အပိုင်း ၆၂
Viewers 12k

ကျိစစ်ယောင်ကပြုံးလိုက်သည်။
"နှစ်ရက်အတွင်း၊ သူငယ်ချင်းတစ်ယောက်ရဲ့သမီးက လာလည်လိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းရဲ့ကောကောကို သူမနဲ့အတူလိုက်ပေးစေချင်တာ၊ ဟန်ဟန်က ကြည့်ကောင်းပြီးတော့ အကျင့်ကောင်းတယ်၊ တစ်ယောက်လာရင် နှစ်ယောက်သွားလိုက်၊ ဒီနှစ်ယောက်သာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားမှုရှိတယ်ဆိုရင် မင်းရဲ့ကောကောက မိန်းကလေးတွေကိုကြိုက်တယ်ဆိုတဲ့သဘောပဲ၊ မဟုတ်ရင်တော့ သူကတကယ်ကို ယောက်ျားတွေကိုပဲကြိုက်လို့နေမှာပေါ့၊ ဒါဆိုရင်လည်း ငါအဲဒါကို မင်းရဲ့မွေးစားအဖေနဲ့ ဆွေးနွေးရတော့မှာပဲ"
သို့သော်လည်း အရာရာကိုအစီစဉ်ချထားသည့် ကျိစစ်ယောင်ကို ကြည့်လိုက်သည်။ စစ်ကျွင်းတောက်က ငြင်းခဲ့တာမလား။ ဒီအချိန်မှာ ဝမ်မင်ယီကြောက်တာက အဲဒီ့မမလေးဟန်ဟန်နှင့်အတူရှိနေမှာက သူ့ကောကောမဟုတ်ပဲ အတွင်းရေးမှူး လင်းမူလင်ဖြစ်နေမှာကိုပင်။
"ဟန်ဟန်ကရော ကျွန်တော့်အစ်ကိုကြီးကို ကြိုက်လား..."
ဝမ်မင်ယီက စပ်စပ်စုစုဖြင့်ပင် မေးလိုက်၏။
"သူတို့နှစ်ယောက်က မတွေ့ဖူးကြသေးဘူးလေ၊ ဒါပေါ့ အခုသူတို့က မကြိုက်ကြသေးပေမယ့် တွေ့ပြီးရင်တော့ ကြိုက်သွားမှာပဲ"
ကျိစစ်ယောင် ဝမ်မင်ယီကို မျက်လုံးမှိတ်ပြလိုက်သည်။
"အားလုံးပြီးတဲ့နောက်မှာတော့ မင်းကောကောရဲ့အခြေအနေက မဆိုးဘူးလေ..."
ဝမ်မင်ယီ ခေါင်းညိတ်လိုက်သည်။ အဲတာက ချက်ကျလက်ကျရှိသားပဲ။ သူ့ကောကောက တကယ်ကောင်းတယ်။ ပုံရိပ်ကောင်းလား၊ ဒါမှမဟုတ် ပိုက်ဆံလား။ အဲဒီ့သခင်မလေးဟန်ဟန်က ဘယ်လောက်ပဲ တန်ဖိုးရှိပါစေဦး၊ သူ့ကောကောကပိုပြီး အရည်အချင်းပြည့်တယ်။ အဲဒါ အမှန်ပဲ။
ဝမ်မင်ယီ မျက်မှောင်ကြုတ်လိုက်ကာ ရုတ်တရက် စိုးရိမ်သွားသည်။
နှစ်သစ်ကူးအကြိုနေ့မှာ မိသားစုနှစ်က စုမိသားစုအိမ်မှာ အချိန်ကုန်ဆုံးကြမှာဖြစ်သည်။ ကျောက်ဝမ်ယွီက တိုင်းပြည်Mမှာ ရုပ်ရှင်တစ်ခုအတွက် ပရိုဂျူဆာလုပ်ဆဲဖြစ်တာကြောင့် သူက အားလုံးနှင့် video chattingကတစ်ဆင့် ပြောခဲ့သည်။ အဲဒါက မိသားစု ပြန်လည်ဆုံစည်းခြင်းအထိမ်းအမှတ်ညစာတစ်ခု ဖြစ်နိုင်သည်။
ဝမ်မင်ယီက ကိုးနာရီမထိုးမှီ သူပင်ပန်းနေပြီး အိပ်တော့မည်ဟုဆိုကာ စားပွဲကထလာခဲ့သည်။
ဝမ်ဝေ့က အံ့သြသွားခဲ့သည်။
"မင်းအခု ညကိုးနာရီရောက်တာနဲ့ အိပ်တော့တာလား၊ အဲတာက စောလွန်းတယ်၊ မင်းမူလတန်းတက်တုန်းက ငါမင်းကို ကိုးနာရီမှာသွားအိပ်ဖို့ပြောတော့ မင်းမအိပ်ချင်ခဲ့ဘူးလေ"
ဝမ်မင်ယီက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ကျွန်တော်အခုပိုပြီးအသက်ကြီးလာပြီလေ၊ တစ်ညလုံးမအိပ်ပဲမနေနိုင်တော့ဘူး၊ ကျွန်တော့်ကိုယ်က မခံနိုင်ဘူး"
အခန်းထဲရှိ အခြားလူများ : "..."
