အခန်း ၁၀၁၆
ငရဲဘုရင်အာဟ၏ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုး
မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး၏ မီးဖိုချောင်ထဲတွင် သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ၏ လည်ပင်းရှည်ကြီးကို ပုဖန်ကိုင်ထားသည်။
ထိုဘဲမှာ ဝိညာဉ်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များ အဆက်မပြတ် ထုတ်လွှတ်နေပြီး တဂတ်ဂတ် အော်မြည်နေသည်။
စစ်မှန်မသေမျိုးနယ်ပယ်စစ်ဆေးချက်အတွက် စနစ်မှ ပုဖန်အား ဘဲကင်ခိုင်းခဲ့သည်။ သို့သော် သူ့အား ဟင်းချက်နည်းများ မပေးပေ။ သူ့တွင်ရှိသည်မှာ ဟင်းချက်ပါဝင်ပစ္စည်းများသာဖြစ်သည်။
ထို့ကြောင့် ပုဖန် ထိုဘဲကို သူ၏နည်းလမ်းအတိုင်းသာ ချက်ရမည်ဖြစ်သည်။
ကံကောင်းသည်မှာ ယခင်ဘဝက ပုဖန် ဟင်းလျာမျိုးစုံကို နှစ်သက်ခဲ့သည့်အတွက် ဘဲကင်နည်းကိုလည်း လေ့လာထားသည်။
ဘဲကင်မှာ နာမည်ကြီး အစားအစာများထဲမှတစ်ခု ဖြစ်သည်။ သူ၏ယခင်ဘဝ၌ပင် ဘဲကိုချက်ပြုတ်နည်း အမျိုးမျိုးရှိသည်။ ဘီယာဖြင့်ချက်နည်း ဂျင်းဖြင့်ချက်နည်း ဆေးပင်များဖြင့် ဟင်းရည်ချက်နည်း အစရှိသဖြင့် ဖြစ်သည်။
သို့သော် နာမည်အကြီးဆုံးဟင်းလျာမှာ ဘဲကင်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင်ပင် နာမည်ကြီးသည်။
ဘဲကင် ချက်ပြုတ်ရသည်မှာ ဘဲကင်စားရသည်နှင့် အလွန်ကွာခြားသည်။
ပုဖန် ချက်ချင်း မချက်ပြုတ်သေးပေ။ သူ၏လက်တစ်ဖက်က ဘဲ၏လည်ပင်းကို ကိုင်ထားပြီး အခြားတစ်ဖက်ကို နောက်တွင်ထား၍ အတွေးထဲ နစ်မြုပ်နေသည်။
ဘဲကင်ရန် လုပ်ငန်းစဉ်နှင့် နည်းလမ်းများကို ပြန်စဉ်းစားနေရသည်။
ဘဲကင်ရန်မှာ အလွန်ရှုပ်ထွေးလှသည်။ အမှားအယွင်းတစ်ခုသည်ပင် ဘဲသား၏ အရသာကို သိသာစွာ ပြောင်းလဲသွားစေသည်။
သူ၏ယခင်ဘဝတွင် ဘဲကင်ကို နေရာတိုင်းတွင် တွေ့နိုင်သော်လည်း အရသာများမှာ မတူညီကြပေ။
ကွဲပြားသော ချက်ပြုတ်နည်းများ အပူထိန်းညှိမှု ချက်ပြုတ်နည်းစနစ် ပြောင်းလဲမှုများကြောင့် ဘဲကင်များတွင် အရသာအမျိုးမျိုး ကွဲပြားကြသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ...
