အပိုင်း ၁၀၁၃
Viewers 62k

အခန်း ၁၀၁၃

တစ်ယောက်ယောက် ငါ့ကိုခေါ်တာ ကြားလိုက်တယ် 


ပုဖန် ဆတ်ခနဲဖြစ်ပြီး လန့်သွားသည်။


တစ်ဖက်သို့လှည့်လိုက်သောအခါ နယ်ပယ်သခင်တိထိုက်၏ ချောမောသောမျက်နှာကို မြင်လိုက်ရသည်။ သူ၏ဆံပင်ကို ထုံးဖွဲ့ထားသည်များ ပြေကျသွားကာ သူ့အား ခန့်ညားသည်ဟု ထင်ရစေသော ချောမွေ့ပြီး ဖြူစင်သည့် အသားအရည်ကို မြင်နေရသည်။


ခန့်ညားမှုအကြောင်းကို ပြောရမည်ဆိုလျှင် သူ၏ကြည့်ကောင်းမှုမှာ ငရဲဘုရင်အာဟထက် မလျော့ပေ။


သို့သော် ငရဲဘုရင်အာဟက တိထိုက်ထက်ပို၍ စကားပြောရ အဆင်ပြေသည်ဟု ပုဖန်ထင်သည်။ 


အနည်းဆုံး ငရဲဘုရင်က နယ်ပယ်သခင်ကဲ့သို့ ကိုယ်လုံးတီးဖြင့် ပြေးလွှားမနေပေ။ နယ်ပယ်သခင်မှာ ခန့်ညားပြီးဆွဲဆောင်မှု ရှိသော်လည်း ထိုသို့ပြုလုပ်နေခြင်းက အမြင်ကတ်စရာဖြစ်နေသည်။ 


နယ်ပယ်သခင်၏ အမေးကို ဖြေတော့မည့်အချိန်တွင် ပုဖန် မျက်မှောင်ကြုတ်သွားပြီး အဝေးတစ်နေရာကို ကြည့်လိုက်သည်။ 


ဟင်းလင်းပြင်မှာ ထပ်မံပွင့်လာပြီး ထိုအက်ကြောင်းမှ အရိပ်များစွာ ထွက်လာသည်။


သူတို့ကိုမြင်သောအခါ ပုဖန်အံ့ဩသွားသည်။


ထိုလူများ ဤနေရာတွင် အဘယ်ကြောင့် ရှိနေသည်ကို သူမ နားမလည်သောကြောင့် နယ်သာရီ အနည်းငယ် အံ့ဩသွားသည်။


ယာယာ ဟင်းလင်ပြင်ထဲမှ ထွက်လာပြီး သူမနောက်ရှိ ပူဖောင်းကြီးထဲတွင် ကုန်းရှို့ပန် ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားလူများ ပါလာကြသည်။ သူတို့၏ မျက်နှာများမှာ ကြောက်ရွံ့နေကြသည်။


သူတို့၏နောက်တွင် ကျင်းကျောင်း ယင်ကျောင်း ယို့ကျီးနှင့် လော့ကျီးတို့ ပါလာပြီး သူတို့၏ခန္ဓာကိုယ်များသည် ငရဲစွမ်းအင်များဖြင့် ဖုံးလွှမ်းနေသည်။


သူတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေထုက တင်းမာလာသည်။


" ငါ့ညီမလေးရဲ့ကျိန်စာတွေကို နှိမ်နင်းပေးနိုင်တဲ့ မင်းရဲ့ဟင်းလျာတွေကို ငါကိုယ်တိုင် မြင်ချင်တယ် အဲ့တော့မှ ငါ စိတ်အေးအေးထားပြီး ထွက်သွားလို့ရမယ် ... မဟုတ်ရင်တော့ သူမကို ကမ္ဘာမြေအကျဉ်းထောင်ကို ပြန်ခေါ်သွားရလိမ့်မယ် ..."


