အခန်း ၁၀၂၃
ဝှိုက်တီ သူတို့ကို အင်္ကျီချွတ်ပြီး ကန်ထုတ်လိုက်စမ်း
သူ့မှာ အချိန်မရှိဘူးလား ...
မူလျှို့အာ ဆွံ့အသွားသည်။ ခုံပေါ်တွင်လှဲ၍ ဆက်တိုက် သမ်းဝေနေသော ပုဖန်ကို မူလျှို့အာ တိတ်ဆိတ်စွာ ကြည့်နေသည်။
ဒါက အချိန်မရှိတဲ့ လူရဲ့ ပုံစံမှမဟုတ်တာ ...
ဘာ သောက်အချိန်မရှိတာလဲ ...
သူ အနည်းဆုံးတော့ အလုပ်ရှုပ်နေသလို ဟန်ဆောင်သင့်တယ်လေ ...
မူလျှို့အာ ကူကယ်ရာမဲ့စွာဖြင့် သူမ၏နဖူးကို ပွတ်သပ်နေသည်။
ပုဖန်၏ပုံစံကို ကြည့်ရသည်မှာ သွားရန် အစီအစဉ် ရှိပုံမရပေ။ သို့သော်လည်း မူလျှို့အာအနေဖြင့် ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများနှင့် ပက်သတ်၍ မကောင်းသော ခံစားချက်တစ်မျိုး ရှိနေသည်။
ပညာရပ်များလေ့လာ၍ ဆွေးနွေးရန် လာခဲ့သည်ဟု ပြောကြသော်လည်း အမှန်တကယ်တွင် ထိုမသေမျိုးစားဖိုမှူးများမှာ သူတို့အပေါ် အထင်သေးနေသည်။
သူတို့သည် ထုံမိသားစုနှင့် ကျန်းမိသားစုမှ ဦးညွှတ်ထားသည့် တစ်ဦးတည်းသော မသေမျိုးစားဖိုမှူးများဖြစ်ကြသည်။
ကုန်းရှို့ပန်၊ ရွှမ်ယွမ်ရှားဟွေ့နှင့် အခြားသူများမှာ မတက်ရောက်ကြပေ။
အမှန်တွင် မူလျှို့အာလည်း မသွားချင်သော်လည်း မြို့တော်သခင်၏ သမီးတစ်ယောက်အနေဖြင့် လူမှုရေးအရ သွားရန် တာဝန်ရှိနေသည်။ မူယန်မှာ မြို့တော်သခင်တစ်ဦးဖြစ်သော်လည်း သူ၏ရာထူးမှာ မြို့တော်သခင်ငါးဦးတွင် အောက်ခြေ၌ရှိနေပြီး ဖိနှိပ်ရန် အလွယ်ကူဆုံးရာထူးဖြစ်နေသည်။
မူယန် သူ၏လက်ရှိတာဝန်ကို အချိန်မတန်မီ ထမ်းဆောင်ခဲ့သောကြောင့် မြို့တော်သခင်တစ်ဦး၏ စံပြအရည်အချင်းများကို မရရှိခဲ့ပေ။
မြို့တော်သခင်တစ်ဦးဖြစ်ရန် ကိုက်ညီသည့်ခွန်အားနှင့် သင့်လျော်သော အချက်အပြုတ်အဆင့် ရှိရမည်ဖြစ်သည်။
မူယန် မြို့တော်သခင် မဖြစ်လာမီက ယခင် မြို့တော်သခင်မှာ ချီလင်စားဖိုမှူးဖြစ်သည်။ ထိုလူမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ချီလင်စားဖိုမှူးငါးဦး၏ ခေါင်းဆောင်လည်း ဖြစ်သည်။
တစ်ဖက်တွင် မူယန်မှာ တတိယအဆင့် မသေမျိုးစားဖိုမှူးသာ ဖြစ်နေသေးသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် တတိယအဆင့် မသေမျိုးစားဖိုမှူးများကို ရှားပါးသည်ဟု ယူဆကြသော်လည်း ဒါဇင်များစွာ ရှိပါသေးသည်။
အထက်အလွှာများတွင် တတိယအဆင့် မသေမျိုးစားဖိုမှူး မြောက်များစွာ ရှိနေသည်။
မူလျှို့အာသည်လည်း ခုံတစ်ခုံဆွဲ၍ ပုဖန်ဘေးတွင် ထိုင်လိုက်သည်။ သူ၏အသွင်အပြင်ကို တုပလျက် ခန္ဓာကိုယ်ကို ဆန့်တန်းပြီး သက်တောင့်သက်သာရှိသည့် နေရာကို ရှာဖွေနေသည်။
" အင်း ... ဒါက အရမ်းသက်တောင့်သက်သာရှိတယ် ပြောရမှာပဲ ... ဘာကိုမှ တွေးနေစရာမလိုဘူး ပန်းပွင့်လေးတွေ ကြွေကျတာ ကြည့်နေရုံပဲ ..."
