အပိုင်း ၁၀၁၅
Viewers 53k

အခန်း ၁၀၁၅

အဝတ်တွေအကုန် ချွတ်ပစ်ရမှာလား


စနစ်က သူ့အား ဘဲတစ်ကောင်ပေးလာသည်။ ၎င်းကို ကင်စေချင်သည်လား မသိပေ။


ပုဖန်တစ်ယောက် ခုနှစ်ရောင် ခြယ်မြန်းထားသော ဘဲမွှေးများကိုကြည့်၍ အနည်းငယ် အံ့အားသင့်သွားမိသည်။ စနစ်မှ သူ့ကိုပေးသော ပါဝင်ပစ္စည်းများက ပို၍ပို၍ ထူးခြားဆန်းကြယ်လာသည်။


အမွှေးကို သက်တံရောင်ခြယ်ထားတဲ့ ဘဲရဲ့အသားက သက်တံရောင်များဖြစ်မလား...


ထိုစဉ် မီးဖိုပေါ်ရှိဘဲက သူ၏လည်ပင်းအားထောင်မကာ တဂတ်ဂတ်အော်မြည်လာသည်။ ထူထဲသော ဝိညာဉ်စွမ်းအင်များက လေထုထဲသို့ သိသိသာသာထွက်ပေါ်လာ၏။


ဘာလား...


ဤအရာက သာမန်ဘဲတစ်ကောင် မဟုတ်သည်ကို ပုဖန်သတိပြုလိုက်မိသည်။


ပုဖန် သူ၏လက်ကို ဆန့်ထုတ်၍ မီးဖိုပေါ်ရှိဘဲအား လည်ပင်းမှကိုင်ကာ ဆွဲမလိုက်သည်။ သက်တံရောင်ဘဲက သူ၏နှုတ်သီးကိုဖွင့်ဟ၍ ကျယ်လောင်စွာအော်မြည်လျက် တောင်ပံတစ်စုံကို ယမ်းခါ၍ ပြင်းပြင်းထန်ထန် ရုန်းကန်လေသည်။


သိပ်သည်းသော ဝိညာဉ်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များက ပွင့်ဟနေသော နှုတ်သီးတစ်စုံထံမှ အဆက်မပြတ်ထွက်ပေါ်လာနေသည်။


" ကောင်းပြီ စနစ်က ငါ နယ်သာရီ့အစ်မအတွက် တစ်ခုခု ချက်ပေးချင်နေတာသိလို့ ဒီစွမ်းအင်တွေ ပြည့်လျံနေတဲ့ဘဲကို ပေးလိုက်တာလား..."


အမှန်တွင် ပုဖန် နယ်သာရီ၏ ကျိန်စာအပေါ်သို့ စွမ်းအင်သိပ်သည်းစွာဖြင့်ချက်ပြုတ်ထားသော အစားအစာများဖြင့် ဖိနှိပ်နိုင်သည်ကို သိရှိထားသည်။ ဥပမာအားဖြင့် နဂါးသွေးထမင်းကြော်က သူမအပေါ် အမြဲတစေ ထိရောက်သည်။


" သက်တံရောင်ကောင်းကင်မွမ်းမံဘဲ ငရဲကမ္ဘာ အကျဉ်းထောင်မှာ ကျက်စားတယ် ပျံသန်းနိုင်ပြီး ဝိညာဉ်စွမ်းအင် ထုတ်နိုင်တယ် သူကအလင်းရဲ့သင်္ကေတပဲ ဝိညာဉ်ကျောက်တုံးနဲ့ စပါးတွေကိုစားပြီး ကောင်းကင်နှင်းရည်ကို သောက်သုံးတယ်..."


စနစ်က ထိုဘဲ၏ အချက်အလက်များကို ပုဖန်အားရှင်းပြလာသည်။


" သက်တံရောင်ကောင်းကင်မွမ်းမံဘဲ ဆိုပါလား ကောင်းလိုက်တဲ့နာမည်..."


ပုဖန် အနည်းငယ် အထင်ကြီးသွားမိသည်။ သက်တံရောင်ဘဲကို ကြည့်၍ မတတ်သာစွာ နှုတ်ခမ်းသပ်လိုက်မိသည်။


" စနစ် ဒီဘဲကတကယ် ကောင်းကင်ကို ပြုပြင်နိုင်တာလား..."


