အပိုင်း ၁၀၂၂
Viewers 53k

အခန်း ၁၀၂၂

ကျုပ် အလုပ်ရှုပ်နေတယ် အချိန်မရှိဘူး


စနစ်၏ လေးနက်သောအသံ ယခုအချိန်တွင် ပဲ့တင်ထပ်လာသည်။


ဆိုးဝါးသည့် တစ်ခုခု ဖြစ်လာတော့မည်ဟု ပုဖန်ကြိုသိနေ၍ ထိတ်လန့်သွားသည်။ 


စနစ်က ဘာလို့ ဒီလိုအချိန်တွေမှာ အမြဲနှောင့်ယှက်ရတာလဲ ... အရမ်းကို တိုက်ဆိုင်လွန်းတယ် ...


ဤ‌အခြေအနေအရ သေချာပေါက် သူ့အား မသေမျိုးစားဖိုမှူးငယ်များ ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခိုင်းမည်မှာ သေချာသည်။


ဒါပေမဲ့ ပထမဆုက နဂါးအစစ်ရဲ့ အသားလား ...


နဂါးအစစ်သည် နတ်ဘုရားအဆင့် သားရဲဖြစ်ပြီး ယင်းလုံ၏ အဆင့်ထက်ပင် ပိုမြင့်သည်။ 


ဘာလို့ ဒီလိုအဆင့်နဲ့ နဂါးအသားက မမျှော်လင့်ဘဲ ပေါ်လာရတာလဲ ...


" ယာယီမစ်ရှင် : ပိုင်ရှင် ကျေးဇူးပြု၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မသေမျိုးစားဖိုမှူးငယ်များ ပြိုင်ပွဲကြီးမှာ ပါဝင်ပေးပါ ... အဆင့်တစ်ဆယ်အတွင်း ဝင်အောင် ဖြေဆိုပြီး မသေမျိုးသစ်ပင်ရဲ့နေရာကို သွားပြီး သစ်ပင်ရဲ့သစ်စေ့ကိုရတဲ့အထိ အရည်အချင်းမီအောင် လုပ်ပေးပါ ... မစ်ရှင်ဆု : မသေမျိုးမီးတောက် ပေါင်းစပ်မှုအရည်အချင်း ..." 


ဘာ ...


ပုဖန် အံ့ဩသွားသည်။ ဒီ‌တစ်ခေါက် စနစ်က သူ့ကိုပြိုင်ပွဲမှာ ပထမဆုရအောင် မဖြေခိုင်းဘူးလား ...


ကုန်းရှို့ပိုင်ကွမ်း၏ ပြောစကားအရ အဆယ့်တစ်ဆယ်အတွင်း ဝင်သူများသည် မသေမျိုးသစ်ပင်၏ နေရာသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည်။ သို့သော် ထိုသစ်ပင်၏ ချက်ပြုတ်ခြင်းစွမ်းအင်များကိုသာ ခံစား၍ရမည်ဖြစ်သည်။ 


အဲ့ဒီမှာ မသေမျိုးသစ်ပင်ရဲ့ အစေ့ကို ဘယ်လိုရအောင် ယူရမှာလဲ ...


မသေမျိုးသစ်ပင်၏ သစ်စေ့ ... ကြားရသည်မှာ ထူးဆန်းသော အရာကဲ့သို့ပင် ။


ထို့အပြင် ဤတစ်ကြိမ်ဆုမှာ မသေမျိုးမီးတောက် ပေါင်းစပ်ရန် အရည်အချင်းဖြစ်သည်။


ဘယ်လိုတောင် မရေရာတဲ့ အရာကြီးလဲ ...


စနစ်က သူ့ကို လှည့်ပတ်ပြီး အံ့အားသင့်အောင် လုပ်နေတာလား ...


" ယာယီမစ်ရှင် : ပိုင်ရှင် ကျေးဇူးပြု၍ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မသေမျိုးစားဖိုမှူးငယ်များ ပြိုင်ပွဲကြီးမှာ ပါဝင်ပြီးတော့ ပြိုင်ပွဲအတွင်းမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းပေးပါ ...မစ်ရှင်ဆု : နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံမှ အစိတ်အပိုင်း ..."


