အပိုင်း ၁၀၂၁
Viewers 62k

အခန်း ၁၀၂၁

နဂါးအစစ်၏ အသား


ထိုနေရာ၌ ရှိနေသူအားလုံး လန့်သွားကြသည်။


တစ်မြို့လုံးလည်း ထိတ်လန့်သွားကြသည်။


ထိုမြင်ကွင်းမှာ မသေမျိုးမြို့တော် တစ်ခုလုံးကို ရိုက်ခတ်သွားစေသည်။


ထိုအချိန်တွင် ဩဇာကြီးမိသားစုများသည်လည်း တိုက်ပွဲ၏ ဆွဲဆောင်ခြင်းခံရပြီး အဝေးမှ ကြည့်နေကြသည်။ အားလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်နေသော အကြည့်များကို မြင်နေရသည်။ 


ခွေးဘုရင်၏ ခွန်အားကို မြင်လိုက်ရသဖြင့် ထုံဝူတီနှင့် အခြားသော သြဇာကြီး မိသားစုခေါင်းဆောင်များ၏ စိတ်များ တုန်လှုပ်သွားကြသည်။


ထိုခွေး ယခင်က ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။ ကံကောင်းသည်မှာ သူတို့ ထိုခွေးကို မဆန့်ကျင်မိ၍ ဖြစ်သည်။ မဟုတ်ပါက သေသွားသည်ဟူသော ဇာတ်ကောင်ကိုပင် မည်သို့ရေးရမည်မသိ ဖြစ်သွားလိမ့်မည်။


ဒီခွေးနက်ကြီးက အရမ်းအင်အားကြီးလွန်းတယ် ...


ထုံဝူတီ၏ မျက်လုံးများ မှုန်မှိုင်းလာပြီး သူ၏မျက်လုံးများထဲတွင် ကြောက်လန့်သောအကြည့်များ ပေါ်လာသည်။


" ငါတို့ အဲ့ဒီသေမျိုးကို စောစောမတိုက်ခိုက်မိတာ ပညာရှိဆုံးဖြတ်ချက် ချမိတာပဲ ... ဒါပေမဲ့ ခုချိန်ထိ အားလုံးက အစီအစဉ်အတိုင်း ဆက်သွားရမှာ ..."


ထုံဝူတီ သူ၏ဘေးနားရှိ မိသားစုခေါင်းဆောင်များကို ပြောလိုက်သည်။


မြို့တော်သခင်၏ လူများက လူအုပ်ကြီးအား သီးခြားခွဲထားသောကြောင့် ဤအနှောက်အယှက်သည် ကြီးမားသော ရုန်းရင်းဆန်ခတ်မှု မဖြစ်စေခဲ့ပေ။


ထို့ကြောင့် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို အတိအကျ မသိကြပေ။


သူတို့ မြင်လိုက်သည်မှာ ကြီးမားသော နဂါးကြီးကို ခွေးနက်ကြီးတစ်ကောင်မှ ချေမှုန်းလိုက်ခြင်းပင်။ သူတို့ အမှန်တကယ် ထိတ်လန့်သွားပြီး အနည်းငယ် မှင်တက်သွားသလိုပင် ခံစားလိုက်ရသည်။


နောက်ဆုံးတွင် မြို့တော်သခင်၏ အစောင့်များ အမိန့်အောက်၌ လူအုပ်ကြီးပြန့်ကျဲသွားသည်။ 


ကြည့်ရတာ တိုက်ပွဲပြီးသွားပြီ ထင်တယ် ...