ယို့ကျီး သူမ၏ ကြီးမားလှသည့် ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကိုင်၍ တည်ကြည်စွာ ပြောလိုက်သည်။


ပုဖန် ခေါင်းငြိမ့်လိုက်ပြီး သူ၏မျက်လုံးများက ကျင်းကျောင်းဆီသို့ ရောက်သွားသည်။ 


ထိုအကြည့်များက " မင်းကရော ဘာလို့ ဒီကိုရောက်နေရတာလဲ..." ဟု ပြော‌ချင်နေသည့် ပုံပင်။


ကျင်းကျောင်း ခဏခန့် စဉ်းစားပြီးနောက် သူ၏လက်ကြီးကို မြှောက်၍ ယင်ကျောင်း၏ ခေါင်းကို ပုတ်လိုက်ရာ တုန်ယင်သွားသည်။


" ငါက ငါ့ညီနဲ့ တူတူပြန်သွားဖို့ စောင့်နေတာ ..."


" ဘယ်လိုတောင် ရိုင်းစိုင်းတာလဲ ..."


ယင်ကျောင်းနှာမှုတ်လိုက်ပြီး မျက်ဆံလှန်၍ သူ့အစ်ကိုကို ကြည့်လိုက်သည်။


" ငါက ငါ့ဘေဘီ‌ ငါနဲ့တူတူပြန်မှာကို စောင့်နေတာလေ ..." 


ယင်ကျောင်း သူ၏နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ယို့ကျီးအနားသို့ ပြုံးလျက် ချဉ်းကပ်သွားသည်။ 


သို့သော်...


ယိုကျီး မျက်နှာသေဖြင့် ယင်ကျောင်း၏ မျက်နှာကို ဓားပြားကြီးနှင့် ပြင်းပြင်းထန်ထန် ပစ်ပေါက်ပြီး သူမနှင့် ဝေးရာသို့ တွန်းထုတ်လိုက်သည်။


သူ၏ ပြုတ်ကျသံမှာ တောင်ငယ်တစ်ခု ပြိုကျလာသံနှင့် တူနေသည်။


" အရမ်း စိတ်ရှုပ်စရာကောင်းတာပဲ ..."


ယို့ကျီး အေးစက်စွာ ပြောလိုက်သည်။


ပုဖန်၏ နှုတ်ခမ်း တစ်ကြိမ်ခန့် တွန့်ချိုးသွားပြီး လော့ကျီးဘက်သို့ လှည့်လိုက်သည်။ 


ကျင်းကျောင်းနဲ့ ယင်ကျောင်းမှာက နေဖို့အကြောင်းပြချက်တွေရှိတယ် သူမရဲ့ အကြောင်းပြချက်ကရော...


လော့ကျီး မျက်စိမှိတ်ပြလိုက်ပြီး သူမ၏အနီရောင် နှုတ်ခမ်းကိုဖွင့်ဟကာ မေးလိုက်သည်။


" ကျွန်မရဲ့ အိုင်ဒေါကိုပဲ စောင့်ကြည့်နေချင်တာပါ ပြီးတော့ တောင်းဆိုချက် သေးသေးလေး တစ်ခုရှိတယ် ..." 


" ဘာတောင်းဆိုချက်လဲ ..."


ပုဖန် အံ့အားသင့်သွားသည်။


" ကျွန်မရဲ့ အိုင်ဒေါဆီက နောက်ထပ် အမွေးတစ်ပင်လောက် လိုချင်သေးတယ် ..."


လော့ကျီး အမှန်တကယ် ရှက်ရွံ့နေသည့်ပုံဖြင့် ရေရွတ်လိုက်သည်။


ခဏအကြာတွင်...


" အယ် ကျွန်မရဲ့ အိုင်ဒေါ ... စကားမစပ် ကျွန်မရဲ့ အိုင်ဒေါ ဘယ်မှာလဲ ..."


လော့ကျီး ပုဖန်၏ နောက်ကို ကြည့်လိုက်သောအခါ ခွေးဘုရင်ကို မတွေ့သဖြင့် စိတ်ပူသွားသည်။ 


ပုဖန်ကို ကြည့်ရသည်မှာ မသက်မသာ ဖြစ်နေသည်။


" ကျုပ်ထင်တာ သူ ခင်များကို ကြောက်လို့ ပြေးပြီထင်တယ်..." 


လော့ကျီး၏ တောင်းဆိုချက်ကို ကြားသောအခါ နယ်ပယ်သခင်၏ မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။ ပုဖန်ကို လျင်မြန်စွာ တွန်းထုတ်လိုက်ပြီး သူမရှေ့သို့ ရောက်လာသည်။


" အစ်မကြီး ..."


" အစ်မကြီးတဲ့လား ..."


