီး ယင်ကျောင်း၏ လက်ထဲသို့ ထည့်လိုက်သည်။ 


ဝုန်း ...


ကျယ်လောင်သော ပေါက်ကွဲသံကြောင့် တစ်စုံတစ်ရာ ကွဲကြေသွားသလိုပင် ခံစားလိုက်ရသည်။ ထို့နောက် ကောင်းကင်၌ ဧရာမအပေါက်ကြီးကို တွေ့လိုက်ရသည်။


အနက်ရောင် တိမ်တိုက်များ လှည့်ပတ်ကာ ထိုတွင်းကို ဝိုင်းရံပြီး ကြီးမားသော ရေဝဲကြီးအဖြစ် ပြောင်းလဲသွားသည်။


ဤဖြစ်စဉ်မှာ အလွန်အံ့ဩစရာ ဖြစ်ခဲ့သည်။


ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။


အဲဒီအပေါက်… ကြောက်စရာကောင်းတဲ့ တည်ရှိမှုက ဒီနေရာကို ရောက်လာမှာလား ...


ဝီ ...


ထူးဆန်းသော စွမ်းအင်လှိုင်းများ ကျယ်ပြန့်လာသည်။ ခဏအကြာတွင် ထိုတွင်းနက်ကြီးထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။


ရွှေရောင်အလင်းတန်းသည် ဥက္ကာပျံကဲ့သို့ လွင့်ထွက်ကာ မြေပြင်ပေါ်သို့ လျင်မြန်စွာ ထိုးဆင်းသွားသည်။


ဝုန်း ...


၎င်း၏ အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ကောင်းသော ပွတ်တိုက်မှုကို ဖြစ်စေခဲ့ပြီး လမ်းတစ်လျှောက်တွင် ရွှေရောင်အလင်းတန်းများ မီးတောက်သွားစေသည်။


ရွှေရောင် အလင်းတန်းများ ကောင်းကင်ကို ဖြတ်ကျော်လာချိန်တွင် အားလုံး ညှို့ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ 


အဲ့ဒီနောက်တွင် ...


ထိုရွှေရောင် အလင်းတန်းကြီး လေထဲတွင် ရပ်တန့်သွားသည်။ 


သူ၏ဒူးကို ဖက်ထားသော ပုံရိပ်တစ်ခု လေထဲတွင် လှည့်ပတ်နေသည်ကို မြင်နိုင်ကြသည်။


သူ၏ ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေပြီး သူ၏နောက်တွင် အမည်းရောင်တိမ်တိုက်များက လိုက်ကာကဲ့သို့ ဖြစ်နေသည်။


ဒီလို ပွဲဦးထွက်လာပုံက သာမန်မဟုတ်ဖူး ...


ဝုန်း ...


ထိုပုံရိပ် မြေကြီးပေါ်သို့ ရောက်လာသောအခါ မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားသည်။ ထိုအချိန်တွင် ကောင်းကင်တွင် တိမ်မည်းများ ကင်းစင်သွားပြီး ကြည်လင်လာသည်။


" အား အဖော်အချွတ်အနုပညာကို တိုက်ရိုက်ခံစားရတာ ကြောက်မက်ဖွယ် အတွေ့အကြုံကြီးပဲ ... ဂါရဝပြုပါတယ် ဂုဏ်သရေရှိ အမျိုးသားအမျိုးသမီးများခင်ဗျား ချစ်လှစွာသော အရှင်သခင် တိထိုက် ရောက်ရှိလာပါပြီ ..."


သူရောက်ရှိလာကြောင်း ဟိတ်ကြီးဟန်ကြီး ကြေငြာလိုက်သောအခါတွင် သူ၏ရွှေဆံနွယ်များသည် ရွှေရောင်အလင်းတန်းများဖြင့် ပျံဝဲနေပြီး ဖြူစင်သောအသားအရေနှင့် သွယ်လျသောခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။


အကုန်လုံး ထိတ်လန့်ပြီး မေးရိုးများ ပြုတ်ကျမတတ်ဖြစ်သွားသည်။ 


သူ၏ ခွကြားတွင် အလွန်စူးရှ တောက်ပသော အလင်းတန်းကြီး ရှိနေပြီး လူများကို မျက်စိစူးစေခဲ့သည်။ 


ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ နှာဘူးကြီးလား ...