စနစ်က အဖြေမပေးလာချေ။သူ၏တိတ်ဆိတ်မှုက မင်းကငတုံးလားဟု မေးနေသည့်အလားပင်။


ဖြေသံမကြားရသည့်အခါ ပုဖန်၏နှုတ်ခမ်းများကအနည်းငယ်ရှုံ့မဲ့သွားသည်။


သူကနောက်တာလေ မရဘူးလား...


အကယ်၍ ဤဘဲက အမှန်တကယ်သာ ကောင်းကင်မွမ်းမံနိုင်စွမ်းများ ရှိနေပါလျှင် ၎င်းက အလွန်ရှားပါးကာ တစ်မူထူးသော သက်ရှိအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ပုဖန်၏ဟင်းပွဲ ဖြစ်လာမည်မဟုတ်ချေ။


သူက မေးစေ့ကိုခပ်သာသာပွတ်သပ်လိုက်ပြီးနောက် ဘဲ၏ဗိုက်သားနေရာသို့လှမ်းပုတ်လိုက်၏။


" ဟုတ်ပြီဘဲကင်ပဲ ဒါက အရသာရှိတဲ့ ဟင်းလျာပဲ ..."


ပုဖန် ထိုသို့ဆုံးဖြတ်ချက်ချလိုက်သည်။


...


မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏ မီးဖိုချောင်အပြင်ဘက်တွင် ကျင်းကျောင်း ယင်ကျောင်းနှင့် အခြားလူများ စူးစမ်းသော အကြည့်များဖြင့် ထိုင်နေကြသည်။


သူတို့ မီးဖိုချောင်ကို မျက်နှာမူထားသော‌်လည်း အတွင်းရှိ အရာများကို မမြင်ရပေ။ ဤကဲ့သို့ စီမံထားမှုမျိုးက သူတို့ကိုပို၍ သိချင်လာစေသည်။


‌ကမ္ဘာမြေအကျဉ်းထောင်တွင်လည်း စားသောက်ဆိုင်များရှိသည်။ အမှန်တွင် ကမ္ဘာမြေအကျဉ်းထောင်မှာ ပြည့်စုံသော ကမ္ဘာကြီးဖြစ်ပြီး မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ထက် ပို၍ ကြီးမားသည်။


ကမ္ဘာမြေအကျဉ်းထောင်၏ ဟင်းချက်ပါဝင်ပစ္စည်းများမှာ အလွန်အမင်း ကောင်းမွန်လှသည်။ ပုဖန်သည်ပင် ထိုနေရာသို့သွား၍ အချို့ပါဝင်ပစ္စည်းများ ရှာဖွေဖူးသည်။


သူရရှိလာသော စမ်းချောင်းဝါမြက်နှင့် ကူကယ်ရာမဲ့ပန်းတို့မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင်ပင် သိပ်မဆိုးသော ပါဝင်ပစ္စည်းများ ဖြစ်သည်။


ထိုအချိန်က ပုဖန် ပွင့်ဖတ်တစ်ခု စမ်းချောင်းဝါမြက်ကို ခူးခဲ့သည်။ ထိုထက်ပို၍ သာလွန်သော ပွင့်ဖတ်ခြောက်ခုနှင့် စမ်းချောင်းဝါမြက်များ ရှိသော်လည်း စမ်းချောင်းဝါဂိတ်ပညာရှိကြီးက သူ၏အသက်ကိုပင် ရင်း၍ တိုက်ခိုက်လိမ့်မည်။


အကယ်၍ ခွေးဘုရင်က သူ့အားတားမြစ်ခဲ့ပါကလည်း ထိုပညာရှိကြီး ပုဖန်သေသည်အထိ ရေဆုံးမြေဆုံးလိုက်လိမ့်မည်။


စမ်းချောင်းဝါဂိတ်ပညာရှိ ကပ်စေးနဲကြောင်း ကမ္ဘာမြေအကျဉ်းထောင်မှ လူအားလုံးသိကြသည်။


" ကြည့်ရတာ သေးပေမယ့် လေထုကတော့ ကောင်းသားပဲ ..."