စစ်ကျွင်းတောက်က တည်ငြိမ်စွာ ထရပ်ပြီး သူနှင့်အတူ အခန်းထဲသွားဖို့ အသင့်ပြင်လိုက်သည်။
"ကျွန်တော်သွားတော့မယ်၊ အရေးပေါ်သဘောတူညီမှုလေးတစ်ခုရှိနေလို့"
"ကောင်းပြီ"
ဖေဖေစစ်က ပြောလိုက်သည်။
ဝမ်ဝေ့က စစ်ကျွင်းတောက်ကိုကြည့်လိုက်ပြီး သူနှင့်အတူ အခန်းထဲကိုလိုက်သွားချင်ခဲ့သည်။
အဲတာက သူတို့နှစ်ဦးပြန်လည်သင့်မြတ်ပြီးနောက် ပထမဆုံး ကျင်းပသည့် နှစ်သစ်ကူးဖြစ်သည်။ လွန်ခဲ့သည့်တစ်နှစ်အကြာကဆို သူတို့က စားပွဲရဲ့တစ်ဖက်တစ်ချက်မှာထိုင်ကာ စားသောက်ကြပြီး စကားမပြောခဲ့ကြချေ။ ဒီနှစ်မှာတော့ သူတို့ကတစ်အိမ်ထဲမှာအတူနေကြပြီး နှစ်သစ်ကူးကို နှစ်ယောက်ထဲအတူဖြတ်သန်းကြမှာဖြစ်သည်။
ဝမ်မင်ယီက မအိပ်ချင်သေးချေ။ ထို့ကြောင့် သူကြောင်ဖြစ်သွားပြီးနောက်တွင် သူကြည့်ချင်တဲ့ရုပ်ရှင်တစ်ခုကိုဖိကာ မြောင်ဟူ၍ အော်လိုက်သည်။ စစ်ကျွင်းတောက်က သူ့ကိုအမြဲနာခံသူပီပီ သူကအချစ်ဟာသကားကိုရွေးချယ်ကာ သူနှင့်အတူကြည့်ခဲ့သည်။
အဆုံးတွင် ဝမ်မင်ယီက သူ၏ဇီဝကမ္မနာရီကြောင့် ရုပ်ရှင်မပြီးမှီ သူ့လက်ထဲ၌ အိပ်မောကျသွားတော့သည်။ စစ်ကျွင်းတောက်က သူ့လက်ထဲက ကြောင်ဝါလေးကို ကြည့်လိုက်ပြီး နမ်းရင်း တိုးတိုးလေးပြောလိုက်သည်။
"ပျော်ရွှင်စရာနှစ်သစ်ပါ"
သူကပြုံးလိုက်ပြီး သူ့ရှေ့ရှိ လိမ္မော်ရောင်ကြောင်လေးကို တစ်ကြိမ်မကနမ်းခဲ့သည်။
နောက်တစ်နေ့မှာ ဝမ်မင်ယီနိုးလာတော့ သူ့ခေါင်းအုံးဘေးက အနီရောင်စာအိတ်ကိုကြည့်ကာ အံ့အားသင့်သွားရသည်။ သူဖွင့်ကြည့်လိုက်တော့ အကြွေးဝယ်ကဒ်တစ်ခုကို တွေလို့က်ရ၏။
"ကျွန်တော့်ကို ဒါ ပေးနေတုန်းလား"
ဝမ်ဝင်ယီက ကြောင်နားရွက်လေးများဖြင့် ကုတင်ပေါ် ထိုင်နေပြီး မေးလိုက်၏။
ရေချိုးပြီးနောက် စစ်ကျွင်းတောက်က ရေချိုးခန်းထဲကထွက်လာပြီး ခေါင်းညိတ်လိုက်သည်။
"ဒီနှစ်သစ်ကူးအကြိုအတွက်ပဲ၊ လျှို့ဝှက်နံပါတ်ကမင်းမွေးနေ့"
"ကျေးဇူးတင်ပါတယ် ကော"
ဝမ်မင်ယီက စိတ်လှုပ်ရှားစွာဖြင့် ကဒ်ကိုဖယ်လိုက်သည်။
စစ်ကျွင်းတောက်က လျှောက်သွားလိုက်ပြီး သူ့နားရွက်လေးတွေကိုညှစ်လိုက်ကာ ဆူလိုက်သည်။
"ထပြီးရေချိုးတော့၊ စားသောက်ချိန်ရောက်နေပြီ"
