အပိုင်း ၁၀၁၂
Viewers 53k

အခန်း ၁၀၁၂

အဖော်အချွတ်အနုပညာ၏ နက်နဲသိမ်မွေ့မှု အာ ... မဟုတ်ဖူး ချက်ပြုတ်ခြင်း အနုပညာ


" နယ် ... နယ်ပယ်သခင်လား ..."


အဝေးမှ ကုန်းရှို့ပန်နှင့် အခြားသူများ အံ့ဩသွားကြသည်။ သူတို့မြင်လိုက်ရသည်ကို မယုံနိုင်သေးပေ။


မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင် ... သူကအကြီးအကဲအားလုံးရဲ့ အကြီးအကဲလေ သူတို့ရဲ့ အိမ်မက်ထဲမှာတောင် မတွေ့ရနိုင်တဲ့ တည်ရှိမှုကြီး ...


မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်၏ တစ်ဦးတည်းသော အဆင့်မြင့် ချီလင်စားဖိုမှူးဖြစ်ပြီး အားလုံးကို ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသူဖြစ်ကာ မသေမျိုးစားဖိုမှူးအားလုံး၏ အိုင်ဒေါ ဖြစ်သကဲ့သို့ ပန်းတိုင်လည်းဖြစ်သည်။


သို့သော် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပဉ္စမမြောက်အလွှာမှ လူများပင် နယ်ပယ်သခင်ကို မြင်ရခဲလှသည်။


မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤအချိန်တွင် မသေမျိုးစားဖိုမှူးများ အားလုံး၏ အိုင်ဒေါဖြစ်သော နယ်ပယ်သခင်ကို မြင်တွေ့နေရကြောင်းကို ခေါင်းထဲတွင် ဖုံးကွယ်ထား၍ မရပေ။


ထို့အပြင် နယ်ပယ်သခင်က သူတို့ကို အလွန်ထူးခြားသော ပထမဆုံး ထင်မြင်ချက်တစ်ခု ပေးခဲ့သည်။


သူ၏နို့နှစ်ရောင် အသားအရည် သွယ်လျသော ပုံသဏ္ဍာန်နှင့် နတ်ဘုရားအလင်းဖြာထွက်နေသော သူ၏ ခွကြား... 


အိုး ဘုရားရေ ... နယ်ပယ်သခင်က နှာဘူးကြီးလား ...


ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့သော ယုံကြည်ချက်သည် ယခုအချိန်တွင် လုံးဝပြိုလဲကျသွားသည်။


ကုန်းရှို့ပန် တစ်စုံတစ်ခုကို သတိရသွားသည့်ပုံဖြင့် လက်ကိုမြှောက်ပြီး ကုန်းရှို့ယွင်၏ မျက်လုံးကို အုပ်လိုက်သည်။ 


" ကောင်မလေး မကြည့်နဲ့ မျက်လုံးကိုပိတ်ထား ..."


ငယ်ရွယ်သော အမျိုးသမီးလေးများ ထိုကဲ့သို့အရာများကို မကြည့်သင့်ပေ။


ကုန်းရှို့ယွင် သူမအစ်ကို လက်များဖြင့် လာမအုပ်မီ ညို့ယူခံရသကဲ့သို့ ကြည့်နေခဲ့သည်။ စိတ်ထဲတွင် သူမအစ်ကို၏ လုပ်ရပ်များကို ငြင်းပယ်နေခဲ့သည်။


နယ်ပယ်သခင်၏ ထွားကျိုင်းသော ခန္ဓာကိုယ်ကို မြင်တွေ့ခွင့်ရခြင်းမှာ အလွန်ဂုဏ်ယူစရာပင် ...


ဂျိန်း...


ကောင်းကင်တွင် ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ပေါက်ကွဲသံများဖြင့် တစ်ချိန်လုံး တုန်ခါနေသည်။


ဟင်းလင်းပြင်၏ အက်ကွဲရာများက တဖြည်းဖြည်းကျယ်ပြန့်လာသည်။


လေထဲတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေပုံရသည်။


လေပြင်းများ တိုက်ခတ်လာပြီး မြေပြင်မှ ဖုန်မှုန့်များနှင့် သဲများ ထွက်လာသည်။


ဂျုန်း ဂျုန်း ...