ဤတစ်ကြိမ်တွင် စနစ်မှာ ပုဖန် ပြန်ကောင်းလာရန်ပင် မစောင့်တော့ပေ။ သူ၏ လေးနက်သောအသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး မစ်ရှင်တစ်ခုကိုပါ ထပ်မံ ကြေညာလိုက်သည်။


ပုဖန်ကို ပို၍ ထိတ်လန့်သွားစေသည်။ စနစ်မှ သူ့အား မစ်ရှင်နှစ်ခုကို တစ်ကြိမ်တည်း ပေးအပ်လိုက်သည်။ သူ၏ပုံစံ မဟုတ်ပေ။


" အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို စုစည်းရမယ်ဟုတ်လား အဲ့တာဘာကြီးလဲ ..." 


ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။


သို့သော် စနစ်မှ သူ့အား ပြန်မဖြေပေ။ သူ့အား ကိုယ်တိုင်‌ အဖြေရှာစေချင်သည့်ပုံပင်။


ဒုတိယမစ်ရှင်၏ ဆုမှာ ပုဖန်အား ပို၍ စိတ်ဖိစီးစေသည်။ ထိုအရာမှာ နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ အစိတ်အပိုင်း ဖြစ်နေသည်။


ယနေ့အထိ ပုဖန် အစိတ်အပိုင်းလေးခုကို စုဆောင်းလာခဲ့ပြီဖြစ်၍ တစ်ခုသာ လိုတော့သည်။ အပိုင်းတစ်ခုသာ ထပ်ရမည်ဆိုလျှင် နတ်ဘုရားအဆင့် အချက်အပြုတ်ပစ္စည်းအစုံ၏ ပစ္စည်းတစ်ခုကို ထပ်ရနိုင်သည်။ 


ထို့ကြောင့် ဤဆုလာဒ်အကြောင်း ကြားလိုက်ရသောအခါ ပုဖန် ပြိုင်ဆိုင်လိုစိတ် ပြင်းထန်လာပြီး အနိုင်ရရန်ပင် စိတ်ကူးထားသည်။


ပုဖန် မေးစေ့ကိုပွတ်၍ အတွေးထဲ နစ်မြောနေသည်။ 


ကုန်းရှို့ပိုင်ကွမ်းနှင့် မြို့တော်သခင်မူတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး ထိုအကြည့်များထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်နေရသည်။ 


ပုဖန် စိတ်ပြောင်းသွားတာများလား ...


ကြည့်ရတာ ပုဖန်ကို ပြိုင်ပွဲမှာပါဝင်ဖို့ ဖြောင်းဖျနိုင်မယ်ထင်တယ် ...


အစောပိုင်းတွင် ပုဖန်၏ ဟင်းလျာမှ မိုးကြိုးပြစ်ဒဏ် သုံးခုကို အစပျိုးနိုင်ခဲ့သည်။ ထိုသို့ဖြစ်ခြင်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မျိုးဆက်သစ် စားဖိုမှူးများထဲတွင် အလွန်ကောင်းမွန်သော အခြေအနေပင် ဖြစ်သည်။


ထို့ကြောင့် အဆင့်တစ်ရာအတွင်း ဝင်ရန်မှာ ပြဿနာမဟုတ်ပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် အလွှာငါးခု ခွဲခြားထားသည်။ ထိုအလွှာများထဲတွင် ပထမအလွှာမှ မသေမျိုးစားဖိုမှူးများ၏ အဆင့်မှာ အနိမ့်ဆုံးဖြစ်သည်။


နောက်ဆုံးတွင် သူတို့သည် မသေမျိုးသစ်ပင်၏ ခြေရင်း၌ ရှိနေသောကြောင့် ရနိုင်သော အရင်းအမြစ်များ ရှားပါးသောကြောင့်ဖြစ်သည်။


အလွှာပို၍ မြင့်လာသော မသေမျိုးသစ်ပင်မှ ရရှိနိုင်သော အရင်းအမြစ်များ ပိုမိုရရှိလာလေ ဖြစ်သည်။


ယခင်က မသေမျိုးစားဖိုမှူးငယ်များ ပြိုင်ပွဲကြီးတွင် ပထမအလွှာမှ စားဖိုမှူး၏ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၀ဖြစ်သည်။ ထို့ပြင် ပို၍ သနားစရာကောင်းသည်မှာ နောက်ပိုင်းတွင် အဆင့်တစ်ရာအတွင်း၌ပင် ပါဝင်ခြင်းမရှိတော့ပေ။ 


ဒါက ပထမအလွှာရဲ့ စိတ်ဓာတ်ကို ထိခိုက်စေတယ်...