ဝမ်မင်ယီ အိပ်ယာပေါ်မှ ပျော်ရွှင်စွာထလိုက်ပြီး ရေချိုးခန်းထဲကို ပြေးဝင်သွားတော့သည်။
သို့သော်လည်း သူဝင်သွားပြီးနှစ်စက္ကန့်မျှအကြာတွင် ပြန်ထွက်လာခဲ့သည်။ စစ်ကျွင်းတောက်က သူဘာများဖြစ်လို့လဲဆိုတာ သိချင်သွားသည်။ သူက ဝမ်မင်ယီ သူ့အနားကိုလျှောက်လာတာကိုတွေ့လိုက်ပြီး သူ့ပါးကို ရွှတ်ခနဲနမ်းတာကို ခံလိုက်ရသည်။
စစ်ကျွင်းတောက် ငြိမ်သက်သွားရ၏။
ဝမ်မင်ယီက ပြုံးကာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ဆုတောင်းပေးလာသည်။
"ပျော်စရာနှစ်သစ်လေးဖြစ်ပါစေ"
စစ်ကျွင်းတောက်က သူ့အာရုံတွေကို ပြန်မစုစည်းနိုင်သေးပေ။ သူက သူ့ကိုရီဝေဝေဖြင့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဘာလို့ ကိုယ့်ကိုရုတ်တရက်ကြီးနမ်းရတာလဲ"
"ကောပေးတဲ့စာအိတ်နီအတွက်လေ-
ဝမ်မင်ယီက ပြောသည်။
"ကျွန်တော်ငယ်ငယ်က ကောကျွန်တော့်ကို စာအိတ်နီပေးတိုင်း အမေက ကျေးဇူးတင်တဲ့အနေနဲ့ ကောကိုပြန်ပြီးဖက်နမ်းဖို့ပြောတယ်လေ၊အခုကျွန်တော် ကြီးလာပြီဆိုပေမယ့် ကောကကျွန်တော့်ကို ပိုကြီးတဲ့စာအိတ်နီကိုပေးတယ်၊ ဒီတော့ ကောလည်းလက်ဆောင်ပြန်ရသင့်တာပေါ့"
ထိုအရာကိုကြားပြီးနောက်တွင် စစ်ကျွင်းတောက်က သူ့ကို နေ့တိုင်းစာအိတ်နီပေးချင်လာသည်။ တက္ကသိုလ်ဝင်ခွင့်ရတဲ့အချိန်မှာရော၊ ဒရာမာစရိုက်ရတဲ့အတွက်ရော၊ သူ့နောက်ဆုံးစာမေးပွဲအတွင်းမှာရော၊ ကြော်ငြာရိုက်တဲ့အချိန်မှာရော၊ သူအိပ်ယာကနိုးလာတိုင်း စာအိတ်နီတစ်ခုပေးချင်၏။
သို့သော်လည်း အဲဒါတွေအားလုံးက သူ့စိတ်ကူးသက်သက်သာဖြစ်သည်။ ဝမ်မင်ယီက သူ့ကို နမ်းပြီးသည်နှင့် ဆေးကြောရန် ရေချိုးခန်းဆီ ပြန်ပြေးသွားသည်။
စစ်ကျွင်းတောက်က အိပ်ယာပေါ်တွင်ထိုင်ကာ မရေရာမရာဖြင့် ယခင်ပုံရိပ်များကို စိတ်ထဲတွင် ပြန်တွေးနေလိုက်သည်။
နှစ်သစ်၏ ပထမဆုံးနေ့တွင်ချန်လုက ဝမ်မင်ယီကို မဂ္ဂဇင်းအတွက်ရိုက်ကူးရန် ရက်အနည်းငယ်သာလိုတော့တာကြောင့် နှစ်သစ်ကူးနေ့တွင် ဝစေမယ့်အရာတွေ မစားဖို့ ယဉ်ကျေးစွာသတိပေးခဲ့သည်။
ဝမ်မင်ယီက ပင်ပန်းနေခဲ့သည်။
"ကျွန်တော်သိပါတယ်၊ ကျွန်တော်ကလွယ်လွယ်နဲ့မဝတတ်ဘူး၊ ပြီးရင် ချန်ကျဲလာပြီး ချီကြည့်လိုက်လို့ရတယ်...''
