အပိုင်း ၁၀၁၇
Viewers 62k

အခန်း ၁၀၁၇ 

ငါ့ရဲ့အဝတ်တွေကို ချွတ်မယ်ဟုတ်လား လာခဲ့လေ မင်းကို ချွတ်ခွင့်ပြုတယ် 


" ဒီလို ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ တိမ်တွေ ... ကြည့်ရတာ ဒီစားသောက်ဆိုင်မှာ နောက်ထပ် မသေမျိုးဟင်းလျာ ရှိနေပုံရတယ် ..."


ကုန်းရှို့ပိုင်ကွမ်း သူ၏မုတ်ဆိတ်များကို ပွတ်၍ မျက်လုံးများ မှေးစင်းထားသည်။


မြို့တော်သခင်မူယန်လည်း သူ၏လှ‌ပသော မုတ်ဆိတ်များကို ပွတ်နေသည်။


" အင်း အဲ့တာက သာမန် မသေမျိုးဟင်း ဖြစ်ပုံမရဘူး လေတိုက်တဲ့လမ်းကြောင်းနဲ့ တိမ်တွေရဲ့အထူကို ကြည့်ရတာ ဒီဟင်းက သေချာပေါက် ထူးခြားဆန်းကြယ်တယ် ..."


ကုန်းရှို့ပိုင်ကွမ်းနှင့် မူယန်တို့ အကြည့်များ ဖလှယ်လိုက်သည်။ ထို့နောက် ဝါးလုံးကွဲ ရယ်လိုက်ကြသည်။


ကုန်းရှို့ပန်နှင့် မူလျှို့အာ စိတ်ရှုပ်ထွေးသွားသည်။ ‌

ခေါင်းဆောင်နှစ်ယောက်က ဘာတွေ ရယ်နေကြတာလဲ ...


နောက်ထပ် နှုတ်ဆက်ခြင်းမပြုတော့ပဲ တံခါးဖွင့်၍ စားသောက်ဆိုင်ထဲသို့ ဝင်လာကြသည်။


တံခါးများ ဖွင့်လိုက်သည်နှင့် သိပ်သည်းသော ရနံ့တစ်ခုက သူတို့ကို နှုတ်ဆက်နေသည်။ ထိုရနံ့တွင် ချိုမြိန်သော အရိပ်အယောင်နှင့် စားချင်စိတ်ကို လှုံ့ဆော်နေသော အရသာရှိသည့် အသားရနံ့တို့ စိမ့်ဝင်နေသည်။


စားသောက်ဆိုင်မှာ မကြီးမားပေ။ ကုန်းရှို့ပန်နှင့် ကုန်းရှို့ယွင် ဤနေရာကို မရောက်ဖူးသဖြင့် စူးစမ်းချင်နေကြသည်။


ပထမအဆင့် မသေမျိုးဟင်းလျာကို ချက်ပြုတ်နိုင်ပြီး ထုံမျိုးနွယ်၏ ယခင်ခေါင်းဆောင် ထုံယော့၏ အကြံအစည်ကို ရှာတွေ့နိုင်သဖြင့် ကုန်းရှို့ပန် ပုဖန်ကို လေးစားနေမိသည်။


ပုဖန် မရှိပါက သူ အသတ်ခံရနိုင်သည့်အတွက် ကျေးဇူးတင်နေပြီး တစ်ချိန်တည်းမှာပင် သူ့အကြောင်းများကို သိချင်နေသည်။


ထိုအချိန်တွင် စားသောက်ဆိုင်ငယ်လေးမှာ လူများစွာကို ဧည့်ခံနေရသည်။


အမွေအနှစ်နယ်မြေတွင် တွေ့ခဲ့ရသည့် ရင်းနှီးနေသော မျက်နှာများစွာ ရှိနေသည်။


ကုန်းရှို့မျိုးနွယ်နှင့် မူမျိုးနွယ်တို့ ဝင်လာပြီးသောအခါ လစ်လစ်နေသော ခုံများတွင် ဝင်ထိုင်ကြသည်။ မူလတည်းက နေရာများစွာ မရှိသောကြောင့် လူများဖြင့် ပြည့်သိပ်နေပြီး နေရာလွတ် မရှိတော့ပေ။


