အပိုင်း ၁၀၂၀
Viewers 53k

အခန်း ၁၀၂၀

ခွေးဘုရင် Vs. ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်ယင်းလုံ


" ကောင်လေးပုဖန် ပေါင်ပိုင်းကို ငါ့ဖို့ ချန်ထားပေးဦး ... အပြင်မှာ ပြဿနာလေးတွေ သွားရှင်းလိုက်ဦးမယ် ... ပြီးရင် ပြန်လာမယ် ..."


သူ၏ စကားလုံးများက ခွေးဘုရင်ကို မှင်တက်သွားစေသည်။


ပြဿနာအချို့ ဖြေရှင်းဖို့ သွားမယ်တဲ့လား ... ခွေးဘုရင်က ဘယ်လိုပြဿနာမျိုးကို သွားဖြေရှင်းရမှာလဲ ...


အဲ့တာတင် မကပဲ ဘဲပေါင်ကိုလည်း သူ့ဖို့ ချန်ထားခိုင်းသေးတယ် ...


သို့သော်လည်း ခွေးဘုရင်က ပုဖန်ကို မေးရန်အချိန်ပင် မပေးတော့ချေ။ သူ၏ ကြောင်ကဲ့သို့ခြေလှမ်းများကို သိမ်မွေ့စွာလှမ်း၍ အပြင်ထွက်သွားသည်။ ခဏတွင်းပင် တံခါးရှေ့မှ ပျောက်ကွယ်သွားသည်။ 


ခွေးဘုရင် ထွက်သွားသည်နှင့် ယင်ကျောင်း၏ မျက်လုံးများ အရောင်တောက်လာပြီး ခွေးဘုရင်၏ နေရာသို့ ရောက်လာသည်။ 


သူ့ကို ကြည့်ရသည်မှာ အလွန် စိတ်အားထက်သန်နေပုံရပြီး ပြောလိုက်သည်။


" ဘေဘီ မင်းရဲ့ဒါလင် ယင်ကျောင်းပြန်လာပြီ ... "


ထိုအချိန်၌ ‌ယို့ကျီး စိတ်ကောင်းဝင်နေသည်။ 


ပုဖန်၏ ဟင်းလျာများက နယ်သာရီ၏ကျိန်စာကို လျော့ပါးလာအောင် ပြုလုပ်ပေးနိုင်ကြောင်း အတည်ပြုပြီးသည့်နောက် သူမနှလုံးသားထဲမှ ကျောက်တုံးကြီးကို မလိုက်သကဲ့သို့ ခံစားရပြီး ကြီးစွာသော ဝန်ထုပ်ဝန်ပိုးတစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ပင်။


ယခု ကျိန်စာများကို လျော့ပါးလာအောင်ပြုလုပ်နိုင်သည့်အတွက် ၎င်းကိုဖယ်ရှားရန် နည်းလမ်းရှာချိန် အလုံအလောက်ရပြီဖြစ်သည်။ ၎င်း၏ မူလရင်းမြစ်ကို ရှာဖွေပြီး ဓားဖြင့် ခုတ်ပိုင်းပစ်ရမည်။ သို့မှသာ နယ်သာရီ ကျိန်စာ၏ ညှဉ်းပန်းနှိပ်စက်မှုမှ လွတ်မြောက်မည်ဖြစ်သည်။


ရုတ်တရက် ...


ကျင်းကျောင်း သူ၏ပါးစပ်ထဲတွင် အစားအစာများ ပြည့်သိပ်နေလျက် မျက်ခုံးများ ပင့်လိုက်သည်။


ဘဲကင်ကို အားရပါးရ စားသောက်နေသော လော့ကျီးလည်း နဖူးကို တွန့်ချိုးလိုက်မိသည်။


ယင်ကျောင်းနှင့် ယို့ကျီးတို့လည်း ထိတ်လန့်သွားကြသည်။ 


ကမ္ဘာမြေအကျဉ်းထောင်မှ အရှင်သခင်လေးဦးလုံး မျက်ခုံးများ ပင့်တင်လိုက်ကြသည်။ သူတို့၏ လက်များ နှေးကွေးသွားပြီး ခေါင်းကိုလှည့်၍ စားသောက်ဆိုင် အပြင်ဘက်သို့ ကြည့်လိုက်သည်။


ကြောက်မက်ဖွယ်ကောင်းသော်လည်း အကျွမ်းတဝင်ရှိနေသော အော်ရာများ ပျံ့နှံ့သွားပြီး နေရာတစ်ခုလုံး စိမ့်ဝင်သွားသည်။


ဤအော်ရာကို ရင်ဆိုင်ရသောအခါ အတွင်းထဲရှိ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားကြသည်။


" ဒီအော်ရာ ... အရှင်သခင် ယင်းလုံ ရောက်လာပြီ ..." 