''ကောင်းပြီ''
ဖုန်းကျသွားသောအခါ ဝမ်မင်ယီက ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်ပြီး နို့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
ရာသီဥတုအေးအေးလေးနဲ့ နွားနို့ပူပူလေးနဲ့ အရမ်းလိုက်ဖက်တာပဲ ~
ဒါပေမယ့် ပြောနေရင်းက ဝမ်မင်ယီ ထိုအကြောင်းကိုတွေးမိသွားသည်။ဒီလိုဆိုမှ သခင်မလေးဟန်ဟန်က မကြာခင်လာတော့မှာပဲ။
အသေအချာပင် ထိုညတွင် ကျိစစ်ယောင်က ညစာအတူစားနေချိန်တွင် ထိုအကြောင်းအရာကို ပြောလာသည်။
'' ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ သမီးက ငါတို့ဆီ နှစ်ရက်လောက်လာလည်မလို့တဲ့၊ သူကဒီမှာ ရက်အနည်းငယ်လောက်နေမှာ၊ ရှောင်ဝေနဲ့ငါက ဧည့်ခန်းကို ရှင်းလင်းလိုက်မယ်၊ ကျွင်းကျွင်း အဲ့တစ်ယောက်ကို သွားခေါ်ဖို့မမေ့နဲ့နော်၊ ငါမင်းနဲ့အတူ သွားကြိုမယ်''
ဝမ်ဝေ့က ထိုစကားကိုကြားချိန် ပြုံးလိုက်သည်။ သူမက စစ်ကျွင်းတောက်ကို အဓိပ္ပါယ်ပြည့်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမက တစ်ခုခုကို တွေးလိုက်မိပြီး
"ဒါဆို မင်မင် နဲ့ ငါ အဲ့ဒီနှစ်ရက်မှာ အိမ်ပြန်နေလိုက်တော့မယ်၊ ငါတို့ မနှောင့်ယှက်တော့ဘူး"
"မလိုပါဘူး"
ကျိစစ်ယောင်က ပြောလိုက်သည်။
''နင်နဲ့မင်မင်လည်း အိမ်မှာနေရမယ်၊ လူတွေအများကြီးရှိနေမှပေါ့၊ မဟုတ်ရင်ကျွင်းကျွင်းပျင်းနေလိမ့်မယ်၊ မင်မင်ရှိနေရင် သူကနည်းနည်းပိုပြီး တက်ကြွနေတတ်တာ၊ ဟန်ဟန်နဲ့စကားပြောတဲ့အခါ မင်းရဲ့ကောကောကောင်းကြောင်းပြောပေးနော်''
ဝမ်မင်ယီ : "..."
စစ်ကျွင်းတောက်က အကူအညီမဲ့စွာဖြင့်
"အဲလိုလုပ္ဖို့ မလိုပါဘူး"
ကျိစစ်ယောင်က သူ့ကို ဂရုမစိုက်ပေ။ ညစာစားပြီးနောက် သူမက ဝမ်ဝေနှင့်အတူ ဧည့်သည်ခန်းကို သန့်ရှင်းရေးစလုပ်သည်။
''ဟန်ဟန့်ကို ဘယ်နေရာမှာ နေစေချင်လဲ''
ကျိစစ်ယောင်က ဝမ်ဝေ့ကိုမေးလိုက်သည်။
''ကျွင်းကျွင်းရဲ့ ဘေးချင်းကပ်အခန်းမှာ ထားရင်ကောင်းမလား..''
ဝမ်မင်ယီ လှေကားပေါ် တက်လာသည့်အခါ ထိုစကားကို ကြားလိုက်ရသည်။ သူက သူ့အမေနှင့်မွေးစားအမေကိုကြည့်လိုက်ကာ သူ့မွေးစားမေမေကတော့ စစ်မြောင်CP fanဖြစ်လာပြီဟု ခံစားလိုက်ရသည်။ ကပ်ရပ်အခန်းမှာနေစေမယ့်အစား ဘာလို့များ သူမကို သူ့ကောရဲ့အခန်းထဲမှာ ချက်ချင်းပေးမအိပ်လိုက်တာတုန်း။
သို့ပေမယ့် ဝမ်ဝေ့က ဤအကြံပြုချက်ကကောင်းသည်ဟုထင်သည်။
'' ကောင်းသားပဲ၊ ဟန်ဟန်ကအကူအညီလိုအပ်လာရင် ကျွင်းကျွင်းကို မေးလိုက်လို့ရတယ်၊ သူတို့ရဲ့ ခံစားချက်တွေတိုးတက်ဖို့လည်း အထောက်အကူဖြစ်တာပေါ့''
ဝမ်မင်ယီ : "..."