အမှန်တွင် ကုန်းရှို့ပိုင်ကွမ်း နယ်ပယ်သခင်၏ဘေးတွင် ထိုင်ချင်သည်။ သို့သော် ပထမတစ်ခေါက် ကြည့်လိုက်သည့်အချိန်တွင် နယ်ပယ်သခင်၏ဘေး၌ ကြောက်မက်ဖွယ်ကောင်းသည့် အော်ရာများ ထုတ်လွှတ်နေသည့် လူသန်ကြီးတစ်ယောက် ထိုင်နေသည်။


အဲ့လို တည်ရှိမှုမျိုးကို နေရာလဲပေးဖို့ သွားမေးရင် သူ့ကို အသေရိုက်သတ်လိုက်မယ် ထင်တယ်...


မူယန်လည်း ထိုင်လိုက်သည့်အခါ နယ်ပယ်သခင် ရှိရာဘက်သို့ ကြည့်လိုက်သည်။ နယ်ပယ်သခင်၏ ကိုယ်လုံးတီးကြီးကို နောက်တစ်ကြိမ် မြင်လိုက်ရသည့်အတွက် သူ၏နှုတ်ခမ်းများ မထိန်းနိုင်ပဲ ကွေးညွှတ်သွားသည်။


နယ်ပယ်သခင်က နှာဘူးကြီးဆိုတာ မယုံနိုင်သေးဘူး ...


မီးဖိုချောင်ကို ဝိုင်းထားသည့် ထမင်းစားပွဲများတွင် နယ်ပယ်သခင်အပါအဝင် ထိုင်နေကြသည့်လူအားလုံးမှာ ထူးခြားနေသည်။


မျက်နှာကြီးမည်းမှောင်နေသော ကြွက်သားများနှင့်လူမှာ ကြောက်မက်ဖွယ်ပင်။ သူ၏ဘေးနားတွင် ချောမောသည့် အမျိုးသမီးများထဲမှ တစ်ဦးဖြစ်သည့် ရေခဲကဲ့သို့ အေးစက်သော မျက်နှာဖြင့်တစ်ယောက် ထိုင်‌နေသည်။ သူမ အမည်းရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ဓားပြားကြီးတစ်ခုကို ကိုင်ဆောင်ထားသည်။ 


နောက်ထပ် တစ်ဦးမှာ ဆံပင်ပန်းရောင်နှင့် နှင်းဆီရောင် နှုတ်ခမ်းများဖြင့် မိန်းကလေးဖြစ်သည် ထိုအချိန်တွင် သူမက အမွေးတစ်ပင်ကို သဘောကျစွာ ကြည့်နေသည်။


နောက်ဆုံး အမျိုးသမီးမှာ သဘာဝကျကျ လှပသည်။

အမည်းရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ ဆံပင်ရှည်များက နူးညံ့သော ခန္ဓာကိုယ်မှ ခါးနေရာအထိ ရောက်နေသည်။


ထိုလူများသည် ထူးထူးခြားခြား ဖြစ်ပြီး ပြိုင်ဘက်ကင်းပုံရသည်။

သူတို့လည်း ပုဖန်ရဲ့ ဟင်းလျာတွေကို စောင့်နေကြတာလား ...


