အခန်း ၁၀၁၈
လျှို့ဝှက်ချက်ပြုတ်နည်း ဘဲကင်ကို သုံးဆောင်ကြပါ
" ပုဖန်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်း ဘဲကင် ပြီးဆုံးပါပြီ ..."
ပုဖန်၏အသံ ပဲ့တင်ထပ်လာသောကြောင့် အကုန်လုံး၏မျက်လုံးများ သူ့အပေါ်သို့ အာရုံစိုက်လာကြသည်။
ကြီးမားသော အညိုရောင်ဘဲကင်က ဖြူပြာရောင်ကြွေဗန်းကြီး၏ အလယ်တွင် ရှိနေသည်။
အညိုရောင်ဘဲကို ရွှေရောင်ဖြင့် ခြယ်သထားပြီး အလင်းရောင်အောက်တွင် အစက်အပြောက်များဖြင့် တောက်ပနေသည်။
လူတွေရဲ့ မျက်လုံးတွေကို ဆွဲဆောင်နိုင်တဲ့ ရွှေအစစ်တွေလိုပါပဲ...
ဘဲကင်မှ မွှေးပျံ့နေသော အရသာရှိသည့်ရနံ့သည် လူတို့၏နှာခေါင်းထဲတွင် စွဲမြဲနေကာ မျက်လုံးများကို တောက်ပလာစေသည်။
နယ်ပယ်သခင်တိထိုက် ဘဲကင်ကိုမြင်လိုက်သည့်အခိုက်တွင် မထိန်းနိုင်ဘဲ အံ့သြစွာ အော်လိုက်သည်။
သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲကို ဤသို့ ချက်ပြုတ်၍ ရမည်ဟု စိတ်ကူးပင် မယဉ်ထားမိပေ။
အရောင်ခုနစ်ရောင်က ဘယ်ရောက်သွားတာလဲ ...
ဒီလိုချက်လိုက်သော ဒီဘဲရဲ့ အရေးကြီးဆုံး အရသာတွေ ပျောက်ကွယ်သွားပြီလား ...
လူငယ်လေး မင်းရဲ့ဟင်းလျာက မကောင်းဘူးနော် ...
နယ်ပယ်သခင်တိထိုက် မီးခိုများထွက်နေသော ခေါင်းကိုမော့၍ ပုဖန်ကို ကြည့်လိုက်သည်။
ပုဖန် အနည်းငယ် အံ့ဩသွားသည်။
" ခင်များရဲ့ခေါင်းက ဘာဖြစ်တာလဲ ..."
ယခင်က နယ်ပယ်သခင်တွင် လှပသော ရွှေရောင် ဆံပင်များရှိပြီး ခေါင်းမှ ထိုသို့အငွေ့များလည်း ထွက်မနေပေ။
အကယ်၍ ထိုလူသာ ကိုယ်လုံးတီး ဖြစ်မနေပါက တစ်စုံတစ်ယောက်နှင့်ပင် လူမှားနိုင်သည်။
" ဆံပင်တွေ ပေါက်ကွဲသွားတဲ့ အနုပညာ ... ဒါက အနုပညာတစ်မျိုးပဲ နားလည်လား ..."
နယ်ပယ်သခင်တိထိုက် လေးနက်စွာ ပြောလိုက်သည်။
အားလုံး၏ နှုတ်ခမ်းများ တွန့်ချိုးကုန်သည်။
မင်းမေလင်ကို အနုပညာလား ... ပုဖန်ရဲ့ မီးဖိုချောင်ကို ချောင်းကြည့်လို့ ခရမ်းရောင်လျှပ်စီးနဲ့ထိပြီး ဓာတ်လိုက်ကုန်တာလေ ...
နယ်ပယ်သခင်တိထိုက် အမှန်တွင် အံ့ဩသွားသည်။
ခရမ်းရောင်နတ်ဘုရားလျှပ်စီးကြောင်း ... ဘာလို့ ဒီစားသောက်ဆိုင်မှာ ဒါမျိုးလျှပ်စီးကြောင်း ရှိနေရတာလဲ ...