အောက်ဘက်တွင်မူ ယာယာ၏ ပြောင်လက်တောက်ပသော ရွှေရောင်ဆံနွယ်များက ရေတံခွန်ကဲ့သို့ ဖြောင့်စင်းနေသည်။ သူမ လှုပ်ရှားလိုက်သာ့်အချိန်တိုင်း ဆံပင်ပေါ်တွင် တောက်ပနေသည့် အစက်အပြောက်လေးများ လင်းလက်နေပြီး ခမ်းနားလှပလွန်းနေသည်။


သူမ၏လှပသောမျက်နှာသည် ပို၍စွဲမက်ဖွယ်ကောင်းလာသည်နှင့်အမျှ ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားပုံရသည်။


သို့သော် ယာယာ၏ စကားလုံးများက သူတို့ကို ထိတ်လန့်သွားစေသည်။


ကျင်းကျောင်းနှင့် ယင်ကျောင်းတို့ အကြည့်ချင်းဖလှယ်နေကြသည်။ သူတို့ နှစ်ယောက်လုံး တစ်ဖက်သား၏ မျက်နှာပေါ်တွင် ထူးခြားသော အရိပ်အယောင်ကို မြင်လိုက်ရသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်က ဒီစားဖိုမှူးလေးကို အလုပ်သင်အဖြစ် လိုချင်နေတာလား ...


ဒါကတော့ စိတ်ဝင်စားစရာ ဖြစ်သွားပြီ ...


လော့ကျီး သူမ၏ လှပသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာစဉ်းစားနေသည်။ 


" ဒီစားဖိုမှူးလေးသာ နယ်ပယ်သခင်ရဲ့ အလုပ်သင်ဖြစ်သွားရင် သူလည်း ဒီလိုမျိုး ကိုယ်တုံးလုံးကြီးနဲ့ နေ့တိုင်းနေရမှာလား ..."


အဲ့တာက စိတ်ကူးယဉ်ကြည့်ဖို့တောင် အလွန်အကြူး ဖြစ်နေလွန်းတယ် ...


ယို့ကျီးနှင့် နယ်သာရီ၏ အမူအရာများ ပြောင်းလဲသွားပြီး ပုဖန်ကို မော့ကြည့်လိုက်သည်။


ပုဖန် လန့်သွားသည်။


သူများတွေ သူ့ကို လှမ်းကြည့်တဲ့ပုံစံက သူ့ကို အဝတ်တွေ ချွတ်ပစ်နေသလို ခံစားရတယ်...


ဘာကြီးလဲ...


သူ ခုထိ သဘောမတူရသေးဘူးလေ ... ဒီလူတွေက သူ ကိုယ်လုံးတီးနဲ့ ပြေးနေတာကို ဘာလို့ စိတ်ကူးယဉ်နေကြတာလဲ...


သူကအဲ့လို လူစားမျိုးနဲ့ တူနေလို့လား ...


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ ငြိမ်သက်နေသော မျက်လုံးများက သူ၏ရှေ့တွင်ရှိသော နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်သည့် အမျိုးသမီးကို တည့်တည့်ကြည့်နေသည်။


" စီနီယာ ..." 


ပုဖန် သက်ပြင်းချပြီး ပြောလိုက်သည်။


" ကျုပ် ဘယ်သူ့ရဲ့ အလုပ်သင်ဖြစ်ဖို့မှ မလိုအပ်နေပါဘူး ... တခြားလူ တစ်ယောက်ယောက်ရဲ့ မောင်လေးလည်း ဖြစ်မလာချင်ဘူး ... ကျုပ်က ကျုပ်ပါပဲ ..."


ပုဖန် ထိုသို့ ပြောလိုက်သည့်အချိန် သူ့ကိုကြည့်ရသည်မှာ ရိုးသားပွင့်လင်းပုံရသည်။


ထိုနှာဘူး နယ်ပယ်သခင်ကဲ့သို့ ဖင်ပြောင်ကြီးဖြင့် ပြေးလွှားနေသည့် သူ့ကိုယ်သူ တွေးကြည့်ရုံဖြင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ မသေမျိုးစားဖိုမှူး အားလုံးကို ရူးသွပ်သွားစေမည့် ကမ်းလှမ်းချက်ကို ငြင်းပယ်ရန် လုံလောက်သော အကြောင်းပြချက် ရှိနေပြီဖြစ်သည်။


နယ်ပယ်သခင်၏ အလုပ်သင်ဖြစ်လာခြင်းသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရှိ စားဖိုမှူးများစွာ၏ အိပ်မက်ဖြစ်သည်။