သို့သော် ဤတစ်ကြိမ်၌ သူတို့တွင် အ‌ခွင့်အရေးအရှိဆုံးဟု ထင်ရသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင် သူကောင်းမျိုးမိသားစုများ၌ ပင်ကိုစွမ်းရည်ရှိသူများ ‌ရှိနေသောကြောင့်ပင်။


ကျန်းမိသားစု ထုံမိသားစုနှင့် ကုန်းရှို့မိသားစုမှ မသေမျိုးစားဖိုမှူး မျိုးဆက်သစ်လေးများသည် အားလုံးကို အံ့အားသင့်စေခဲ့သည်။


ထို့ကြောင့် ဤတစ်ကြိမ်တွင် သေချာပေါက် အဆင့်တစ်ရာအတွင်းဝင်ရန် အခွင့်အရေးများ ရှိကြသည်။ 


ထို့အပြင် မိုးကြိုးပြစ်ဒဏ်သုံးခုကို နှိုးဆော်နိုင်ခဲ့သောမသေမျိုးစားဖိုမှူး ပုဖန်လည်း ရှိနေသည်။ 


" ပိုင်ရှင်ပုရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလဲ ..." 


မြို့တော်သခင်မူ ပုဖန်ကို ပြုံးလျက် ကြည့်နေသည်။


သူ၏ ပင်ကိုစွမ်းရည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြသောကြောင့် ပုဖန် ပြိုင်ပွဲတွင် ပါဝင်လိမ့်မည်ဟု အမှန်ပင် မျှော်လင့်ထားကြသည်။


" ကျုပ်ရဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတော့ ... ကောင်းပါပြီ ကျွန်တော်ပါဝင်ပါ့မယ် ... ဒါပေမဲ့ ကျွန်တော့မှာ တောင်းဆိုစရာလေးရှိတယ် ..." 


ပုဖန် ဘာမှမထူးခြားသလိုပင် ပြောပြီး မြို့တော်သခင်မူကို ကြည့်လိုက်သည်။ 


မြို့တော်သခင်မူ မျက်ခုံးများ ပင့်လိုက်သည်။ 


" ဘာတောင်းဆိုချက်များပါလိမ့် ... ကျုပ် လုပ်နိုင်စွမ်းရှိရင် သေချာပေါက် လုပ်ပေးပါ့မယ် ..." 


" အရမ်းခက်ခဲတဲ့ တောင်းဆိုချက် မဟုတ်ပါဘူး ... ကျုပ်ရဲ့စား‌သောက်ဆိုင် ဖွင့်ထားတာ ကြာပြဆိုပေမဲ့ အလုပ်သင် မရှိသေးဘူး အဲ့တာကြောင့် အလုပ်သင်တစ်ယောက် ရှာချင်တယ် ..." 


ပုဖန် ပြောလိုက်သည်။ 


မြို့တော်သခင် မူယန် အံ့အားသင့်သွားသည်။ ကုန်းရှို့ပိုင်ကွမ်းနှင့် မြို့တော်သခင် တစ်ဦးနှင့်တစ်ဦး အံ့ဩစွာ ကြည့်နေကြသည်။


ဒါပဲလား ...


ကုန်းရှို့ပန်နှင့် မူလျှို့အာလည်း ပဟေဠိ ဖြစ်ကုန်သည်။ 


တကယ်ကိုပဲ ပိုင်ရှင်ပုကတော့ အားလုံးရဲ့ မျှော်မှန်းချက်ထက် ကျော်လွန်နေတော့တာပဲ ... 