ပုဖန် စတင်လှုပ်ရှားလိုက်သည်။
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ တစ်ကြိမ်ခန့် တဂတ်ဂတ် အော်မြည်လိုက်သည်။ သူ၏အက်ကွဲနေသောအသံ ပဲ့တင်နေပြီး ဝိညာဉ်စွမ်းအင်နှင့် မသေမျိုးစွမ်းအင်များ နှုတ်သီးမှ ထွက်လာနေသည်။
သူ၏စိတ်ထဲ တွေးလိုက်သည်နှင့် တောက်ပသောအလင်းရောင်များဖြင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လက်ထဲတွင် ပေါ်လာသည်။ ဓားမှာ သူ၏လက်ထဲတွင် လှည့်ပတ်နေပြီး လေကိုဖြတ်တောက်နေသကဲ့သို့ တဝှစ်ဝှစ်အသံများကို ဖန်တီးနေသည်။
ဘဲကင်ရန်အတွက် ဘဲကိုအရင်ဆုံး စီမံရမည်ဖြစ်သည်။
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲမှာ မသေမျိုးပါဝင်ပစ္စည်းဖြစ်သော်လည်း ဘဲတစ်ကောင်သာဖြစ်သည်။
ထိုဘဲကိုကိုင်ထားရင်း မျက်လုံးအကြည့်များကိုစူးရှလိုက်သည်။ အရှင်သခင်တစ်ဦး သူ၏နောက်မှ အုပ်မိုးထားသကဲ့သို့ ကြောက်မက်ဖွယ်အော်ရာများ ထွက်ပေါ်လာသည်။
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ အေးခဲသွားပြီး မရုန်းကန်ရဲတော့ပေ။
ခဏအကြာတွင် ဓားအလင်းရောင်တစ်ခု ဖြတ်သန်းသွားသည် ။ ထောင်ပေါင်းများစွာသော အလင်းများ အရှင်သခင်၏ ပထမဆုံးဓားချက်ထဲသို့ စုရုံးရောက်ရှိလာသည်။
ဝှစ် ...
ချက်ချင်းပင် ၎င်းက သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ၏ လည်ပင်းကို ဖြတ်တောက်သွားသည်။
ဘဲများကို ကိုင်တွယ်ရာတွင် ခန္ဓာကိုယ်ကို နဂိုအတိုင်း ထိန်းသိမ်းထားနိုင်ရန်အတွက် အသုံးအများဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းဖြစ်သည့် ပိုက်သုံးချောင်းဖြတ်နည်းကို အသုံးပြုခဲ့သည်။
ပိုက်သုံးချောင်းဖြတ်နည်း၏ ပထမအဆင့်မှာ ဘဲ၏လည်ချောင်း ဖြစ်သည်။ ထို့နောက် သွေးလွှတ်ကြော ပြီးလျှင် လေပြွန်နှင့် အစာပြွန်တို့ကိုပင် ဖြတ်တောက်ပစ်မည်ဖြစ်သည်။
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ မရုန်းကန်တော့ပေ။
ပုဖန်ထို့နောက် ရေဇလုံတစ်ခုယူ၍ လည်ချောင်းမှ စီးထွက်လာသော သွေးများကို ခံထားလိုက်သည်။
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲမှာ မသေမျိုးပါဝင်ပစ္စည်း ဖြစ်ထိုက်ပေသည်။ သူ၏သွေးမှပင် မသေမျိုးစွမ်းအင်များ တငွေ့ငွေ့ထွက်နေသည်။
ဘဲသွေးကို ကောင်းစွာစီမံလိုက်ပါက ဟော့ပေါ့နှင့် တွဲစားနိုင်သော အရသာရှိသည့် အရန်ဟင်းတစ်မျိုး ဖြစ်လာနိုင်သည်။
ဘဲသွေးခဲမှာ နူးညံ့ချောမွေ့သည်ဟု ခံစားရသည်။
ဘဲကိုသတ်ပြီးနောက် အမွှေးနှုတ်ရန် လိုအပ်လာသည်။
ပွက် ပွက် ...
