အပိုင်း ၁၀၁၄
Viewers 53k

အခန်း ၁၀၁၄

စားသောက်ဆိုင်လေးတစ်ခုကလည်း အံ့ဩဖွယ်ဖြစ်ရပ်တစ်ခု ဖန်တီးပေးနိုင်တယ် 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ၏ မြို့တော်သခင် ဖြစ်သည့် မူယန်သည် နယ်ပယ်သခင် တိထိုက်ကိုသိပေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မြို့တော်သခင် ငါးဦးရှိပြီး တစ်ဦးစီက အလွှာတစ်ခုစီကို တာဝန်ယူရသည်။ သူတို့အားလုံးကို နယ်ပယ်သခင်က ကွပ်ကဲသည့်အတွက် သူ့ကိုသိကြသည်မှာ ကျိန်းသေပင်။


ဒါပေမဲ့ အခု သူတို့ရှေ့မှာ အုပ်မိုးထားတဲ့ နှာဘူးကောင်က သူသိတဲ့ ရက်စက်ပြီး ချောမောခန့်ညားတဲ့ နယ်ပယ်သခင် ဟုတ်ရဲ့လား ...


မြို့တော်သခင်များ နယ်ပယ်သခင်အား ၎င်းတို့၏ သက်ဆိုင်ရာ အလွှာအသီးသီးရှိ ကိစ္စများနှင့် ပတ်သက်၍ သတင်းပို့သည့်အခါတိုင်း နယ်ပယ်သခင်တိထိုက် အမြဲတမ်း သူတို့နှင့် ခပ်ခွာခွာနေလေ့ရှိသည်။ ဝတ်ရုံရှည်ကြီးကို ဝတ်ထားပြီး သူ၏မျက်နှာမှာ အေးစက်ပြီး ခက်ထန်နေသည်။


ယျေဘုယျအားဖြင့် သူသည် လေးစားရိုသေထိုက်သော နတ်ဘုရားအဆင့် တည်ရှိမှုဆိုသည်ကို ပြသနေသည်။


သို့သော် ယခုချိန် သူတို့ရှေ့တွင် ရပ်နေသည်မှာ ကိုယ်လုံးတီး အရူးကောင်တစ်ယောက်သာဖြစ်သည်။


မင်းကို ဘယ်သူခေါ်နေလို့လဲ ...


ဒါက နယ်ပယ်သခင် အတုကြီးပဲဖြစ်မယ် ...


စိတ်ပြန်လည်စုစည်းပြီးနောက် သူတို့၏ အမူအရာများမှာ အေးစက်ကုန်သည်။


အစပိုင်းတွင် သူတို့ ကြောက်လန့်သွားကြသည်။


ဘယ်လိုလုပ် မကြောက်ပဲနေမလဲ အဝတ်မပါတဲ့ လူတစ်ယောက်က ဘယ်နေရာကမှန်းမသိ ဆင်းလာပြီး သူတို့ရှေ့မှာ ရပ်နေတာလေ ...


ယာယာ ဆွံ့အသွားပြီး ရှက်လည်း ရှက်နေသည်။ ဤကဲ့သို့ နယ်ပယ်သခင်တစ်ယောက်နောက်ကို လိုက်ရသည်မှာ ပင်ပန်းသည်ဟု ခံစားရသည်။


သူမခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လာပြီး လက်ထဲတွင် ဝတ်ရုံရှည်တစ်ခု ပေါ်လာသည်။ ထိုဝတ်ရုံ လေထဲတွင် လွင့်သွားပြီး အားလုံး၏ မျက်စိရှေ့မှ အဝတ်မဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်သည်။


ထိုနောက် ထိုဝတ်ရုံရှည်၏ အင်္ကျီလက်မှဆွဲ၍ နယ်ပယ်သခင်ကို အဝေးသို့ ဆွဲခေါ်သွားလိုက်သည်။ 


အခြားလူများမှာ ပို၍ အံ့ဩနေကြသည်။


သူတို့ ဒီလိုအရူးတစ်ယောက်နဲ့ ဘာလို့ဆုံမိတာလဲ ...