စားသောက်ဆိုင်ငယ်လေး‌ထဲတွင် လူအားလုံးစောင့်ဆိုင်းနေကြပြီး အဝေးမှ မီးခိုးများထွက်နေသော အပျက်အစီးများကို ကြည့်နေကြသည်။


ထိုအပျက်အစီးပုံထဲမှ ခွေးဘုရင်ထွက်လာသည်။ သိမ်မွေ့စွာ လမ်းလျှောက်ပြီး အမြှီးများကို လှုပ်ယမ်းနေသည်ကို ကြည့်ခြင်းဖြင့် ခွေးဘုရင်၏ စိတ်ထဲတွင် ပျော်ရွှင်နေကြောင်း ပြသနေသည်။


အပေါက်ထဲမှ တုန်ယင်နေသော ပုံရိပ်တစ်ခု ထွက်လာသည်။ 


ယင်းလုံ လူပုံစံသို့ ပြန်ပြောင်းသွားပြီ ဖြစ်သည်။ သို့သော် မူလက တည်ငြိမ်နေသော သူ၏အကြည့်များကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။


သူ၏မျက်နှာတွင် သွေးများထွက်ကာ ဖူးယောင်နေပြီး ခန္ဓာကိုယ်ရှိ အစိမ်းရောင်ဝတ်ရုံမှာလည်း အပိုင်းပိုင်းပြတ်နေသည်။


သို့သော် သူ၏လက်ထဲတွင် မည်းနက်နေသော တောင်ဝှေးတစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းမှာ မျက်ခေါင်းပေါက်တောင်ဝှေးဖြစ်သည်။


ယင်းလုံ အပြင်းအထန် ဒဏ်ရာရနေသော်လည်း ခွေးဘုရင်ဆီမှ သူ၏တောင်ဝှေးကို ပြန်ယူရန် သတိရခဲ့သေးသည်။ 


တောင်ဝှေးကိုမှီ၍ ညိုးငယ်နေသော အမူအရာဖြစ်နေပြီး နှာခေါင်းမှ သွေးများစီးကျနေသည်။ 


အမှန်တကယ်တွင် သူ ပြန်လည်တိုက်ခိုက်ချင်သော်လည်း ခွေးဘုရင်၏ ခွန်အားနှင့် ကျင့်ကြံခြင်းများကို တွေးတောမိ၍ ပြန်စဉ်းစားပြီး မတိုက်ခိုက်တော့ပေ။


ထိုခွေးနက်သည် သူ၏ ပြင်းထန်သော ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီး ယခုအခါ သူ၏ခွန်အားများလည်း တိုးပွားလာသည်။


အကယ်၍ ထိုဝဲစားခွေးနှင့် ဆက်လက်တိုက်ခိုက်နေပါက သူ၏အချိန်များ ဖြုန်းနေသကဲ့သို့ ဖြစ်နေလိမ့်မည်။ ထို့အပြင် ထိုခွေး သူ၏ခွန်အားများကို အကုန်မသုံးရသေးပေ။


သူ၏ ပုံစံအမှန်ကိုလည်း အသုံးမပြုရသေးပေ။


" အရှင်ယင်းလုံ အဆင်ပြေရဲ့လား ..."


တစ်ကိုယ်လုံး တုန်ယင်နေပြီး မျက်ခေါင်းပေါက်တောင်ဝှေးကို မှီထားရသော ယင်းလုံကို ကျင်းကျောင်းမေးလိုက်သည်။


" ဘာလို့ ငါ့မှာ မကောင်းတဲ့ကိစ္စတွေ ဖြစ်ရမှာလဲ ... ဒါကဒဏ်ရာသေးသေးလေးပါ ပြောနေစရာတောင် မလိုဘူး ..."


ယင်းလုံ သူ၏ သွေးထွက်နေသော နှာခေါင်းကို သုတ်လိုက်သည်။ သူ၏ ရွံ့တွနေသော မျက်နှာတွင် ဘာမှမထူးဆန်းသည့်အကြည့်ဖြင့် ကျင်းကျောင်းကို ကြည့်လိုက်သည်။


" ဒါပေမဲ့ မင်းတို့တွေ ... မင်းတို့ ဗိုက်ဝအောင် စားပြီးပြီမဟုတ်လား ... ကမ္ဘာမြေအကျဉ်းထောင်ကို ပြန်သွားသင့်နေပြီ အရှင်သခင်တွေ အနေနဲ့ မင်းတို့ ဖြေရှင်းရမယ့် ကိစ္စတွေက စောင့်ဆိုင်းနေတယ် ..." 