လော့ကျီး မျက်ဆံလှန်လိုက်ပြီး သူမ၏ ပန်းရောင်ဆံပင်များလည်း ထောင်လာသည်။


" လော့ကျီးကို ခေါ်တာလား ..."


နယ်ပယ်သခင် စိတ်ရှုပ်သွားသည်။


" အမ် ... မဟုတ်ပါဘူး ..."


" ကျွန်မကို ရှင့်ရဲ့နောက်က အစ်မကြီးလောက် အသက်ကြီးနေပြီ ထင်လို့လား ... ကျေးဇူပြုပြီး ကျွန်မကို မိန်းကလေးလော့ကျီးလို့ ခေါ်ပေးပါ ..."


လော့ကျီးသူမ၏ မရဏနတ်မင်းဓားကောက်ကို ပခုံးပေါ်တင်ပြီး ဒေါသတကြီး ပြောလိုက်သည်။ 


သူတို့နှင့် အဝေးတွင် ...


ယာယာ၏ မျက်လုံးများမှာ ခက်ထန်လာသည်။ လော့ကျီး သူမကို ရုပ်ဆိုးသည်ဟု ပြောလိုက်သည်ကို ကြားသွားပုံရသည်။


ဝုန်း ဝုန်း ဝုန်း ...


ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားလူများကို ကာကွယ်ပေးထားသော ရေပူဖောင်းများ ပေါက်ထွက်သွားပြီး ရေများထွက်ကျလာသည်။ ထိုလူများ သူတို့နောက်တစ်ကြိမ် နေရောင်ကို ပြန်မြင်ခွင့်ရခဲ့ပြီဟု ခံစားနေရသည်။


သူတို့ကြောက်ရွံ့ထိတ်လန့်နေကြပြီး ရင့်ကျက်၍ နူးညံ့သိမ်မွေ့ကာ ဆွဲဆောင်မှုရှိသော အမျိုးသမီးကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်နေသည်။ 


အဲ့ဒီပူဖောင်းတွေက လူတစ်ယောက် နေလို့ရနိုင်တဲ့ နေရာမဟုတ်ဖူး ...


ယာယာ သူမ၏ သွယ်လျသော ခြေတံများကို လှုပ်ရှားလိုက်သည်။ သူမ၏ တောက်ပသော ရွှေရောင်ဆံပင်များက ခါးအထိရောက်ကာ လေထဲတွင်ဝဲပျံနေသည်။ သူမ ထိုဆံပင်များကို လှုပ်ခါလျက် လော့ကျီးထံသို့ သိမ်မွေ့စွာ လျှောက်သွားလိုက်သည်။


" ဘယ်သူ့ကို အစ်မကြီးလို့ ခေါ်လိုက်တာလဲ ..."


ယာယာ၏ မျက်လုံးများထဲတွင် လျှပ်စီးများ လက်နေသကဲ့သို့ပင်။


အမှန်စင်စစ် အမျိုးသမီးများသည် တစ်စုံတစ်ဦးမှ ၎င်းတို့ကို မည်သို့အမည်တပ်ခေါ်သည်ကို အမြဲအကဲဆတ်ကြသည်။


နယ်ပယ်သခင် တိထိုက်၏မျက်နှာတွင် ဝေခွဲမရ ဖြစ်နေသည်။


သူ ဘာလို့ ဒီမှာ ရှိနေရတာလဲ ... ဘာလို့ ဒီအမျိုးသမီးနှစ်ယောက်ကြားကို ရောက်နေရတာလဲ ...


" ကောင်းပြီ မင်းအိုင်ဒေါရဲ့ ‌အမွှေးတွေကို ယူချင်တယ်မလား ဘယ်လောက်များများ ကျွန်တော်ပေးနိုင်တယ် ..."


သူ့ကိုယ်သူ စိတ်ပြန်လည်စုစည်းပြီးနောက် နယ်ပယ်သခင် အင်္ကျီလက်များကို ဆွဲဆန့်ကာ ယာယာနှင့် လော့ကျီး လေထဲတွင် မျက်လုံးချင်း ဆုံနေသည်ကို ဖြတ်တောက်လိုက်သည်။ 


လော့ကျီးအံ့ဩသွားသည်။ သူမ သံသယစိတ်ဖြင့် ခေါင်းကိုလှည့်ကာ နယ်ပယ်သခင် တိထိုက်ကို ကြည့်လိုက်သည်။


" ကျွန်မအိုင်ဒေါရဲ့ အမွှေးတွေပဲ လိုချင်တာ ရှင့်ရဲ့ ရင်ဘတ်မွှေးတွေ ဘာလုပ်ရမှာလဲ ရှင့်မှာ သူ့အမွှေးတွေ ရှိလို့လား ..."