မြို့တော်သခင်မူယန်မှာ ပို၍ စိတ်ရှုပ်ထွေးနေသည်။ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော ထိုလူသည် သူ၏စိတ်ကူးထဲမှ နယ်ပယ်သခင်၏ ပြီးပြည့်စုံသော ပုံရိပ်နှင့် တူညီနေသည်။


ဖြစ်နိုင်တာက ... အဲ့ဒီကိုယ်လုံးတီးနဲ့ နှာဘူးက တကယ်ပဲ နယ်ပယ်သခင် အရှင်မင်းကြီး ဖြစ်နေတာများလား ...


မူယန် လေအေးကို ရှုရှိုက်လိုက်ပြီး သူ၏မျက်လုံးထဲမှ ကြောက်လန့်မှု့များက ပို၍ ပြင်းထန်လာသည်။ 


ခဏနပေါဦး ...


နယ်ပယ်သခင်က ဘာလို့ ဒီမှာ ရှိနေရတာလဲ ...


ပြီးတော့ သူ့ကိုကြည့်ရတာ အဲ့ဒီသေမျိုးစားဖိုမှူးနဲ့ တည့်နေပုံပဲ ... 


ဩဇာရှိမိသားစုမှ လူများ နယ်ပယ်သခင်ကို မသိသည်မှာ သဘာဝကျလှပေသည်။ အဝတ်မဲ့ခန္ဓာကိုယ်နှင့် မည်သည့်နေရာကမှန်းမသိ ထွက်လာသော လူတစ်ဦးသည် သူတို့၏မျက်လုံးထဲတွင် စိတ်ဝေဒနာ ခံစားနေရသော ရယ်ရသည့် အရူးတစ်ယောက်သာ ဖြစ်နေလိမ့်မည်။


ထိုအဝတ်မဲ့အရူးက နယ်ပယ်သခင် ဖြစ်နေလိမ့်မည်ဟု စိတ်ကူးကြည့်ကြမည် မဟုတ်ပေ။


" မြို့တော်သခင် နယ်ပယ်သခင်ကို သတင်းပို့ပြီးတော့ ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးပါ ..." 


ထုံမိသားစုခေါင်းဆောင် ထုံဝူတီ မျက်လုံးမှ မျက်ရည်များ ကျဆင်းလျက် ပြောလာသည်။ 


အခြား ခေါင်းဆောင်များသည်လည်း သူတို့၏မျက်လုံးများထဲတွင် မျက်ရည်များ ဝဲနေကြသည်။ သူတို့အလွန်တုန်လှုပ်ကာ ပူဆွေးနေကြပြီး မူယန်ကို နယ်ပယ်သခင်ထံ သတင်းပို့ပေးရန် တောင်းဆိုလာကြသည်။ 


ထိုခွေးနှင့် ရင်ဆိုင်မည်ဆိုပါက နယ်ပယ်သခင် သို့မဟုတ် မြို့တော်သခင် ငါးဦးကို ဖိတ်ခေါ်ပြီး ပူးပေါင်းခိုင်းရမည်ကို ထုံဝူတီ ရှင်းလင်းစွာသိသည်။ ထိုမျှသာ မာနကြီးသောခွေးကို သူတို့အောင်နိုင်မည် ဖြစ်သည်။


သို့သော် နောက်မှ ထုံဝူတီ မြင်ပြီးကြားလိုက်ရသည်က သူ၏ခန့်မှန်းချက်ထက် ကျော်လွန်သွားသည်။


မြို့တော်သခင် မူယန်သည် သူ၏ခံစားချက်များကို ဖိနှိပ်ရန် ကြိုးစားနေသကဲ့သို့ တုန်လှုပ်နေသည်။ ထို့နောက် ထုံဝူတီကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ 