လော့ကျီး သူမ၏ခါးကို လှုပ်ရမ်းနေသည်။ သူ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ကျင်းကျောင်း မျက်စိစွေကြည့်လိုက်သည်။


မရဏနတ်မင်းဓားကောက်မှာ ကျုံ့ဝင်သွားပြီး သူမရင်ဘတ်တွင် ချိတ်ထားသည့် ရင်ထိုးဖြစ်သွားသည်။ ထိုရင်ထိုးကို သူမရင်ဘတ်ကြားနေရာတွင် ထိုးထားသဖြင့် ကြည့်ရသည်မှာ သွေးဆောင်နေသကဲ့သို့ပင်။


ယို့ကျီး မျက်စိမှတ်ကာ နက်နက်နဲနဲတွေးတောပြီး တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏စိတ်ထဲ ဘာဖြစ်နေသည်ကို မည်သူမျှ မသိကြပေ။


နယ်သာရီက သူမဘေးတွင်တိတိဆိတ်စွာထိုင်နေသည်။


ယို့ကျီး မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ထိုနေရာ၌ ယင်ကျောင်းရှိသည်။ သူ၏မေးကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ယို့ကျီးကို ချစ်ခင်သောအမူအရာဖြင့် အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။


နယ်ပယ်သခင်တိထိုက် စားသောက်ဆိုင်ထဲဝင်လိုက်သောအခါ အံ့ဩသွားသည်။


မူလက ထိုဝဲစားခွေးမှလွဲ၍ ဤကမ္ဘာပေါ်တွင် သူ့၏နှလုံးသားကို မွှေနှောက်နိုင်မည့် အရာမရှိဟု ထင်ထားခဲ့သည်။


သို့သော် ဤစားသောက်ဆိုင်တွင်းသို့ ခြေချလိုက်သည်နှင့် သူ၏ရင်ထဲမှ အချက်အပြုတ်နှလုံးသားလမ်းစဉ် ပြင်းပြင်းထန်ထန် တုန်ယင်လာခဲ့သည်။


၎င်းသည် သူ့အတွက် အမျိုးအမည်မသိသော ထိတ်လန့်မှုတစ်ခုဖြစ်ပြီး သာလွန်သော တန်ခိုးစွမ်းအားတစ်ခုကို သူ ခံစားလိုက်ရသည်။


ဒါပေမဲ့ ဒါက စားသောက်ဆိုင်တစ်ခုပဲလေ ဒါမျိုးစွမ်းအား ဘယ်လိုလုပ်ရှိမှာလဲ ...


အဲ့ဒီခွေးနက်လား ...


မဖြစ်နိုင်ဘူး ...


အကယ်၍ ထိုခွေးသာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကောင်းကင်ဘုံလမ်းကြောင်း ကို အားလုံးဝါးမျိုခဲ့ပါက မကျော်လွန်နိုင်သော စွမ်းအားကြီးကို ရရှိခဲ့နိုင်သည်။


သို့သော် ထိုခွေးမှာ ကောင်းကင်ဘုံလမ်းကြောင်းကို တစ်ခုသာ ကိုက်ခဲ့ဖူး အစာချေပြီးသွားပြီဖြစ်၍ နယ်ပယ်သခင်တိထိုက် ထိုခွေးကို မကြောက်လန့်တော့ပေ။ 


ဒါပေမဲ့ တကယ်ကို ထူးဆန်းနေတယ် အဲ့ဒီစွမ်းအင်တွေ ဘယ်ကရတာလဲ ...


နယ်ပယ်သခင် အသက်ပြင်းပြင်းရှုပြီး သူ၏ နူးညံ့သောရွှေရောင်ဆံပင်များကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများက စားသောက်ဆိုင်တစ်ခုလုံးကို စေ့စေ့စပ်စပ် ကြည့်နေသည်။


သေးငယ်သော်လည်း ကျပ်သိပ်မနေပေ။ သပ်ရပ်သန့်ရှင်းမှုရှိပြီး စားပွဲများကိုလည်း သေချာစီထားပြီး သူတို့ရဲ့ နေရာများသည်လည်း အထူးတလည် ဖြစ်နေသည်။


သေးငယ်သော စားသောက်ဆိုင်သာ ဖြစ်သော်လည်း အတွင်းပိုင်းတွင် အားလုံးပြည့်စုံနေသည်။


နယ်ပယ်သခင် အံ့ဩသွားပြီး နေရာတစ်ခုလုံးကို သေသေချာချာ ရှာဖွေနေသည်။ နောက်ဆုံးတွင် သူ၏နှုတ်ခမ်းထောင့်များက ကျေနပ်နေသောအပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။