ခင်များကတကယ်ကို ကျွန်တော့်မွေးစားမေမေရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သင့်ပါတယ်လေ။ မွေးစားမေမေနှင့်အတူ CPကို အားပေးနေလိုက်သေးတယ်။
ဝမ်မင်ယီက မနေနိုင်တော့ဘဲ သူတို့ကို သတိပေးလိုက်သည်။
''အဲ့ဒါကို မေ့လိုက်တော့''
ကျိစစ်ယောင်နှင့်ဝမ်ဝေ့တို့က တစ်ချိန်တည်းတွင် ခေါင်းကိုလှည့်လိုက်ကြသည်။ လက်ဝှေ့ယမ်းပြနေသော သူ့ကို မြင်သည့်အခါ သူတို့ကမေးလိုက်ကြသည်။
"ဘာဖြစ်လို့လဲ"
ဝမ်မင်ယီက ပြောစရာစကားမဲ့သွားသည်။
'' မစ္စဟန်ဟန်က ကျွန်တော့်ကောနဲ့ လုပ်စရာဘာမှမရှိဘူး၊ သူနဲ့အတင်း နီးကပ်အောင် စီစဉ်ပေးနေရင် ကျွန်တော့်ကောကောက ပျော်မှာမဟုတ်ဘူး၊ အဲလိုသာဆို အမေတို့ရည်ရွယ်ချက်ပျက်အောင် သူကလုပ်လိမ့်မယ်"
"အဲဒါပြီးတော့"
ဝမ်မင်ယီကဆက်ပြောသည်။
"ယောက်ျားနဲ့မိန်းမကြားကအရာတွေက အရမ်းထိရှလွယ်တယ်၊ သူတို့နှစ်ယောက်လုံးက အခုချိန်မှာ ခံစားချက်ရှိနေကြတာမဟုတ်ဘူး၊ အမေတို့နှစ်ယောက် အခုလိုလုပ်နေပုံက မိန်းကလေးတစ်ယောက်အတွက် မကောင်းဘူးနော်"
ကျိစစ်ယောင်က သူပြောတာ မှန်သည်ဟု ခံစားလိုက်ရသည်။
'' ဒါဆို ဟန်ဟန်က ဘယ်မှာနေတာသင့်တော်မယ်လို့ မင်းထင်လဲ"
အဲဒါက ဝမ်မင်ယီအတွက် ခက်ခဲသည်။ သူက လည်ပင်းကိုကုပ်လိုက်ကာ
"ကျွန်တော်လည်းမသိဘူး၊ ကျွန်တော် အဲဒါတွေနားမလည်ဘူး"
"မဟုတ်လည်း ကျွန်တော့်ဘေးခန်းမှာနေလို့ရတာပဲ"
ဝမ်မင်ယီက အကြံပေးလိုက်သည်။
"ဒါဆို သူမမှာတစ်ခုခုရှိလာရင် ကျွန်တော့်ဆီလာလို့ရတယ်လေ၊ အမေတို့ကိုပြောလို့အဆင်မပြေတာမျိုးရှိရင် ကျွန်တော့်ကိုပြောလို့ရတာပဲ"
"ကောင်းပြီ"
ကျိစစ်ယောင် သဘောတူလိုက်သည်။
ထိုနှစ်ယောက်က သဘောတူပြီးနောက် ဟန်ဟန်အတွက် အခန်းရှင်းဖို့ ထပ်ထွက်သွားကြသည်။
ဝမ်မင်ယီသည် သူတို့၏ နောက်ကျောကို ကြည့်လိုက်ရာ ရုတ်တရက် ရှင်းမပြနိုင်လောက်အောင် ဝမ်းနည်းသွားသည်။ သူက မလှမ်းမကမ်းက သူ့အိပ်ခန်းကို ကြည့်လိုက်သည်။ သူ့အိပ်ခန်းနှင့် စစ်ကျွင်းတောက်၏အိပ်ခန်းမှာ မျက်စောင်းထိုးအ နေအထားတွင်ရှိသည်။ ဒီဧရိယာအတွင်းမှာ သူတို့နှစ်ယောက်သာရှိ၏။
သူမှတ်မိသလောက်ကတော့ အမြဲ သူတို့နှစ်ယောက်ထဲသာဖြစ်သည်။
ဒါကြောင့် သူကဟန်ဟန်ကို ဒီနေရာမှာမနေရအောင်ပြောခဲ့ခြင်းပေ။ သူပြောခဲ့သည့်စကားတွေမျှသာမကချေ၊ ထိုအချိန်က သူ့နှလုံးသားထဲတွင် အခြားသူတွေ ဒီနေရာကိုဝင်လာပြီး စစ်ကျွင်းတောက်အနားမှာနေတာကို ဆန့်ကျင်ချင်သောကြောင့်ပင်။
ဒါပေမယ့် အနှေးနှင့်အမြန် စစ်ကျွင်းတောက်၏အိပ်ခန်းကို တစ်စုံတစ်ယောက်က အပိုင်စားရမှာပင်။ ယခုအတွက်တော့ မည်သို့ပင်ဖြစ်စေ ဒီနေရာမှာနေတဲ့အပိုလူက သူသာဖြစ်ရမည်။