အဆင့်အမြင့်ဆုံး ချီလင်စားဖိုမှူးဖြစ်သော နယ်ပယ်သခင်အနေဖြင့် လျှပ်စီးကြောင်းများကို အလွယ်တကူ သိရှိခံစားနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် မသေမျိုးဟင်းလျာများမှာ ၎င်းတို့နှင့် တစ်ခုမဟုတ်တစ်ခု ဆက်နွယ်နေသောကြောင့် ဖြစ်သည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကောင်းကင်ဘုံ လမ်းကြောင်းကြီးမှ မိုးကြိုးပြစ်ဒဏ်ကို စေလွှတ်လိုက်သည့်အချိန်တိုင်း စားဖိုမှူးတစ်ဦးသည် ထိုမိုးကြိုးပြစ်ဒဏ်ကို ခုခံနိုင်မှ ဟင်းလျာကို ပြည့်စုံစေမည်ဖြစ်သည်။ သို့မှသာ မဟာနိယာမလမ်းကြောင်းကြီး၏ အဓိပ္ပါယ်နှင့် အနှစ်သာရတို့ ဟင်းလျာထဲတွင် ပါဝင်နေမည်ဖြစ်သည်။
မသေမျိုးမီးဖိုချောင် အဆောက်အဦးမှ စားဖိုမှူးများက များစွာသော လျှပ်စီးကာကွယ်ရေးပုံစံများ ဖန်တီးထားကြသည်။ သို့သော် ထိုအရာများက အဆင့်နိမ့် မိုးကြိုးပြစ်ဒဏ်များကိုသာ တားဆီးနိုင်သည်။
မသေမျိုးဟင်းလျာတစ်ခု၏ မိုးကြိုးပြစ်ဒဏ်ကို ခုခံရန်အတွက် စားဖိုမှူးမှာ သူ၏ ခန္ဓာကိုယ် သို့မဟုတ် မြေကမ္ဘာအင်မော်တယ်ရုပ်သေးကို အသုံးပြု၍ ကာကွယ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက မသေမျိုးကိရိယာ သို့မဟုတ် တခြားနည်းလမ်းကို အသုံးပြုပြီး မိုးကြိုးကိုခံယူခြင် သို့မဟုတ် ရှောင်ရှားခြင်း ပြုလုပ်ရမည်။
အကယ်၍ စားဖိုမှူးမှာ မိုးကြိုးပြစ်ဒဏ်ကို ကာကွယ်နိုင်ပါက သူ၏မသေမျိုးဟင်းလျာမှာ မဟာနိယာမလမ်းကြောင်းကြီး၏ စွမ်းအားများကို ပိုမိုရရှိမည်ဖြစ်သည်။
ထို့အပြင် မသေမျိုးဟင်းလျာ၏ အဆင့် တိုးလာသည်နှင့် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မိုးကြိုးပြစ်ဒဏ်စွမ်းအားလည်း အဆင်မပြတ် တိုးလာသည်။
သို့သော် ဤ ခရမ်းရောင်နတ်ဘုရားလျှပ်စီးကြောင်းမှာ တကယ်ပင် တစ်ခုခုဖြစ်သည်။ ထိုအရာမှာ စွမ်းအားကြီးသော မိုးကြိုးပြစ်ဒဏ်မျိုးလည်းဖြစ်သည်။
သူက မီးဖိုချောင်ထဲ နည်းနည်းချောင်းကြည့်ချင်ရုံပါပဲ ...
" ဒါမင်းရဲ့ ဟင်းလျာလား ... နယ်သာရီရဲ့ကျိန်စာကို နှိမ်နင်းနိုင်တဲ့ ဟင်းလျာပေါ့ ..."