ထိုစားဖိုမှူးငယ်လေး သူ့အားငြင်းဆန်ရန် သတ္တိရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ သူ့ထံတွင် စွမ်းအားအချို့ရှိနေသည်ဟု ထင်ရသည်။


သူ စားပွဲဆီသို့ လျှောက်လာပြီး ခုံတစ်လုံးကိုဆွဲ၍ ကျင်းကျောင်းဘေးတွင် ထိုင်လိုက်သည်။


ကျင်းကျောင်းမှာ တောင်ငယ်တစ်လုံးကဲ့သိူ့ ခန္ဓာကိုယ်ဖြင့် ‌တုတ်ခိုင်သော အမျိုးသားတစ်ဦးဖြစ်သည်။ သူ ထိုနေရာတွင် ထိုင်နေခြင်းက စားသောက်ဆိုင်အတွင်းမှ နေရာများကို ကျုံ့သွားစေသည်။


နယ်ပယ်သခင်တိထိုက် အပြုံးမျက်နှာဖြင့် ဝင်ထိုင်လိုက်ပြီး ခေါင်းစောင်း၍ ကျင်းကျောင်းကို ကြည့်လိုက်သည်။


" ငါ့ရဲ့ဝိညာဉ်ဖက် ..."


သူ၏အော်သံကြီးက စားသောက်ဆိုင်အတွင်းမှ လူအားလုံးကို လန့်သွားစေသည်။


သူ၏ဘေးတွင် ထိုင်နေသော နယ်ပယ်သခင်တိထိုက်ကိုကြည့်ပြီး ကျင်းကျောင်း လန့်သွားသည်။


တိထိုက် သူ၏လက်များကို ဆန့်ထုတ်ပြီး ကျင်းကျောင်း၏ အဝတ်မဲ့နေသော ခန္ဓာကိုယ်အပေါ်ပိုင်းကို စိတ်အားထက်သန်စွာ ပွတ်သပ်နေသည်။


ပုံမှန်အားဖြင့် ကျင်းကျောင်း သူ၏အမည်းရောင်သံချပ်ကာကို ဝတ်လေ့မရှိပေ။ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သံချပ်ကာ တစ်နေလုံးဝတ်ထားရလျှင် သက်တောင့်သက်သာ မရှိပေ။


" ဘာတွေ လာလုပ်နေတာလဲ ..."


ကျင်းကျောင်း ကြောက်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်ကို လာရောက်ပွတ်သပ်နေသော နယ်ပယ်သခင်တိထိုက်ကိုကြည့်၍ မျက်လုံးများ ကျွတ်ထွက်မတတ်ဖြစ်နေသည်။


" မင်းရဲ့ ခန္ဓာကိုယ်က အနုပညာတွေနဲ့ ပြည့်နှက်နေတာပဲ ... မင်းကိုယ့်ကိုကိုယ်ကြည့်လိုက် မင်းလည်း ငါ့လိုလူမျိုးပဲ သန်မာတဲ့ ကြွက်သားတွေနဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုကြည့်ပါဦး ... မင်းက အဖော်အချွတ်အနုပညာရဲ့ ဂုဏ်ကျက်သရေကို အထွဋ်အထိပ်ရောက်အောင် မြှင့်တင်ပေးနိုင်တယ် ..."


နယ်ပယ်သခင်တိထိုက် ပြောလိုက်သည်။


ကျင်းကျောင်း၏ ကြွက်သားများကိုလည်းပွတ်ပြီး စူးစူးရဲရဲ စိုက်ကြည့်နေသည်။


" ဘာလဲ ဒီလူ တကယ် ရူးနေတာပဲ ..."

ကျင်းကျောင်း ကြက်သီးများ ထလာသည်။


ဝုန်း ...


ကျင်းကျောင်း ချက်ခြင်းပင် ကြီးမားသော စွမ်းအင်စီးဆင်းမှုကို ထုတ်လွှတ်ပြီး နယ်ပယ်သခင်တိထိုက်ကို အဝေးသို့ လွှင့်သွားအောင် လုပ်လိုက်သည်။ 


နယ်ပယ်သခင်တိထိုက် လေထဲတွင် လှိမ့်နေပြီး သူ၏လက်တစ်ဖက်က နဖူးကိုကိုင်ထားတာ တစ်ဖက်ကို ခန္ဓာကိုယ်အောက်ပိုင်းကို ကိုင်ထားသည်။


ဝှစ် ...