ဝမ်မင်ယီသည် မျက်လုံးများကို တိတ်တဆိတ်မှိတ်ထားလိုက်ပြီး အနည်းငယ်ဆုံးရှုံးလိုက်ရသလို ခံစားလာရမည်။
သူ့တွင် ဤဗီလာ၏သော့ရှိသည်။ သူက ဤနေရာတွင်ကြီးပြင်းခဲ့ပြီး အကန့်အသတ်မရှိ လွတ်လပ်စွာဝင်ရောက်ခွင့်ရှိခဲ့သည်။ ဤနေရာရှိ မျိုးရိုးမတူသူများကြားတွင် သူတစ်ဦးတည်းသာ ကိုယ်ပိုင်အိပ်ခန်းအမြဲတမ်းရှိမည့်လူဟု တွေးထင်ခဲ့သော်လည်း ယခုတွင်မူ အခြားမိန်းကလေးတစ်ဦးလည်းလာပြီဖြစ်သည်။
တစ်နေ့တွင် သူပိုင်သော ထိုအခွင့်ထူးများက သူ့တစ်ယောက်တည်းအတွက် ဖြစ်မည်မဟုတ်တော့ပေ။
စစ်ကျွင်းတောက်က အခြားသူများနှင့် အတူရှိနေလိမ့်မည်၊၊ သူတို့ကိုသော့ပေးထားပြီး လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ပေးလိမ့်မည်။ သူတို့နှင့် စကားပြောရင်း ရယ်မောကာ နူးညံ့သိမ်မွေ့စွာ ဆက်ဆံပေးလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် သူက လိုတာထက်မပိုသည့်လူတစ်ယောက်ဖြစ်လာလိမ့်မည်။
ဒီနေရာမှာ လူနှစ်ယောက်တည်းသာဆက်ရှိနေမှာဖြစ်ပြီး ထိုထဲမှတစ်ယောက်ကတော့ သူဖြစ်လိမ့်မည်မဟုတ်ချေ။
ဝမ်မင်ယီ သက်တောင့်သက်သာမဖြစ်တော့သလို ခံစားလိုက်ရပေမယ့် ဘဝဆိုတာ ဒီအတိုင်းပင်။ သူ၏အစ်ကိုအအရင်းမှာ လက်ထပ်သွားပြီဖြစ်ကာ သူ့အလုပ်နှင့်သူဖြစ်နေပြီး သူတို့ကတဖြည်းဖြည်းဝေးကွာလာကြသည်။
သူတို့နှစ်ယောက်ကရော?
ခရီးတစ်ဝက်လောက်မှာ တစ်ယောက်နှင့်တစ်ယောက် ရှိပေးနေကြပေမယ့် လက်တွဲဖော်အသစ်တွေ့တဲ့အခါမှာတော့ အသစ်တစ်ခုကို စတင်ဖို့ လမ်းခုလတ်မှာ လမ်းခွဲကြရလိမ့်မည်။
ဝမ်မင်ယီ သက်ပြင်းချလိုက်ပြီး သူ့နှလုံးသားထဲက စိတ်ဓာတ်ကျမှုကိုခံစားလာရသည်။ ရေနှစ်ထားတဲ့ဝါဂွမ်းလေးလို လေးလံပြီးလွမ်းမောစရာပင်။
ထိုညတွင် ဝမ်မင်ယီက စစ်ကျွင်းတောက်၏ အိပ်ရာပေါ်တွင် အိပ်ပျော်သွားကာ အချိန်အတော်ကြာပြီးနောက် ပြန်နိုးလာပြီး သူက စစ်ကျွင်းတောက်၏အခန်းတွင် အိပ်ရန်မလိုအပ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ပထမမှာ သူက ရုတ်တရက်ကြီး လိမ္မော်ရောင်ကြောင်လေးနှင့် ဟက်စကီးအဖြစ်ကို ပြောင်းသွားတာကြောင့် အဲဒီမှာပဲ အိပ်ခဲ့သည်။ သူဘာဖြစ်နေမှန်းကိုမသိတာကြောင့် အဲဒါက ပိုလုံခြုံသည်ဟုတွေးမိကာ စစ်ကျွင်းတောက်နှင့်အတူနေခဲ့ခြင်းပင်။
ယခုမူ သူက အဲဒီ့အကြောင်းကို အားလုံးသိထားပြီးဖြစ်တာကြောင့် စာရိုက်ရန်နှင့် ဆက်သွယ်ရန် ကီးဘုတ်လည်းရှိနေပြီဖြစ်ကာ စစ်ကျွင်းတောက်နှင့် ဆက်အိပ်နေမည့်အစား အမှန်တကယ် ပြန်သွားသင့်နေပြီဖြစ်သည်။
သူတကယ်ကို စစ်ကျွင်းတောက်အပေါ် အလွန်တရာမှီခိုနေမှုကြီးကို လျှော့ချသင့်သည်။
ဝမ်မင်ယီ တွေးလိုက်ပြီးနောက် သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။
........