ယို့ကျီး ပုဖန်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။
ပုဖန် ကြောက်လန့်မနေပေ။ သူမကို မျက်နှာချင်းဆိုင်၍ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ဟင်းလျာအပေါ်တွင် ယုံကြည်ချက် အပြည့်ရှိသည်။
" မဖြစ်နိုင်ဘူး ဒီကလေးမလေးရဲ့ ကျိန်စာကို နှိမ်နင်းဖို့ ငါကြိုးစားခဲ့တယ် ... ငါကိုယ်တိုင်ချက်ခဲ့တဲ့ ဟင်းတွေကတောင် အလုပ်မဖြစ်ခဲ့ဘူး ... အကျိုးသက်ရောက်ရင်လည်း အချိန် သိပ်မကြာဘူး ..."
နယ်ပယ်သခင်တိထိုက် မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး ပြောလိုက်သည်။
ထိုနောက် ထပ်မံ၍ ပြောသည်။
" မင်းရဲ့ဟင်းလျာရဲ့ သန်မာတဲ့အနှစ်သာရနဲ့ စွမ်းအင်တွေကို အသုံးချပြီး ကျိန်စာကို နှိမ်နင်းချင်တာမလား .. အဲ့ဒီမိန်းကလေးရဲ့ ကျိန်စာက သိပ်သည်းတဲ့ ဝိညာဉ်အနှစ်သာရကို ရရင်တော့ ပျောက်သွားနိုင်တယ် ငါကြိုးစားခဲ့ပေမယ့် ကျရှုံးဖူးတယ် ... အဲ့တာအပြင်ကို မင်းရဲ့ဟင်းလျာမှာက အနှစ်သာရနဲ့ စွမ်းအင် အလျှံအပယ် မရှိဘူး တကယ်လို့ အဆင့်ခုနစ် ဒါမှမဟုတ် အဆင့်ရှစ်လောက်ရှိတဲ့ မသေမျိုးဟင်းလျာ ချက်နိုင်ရင်တော့ အလုပ်ဖြစ်မယ်ထင်တယ် ..."
ပုဖန် အံ့ဩသွားသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဒီနှစ်တွေမှာ နဂါးသွေးဆန်ကို သုံးပြီး ကျိန်စာကို ဖိနှိပ်ခဲ့တာပဲ ... နယ်ပယ်သခင်တိထိုက်က အဆင့်ခုနစ် ဒါမှမဟုတ် အဆင့်ရှစ် မသေမျိုးဟင်းလျာတွေကပဲ ရတယ်လို့ ဘာကြောင့်ပြောရတာလဲ ...
အထင်လွဲနေတာများလား
" အဲ့ဒါ တကယ်ပဲလား ..."
ယို့ကျီး၏ အကြည့်များ တည်ကြည်သွားသည်။
နယ်ပယ်သခင်တိုက်မှာ နှာဘူးတစ်ယောက်ဖြစ်သော်လည်း မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အဆင့်အမြင့်ဆုံး ချီလင်စားဖိုမှူးဖြစ်သော်ကြောင့် သူပြောသည်မှာ မမှားနိုင်ပေ။
ပုဖန် သူမကို လိမ်နေတာလား ...
" သေချာပေါက် မဟုတ်ဖူးပေါ့ ..."
ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။
ထိုအချိန်၌ ယို့ကျီး ဘာပြောရမည်ကို မသိတော့ပေ။
ပုဖန်၏ အကြည့်များက ယို့ကျီးဘေးမှ နယ်သာရီ့ထံ ရောက်သွားသည်။ သူ၏နှုတ်ခမ်းများ တွန့်ချိုးကာ မေးလိုက်သည်။
" နယ်သာရီ ဘယ်သူ့ကို ပိုယုံတယ်ဆိုတာ ကျုပ်ကိုပြောကြည့် ..."
" သေချာပေါက် ရှင့်ကိုပေါ့ .."
နယ်သာရီ၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေသော်လည်း ရိုးသားစွာ ပြောလိုက်သည်။
နယ်သာရီ၏ အဖြေကို ကြားလိုက်ရသောအခါ ယို့ကျီး၏ မျက်နှာပြေလျော့သွားဟည်။
" ငါလည်း အဲ့လိုပဲ ထင်ပါတယ် ..."
နယ်ပယ်သခင်တိုက် မျက်ရည်များ ဝဲလာသည်။
ဒါက တရားရဲ့လား ... သူဘာလို့ ဝင်ပါမိပါလိမ့် ...
" အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့တော့ စားဖို့အချိန်ရောက်ပြီ ..."
ကျင်းကျောင်း လေထဲတွင် ပြည့်နှက်နေသော ရနံ့ကို ရှုသွင်းလိုက်ပြီး သူ၏အစာအိမ်က မိုးကြိုးပစ်သကဲ့သို့ အသံများ ထွက်လာသည်။
" ခဏနေပါဦး မိုးကြိုးပြစ်ဒဏ်ကို ခံယူဖို့ လိုသေးတယ် ..."
ပုဖန် ပြောလိုက်သည်။
ဝီ ...
ပုဖန်၏ စကားဆုံးသည့် အချိန်မှာပင် ဝှိုက်တီ စားသောက်ဆိုင်ထဲမှ တစ်ဟုန်ထိုးပြေးထွက်ပြီး လျှပ်စီးလက်နေသော ကောင်းကင်ပေါ်သို့ ခုန်တက်သွားသည်။
ဝုန်း ဝုန်း...
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ အရောင်တောက်လာသည်။ နတ်ဘုရားသတ်တုတ်ကို ဆွဲထုတ်ပြီး အောက်သို့ ကျဆင်းလာသော မိုးကြိုးနဂါးဆီသို့ ချိန်ရွယ်ထားသည်။
ဝုန်း ...
နားကွဲနိုင်လောက်သည့် ပေါက်ကွဲသံကြီး မသေမျိုးမြို့တော်တစ်ခုလုံးကို ပဲ့တင်သွားသည်။
ဝှိုက်တီ၏ ခန္ဓာကိုယ်တွင် လျှပ်စီးကြောင်းများ လှည့်ပတ်နေသပြီး ထိုလျှပ်စီးကြောင်းများက ၎င်း၏ အစာအိမ်ဆီသို့ တွားသွားကာ တွင်းနက်များက ၎င်းကို အဆက်မပြတ် မျိုချနေသည်။
ဝုန်း ဝုန်း ...
မိုးကြိုးပြစ်ဒဏ် ပြီးဆုံးသွားပြီဟု လူများထင်နေချိန်၌ ဒုတိယမြောက် မိုးထစ်ချုန်းသံကြီး ထွက်ပေါ်လာသည်။
အားလုံးအံ့ဩပြီး စကားမပြောနိုင်ကြတော့ပေ။ အသစ်ရောက်ရှိလာသော မိုးကြိုးပြစ်ဒဏ်ကို ကြည့်ပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင် ဖြစ်နေသည်။
ဤ တစ်ကြိမ်၌ ပိုမိုကြီးမားသည့် အခြားလျှပ်စီးကြောင်းများ တိမ်မည်းများပေါ်တွင် ပေါ်လာသည်။
" ဒီတိမ်မည်းတွေက ထူးဆန်းတယ်လို့ ငါမင်းကို ပြောသားပဲ ... ဒီတစ်ကြိမ်ရဲ့ မိုးကြိုးပြစ်ဒဏ်က သာမန်မဟုတ်ဖူး ..."
ကုန်းရှို့ပိုင်ကွမ်း သူ၏မုတ်ဆိတ်မွှေးများကို ပွတ်ကာ ပြုံးနေသည်။
မြို့တော်သခင် မူယန်လည်း သူ၏မေ့စေ့ကို ပွတ်နေသည်။
" ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်တဲ့လား ... ကြည့်ရတာ ဒီဟင်းလျာက အရမ်းကောင်းမယ့်ပုံပဲ..."
" ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်လား မဖြစ်နိုင်ပါဘူး ... သူက ပထမအဆင့် မသေမျိုးစားဖိုမှူးလေ ... ဘာလို့ ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးနိုင် ရတာလဲ ..."