" သူတို့တွေက အမွေအနှစ်နယ်မြေကို အရင်းမြစ်တွေနဲ့ အခွင့်အရေးကောင်းတွေကို ရယူဖို့ သွားခဲ့ကြတာ အချို့က ရတယ် အချို့က မရခဲ့ဘူး ... သူတို့ အမွေအနှစ်နယ်မြေမှာ သေသွားတယ်ဆိုတည်းက သန်မာမှုမရှိလို့ပဲ ရှေးဟောင်းအပျက်အစီးတွေမှာ ရတနာရှာဖွေရင်း သေဆုံးသွားတဲ့ လူတိုင်းအတွက် တရားမျှတမှုကို ရှာဖို့ လိုနေလို့လား ..."


ထုံဝူတီ အံ့ဩသွားသည် ။ မူယန် ထိုကဲ့သို့ စကားများကို ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ 


အမွေအနှစ်နယ်မြေတွင် သေဆုံးသွားသူတိုင်း အချည်းနှီး သေခဲ့သည်ဟု ပြော၍ မရနိုင်ပေ။ ထိုနေရာတွင်ရှိသော အန္တရာယ်များကို ပါဝင်သူတိုင်း သတိပြုမိကြသည်။


သို့သော်လည်း သြဇာကြီးသော မိသားစုခေါင်းဆောင်များ၏ ဖိအားများကြားမှ မူယန် ထိုသေမျိုးစားဖိုမှူးကို ကာကွယ်ပေးခဲ့သည်။ 


အဝေးတွင် ...


ပုဖန် သူတို့ကို တည်ငြိမ်စွာ ကြည့်နေသည်။ နယ်ပယ်သခင်ကို ဖိတ်ခေါ်၍ ခွေးဘုရင်နှင့် ဖြေရှင်းရန်အကြောင်း မပြောခင်အထိ သူတို့ကို မကြည့်နေပေ။


အကယ်၍ ထိုအဝတ်မဲ့အရူး နယ်ပယ်သခင်သာ ခွေးဘုရင်ကို အဆုံးသတ်နိုင်လျှင် ‌ခွေးဘုရင် နံချိုးချိုချဉ်တစ်နှစ်စာကို အခမဲ့စားနေရမည် မဟုတ်ပေ။ 


ထို့အပြင် နယ်ပယ်သခင်က ထိုနေရာ၌ပင် မတ်တပ်ရပ်နေသည်။


ကုန်းရှို့ပိုင်ကွမ်းကို သူ၏ကလေးများက ဟန့်တားထားသောကြောင့် နယ်ပယ်သခင်ကို သတင်းပို့ပေးရန် ဩဇာကြီးမိသားစုများ အော်ဟစ်ငိုယိုနေသည့်ထဲတွင် သူ မပါဝင်လိုက်ပေ။ 


ကုန်းရှို့ပန်၏ အကြံအစည်ကို လိုက်နာလိုက်ပြီး ကုန်းရှို့ပိုင်ကွမ်း မြို့တော်သခင်နှင့် ပုဖန်ကို တစ်လှည့်စီကြည့်လိုက်သည်။


အဆုံးတွင် သူ တစ်စုံတစ်ခုကို နားလည်သွားသောကြောင့် ဘာမှဝင်မပြောတော့ပေ။


ကျင်းကျောင်း သူ၏ကြီးမားသော ဝိညာဉ်ချုပ်ယပ်တောင်ကြီးကို ကိုင်ဆောင်ပြီး နတ်ဆိုးကဲ့သို့ ပြုံးလိုက်သည်။ စိတ်မရှည်တော့သည့်ပုံဖြင့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ 


သို့သော် သူ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ ဤနေရာသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဖြစ်သည်။ ကမ္ဘာ‌မြေအကျဉ်းထောင် မဟုတ်ပေ။ 