လူသစ်များ လေထဲမျ မွှေးရနံ့များ ရှူရှိုက်လျက် မျက်လုံးများက အာရုံစိုက်နေကြသည်။


မြို့တော်သခင်မူယန်သည်လည်း သိချင်လာသည်။ ယခုတည်ခင်းမည့် ဟင်းလျာမှာ စိတ်ဝင်စားဖွယ်ပင်။ 



မီးဖိုချောင်ထဲတွင် ပုဖန် ဗီရိုထဲတွင် အအေးခံထားသည့် ဘဲကို ကြည့်လိုက်သည်။ 


အအေးခံပြီးနောက် ဘဲသားအတွင်းသို့ ရွှေရောင်သကာရည်များ စိမ့်ဝင်သွားလေသည်။ သို့သော် ၎င်းက ဘဲသားကို အနည်းငယ် ကျစ်သွားစေသည်။


ဘဲကင်ချက်ပြုတ်ရာတွင် နောက်အဆင့်များသည် အရေးကြီးသည်။ ထင်ရှားသည်မှာ ကင်ခြင်းက ၎င်း၏အစိတ်အပိုင်းဖြစ်ပြီး ဘဲကို တကယ်ပင် အရသာရှိစေသည်။


ဘဲကင်ရဲ့အရသာကို ဆုံးဖြတ်တဲ့ အဓိကအချက်တွေက ဘယ်လိုအပူနဲ့ ကင်ရမယ်ဆိုတာရယ် ဘယ်အချိန်မှာ ကင်မလဲဆိုတာပဲ ဖြစ်တယ် ...


ပုဖန် ဘဲ၏ အောက်ပိုင်းကို ပိတ်ထားလိုက်သည်။ ထို့နောက် နွေဦးစမ်းရေကို မဟူရာလိပ်ခုံးဒယ်အိုးထဲထည့်ပြီး ဘဲ၏လည်ပင်းမှ ဖြတ်တောက်ထားသည့် နေရာနားထိရောက်‌အောင် လောင်းထည့်လိုက်သည်။ ထိုအဆင့်ကို စွပ်ပြုတ်ရည် လောင်းထည့်ခြင်းဟု ခေါ်သည်။ ဘဲကင်ပြုလုပ်စဉ်တွင် စွပ်ပြုတ်၏ အရောင်ပြောင်းသွားပါက ဘဲကင် ကျက်သွားပြီဟု ဆိုလိုသည်။


စွပ်ပြုတ်လောင်းထည့်ပြီးနောက် ဘဲကင်ကို အရောင်ထည့်လိုက်သည်။ ဤအဆင့် ပြီးဆုံးသွားသောအခါ ဘဲကင်ကို မီးဖိုထဲ ထည့်လိုက်သည်။


သူ၏စိတ်ထဲ တစ်ချက် လှုပ်ရှားလိုက်သည်။ 


ပုဖန် ဤနေရာမှ ပျောက်သွားပြီး ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ၌ ပေါ်လာသည်။


လယ်ယာမြေကို နောက်ဆုံးလာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ဤကမ္ဘာမှ ဝိညာဉ်စွမ်းရည်များမှာ တဖြည်းဖြည်း သိပ်သည်းလာသည်။ မြေပြင်ပေါ်တွင် အလျှံပယ်ဖြစ်နေသော ဆန်စပါး ဝိညာဉ်အသီးအရွက်များနှင့် ဆေးပင်များကို တွေ့န်ိုင်သည်။


အဝေးတွင် ပုဖန်၏ရောက်ရှိလာမှုကို နျိုဟန်စန်း အာရုံခံပမိသဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။


" ပိုင်ရှင်ပု ဒီဘက်မှာ ..."


ခြောက်သွေ့နေသော ရွံ့များဖြင့် ပြုလုပ်ထားသည့် မီးဖိုတစ်ခုရှေ့တွင် နျိုဟန်စန်း မတ်တပ်ရပ်နေသည်။ ပုဖန်ကို လက်ဝှေ့ယမ်းပြချိန်တွင် စိတ်လှုပ်ရှားနေပုံရပြီး သူ၏အရောင်တောက်ပသော အဖြူရောင်သွားများကိုပင် မြင်နေရသည်။