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲကို ဆူပွက်နေသော နွေဦးစမ်းရေထဲသို့ထည့်ပြီး အမွှေးများ ပျော့ပျောင်းသွားရန် ခဏထားလိုက်သည်။ နောက်မှ အမွှေးများ အကုန်နှုတ်မည်ဖြစ်သည်။
ရေနွေးထဲပြုတ်ခြင်းနှင့် အမွှေးနှုတ်ခြင်းများမှာ ဘဲကိုစီမံသည့်ထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သိူ့သော် ပုဖန်အတွက် ဤကိစ္စမှာ ရေးကြီးခွင်ကျယ်မဟုတ်ပေ။
ဘဲကိုရေနွေးထဲ စိမ်ပြီးသောအခါ ဆူပွက်နေသော ရေနွေးအိုးထဲမှ ထုတ်လိုက်သည်။ ဘဲသားပေါ်မှ ရေနွေးများ တတောက်တောက်ကျနေသည်။
ပုဖန် သူ၏လက်နှစ်ဖက်ကို ဖုံးလွှမ်းသွားသည်အထိ စစ်မှန်စွမ်းအင်များ ထုတ်လွှတ်နေသည်။ ထို့နောက် ဘဲကို လည်ပင်းမှကိုင်ပြီး မျက်လုံးများကလည်း သေချာ အာရုံစိုက်နေသည်။
ခဏအကြာတွင် ဘဲခန္ဓာကိုယ်မှ အမွှေးများအားလုံးကို ဆွဲနှုတ်လိုက်သည်။
ထိုသို့ကြိမ်ဖန်များစွာ ပြုလုပ်ပြီးနောက် သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ၏ ကိုယ်ပေါ်မှ အမွှေးအားလုံးပြောင်စင်သွားပြီး ချောမွေ့ပြီး အရောင်တောက်နေသော ဘဲသား ပေါ်လာသည်။
နောက်ထပ် ပြုလုပ်ရန်မှာ ကိုယ်တွင်းအင်္ဂါများထုတ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။
ဘဲ၏ခန္ဓာကိုယ်အပြင်ပိုင်း ပြည့်စုံနေရန် လိုအပ်သောကြောင့် ဤအဆင့်မှာ အလွန်အရေးကြီးသည်။ အကယ်၍ ဘဲ၏ခန္ဓာကိုယ်တွင် အပေါက်ရှိနေပြီးပါက ဖြုန်းတီးသကဲ့သို့ ဖြစ်သွားပေမည်။
ပုဖန် ဘဲအတောင်ပံများကို မလိုက်ပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြင့် ဂရုတစိုက် အပေါက်ဖောက်လိုက်သည်။ ထို့နောက် ကိုယ်တွင်းအင်္ဂါများကို ထုတ်ယူလိုက်သည်။
ဤအဆင့်မှာ အမှန်တွင် မခက်ခဲလှပေ။ ဘဲ၏အတောင်ပံအောက်မှ အပေါက်ဖောက်ထားသည့်အတွက် ဘဲသား၏အရေပြားမှာ အနာတရမဖြစ်ပဲ ပြည့်စုံနေသည်။
ပုဖန် လျင်မြန်စွာ လုပ်ကိုင်နေသော်လည်း အားမစိုက်ရပဲ အပြစ်အနာအဆာကင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ထို့နောက် ဘဲတစ်ကောင်လုံးကို သန့်စင်သည်။
အမွှေးများ မရှိတော့သောကြောင့် သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲမှာ သာမန်ဘဲများနှင့် အလွန်မကွာခြားပေ။ သို့သော် သူ၏အသားမှာ ပြိုင်ဘက်ကင်းဖြစ်သည်။