သူ၏ဝတ်ရုံရှည်ကြီးမှာ မမြင်ရသော လေလှိုင်းများကြောင့် ပေါက်ကွဲသွားပြီး သူ၏ကိုယ်လုံးတီး ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာသည်။


အားလုံး ဘာပြောရမည်မသိအောင် ဆွံ့အသွားသည်။


ကျင်းကျောင်း တသိမ့်သိမ့် တုန်နေသည်။ ထို့နောက် သူ၏ရှေ့သို့ ရောက်လာပြန်သည့် နယ်ပယ်သခင်ကို မြင်ပြီး လန့်သွားသည်။


" အဖော်အချွတ် အနုပညာကို တူတူခံစားရအောင် ..."


" ငါနဲ့ ဝေးဝေးနေစမ်း ..."


ကျင်းကျောင်း၏ မျက်လုံးများနီရဲလျက် အော်ပြောလိုက်သည်။


ရုတ်တရက် ...


ဒင် ဒင် ဒင် ...


မီးဖိုချောင်တံခါးမှ ခေါင်းလောင်းသံ‌မြည်လာပြီး ရှင်းလင်း၍ သာယာသော အသံများ ကြားနေရသည်။


ပုဖန် လိုက်ကာစကိုမပြီး အပြင်ထွက်လာသည်။ သူ၏အခြားလက်တစ်ဖက်တွင် ခုနှစ်ရောင်ခြယ် ဘဲကို လည်ပင်းမှ မ၍ ကိုင်ထားသည်။


" ကျေးဇူးပြုပြီး တိတ်တိတ်နေကြပါ ..."


ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။


ပုဖန် ထိုသို့ ပြောလိုက်သည့်အချိန်တွင်


ဝှစ် ...


ကျင်းကျောင်း သူ၏လည်ကုပ်ပေါ်တွင် လေအေးများ တိုက်ခတ်လာသလို ခံစားလိုက်ရပြီး ဓားကြီးတစ်ချောင်း ထိုနေရာတွင် ရောက်နေသည်။


" တိုးတိုးနေ စကားမပြောနဲ့ မဟုတ်ရင်ငါ့ရဲ့ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးက နင့် နှလုံးသားထဲအထိ ဖောက်ဝင်သွားလိမ့်မယ် ..."


ယို့ကျီး သူမ၏ ဓားပြားကြီးကို ကျင်းကျောင်းနောက်တွင်ထားပြီး ပြောလိုက်သည်။


ယို့ကျီး အတည်ပြောနေခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုစားဖိုမှူး၏ အချက်ပြုတ်စွမ်းရည်က သူမ ညီမလေး၏ ကျိန်စာကို နှိမ်နင်းနိုင်ကြောင်း အတည်ပြုလို၍ ဖြစ်သည်။


အကယ်၍ ဆူညံသံများကြောင့် ချက်ပြုတ်ခြင်းကို အနှောင့်အယှက်ဖြစ်သွားပါက သူမ ဒေါသူပုန်ထမည်ဖြစ်သည်။ 


ကျင်းကျောင်း ချွေးစေးများ ထွက်လာပြီး အသံမထွက်ရဲတော့ပေ။


သူ၏ခန္ဓာကိုယ်က သန်မာသော်လည်း ယို့ကျီး၏ ဓားပြားကြီးက ပို၍ ထက်သည်။ ထို့အပြင် ယို့ကျီး ဟာသလုပ်မနေကြောင်း သူသိသည်။ သူမ အမှန်တကယ်ပင် သူ့အားဓားနှင့်ထိုးပြီး ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်အောင် ပြုလုပ်လိမ့်မည်။


ထို့နောက် မကျေနပ်မှုများကို မျိုသိပ်ရသည်။ သူ၏မျက်လုံးတွင် မျက်ရည်များပင် ဝဲနေသည်။ 


ကိုယ်လုံးတီး နယ်ပယ်သခင် ကျင်းကျောင်းကို ထပ်မကြည့်တော့ပေ။ ယခုအချိန်တွင် သူ ပုဖန်၏လက်ထဲမှ ဘဲကိုသာ ကြည့်နေသည်။


" သက်တံ့ရောင် ကောင်းကင်မွမ်းမံဘဲပါလား ... မင်းလိုစားဖိုမှူးငယ်လေးက ဒါမျိုး ပါဝင်ပစ္စည်းကို ရထားတယ်ပေါ့ ..."