သူ၏ စိတ်တိုတတ်သော စရိုက်ကြောင့် လူအစုအဝေးကြီးက သူ့ကို စိုက်ကြည့်လာပါက မကြာမီပင် သူတို့ကို သေစေလိမ့်မည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မြို့တော်သခင် တစ်ယောက်စီတိုင်းသည်လည်း သူ့ထက် မပျော့ညံ့ကြပေ။ ဤနေရာ၌ သူတို့ကို ရန်စမိပြီး ဝိုင်းခံထားရပါက သူ၏အဖြစ်မှာ တူးမြောင်းထဲတွင် မှောက်သွားသော လှေငယ်ကဲ့သို့ ဖြစ်နေလိမ့်မည်။ 


ထို့အပြင် ထိုလူများက မာနကြီးသော စားဖိုမှူးလေးကို အပြစ်ပေးချင်ကြခြင်းဖြစ်သည် သူ့အား မဟုတ်ပေ။ ထိုစားဖိုမှူး၏ အရည်အချင်းကို စစ်ဆေးရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။


ပုဖန်ကမူ ဘာမှပြသရန် အစီအစဉ်မရှိပေ။ သူ၏ ဖြူနီစားဖိုမှူး ဝတ်ရုံ လေထဲတွင် တဖျပ်ဖျပ်လွင့်နေလျက် လက်နောက်ပစ်ကာ သင်္ဘောပေါ်မှဆင်းလာသည်။


ငရဲကမ္ဘာသင်္ဘောသည် အိပ်ပျော်နေသော ခွေးဘုရင်က်ို သယ်ဆောင်၍ လေထဲတွင် မျောလွင့်နေသည်။


ပုဖန် ရှေ့သို့ တိုးလာသောအခါ သူကောင်းမျိုးမိသားစုမှလူများ တားမြစ်ရန် ကြိုးစားကြသည်။ သို့သော်လည်း သူတို့ မသိစိတ်မှ လွတ်မြောက်စေတိုင်သည့် ကြောက်မက်ဖွယ်အင်အားကို ခံစားလိုက်ရသောအခါတွင် ထိတ်လန့်သွားကာ လမ်းဖယ်ပေးလိုက်ကြသည်။


ဤနေရာ၌ ခွေးဘုရင်ရှိနေပါက သူတို့ ရူးရူးမိုက်မိုက် မပြုလုပ်ရဲကြပေ။ ပုဖန် ထွက်သွားသည်ကိုသာ ကြည့်နေကြသည်။ 


ထုံဝူတီ၏ မျက်နှာမှာ မည်းမှောင်၍ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေကာ ပုဖန် မသေမျိုးမြို့တော်ထဲသို့ အေးဆေး ဝင်သွားသည်ကို စိုက်ကြည့်နေသည်။


သူ အံကြိတ်ထားသည်။ 


ထိုခွေးကို ဖယ်ရှားပစ်ရန်အတွက် ဩဇာကြီးမိသားစုခေါင်း‌ဆောင်များကို သူ စုစည်းခဲ့ရသည်။ ထို့နောက် ထိုခွေးမရှိတော့ပါက ဟောင်းနွမ်းစုတ်ပြတ်နေသော စားသောက်ဆိုင်ငယ်ကို သူတို့ဖျက်ဆီးပစ်နိုင်ပြီ ဖြစ်သည်။


ကံဆိုးစွာဖြင့် သူတို့ မြို့တော်သခင်ကို နယ်ပယ်သခင်အား ဆက်သွယ်ပေးရန် တိုက်တွန်းနေသော်လည်း သူက မဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် သူတို့ အစီအစဉ်အသစ် ပြုလုပ်ရမည်ဖြစ်သည်။ 


ထို မြို့တော်သခင်မှာ အသုံးမဝင်ပေ။ 


မြို့တော်သခင်ကို အခြားတစ်ယောက် ပြောင်းရမလား ...