ကုန်းရှို့ပန် သံသယဝင်သွားသည်။
" ကောင်လေး မင်းမှားနေပြီ ... မိုးကြိုးပြစ်ဒဏ် ဘယ်နှခုကို အစပျိုးနိုင်တယ်ဆိုတာ စားဖိုမှူးရဲ့ အဆင့်နဲ့ မဆိုင်ဘူး ... မိုးကြိုးပြစ်ဒဏ်ရဲ့ အရေအတွက်က ဟင်းလျာရဲ့ ကောင်းမွန်မှု ဒါမှမဟုတ် ပြီးပြည့်စုံမှုကို ဖော်ပြတယ် မိုးကြိုးပြစ်ဒဏ်နှစ်ခုဆိုရင် ဒီဟင်းလျာက ကောင်းမွန်တယ် သုံးခုဆိုရင် ပြီးပြည့်စုံတာပဲ ... တတိယမြောက် မိုးကြိုးပြစ်ဒဏ်ပြီးရင် စတုတ္ထမြောက်နဲ့ ပဉ္စမမြောက်ကိုလည်း ငါတို့ လေ့လာထားကြတယ် ဒါပေမဲ့ အဲ့အဆင့်လောက်ကို မြင်ရတာ ရှားပါးပါတယ်..."
နယ်ပယ်သခင်တိထိုက် တည်ငြိမ်သောအသံဖြင့် ကုန်းရှို့ပန်ကို ညိုးငယ်စွာ ရှင်းပြလိုက်သည်။ .
ကြည့်ရတာ သက်တံ့ရောင်ကောင်းကင်မွမ်းမံဘဲ ဟင်းလျာက မထင်မှတ်ပဲ ချွင်းချက် ဖြစ်သွားပုံ ရတယ် ...
ဒုတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို မြင်လိုက်ရသည့်အတွက် ဝှိုက်တီ အနည်းငယ် အံ့ဩသွားသည်။ သို့သော် သူ မကြောက်ရွံ့ပေ။ နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်၍ နောက်တစ်ကြိမ် တစ်ဟုန်ထိုး ထွက်သွားသည်။
ဝုန်း ...
အလင်းရောင်များ တောက်ပလာသည်။
ဝှိုက်တီ၏ကိုယ်ပေါ်၌ လျှပ်စီးကြောင်းများက တွားသွားနေပြီး ကောင်းကင်မှ ပြုတ်ကျလာသည်။
ဝှိုက်တီ၏ စက်မျက်လုံးများ လျင်မြန်စွာ တောက်ပလာပြီး ဤလျှပ်စီးကြောင်းသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြသနေသည်။
ဝုန်း ...
အာလုံး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူတို့ မယုံကြည်ကြပေ။
" ဘာလဲဟ နောက်တစ်ခုလား ..."
" ဘာတွေ ဖြစ်နေတာလဲ မိုးကြိုးပြစ်ဒဏ်သုံးခုကို ဆွဲဆောင်နိုင်တဲ့ မသေမျိုးဟင်းလျာလား မယုံကြည်နိုင်စရာပဲ ..."
" ဝိုး ပြီးပြည့်စုံတဲ့ မသေမျိုးဟင်းလျာလား ... ဘာလို့ ဒီလိုနေရာမှာ အဆင့်မြင့်ဟင်းလျာက ပေါ်လာရတာလဲ ..."
ဤမိုးကြိုးပြစ်ဒဏ်အတွဲလိုက်သည် မသေမျိုးမြို့တော်မှ စားဖိုမှူးများစွာကို ကြောက်လန့်သွားစေခဲ့သည်။
တတိယမြောက် မိုးကြိုးပြစ်ဒဏ်ပေါ်လာသောအခါ ကြောက်ရွံ့မှုကြောင့် လူများ ကြက်သီးထကုန်သည်။
နယ်ပယ်သခင်တိထိုက် တိသိမ့်သိမ့် တုန်သွားသည်။
" မိုးကြိုးပြစ်ဒဏ် သုံးခုလား ကျွတ် ကျွတ် ကျွတ် ... ငါရွေးခြယ်ထားတဲ့လူ ဖြစ်ထိုက်ပါပေတယ် ..."