" ပိုင်ရှင်ပုက အလုပ်သင် လိုချင်နေတာလား...ကောင်းပါပြီ မြို့ထဲမှာရှိတဲ့ အရည်အချင်းရှိ စားဖိုမှူးတွေကို ရွေးချယ်လို့ရအောင် စုစည်းထားလိုက်ပါမယ် ..." 


မူယန် ပြောလိုက်သည်။


ပွင့်လင်းစွာ ပြောရလျှင် ပုဖန်၏တောင်းဆိုချက်မှာ မခက်ခဲပေ။ မသေမျိုးပါဝင်ပစ္စည်းများ ရှာခိုင်းသည်ထက်ပင် လွယ်ကူနေသည်။ 


သို့သော် ပုဖန် ခေါင်းခါလိုက်သည်။ မြို့တော်သခင်မူယန်ကို ကြည့်နေသော သူ၏မျက်လုံးများမှာ ထူးဆန်းနေသည်။ 


ထိုအကြည့်က မူယန်ကို အံ့အားသင့်သွားစေသည်။ 


" ငါ့ကို မင်းရဲ့အလုပ်သင် ဖြစ်စေချင်နေတာလား မဖြစ်နိုင်ဘူးနော် ..."


မူယန် ခေါင်းခါပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။


" ငါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် မြို့တော်သခင် ငါးဦးထဲက တစ်ယောက်ဆိုပေမယ့် ငါ့ရဲ့ခွန်အားနဲ့ အချက်အပြုတ်စွမ်းရည်က အားအနည်းဆုံးပဲ ... ဘာလို့လဲဆိုတော့ ယခင် မြို့တော်သခင်ကျဆုံးသွားပြီး သူ့နေရာကို ငါအမြန်ဝင်လိုက်ရလို့ အချက်အပြုတ်စွမ်းရည် တိုးတက်အောင်လေ့ကျင့်ဖို့ အချိန်မရှိခဲ့ဘူး ... ဒါပေမဲ့ ငါက တတိယအဆင့် မသေမျိုးစားဖိုမှူး ဖြစ်တဲ့အတွက် ငါ့ရဲ့စွမ်းရည်တွေက ကောင်းတယ်လို့တော့ သတ်မှတ်လို့ ရပါတယ် ... ဒါပေမဲ့ ပိုင်ရှင်ပုရဲ့ အလုပ်သင်ဖြစ်ဖို့ကတော့ ငါမကိုင်တွယ်နိုင်မှာ စိုးရတယ် ..." 


မြို့တော်သခင်မူယန် အပြုံးဖြင့် ရှင်းပြလိုက်သည်။


ပုဖန် ဘာပြန်ပြောရမည် မသိသည်အထိ ဆွံ့အသွားသည်။ 


ဒီမြို့တော်သခင်ရဲ့ နားလည်နိုင်မှုစွမ်းရည်က နည်းနည်းတော့ ပြဿနာရှိနေပုံရတယ် ...


မည်သို့ပင်ဖြစ်စေ မြို့တော်သခင်မှာ အိုနေပြီဖြစ်၍ ထားလိုက်တော့မည်။


" ခင်များ အရမ်းတွေးနေတာပဲ ကျုပ် တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီးပြီ အဲ့တစ်ယောက်က မူမိသားစုထဲကပဲ ..." 


ပုဖန် မျက်နှာသေဖြင့် ရှင်းပြလိုက်သည်။


" မသေမျိုးစားဖိုမှူးငယ်များ ပြိုင်ပွဲကြီးမှာ ကျုပ်ပါဝင်ပါ့မယ် အချိန်နီးရင်သာ အသိပေးလိုက်ပါ ..." 


" ဟားဟားဟား ဒီလူအိုကြီးက မင်းရဲ့တောင်းဆိုချက်ကို လွယ်လွယ် ဖြည့်ဆည်းပေးနိုင်ပါတယ် မူမိသားစုရဲ့ မျိုးဆက်သစ်လေးတွေကတော့ မင်းကို ကျေးဇူးတင်ရမှာပဲ ... ပိုင်ရှင်ပုရဲ့ အလုပ်သင်ဖြစ်လာရမှာ ဂုဏ်ယူဖွယ်ရာပဲ ..." 