မူလျှို့အာ ရေရွတ်လိုက်သည်။
" ဟုတ်တယ် ငါ့ရဲ့လုပ်ငန်းတွေနဲ့ လေ့ကျင့်စရာတွေ ပြီးသွားရင် ဒီမှာ ခဏလောက်လှဲလျောင်းပြီး အနားယူလေ့ရှိတယ် ..."
ပုဖန် ပြောလိုက်သည်။
သူ မူလျှို့အာကို လှည့်ကြည့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။
" မင်းရော ဆွေးနွေးပွဲကို မသွားဘူးလား ..."
ပုဖန် မေးလိုက်သည်။
" ရှင် မသွားရင် ကျွန်မလည်း မသွားတော့ဘူး အဲ့ဒီလူတွေက မုန်းစရာကောင်းတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ရှင် ပြိုင်ပွဲမှာ သူတို့ ဖင်တွေကို သေအောင်ရိုက်ပြီး အနိုင်ယူလိုက်လို့ရတာပဲ အဲ့တာဆို သူတို့ကို ကျွန်မ ပါးရိုက်လိုက်ရသလိုပဲ ..."
မူလျှို့အာ မဲ့ပြုံးပြုံးပြီး ရယ်လိုက်သည်။
မူလျှို့အာမှာ အလွန်ကြည့်မကောင်းပေ။ နယ်သာရီနှင့် ယှဉ်ပါက ရုပ်ဆိုးသည်ဟုပင် သတ်မှတ်နိုင်သည်။
ဒါက မူမိသားစုရဲ့ မျိုးရိုးဗီဇလည်း ဖြစ်နိုင်တယ် ...
" ဒါက ဟင်းချက်ပြိုင်ပွဲလေ အတိုက်အခိုက်ပြိုင်ပွဲ မဟုတ်ဖူး ... သူတို့ကို သေအောင်ရိုက်တာက ကြမ်းတမ်းတဲ့ နည်းလမ်းပဲ ... ငါသာဆိုရင် ပိုပြီး ယဉ်ကျေးသိမ်မွေ့တဲ့ နည်းလမ်းနဲ့ လုပ်မှာ ..."
ပုဖန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
မူလျှို့အာ အံ့ဩသွားသည်။
" ဘယ်လိုလဲ ..."
" ငါ မင်းအစား သူတို့ကို လှန်ပေးထားမယ် မင်းကရိုက်လိုက်ရုံပဲ ..."
မူလျှို့အာ မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်သွားသည်။
တကယ်ကြီးလား ...
" ငါလည်း ဒီ မသေမျိုးစားဖိုမှူးပြိုင်ပွဲကို မျှော်လင့်ထားတယ် ... "
ပုဖန် ရုတ်တရက် ပြောလိုက်သည်။
" အယ် ..."
မူလျှို့အာ မျက်ခုံးပင့်လျက် ပုဖန်ကို ကြည့်လိုက်သည်။
" ပထမဆုက နဂါးအစစ်ရဲ့အသားတဲ့ ...စားဖိုမှူးတစ်ယောက်က တိုးတက်ချင်ရင် အဆင့်မြင့်ပါဝင်ပစ္စည်းတွေနဲ့ ကြိုးစားကြည့်ရတယ် ပါဝင်ပစ္စည်းမျိုးစုံကိုသုံးပြီး ချက်ပြုတ်ဖူးတဲ့ စားဖိုမှူးတစ်ဦးက ပို ကျယ်ပြန့်တဲ့အမြင်ရှိတယ် ... မသေမျိုးသစ်ပင်နေရာကိုလည်း ဝင်ခွင့်ရဖို့ မျှော်လင့်နေတယ် ..."
သို့သော် မူလျှို့အာ တိတ်ဆိတ်နေသည်။
" မသေမျိုးသစ်ပင်နေရာက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးမှာ အရေးအကြီးဆုံးနေရာပဲ ... ပိုင်ရှင်ပု အကယ်၍ ရှင်သာ အဲ့ဒီနေရာကို ရောက်မယ့်စားဖိုမှူးတွေထဲက တစ်ယောက်ဖြစ်ခဲ့ရင် ကျေးဇူးပြု၍ သတိထားပါ ..."
" အရေးအကြီးဆုံးနေရာဆိုရင် ဘာလို့ သတိထားရမှာလဲ... အန္တရာယ်များလို့လား ..."
ပုဖန် သံသယဝင်စွာမေးပြီး မူလျှို့အာကို ကြည့်လိုက်သည်။
" ဟုတ်တယ် အရင် မြို့တော်သခင် ဘာလို့သေသွားလဲသိလား ... သူက မသေမျိုးသစ်ပင်နေရာမှာပဲ အတိအကျကို သေသွားတာ ..."