ကုန်းရှို့ပိုင်ကွမ်းနှင့် မြို့တော်သခင်မူယန်တို့ အံ့ဩနေသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ပုဖန်ကိုကြည့်ပြီး သူတို့ မယုံကြည်နိုင်ကြပေ။
ခဏအကြာတွင် မြို့တော်သခင်မူယန်၏ မျက်လုံးများမှ စူးရှသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။
" သူ့ရဲ့ပင်ကိုစွမ်းရည်နဲ့ အဆင့်အရ မသေမျိုးစားဖိုမှူးပြိုင်ပွဲမှာ ပါမယ်ဆိုရင် ငါတို့ပထမအလွှာက ထိပ်တန်းဆယ်ယောက်ထဲဝင်ဖို့ မျှော်လင့်လို့ရတယ် ..."
ရတနာတစ်ခုကို သဘောတကျ ကြည့်သကဲ့သို့ ပုဖန်ကို ကြည့်နေသည်။
သို့သော် ခဏအကြာတွင် ပုဖန် မျက်မှောင်ကြုတ်နေသည်ကို မြင်သောကြောင့် အားလုံး အံ့ဩသွားကြသည်။
ပုဖန် ဝှိုက်တီ့ကိုကြည့်၍ ဤရုပ်သေးက ဖိအားကို ထပ်မခံနိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
ကြည့်ရတာ တတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို သည်းမခံနိုင်တော့တဲ့ ပုံပဲ ...
" ခဏစောင့်နေကြပါဦး ပြန်လာခဲ့မယ် ..."
ပုဖန် အေးဆေးစွာပင် ပြောလိုက်သည်။
ဟမ် ...
အားလုံး အံ့ဩသွားကြသည်။
အဲဒီ့စားဖိုမှူးလေး ဘာလုပ်ချင်နေတာလဲ
နယ်ပယ်သခင်လည်း အံ့အားသင့်သွားသည်။
ပုဖန် စားသောက်ဆိုင်ထဲမှထွက်ပြီး ဝှိုက်တီ့အနား ကပ်သွားသည်ကို ကြည့်နေကြသည်။
သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ဝိုင်းစက် ချောမွတ်နေသော ဝှိုက်တီ၏ ခေါင်းကိုကိုင်ကာ စားသောက်ဆိုင်သို့ ပြန်လာရန် ပြောလိုက်သည်။
ထို့နောက် လက်နောက်ပစ်ကာ ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ တတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို ကြည့်နေသည်။
အားလုံး ကြောက်လန့်ကုန်သည်။
" ပိုင်ရှင်ပုက တတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို ခံယူချင်နေတာလား ..."
" သူ ရူးနေတာလား တတိယမြောက်က အရင်တစ်ခုထက် ပိုစွမ်းအားကြီးတယ် ... အဲ့လိုမျိုး မိုးကြိုးပြစ်ဒဏ်ကို ခုခံဖို့ ဘယ်ကစွမ်းအားတွေ ရထားတာလဲ ..."
" သူ့ရဲ့ မြေကမ္ဘာ အင်မော်တယ်ရုပ်သေးက မခံနိုင်တော့လို့ သူ့ခန္ဓာကိုယ်နဲ့ ခုခံဖို့ ဆုံးဖြတ်လိုက်တာလား ..."
လူအားလုံး လေအေးများ ရှုရှိုက်နေကြသည်။ သူတို့ မယုံကြည်နိုင်သေးပေ။
ထိုအချိန်၌ စားသောက်ဆိုင်တစ်ဝိုက်တွင် လူအတော်များများ ရောက်ရှိနေပြီဖြစ်သည်။ မဖြစ်န်ိုင်ဟု ထင်ကြသည့်အတွက် လူအချို့မှာ ပုဖန်၏ ကံဆိုးမှုကို လှောင်ပြောင်နေကြသည်။
အကယ်၍ ပုဖန် တတိယမြောက် မိုးကြိုးပြစ်ဒဏ်ကို မခံယူနိုင်ပါက လူသားမီးသွေးတုံးအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ဝုန်း ...