အားလုံး ဘာပြောရမည်မသိ ဖြစ်နေသည်။


ဒီ ကိုယ်တုံးလုံးနဲ့ အရူးက ဘယ်က ရောက်လာတာတုန်း ...


ထိုလူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အားလုံး၏ ထိတ်လန့်ပြီး မေးရိုးများ ပြုတ်ကျမတတ်ဖြစ်နေသော အမူအရာများကို မြင်၍ အလွန်ကျေနပ်သွားသည်။ သူ၏ အဖော်အချွတ်အနုပညာတွင် နစ်မြုပ်နေကြသည်ဟု သူထင်လိုက်သည်။


ထို့နောက် သူ၏ ကိုယ်နေဟန်ထားကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။


သူ၏လက်တစ်ဖက်က ခွကြားကို အုပ်ထားပြီး ကျန်လက်တစ်ဖက်က သူ၏နဖူးကို ထောက်ထားကာ ကွေးညွှတ်နေသည်။


" မင်းတို့ရဲ့ လေးစားအားကျမှုတွေက အရှင်မင်းကြီး တိထိုက်ကို ပျော်ရွှင်စေတယ် ... မင်းတို့အတွက် တိထိုက် အကောင်းဆုံး ကြိုးစားပေးမယ် ..."


ဘုန်း ...


သို့သော် ထိုစကားကို ပြောလိုက်သည့် အချိန်မှာပင် ခွေးလက်ဖဝါးတစ်ခု ဟင်းလင်းပြင်ထဲတွင် ပေါ်လာပြီး သူ့အား အညှာတာကင်းမဲ့စွာ ရိုက်ချလိုက်သည်။


ဝုန်း ...


ရွှေရောင်ဆံပင်နှင့် လူမှာ တစ်နေရာရာသို့ လွင့်ထွက်သွားပုံရသော်လည်း သူ၏အသံမှာ လေထဲတွင် ပြန့်နှံနေဆဲဖြစ်သည်။


ဟင်းလင်းပြင် ပေါက်ကွဲသွားပြီး ကျယ်လောင်သော မြည်သံများထွက်လာသည်။ ဤသည်မှာ ထိုလက်ဖဝါး မည်မျှ ကြောက်ဖို့ကောင်းသည်ကို ပြသနေသည်။


အားလုံး မှင်တက်သွားပြီး ခွေးဘုရင်ကို အံ့သြသောမျက်နှာဖြင့် ကြည့်နေကြသည်။


" အင်း သူကတော့ အရင်လို နှာဘူးတစ်ယောက်ပါပဲ ခွေးဘုရင် ဒေါသထွက်လာပြီ သည်းမခံနိုင်တော့ဘူး ..." 


ခွေးဘုရင်၏ ငြင်သာ၍ ဆွဲငင်မှုရှိသောအသံမှာ ပဲ့တင်ထပ်နေသည်။


သူတိူ့၏ နှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။


ခွေးဘုရင် ရိုက်ထုတ်လိုက်သော ပုံရိပ်ကို ပုဖန် တည်ကြည်စွာ ကြည့်နေသည်။ ထိုလူ ပေါ်လာသည့်အခိုက်တွင် သူ့စိတ်ထဲ၌ တုန်လှုပ်သွားသည်။


ပုဖန်၏ စိတ်ထဲတွင် ထိုထူးဆန်းသော ခံစားချက်က ရစ်ဝဲနေသေးသည်။


" အဲ့ဒီနှာဘူးက ဘယ်သူလဲ ..."


ပုဖန် သံသယဝင်စွာ မေးလိုက်သည်။


ဝုန်း ...


သူတို့နှင့်အဝေးတွင် ရွှေရောင်အလင်းတန်းတစ်ခု ပွင့်လာသည်။ ခဏအကြာတွင် ကျယ်လောစွာ အော်ဟစ်ပြီး လူတိုင်း၏ရှေ့တွင် ပြန်ပေါ်လာသည်။


သူ၏ ခန္ဓာကိုယ်မှာ အဝတ်မဲ့နေဆဲပင် ဖြစ်သည်။ သူအော်ဟစ်လိုက်သောအခါ ရွှေရောင်ဆံပင်များ လေထဲတွင် လွင့်နေသည်။


" ဘယ်သူလုပ်တာလဲ ... လူတစ်ယောက်ရဲ့ မျက်နှာကို မရိုက်ရဘူးဆိုတဲ့ စည်းမျဉ်းကို မသိဘူးလား ..."