မူယန် သူ၏ လှပသောမုတ်ဆိတ်မွှေးများကို ပွတ်သပ်ပြီး ရယ်လိုက်သည်။


ထို့နောက် အားလုံး ထွက်ခွာသွားကြသည်။


အဝေးတွင် ခွေးဘုရင် ဘဲကင်အားလုံးကို စားသောက်ပြီးပြီဖြစ်၍ သူ၏ဖဝါးများကို လျက်နေသည်။ 


ပန်းပွင့်လေး အိပ်မောကျနေဆဲဖြစ်ပြီစ မဟူရာနဂါးဘုရင်က သူမကို ဂရုစိုက်နေသည်။


နယ်သာရီ ပုဖန်နောက်မှ တိတ်ဆိတ်စွာ လိုက်လာသည်။


လူအုပ်ကြီး ထွက်ခွာသွားပြီဖြစ်၍ စားသောက်ဆိုင်လည်း တိတ်ဆိတ်သွားသည်။ 


ပုဖန် ခုံတစ်လုံးဆွဲ၍ စားသောက်ဆိုင် အပေါက်ဝတွင် ထိုင်နေသည်။ အသက်ရှုထုတ်လိုက်ပြီး စိတ်ထဲတွင် ကျေနပ်နေသည်။


အလုပ်များပြီးနောက် အေးအေးဆေးဆေး အနားယူခြင်းမှာ အမှန်ပင် ကြည်နူးစရာဖြစ်သည်။


ခွေးဘုရင် အဝေးတွင် လှဲလျောင်းနေရာမှ မေးလိုက်သည်။


" ကောင်လေးပုဖန် မသေမျိုးစားဖိုမှူး ပြိုင်ပွဲကို တကယ်ဝင်ပြိုင်မှာလား ..."


ပုဖန် သူ၏ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ထိုင်ခုံတွင် ပို၍ သက်တောင့်သက်သာဖြစ်ရန် မှီနေလိုက်သည်။


" ဟုတ်တယ် ..." 


" ဒါဆိုရင်တော့ မင်းရဲ့ခွန်အားတွေ တိုးတက်အောင် လုပ်ရမယ် အဲ့တာမှ မသေမျိုးသစ်ပင်ရှိတဲ့နေရာကို ဝင်ရောက်နိုင်ပြီး အကျိုးကျေးဇူးတွေရမှာ ... ကံဆိုးစွာနဲ့ပဲ မသေမျိုးသစ်ပင်က ခွေးဘုရင်ကို မကြိုဆိုဘူး ... ခွေးဘုရင်လည်း အဲ့နေရာကို နောက်တစ်ကြိမ်သွားပြီး ဆော့ကစားချင်သေးတယ်..."


ခွေးဘုရင် ပြောလိုက်သည်။


ပုဖန် အံ့ဩသွားသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကောင်းကင်ဘုံလမ်းကြောင်းကြီးကို ခွေးဘုရင် ကိုက်စားခဲ့သည်ဟု နယ်ပယ်သခင်တိထိုက် ပြောခဲ့သည်ကို သတိရသွားသည်။ 


အဲ့တာဆို ကောင်းကင်ဘုံလမ်းကြောင်းကြီး ဆိုတာက မသေမျိုးသစ်ပင် ရှိတဲ့နေရာလား ...


" ငါကြားတာတော့ ပထမဆုက နဂါးအစစ်ရဲ့ အသားဆို ... ပုဖန်ကောင်လေး မင်းရဲ့ခွန်အားနဲ့ စွမ်းရည်ကို တိုးတက်အောင် လုပ်ထားပါ ပြီးရင် နဂါးအသားကို ယူပြီးပြန်လာခဲ့ မင်းရဲ့ချစ်လှစွာသော ခွေးဘုရင်က နဂါးနံရိုးချိုချဉ်စားဖို့ စောင့်နေမယ် ..." 