" ကျေးဇူးပြုပြီး နားထောင်ပါဦး ခုနက တိုက်ခိုက်ခဲ့တဲ့ ကြီးကျယ်တဲ့ တိုက်ပွဲကြီးအတွင်းမှာ မင်းအိုင်ဒေါရဲ့ဖင်ကို ငါကုတ်မိခဲ့တယ် ..." 


နယ်ပယ်သခင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 


ဒီမိုက်မဲတဲ့ ကောင်မလေးကတော့ ...


လော့ကျီး၏ မျက်လုံးများ အရောင်တောက်သွားသည်။ 


" အဲ့တာဆို မြန်မြန်ပေးပါ ..." 


" ကောင်းပြီ ဒါပေမဲ့ ငါ့ရဲ့ တောင်းဆိုချက်ကို အရင်ဆုံး ဖြည့်ဆည်းပေးရမယ် ... " 


နယ်ပယ်သခင်တိထိုက် မာမာထန်ထန် ပြောလိုက်သည်။


သူ ၀တ်ရုံရှည်ကို ၀တ်ထားပြီး အလွန်ပင် လေးနက်လာကာ ပတ်ဝန်းကျင်လေထုသည် ယခုအချိန်တွင် အေးခဲသွားပုံရသည်။


နယ်ပယ်သခင် တစ်ဦးဖြစ်သည့်အတွက် လူများ၏ အာရုံစိုက်မှုကို သူအမြဲ ရရှိထားသည်။ 


အားလုံး၏ အကြည့်များက တိထိုက်ပေါ်သို့ ကျရောက်လာသည်။ သူ မည်ကဲ့သို့ တောင်းဆိုချက်မျိုး ပြုလုပ်မည်ကို စိတ်ဝင်စားနေကြသည်။


" ခဏနေကြပါဦး ... ကျိုး‌ကြောင်းဆီလျော်မှု မရှိတဲ့ တောင်းဆိုချက်တွေ နဲ့ ထူးဆန်းတဲ့ ဝန်ဆောင်မှုတွေ မဟုတ်ပါဘူး ..."


လော့ကျီး တစ်စုံတစ်ခုကို သတိရသွားသည့်ပုံဖြင့် နယ်ပယ်သခင်ကို သတိထား ကြည့်နေသည်။


နယ်ပယ်သခင်တိထိုက် မျက်မှောင်ကြုတ်ပြီး အဓိပ္ပါယ်ရှိစွာ ပြုံးနေသည်။


" မပူပါနဲ့ ငါက အဲ့လို လူစားမျိုး မဟုတ်ပါဘူး ... ဒါက တောင်းဆိုချက် သေးသေးလေးပါ အဲ့တာက ..."


ပြဇာတ်ဆန်ဆန် ခေတ္တရပ်နေပြီးနောက် သူ၏အသံ ထွက်လာသည်။


" ကျေးဇူးပြုပြီး ငါ့ရဲ့ အဖော်အချွတ်အနုပညာကို ခံစားကြည့်ပါ ..." 


ဝှစ် ...


နယ်ပယ်သခင်၏ ကိုယ်ပေါ်ရှိ ဝတ်ရုံရှည် ကွဲထွက်သွားပြီး အထည်အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။


ထို အပိုင်းအစများ ပြန့်ကျဲသွားပြီးနောက် သူ၏သွယ်လျသော ကိုယ်လုံးတီးကြီး ပေါ်လာသည်။ သူ၏ ခွကြားမှ နတ်ဘုရားအလင်းတန်းသည် အထွဋ်အထိပ်အထိ တောက်ပနေသည်။


လော့ကျီး၏ နှုတ်ခမ်းထောင့်များ တုန်ယင်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ နှာဘူးနယ်ပယ်သခင်သည် သူ၏ဂုဏ်သတင်းနှင့်အညီ အမြဲနေထိုင်ခဲ့သည်။


ယာယာ ဘာပြောရမည်မှန်း မသိတော့ပေ။


ပုဖန် ကိုယ်လုံးတီးနှင့် နယ်ပယ်သခင်ကို ကြည့်လိုက်သည်။ ထိုလူ၏ မျက်နှာကို ရိုက်နှက်ရန် မဟူရာလိပ်ခုံးဒယ်အိုးကို မသုံးနိုင်သည့်အတွက် သူ့ကိုယ်သူ မုန်းတီးနေမိသည်။


ဘယ်လိုဖြစ်လို့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က ဒီလိုနှာဘူးမျိုးကို နယ်ပယ်သခင်အဖြစ် ထားထားတာလဲ ...