သို့သော် ကံဆိုးစွာဖြင့် ထိုအရာသည် ပုဖန်၏ အိမ်မက် မဟုတ်ခဲ့ပေ။


ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့ လေအေးများ ရှုရှိုက်လိုက်ကြသည်။


ပိုင်ရှင်ပုက ငြင်းလိုက်တယ် ... ဒီလို အခွင့်အရေးကောင်းကြီးကို ငြင်းလိုက်တယ် ... ဒီ အမွေအနှစ်နယ်မြေမှာ မသေမျိုးမီးတောက် ရခဲ့တာတောင် ဒီလို ကံကောင်းမှုနဲ့ နှိုင်းယှဉ်လို့ မရဘူးလေ ...


" ပိုင်ရှင်ပုကတော့ တကယ့်ကို ပိုင်ရှင်ပုပါပဲ ... ထူးခြားဆန်းကြယ်လွန်းတယ် ..."


ရွှမ်ယွမ်ရှားဟွေ့ ရိုးသားစွာ ပြောလိုက်သည်။


ယာယာ့အတွက်မူ သူမ ထိုအဖြေကို မမျှော်လင့်ထားပုံရသည်။ 


ပုဖန်က စားဖိုမှူး ဖြစ်သော်လည်း ဤကဲ့သို့ အခွင့်အရေးကောင်းကြီးကို ငြင်းပယ်ပစ်သည်။


" မင်း သေချာ ပြန်စဉ်းစားပါဦး အဆင့်မြင့်ချီလင် စားဖိုမှူးရဲ့ အလုပ်သင်ဖြစ်လာတာက အကျိုးကျေးဇူးတွေ အများကြီးရပြီး ခက်ခဲတဲ့လမ်းကို ရွေးချယ်ရတာတွေကနေ ကယ်တင်ပေးနိုင်လိမ့်မယ် ..."


ယာယာ ပွင့်လင်းစွာ ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် သူမ အလေးအနက် ပြောနေခြင်းဖြစ်သည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မသေမျိုးစားဖိုမှူးတိုင်း လျှောက်ရသော ခြေလှမ်းတိုင်းသည် ကြမ်းတမ်းလွန်းလှသည်။


တစ်စုံတစ်ယောက်သည် ကိစ္စသေးသေးလေးဖြင့် ချုပ်နှောင်ခံရကာ ပုလင်းဝတွင်ပင် ပိတ်မိနေနိုင်သည်။ အချို့မှာ ထိုတစ်နေရာတည်းတွင် နှစ်တစ်ရာ နှစ်ထောင်ပေါင်းများစွာ သို့မဟုတ်… တစ်ဘဝလုံးနေခဲ့ရသည်။


ဤကဲ့သို့ အချိန်မျိုးတွင် လမ်းပြပေးရန် သို့မဟုတ် အဟန့်အတားများကို ချိုးဖျက်ပေးရန် ဆရာကောင်းတစ်ယောက်ပေါ်လာခြင်းသည် ထိုသူ၏ ဘဝတွင် ပျော်ရွှင်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်သွားနိုင်သည်။


ပုဖန် ယခုမှ မသေမျိုးစားဖိုမှူး ဖြစ်လာသည့်အတွက် ထိုအရာများကို နားမလည်ဟု ယာယာထင်ခဲ့သည်။ 


ဥပမာအားဖြင့်ဆိုရသည် ထုံယော့သည် ကိုယ့်ကိုကိုယ် ဟင်းလျာအဖြစ် ပြောင်းလဲခဲ့သော်လည်း နောင်တ မရခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် ချီလင်စားဖိုမှူးအဆင့်သို့ ရောက်ရှိရန် လမ်းမှန်ကို ပြသခဲ့သူ မရှိခဲ့သောကြောင့်ဖြစ်သည်။


မှားယွင်းသော ခြေလှမ်းတစ်ခုသည် မှားယွင်းသော ခရီးရှည်ကြီးတစ်ခုကို ခေါ်ဆောင်သွားနိုင်သည်။ မသေမျိုးစားဖိုမှူးတစ်ယောက် အမှားလုပ်မိသည့်အခါ သူကိုယ်တိုင်ပင် ထိုအမှားများကို ခံနိုင်ရည် မရှိပေ။ 


" ခက်ခဲတဲ့လမ်း ..."