ဘဲကင်ကို သူမပါးစပ်ထဲ ဖိသိပ်ထည့်လိုက်ပြီးနောက် လော့ကျီးပြောကာ နှုတ်ခမ်းစူလိုက်သည်။


ယို့ကျီးလည်း ခေါင်းငြိမ့်လိုက်သည်။ 


" အင်းဟုတ်တယ် ဒီအော်ရာက သခင်ယင်းလုံ ရောက်လာတာပဲ ..."


ယင်းလုံ ရောက်ရှိလာရန်ကို သူတို့ မမျှော်လင့်ထားကြသည် မဟုတ်ပေ။ ခွေးဘုရင် သူ၏မျက်ခေါင်းပေါက်တောင်ဝှေးကို ယူဆောင်သွားသည့်အတွက် ပြန်လာယူသည်မှာ သဘာဝပင်ဖြစ်သည်။


မျက်ခေါင်းပေါက်တောင်ဝှေးသည် ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်၏ လက်နက်ငါးမျိုးထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။ ကမ္ဘာမြေအကျဉ်းထောင်တွင် တရားမျှတမှုကို ထိန်းချုပ်ရန် အဆုံးမရှိသော စွမ်းအားကိုပိုင်ဆိုင်ထားသောကြောင့် အရှင်သခင်ယင်းလုံက အခြားလူ၏လက်ထဲ အပါခံမည် မဟုတ်ပေ။


ယို့ကျီး မတ်တပ်ရပ်ပြီး သူမ၏ ခြယ်လှယ်နိုင်စွမ်းသော ဓားပြားကြီးကို ပခုံးပေါ်တင်လိုက်သည်။ သူမ ကျင်းကျောင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။


" ငါတို့ အပြင်ထွက်ပြီးတော့ သွားစစ်ဆေးသင့်တယ် ထင်တယ် ... "


ထို့နောက် သူမ အပြင်သို့ ထွက်သွားသည်။


ယင်ကျောင်း သူမနောက်သို့ အလျင်အမြန် ပြေးလိုက်သွားသည်။


ဆန့်ကျင်ဘက်အနေဖြင့် ကျင်းကျောင်းနှင့် လော့ကျီးတို့ လိုက်မသွားကြပေ။ ဘဲကင်မှာ အလွန်အရသာ ရှိလှသဖြင့် မထားခဲ့ချင်ကြပေ။


ကျင်းကျောင်း ဖြူပြာပန်းကန်ကို မလိုက်ပြီး ဟင်းရည်ပျစ်ပျစ်ကို သောက်လိုက်သည်။ 


အဝိုင်းပုံသဏ္ဍာန်လှီးဖြတ်ထားသော ဝိညာဉ်ဆေးဖက်ဝင်အပင်များသည် ဝါးလိုက်သည့်အချိန်တွင် ကြွပ်ရွသော မုန်လာဥကဲ့သို့ အက်ကွဲသွားသည်။


" အင်း ... မဆိုးပါဘူး ..."


ကျင်းကျောင်း ချီးကျူးလိုက်သည်။ ထို့နောက် သူ၏ဧရာမ ခန္ဓာကိုယ်ကြီးဖြင့်အပြင်သို့လျင်မြန်စွာထွက်သွားသည်။ 


အချိန်ခဏအတွင်း ကမ္ဘာမြေအကျဉ်းထောင်၏ အရှင်သခင်လေးဦးလုံး ပျောက်ကွယ်သွားသည်။ 


...