ဝုန်း ဝုန်း ...


ရုတ်တရက် လေပြင်းထန်စွာတိုက်ပြီး ဟင်းလင်းပြင် အက်ကွဲလာပြန်သည်။


ခွေးလက်ဖဝါးကြီးတစ်ခု ပေါ်လာပြီး လော့ကျီး၏ရှေ့မှ ကိုယ်လုံးတီး နယ်ပယ်သခင်ကို မြေပေါ်သို့ရောက်အောင် ရိုက်ချလိုက်သည်။


အောက်ဘက်တွင် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လူပုံစံ ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာသည်။ 


လူအုပ်ကြီး အံ့ဩပြီး စကားမပြောနိုင်ကြပေ ။


သူတို့နှင့်အဝေးတွင် ခွေးဝကြီးတစ်ကောင် သူ၏ ကြောင်ကဲ့သို့ ခြေလှမ်းများဖြင့် သိမ်မွေ့စွာ လမ်းလျှောက်လာသည်။


" ထွက်လာတဲ့ အချိန်မှာပဲ အဲ့ဒီ သောက်နှာဘူးကို မြင်လိုက်ရတာ ငါ့ကို စိတ်တိုစေတယ် ..."


ခွေးဘုရင် ရေရွတ်လိုက်သည်။


ခွေးဘုရင် ပေါ်လာသည်ကို မြင်သောအခါ ပုဖန် စိတ်သက်သာရာ ရသွားသည်။


ထို့နောက် နယ်သာရီ ငရဲကမ္ဘာသင်္ဘောကို မသေမျိုးမြို့တော်ဆီသို့ ဦးတည်မောင်းသွားသည်။


သိပ်မကြာမီအချိန်တွင် မြို့တော်တံခါးဝကို သူတို့မြင်ကွင်းထဲတွင် မြင်လိုက်ရသည်။ 


လူတစ်စု ဆင်းသက်ကာ မြို့ထဲသို့ ဂိတ်တံခါးဝမှ ဝင်ရန် ပြင်ဆင်ကြသည်။


သို့သော် ပုဖန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။


သူတို့ဆင်းပြီးသည်နှင့် မြို့တံခါးဝမှ အစောင့်စစ်သားများ တစ်ဟုန်ထိုး ပြေးထွက်လာပြီး သူတို့ကို ဝိုင်းလိုက်သည်။


ဘာကြောင့် ထိုသို့ပြုမူကြသည်ကို မသိသောကြောင့် ပုဖန် အနည်းငယ် စိတ်ရှုပ်သွားသည်။


ခဏအကြာတွင် ဂိတ်တံခါးဝမှ နောက်ထပ် တပ်စုတစ်စု ထွက်လာပြီး ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည်။


သူတို့ထဲမှ တစ်ဦးသည် ထုံမိသားစု၏ ခေါင်းဆောင်ဖြစ်သည်။


အခြားသူများသည်လည်း ထုံမိသားစု ခေါင်းဆောင်ထက် မနိမ့်သော ရာထူးများပင်။ 


သူတို့၏မျက်လုံးများမှ အခြားသူများကို သေသေ ချာချာ စူးစမ်းနေကြသည်။


" ဖေဖေ ..."


ကုန်းရှို့ပန်နှင့် ကုန်းရှို့ယွင်တို့ သူတို့၏အဖေ ကုန်းရှို့မိသားစုခေါင်းဆောင် ကုန်းရှို့ပိုင်ကွမ်းကို တွေ့လိုက်ကြသည်။ သူတို့ စိတ်လှုပ်ရှားစွာဖြင့် သူ့အား လက်ဝှေ့ယမ်းပြနေသည်။


ကုန်းရှို့ပိုင်ကွမ်းသည် ရှည်လျားလှပသော မုတ်ဆိတ်မွှေးများရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ ကုန်းရှို့ပန်နှင့် ကုန်းရှို့ယွင်တို့၏ အသံများကို ကြားလိုက်ရသောအခါ ခေါင်းမော့လိုက်ပြီး သူ၏မျက်နှာပေါ်မှ ပူပန်မှုများ ပျောက်ကွယ်သွားသည်။ 


" မင်းတို့ အသက်ရှင်နေလို့ တော်ပါသေးတယ် ... တကယ်ကို တော်ပါသေးတယ် ..." 