ထိုအသားမှ နေ့စဉ်စုပ်ယူထားသော မသေမျိုးစွမ်းအင်များကြောင့် အရောင်အဆင်းမှာ အလွန်လှပပြီး မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ဤဘဲသားမှာ ရှစ်လေး၏ အသားထက်ပင် ကောင်းမွန်နေသည်။
ရှစ်လေးမှာ မသေမျိုးပါဝင်ပစ္စည်းဖြစ်သော်လည်း သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ၏ အဆင့်အထိ မရောက်သေးပေ။
အကယ်၍ စနစ်ကသာ ဘဲတစ်ကောင် ထပ်ပေးခဲ့လျှင် သူ၏လယ်ယာမြေတွင် မွေးထားနိုင်သည်ဟု ပုဖန်တွေးနေသည်။
သို့သော် သူ နောက်မှ မေးပါတော့မည်။ ယခုလက်ရှိ သူ၏ ဦးစားပေးအလုပ်မှာ ဘဲကင်ရန် ဖြစ်သည်။
ဘဲကို သန့်စင်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ ထို့နောက် ဘေးတွင်ထား၍ အခြားပါဝင်ပစ္စည်းများကို ပြင်ဆင်နေသည်။
ထို့နောက် မဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်၍ စနစ်ထံမှ ရရှိထားသော သကာရည် လောင်းထည့်လိုက်သည်။
ထို့နောက် ရွှေကြာနတ်ဆိုးမီးတောက်ကို မဟူရာလိပ်ခုံးဒယ်အိုးအောက်တွင် ထည့်လိုက်သည်။
ထိုမသေမျိုးမီးတောက်ကို ဝါးမျိုပြီးသည့်နောက် ပုဖန် လုံးဝထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
ရွှေကြာနတ်ဆိုးမီးတောက်ကို ထိန်းချုပ်သည့်အဆင့်မှာ ကောင်းကင်ကမ္ဘာမြေမီးလျံကဲ့သို့ ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးမရောက်သေးသော်လည်း သူ့ထံတွင် လက်မောင်းများ ပိုလာသကဲ့သို့ ခံစားရပြီး သကာရည်ကို အပူပေးရန်အတွက်လည်း အခက်အခဲ မရှိပေ။
မည်သို့ပင်ဖြစ်စေ ထိုအရာမှာ အပူချိန် အလွန်အမင်းများသည့် မသေမျိုးမီးတောက်ဖြစ်သည်။
ကောင်းကင်ကမ္ဘာမြေမီးလျံဖြင့် သကာရည်ကို အပူပေးပါက အချိန်ကြာမြှင့်မည်ဖြစ်သော်လည်း ဤမသေမျိုးမီးတောက်ကို အသုံးပြုလိုက်သောအခါ လျင်မြန်စွာ ဆူပွက်လာသည်။
ထိုမီးတောက်များမှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရေးပါသည့်အတွက် မသေမျိုးစားဖိုမှူးများ မီးတောက်ကောင်းများ အလိုရှိကြသည်မှာ အံ့ဩစရာမဟုတ်ပေ။
ထို့အပြင် အဆင့်သတ်မှတ်ချက် ၅၀အတွင်းဝင်သော မီးတောက်များမှာ ထူးခြားဆန်းကြယ်လှသည်။
ပွက် ပွက် ..