ပုဖန် သကာရည်ဆမ်းထားသော ဘဲကင်ကိုယူ၍ မီးဖိုဆီသို့လျှောက်လာသည်။ မီးဖိုကို စစ်ဆေးကြည့်ပြီးနောက် စိတ်ကျေနပ်သွားပုံရသည်။


" ပိုင်ရှင်ပု ကျွန်တော့်ကို ဒီမီးဖိုလုပ်ခိုင်းတုန်းက နည်းနည်းတောင် တွန့်ဆုတ်မနေပဲ ပိုင်ရှင်ပုရဲ့ ပုံစံအတိုင်း လုပ်ပေးထားတာ ... ပြီးပြည့်စုံတဲ့ မီးဖိုအသစ်လေးကို ကြည့်လိုက်ပါဦး ..."


" ကောင်းကောင်းလုပ်ထားတာပဲ ... ကျုပ်ပြောထားတဲ့ သစ်သားတွေရော ပြင်ဆင်ပြီးပြီလား ..."


ပုဖန် မေးလိုက်သည်။


" ဒါပေါ့ ဒီလယ်ယာမြေမှာက ပစ္စည်းတွေများများစားစား မရှိပေမယ့် ထင်းကတော့ပေါတယ် အကောင်းဆုံးထင်းကို ရွေးထားပေးတယ် ..."


နျိုဟန်စန်း တောက်ပနေသော မျက်နှာဖြင့် သတင်းပို့လိုက်သည်။


သူတို့နှင့်အဝေးတွင် ရတနာရှစ်သွယ်ဝက်ကလေးမှာ ရှစ်လေးကို ခေါင်းပေါ်တင်၍ စူးစမ်းနေသည်။


သူတို့နှစ်ကောင်လုံး အဝေးမှသာ စူးစမ်းနေကြပြီး အနားကပ်မလာရဲပေ။ ပုဖန် တစ်ကောင်၏ ခြေထောက်ကို ဖြတ်ထားပြီး နောက်တစ်ကောင်၏ အသားကို ယူထားသောကြောင့် သူတို့မျက်လုံးထဲတွင် ပုဖန်မှာ နတ်ဆိုးကောင်ကြီး ဖြစ်နေသည်။


ပုဖန် နျိုဟန်စန်းကို ကျေးဇူးတင်ပြီး မီးဖိုထဲသို့ ထင်းများစတင်ထည့်လိုက်သည်။


သူ၏ မသေမျိုးမီးတောက် ထွက်လာသည်နှင့် အပူမှာ တစ်ဟုန်ထိုးတက်သွားပြီး မီးဖိုတစ်ခုလုံး အနီရောင် ပြောင်းသွားသည်။


ဘဲကို မီးဖိုထဲတွင် ချိတ်ထားပြီး ထိုရှေ့၌ပင် ခြေထောက်ချိတ် ထိုင်နေသည်။


ခဏအကြာတွင် သူ၏ဝိညာဉ်ပင်လယ်ထဲတွင် လှိုင်းများ မြင့်တက်လာသည်။


ဝုန်း ဝုန်း ...


ဝိညာဉ်စွမ်းအင်များ ကျယ်ပြန့်လာပြီး မျက်စိတစ်မှိတ်အတွင်း မီးဖိုကို ဖုံးလွှမ်းသွားသည်။ မီးဖိုထဲမှ ဘဲ၏ပြောင်းလဲမှုများကို ပုဖန် စတင်အာရုံခံမိလာသည်။



စားသောက်ဆိုင်ထဲတွင် ထိုင်စောင့်နေကြသူများမှာ စိတ်မရှည် ဖြစ်လာသည်။ 


ကောင်းကင်ကို တိမ်မည်းများ ဖုံးလွှမ်းထားပြီး မိုးခြိမ်းသံများ ထပ်ခါထပ်ခါ ပဲ့တင်နေသည်မှာ ကြာပြီဖြစ်သော်လည်း တစ်ခုမျှ မပစ်ချသေးပေ။ ၎င်းမှာ ပုဖန်၏ ဟင်းလျာ မပြီးဆုံးသေးဟု ဆိုလိုခြင်းပင်။


" အဲ့ဒီစားဖိုမှူးလေး ချက်နေတာ ဘာဟင်းလျာလဲ ... ဘာလို့ အရမ်းကြာနေရတာလဲ သက်တံ့ရောင် ကောင်းကင်မွမ်းမံဘဲက ချက်ပြုတ်ဖို့ ခက်ပေမယ့် ဒီလောက်အချိန်အကြာကြီး မယူပါဘူး ..."