ပုဖန် လက်နောက်ပစ်လိုက်ချိန်တွင် ဖြူနီစားဖိုမှူး ဝတ်စုံမှာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။


" ခက်ခဲတဲ့လမ်း ဖြစ်နေရင်တောင် အတားအဆီး မှန်သမျှကို ဖြတ်ကျော်သွားမှာပါ ကျုပ်က အချက်အပြုတ်နတ်ဘုရား ဖြစ်ချင်တဲ့အတွက် အထွဋ်အထိပ်ကို ရောက်ရမယ် ..."


ပုဖန် လေးလေးနက်နက် ပြောလိုက်သည်။


လေထုမှာ ကမောက်ကမ ဖြစ်လာသည်။ ပုဖန်ကို ကြည့်၍ ဘာပြောရမှန်း မသိကြတော့ပေ။ 


ရေပြင်ကဲ့သို့ အမြဲတည်ငြိမ်နေသော ပိုင်ရှင်ပုတွင်လည်း ရည်မှန်းချက်ရှိကြောင်း သူတို့ သိလိုက်ရသည်။ ထို့ပြင် ထိုသို့အရှက်မဲ့သည့်စကားကို သူပြောထွက်ရဲသည်မှာ အံ့ဩစရာပင် ။


" ကောင်လေး မင်းက အရမ်း မာနကြီးနေတာပဲ ... နယ်ပယ်သခင် အရှင်မင်းကြီးကတောင် အချက်အပြုတ် နတ်ဘုရားဖြစ်လာဖို့ စိတ်ကူးမယဉ်ရဲဘူး မင်းကခုမှ မသေမျိုးစားဖိုမှူး အသစ်လေ ... အဲ့လိုမျိုး ယုံကြည်ချက်တွေ ဘယ်ကရလာတာလဲ ..."


ယာယာ၏ အနီရောင်နှုတ်ခမ်းများက ကွေးညွှတ်ကာ လှောင်ပြောင်နေသည်။


သို့သော် ပုဖန် သူ့ကိုယ်သူ အလွန်မျှော်လင့်ထားသည်ဟု သူမထင်လိုက်သဖြင့် စေတနာကောင်းဖြင့် ပြောလိုက်ခြင်းသာ ဖြစ်သည်။


မသေမျိုးစားဖိုမှူးများတွင် မတူညီသော အဆင့်များ ရှိပြီး တတိယအဆင့် မသေမျိုးစားထိုမှူးသည် နောက်ပိုင်းတွင် ချီလင်စားဖိုမှူး ဖြစ်လာနိုင်သည်။ ချီလင် အဆင့်တွင် အဆင့်နိမ့်ချီလင်စားဖိုမှူးနှင့် အဆင့်မြင့်ချီလင်စားဖိုမှူး ဟူ၍ရှိသည်။ အဆင့်မြင့် ချီလင်စားဖိုမှူးမှာ အရည်အသွေးမြင့် ချီလင်စားဖိုမှူးဖြစ်သည်။ အဆင့်တစ်ခုစီကြား ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီး အကွာအဝေးကဲ့သို့ပင်။


အဆင့်တစ်ခုကို ဖြတ်ကျော်ရန်မှာ တကယ်ပင် ခက်ခဲလှသည်။ ပြင်ပအထောက်အပံ့နှင့် မွေးရာပါ အရည်အချင်း မရှိလျှင် ရှေ့ဆက်တိုးရန် ခက်ခဲပေလိမ့်မည်။


ဘာလို့ ပုဖန်က အဲ့လိုထောင်လွှားတဲ့ စကားတွေကို ပြောလိုက်ရတာလဲ ...


ယာယာ ရုတ်တရက် အေးခဲသွားသည်။ နယ်ပယ်သခင်တိထိုက် သူမကို အချက်အပြုတ် နှလုံးသားလမ်းစဉ်အကြောင်း ပြောပြခဲ့သည်များကို သတိရသွားသည်။ 


နယ်ပယ်သခင်တိထိုက်က သူ၏ရှေ့တွင်ရှိသော စားဖိုမှူးငယ်လေးသည် သူ၏ကိုယ်ပိုင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဖန်တီးနိုင်လောက်မည်ဟု ပြောခဲ့ဖူးသည်။