ယင်းလုံ ပြောလိုက်သည်။ 


ကျင်းကျောင်းနှင့် အခြားလူများ၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားပြီး ကို့ရိုးကားယားဖြင့် ရယ်ပြနေသည်။


ယင်းလုံ တောင်ဝှေးပေါ်တွင်မှီလျက် ခွေးဘုရင်ကို ကြည့်နေသည်။ 


" ဘာလာကြည့်နေပြန်တာလဲ မင်းကို ခပ်ပြင်းပြင်းလေး ရိုက်ပေးရဦးမလား ... "


စားသောက်ဆိုင်ရှေ့တွင် လှဲနေသော ခွေးဘုရင် မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။ 


ယင်းလုံ တောင်ဝှေးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ၏နှလုံးသားထဲမှ ဒေါသများ ငြိမ်သက်ရုံသာ ရှိသေးသည် ယခု ပြန်လည် ‌ဒေါသထွက်လာပြီ ဖြစ်သည်။


အဘိုးအိုတစ်ဦးနှင့် ခွေးတစ်ကောင်တို့ လေထဲတွင် အကြည့်ချင်းဆုံသွားသည်။


" တစ်နေ့ကျရင် ခွေးဘုရင် မင်းရဲ့ နဂါးအတောင်ပံတွေကို ဆွဲဖြဲပစ်ပြီး ပုဖန်ကို နဂါးနံရိုးချိုချဉ် လုပ်ခိုင်းမယ် ..."


ခွေးဘုရင် ပြောလိုက်သည်။


ယင်းလုံ၏မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင်များ ပေါ်လာသည်။


ပုဖန် အနည်းငယ် ရယ်လိုက်သည်။ 


" ခွေးဘုရင် အတောင်ပံပေါ်မှာ ရှိတဲ့အသားက နဂါးနံရိုးချိုချဉ်လုပ်ဖို့ မသင့်တော်ဘူး အတောင်ပံတွေကြားက အသားကို ချိန်ရင်ရော ဘယ်လိုလဲ အဲ့နေရာတွေကမှ အရသာရှိတာ ..." 


ခွေးဘုရင် အနည်းငယ် ထိတ်လန့်သွားသည်။ နံရိုးချိုချဉ်မှာ အရသာရှိသည်ဟုသာ သိရှိထားပြီး မည်သည့်အပိုင်းဖြင့် ၎င်းကို ချက်ပြုတ်ထားသည်ကို မသိရှိပေ။ 


သူ၏ခန္ဓာကိုယ်ပေါ်မှ မည်သည့်အစိတ်အပိုင်းက နံရိုးချိုချဉ်ပြုလုပ်ရန် သင့်တော်သည်ဟု ဆွေးနွေးနေကြသော လူနှင့်ခွေးကို ကြည့်ပြီး ယင်းလုံ၏ဒေါသများ မြင့်တက်လာသည်။


သို့သော် နောက်ဆုံးတွင် သူသည် တရားမျှတမှုကို တာဝန်ယူရသည့် ကမ္ဘာမြေအကျဉ်းထောင်မှ အရှင်ယခင်ဖြစ်သည့်အတွက် လိမ္မာပါးနပ်လှသည် ။


သူ၏နှလုံးသားထဲရှိ ဒေါသကို ချိုးနှိမ်ပြီးနောက် ပုဖန်နှင့် ခွေးဘုရင်ကို ကြည့်လိုက်သည်။


စကားတစ်ခွန်းမှ မပြောပဲနှင့် တစ်ဖက်သို့လှည့်ကာ တောင်ဝှေးကို ဝှေ့ယမ်းလိုက်သည်။ ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။


" ကောင်းပြီ ကမ္ဘာမြေအကျဉ်းထောင်ကို ပြန်သွားရအောင် ..." 