ကိုယ်လုံးတီး နယ်ပယ်သခင် လက်တစ်ဖက်မှ ခါးထောက်လျက် အခြားတစ်ဖက်ကို နဖူးကို ထောက်ထားပြီး တစ်စုံတစ်ခုကို တွေးတောနေသည့် ကိုယ်နေဟန်ထား လုပ်နေသည်။


စကားပြောနေစဉ်မှာပင် ထိုပုံစံ မပျက်ပေ။ သူ့အတွက် ထိုအရာမှာ အဖော်အချွတ်အနုပညာ ဖြစ်သည်။


ယို့ကျီး၏ မျက်လုံးများက မီးဖိုချောင်တံခါးကို အာရုံစိုက်ပြီး စိုက်ကြည့်နေသည်။


ပုဖန်၏ အစားအစာမှာ သူမကို စိတ်မပျက်စေဟု မျှော်လင့်နေသည်။ သို့မဟုတ်ပါက သူမ နယ်သာရီကို ကမ္ဘမြေအကျဉ်းထောင်သို့သာ ပြန်ခေါ်ရလိမ့်မည်။


သို့သော် ကမ္ဘာမြေအကျဉ်းထောင်သို့ ပြန်ရောက်ပြီးပါကလည်း နယ်သာရီ၏ ကျိန်စာကို နှိမ်နင်းနိုင်မည်လား မသိသေးပေ။ သူမ၏ကျိန်စာ လွတ်မြောက်သွားပါက အကျိုးဆက်မှာ လက်သင့်မနိုင်စရာ ဖြစ်လိမ့်မည်။


လုံးဝ ပရမ်းပတာ ဖြစ်သွားနိုင်သည်။


နယ်ပယ်သခင်တိထိုက် သူ၏အနုပညာရှင်ကဲ့ သို့ ကိုယ်နေဟန်ထား မပြုလုပ်တော့ပဲ ခေါင်းမော့၍ လှပသော ရွှေရောင်ဆံပင်များကို ပွတ်သပ်နေသည်။


" မရဘူး ငါသည်းမခံနိုင်တော့ဘူး အဲ့ဒီစားဖိုမှူးလေး ဘာလုပ်နေတယ်ဆိုတာ သိချင်နေပြီ ... နည်းနည်းလောက် သွားချောင်းကြည့်ဦးမယ် ..."


နယ်ပယ်သခင် ပြောလိုက်သည်။


ကျင်းကျောင်း သူ့ကို ခေါင်းစောင်းပြီး တစ်ချက်ကြည့်လိုက်သည်။


ခဏအကြာတွင် နယ်ပယ်သခင်တိထိုက် သူ၏ထိုင်ခုံမှ ခုန်ချသွားသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် နတ်ဘုရားအလင်းတန်းများ တောက်ပနေပြီး ခြေထောက်ကို မြှောက်၍ မီးဖို၏ အခြားတစ်ဖက်သို့ ခုန်သွားသည်။


သက်တံ့ရောင် ကောင်းကင်မွမ်းမံဘဲကို ချက်ပြုတ်ခြင်း၏ ခက်ခဲမှုကို သိရှိသောကြောင် ပုဖန် မည်သည့်ဟင်းလျာ ချက်ပြုတ်နေသည်ကို သူ စိတ်ဝင်စားနေခြင်းဖြစ်သည်။


ဝီ ...