ထို အချက်အပြုတ်နှလုံးသားလမ်းစဉ်သည် ချီလင်စားဖိုမှူးဖြစ်ရန် သော့ချက်တစ်ခု ဖြစ်သည်။ 


သူ၏ အချက်အပြုတ်ကျွမ်းကျင်မှုအပေါ် အကြွင်းမဲ့ယုံကြည်မှုရှိသော စားဖိုမှူးမှသာလျှင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။


ဤသို့ တွေးကြည့်လိုက်သောအခါ ပုဖန်၏ မာနကြီးကာ ရိုင်းစိုင်းနေရသည့် ရည်ရွယ်ချက်ကို ယာယာ နားလည်သွားသည်။ 


" ကျွတ် ကျွတ် ကျွတ် ဆိုးတာပဲ ... မင်းလိုမျိုး ချောမောခန့်ညားတဲ့ မောင်လေးတစ်ယောက် မရတော့ဘူးဆိုတော့ နည်းနည်းနာကျင်သွားတယ် ..."


ယာယာ နွေးထွေးစွာ ပြောလိုက်သည်။ 


ဝုန်း ...


ကျယ်လောင်သော ပေါက်ကွဲသံကြီး အထက်တွင် ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသကဲ့သို့ပင်။


ရွှေရောင်အလင်းတန်းတစ်ခုနှင့် အနက်ရောင်အလင်းတန်းတစ်ခု ပြုတ်ကျပြီး မြေပြင်ပေါ်တွင် ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။


နောက်ဆုံးတွင် ဖုန်မှုန့်များ ငြိမ်သက်သွားကာ ထိုမြင်ကွင်းကို လူတိုင်းမြင်လိုက်ရသည်။


ပြောင်လက်တောက်ပသော အမွေးများနှင့် ခွေးနက်တစ်ကောင်သည် တွင်းနက်ကြီးပေါ်မှ ရွှေရောင်အလင်းတန်းကို ငုံ့ကြည့်နေသည်။


ရွှေရောင် အလင်းတန်းများ ပြန့်ကျဲသွားသောအခါ၊

နယ်ပယ်သခင်တိထိုက် မျက်လုံးများ၏ စူးစူးရှရှ အသွင်အပြင်ကို မြင်တွေ့ရစေသည်။


သူ၏အဝတ်မဲ့ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တုန်ယင်နေပြီး လက်ထဲတွင်လည်း ခွေးအမွှေး လက်တစ်ဆုပ်စာကို ဆုပ်ကိုင်ထားသည်။ 


သူ ဒေါသတကြီး အံကြိတ်လိုက်သည်။ သူ၏မျက်နှာတွင်လည်း ပွန်းပဲ့နေပြီး အဝတ်ဗလာဖြစ်နေသော ရင်ဘတ်တွင် ခွေးလက်ဖဝါးရာများကို တွေ့နိုင်သည်။


သူ၏ချောမွေ့နေသော တင်ပါးပေါ်တွင်လည်း သွေးထွက်နေသော ကုတ်ရာများ ရှိနေသည်။ အားလုံးကို ခြုံငုံကြည့်လိုက်လျှင် သူ၏ပုံစံမှာ အလွန်သနားစဖွယ် ဖြစ်နေသော်လည်း ရယ်စရာလည်းကောင်းနေသည်။


သူတို့၏ တိုက်ပွဲတွင် ခွေးဘုရင် အသာစီး ရနေပုံပေါ်သည်။ 


" ကောင်းကင်ဘုံ လမ်းကြောင်းကို ကိုက်စားထားတဲ့ ခွေးတစ်ကောင်ဖြစ်ဖို့ ထိုက်တန်ပါတယ် မင်းက အပြင်မှာ ပိုသန်မာတာပဲ ..."


နယ်ပယ်သခင် သူ၏ ရွှေရောင်ဆံပင်များကို ပွတ်သပ်နေသည်။ 


" ခွေးဘုရင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြဲတမ်း မင်းထက်ပိုမြင့်တယ် မင်းသာ စားဖိုမှူး မဟုတ်ဖူးဆိုရင် မင်းရဲ့တင်ပါးတွေကို သွေးထွက်အောင် ရိုက်ပစ်နိုင်တယ် ..."


ခွေးဘုရင် မြေပေါ်သို့ဆင်းကာ လှောင်ပြောင်၍ ပြောလိုက်သည်။


ကောင်းကင်ဘုံလမ်းကြောင်းကို သူ မထွေးထုတ်နိုင်တော့ပေ။ 


အစာကြေပြီးသွားတဲ့ဟာကို ဘယ်လိုအန်ထုတ်‌ ပေးရမှာလဲ ...