စုန့်ရှုဟန် သူမ၏မျက်လုံးတွေကိုဖွင့်လိုက်ချိန်တွင် မြို့တော်Xကိုရောက်တော့မယ့်အကြောင်း ကြောငြာတာကို အိပ်ချင်မူးတူးဖြင့် ကြားလိုက်ရသည်။ ချက်ချင်းပင် သူမကနိုးကြားသွားပြီး သူမအိတ်ထဲကမှန်ကိုထုတ်ကာ ကြည့်လိုက်သည်။ ဘာမှဖြစ်မနေဘူးဆိုတာသေချာမှ သူမက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သိပ်မကြာခင်မှာပင် လေယာဉ်ဆိုက်ပြီဖြစ်ကာ သူမလည်း အခြားလူတွေလိုပင် သူမ၏ခရီးဆောင်အိတ်ကိုသွားယူခဲ့သည်။
သူမ၏အိတ်က တကယ့်ကိုပုံမှန်မဟုတ်ချေ။ ထိုကြီးမားသည့်ပန်းရောင်ခရီးဆောင်အိတ်က သူမစိတ်ကြိုက်မှာယူထားခြင်းပင်။ ထပ်ပေါင်းပြောရလျှင် သူမက ပန်းရောင်ကုတ်ကိုဝတ်ထားပြီး အဲတာက သူမကို ပန်းရောင်တိမ်တိုက်ကြီးတစ်ခု လမ်းလျှောက်နေတာနှင့်တူအောင် လုပ်နေခဲ့သည်။
သူမက ကျိစစ်ယောင်ကိုခေါ်ဖို့ သူမဖုန်းကိုထုတ်လိုက်သည်နှင့် ကျိစစ်ယောင်၏ဖုန်းနံပါတ်က မျက်နှာပြင်ထက်တွင် ပေါ်လာခဲ့သည်။
စုန့်ရှုဟန်က အလျင်အမြန်ကောက်ကိုင်လိုက်ပြီး သူမကိုပြောလိုက်သည်။
"အန်တီ၊ ကျွန်မရောက်ပြီ၊ ခရီးဆောင်အိတ်လည်းယူပြီးပြီ"
"ကောင်းတယ်၊ ထွက်ပေါက် T3မှာ အန်တီ မင်းကိုစောင့်နေမယ်၊ စိတ်မပူပါနဲ့၊ အေးဆေးလုပ်"
"အင်း၊ ကျေးဇူးပါ အန်တီ"
စုန့်ရှုဟန် ဖုန်းကိုချလိုက်သည်။ အမှတ်အသားကိုကြည့်ပြီးနောက် ပျော်ရွှင်စွာဖြင့် သူမ၏အိတ်ကိုသယ်ကာ လမ်းလျှောက်ထွက်သွားတော့သည်။
စစ်ကျွင်းတောက်က ကားထဲတွင်ထိုင်ပြီး ဝမ်မင်ယီနှင့် ဝီချက်မှနေ၍စာပို့နေသည်။ သူကအနည်းငယ် ပျင်းရိနေ၏။
ဝမ်မင်ယီကသူ့ကိုမေးသည်။
('ကော၊ ကောင်မလေးကိုခေါ်လာပြီလား')
စစ်ကျွင်းတောက်: '(ဟင့်အင်း')
ဝမ်မင်ယီက သူ့ကိုနှစ်သိမ့်ရုံသာလုပ်ပေးနိုင်သည်။
'(ရပါတယ် ၊ ခဏလောက်ပဲစောင့်၊ အလျင်လိုစရာမလိုဘူး')
စစ်ကျွင်းတောက်က တကယ်ကိုအလျင်မလိုချေ။ သို့ပေမယ့် အနည်းငယ် စိတ်ရှုပ်နေ၏။ စုန့်ရှုဟန် အလည်လာတာနှင့်ပတ်သက်ပြီး သူ့တစ်ကိုယ်လုံး 'ခုခံလိုစိတ်'တို့ဖြင့်သာ ပြည့်နေသည်။ အဲတာက သူ့မိဘတွေရဲ့သူငယ်ချင်းရဲ့ကလေးအလည်လာတာကို ငြင်းဆိုတာမဟုတ်ပဲ ထိုဧည့်သည်နှင့် ရင်းနှီးဖို့ကိုသာ ငြင်းပယ်တာဖြစ်သည်။ သူက ထိုသို့သောblind dateကို ငြင်းပယ်ချင်ရုံမျှသာ။
သူကယောက်ျားတွေကိုကြိုက်တယ်ဆိုတာ တကယ်ကိုသေချာသည်။ ပြီးနောက် ထိုသို့သော ချိန်းတွေ့ခြင်းကိုမလိုချင်တာကလည်း လုံးဝကိုရှင်းလင်း၏။
သူ့ရဲ့ ခိုင်မာတဲ့ သဘောထားကို မြင်တော့ ကျိစစ်ယောင်က နောက်ဆုံးမှာ အလျှော့ပေးခဲ့ရသည်။