ဆံပင်ဖြူနှင့် ခါးကုန်းနေသာ အဘိုးအိုတစ်ဦး ကောင်းကင်တွင် လမ်းလျှောက်နေပြီး စားသောက်ဆိုင်နားသို့ ချဉ်းကပ်လာသည်။


ဟင်းလင်းပြင်မှာ ဆုတ်ပြဲခြင်း အက်ကွဲခြင်း မရှိခဲ့ပေ။ လေထဲတွင် အေးအေးဆေးဆေး လက်နောက်ပစ်လျက် လမ်းလျှောက်နေပြီး သူ၏ရှည်လျားသော အပြာရောင်ဝတ်ရုံကြီးသည် လေထဲလွင့်နေသည်။


သူ၏ မျက်လုံးများမှာ မှုန်မှိုင်းနေပြီး စိတ်ဝိညာဉ်မှာ တောက်ပခြင်း မရှိပေ။ 


သို့သော် သူ၏အရှိန်မှာ အလွန်မြန်သည်။ခြေတစ်လှမ်းနှင့်ပင် မိုင်ပေါင်းထောင်ချီ ဖြတ်သန်းသွားနိုင်သည့်ပုံ ပေါ်သည်။


အချိန်ခဏလေးအတွင်းမှာပင် မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးရှေ့သို့ ရောက်လာသည်။


ကျွိ ...


စားသောက်ဆိုင်တံခါးများ ပွင့်လာသည်။


ခွေးဘုရင် စားသောက်ဆိုင်ထဲမှ သိမ်မွေ့စွာ ထွက်လာသည်။ အပေါက်ဝတွင် မတ်တပ်ရပ်ပြီး ခေါင်းမော့ကာ ကောင်းကင်ပေါ်မှ အုပ်မိုးထားသည့် အဘိုးအိုကြီးကို ကြည့်လိုက်သည်။ 


ခွေးဘုရင်၏ ပါးစပ်မှ တစ်ခုခု ရေရွတ်လိုက်သကဲ့သို့ လှုပ်ခါသွားသည်။


ခွေးဘုရင် စတင်ရွေ့လျားလာပြီး လေပေါ်သို့တက်လာသည်။ သိပ်မကြာခင်မှာပင် အဘိုးအို၏ရှေ့သို့ ရောက်လာသည်။


" ကမ္ဘာမြေအကျဉ်းထောင်ကခွေး မတွေ့ရတာကြာပြီနော် ..."


ခါးကုန်းနေသောအဘိုးအို အေးအေးဆေးဆေးပင် ပြောလိုက်ပြီး သူ၏အသံမှာ အက်ကွဲနေသည်။


ခွေးဘုရင် မျက်ဆံလှန်လိုက်သည်။


" သောက်ကျင့်မကောင်းတဲ့ နဂါး ..."


သူ၏အမွှေးများက ပေါက်ကွဲတော့မည့်ပုံပေါက်နေသည့် သခင်ခွေးကိုကြည့်လျက် အဘိုးအို၏ ရှုံ့တွနေသော မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။


" ငါ့ရဲ့ မျက်ခေါင်းပေါက်တောင်ဝှေးကို ပြန်ပေးစမ်း ... ဒီနေရာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဖြစ်နေလို့ ငါပြဿနာ မဖြစ်ချင်ဘူး ..." 


အဘိုးအို သူ၏ခေါင်းကို‌ မော့လိုက်သည်။ ချက်ချင်းပင် ကမ္ဘာကြီးတစ်ခုလုံး အမှောင်ဖုံးသွားသည်ဟု ထင်ရသည်။


သူ၏ မျက်လုံး ရွှေရောင်သို့ ပြောင်းသွားပြီး မျက်ဆံများမှာလည်း ဓားတစ်လက်ကဲ့သို့ စူးရှလာသည်။


ခွေးဘုရင် သမ်းဝေလိုက်ပြီး အဘိုးအိုကို လှည့်ပင်မကြည့်ချေ။ 


" ငါ့ကိုခြောက်လှန့်ချင်နေတာလား ... ခွေးဘုရင်ကို မျက်ဆံလှန် ကြည့်ရဲတယ်ပေါ့ ... ငါ မင်းရဲ့ မျက်ခေါင်းပေါက်တောင်ဝှေးကို ယူထားလို့ ငါ့ကို ကောင်းကောင်းမဆက်ဆံတာလား ..."