မူမိသားစုသည် အလွန် ရှေးရိုးစွဲသည် ။ အခြားမိသားစု တစ်ခုကို မြို့တော်သခင် လုပ်ခိုင်းရန် အချိန်တန်ပြီ ဖြစ်သည်။


ထုံဝူတီနှင့် သြဇာကြီးမိသားစုများမှ ကျင့်ကြံသူများ အကြည့်ချင်းဖလှယ်နေကြစဉ် သူတို့၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။


...


လူအုပ်စုကြီး မြို့တော်ထဲသို့ ဝင်လာကြသည်။


နယ်ပယ်သခင်တိထိုက် ယခု သူ၏ဝတ်ရုံရှည်ကြီးကို ဝတ်ထားရသည်။ အဘယ့်ကြောင့်ဆိုသော် ယာယာက သူနှင့် နီးကပ်စွာ လျှောက်နေသည့်အတွက် သူ၏အဝတ်အစားများကို ဖောက်ခွဲပစ်ရန် အခွင့်အရေး မရသောကြောင့်ဖြစ်သည်။ ယခုအချိန်တွင် ဘေးပတ်ဝန်းကျင်ကိုသာ စူးစမ်းစွာ ကြည့်နေသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးကို အုပ်ချုပ်သည့် နယ်ပယ်သခင် ဖြစ်သော်လည်း မသေမျိုးမြို့တော်တွင် လျှောက်သွားရန် အခွင့်အရေး မရှိသလောက် နည်းပါးသည်။


မြို့တော်သခင်များက အလွာငါးခုလုံးကို ကောင်းစွာ စီမံအုပ်ချုပ်နေသောကြောင့် နယ်ပယ်သခင်ဖြစ်သည့် သူ၏ အဓိက တာဝန်မှာ သူ၏သစ်သားအိမ်တွင် ထိုင်နေပြီး ကျင့်ကြံခြင်းနှင့် အချက်အပြုတ်ပညာကို လေ့ကျင့်ရန်သာ ရှိသည်။


အကယ်၍ သစ်သားအိမ်မှ အပြင်သို့ လမ်းလျှောက်ထွက်ပါကလည်း သူနေထိုင်သည်မှာ ပဉ္စမအလွှာတွင် ဖြစ်နေသည်။ ထို့ကြောင့် ပထမအလွှာမှ အရာများကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။


ပြောရမည်ဆိုလျှင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အမြင့်ဆုံးအလွှာနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ ချက်ပြုတ်နည်းများမှာ အဆင့်နိမ့်လှသည်။ ထို့အပြင် ဤနေရာရှိ ဟင်းလျာများ၏ အနံ့သည် အပေါ်လွှာများထက် အားနည်းသည်။


ကြောက်ခမန်းလိလိ တော်လှသော မသေမျိုးစားဖိုမှုးများ အလယ်အလွှာနှင့် အထက်ပိုင်းအလွှာများတွင် မွေးဖွားလာခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ သိူ့သော် အနိမ့်ပိုင်းအလွှာများတွင် ထိုကဲ့သို့သော စားဖိုမှူး မပေါ်ပေါက်ခဲ့ဖူးပေ။


ထိုလူအုပ်စုကြီး လမ်းပေါ်တွင် ဝေ့ဝဲမနေပဲနှင့် ပုဖန်၏ နောက်မှလိုက်သွားကာ နောက်ဆုံးတွင် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးသို့ ရောက်လာကြသည်။ 


" ဒါ မင်းရဲ့ စားသောက်ဆိုင်လေးလား ..."


နယ်ပယ်သခင်တိထိုက် ထိုဆိုင်အသေးလေးကို ကြည့်၍ ကိုးရို့ကားယားဖြစ်ကာ ရယ်ချင်လာသည်။ 


ယာယာ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ 


ဒီလို သေးငယ်တဲ့ ဆိုင်လေးပဲရှိတာကို ပုဖန်က ဘာလို့ နယ်ပယ်သခင်ဆီမှာ အလုပ်သင် စားဖိုမှူးလုပ်ဖို့ ငြင်းပယ်လိုက်ရတာလဲ ...