ရွှေရောင် သကာရည်များ ဆူပွက်လာသည်နှင့် ချိုမြိန်သော ရနံ့များ ထွက်ပေါ်လာပြီး မျက်နှာပြင်ပေါ်တွင် ပူစီဖောင်းများ တက်လာသည်။
ပုဖန် သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲကို ချိတ်တစ်ခုယူပြီး ချိတ်ထားလိုက်သည်။
ထို့နောက် သကာရည်တစ်ဇွန်းစာ လောင်းထည့်လိုက်ပြီး ဘဲလည်ချောင်းပေါ်သို့ လောင်းချလိုက်သည်
အငွေ့များထွက်လာပြီး မသေမျိုးစွမ်းအင် လက်တစ်ဆုပ်စာခန့် သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲတစ်ဝိုက်တွင် ဝေ့ဝဲနေသည်။
ပုဖန်၏ မျက်လုံးများက အာရုံစိုက်နေသည်။ သကာရည် ထပ်မံယူပြီး လောင်းချလိုက်သည်။ ဤအဆင့်ကို သူ ကြိမ်ဖန်များစွာ ပြုလုပ်နေသည်။
နောက်ဆုံးတွင် ဘဲတစ်ကောင်လုံးကို ဖုံးအုပ်သွားသည်။ ၎င်းကိုကြည့်ရသည်မှာ ရွှေရောင်တောက်နေပြီး ကြည်လင်သောရောင်ခြည်များ ထွက်ပေါ်နေသည်။
သို့သော် ဟင်းလျာမှာ မပြီးဆုံးသေးပေ။
ဆူပွက်နေသော သကာရည်များဖြင့် ဘဲကို ဖုံးအုပ်ပြီးနောက် အခန်းအပူချိန်ဖြင့်သာ သကာရည်ကို ထပ်တည်ပြီး ဘဲတစ်ကောင်လုံးပေါ် ထပ်မံလောင်းချသည်။
နောက်ထပ် ပြုလုပ်ရမည်မှာ အအေးခံသော လုပ်ငန်းစဉ်ဖြစ်သည်။
အအေးခံခြင်းမှာ အမြဲတစေ ၂၄နာရီခန့် ကြာမြှင့်သည်ဖြစ်၍ ဘဲကို အေးစက်၍ လေကောင်းလေသန့်ရသော နေရာတွင် ထားရန်လိုအပ်သည်။ သို့သော် စနစ်ထံမှ ကိရိယာတစ်ခု ရရှိထားသောကြောင့် လိုအပ်သည့်အချိန်ထက် သိသာစွာ လျှော့ချနိုင်ခဲ့သည်။
ဗီရိုကိုဖွင့်ပြီး ခန္ဓာကိုယ်မှ သကာရည်များ တတောက်တောက်ကျနေသော ရွှေရောင်ဘဲကို ထည့်ထားလိုက်သည်။
အချိန်ကုန်မြန်ဆန်ပြီး စောင့်ဆိုင်းရသည့်အချိန်ကို လျှော့ချရန်အတွက် ပုဖန် ဤဗီရိုကို အသုံးပြုသည်။
ပုံမှန်ဆိုလျှင် ၂၄နာရီလိုအပ်သော်လည်း ယခုအခါ နှစ်နာရီဝန်းကျင်ခန့်သာ လိုအပ်သည်။
ဤအဆင့်ပြီးလျှင် ဘဲကင်သည့် လုပ်ငန်းစဉ် ပြီးလုပြီဖြစ်သည်။
…
ကမ္ဘာမြေအကျဉ်းထောင်ရှိ ဧရာမတောင်တန်းများ၏ ချိုင့်ဝှမ်းတစ်ခုတွင် နတ်ဘုရားဓားဖြင့် ခုတ်ပိုင်းထားပုံရသည့် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု တည်ရှိသည်။
နန်းတော်၏အပြင်ဘက်တွင် ပုံရိပ်တစ်ခု ရောက်နေသည်။
ငရဲဘုရင်အာဟ နန်းတော်အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။ ပိတ်ထားသောဂိတ်ဝကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
ပုံမှန်ကဲ့သို့ပင် သူ၏ပါးစပ်ထဲ၌ အစပ်ချောင်းကိုက်ထားသည်။
သူ့ထံတွင် အစပ်ချောင်းများ အလုံအလောက် ရှိနေသောကြောင့် အထိတ်တလန့် ဖြစ်မနေပေ။
သို့သော် ကမ္ဘာမြေအကျဉ်းထောင်သို့ ပြန်ရောက်လာပြီ ဖြစ်သောကြောင့် ပုဖန်နှင့် မည်သည့်အချိန်မှ ထပ်တွေ့ရမည်ကို မသိနိုင်သောကြောင့် အစပ်ချောင်းများကို သိမ်းထားရန် လိုနေသည်။
ဤတစ်ကြိမ်တွင် ငရဲဘုရင်အာဟ သူ၏ ကျင့်ကြံခြင်းအခြေခံကို တိုးတက်လိုသည်။ သူ၏ဖခင်ကဲ့သို့ မသန်မာလျှင်ပင် သူ၏အဆင့်နားသို့ ချဉ်းကပ်နိုင်ရန် အကောင်းဆုံးကြိုးစားရမည်။
ဖြူး ...