ခွေးဘုရင် အေးဆေးစွာပင်ပြောပြီး အိပ်ပျော်သွားသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်များ အထက်သို့ ကော့တက်သွားသည်။ 


ဒါဆိုရင် ခွေးဘုရင် ဒီစကားတွေ ပြောတာက နဂါးနံရိုးချိုချဉ်စားဖို့ပေါ့ ...


သို့သော် ပုဖန် နဂါးအစစ်၏ အသားနှင့် ပက်သတ်၍ အနည်းငယ်သိချင်နေသည်။ သူ၏နှလုံးသားမှ မျှော်လင့်ချက်များကို ခံစားလိုက်ရသည်။


ယခုတစ်ကြိမ်တွင် ပထမဆုရရန် အခွင့်အရေးရှိပုံရသည်။



အချိန်များ ‌တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ 


၎င်း၏နေ့စဉ်လုပ်ငန်း ပြန်လည်စတင်သောအခါ စားသောက်ဆိုင်မှာ ငြိမ်သက်သွားပြန်သည်။


ပန်းပွင့်လေးမှာ အဆင့်မြင့် မသေမျိုးဟင်းလျာကို စားပြီးသည့် အချိန်ကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်သည်။ သူမ၏ တစ်ကိုယ်လုံးကို မှုန်ဝါးနေသော စွမ်းအင်များဖြင့် ဖုံးလွှမ်းထားသည်။


ခွေးဘုရင် ယခင်အဖြစ်အပျက်များကြောင့် ပင်ပန်းနေပုံရသည်။ ဤရက်ပိုင်းများတွင် ကြမ်းပြင်ပေါ်၌သာ လှဲပြီး ပျင်းရိနေသည်။


နယ်သာရီ အတန်ငယ် ငြီးငွေ့‌နေသည်။ သူမစားသောက်ဆိုင်တွင် အပြန်ပြန်အလှန်လှန် လျှောက်သွားကာ တစ်ခါတစ်ရံ ကုန်းပတ်ပေါ်တွင် ထိုင်ရန် ငရဲကမ္ဘာသင်္ဘောဆီသို့ ပြန်သွားခဲ့သည်။ သူမ ဘာတွေးရမှန်းပင် မသိချေ။


ဤကဲ့သို့ ငြိမ်းချမ်းသော နေ့ရက်လေးများက ပုဖန်ကို သက်တောင့်သက်သာ ဖြစ်စေသည်။ 


အဘယ့်ကြောင့်ဆိုသော် စနစ်၏ စစ်ဆေးချက်ကို အောင်မြင်သွား၍ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်သည်။


အခြားသူများအတွက် ဤသည်မှာ ခက်ခဲပြီး စိန်ခေါ်မှုများပြည့်နေသည့် ခြေလှမ်းတစ်ခုဖြစ်သော်လည်း ပုဖန်က အားစစိုက်ထုတ်ဘဲ ကျော်ဖြတ်နိုင်ခဲ့သည်။


သို့သော် ထိုသို့ကျော်ဖြတ်ခဲ့သော်လည်း ပုဖန်၏ အချက်အပြုတ်စွမ်းရည်မှာ အလွန် မတိုးတက်လာပေ။ 


သူ၏ စိတ်စွမ်းအင်တိုးတက်မှုမှာလည်း မသိသာလာခဲ့ပေ။ ယေဘုယျအားဖြင့် ဆိုရသော် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူနှင့် နှိုင်းယှဉ်ပြီး ကိရိယာဝိညာဉ်များနှင့် ပေါင်းစပ်လိုက်ပါက သူ၏ စိတ်စွမ်းအင်မှာ ကြယ်သုံးပွင့် သို့မဟုတ် ကြယ်လေးပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့ ရောက်သွားနိုင်သည်။


ထိုအချိန်တွင် ပုဖန် ရွှေကြာနတ်ဆိုးမီးတောက် အသုံးပြုနည်းကို စတင်လေ့လာခဲ့သည်။


ထုံယော့က ဤမသေမျိုးမီးတောက်နှင့် ကျင့်ကြံထားသဖြင့် ၎င်း၏အဆင့်မှာ မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၀အတွင်း ဝင်လာခဲ့သည်။