ဒါကလည်း နယ်ပယ်သခင်တိထိုက် တိုက်ပွဲကိုအဆုံးသတ်စေခဲ့တဲ့ အကြောင်းရင်းလည်းဖြစ်တယ် ...


မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲသည် အဓိပ္ပါယ်မဲ့လွန်းသည်။ ဆက်လက်တိုက်ခိုက်နေမည် ဆိုပါက အချိန်ဖြုန်းရုံသာ ဖြစ်မည်။


အဲ့ခွေးကို သူ မကိုင်တွယ်နိုင်ဘူးလို့ ဘယ်သူပြောလဲ ...


သူကဲ့ရဲ့ပြီးနောက် ကြွားဝါးလိုက်သည်။


နယ်ပယ်သခင် သူ၏ခေါင်းကိုမော့ကာ ပြေးထွက်လာသည်။ သူ၏ခန္ဓာကိုယ်တွင် အရောင်များ တောက်ပလာပြီး မူလနေရာတွင် ပြန်ပေါ်လာသည်။


" မိန်းကလေး ဘာလို့ ငါ့ညီလေးကို ဓားနဲ့ခုတ်လိုက်တာလဲ ..."


ကြီးမားသော ဓားပြားကြီးကို ကိုင်ဆောင်ထားသည့် ယို့ကျီးကိုကြည့်ကာ နယ်ပယ်သခင် မျက်လုံးကြီး ပြူးထားသည်။ သူ ဤနေရာသို့ လာရသည့် အကြောင်းအရင်းကို သတိရသွားပြီဖြစ်သည်။ 


ယို့ကျီး အံ့ဩသွားသည်။


သူမ၏ဘေးနားရှိ အခြားလူများလည်း အံ့ဩသွားသည်။ 


ယာယာ ဆွံ့အသွားပြီး နဖူးကို ပွတ်လိုက်သည်။ သူမ၏ နယ်ပယ်သခင်ကိုကြည့်ကာ အလွန်အမင်း ရှက်သွားသည်ဟု ခံစားလိုက်ရသည်။ 


" ငါ့ရဲ့ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးက အဲ့လို ညစ်ပတ်တဲ့ဟာမျိုးကို ဘယ်တုန်းကမှ မထိဖူးဘူး အဲ့လိုရွံစရာကောင်းတာတွေ မပြောစမ်းနဲ့ မဟုတ်ရင် ကျွန်မအသက်နဲ့ရင်းပြီး ရှင့်ကို တိုက်ရလိမ့်မယ် ..."


‌ယို့ကျီး မဲ့ပြုံးပြုံးလိုက်ပြီး နတ်ဘုရားအလင်းတန်းများ ထုတ်လွှတ်နေသည့် နယ်ပယ်သခင်၏ ခွကြားကို ကြည့်လိုက်သည်။ 


ယာယာ ဤအခွင့်အရေးကို ဖမ်းဆုပ်ပြီး နယ်ပယ်သခင်တိထိုက်၏ ခန္ဓာကိုယ်ကို တစ်ကြိမ်ထပ်မံ ဖုံးအုပ်ပေးလိုက်သည်။


" ညစ်ပတ်တယ် ဟုတ်လား ... ငါ့ညီလေးကို ညစ်ပတ်တယ်ဆိုပြီး ပြောတာလား ... ယုတ်မာတဲ့မိန်းကလေး မင်းကိုဆွဲထုတ်ပြီး အသားနှပ်လုပ်ပစ်မယ် ..."


နယ်ပယ်သခင် တိထိုက် အလွန်ပင် ဒေါသဖြစ်သွားသည်။ 


သူ့ရဲ့ညီ ဂျင်ဆင်းသီးလေးကို နှစ်ပိုင်းခွဲပစ်တဲ့အပြင် အခု သူ့ကို ညစ်ပတ်တယ်လို့ပါ ပြောနေပြီ ...


ကမ္ဘာပေါ်မှာ ဒီလောက်ထိ အရှက်မရှိတဲ့ တည်ရှိမှုမျိုးကို သူမတွေ့ဖူးသေးဘူး ...