ခွေးဘုရင် လက်ဖဝါးများကို ဆန့်တန်းပြီး ခြေချောင်းများကို အသာအယာ ပုတ်လိုက်သည်။ 


အောက်ဘက်တွင် စားသောက်ဆိုင်တံခါးများမှာ တစ်ကြိမ်ထပ်မံ တွန်းဖွင့်ခံလိုက်ရသည်။


ကျင်းကျောင်းနှင့် အခြားလူများ ပေါ်လာကြသည်။ ကောင်းကင်ပေါ်တွင် အုပ်မိုးနေသော အဘိုးအိုနှင့် ခွေးတစ်ကောင်ကိုကြည့်၍ လေအေးများ ရှုရှိုက်လိုက်ရသည်။


ယင်းလုံ၏အကြည့်များက အောက်ဘက်ရှိ ကမ္ဘာမြေအကျဉ်းထောင်မှ အရှင်သခင်လေးဦးဆီသို့ ရောက်သွားသည်။


" မင်းတို့ ကောင်းကောင်း စားသောက်နေကြတာပဲ ..."


ယင်းလုံ၏ အသက်ကြီးရင့်နေသောအသံ ထွက်ပေါ်လာပြီး ရှုံ့မဲ့နေသော သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။


ကျင်းကျောင်း သူ၏ပါးစပ်ထဲမှ အစားအသောက်များကို အမြန်မျိုချလိုက်သည်။ ထို့နောက် ခါးကိုမတ်လိုက်ပြီး အသံပင် မထွက်ရဲတော့ပေ။


ယင်းလုံ၏ အကြည့်များက ခွေးဘုရင်ထံသို့ ပြန်ရောက်လာသည်။


" ဝဲစားခွေး ငါ့ရဲ့ မျက်ခေါင်းပေါက်တောင်ဝှေးကို ထိန်းချုပ်လို့မရတာနဲ့ပဲ အပြစ်မတင်နဲ့ ငါ့ကိုပြန်ပေး ..."


ခွေးဘုရင် ပါးစပ်ဟလိုက်သည်။


" အရမ်း ဆရာလုပ်တာပဲ ..."


သို့သော် သူ၏စကားမဆုံးမီ ယင်းလုံ လှုပ်ရှားလာသည်။


ခဏတွင်းချင်း သူ၏ပုံရိပ် ခွေးဘုရင်ရှေ့၌ ပေါ်လာသည်။ ခြောက်သွေးနေသော သစ်ကိုင်းခြောက်များနှင့်တူသည့် သူ၏လက်က ခွေးဘုရင်ဆီသို့ ချိန်ရွယ်ထားသည်။


ဝုန်း ဝုန်း ...


ဟင်းလင်းပြင် ရုတ်တရက် တုန်ခါသွားပြီး ထိုအချိန်၌ ပြင်းထန်စွာ လှုပ်ခါနေသည်။


သို့သော် ခွေးဘုရင် ပျောက်သွားသည်။ သူ၏နေရာတွက် ယင်းလုံ၏လက်ကသာ ‌လေဟာပြင်ကို ရိုက်မိသွားသည်။


" သောက်ကျင့်မကောင်းတဲ့ နဂါး ... ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့ ..."


ခွေးဘုရင် အော်ဟစ်လိုက်ပြီး ခဏအကြာ သူ၏လက်ဖဝါး ရောက်လာသည်။ 


အုန်း ...


ယင်းလုံ တိုက်ရိုက် တိုက်ခိုက်ခံလိုက်ရပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ 


ခွေးဘုရင်လည်း အမြင့်သို့ခုန်ပြီး သူ၏နောက်မှ လိုက်လာသည်။


ဟင်းလင်းပြင်ထဲတွင် လူတစ်ယောက်နှင့် ခွေးတစ်ကောင် တိုက်ခိုက်နေကြသည်။


အောက်ဘက်တွင် ...


ကျင်းကျောင်းနှင့် အခြားလူများ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။ 


" ယို့ကျီး မင်းက ဒီမှာ အသန်မာဆုံးပဲ ... ခွေးဘုရင်နဲ့ အရှင်သခင်ယင်းလုံဆိုရင် ဘယ်သူက ပိုသန်မာလဲ ပြောနိုင်လား ..." 


ကျင်းကျောင်း သူ၏ပါးစပ်ကိုသုတ်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


လော့ကျီး ကျင်းကျောင်းကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ 


" သေချာပေါက် ငါ့ရဲ့အိုင်ဒေါက ပိုသန်မာတာပေါ့ ... ယင်းလုံက မသေမျိုး သောက်ရူးလေ ..."