၎င်း၏ ခွန်အားသည် အလွန်ကောင်းမွန်သောကြောင့် ပုဖန်ကို အလွန်ကျေနပ်အားရစေသည်။


သို့သော် ဤမသေမျိုးမီးတောက်၏အဆင့်မှာ အဆင့် ၅၀သာ ရှိသေးသည်။ အဆင့်မြင့်သော မီးတောက်များ မည်မျှကြောက်မက်ဖွယ်ကောင်းပြီး သန်မာမည်ကို ပုဖန် သိချင်နေသည်။ 


မသေမျိုးမီးတောက်ကို ပေါင်းစပ်ရန်မှာ ခက်ခဲလွန်းလှသည်။ မည်သို့ပင်ဖြစ်စေ စနစ်မှပေးသော မစ်ရှင်ကို အောင်မြင်ပါက မသေမျိုးမီးတောက်များ ပေါင်းစည်းနိုင်မည့် အရည်အချင်းကို စနစ်ထံမှ ရရှိလိမ့်မည်ဟု ပုဖန် တွေးနေခဲ့သည်။


မရေရာသော ဆုကို ဤနေရာတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ကြောင်း အစောပိုင်းက သိရှိခဲ့သည်။


စနစ်သည်လည်း သူ၏ မသေမျိုးမီးတောက်ကို အဆင့်မြင့်လာပြီး အဆက်မပြတ်တိုးတက်စေချင်ပုံ ရသည်။ 


ထိုသို့ ဖြစ်လာလိမ့်မည်ဟု ပုဖန် မျှော်မှန်းထားပြီးဖြစ်သည်။ သူ၏ အချက်အပြုတ်စွမ်းရည် တိုးတက်လာမှုနှင့်အတူ ရွှေကြာနတ်ဆိုးမီးတောက်သည်လည်း ယခင် ကောင်းကင်ကမ္ဘာမြေမီးလျံ ကဲ့သို့ဖြစ်လာပြီး သူ၏အဆင့်ကို အမီလိုက်နိုင်မည် မဟုတ်တော့ပေ။ 


နောက်ဆုံးတွင် သူ့အတွက် သန်မာသော မီးတောက်ကို လ်ုအပ်လာမည်ဖြစ်သည်။


ချီလင်စားဖိုမှူးတစ်ဦးစီ၏ မသေမျိုးမီးတောက်များမှာ အဆင့်တစ်ဆယ်အတွင်းရှိပြီး နယ်ပယ်သခင်တိထိုက်၏ မီးတောက်မှာ မည်မျှစွမ်းအားကြီးမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ 


အေးချမ်းသော ဤနေ့ရက်များတွင် စားသောက်ဆိုင်ဖွင့်ခြင်း မသေမျိုးမီးတောက်ကို ထိန်းချုပ်နည်းကို လေ့ကျင့်ခြင်း အင်မော်တယ် ဖြတ်တောက်ခြင်း ပုံစံကို လေ့ကျင့်ခြင်းအပြင် မူမိသားစုနေထိုင်ရာသို့လည်း သွားရောက်ပြီး သင်ကြားပို့ချပေးခဲ့ပါသည်။


ဤတစ်ကြိမ်တွင် အလုပ်သင်စားဖိုမှူး ရွေးချယ်ရမည်ဖြစ်သည်။


ပိုက်က ကောင်းတယ် ဆွဲဖို့ အချိန်တန်နေပြီ ...


မည်သူ့ကို ရွေးချယ်ရမည်ကို အချိန်အတော်ကြာ စောင့်ကြည့်လေ့လာပြီး နောက်ဆုံးတွင် အဖြေတစ်ခုရရှိခဲ့သည်။


ထိုနေ့တွင် စားသောက်ဆိုင်အတွင်း ရှားပါးသော အေးချမ်းမှုကို ခံစားလျက် ခြေထောက်များကို အေးအေးဆေးဆေး လှုပ်ယမ်းလိုက်ကာ ပုဖန် ကုလားထိုင်ပေါ်တွင် အနားယူနေသည်။


ယနေ့လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ပြီး ဓားစွမ်းရည်ကိုလည်း လေ့ကျင့်ပြီးပြီဖြစ်သည်။


သို့သော် သူ၏မျက်လုံးများကို မှေးစင်း၍ အနားယူမည့်အချိန်တွင် ...