ထိုလူ၏မျက်နှာတွင် လက်ဖဝါးရာကြီးတစ်ခု ရှိနေသည်။ သူဒေါသတကြီး မျက်ခုံးပင့်လိုက်သည်။


ထိုအချိန်တွင် လူများ စိတ်ပြန်လည်စုစည်းမိသွားသော်လည်း သူတို့၏မျက်နှာပေါ်တွင် ကိုးရို့ကားယား အမူအရာများ ဖြစ်နေကြသေးသည်။


ကျင်းကျောင်း ယင်ကျောင်း ယို့ကျီးနှင့် လော့ကျီးတို့လည်း ထူးဆန်းသော မျက်နှာထားများ ဖြစ်နေကြသည်။


ထိုလူကို သူတို့သိကြသည်မှာ သေချာပေါက်ပင်။ သူ၏ ဂုဏ်သတင်းကြီးမားသော မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင် နှာဘူးကြီးဖြစ်သည်။


ကုန်းရှို့ပန်နှင့် အခြားလူများက သူ့ကို မသိကြပေ။ သို့သော် သူနှာဘူးဆန်စွာ ရောက်ရှိလာသည့်အတွက် ရှုတ်ချနေ‌ကြသည်။


အရှင်တိထိုက် ပတ်ဝန်းကျင်ကို ကြည့်ရှု့နေပြီး နောက်ဆုံးတွင် သူ၏အကြည့်များက ခွေးဘုရင်ပေါ်သို့ ရောက်သွားသည်။


သူ မျက်မှောင်ကြုတ်လိုက်သည်။


ခွေးဘုရင်လည်း မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ မျက်လုံးများ လေထဲတွင် ဆုံသွားကြသည်။


သိပ်မကြာသောအချိန်၌ ...


ခွေးတစ်ကောင်နှင့် လူတစ်ယောက် လေအေးများ ရှုရှိုက်နေကြသည်။ 


" မင်း ... မင်း မင်း မင်း ..." 


ခွေးဘုရင်ကို လက်ညိုးထိုးပြီး မျက်လုံးပြူးကာ နယ်ပယ်သခင်၏ နှာခေါင်းမှ မီးတောက်များပင် ထွက်လာသကဲ့သို့ ထင်ရသည်။ 


ထိုအချိန်တွင် ဟင်းလင်းပြင်ထဲမှ ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ 


ရှည်လျားသော ဝတ်ရုံရှည်တစ်ထည် လွင့်ပျံလာပြီး နယ်ပယ်သခင်ကို ဖုံးအုပ်ပေးလိုက်သဖြင့် သူ၏တောက်ပနေသော အဖော်အချွတ်ကိုယ်လုံးကြီး ပျောက်ကွယ်သွားသည်။


" နယ်ပယ်သခင် မှန်ပါတယ် အဲ့ခွေးပါပဲ ..."


ယာယာ၏ မသိစိတ်က နယ်ပယ်သခင် တိထိုက်ကို နှောင့်ယှက်မိသွားသည်။ 


ထို့နောက် နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိပြီး ရင့်ကျက်သော အမျိုးသမီးသည် အခြားသူများဘက်သို့ လှည့်ကာ နွေးထွေးစွာ ပြုံးပြသည်။


" အားလုံးပဲ ကျွန်မတို့ကို ခွင့်ပြုပါဦး ဒါကအရမ်းရှက်စရာကောင်းလို့ ဘာတွေ မြင်ခဲ့တယ်ဆိုတာ မေ့ပေးပါနော် ဒါက အာရုံခြောက်ခြားခြင်းတစ်မျိုးပါပဲ ..."