ယင်ကျောင်း ခေါင်းငြိမ့်ပြီး လော့ကျီးကို ကြည့်လိုက်သည်။


" ငါ့ရဲ့ဘေဘီက အမြဲမှန်တယ် ..." 


ထို သုံးဦးကိုကြည့်ပြီး ယို့ကျီး ဘာပြောရမည်မသိပဲ ဆွံ့အသွားသည်။ ထို့နောက် ခေါင်းမော့၍ ကောင်းကင်ပေါ်သို့ ကြည့်လိုက်သည်။ 


ခွေးဘုရင်နှင့် ယင်းလုံတို့ တိုက်ခိုက်နေသည့်နေရာကို မြင်နိုင်ရန် တိမ်လွှာများကို စူးစူးစိုက်စိုက်ကြည့်လျက် သူမ၏မျက်လုံးများက တောက်ပနေသည်။


" အရှင်သခင်ယင်းလုံက ကမ္ဘာမြေအကျဉ်းထောင်မှာ နေပြီး ကမ္ဘာမြေအကျဉ်းထောင် အရင်းအမြစ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ထိန်းချုပ်ထားတယ် ... ကမ္ဘာမြေအကျဉ်းထောင် အရင်းအမြစ်နဲ့ ကျင့်ကြံတယ်ဆိုတည်းက သူ့ရဲ့ကျင့်ကြံမှုက ခွေးဘုရင်ထက် အားမနည်းနိုင်ဘူး ... ခွေးဘုရင်ကကျတော့ ကမ္ဘာမြေအကျဉ်းထောင်ကနေ မကြာခဏထွက်သွားနေကျ အဲ့တော့ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်နိုင်ဘူး ... အရင်ကလည်း သူ ဒဏ်ရာအပြင်းအထန် ရဖူးတယ် ..." 


ယို့ကျီး ပြောလိုက်သည်။


" ဒါဆိုရင် ခွေးဘုရင်က အရှင်ယင်းလုံကို မချေမှုန်းနိုင်ဘူးလို့ ဆိုလိုတာလား ..." 


ကျင်းကျောင်း မေးလိုက်သည်။


ယို့ကျီး၏မျက်နှာ ပြောင်းလဲသွားပြီး နောက်ဆုံး သူမခေါင်းငြိမ့်ပြလိုက်သည်။


" အင်း အရှင်ယင်းလုံက နည်းနည်းပို သန်မာတယ် ..."


ဝုန်း ...


သူမ ပြောလိုက်သည့် အချိန်မှာပင် ဟင်းလင်းပြင် ရုတ်ရက် တုန်ခါသွားသည်။


သိပ်မကြာခင်မှာပင် ကောင်းကင်မှ အရိပ်တစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ် သို့ ရက်စက်စွာ ကျဆင်းလာခဲ့သည်။ ထို့ကြောင့် မြေပြင်ကို ပေါက်ကွဲပြီး ကွဲအက်သွားစေခဲ့သည်။


ကြောက်စရာအကောင်းဆုံးအရာ ဖြစ်ပျက်ခဲ့ပြီး လေထုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။


စားသောက်ဆိုင်ရှေ့တွင် ရပ်နေကြသူ လေးယောက် အံ့ဩလွန်း၍ စကားမပြောနိုင်ကြပေ။


ခဏအကြာတွင် ကျင်းကျောင်း မျက်တောင်များခတ်လိုက်သည်။


" ငါသာ မမှားဘူးဆိုရင် အခုပြုတ်ကျလာတာ အရှင်ယင်းလုံပဲ ... စက္ကန့်ပေါင်းများစွာပဲ ကြာလိုက်တယ် ..."


ဟင်းလင်းပြင်ထဲတွင် ခွေးဘုရင် သူ၏ ကြောင်ကဲ့သို့ ခြေဖဝါးများဖြင့် လေထုကို နင်းထားသည်။ လက်ဖဝါးကိုမြှောက်၍ ခေါင်းကိုလှည့်လိုက်ပြီး အောက်ဘက်ရှိလူကို မာနကြီးစွာ ကြည့်နေသည်။ 


ဂျုန်း ဂျုန်း ...