နယ်ပယ်သခင်၏ အလုပ်သင်ဖြစ်ရန် ပုဖန်သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အမြင့်ဆုံးအလွှာတွင် စားသောက်ဆိုင်ကြီးတစ်ဆိုင် ချက်ချင်း ရလာမည်ဖြစ်သည်။


ဤသည်မှာ နယ်ပယ်သခင်၏ အလုပ်သင်ဖြစ်သည့် စားဖိုမှူးတစ်ယောက် ရသင့်ရထိုက်သော အကျိုးခံစားခွင့် တစ်ခုဖြစ်သည်။ 


ပဉ္စမအလွှာတွင် ယာယာ၌ အလွန်ကျယ်ဝန်းသော စားသောက်ဆိုင်တစ်ခုရှိသည်။ သို့သော် နယ်ပယ်သခင်နောက်ကိုသာ အချိန်တော်တော်များများ လိုက်နေရသောကြောင့် သူမ၏စားသောက်ဆိုင်ကို မကြာခဏ ပိတ်ထားရသည်။


သို့သော်လည်း ယာယာ အားလပ်ချိန်တွင် သူမ၏ ချက်ပြုတ်ခြင်းစွမ်းရည်များကို လေ့ကျင့်ရန် စားသောက်ဆိုင်တွင် မကြာခဏ နေလေ့ရှိသည်။


မသေမျိုးစားဖိုမှူးတစ်ဦးအတွက် ကောင်းမွန်သောစားသောက်ဆိုင်ရှိခြင်းသည် ဂုဏ်ကျက်သရေရှိခြင်းတစ်မျိုးဖြစ်သည်။


ပုဖန် နယ်ပယ်သခင်တိထိုက်ကို စောင်းငဲ့ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ 


စားသောက်ဆိုင်မှာ သေးငယ်သော်လည်း စားဖိုမှူးက ပို၍ အရေးကြီးသည်။ 


သေးငယ်သော စားသောက်ဆိုင်လေးသည်လည်း ကြီးမားသော အံ့ဩဖွယ်ဖြစ်ရပ်ကို ဖန်တီးပေးနိုင်သည်။


ဝှစ် ...


ပုဖန် စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်သည်နှင့် ခွေးဘုရင် အထဲသို့ တစ်ဟုန်ထိုး ဝင်သွားသည်။ ထောင့်တစ်ခုကို ချက်ချင်းရှာပြီး လှဲနေလိုက်သည်။


မဟူရာနဂါးဘုရင် အိပ်ပျော်နေသော ပန်းပွင့်လေးကို ချီ၍ စားသောက်ဆိုင်ထဲသို့ ဝင်လာပြီး ခွေးဘုရင်၏ဘေးတွင် ချပေးလိုက်သည်။ 


ကျောက်စိမ်းကဲ့သို့ တို့ဟူးကို စားပြီးသည့်နောက်တွင် ပန်းပွင့်လေး စကားပြောနိုင်သွားသည်။ သို့သော် သူမ၏ ဆင့်ကဲပြောင်းလဲမှုသည် စွမ်းအင်များစွာ လိုသည့်အတွက် ယခုအချိန်တွင် ကလေးမလေးသည် ခွေးဘုရင်ကိုသာမှီ၍ အိပ်မောကျနေသည်။


သူမ နိုးလာချိန်တွင် ကြီးစွာသော အံ့အားသင့်မှုကြီး ဖြစ်နေပေလိမ့်မည်။


" ဝင်ခဲ့ပါ ..."