သို့သော် သူမ စကားဆုံးသည့်အချိန်မှာပင် နယ်ပယ်သခင် ဆူဆူညံညံ အော်ဟစ်တော့သည်။


" ချီးပဲ ...မင်းကိုမြင်လိုက်တည်းက ရင်းနှီးနေတယ်လို့ ထင်သားပဲ တကယ်ကို မင်းပဲ ငါ့ရဲ့ကောင်းကင်ဘုံလမ်းကြောင်းကြီးကို ပြန်ထွေးထုတ်ပေးစမ်း ..."


နှလုံးခုန်သံတစ်ချက်အတွင်းမှာပင် သူ၏ခန္ဓာကိုယ် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ခွေးဘုရင်၏ရှေ့တွင် ပြန်ပေါ်လာသည်။


ခွေးဘုရင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ သူ၏လက်ဖဝါး မြေပြင်ကို ပွတ်သပ်နေပြီးနောက် ကောင်းကင်သို့ ပျံတက်သွားသည်။


နယ်ပယ်သခင်လည်း ကြီးကျယ်ခမ်းနားစွာ ပြန်လည်တိုက်ခိုက်လိုက်သည်။ လေထဲသို့ရောက်သွားသည့် အချိန်တွင် အဝတ်အစားများ ပေါက်ကွဲထွက်သွားပြီး ခွေးဘုရင်နောက်သို့ လိုက်သည့်အချိန်တွင် သူ၏တင်ပါးဗလာကြီး ပေါ်လွင်နေသည်။ 


လူအားလုံး ပေါက်ကွဲသံများထွက်နေသော ကောင်းကင်ကြီးကို မေးရိုးများ ပြုတ်ကျမတတ် ငေးစိုက်ကြည့်နေကြသည်။


ဟင်းလင်းပြင် အဆက်မပြတ် ပျက်စီးနေပြီး တစ်ခါတစ်ရံ အပေါက်ကြီးများပင် ပေါ်လာသည်။


ထင်ရှားသည်မှာ နယ်ပယ်သခင်တိထိုက်နှင့် ခွေးဘုရင်တို့ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရသည်။


အောက်ဘက်မှလူများ ဘာဖြစ်နေသည်ကို မသိကြသောကြောင့် ဇဝေဇဝါ ဖြစ်နေကြသည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နယ်ပယ်သခင် ခွေးဘုရင်ကို မြင်မြင်ချင်း ဘာကြောင့်တိုက်ခိုက်သည်ကို ကျင်းကျောင်း ယင်ကျောင်းနှင့် အခြားလူများလည်း မသိကြပေ။


ပုဖန်ကမူ ခွေးဘုရင်ကို စိတ်မပူပေ။


နောက်ဆုံးမှာ ခွေးဘုရင်က ခွေးဘုရင်ပဲလေ ...


" ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ ရှင်တို့ကို ရယ်အောင်လုပ်မိသွားတယ် နယ်ပယ်သခင်မှာက ရယ်ရတဲ့အပိုင်းတွေ ရှိနေရုံပါပဲ သူမကြာခင် အဆင်ပြေသွားမှာပါ ..."


လှပရင့်ကျက်သော ယာယာဟူသည့် မိန်းကလေးမှ ပြောလိုက်သည်။ 


ထို့နောက် ပုဖန်ဘက်သို့ လှည့်လိုက်သောအခါ သူမ၏မျက်လုံးများမှ ချက်ချင်းပင် အရောင်တောက်လာသည်။


" အိုး မင်းက အဲ့ဒီစားဖိုမှူးလေးပဲ ..."


ယာယာ သူမ၏ ဆွဲဆောင်မှုရှိသော ခါးများကို လှုပ်ရမ်း၍ ပုဖန်ဆီသို့ လျှောက်လာသည် ။ သူမ၏ အနီရောင်နှုတ်ခမ်းများ ဖွင့်ဟကာ ပြောလိုက်သည်။ 


" မင်းက ချောမောခန့်ညားတဲ့ မောင်လေးပဲ နယ်ပယ်သခင် အရှင်မင်းကြီးက မင်းကို သူ့လက်ထောက်စားဖိုမှူး ဖြစ်စေချင်နေတယ် ... ဒီချိန်ကစပြီး မင်းကငါ့ရဲ့ မောင်လေး ဖြစ်သွားပြီ ..."