ကျောက်ခဲများ လိမ့်ကျလာသည်။


ယင်းလုံ အပေါက်ထဲမှ တွားသွားထွက်လာပြီး ခဏခန့် ချောင်းဆိုးနေသည်။ ခေါင်းမော့၍ ခွေးဘုရင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


" ဒီခွေးနက်ကတော့ ... ငါမင်းကိုမတွေ့ရတာ နှစ်ပေါင်းများစွာ ကြာသွားတာနဲ့ပဲ မင်းရဲ့စွမ်းအားတွေက တိုးလာတယ် ကြည့်ရတာ သေချာပြန်ကောင်းသွားတဲ့ပုံပဲ ..." 


ခွေးဘုရင်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ စကားတစ်ခွန်းမှ မပြောပဲနှင့် သူ၏ ပြောင်မြောက်လှသော လက်ဖဝါးဖြင့် ထပ်မံပုတ်လိုက်သည်။


ယင်းလုံကို အနက်ရောင်ငရဲစွမ်းအင်ဖြင့် ပွတ်တိုက်လိုက်ရာ ဟင်းလင်းပြင် နောက်တစ်ကြိမ် တုန်ခါသွားသည်။


စားသောက်ဆိုင်ရှေ့တွင် ရပ်ကာ လေးယောက်လုံး၏ စိတ်များ တုန်လှုပ်သွားကြသည်။ ကြောက်စရာကောင်းသည့် ဖိအားနှင့် စွမ်းအင်များကို သူတို့ ခံစားခဲ့ရသည်။


" ဝိုး သူက တကယ့်ကို လော့ကျီးရဲ့ အိုင်ဒေါပဲ ..."


လော့ကျီး အလွန်စိတ်လှုပ်ရှားနေသည်။ သူမ၏ နှုတ်ခမ်းပါးများကို ကိုက်၍ လက်သီးဆုပ်ပြီး စူးရှစွာ အော်ဟစ်နေသည်။


ယို့ကျီး၏ မျက်လုံးများမှာ တိုက်ခိုက်လိုမှု့များနှင့် ပြည့်နှက်နေသည်။ ခွေးဘုရင်သည် သူမ၏ရည်မှန်းချက်ဖြစ်သည်။ တစ်နေ့တွင် သူမလည်း ခွေးဘုရင်ကဲ့သို့ သန်မာလာရမည်။


ထိုမှသာ သူမ နယ်သာရီ၏ ကျိန်စာဇာစ်မြစ်ကိုရှာဖွေပြီး ဖျက်ဆီးနိုင်မည်။


အမှန်တွင် ယို့ကျီးသေချာနေသည်မှာ တစ်ခုရှိသည်။ နယ်သာရီ၏ ကျိန်စာမှာ ငရဲအကျဉ်းထောင်မှ လာသည်မှာ ကျိန်းသေသည်။


ငရဲကမ္ဘာ၏ အကျဉ်းထောင်သုံးခုတွင် ငရဲအကျဉ်းထောင်မှာ လျှို့ဝှက်အဆန်းကြယ်ဆုံး ဖြစ်သည်။


သူမနှင့် နယ်သာရီကို ယခင်ငရဲဘုရင်က ငရဲအကျဉ်းထောင်မှ ခေါ်ထုတ်လာခဲ့သည်။ အကယ်၍ နယ်သာရီ၏ ကျိန်စာဇစ်မြစ်ကို သိလိုပါက ထိုနေရာမှ အ၏ပြုရမည်ဖြစ်သည်။


ငရဲအကျဉ်းထောင်၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းသည်။ ခွေးဘုရင်ကဲ့သို့ သန်မာသောအင်အားမရှိပါက ထိုနေရာသို့ သွားခြင်းမှာ သေလမ်းရှာသကဲ့သို့ပင်။ 


နယ်သာရီ၏ကျိန်စာနှင့် ယခင်ငရဲဘုရင် သေဆုံးရခြင်းမှာ ငရဲအကျဉ်းထောင်နှင့် ဆက်နွယ်နေသည်။


ဝုန်း ...