ပုဖန် ယို့ကျီးကို ကြည့်၍ ပြောလိုက်သည်။


နယ်သာရီ၏ ကျိန်စာကို နှိမ်နင်းပေးနိုင်သည့် ဟင်းလျာကို မြင်ချင်သည့်အတွက် ပုဖန် သူမကို စိတ်ပျက်အောင်လုပ်၍ မရပေ။


ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ကိုင်ဆောင်၍ ယို့ကျီး ပုဖန်ကိုကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမနှင့် အခြားလူများ စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်။


ယာယာနှင့် နယ်ပယ်သခင်တို့ ဝင်သင့် မဝင်သင့် တုံ့ဆိုင်းနေကြသည့်အတွက် အပြင်ဘက်တွင် ရပ်နေသည်။ 


ယာယာ စားသောက်ဆိုင်ငယ်လေးကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် စကားမပြောမီ အသက်တစ်ချက်ရှုသွင်းလိုက်သည်။


" အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုရင် ဒီလို ဆိုင်ငယ်လေးကိုဝင်ဖို့ မထိုက်တန်ပါဘူး ကျွန်မတို့ ပြန်သင့်တယ် ..." 


နယ်ပယ်သခင်တိထိုက်သည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး ချီလင်စားဖိုမှူးတစ်ယောက်ဖြစ်ပြီး စားဖိုမှူးများ အားလုံး၏ အိုင်ဒေါဖြစ်သည်။ ဤ သေးငယ်သော ဆိုင်ငယ်လေးသည် သူ၏ ဝိသေသ လက္ခဏာနှင့် အဆင့်အတန်းများနှင့် မထိုက်တန်ပေ။ 


" ငါဘာလို့ ပြန်ရမှာလဲ ဟိုဝဲစားခွေးက ဒီဆိုင်မှာ နေတာလေ ငါသူ့ကို စောင့်ကြည့်ရဦးမယ် ..."


နယ်ပယ်သခင်တိထိုက် သူ၏ရွှေရောင်ဆံပင်များကို လှုပ်ခါလိုက်ပြီး လက်နှစ်ချောင်းထောင်၍ သူ၏မျက်လုံးထဲ ညွှန်ပြပြီးနောက် ခွေးဘုရင်ဘက်သို့ ညွှန်ပြလိုက်သည်။


" ဒါပေမဲ့ မင်း ... ငါ့မှာ မင်းအတွက် ဆောင်ရွက်စရာကိစ္စတွေ အများကြီးရှိသေးတယ် သစ်သားအိမ်ကို ပြန်မှရမယ် မြန်မြန်လေး ..." 


တိထိုက်၏ စကားလုံးများက ယာယာ့ကို အံ့ဩသွားစေသည်။


ခဏအကြာတွင် ...


နယ်ပယ်သခင်တိထိုက် သူ၏ လက်ချောင်းများကို ဆွဲဆန့်လိုက်ပြီး ယာယာ၏ ချောမွေ့နေသော ကြွေသားကဲ့သို့ နဖူးကို ထိလိုက်သည်။


ယာယာ၏ရှေ့မှမြင်ကွင်း ချက်ချင်းပင် ပြောင်းလဲသွားသည်။


သူ၏ အသိစိတ်ပြန်ဝင်လာသောအခါ သူမ သစ်သားအိမ်ရှေ့တွင် ပြန်ရောက်နေသည်။ 


သူ့ရှေ့တွင် ကျောက်စိမ်းအဆောင်စာရွက် များစွာ လွင့်ပျံကာ တောက်ပနေသည်။ တစ်ခုစီတိုင်းတွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဒေသတစ်ခုစီတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မှတ်တမ်းတင်သည်။ တစ်နည်းဆိုရသော် ၎င်းသည် သူမကိုင်တွယ်ရန် လိုအပ်သည့်အရာများဖြစ်သည်။


ယာယာက မကျေမနပ်ဖြင့် နဖူးကို ပွတ်လိုက်သည်။ ထိုကျောက်စိမ်း စာလုံးများကို ဖတ်ရှုခြင်းမှာ ယခု သူမ၏ အလုပ်ဖြစ်ကြောင်း သူမ သိလိုက်သည်။


အဘယ်ကြောင့်ဆိုသော် သူမတွင် ထိုကဲ့သို့ မယုံကြည်ရသည့် နယ်ပယ်သခင် ရှိနေသောကြောင့်ဖြစ်သည်။


ယာယာ့ကိုပြန်ပို့လိုက်ပြီးနောက် နယ်ပယ်သခင်တိထိုက် ပြုံးလိုက်သည်။ သူ၏ ဝတ်ရုံရှည်ကြီးကို ကိုင်ပြီး စားသောက်ဆိုင်တွင်းသို့ ခေါင်းမော့ကာ ဝင်လာလိုက်သည်။ 


သို့သော် သူအထဲသို့ ဝင်ဝင်ချင်း ...