နယ်ပယ်သခင် အံ့အားသင့်သွားသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံး၏ ခေါင်းဆောင်စားဖိုမှူး အဆင့်မြင့်ချီလင်စားဖိုမှူးတစ်ဦးအနေဖြင့် ပါဝင်ပစ္စည်းများစွာကို သူသိသည်။


သူ ငယ်ရွယ်စဉ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်နှင့် ကမ္ဘာမြေအကျဉ်းထောင်များတွင် စူးစမ်းလေ့လာခဲ့သည်။ ငရဲအကျဉ်းထောင်သို့ပင် သူသွားရောက်ခဲ့သည်။


သက်တံ့ရောင် ကောင်းကင်မွမ်းမံဘဲမှာ အဆင့်မြင့် ပါဝင်ပစ္စည်းမဟုတ်သော်လည်း ၎င်းသည် ငရဲအကျဉ်းထောင်မှလာခြင်းဖြစ်သည်ကပင် လူတို့ကို အံ့သြစေနိုင်သည်။


ပုဖန်၏ မျက်လုံးများကို ကြည့်လိုက်သည်နှင့် ထိုစားဖိုမှူးမှာ သာမန်မဟုတ်ကြောင်း သိလိုက်သည်။


" သွားပါ ကျေးဇူးပြုပြီး မင်းရဲ့မီးဖိုချောင်ကိုသွားပြီး ချက်ပါ မင်းလိုစားဖိုမှူးလေးက ‌သက်တံ့ရောင် ကောင်းကင်မွမ်းမံဘဲကို ဘယ်လိုချက်မလဲ သိချင်တယ် ... အဲ့ဒီဘဲက သာမန်မဟုတ်တာ မင်းသိတယ်မလား ..."


နယ်ပယ်သခင်တိထိုက် မေးစေ့ကိုလက်ဖြင့် ထောက်ထားပြီး ပုဖန်ကို ပြုံး၍ ကြည့်လိုက်သည်။


အကယ်၍ အဝတ်မပါသော ခန္ဓာကိုယ်ကို လျစ်လျူရှု့ထားပါက နယ်ပယ်သခင်တိထိုက်၏ စကားလုံးများမှာ အလွန် နက်နဲသိမ်မွေ့လှသည်။


သို့သော် သူ၏ကိုယ်လုံးတီးခန္ဓာကိုယ်ကြီးမှာ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေသည့်အတွက် မည်သူမျှ သည်းမခံနိုင်ကြပေ။


ပုဖန် သူ့ကို ခေါင်းအနည်းငယ်ငြိမ့်ပြပြီး အကုန်လုံးကို ကြည့်လိုက်သည်။ ထို့နောက် မီးဖိုချောင်တံခါး၏ရှေ့မှ လိုက်ကာစကို မပြီး အထဲ ပြန်ဝင်သွားသည်။


သူယခု ဘဲကင်ကို ချက်ပြုတ်ချင်နေပြီဖြစ်သည်။



မသေမျိုးမြို့တော်အပြင်ဘက် 


ထုံမိသားစုခေါင်းဆောင် ထုံဝူတီ၏မျက်နှာမှာ မည်းမှောင်ပြီး မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ဘေးတွင် ရပ်နေကြသော ကျန်းမိသားစုခေါင်းဆောင်နှင့် အခြားခေါင်းဆောင်များလည်း မျက်မှောင်ကြုတ်နေကြသည်။


ဤတစ်ကြိမ်တွင် သူတို့၏မိသားစုများ အကြီးအကျယ် ဆုံးရှုံးခဲ့သည်။ ပထမအဆင့် အမွေအနှစ်နယ်မြေတွင် သူတို့၏ မသေမျိုးစားဖိုမှူးအဖွဲ့များ ပျောက်ကွယ်ခဲ့ရသည်။


မည်သည့်မိသားစုအတွက်မဆို ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့သည်။ သို့သော် ထုံမိသားစုနှင့် ကျန်းမိသားစု၏ အခြေအနေမှာ အလွန်မဆိုးရွားပေ။


မသေမျိုးမြို့တော်၏ ထိပ်တန်းမိသားစုများဖြစ်သည့် အတွက် သူတို့ထံတွင် မသေမျိုးစားဖိုမှူးများစွာရှိသည်။ ထို့ကြောင့် မြောက်များစွာ ဆုံးရှုံးသွားခြင်းက သူတို့၏ ယျေဘုယျ အခြေအနေကို အလွန်အကြူး မသက်ရောက်နိုင်ပေ။