ခွေးဘုရင်၏ လက်ဖဝါးနှင့် ပုတ်လိုက်ချိန်တွင် နြေပြင်ပေါက်ကွဲသွားပြီး ပြင်းထန်သည့်တုန်ခါမှုများ အဆက်မပြတ် ထွက်ပေါ်လာသည်။ 


စားသောက်ဆိုင်အတွင်းမှ ပုဖန် အင်္ကျီလက်များကို ဖြန့်ပြီး အပြင်ထွက်လာသည်။ ခွေးဘုရင်၏ တိုက်ပွဲများကို သူအမြဲတမ်း စိတ်ဝင်စားလေ့ရှိသည်။


ကိုယ်လုံးတီး နယ်ပယ်သခင်တိထိုက်သည်လည်း တံခါးဝတွင်မှီကာ ဘဲကင်ကို စားနေသည်။ သူသည်လည်း ထိုတိုက်ပွဲကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ 


နယ်သာရီ ပုဖန်၏နောက်မှ တိတ်ဆိတ်စွာ လိုက်လာပြီး အပြင်ကိုကြည့်နေသည်။


ထိုအချိန်တွင် ခွေးဘုရင်၏ ပြောင်မြောင်သော လက်ဖဝါးများက ကြောက်မက်ဖွယ်ကောင်းသည့် လေဆင်နှာမောင်းများကို ဖန်တီးခဲ့သည်။ 


မသေမျိုးမြို့တော်တစ်ခုလုံး ကြောက်လန့်မှုကြောင့် တုန်ခါနေသည်။ 


ရုတ်တရက် ...


နားကွဲမတတ် နဂါးဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။


မြေပြင်ပေါ်မှ ဖုန်မှုန့်များ ပြန့်ကျဲသွားပြီး ခွေးလက်ဖဝါးပေါ်မှ ငရဲစွမ်းအင်များလည်း ပျက်ပြယ်သွားသည်။


ဖုန်တိမ်တိုက်များကြားတွင် ကြီးမား၍ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီး ထွက်ပေါ်လာသည်။


ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးဖြစ်သည်။


နောက်ကျောရှိ အတောင်ပံများကို တစ်ကြိမ်ခတ်လိုက်သောအခါ အရိုးများ ငေါထွက်နေသည်ကို မြင်နေရသည်။


နဂါး၏ ခန္ဓာကိုယ်ကို‌ နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေသည့် ကြေးခွံအမည်းများဖြင့် ဖုံးအုပ်ထားသည်။ သူ၏လည်ပင်းကိုဆန့်၍ ပါးစပ်ကိုဟပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။


ပါးစပ်တွင် ဘလိတ်ဓားကဲ့သို့ ထက်သည့် သွားများမှ အနက်ရောင်မီးတောက်များ ဖြာထွက်နေသည်။ 


ပြင်းထန်ပြီး အစွမ်းထက်သည့် ခြေလက်များက မြေပြင်ကို ပေါက်ကွဲနေသကဲ့သို့အားဖြင့် ဖိနင်းနေသည်။


" ဝဲစားခွေး ... ငါ့ရဲ့ မျက်ခေါင်းပေါက်တောင်ဝှေးပြန်ပေး ..."


နဂါးကြီးက ဟိန်းဟောက်လိုက်သည်။ ထို့နောက် အတောင်ပံ တဖျပ်ဖျပ်ခတ်ကာ ယင်းလုံ၏ ဧရာမခန္ဓာကိုယ်ကြီး လေထဲသို့ ပျံတက်သွားသည်။


နဂါး၏မီးတောက်များက ခွေးဘုရင်ဆီသို့ ပစ်လွှတ်နေပြီး လမ်းတစ်လျှောက်ရှိ အရာဝတ္ထုများကို လောင်ကျွမ်းသွားသည်။


နဂါးတစ်ကောင်နှင့် ခွေးတစ်ကောင် ကောင်းကင်ယံ တိုက်ခိုက်နေကြသည်။


ကောင်းကင်ကြီး မှောင်လာပြီး မိုးခြိမ်းသံ တစ်ဟုန်းဟုန်းနှင့် လျှပ်စီးများ ထပ်ခါထပ်ခါ လင်းလက်လာသည်။


လူတော်တော်များများက တိုက်ပွဲကို စောင့်ကြည့်နေကြသည်။


" အရှင်ယင်းလုံ သူ့ပုံစံအမှန်ကို အသွင်ပြောင်းသွားပြီ သူအခုတကယ် ဒေါသထွက်နေပြီ ..."