" နယ်ပယ်သခင်က အမြဲ အထူးအဆန်းပဲလေ သူ့ရဲ့စကားတွေနဲ့ ပုံစံတွေက အမြဲတမ်း ဆန်းကြယ်နေတယ် ..." 


ကုန်းရှို့ပန်နှင့် အခြားလူများ အံ့ဩသွားကြသည်။


အခြားသူများသာဆိုလျှင် ဆွဲထုတ်ပြီး ခေါင်းဖြတ်သတ်မည်ဟု ပြောကြသော်လည်း သူကမူ ဆွဲထုတ်ပြီး အသားနှပ် လုပ်ပစ်မည်ဟု ပြောခဲ့သည်။


အဆင့်မြင်ချီလင်စားဖိုမှူး ဖြစ်သင့်ပါပေတယ် သူ့ရဲ့အသိဉာဏ်က တကယ်ကို မြင့်မားတာပဲ ...


ကျိုချက်ထားသောရေကို မကြောက်တတ်သော ဝက်သေကဲ့သို့ ‌ယို့ကျီးကြောင့် နယ်ပယ်သခင် တိထိုက်မှာ သူ့လက်များကို ချည်ထားသလိုပင် ခံစားလိုက်ရသည်။


နောက်ဆုံးတွင် သူ၏ မျက်လုံးများက ပုဖန်ပေါ်သို့ ကျရောက်သွားသည်။


" နယ်ပယ်သခင် သူ့ကိုမေးဖို့ မလိုတော့ပါဘူး ဒီစားဖိုမှူးလေးက သူ့ရဲ့လေးနက်တဲ့ သဘောထားကြောင့် အရှင့်ဆီမှာ အလုပ်သင်လုပ်ဖို့ ငြင်းပါတယ်တဲ့ ..."


ယာယာ သတင်းပို့လိုက်သည်။


ရှည်လျားသော ဝတ်ရုံကို ခြုံလွှမ်းထားသည့် နယ်ပယ်သခင်တိထိုက် အံ့ဩသွားကာ သူ၏ရွှေရောင်ဆံပင်များကို တစ်ချက်ခါလိုက်သည်။


" ငါ့ရဲ့အလုပ်သင် ဖြစ်ရမှာ အဲ့လောက်တောင် မျက်နှာပျက်နေတာလား ..."


တိထိုက် မကျေမနပ်နှင့် အော်လိုက်သည်။


ထို့နောက် သူ အံ့အားသင့်သွားသည်။ ပုဖန်ရှေ့သို့ ရောက်ရှိလာပြီး သူ့ကိုမျက်လုံးချင်း ဆုံကြည့်လိုက်သည်။


" ငါ့ကို ကြည့်ပါဦး အဖော်အချွတ် အနုပညာရဲ့ နက်နဲသိမ်မွေ့မှုတွေကို ခံစားပြီး မသင်ယူချင်ဘူးလား ... အာ မဟုတ်ပါဘူး အချက်အပြုတ်အနုပညာလို့ ပြောတာ..."


နယ်ပယ်သခင်တိထိုက် ရိုးသားစွာ ပြောလိုက်သည်။


နယ်ပယ်သခင်၏ အလုပ်သင်ဖြစ်ရန် သဘောတူလိုက်ပါက ကိုယ်လုံးတီးဖြင့် ချက်ပြုတ်ရမည်ဟု စိတ်ထဲတွင် မှတ်ယူထားသောကြောင့် ပုဖန် သူ့အား တွန့်ဆုတ်မနေပဲ ငြင်းပယ်လိုက်သည်။


နယ်ပယ်သခင်ကို ကြည့်ရသည်မှာ ထိတ်လန့်သွားပုံရသည်။


" အငြင်းခံလိုက်ရတယ်ဆိုတဲ့ ခံစားချက်ကြီးက အရမ်းဝမ်းနည်းစရာ ကောင်းတာပဲ ..." 


သူ၏ မျက်လုံးထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာသည်။


ဂျိန်း ဂျိန်း ...