အမှန်တကယ်တွင် ငရဲဘုရင်အာဟ၏ ရင်ထဲတွင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု အမြဲရှိနေသည်။
ငရဲအကျဉ်းထောင်တွင် သူ၏ဖခင်ကို လွှမ်းမိုးနိုင်သူ မရှိပေ။
ဘာကြောင့် သူသေဆုံးသွားရတာလဲ ...
ဤကိစ္စမှာ အဖြေမထုတ်နိုင်သေးသည့် မေးခွန်းတစ်ခု ဖြစ်နေသည်။
အကြောင်းအရင်းကို ရှာဖွေစုံစမ်းချင်ခဲ့သည့် အချိန်များ ရှိခဲ့သော်လည်း ထိုသို့ မပြုလုပ်ရန် တားမြစ်ခံထားရသည်။
သူ့အား ထိုကဲ့သို့ ပြုလုပ်ခဲ့သူမှာ သူ၏ရှေ့မှ နန်းတော်၌ပင် ရှိနေသည်။ ထိုသူမှာ ကမ္ဘာမြေအကျဉ်းထောင် မဟာအရှင်သခင်ငါးဦး၏ ခေါင်းဆောင် အရှင်သခင် ယင်းလုံဖြစ်သည်။
ငရဲဘုရင်အာဟ နန်းတော်ဂိတ်ဝကို ဖွင့်လိုက်သောအခါ တကျွိကျွိမြည်သံများ ပဲ့တင်လာသည်။
အပြာရောင်ကြွေပြားများ ခင်းထားသည့် လမ်းကိုလျှောက်၍ နန်းတော်တွင်းသို့ ဝင်လာခဲ့သည်။
ဤနေရာမှာ သူကြီးပျင်းခဲ့သည့် နေရာဖြစ်သောကြောင့် သူနှင့် ရင်းနှီးလှသည်။ ထို့ပြင် ဤနေရာသည် သူ၏မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ ပုံဖော်ထားသည့် ငရဲဘုရင်နန်းတော်ဖြစ်သည်။
ကမ္ဘာမြေအကျဉ်းထောင်ရှိ မျိုးနွယ်စုပေါင်း တစ်သောင်းလာရောက်၍ မလေးမစား မပြုဝံ့သော ဘုရင်အား ကိုးကွယ်ရာ ကြီးကျယ်ခမ်းနားသည့် နန်းတော်ဖြစ်ခဲ့ဖူးသည်။
ထိုအချိန်မှာ အာဟ၏အဘိုးကြီး အသက်ရှိစဉ်က ဖြစ်သည်။ ယခုအခါတွင် ငရဲဘုရင်နန်းတော်မှာ ဟောင်းနွမ်းစုတ်ပြတ်နေသည်။
မျိုကမ္ဘာမြေအကျဉ်းထောင်မှ မျိုးနွယ်စုတစ်သောင်း သူတို့၏ဘုရင်ကို လာရောက် အရိုအသေပြုကြသော နေရာမဟုတ်တော့ပေ။
ငရဲဘုရင်အာဟတွင်လည်း တစ်နေ့တွင် သူ၏ဖခင်၏ အဆင့်ကို ရောက်ရမည်ဟူသော အိမ်မက်ရှိသည်။
နန်းတော်ဘေးတွင် အဘိုးအိုကြီးတစ်ယောက် ထိုင်နေသည်။ ငရဲဘုရင်အာဟကို မြင်သောအခါ သူ၏ အသက်ကြီးရင့်နေသော မျက်လုံးများတွင် ကြည်နူးမှု့များ ထွက်ပေါ်လာသည်။
အဘိုးအိုကြီး၏ဘေးတွင် လောင်တျဲ စိတ်မသက်မသာဖြစ်နေဟန်ဖြင့် မတ်တပ်ရပ်နေသည်။ ငရဲဘုရင်အာဟကိုမြင်သောအခါ သူ၏မျက်လုံးများ အရောင်တောက်ပြီး စိတ်လှုပ်ရှားမှုများ မျက်နှာတွင် ပြည့်လာသည်။
" ငရဲဘုရင် အရှင်မင်းကြီး နောက်ဆုံးတော့ ပြန်လာပြီပေါ့ ... ကျွန်တော် စောင့်နေခဲ့ရတာ ကြာလှပြီ ..."
ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင် ယင်းလုံ ပြောလိုက်သည်။ သူမတ်တပ်ရပ်လိုက်သည့်အခါတွင် ခါးကုန်းနေသည်။
" ဝဲစားခွေးက ကျွန်တော့်ရဲ့ မျက်ခေါင်းပေါက်ကို ယူသွားတယ် ... အဲ့တာကြောင့် အရှင့်ဆီမှာ ကိစ္စတွေ လက်လွှဲပြီးရင် အဲ့ဝဲစားခွေးကို သွားရှာမယ် ..."
ငရဲဘုရင်အာဟ ခေါင်းစောင့်ကြည့်လိုက်ပြီး အစပ်ချောင်းကို ပါးစပ်ထဲတွင် စုပ်နေသည်။
" ပြောလိုက်လေ လူအိုကြီး ... ကျွန်တော့ကို ဘာတွေများ ပြောချင်လို့လဲ ..."
ယင်းလုံ မျက်မှောင်ကြုတ်လိုက်သည်။ ငရဲဘုရင်အာဟ၏ ပုံစံကိုကြည့်ကာ ခေါင်းခါလိုက်သည်။ သူ အနည်းငယ် ဒေါသထွက်သွားသည်။
" အရှင်က အမြဲတမ်း ပူပင်ကြောင့်ကြ ကင်းနေတာပဲ ...ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်လေ ဘာလို့လဲဆိုတော့ အရှင့်အဖေ သေဆုံးရတဲ့ အကြောင်းအရင်းကို ရှာဖို့ လက်လျှော့လိုက်ပြီဆိုတော့ ... အရှင် ဖြေရှင်းလို့ မရတဲ့ တချို့အရာတွေရှိတယ် ငရဲနန်းတော်မှာပဲနေပြီး ငရဲကမ္ဘာရဲ့ အရှင်သခင်ပဲလုပ်ပါ ..."
ယင်းလုံ လှေကားထစ်များပေါ်မှ ဆင်းလာပြီး ပြောလိုက်သည်။
ခဏတွင်းချင်း ငရဲဘုရင် အာဟ၏ဘေးသို့ ရောက်လာသည်။
ငရဲဘုရင်အာဟ၏ လေးနက်နေသော မျက်နှာ ပျောက်ကွယ်သွားသည်။ ယင်းလုံကို အေးစက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
" အဘိုးကြီး တစ်ခုခုသိထားတယ်ဆိုရင် ဘာလို့ ကျုပ်ကို မပြောပြတာလဲ ..."
" အရှင်သိဖို့ မသင့်လျော်ပါဘူး ဒီနန်းတော်မှာပဲ ကောင်းကောင်းမွန်မွန်နေပါ ..."