" တားမြစ်နယ်မြေ မကျူးကျော်ရဘူး ..."


နယ်ပယ်သခင်တိထိုက် မီးဖိုချောင်ထဲ ဝင်မည့်အချိန်တွင် စက်သံများ ထွက်ပေါ်လာပြီး သူ၏ရှေ့၌ ဝှိုက်တီ ပေါ်လာသည်။


" ပြဿနာရှာတဲ့သူတွေကို အားလုံးရှေ့မှာ အဝတ်‌ချွတ်ပြီး ကန်ထုတ်ပစ်မယ် ..."


ယပ်တောင်ပုံ လက်များက နယ်ပယ်သခင်ကို လာပုတ်သည်။


‌သူ့အား မြေကမ္ဘာအင်မော်တယ်ရုပ်သေးမှ လာရောက် တားမြစ်မည်ဟု မမျှော်လင့်ထားသဖြင့် နယ်ပယ်သခင် အံ့ဩသွားသညိ။


ထို့နောက် ခါးထောက်ပြီး မျက်လုံးများ တောက်ပလာကာ အော်ဟစ်လိုက်သည်။


" မင်းဘာလုပ်မလို့လဲ ...ငါ့ရဲ့အဝတ်တွေကို ချွတ်မယ်ဟုတ်လား လာခဲ့လေ မင်းကို ချွတ်ခွင့်ပြုတယ် ..."


ဝှိုက်တီ့ကို ကြည့်ရသည်မှာ ဆွံအသွားပုံရသည်။


စားပွဲများတွင် ထိုင်နေကြသော လူအုပ်စုကြီးလည်း အံ့ဩလွန်း၍ စကားမပြောနိုင် ကြတော့ပေ။


ခွေးဘုရင် မျက်ဆံလှန်လိုက်သည်။နယ်ပယ်သခင်တိထိုက်နှင့် ယှဉ်ပါက ငရဲဘုရင်အာဟသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။


ကုန်းရှို့ပိုင်ကွမ်း မေးရိုးများ ပြုတ်ကျမတတ်ဖြစ်သွားသည်။ 

အဲ့သောက်ရူး... သူက တကယ်ပဲ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ အကြီးမြတ်ဆုံးနဲ့ တစ်သီးတစ်ခြား နေတတ်တဲ့ နယ်ပယ်သခင် အရှင်မင်းကြီးလား ... သူ့ကိုကြည့်ရတာ ဘယ်ကမှန်းမသိ ထွက်လာတဲ့ နှာဘူးကောင်လိုပဲ ...


မူယန်လည်း မတတ်နိုင်ဘဲ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


ကုန်းရှို့ယွင် ရှက်နေသဖြင့် မျက်နှာကို အုပ်ထားသည်။ သို့သော် လက်ကြားထဲမှချောင်းကြည့်၍ နယ်ပယ်သခင်ကို သဘောကျနေသည်။


" ဘာ ‌... ကြောက်ရမှာလား ... ငါဘယ်တုန်းကမှ အဝတ်ချွတ်ခံရတာကို မကြောက်ခဲ့ဖူးဘူး ... အဖော်အချွတ်ဆိုတာ ငါ့ဖို့ အနုပညာပဲ ကြည့်ရတာ မင်းလည်း ငါ့လိုလူမျိုးပဲ ကံဆိုးစွာနဲ့ပဲ မင်းက မြေကမ္ဘာအင်မော်တယ် ရုပ်သေး ဖြစ်နေတယ်... မဟုတ်ရင် ငါလည်း မင်းရဲ့ အဖော်အချွတ်အနုပညာကို လေ့လာချင်တယ် ..."