ယင်းလုံ ကမ္ဘာမြေအကျဉ်းထောင်မှ အရှင်သခင်လေူယောက်ကို အေးစက်စွာကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏ပုံရိပ် အက်ကွဲကြောင်းထဲမှ ပျောက်ကွယ်သွားသည်။


ကျင်းကျောင်း သူ၏ခေါင်းကိုကုတ်ကာ ပြုံးလိုက်ပြီး နှုတ်ခမ်းများကို လျက်နေသည်။ ဤနေရာတွင် ကြာကြာနေ၍ ဘဲကင်စားချင်သေးသော်လည်း အရှင်ယင်းလုံ၏အမိန့်ကို နာခံရမည်ဖြစ်သည်။


ဤသို့ဖြင့် ကျင်းကျောင်းဦးဆောင်ပြီး အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။ 


လော့ကျီး ခွေးဘုရင်ကို လက်ဝှေ့ယမ်းပြနေသည်။ 


" အိုင်ဒေါကြီးရေ ကျွန်မ ပြန်ရတော့မယ် ... ရှင့်ရဲ့ နံပါတ်တစ်ပရိသတ် လော့ကျီးကို မမေ့ရဘူးနော် ... ဒါနဲ့ ကျွန်မ မသွားခင် တစ်ခုလောက် တောင်းဆိုလို့ရဦးမလား ... "


ခွေးဘုရင် လော့ကျီးကိုကြည့်ပြီး သူ၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ 


" မရဘူး ... ထပ်မေးရင် မင်းကို အပိုင်းပိုင်းအစစ ဖြစ်အောင်လုပ်မိတော့မယ် ..."


ဉာဏ်ကောင်းသော ခွေးဘုရင် သူမ၏စိတ်ကို ဖောက်ထွင်းမြင်နိုင်နေသည် ဖြစ်၍ ဤအရူးမ ဘာလ်ုချင်သည်ကို ခန့်မှန်းရန်ပင် မလိုချေ။ သူမ သူ၏အမွှေးများအား လိုချင်နေသည်ကို သိသည်။ 


" ဝဲစားခွေးက အမွှေးတစ်ပင်တည်းနဲ့ တော်တော်တွက်ကပ်တာပဲ ... ဟိုကလေးမလေးက ဒီကို ပြန်လာဖို့မလွယ်တာ မင်းသိရဲ့လား ..." 


နယ်ပယ်သခင် တိထိုက် ပြောလိုက်သည်။ 


ထို အဝတ်မဲ့အရူး မည်သည့်အချိန်က သူ့ဘေးနားရောက်လာသည်ကို ခွေးဘုရင် မသိလိုက်ပေ။ သူ့ကိုကြည့်၍ ခွေးဘုရင် အေးစက်စွာ ပြောလိုက်သည်။ 


" မင်း ထပ်ပြီးတိုက်ချင်သေးတာလား ... မင်းရဲ့ခန္ဓာကိုယ်က အမွှေးတွေအားလုံးကို ငါ ဝမ်းမြောက်ဝမ်းသာနဲ့ ဆွဲနှုတ်ပေးမယ် အဲ့တာမင်းကို အနှောင့်အယှက် မဖြစ်ဘူးမလား ..." 


" မဖြစ်ပါဘူး ..." 


နယ်ပယ်သခင်တိထိုက် သူ၏ရွှေရောင်ဆံပင်များကို ပွတ်၍ မျက်လုံးများမှေးစင်းကာ ပြောလိုက်သည်။ 


ဤကိစ္စနှင့် ပတ်သက်ပြီး ခွေးဘုရင် မျက်မမြင်ကဲ့သို့သာနေရန် ဆုံးဖြတ်လိုက်သည်။ 


ခွေးဘုရင်ဆီမှ အမွှေးများ ထပ်မံမရရှ်ိသောကြောင့် လော့ကျီး စိတ်ညစ်သွားသည်။ စိတ်ဓာတ်ကျသွားပြီး သူမမျက်နှာကို လက်ဖြင့်အုပ်၍ အက်ကွဲကြောင်းထဲသို့ ဝင်သွားခဲ့သည်။ 


" ဘေဘီ အတူတူသွားရအောင် မင်းနဲ့တူတူလိုက်ခဲ့ပါ့မယ် ..."