ကျင်းကျောင်း ကြောက်လန့်သွားသည်။ 


သူတို့သည် ကမ္ဘာမြေအကျဉ်းထောင် အရှင်သခင်များ ဖြစ်ကြသော်လည်း အရှင်ယင်းလုံ၏ ပုံစံအမှန်ကို မြင်ရခဲကြသည်။


ယင်းလုံ သူ၏ ပုံစံအမှန်ကို အသုံးပြုခြင်းသည် စွမ်းအားအကုန်လုံးကို အသုံးပြုနေပြီဟု ဆိုလိုခြင်းဖြစ်သည်။


" တရားမျှတမှုကို အုပ်စိုးတဲ့ ကမ္ဘာမြေအကျဉ်းထောင်က အသန်မားဆုံး အရှင်သခင် ယင်းလုံ ... ကျွတ် ကျွတ် ကျွတ် ... အဲ့ဒီ ဝဲစားခွေးနဲ့ ထိပ်တိုက်ရင်ဆိုင်မိတာ ဆိုးတာပဲ ... အဲ့ခွေးက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ကောင်းကင်ဘုံ လမ်းကြီးကိုတောင် ကိုက်စားထားတာ ... သူက အသန်မာဆုံး အရှင်သခင် ဖြစ်နေရင်တောင်မှ ဒီခက်ခဲမှုကြီးကို တောင့်ခံရဦးမယ် ..." 


နယ်ပယ်သခင်တိထိုက် ဘဲကင်တစ်ခုလုံးကို ပါးစပ်ထဲသို့ ထည့်ကာဝါးလျက် ပြုံးနေသည်။


ပုဖန် နယ်ပယ်သခင်ဘက်သို့ လှည့်လိုက်သည်။


" ခွေးဘုရင် နိုင်မယ်လို့ ဆိုလိုတာလား ..." 


" သေချာတာပေါ့ အဲ့ခွေးက ငါနဲ့တောင် လက်ရည်တူ တိုက်ခိုက်နိုင်တယ် ..." 


နယ်ပယ်သခင်တိထိုက် ခါးထောက်၍ ရင်ဘတ်ကိုကော့ပြီး ‌အထက်စီးဆန်စွာ ပြောလိုက်သည်။


ပုဖန် နယ်ပယ်သခင်ကို စိတ်မပါသကဲ့သို့ ကြည့်လိုက်သည်။


သူမမှားဘူးဆိုရင် ဒီအဝတ်မဲ့အရူးရဲ့ တစ်ကိုယ်လုံးက ပွန်းပဲ့ ဒဏ်ရာတွေ အကုန်လုံးက ခွေးဘုရင်နဲ့တိုက်ပြီး ရလာတာတွေလေ ...


ပုဖန်၏ အကြည့်ကြောင့် နယ်ပယ်သခင်တိထိုက် သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ ကြက်သီးထလာသလိုပင် ခံစားလိုက်ရသည်။


သူ၏ အနုပညာရှင်ဆန်သော ပုံစံကိုပြောင်းလဲ၍ ပုဖန်ကို ကြည့်ကာ ပြောလိုက်သည်။


" စားဖိုမှူးလေး ငါတို့ ဒါကို မပြော‌သင့်သေးဘူး ငါ့အလုပ်သင် လုပ်ဖို့အကြောင်းလေး ပြောရအောင် ...ဘယ်လိုသဘောရလဲ မင်းမှာ ထူးချွန်တဲ့ မွေးရာပါ အရည်အချင်းတွေ ရှိတယ် ငါ့ရဲ့ လေ့ကျင့်ပေးမှုတွေနဲ့ဆိုရင် မင်းမှာ ချီလင်စားဖိုမှူးဖြစ်ဖို့ အခွင့်အရေးရှိတယ် ..."


" အလုပ်သင် ... လေ့ကျင့်မှု ..."


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 


နယ်ပယ်သခင်တိထိုက်ကို ပုဖန် စောင်းငဲ့ကြည့်ပြီး ထပ်မံပြောလိုက်သည်။


" စိတ်မဝင်စားဘူး ..."


နယ်ပယ်သခင်တိထိုကိ အံ့အားသင့်သွားသည်။


ထိုအချိန်မှာပင် ဟင်းလင်းပြင်တွင် ပြင်းထန်စွာ ပေါက်ကွဲနေသည်။


ခဏအကြာတွင် ...


ခွေးနက်ကြီးသည် နဂါးယင်းလုံ၏ ဦးခေါင်းကိုကိုင်၍ ကောင်းကင်မှ လျင်မြန်စွာ ခုန်ဆင်းလာသည်။


ဝုန်း ...


အားလုံး ထိတ်လန့်သွားပြီး ကြောက်ရွံ့ကုန်ကြသည်။