နယ်ပယ်သခင် ရိုးသားစွာ ပြောလိုက်သည်။


ခဏအကြာတွင် မီးဖိုချောင်ဘက်သို့ တဖြည်းဖြည်း လျှောက်လာသည်။


ခွေးဘုရင် မတ်တပ်ရပ်လိုက်ပြီး သူ၏မျက်လုံးများက စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။


ဝှိုက်တီ တားမြစ်ချင်သော်လည်း ၎င်းမှာ နယ်ပယ်သင်တိထိုက်၏ ပြိုင်ဘက်မဟုတ်ပေ။ သူ၏ လက်ချောင်းများဖြင့် တစ်ချက်တောက်လိုက်သည်နှင့် ထောင်သောင်းမကသော စွမ်းအင်များ စုစည်းလာပြီး ဝှိုက်တီ့ကို ချည်နှောင်ထားလိုက်သည်။


ဝှစ် ...


ဒင် ဒင် ဒင် ...


လိုက်ကာစကို မလိုက်ပြီး ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။


ရုတ်တရက် ...


ရွဲ ရွဲ ...


" အို့ အို့ ..."


ရွဲ ရွဲ ...


" အို့ အို့ ..."


စူးစူးရှရှ အော်ဟစ်သံတစ်ခု ပြင်းထန်သော တေးသွားကဲ့သို့ ထွက်ပေါ်လာသည်။


အကုန်လုံး၏ အကြည့်များက နယ်ပယ်သခင်ဆီသို့ ရောက်သွားသည်။


ခွေးဘုရင်၏ ပါးစပ်ဟလာပြီး သူ၏မျက်နှာမှာ အလွန် စိတ်လှုပ်ရှားနေသည်။


ဘုန်း ...


ကျယ်လောင်သော အသံနှင့်အတူ နယ်ပယ်သခင်၏ ခန္ဓာကိုယ်သည် သူ၏နေရာသို့ ပြန်ကျသွားသည်။


သူ၏မျက်နှာမှာ မည်းမှောင်နေပြီး ပျော့ပျောင်းဖြောင့်စင်းသော ရွှေရောင်ဆံပင်များမှ မီးခိုးငွေ့များ လွင့်တက်လာသည်။


ခရမ်းရောင်လျှပ်စီးကြောင်းများက သူ၏ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲနေသဖြင့် နယ်ပယ်သခင်၏မျက်နှာ တင်းမာသွားသလိုပင် ခံစားလိုက်ရသည်။


မီးဖိုချောင်လေးတစ်ခုပဲကို ဘာလို့ ခရမ်းရောင် နတ်ဘုရားလျှပ်စီးကြောင်းတွေနဲ့ ကာကွယ်ထားရတာလဲ ...


သူက ချောင်းကြည့်ချင်ရုံလေးပါ ...


ဒါက အလွန်အမင်းကို သတ်ဖြတ်ချင်နေတာပဲ ...


နယ်ပယ်သခင်၏ အတွေ့အကြုံကို မျက်မြင် တွေ့လိုက်ရသဖြင့် တခြားသူများ မျက်လုံးပြူးကျယ်သွားသည်။


ကျင်းကျောင်း မျက်ခုံးများပင့်ထားပြီး လော့ကျီးကို ကြည့်ရသည်မှာ သိချင်နေပုံ ရသည်။


ကုန်းရှို့ပိုင်ကွမ်းနှင့် မူယန်တို့ အံ့ဩသွားကြပြီး မျက်နှာတွင် သံသယများဖြင့် ပြည့်နှက်နေသည်။


သူက တကယ်ကြီး နယ်ပယ်သခင်ရော ဟုတ်ရဲ့လား ... မီးဖိုချောင်ပေါက်စလေးက တံခါးရဲ့ ရိုက်နှက်တာကို ခံရတယ်လို့ ...


ဝှိုက်တီ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။


နယ်ပယ်သခင် ပါးစပ်ဟလိုက်သောအခါ အဖြူရောင်မီးခိုးများ ထွက်လာသည်။


ဝုန်း ဝုန်း ...