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်မုဒ်ဦးမှ မိုးကြိုးပစ်ချလိုက်သည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးကို ဓားဖြင့် ခုတ်ပိုင်းလိုက် သလိုပင်။
ပုဖန် လက်နောက်ပစ်ပြီး ခေါင်းမော့ထားသည်။ ဖိအားများ၏အောက်တွင် သူ၏ဆံပင်များ ဝဲလွင့်နေသည်။
ဝုန်း ...
သို့ရာတွင် လျှပ်စီးကြောင်းများ ပုဖန်နှင့် သုံးလက်မခန့်သာဝေးသော အကွာအဝေးသို့ ရောက်သောအခါ ...
အနီရောင်စားဖိုမှူးဝတ်စုံ ကြက်သွေးရောင်သို့ ပြောင်းလဲသွားပြီး သူ၏နောက်မှ အနီရောင်တောက်နေငည့် မီးတောင်ပံများ ဖြန့်ကျက် ထွက်ပေါ်လာသည်။
ငှက်တစ်ကောင်၏ သီချင်းသံ ကျယ်လောင် ပြတ်သားစွာ ထွက်ပေါ်လာသည်။
စူးရှသော လျှပ်စီးလက်သံက လူများကို မျက်စိမှိတ်သွားစေသည်။
ခဏအကြာတွင် ခြေသံများ ကြားလိုက်ရသည်။
ပုဖန် လက်နောက်ပစ်၍ တစ်ဖက်သို့လှည့်ပြီး စားသောက်ဆိုင်သို့ ပြန်သွားသည်။ သူ၏ ဆံပင်တစမွှေးမှပင် ကျွတ်မသွားပေ။
" ကောင်းပြီ ... ပုဖန်ရဲ့ လျှို့ဝှက်ဟင်းချက်နည်းဖြစ်တဲ့ ဘဲကင်ကို မြည်းစမ်းကြည့်ကြတာပေါ့..."
ပုဖန် တည်ငြိမ်စွာ ပြောလိုက်သည်။
လူအားလုံး စိတ်လှုပ်ရှားနေကြသည်။ ပုဖန် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆွဲထုတ်၍ ဘဲကိုသတင်လှီးဖြတ်နေချိန်မှ စိတ်နှင့်လူ ကပ်သွားကြသည်။
ပုဖန်၏ အနီရောင် စားဖိုမှုးဝတ်စုံကိုကြည့်ပြီး နယ်ပယ်သခင်၏ မျက်လုံးများ အရောင်တောက်လာသည်။
" အဲ့ဒီ ဝတ်ရုံက မသေမျိုး ကိရိယာပဲ ပြီးတော့ အကောင်းဆုံးဟာ ... ငါ ဝတ်ရုံတွေ ဝတ်ရတာ မကြိုက်တာ နှမျောစရာပဲ မဟုတ်ရင် ငှားပြီး တစ်ခါလောက် ဝတ်ကြည့်ဦးမယ် ..."
နယ်ပယ်သခင်တိထိုက် တွေးလိုက်သည်။
ဂျွတ် ဂျွတ် ...
ဘဲကင်ကို ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားဖြင့် လှီးဖြတ်လိုက်သောအခါ တဂျွတ်ဂျွတ်မြည်သံ ထွက်ပေါ်လာသည်။
အမ် ...
အားလုံး အံ့ဩသွားသည်။
ဗိုက်သားအတွင်းမှ နို့နှစ်ရောင် စွတ်ပြုတ်များ စီးကျလာပြီး သူ၏ရနံ့က ကောင်းကင်ထိပင် ရောက်ရှိသွားသည်။
ရွှေရောင်အလင်းတန်း တစ်ခု နှစ်ခု သုံးခု ...
ဓားကို ပြန်သိမ်းလိုက်သောအခါ ဘဲကင်၏ ဝမ်းဗိုက်အတွင်းမှ တောက်ပသောအရောင်များ ထွက်ပေါ်လာသည်။ အလွန်တောက်ပသောကြောင့် သေချာပင် စိုက်မကြည့်နိုင်ကြပေ။
ဝိုး ... အရောင်တောက်နေတဲ့ အစားအစာပါလား ...