ယင်ကျောင်းမျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ ယို့ကျီး၏ဘေးသို့ ရောက်လာသည်။


ယို့ကျီး ယင်ကျောင်းကို မျက်နှာသေဖြင့် ကြည့်နေသည်။ ခဏအကြာတွင် သူမ၏ ဓားရှည်ကြီး ပြုတ်ကျလာကာ သူ့ကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။


ဘုန်း ...


ယင်ကျောင်း၏ ခန္ဓာကိုယ် အက်ကွဲရာထဲသို့ ရောက်သွားသည်။


" ကောင်းလိုက်တဲ့ ချိန်ဆချက်ပဲ ..."


နယ်ပယ်သခင်တိထိုက် သူ၏မျက်လုံးများ အရောင်လက်ကာ ပြောလိုက်သည်။


ယို့ကျီး နယ်ပယ်သခင်ကို အာရုံမစိုက်နိုင်သေးပေ။ ပုဖန်ကို လေးနက်သော မျက်နှာဖြင့် ကြည့်နေသည်။


စိုက်ကြည့်ခံရသည့်အတွက် ပုဖန်အနည်းငယ် စိတ်ရှုပ်သွားသည်။ 


ဝီ...


ရုတ်တရက် နယ်သာရီ၏ကျိန်စာကို စစ်ဆေးရန်အသုံးပြုသည့် ပုံစံ ယို့ကျီး၏လက်ဖဝါးတွင် ပေါ်လာသည်။


" လက်ဖြန့်လိုက်ပါ ..." 


ယို့ကျီး ပုဖန်ကို ပြောလိုက်သည်။ 


ပုဖန် သူ၏ အဖြူအမဲ ပတ်တီးစည်းထားသည့် လက်မောင်းကို ဆန့်ထုတ်လိုက်သည်။ ခဏအကြာတွင် လက်ဖဝါးက ထိုပုံစံကို စုပ်ယူလိုက်သည်။ 


ယို့ကျီး အသက်ရှုထုတ်လိုက်သည်။


" ဒါက နယ်သာရီရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကျိန်စာကို စစ်ဆေးတဲ့ နည်းလမ်းပဲ ... မင်း အမြဲ အာရုံစိုက်နေရမယ် အကယ်၍ ကျိန်စာက ခရမ်းရောင်ပြောင်းသွားရင် သူမကို ကမ္ဘာမြေအကျဉ်းထောင်ကို ခေါ်လာပြီး ငါ့ကို လာရှာပါ ... အဲ့မြွေနိုးလာရင် သူမကို မင်းရဲ့ဟင်းလျာတွေ ကျွေးပြီး သူ့ကိုနှိမ်နင်းရမယ် ..."


ယို့ကျီး ညွှန်ကြားနေသည်။


နယ်သာရီ၏ အစ်မကြီး ဖြစ်သည့်အတွက် သူမထံတွင် တစ်စုံတစ်ရာ ဆိုးရွားသည်များ ဖြစ်မလာစေလိုပေ။


ပုဖန် ခေါင်းငြိမ့်လိုက်သည်။ နယ်သာရီ၏ ကျိန်စာများကို နှိမ်နင်းရန် သူ့ထံတွင် ယုံကြည်ချက်ရှိသည်။ 


ယို့ကျီး တစ်ဖက်သို့လည့်ပြီး နယ်သာရီ့ကို ကြည့်လိုက်သည်။ လက်ကိုဆန့်ထုတ်ပြီး သူမ ညီမလေး၏ ခေါင်းကိုပုတ်လိုက်သည်။ 


" အစ်မကြီးကို စောင့်နေပါ ဟုတ်ပြီလား ... မင်းရဲ့ခန္ဓာကိုယ်က ကျိန်စာကို သေချာပေါက် ဖျက်ဆီးပေးမယ် ..." 