နယ်ပယ်သခင် ဓာတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


သူ၏မျက်လုံးများက မယုံကြည်နိုင်ဖြစ်ပြီး စိတ်ကူးပင်မယဉ်နိုင်သည်များ ဖြစ်လာသကဲ့သို့ပင်။


" ဒီစားသောက်ဆိုင် ... ဒီအော်ရာ ...


....


ပုဖန် မီးဖိုချောင်ထဲသို့ ဝင်လိုက်သည်နှင့် စနစ်၏ တည်ကြည်သောအသံ ထွက်ပေါ်လာသည်။ 


" မသေမျိုးမီးတောက်ကို ရရှိခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် သင်ယခုပဲ စစ်မှန်မသေမျိုးနယ်ပယ် စစ်ဆေးချက်တစ်ခုကို ရရှိထားပါတယ် ဒီစစ်ဆေးချက်ကို အောင်မြင်ခဲ့မယ်ဆိုရင် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်ကို ရောက်ရှိသွားပြီး စိတ်စွမ်းအင်တွေလည်း တိုးလာပါလိမ့်မယ် ..." 


ပုဖန် ထိုနေရာတွင်ပင် ရပ်နေပြီး မျက်လုံးများကို မှိတ်ထားသည်။ တုံ့ဆိုင်းမှုတစ်စုံတစ်ရာပင် မရှိပဲ သူပြောလိုက်သည်။ 


" ကျွန်တော် စစ်ဆေးချက်ကို ဖြေပါမယ် ..."


သူ၏ဟင်းလျာများက နယ်သာရီ၏ ကျိန်စာကို နှိမ်နင်းနိုင်ကြောင်း ယို့ကျီးကို သက်သေပြရန်အတွက် ဟင်းလျာ ချက်ပြုတ်ရမည်ဖြစ်၍ စစ်ဆေးချက် ဖြေဆိုရန်မှာ အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။ 


ဝီ ... 


ပုဖန် အတည်ပြုပြီးနောက် စိတ်ထဲတွင် တုန်ခါသွားသည်။


သူ၏ရှေ့တွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာပြီး မီးဖိုကို ပုံစံတစ်ခုဖြင့် ပြုလုပ်ထားသည်။


ထိုပုံစံမှာ လည်ပတ်နေပြီး ခဏအကြာတွင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။


နောက်ဆုံးတွင် အလယ်ဗဟို၌ အမွှေးအရောင် ၇မျိုးဖြင့် ဘဲတစ်ကောင် လှဲလျောင်းနေသည်။ 


စနစ်၏ တည်ကြည်သောအသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။


" စစ်မှန် မသေမျိုးနယ်ပယ် စစ်ဆေးချက်ဟင်းလျာ : ဘဲကင် လျို့ဝှက်ချက်ပြုတ်နည်း စနစ်က ဒီဟင်းလျာကို အဆင့်မြင့်ဟင်းလျာလို့ သတ်မှတ်ထားတယ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ရင် စစ်ဆေးချက် အောင်မြင်မယ် ..."


ပုဖန် အသက်ရှုထုတ်ပြီး မျက်လုံးများက တစ်နေရာတည်းကို စိုက်ကြည့်နေသည်။ ခုနစ်ရောင်ခြယ် အမွှေးများရှိသော ဘဲပေါ်သို့ သူ၏အကြည့်များ ရောက်သွားသည်။


သူ ဘဲကင် လုပ်ရမှာလား ...