တကယ့်ကို ပုဖန်ရဲ့ မူပိုင်ပုံစံပဲ ...
" အားလုံးပဲ စွပ်ပြုတ်ပျစ်ပျစ် တစ်ပန်းကန် အရင်သောက်ကြပါ ..."
ပုဖန် ပြောလိုက်သည်။ ထို့နောက် တစ်ဦးချင်းစီကို စွပ်ပြုတ်များ အပြည့်ထည့်ထားသည့် ဖြူပြာရောင် ကြွေပန်းကန်လုံးတစ်ခုစီ ဝေပေးလိုက်သည်။
၎င်းမှာ ဘဲကင်၏ အတွင်းထဲတွင် သူချက်ပြုတ်ထားသည့် ဆေးဖက်ဝင်အပင်များစွာ ပါဝင်သည့် စွပ်ပြုတ်ဖြစ်သည်။
အစားအစာနှင့်အတူ ပျစ်နေသော စွပ်ပြုတ်ရည် မှ ရေနွေးငွေ့ကို ထုတ်လွှတ်လိုက်သောအခါ အလွန် ခမ်းနားလှသည်။
သူ၏ ရနံ့မှာ အလွန့်အလွန် ကောင်းမွန်လှသည်။
ခမ်းနားသည့် အငွေ့တလူလူနှင့် စွပ်ပြုတ်ရည်က လူများကို အံ့ဩစေခဲ့သည်။
ထို့နောက် ပုဖန် စွပ်ပြုတ်တစ်ဇွန်းကို သူပြင်ဆင်ထားသည့် ငရုတ်နှစ်ထဲသို့ ထည့်လိုက်သည်။ အလွန်မစပ်လိုသည့်အတွက် ပူစပ်စပ်ငရုတ်နှစ် အနည်းငယ်ကိုသာ ထည့်လိုက်သည်။ ထို့နောက် စွပ်ပြုတ်ကို ပူစပ်စပ်ငရုတ်နှစ်၏ အစပ်အရသာနှင့် ရောမွှေလိုက်သည်။
ထို့နောက် ပူစပ်စပ်ငရုတ်နှစ်နှင့် စွပ်ပြုတ်တို့ အရောအနှောကို အနီရောင်ငရုတ်နှစ်ထဲ ထပ်မံထည့်လိုက်သည်။
ပုဖန် လက်ဆန့်မထုတ်ခင် လူအုပ်ကြီးကို ကြည့်လိုက်သည်။
ဗုန်း ...
ပုဖန်စားပွဲကို ပုတ်လိုက်သောအခါ ဖြူပြာရောင်ဗန်းထဲမှ ဘဲကင်ကြီး ချက်ချင်း ခုန်သွားသည်။
အသက်ရှုသွင်းပြီး စိတ်ထဲ တစ်ချက်တွေးလိုက်သည့်အခါ သူ၏လက်ထဲတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။ ဓားမှာ တစ်ပတ်လည်နေပြီး တောက်ပသည့် အလင်းရောင်များ ထုတ်လွှတ်ပေးနေသည်။
ပုဖန်၏ မျက်လုံးများက အာရုံစိုက်ထားသည်။
ရုတ်တရက် ကောင်းကင်မှ ဓားတစ်ချောင်း ပြုတ်ကျလာသည်။
၎င်းမှာ သူ၏ ဓားကိုင်နည်းစနစ်အသစ် အင်မော်တယ် ဖြတ်တောက်ခြင်းနည်းလမ်း ဖြစ်သည်။
အားလုံး ထိုဓားကြောင့် အံ့ဩသွားကြပြီး အသက်အောင့်ထားကြသည်။
အားလုံး၏ ရင်ဖိုနေသော အကြည့်များအောက်တွင် ဘဲသားကို တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်ပြီး လေးထောင့်ပုံစံအတုံးများ ဗန်းပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျလာသည်။
ပုဖန် ဓားကိုသိမ်းပြီးနောက် လက်နှစ်ဖက်ကို စားပွဲပေါ်တင်၍ သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်သည်။
သူ၏နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
" ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး ..."