သို့သော် အခြားမိသားစုများအတွက်မူ မသေမျိုးစားဖိုမှူးအဖွဲ့တစ်ဖွဲ့သည် သူတို့တွင် ရှိသမျှအရာအားလုံးဖြစ်သည်။


" ဒါက လက်မခံနိုင်စရာပဲ ... ငါတို့ ဒီကိစ္စကို ကျော်သွားလို့ မရဘူး ငါတို့စားဖိုမှူးတွေ သေဆုံးသွားတာက အဲ့ဒီ သေမျိုးစားဖိုမှူကောင်အတွက် ကြီးမားတဲ့ အခွင့်အရေးကြီးပဲ ..." 


မိသားစုခေါင်းဆောင်တစ်ဦး မျက်လုံးများ နီရဲလျက် ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။


အခြားခေါင်းဆောင်များကလည်း သူ့ကို ထောက်ခံကြသည်။


ထုံဝူတီ ထိုလူများကို ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ထိုလူများကို သူ အထင်သေးသည်။


ထိုစားဖိုမှူးကို သူ သတ်နိုင်ပြီဟု ထင်ထားခဲ့သော်လည်း ထိုခွေးတစ်ကောင်လည်း ပါရှိနေဖြင့် သူ မလှုပ်ရှားရဲပေ။


အဲ့ခွေးက စွမ်းအားကြီးလွန်းတယ် ...


အကယ်၍ နယ်ပယ်သခင် ထွက်ပေါ်လာပြီး ထိုခွေးကို မနှင်ထုတ်ပါက မြို့တော်သခင်များ စုပေါင်းပြီး နှင်ထုတ်ရမည်ဖြစ်သည်။ ထို့နောက် သေမျိုးစားဖိုမှုးကိုသတ်ရန် အခွင့်အရေး ရရှိလိမ့်မည်။ 


သူ၏ထုံမိသားစုလည်း အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်။ ထုံချန်း၏ စိတ်ဝိညာဉ်ပင်လယ် ပျက်စီးခဲ့ပြီး သူ၏ငွေရောင်သံချပ်ကာဝတ်အစောင့်များလည်း အမြစ်ပြတ် ရှင်းလင်းခံခဲ့ရသည်။


ထိုအကြောင်းများကြောင့် ပုဖန်အပေါ် ထုံဝူတီ၏ ရန်ငြိုးများမှာ အထွဋ်အထိပ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိုစားဖိုမှူးကို သူကိုယ်တိုင် မသတ်နိုင်သည့်အတွက်လည်း မုန်းတီးနေသည်။


သို့ရာတွင် ထိုခွေးရှိနေသည့်အချိန် သူ့ကို သတ်ဖြတ်ရန် ကြံစည်ခြင်းက ကောင်းကင်ဘုံသို့ သွားရာလမ်းကို ရှာဖွေသည်ထက် ပိုခက်ခဲသည်။ 


" ထုံမျိုးနွယ်ခေါင်းဆောင် နောက်ရက်တွေမှာ မသေမျိုးစားဖိုမှူးပြိုင်ပွဲအတွက် ဒုတိယအလွှာက ဉာဏ်ကြီးရှင်တွေနဲ့ တခြားမိသားစုတွေ ဒီကိုလာကြမှာ ... အဲ့ဒီအချိန်ကျမှ တခြားမိသားစုက ကျင့်ကြံသူတွေနဲ့ ပူးပေါင်းပြီး အဲ့ဒီအရူး မူယန်ကို ရှင်းပစ်ရမယ် ..."


ကျန်းမိသားစု ခေါင်းဆောင်မှ ထုံဝူတီကိုကြည့်ကာ ပြောလိုက်သည်။ 


နောက်ဆုံးစာကြောင်းကို ပြောသည့်အချိန်တွင် လက်ကိုမြှောက်ပြီး လည်ပင်းကိုဖြတ်တောက်သည့် ကိုယ်အမူအရာကို လုပ်ပြလိုက်သည်။


ထုံဝူတီ၏ မျက်လုံးများ ချက်ချင်းတောက်ပလာပြီး သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။


"ဟုတ်သားပဲ ကျုပ်မေ့တော့မလို့ ... လေးနှစ်တစ်ခါ ကျင်းပတဲ့ မသေမျိုးစားဖိုမှူးပြိုင်ပွဲ စတော့မယ်နော် ... ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး အင်အားတွေ လွှဲပြောင်းပစ်ရမယ် ..."