ကောင်းကင်ရှိ ဟင်းလင်းပြင်တွင် အက်ကွဲရာများ ပေါ်လာသည်။


ကြာပန်းအမွေအနှစ်နယ်မြေသည် ဖိအားကို မခံနိုင်သောကြောင့် ဆက်တိုက်ပေါက်ကွဲလာသည်။ 


ကောင်းကင်ကြီး ကွဲအက်သွားသည်နှင့်အမျှ ၎င်းတို့အပေါ်တွင် ပြင်းထန်သော အက်ကြောင်းများက ပြည့်ကျပ်နေသည်။


လူများ ထိတ်လန့်ကုန်ကြသည်။ သူတို့၏ခြေထောက်အောက်မှ မြေပြင်မှာ တုန်ခါပြီး ပြိုကျလာသည်။


" ဒီအမွေအနှစ်နယ်မြေက ပျက်စီးတော့မယ် ငါတို့စကားစမြည်ပြောဖို့ အပြင်ထွက်မှရမယ် ..."


နယ်ပယ်သခင်က ပြောလိုက်သည်။


သူ၏ မျက်လုံးများက ပုဖန်ကို စေ့စပ်စွာ ကြည့်နေသည်။ ချည်ထိုးထားသော အင်္ကျီရှည်ကို ဝတ်ပြီးနောက်တွင် သူပြောသည့် စကားများက ပို၍လျော်ညီလာသလိုပင်။


နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်၌ နယ်ပယ်သခင်၏ အော်ရာနှင့် ဂုဏ်သိက္ခာကို ရရှိလာသည်။


ဝုန်း ဝုန်း ...


ကြာပန်းများရှိသော နေရာတစ်ခုလုံး အက်ကွဲကုန်ပြီး မြေပြင်သည်လည်း အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ ကျဆင်းသွားသည်။


ကျင်းကျောင်းနှင့် ယင်ကျောင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထွက်သွားချိန်တန်ပြီကို သူတို့သိလိုက်သည်။


ငရဲကမ္ဘာအမျိုးသမီးကို မခေါ်ဆောင်နိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် အနည်းဆုံး ငရဲဘုရင်အာဟကို ပြန်လာအောင် ပြုလုပ်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့၏ မစ်ရှင်ကို အောင်မြင်ခဲ့သည်။


ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်တွင် မတ်တပ်ရပ်နေသည်။


ငရဲစွမ်းအင်များ သင်္ဘောအနီးတွင် လှည့်ပတ်နေသည်။ မရေမတွက်နိုင်သော ကျောက်တုံးများကို ရှောင်ဖယ်ပြီး အလုံးအရင်းဖြင့် ကွဲထွက်နေသော အက်ကွဲကြောင်းကို ဖြတ်ကျော်သွားလိုက်သည်။


...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာ မသေမျိုးမြို့တော် 


ဟင်းလင်းပြင်ကြီးတစ်ခု အက်ကွဲလာသည်။


ခဏအကြာတွင် ငရဲကမ္ဘာသင်္ဘော ပေါ်လာပြီး ငရဲစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ 


လေထဲတွင် ပျံဝဲနေချိန်တွင် အဝေးမှ မသေမျိုးမြို့တော်ကြီးသည် အလွန်ခမ်းနားတင့်တယ်‌ နေသည်။


သင်္ဘောကုန်းပတ်ပေါ်တွက် မတ်တပ်ရပ်နေပြီး ပုဖန် သက်ပြင်းချလိုက်သည်။


" ပြီးဆုံးသွားပြီပဲ ..."


ပုဖန်၏ ပါးစပ်ကိုဟ၍ မီးမှုတ်ထုတ်လိုက်သည်။ တောက်ပသော ရွှေရောင်မီးတောက်သည် သူ၏ လက်ချောင်းပေါ်တွင် လွင့်ပျံနေပြီး ပြင်းထန်သော အလင်းရောင်နှင့် အပူများက ကခုန်နေပုံရသည်။


" ဝိုး ရွှေကြာနတ်ဆိုးမီးတောက်က ပိုပြီးသန်မာလာ‌တာပဲ ကောင်လေး မင်းဒီမီးတောက်ကို ရခဲ့တာပဲ ငယ်ရွယ်တဲ့မျိုးဆက်တွေက ငါတို့ကိုအမြဲ ကျော်လွန်သွားနေတာပဲ ..."


ပုဖန် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချနေစဉ် ငရဲကမ္ဘာသင်္ဘောနောက်မှ အရိပ်များ ထွက်လာသည်။


ပထမတစ်ခုမှာ စူးစမ်းလိုစိတ်ရှိသည့် မျက်လုံးများနှင့် အနည်းငယ်ပြုံးပြကာ ရောက်ရှိလာသော နယ်ပယ်သခင် တိထိုက်ဖြစ်သည်။