ယင်းလုံ တည်ငြိမ်စွာ ဖြေလိုက်သည်။
ထို့နောက် ခါးကိုင်းနေသော ပုံရိပ်ဖြင့် ငရဲဘုရင်နန်းတော်မှ လက်နောက်ပစ်၍ ထွက်ခွာသွားသည်။ ကြည့်ရသည်မှာ ငရဲဘုရ်အာဟကို ထိုစကားများ ပြောရန်အတွက်သာ ရောက်လာဟန်ရှိသည်။
ငရဲဘုရင်အာဟ၏ မျက်လုံးများ ရေခဲကဲ့သို့ အေးစက်နေဆဲဖြစ်သည်။ သို့သော် သူတစ်ဖက်သို့ လှည့်လိုက်သောအခါ ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင် ယင်းလုံထံမှ ပုံစံတစ်ခု ပေါ်လာသည်။
ငရဲစွမ်းအင်များ ကောင်းကင်ပေါ် တက်သွားသည်။ ခဏအကြာတွင် ကြောက်မက်ဖွယ်အော်ရာများနှင့် အလောင်းတစ္ဆေနှစ်ကောင် ထွက်ပေါ်လာသည်။ ထိုအလောင်းတစ္ဆေများမှာ အမှန်ပင် ရက်စက်ကြမ်းကြုတ်ကြသည်။
ကြည့်ရတာ အဘိုးကြီးက သူ့ကို ငရဲဘုရင်နန်းတော်မှာ ပိတ်ထားချင်ပုံပဲ ...
ငရဲဘုရင်အာဟ မျက်မှောင်ကြုတ်ထားပြီး သူ၏ပါးစပ်ထဲမှ အစပ်ချောင်းများကို ဒေါသတကြီးကိုက်လိုက်သည်။
…
မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး
ကုန်းရှို့မိသားစုခေါင်းဆောင် ကုန်းရှို့ပိုင်ကွမ်း သူနှင့်အတူ ကုန်းရှို့ပန်နှင့် ကုန်းရှို့ယွင်ကို အမြန်ခေါ်ဆောင်လာသည်။
နယ်ပယ်သခင်က အဲ့ဒီစားသောက်ဆိုင်မှာ ရှိမှတော့ အမြန် လာတွေ့သင့်တယ်မလား ...
သူမသိပါက မလာလျှင် ဘာမှမဖြစ်သော်လည်း သိနေသည်ဖြစ်၍ လာကိုလာတွေ့ရမည်ဖြစ်သည်။
စားသောက်ဆိုင်ရှေ့သို့ ရောက်သောအခါ ကုန်းရှို့ပိုင်ကွမ်း အံ့ဩသွားသည်။
မလှမ်းမကန်းတွင် မြို့တော်သခင်မူယန်နှင့် မူလျှို့အာတို့လည်း တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
မြို့တော်သခင်မှာ တည်ကြည်သိမ်မွေ့သော ဝတ်ရုံကို ဝတ်ဆင်ထားသည်။ စားသောက်ဆိုင်တံခါးဝတွင် ကုန်းရှို့ပိုင်ကွမ်းကို မြင်လိုက်ရသည့်အခါ သူ အနည်းငယ် အံ့ဩသွားသည်။ သူတို့နှစ်ဦးလုံး၏ ဂုဏ်ပုဒ်နှင့် အထောက်အထားများမှာ ထူးခြားဆန်းကျယ်သည်ဖြစ်သည်။
တစ်ယောက်၏အတွေးကို တစ်ယောက်က နားလည်နေသကဲ့သို့ သူတို့ အကြည့်များ ဖလှယ်ပြီး ခေါင်းငြိမ့်၍ ပြုံးပြလိုက်ကြသည်။
မင်းလည်းစကားမပြောနဲ့ ငါလည်း မပြောဖူး ငါတို့က မိတ်ဆွေကောင်းတွေ ဟုတ်ပြီလား ...
တိတ်ဆိတ်စွာ သဘောတူညီမှု ပြုလုပ်ပြီးသည့်နောက် နှစ်ဦးလုံး စားသောက်ဆိုင်ဘက်သို့ လှည့်လိုက်သည်။
သို့သော် သူတို့ တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် ကောင်းကင်တွင် တိမ်မည်းများ တလိမ့်လိမ့် တက်လာသည်။