"ဒါဆို အနည်းဆုံးတော့ သူမကိုလိုက်ကြိုပေး၊ မင်းငါ့အတွက်ကားမောင်းပေးရမယ် အဆင်ပြေတယ်မလား၊ ပြီးရင်သူမလျှောက်လည်ဖို့ကို ငါခေါ်သွားလိုက်မယ်၊ မင်းကစောင့်ကြည့်ရုံပဲ၊ သူမနောက်ကိုလိုက်စရာမလိုဘူး၊ ဒီလိုဆိုရတယ်မလား"
ယခုမူ ကျိစစ်ယောင်က အရာအားလုံးကိုပြောပြလာပြီး စစ်ကျွင်းတောက် သဘောတူရုံမျှသာရှိသည်။မွန်းတည့်ချိန်ကစပြီး သူမနှင့်လိုက်ပေးမယ့်သူကတော့ ကျိစစ်ယောင်ဖြစ်လိမ့်မည်။
ကျိစစ်ယောင်က စုန့်ရှုဟန်ကို အဝေးထဲကမြင်လိုက်သည်။ သူမက ကားတံခါးကိုဖွင့်ကာ ဆင်းပြိ်း သူမကို လက်ဝေ့ယမ်းပြလ်ုက်၏။
စုန့်ရှုဟန်ကလည်း သူမလက်ကိုအမြန်ပြန်ဝေ့ယမ်းပြလာပြီး အပြုံးတစ်ခုဖြင့် ပြေးလာခဲ့သည်။
ကျိစစ်ယောင်က စစ်ကျွင်းတောက်ကို နောက်ပြန်လှည့်ကြည့်လိုက်သည်။
"ခဏနေရင် ဟန်ဟန်ကားထဲရောက်တာနဲ့ မင်းပိုပြီး ကောင်းကောင်းမွန်မွန် ပြုမူရင်ကောင်းမယ်၊ သူကမင်းအမေရဲ့ဧည့်သည်ပဲ၊ ကောင်မလေးကို ငါတို့မိသားစုက ယဉ်ကျေးမှုမသိသလို ဧည့်ဝတ်မကျေဘူးဆိုတာမျိုး သူ့မိဘတွေကို ပြန်ပြောတာမျိုး မဖြစ်စေရဘူး၊ နားလည်လား"
"အင်း"
စစ်ကျွင်းတောက်က ထူးမခြားနားပင်ပြန်အဖြေပေးလာသည်။
စုန့်ရှုဟန်က ကားဆီကိုပြေးလာပြီး ကျိစစ်ယောင်ကို အပြုံးတစ်ခုဖြင့် နှုတ်ဆက်သည်။
"ဟယ်လိုအန်တီ၊ နောက်ဆုံးတွေ့ခဲ့ရတာ အတော်ကြာပြီနော်၊ အန်တီကတော့ အမြဲလှနေတော့တာပဲ"
ကျိစစ်ယောင် ပြုံးလိုက်သည်။
"မင်းကိုမတွေ့ရတာကြာနေတာတောင် မင်းကစကားပြောတာ ကောင်းနေတုန်းပဲ၊ အန်တီကြည့်ပါရစေ၊ မင်းကအရွယ်ရောက်လာတဲ့ကောက်မလေးဖြစ်နေပြီပဲ၊ အရမ်းလှတယ်"
စုန့်ရှုဟန်က ရှက်ပြုံးလေးပြုံးသည်။
ကျိစစ်ယောင်က သူမအတွက် ကားတံခါးကိုဖွင့်ပေး၏။
"ကားထဲဝင်"
စုန့်ရှုဟန်ကအဲထဝင်ထိုင်လိုက်သည်။ ပြီးနောက် သူမက မောင်းသူနေရာတွင်ထိုက်နေသူကို သတိပြုမိလိုက်၏။ သူမကနောက်ကြည့်မှန်မှနေ၍ ကြည့်လိုက်ပြီး တစ်ဖက်လူကို အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း ဘယ်မှာတွေ့ဖူးသည်ကိုတော့ မမှတ်မိတော့ချေ။
ဘာပဲဖြစ်ဖြစ် သူကအတော်လေး ကြည့်ကောင်းတာပဲ။
ကျိစစ်ယောင်က သူ့ဘေးတွင်ထိုင်ပြီး သူမကိုပြောသည်။
"ဒါကမင်းရဲ့ ကျွင်းတောက်ကောကောလေ၊ မင်းထက်နည်းနည်းကြီးတယ်၊ မင်းသူ့ကို ကောလို့ခေါ်လို့ရတယ်"
စုန့်ရှုဟန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ကောကော"
စစ်ကျွင်းတောက်က ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူမကိုပြောလိုက်သည်။
"ငါ့နာမည်ကိုပဲခေါ်ပါ၊ ကောလို့ခေါ်ဖို့မလိုအပ်ဘူး"
စာရေးသူမှာ ပြောစရာရှိတယ်
မင်မင် : မှန်တယ်၊ ငါပဲ သူ့ကိုအဲလိုခေါ်လို့ရတာ