နယ်သာရီ ခေါင်းငြိမ့်လိုက်သည်။


ထို့နောက် ယို့ကျီး ဘာမှမပြောတော့ပဲ တစ်ဖက်သို့လှည့်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲ ဝင်သွားခဲ့သည်။ 


သို့သော် ထိုအထဲသို့ ခြေလှမ်းမည်အပြုတွင် သူမ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ အေးခဲသွားသည်။ ခွေးဘုရင်ဘက်သို့လှည့်ပြီး အော်ဟစ်လိုက်သည်။


" ခွေးဘုရင်ကို ယုံကြည်ပါတယ် ထာဝရ အသက်ရှင်ပါစေ ..." 


ကျယ်လောင်သော် အသံနှင့်အတူ ‌အက်ကွဲကြောင်းထဲသို့ ယို့ကျီး တိုးဝင်ပျောက်ကွယ်သွားသည်။


ခွေးဘုရင် အလွန်လန့်သွားသည့်အတွက် ထခုန်မိသွားသည်။ 


ကမ္ဘာမြေအကျဉ်းထောင်၏ အရှင်သခင်များ ထွက်ခွာသွားသည့်အတွက် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ 


သို့သော် ကုန်းရှို့ပိုင်ကွမ်းနှင့် အခြားလူများ စားသောက်ဆိုင်အတွင်းမှ ထွက်မလာရဲသေးပေ။


နယ်ပယ်သခင် သူ၏ရွှေရောင်ဆံပင်များကို လှန်တင်လိုက်ပြီး ပြောလိုက်သည်။ 


" နယ်ပယ်သခင် ပြန်ရမယ့်အချိန်ရောက်ပြီ ... ညီငယ်လေးပုဖန် မင်းရဲ့ဟင်းလျာတွေက ကောင်းပေမယ့် တိုးတက်ဖို့ နည်းနည်းလိုနေသေးတယ် ... မင်းတကယ် ငါ့ရဲ့ အလုပ်သင် မဖြစ်ချင်ဘူးလား လေ့ကျင့်မှုတွေက အခမဲ့နော် သိတယ်မလား ..." 


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


မင်းနှမကိုပဲ လေ့ကျင့်ပေးနေလိုက် ...


ငါတော့ အသေပဲခံလိုက်မယ် ...


" ကျုပ် ငြင်းတယ် ..."


ပုဖန် ဖြေလိုက်သည်။


" ကောင်းပါပြီ သနားစရာကောင်းလိုက်တာ ... ငါ့ကမ်းလှမ်းချက်က ရိုးသားပေမယ့် မင်းအဲဒါကို မမြတ်နိုးခဲ့ဘူး..."


နယ်ပယ်သခင်တိထိုက် ကြီးစွာသော စိတ်လှုပ်ရှားမှုဖြင့် နဖူးကို ပုတ်ကာ ပြောလိုက်သည်။


ထို့နောက် ပုဖန်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။ လက်နှစ်ချောင်းကို မြှောက်၍ သူ၏မျက်လုံးများကို ညွှန်ပြပြီး ထို့နောက် ပုဖန်ကို ညွှန်ပြလိုက်သည်။ 


" ညီငယ်လေး ဟောဒီ နယ်ပယ်သခင် ‌မင်းကို လေးစားတယ်...ငါတို့ထပ်တွေ့ကြတာပေါ့ နောက်တစ်ကြိမ် ငါတို့ဆုံရင် ပိုပြီးအံ့အားသင့်စရာတွေ နယ်ပယ်သခင်ကို ပြပါဦး ..."


နယ်ပယ်သခင်တိထိုက် ပြုံးလိုက်သည်။ ရွေရောင်ဆံပင်များက သူ၏ချောမောလှပသော မျက်နှာတွင် လေတိုက်လိုက်သည့်အချိန်တိုင်း ယိမ်းနွဲ့နေသည်။


ထို့နောက် သူ စားသောက်ဆိုင်အပြင်ဘက်ရှိ အပျက်အစီးပုံနားသို့ လျှောက်လာသည်။ မြေပေါ်တွင် လှဲနေသော ခွေးဘုရင်ကိုကြည့်၍ မာနကြီးစွာ နှာမှုတ်လိုက်သည်။ 


ဝုန်း ...


ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။


နယ်ပယ်သခင်တိထိုက် တရားထိုင်နေသည့်ပုံစံ ပြုလုပ်နေသည်။ သူ၏ခွကြားတွင် နတ်ဘုရားအလင်းတန်းများ ဖြာကျနေပြီး ကောင်းကင်ပေါ်သို့ အမြှောက်ဆန်လုံးကဲ့သို့ တက်သွားသည်။


သူ၏ပုံရိပ်မှာ ကြယ်ကဲ့သို့ တောက်ပနေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီးနောက် ပျောက်ကွယ်သွားသည်။ သူ၏အသံမှာ ပဲ့တင်နေသည်။


" နယ်ပယ်သခင် မင်းကိုသတိရနေမှာပါ စားဖိုမှူးလေး ပုဖန် ..."


သူ၏နှုတ်ခမ်း ကွေးညွတ်သွားပြီး ခဏခန့် စိတ်ခြောက်ခြားသွားသည်။


လူအားလုံး အထဲသို့ ပြန်ဝင်လာကြသည်။


ခွေးဘုရင်၏ ထိုင်ခုံရှေ့တွင် ဘဲကင်ပန်းကန်ပြားတစ်ခုရှိနေသည် ။ ထို့နောက် သူ ပျော်ရွှင်စွာဖြင့် စတင်စားသောက်တော့သည်။


နယ်ပယ်သခင် ထွက်သွားသော်လည်း ကုန်းရှို့မျိုးနွယ်နှင့် မူမျိုးနွယ်များ စားသောက်ဆိုင်ထဲတွင် ရှိနေဆဲဖြစ်သည်။ 


ထိုအရာက ပုဖန်ကို အနည်းငယ် အံ့ဩသွားစေသည်။


သူတို့အားလုံး စားသောက်ပြီးပြီဖြစ်ပြီး နယ်ပယ်သခင်လည်း ထွက်သွားပြီဖြစ်သည်။


သူတို့ဒီမှာ ဘာလုပ်နေကြတာတုန်း ...


ပုဖန်၏ သံသယဝင်သော အမူအရာများနှင့် ရင်ဆိုင်လိုက်ရသဖြင့် ကုန်းရှို့ပိုင်ကွမ်းနှင့် မြို့တော်သခင်မူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မျက်လုံးများတွင်လည်း တုန်လှုပ်နေမှုများကို မြင်လိုက်ကြရသည်။


" အဟမ်း ..."


မြို့တော်သခင်မူ ချောင်းဟန့်ပြီးနောက် ပုဖန်ကို လေးနက်စွာ ကြည့်လိုက်သည်။ 


" ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က တကယ့်ကို ကောင်းတာပဲ မျိုးဆက်သစ်တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရတယ် ... "


ပုဖန် ဘာမှဝင်မပြောပဲ မြို့တော်သခင်မူကို စိုက်ကြည့်နေသည်။


စနစ်ကပေးသော မစ်ရှင်ကို ပြုလုပ်ရန် နောက်ပိုင်းတွင် မူမိသားစုနေထိုင်ရာသို့ သွားရန် စီစဉ်ခဲ့သည်ဖြစ်၍ မြို့တော်သခင် မူယန်အပေါ် ပုဖန်၏ အမူအရာမှာ မဆိုးလှပေ။ 


ပြီးမြောက်ပြီးသည့်နောက်တွင် အဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ်ကို ရရှိမည်ဖြစ်သည်။


လက်ရှိတွင် ပူစပ်စပ်ငရုတ်နှစ်သည် ပုဖန်၏ အဆင့်မြင့်ဟင်းလျာများနှင့် လိုက်လျောညီထွေမဖြစ်နိုင်ပေ။

ဤအဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ်က သူ့ကို အံ့အားသင့်စရာကောင်းအောင် လုပ်နိုင်မည်လားကို သူမသိပေ။


" ပိုင်ရှင်ပု တကယ်တော့ ‌ကျုပ်မှာ မေးစရာရှိတယ် ..."  