အပြင်ဘက်တွင် မိုးကြိုးများ အဆက်မပြတ် ထစ်ချုန်းနေသည်။ ကြည့်ရသည်မှာ မိုးကြိုးပစ်တော့မည်ပုံ ပေါ်သည်။


နယ်ပယ်သခင်၏ ဓာတ်လိုက်ခံရသော မျက်နှာကို ခွေးဘုရင် ကြည့်လိုက်သည်။ တခြားသူ၏ သွင်ပြင်နှင့် နာကျင်မှုကို မြင်လိုက်ရသောအခါ ပါးစပ်ဟပြီး ကျယ်လောင်စွာ ရယ်နေသည်။


" ပုဖန်ရဲ့ မီးဖိုချောင်က ပိုပြီး တိုးတက်လာတာပဲ ... အဲ့ကောင်လေးရဲ့ မီးဖိုချောင်ကို ဝင်ဖို့ဆိုတာ မလွယ်ဘူး ..."


ခွေးဘုရင် လှောင်ပြောင်သလို ပြောလိုက်သည်။


ဒင် ဒင် ဒင် ...


ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ ခဏအကြာတွင် လိုက်ကာနောက်မှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လာသည်။


သင်းပျံ့သောရနံ့တစ်ခု နေရာအနှံ့ ပျံ့နှံ့သွားသည်။ ဤအနံ့က လူများ၏ စိတ်ကို နိုးကြားစေသည်။


နယ်ပယ်သခင်တိထိုက် လည်ပင်းကိုစောင်း၍ အငွေ့များထွက်နေသောခေါင်းကို မီးဖိုချောင်ဘက်လှည့်ပြီး စူးစူးစိုက်စိုက် ကြည့်နေသည်။ 


" ဒီအနံ့က ထူးဆန်းတယ် ..."


တိထိုက်၏နှာခေါင်း ရှုံ့မဲ့သွားသည်။

  ဒီအနံ့ကို သူ အရင်က တစ်ခါမှ မရဖူဘူး ...


အသားကင်ရနံ့နှင့် တူသော်လည်း အနည်းငယ် ကွာခြားနေသည်။


လက်ထဲတွင် ကြီးမားသော ပန်းကန်ပြားကြီးကို က်ိုင်ဆောင်လာသော ပုဖန်ကို မြင်နေရပြီဖြစ်သည်။


အားလုံး၏မျက်လုံးများ အရောင်တောက်သွားသည်။


ပုဖန် စားပွဲနား ကပ်လာသည့်အခါ သလင်းကျောက်ညိုရောင်ကဲ့သို့ ဘဲကင်ကို ဖြူပြာရောင်ဗန်းကြီးပေါ် တင်ထားသည်ကို တွေ့လိုက်ရသည်။


ဘဲ၏အရေခွံမှာ တလက်လက် တောက်နေပြီး မှန်ကဲ့သို့ ကြည်လင်နေကာ အငွေ့များလည်း ထွက်နေသည်။


သူ့ကိုကြည့်ရတာ ပြီးပြည့်စုံနေတယ် ...


ဘဲကင်၏ဘေးတွင် ကော်ပြန့်ဖတ် ငရုတ်သီးအနှစ် ကြက်သွန်မြိတ်အချို့ နှင့် အခြား အလှဆင်ထားသည့် ဟင်းအမယ်များ ရှိသည်။


ဝုန်း ဝုန်း ...


သူတို့၏အထက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လူများ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ အချိန်အတော်ကြာအောင် စုပြုံနေသည့် မိုးကြိုးပစ်သံများက ကျယ်လောင်လာသည်။


" ပုဖန်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်း ဘဲကင် ပြီးဆုံးပါပြီ ..."


ထိုအချိန်တွင် မိုးကြိုးပစ်ချလိုက်ပြီး ပုဖန်၏ လေသံဖျော့ဖျော့က စားသောက်ဆိုင်ထဲတွင် ပဲ့တင်နေသည်။


ထိုအခြင်းအရာက တခြားသူများကို ပျာယာခတ်သွားစေသည်။