အဝေးမှ ပုံရိပ်တစ်ခု လျင်မြန်စွာ ပြေးလာသည်။


တကျွိကျွိအသံဖြင့် စားသောက်ဆိုင် တံခါးများ ပွင့်လာသည်။


ထိုပုံရိပ် စားသသောက်ဆိုင်ထဲသို့ ဝင်လာသောအခါ ခုံပေါ်တွင် သက်တောင့်သက်သာ အနား‌ယူနေသော ပုဖန်ကို တွေ့သွားသည်။


ပုဖန်၏ အိပ်ပျော်နေသောပုံစံကို မူလျှို့အာ တွေ့လိုက်သောအခါ ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ပေ။ 


" ပိုင်ရှင်ပု ဒုတိယအလွာက အရည်အချင်းရှိတဲ့ မသေမျိုးစားဖိုမှူးတွေ ပထမအလွှာကို ရောက်လာကြပြီ ... အခု သူတို့တွေ အချက်အပြုတ်စွမ်းရည်ကို လေ့လာပြီး ဆွေးနွေးကြဖို့ မြို့တော်သခင်အိမ်တော်မှာ လူစုနေကြတယ် ... ရှင်လည်း လာပူးပေါင်းသင့်တယ် ..." 


မူလျှို့အာ၏ အသံကို ကြားလိုက်ရသောကြောင့် ပုဖန် မတတ်နိုင်ပဲ မျက်လုံးများ ဖွင့်လိုက်ရသည်။


" ဘာလို့ သြားရမွာလဲ ..."


မူလျှို့အာ အံ့ဩသွားသည်။


" ထုံမိသားစူနဲ့ ကျန်းမိသားစုက မသေမျိုးစားဖိုမှူးတွေက ရှင်ကအရမ်းမာနကြီးတယ်လို့ ပြောထားကြလို့ အခု ဒုတိယအလွှာက မသေမျိုးစားဖိုမှူးတွေက အရမ်းဒေါသထွက်နေကြတယ် ... သူတို့က ရှင့်ရဲ့နာမည်ကိုပြောပြီး ရှင်နဲ့ပြိုင်ချင်နေကြတယ် ..." 


မူလျှို့အာ သက်ပြင်းချလိုက်သည်။


" ပိုင်ရှင်ပု မသေမျိုးစားဖိုမှူး ပြိုင်ပွဲမှာ ပါဝင်မယ်မလား အဲ့တာဆိုရင် ဒီဆွေးနွေးပွဲကို တက်သင့်တယ် ...ဒုတိယအလွှာက မသေမျိုးစားဖိုမှူးတွေရဲ့ အင်အားနဲ့ ကျွမ်းကျင်မှုတွေကို လေ့လာကြည့်ရှုပြီး နားလည်နိုင်တယ်‌လေ ..."


ပုဖန် ပါးစပ်ကို ကျယ်လောင်စွာဟပြီး သမ်းဝေလိုက်သည်။ ထို့နောက် မူလျှို့အာကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ 


" သူတို့ ငါ့နာမည်ကို ပြောတာနဲ့ပဲ မဖြစ်မနေ သွားရမှာလား ... ငါ မသေမျိုးစားဖိုမှူးပြိုင်ပွဲကို ဝင်ပြိုင်မယ်ပြောထားတာနဲ့ပဲ ဒီဆွေးနွေးပွဲကို တက်မှာမဟုတ်ဖူး ... သူတို့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ အဆင့်တွေကိုလည်း နားလည်စရာမလိုဘူး ပြန်သွားပြီးတော့ ငါအလုပ်ရှုပ်နေတယ် အချိန်မရှိဘူး ဆိုပြီး ပြောလိုက် ..." 


ပုဖန် ထိုစကားကို ပြောပြီးနောက် သူ၏ခန္ဓာကိုယ်ကို လှည့်ကာ သက်တောင့်သက်သာ အိပ်နေလိုက်သည်။