မြို့တော်သခင်မူယန် ပုဖန်ကို အပြုံးဖြင့် ပြောလိုက်သည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။


" ဘာများပါလိမ့် ..." 


" ဒီနေ့ ပိုင်ရှင်ပုရဲ့ ဟင်းလျာတွေကို မျက်မြင်တွေ့လိုက်ရတာ တော်တော်စားကောင်းတယ် ... လေးနှစ်တစ်ခါကျင်းပတဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မသေမျိုးစားဖိုမှူးငယ်များပြိုင်ပွဲကြီးက စတင်တော့မှာ ...ပိုင်ရှင်ပုကို ပထမအလွှာ ကိုယ်စားပြုအနေနဲ့ ပါဝင်စေချင်တယ် ... " 


မြို့တော်သခင် မူယန် ပြောလိုက်သည်။


" ပြိုင်ပွဲမှာ ပါဝင်ဖို့လား ..."


ပုဖန် ဘာပြောရမည်မသိ ဖြစ်သွားသည်။ ခဏအကြာတွင် သူ ထပ်မံပြောလိုက်သည်။ 


" ပျင်းစရာကောင်းလိုက်တာ ... အဲ့ဒီမှာ ပါဝင်မယ်ဆို ကျုပ် ဘာရမှာလဲ ..." 


" သေချာပေါက် ဆုကတော့ ကြီးကျယ်တာပေါ့ ... တကယ်လို့ ပိုင်ရှင်ပုသာ အဆင့်တစ်ရာအတွင်း ဝင်ခဲ့ရင် မြင့်မြတ်တဲ့ ထင်ပေါ်ကျော်ကြားမှုကို ရရှိလိမ့်မယ် ..." 


" အဲ့ဒီ ထင်ပေါ်ကျော်ကြားမှုက ကျုပ်ရဲ့ အချက်အပြုတ်စွမ်းရည် တိုးတက်အောင် လုပ်‌ပေးမှာလား ... ဒါပဲဆိုရင်တော့ အချိန်ဖြုန်းနေသလိုပဲ ..." 


ပုဖန် မျက်နှာသေဖြင့် ပြောလိုက်သည်။။


အဝေးမှ ကုန်းရှို့ပိုင်ကွမ်း မျက်ခုံးပင့်လိုက်သည်။ 


" ပိုင်ရှင်ပု တခြားဆုတွေလည်း ရှိပါသေးတယ် ...အဆင့်ငါးဆယ်အတွင်းဝင်တဲ့ စားဖိုမှူးတွေက မသေမျိုးသစ်ပင်က‌နေ မသေမျိုးပါဝင်ပစ္စည်းတွေ ရဦးမှာ ...အဆင့်သတ်မှတ်ချက် မြင့်လေ အဆင့်မြင့် မသေမျိုးပါဝင်ပစ္စည်း ရလေပဲ ..." 


" ထိပ်ဆုံးဆယ်ယောက်တော့ မသေမျိုးသစ်ပင်ရဲ့ နေရာထဲကို ဝင်ဖို့အခွင့်အရေးရပြီး အချက်အပြုတ်စွမ်းအင်တွေကို ခံစားလို့ရမယ် ... ရတဲ့ဆုကလည်း ပိုပြီးတော့ ကောင်းလာမယ် ပြောကြတာတော့ ပထမဆုက အဆင့်မြင့် မသေမျိုးပါဝင်ပစ္စည်း နဂါးစစ်စစ်ရဲ့ အသားတဲ့ ..." 


အမ်... ပုဖန် အေးခဲသွားပြီး ခေါင်းမော့လိုက်သည်။ 


နဂါးအစစ်ရဲ့ အသားလား ...


ခဏအကြာတွင် စနစ်၏ လေးနက်သောအသံက ခေါင်းထဲတွင် ပဲ့တင်လာသည်။