ကုန်းရှို့ပိုင်ကွမ်း အမှန်ပင် ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ အစောပိုင်းက အမွေအနှစ်နယ်မြေ ပြိုကျပြီး ဘာမှမကျန်ခဲ့ဟု မိသားစုထံမှ သတင်းစကားရခဲ့သည်။


ထိုနေရာသို့ ရောက်ရှိခဲ့သော မသေမျိုးစားဖိုမှူးအဖွဲ့များ သေဆုံးလုနီးပါးဖြစ်ခဲ့ပြီး အများအပြားမှာလည်းသေဆုံးခဲ့သည်။


ဒါဟာ တကယ့်ကို ဘေးဥပဒ်တစ်ခုဖြစ်ပြီး သတင်းဆိုးက မသေမျိုးမြို့တော် တစ်ခုလုံးကို အချိန်တိုအတွင်း ပျံ့နှံ့သွားတယ် ...


ထိုကိစ္စ၏နောက်ကွယ်တွင် အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိနေသည်။


လူအုပ်ကြီး နှစ်ခြမ်းခွဲလိုက်သောအခါ လေးနက်သော မျက်နာထားနှင့် ဝတ်ရုံရှည်ဝတ်ထားသည့် ကျင့်ကြံသူတစ်ဦးကို မြင်လိုက်ရသည်။ လူငယ်များစွာ သူ၏နောက်မှ လိုက်ပါလာပြီး လူအုပ်ထဲမှ သူထွက်လာသည်။


သူတို့ထဲမှ တစ်ဦးသည် ပုဖန်ကို များစွာကူညီခဲ့သော မူလျှို့အာဖြစ်သည်။


မူလျှို့အာသည်လည်း ပုဖန်ကိုမြင်ပြီး မျက်စိမှိတ်ပြလိုက်သည်။


မူလျှိုအာ၏ရှေ့မှလူသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ မသေမျိုးမြို့တော်၏ မြို့တော်သခင် မူယန်ဖြစ်သည်။


ဤတစ်ကြိမ် အမွေအနှစ်နယ်မြေ၏ ပြိုကျမှုမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်အတွက် ကြောက်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်နေသည်။မြို့တော်သခင်က သတိထားမိခဲ့ပြီး မသေမျိုးမြို့တော်ရှိ ကျော်ကြားသော မိသားစုများအားလုံးလည်း ထိုနည်းလည်းကောင်းပင် ။


မူယန်၏ မျက်လုံးများက ပုဖန်ကို စူးစိုက်ကြည့်နေသည်။


ဒီ ငယ်ရွယ်တဲ့စားဖိုမှူးလေးက မူလျှို့အာပြောတဲ့ ပင်ကိုစွမ်းရည်ရှိတဲ့ တစ်ယောက်လား ...


သူ့ကို ကြည့်ရတာ ထူးခြားဆန်းကြယ်ပုံလည်း မရဘူး ...


" မြို့တော်သခင် အမွေအနှစ်နယ်မြေက ပြိုကျသွားပြီး မသေမျိုးစားဖိုမှူးတွေအများကြီး အသက်ဆုံးရှုံးခဲ့ရတယ် ဒီလူတွေက ဘယ်လိုဖြစ်လို့ အသက်ရှင်နေရသေးတာလဲ ကျွန်တော်တို့ကို တရားမျှတအောင် လုပ်ပေးပါ ..."