...


ကုန်းရှို့မိသားစု


ကုန်းရှို့ပန်၏ အဖြစ်အပျက်များ ပြန်လည်ပြောပြသည်ကို နားထောင်ပြီးနောက်တွင် ကုန်းရှို့ပ်ိုင်ကွမ်း၏မျက်လုံးများ မယ်ုကြည်နိုင်ဖြစ်ပြီး ပြူးကျယ်သွားသည် ။


" မင်းဆိုလိုတာ အဲ့ဒီ သောက်ရူးကိုယ်လုံးတီးနှာဘူးကောင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်သခင်လား ..."


ကုန်းရှို့ပန် စိတ်ပျက်နေသော အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


လက်ခံရမှာ ခက်ခဲပေမယ့် ကြာသွားရင် အဆင်ပြေသွားမှာပါအဖေ မပူပါနဲ့ ...


ကုန်းရှို့ပ်ိုင်ကွမ်း ကံကောင်းသော်လည်း ကြောက်လန့်သည်ဟု ခံစားလိုက်ရသည်။ သူ၏သားမှ တားမြစ်လိုက်သဖြင့် ကံကောင်းသွားသည်။ သို့မဟုတ်ပါက ထုံဝူတီနှင့် ပူးပေါင်းမိကာ ပြဿနာရှာမိပြီး နယ်ပယ်သခင်က နောက်ပိုင်းတွင် အပြစ်ရှာလာနိုင်သည်။


နယ်ပယ်သခင် ဆိုသည်မှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အထွဋ်အထိပ် တည်ရှိမှု့ဖြစ်သည်။


သို့သော် သူသည် စိတ်အားထက်သန်သော အဖော်အချွတ်ကြိုက်နှစ်သက်သူ ဖြစ်နေပြီး သူ၏ တောက်ပသော အလင်းရောင်က်ုလည်း မဖုံးကွယ်နိုင်ပေ။


ထိုအချိန်တွင် ကုန်းရှို့ပိုင်ကွမ်း ဆုံးဖြတ်ချက်ချလိုက်သည်။


" နယ်ပယ်သခင် အရှင်မင်းကြီးက စားသောက်ဆိုင်ငယ်လေးမှာ ရှိတယ်မလား သူ့ကို သွားတွေ့မှဖြစ်မယ် ..."


" အဖေ နယ်ပယ်သခင် အရှင်မင်းကြီးက သူ ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ချင်ပုံ မရဘူး ခုနက မြို့တော်သခင်က သူ့ကိုသိသွားပေမယ့် နယ်ပယ်သခင်ဆိုတဲ့ သရုပ်မှန်ကို ‌မဖော်ထုတ်ခဲ့ဘူး အဲ့တာကြောင့် ကျွန်တော်တို့လည်း သိုသိုသိပ်သိပ်နေရမယ် ..."


ကုန်းရှို့ပန်၏လေသံမှာ ရင့်ကျက်ပြီး သတိထားနေပုံရသည်။


" သားလေး အဖေ အဲ့ဒီနယ်ပယ်သခင်နဲ့ 

ပူးပေါင်းသင့်လား ... အဲ့တာဆိုရင်တော့ အင်္ကျီတွေအကုန် ချွတ်သွားသင့်တယ်ထင်တယ် ...."


ကုန်းရှို့ပိုင်ကွမ်း မုတ်ဆိတ်မွေးများကို ပွတ်ပြီး ပြောလိုက်သည်။


ကုန်းရှို့ပန် အံ့ဩပြီး မျက်နှာဖြူဖျော့သွားသည်။


" မဟုတ်ဖူး ... မလိုအပ်ပါဘူး ..."


" ကောင်းပြီ ငါဘာလုပ်ရမယ်ဆိုတာသိပြီ မင်းတို့နှစ်ယောက်ငါနဲ့လိုက်ခဲ့ ..."


ကုန်းရှို့ပိုင်ကွမ်း၏ ကျောကိုကြည့်ပြီး တစ်ခုခုဆိုးရွားသည် ဖြစ်လာတော့မည်ဖြစ်ကြောင်း ကုန်းရှို့ပန် ကြိုသိလိုက်သည်။