ကျန်းမိသားစုခေါင်းဆောင်၏ မျက်နှာမှာ ဝမ်းနည်းကြေကွဲနေသည်။ ဤအဖြစ်အပျက်တွင် သူ၏သားလေး သေဆုံးသွားခဲ့ပြီး သူ၏နှလုံးသားကို နာကျင်စေခဲ့သည်။ 


အခွင့်အလမ်းကောင်းများကို သိမ်းပိုက်ရန် ခရီးသည် စမ်းချောင်းဝါမြစ်ဆီသို့ ဦးတည်သွားသော လမ်းဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ 


ကျန်းမိသားစုခေါင်းဆောင် သာမက အခြားမိသားစုငယ်များကလည်း ဝမ်းနည်းပူဆွေးနေကြသည်။ 


" ကျွန်တော်တို့ မိသားစုတွေရဲ့ မသေမျိုးစားဖိုမှူးတွေအကုန် သေကြပြီး ဒီသေမျိုးကောင်က အသက်ရှင်နေရတာလဲ ပြီးတော့ အဲ့ခွေးကရော အမွေအနှစ်နယ်မြေကနေ ဘယ်လို ထွက်လာနိုင်ရတာလဲ ဖြစ်နိုင်တာ ... ဖြစ်နိုင်တာ အရာအားလုံး အဲ့ခွေးနက်ကြောင့်ပဲ ဖြစ်ရမယ် အဲ့ဒီသေမျိုးစားဖိုမှူးက အမွေအနှစ်နယ်မြေမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို လိုချင်တာနဲ့ပဲ အဲ့ခွေးနက်ကြီးကို တခြားမိသားစုက မသေမျိုးစားဖိုမှူးတွေကို သတ်ခိုင်းခဲ့တာဖြစ်မယ် ..." 


ထုံမျိုးနွယ်စု၏ခေါင်းဆောင် ထုံဝူတီ၏ မျက်နှာမှာ အေးစက်၍ မည်းမှောင်နေသည်။ ပုဖန်နှင့် ပုဖန်ကို အုပ်မိုးထားသော ခွေးဝကြီးကို အဝေးမှ ကြည့်နေသည်။


ခွေးဘုရင် အနည်းငယ် အံ့ဩသွားသည်။


ဒီလူ ဘာကိုဆိုလိုတာလဲ ...


ခွေးဘုရင်ကို တခြားလူတွေနဲ့ သွေးထိုးလှုံ့ဆော် ပေးနေတာလား ...


ထုံဝူတီ အလွန် ဝမ်းနည်းကြေကွဲသည့်ဟန် ဖြစ်နေသည်။ သူခဏချင်းပျောက်သွားပြီး မြို့တော်သခင်မူယန်၏ရှေ့တွင် ပြန်ပေါ်လာကာ လက်သီးများဆုပ်၍ ဦးညွှတ်လိုက်သည်။ သူ၏မျက်နှာမှာ စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေပုံရသည်။


" မြို့တော်သခင် ဒီခွေးနက်ကြီးက အဲ့ဒီနှစ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံး အလိုရှိခဲ့တဲ့ သူပါ ကျေးဇူးပြု၍ အကြီးမြတ်ဆုံး နယ်ပယ်သခင် အရှင်မင်းကြီးကို ဆက်သွယ်ပြီးသူ့ကို အပြစ်ပေး ဖမ်းဆီးပြီး တရားမျှတမှုရအောင် ပြုလုပ်ပေးပါ ..." 


ကျန်းမျိုးနွယ်နှင့် အခြားမိသားစုများကလည်း ထုံဝူတီ၏ နောက်တွင် ရပ်လိုက်ပြီး မူယန်ကို ဦးညွှတ်လိုက်ကြသည်။


ကုန်းရှို့ပိုင်ကွမ်းလည်း ထိုသို့ပြုလုပ်ရန် ပြင်နေစဉ် ကုန်းရှို့ပန်က သူ့အား ဆွဲထားလိုက်သည်။


" ဖေဖေ ကျွန်တော်တို့ ဝင်မပါသင့်ဘူး ..."


ကုန်းရှို့ပန် လေးနက်စွာ ပြောလိုက်သည်။ ထို့နောက် အခြားသူများကို ဟာသပြုလုပ်နေသည်ကို မထင်ရသည့် အမူအရာဖြင့် ကြည့်လိုက်သည်။


ထုံမိသားစု ဤကိစ္စ၏ နောက်ကွယ်တွင် ရှိသည်မှာ မထူးဆန်းပေ။ ထုံမိသားစုက ပုဖန်အပေါ်တွင် အငြိုးရှိနေသော်လည်း ခွေးဘုရင်ကို ကြောက်ရွံ့ကြသည်။ ယခုအခါတွင်လည်း ခွေးဘုရင်ကို ကြိုးနှင့်ချည်ပြီး နောက်တစ်ကြိမ် ထွက်ပြေးခိုင်းရန် အခွင့်အရေးရလာပြီ ဖြစ်သည်။


ထို့နောက် ခွေးဘုရင်၏ ကာကွယ်မှုမပါဘဲ ပုဖန် ထုံမိသားစု၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရမည်ဖြစ်သည်။


ကုန်းရှို့ပန်သည်လည်း ထုံမိသားစုအပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်များ မရှိပေ။ 


‌ကြာပန်းအမွေအနှစ် နယ်မြေတွင် ထုံမိသားစုဝင် ထုံယော့ သူ၏အခွင့်အရေးကို ဖျက်ဆီးပစ်ခဲ့သည်။


ထုံဝူတီ သူပြောနေတဲ့ နယ်ပယ်သခင်က ဒီနေရာမှာ ရှိနေတယ်ဆိုတာ မသိလောက်သေးဘူး ...


သေချာတာတစ်ခုကတော့ သူအမြဲတမ်း လေးစားနေခဲ့ရတဲ့ နယ်ပယ်သခင် အရှင်မင်းကြီးက နှာဘူးဖြစ်နေတယ်ဆိုတာ သူမသိလောက်သေးဘူး ... 


ပုဖန်၏ အေးစက်သော မျက်လုံးများက အားလုံးကို မြင်တွေ့ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ သူတို့၏အကြံအစည်ကို သိရှိသွားပြီဖြစ်၍ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး သရော်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ 


ခွေးဘုရင် ငရဲကမ္ဘာသင်္ဘောပေါ်တွင် လှဲလျောင်းနေသည်။ ဤတစ်ခေါက် အမွေအနှစ်နယ်မြေသို့ ခရီးစဉ်သည် သူ့အား မောပန်းစေခဲ့သည့်အတွက် သူအနားယူရန် လိုအပ်နေသည်။ 


မူယန်၏ မျက်နှာမှာ ခက်ထန်နေသည်။ ထုံဝူတီ သူ့အား တွန်းအားပေးနေသည်မှာ သံသယဝင်စရာ မလိုပေ။ 


နယ်ပယ်သခင်ကို ဆက်သွယ်ရန် သူ့အားတွန်းအားပေးနေသည်။ ထုံဝူတီ၏ စကားများမှာ မမှားယွင်းသော်လည်း လုပ်ဆောင်ရန် ခက်ခဲနေသည်။ 


ရုတ်တရက် ...


မူယန် ဝေခွဲမရ ဖြစ်သွားသည်။


ကောင်းကင်ယံမှ ပန်းနုရောင်ပွင့်ဖတ်များသည် တဖြည်းဖြည်းကျလာကာ လေထဲတွင် လွင့်မျောနေသည်။


မူယန် လက်မြှောက်ပြီး ပွင့်ဖတ်များကို ဖမ်းယူလိုက်သည်။ 


ပန်းပွင့်တွေ ဘာလို့ လေထဲကနေ ကျလာတာလဲ ...


ထို့နောက် မည်သည့်နေရာမှမဆို မောင်းသံ ဗုံသံများနှင့် မီးရှူးမီးပန်းတို့၏ အသံများပင် လုံး၀ မြည်ဟီးသွားသည်။


ပုံရိပ်တစ်ခု ပေါ်လာသည်။ သူ၏လက်တစ်ဖက်မှာ ဦးခေါင်းကို ကိုင်ထားပြီး အခြားတစ်ဖက်မှာ သူ၏ခါးတွင်ရှိတာ ကောင်းကင်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ 


သူ၏ ခန္ဓာကိုယ်မှာ ဗလာကျင်းနေပြီး ခွကြားတွင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည်။ 


ဩဇာရှိမိသားစု ခေါင်းဆောင်များသည်လည်း ထိတ်လန့်ကုန်ကြပြီး မေးရိုးများ ပြုတ်ကျမတတ် ဖြစ်နေကြသည်။ 


မူယန် ထိုကိုယ်လုံးတီးပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာတစ်ခုလုံး တုန်လှုပ်သွားပြီး အေးခဲသွားပုံရသည်။


နယ်ပယ်သခင်တိထိုက် ခေါင်းကိုမော့ကာ စူးစမ်းသည့် အကြည့်ဖြင့် မြို့တော်သခင်မူယန်ကို ကြည့်လိုက်သည်။


" တစ်ယောက်ယောက် ငါ့ကိုခေါ်တာ ကြားလိုက်တယ် ..."