မူလျှို့အာ ဝမ်းနည်းစွာ ဖြေလိုက်သည်။
ထိုကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်၍ မည်သူမျှ မသိကြပေ။
ပုဖန် အံ့အားသင့်သွားသည်။
ပထမအလွှာရဲ့ အခင်မြို့တော်သခင် ချီလင်စားဖိုမှူးက မသေမျိုးသစ်ပင်နေရာမှာ မထင်မှတ်ပဲ သေသွားတာလား ...
အခန်းတွင်းရှိ လေထု ရုတ်တရက် ငြိမ်သက်သွားသည်။ နှစ်ဦးလုံး စကားထပ်မပြောကြပေ။
ခဏအကြာတွင် မူလျှို့အာ ထိုင်ခုံမှ ထသွားသည်။ ပုဖန်ကို နှုတ်ဆက်ပြီးနောက် စားသောက်ဆိုင်မှ ထွက်ခွာသွားသည်။
သူမ၏ပုံရိပ်မှာ လမ်းမထက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
...
မူလျှို့အာ ပြန်သွားပြီးနောက် တဖြည်းဖြည်း ညဘက်သို့ရောက်လာသည်။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ညကောင်းကင်ယံမှာ ကြယ်နှင့် လမရှိ၍ မလှပပေ။
ကောင်းကင်တစ်ခုလုံး မည်းမှောင်နေပြီး အဆုံးမဲ့ ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။
သို့သော် မသေမျိုးမြို့တော်ရ၏ညမှာ စည်ကားလျက်ရှိသည် ။ နေရာတိုင်းတွင် ဈေးဆိုင်များရှိပြီး လမ်းများကို မီးပုံးများဖြင့် အလှဆင်ထားသည်။
အဝေးမှကြည့်လျှင် မြေပြင်ပေါ်တွင် လင်းလက်နေသော ကြယ်ရောင်များကဲ့သို့ မြို့ပြမီးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
သို့သော် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးသည် အနည်းငယ် ဝေးလံသောနေရာတွင် တည်ရှိသောကြောင့် မီးများကျိုးတိုးကျဲတဲ ဖြစ်နေသည်။ ခြုံငုံကြည့်လျှင် ပတ်ဝန်းကျင်မှာ အတော်လေး မှိန်ဖျော့ပြီး တိတ်ဆိတ်နေသည်။
အဝေးတွင် ...
လူအုပ်စုတစ်စု ဖြည်းညှင်းစွာ လျှောက်လာကြသည်။
ထိုလူအားလုံး သန့်ရှင်းသပ်ရပ်သော စားဖိုမှူးဝတ်စုံများ ဝတ်ဆင်ထားကြသည်။ ည၏ လွှမ်းခြုံမှု မောက်တွင် သူတို့၏ မျက်နှာများကို သဲသဲကွဲကွဲ မမြင်ရပေ။
သို့သော် သူတို့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု ထွက်ပေါ်နေပြီးဖြတ်သန်းသွားသူတိုင်းကို တိတ်တဆိတ် ခြိမ်းခြောက်နေသကဲ့သို့ပင်။
" ဒါက မင်းပြောတဲ့ စားသောက်ဆိုင်လေးလား ... သနားစရာတောင် ကောင်းတယ် ..."
ငြီးတွားသံတစ်ခုနှင့်အတူ အမှောင်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုလူမှာ အစိမ်းရင့်ရင့်ဆံပင်ရှည်များဖြင့် အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏မေးရိုးမှာ ချွန်ထက်နေပြီး သန့်ရှင်းသပ်ရပ်သော စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားပြီး မာနကြီးသောအမူအရာဖြင့် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးကို အေးစက်စွာ ကြည့်နေသည်။
" ရှောင်ပုကျွင် ဒီဆိုင်က မြို့တော်သခင် အလေးထားတဲ့ဆိုင်လေ ... ဒီဆိုင်ရဲ့ စားဖိုမှူးက မသေမျိုးစားဖိုမှူးပြိုင်ပွဲမှာ အဆင့်တစ်ရာအတွင်းဝင်ဖို့ ပထမအလွှာရဲ့ မျှော်လင့်ချက်ပဲ ..."
တခြားလူ တစ်ဦးမှ ပြောလိုက်သည်။
သူ၏အသံက နှိမ့်ချနေသော အရိပ်အမြွက်များ ပါဝင်နေသည်။
ဆံပင်အစိမ်းရောင်နှင့်လူ စားသောက်ဆိုင်၏ တံခါးများဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သေးငယ်၍ တောက်ပြောင်နေသော မီးခိုးရောင်ဓားကို ထုတ်ယူကာ ဆုပ်ကိုင်ထားလိုက်သည်။
" ဆွေးနွေးပွဲက အချက်အပြုတ်စွမ်းရည်တွေ အကြောင်းပဲဆိုကတည်းက ငါတို့ သန်မာတဲ့စားဖိုမှူးကို ရှာသင့်တယ် ... မင်းရဲ့အမှိုက်လို လူအုပ်စုနဲ့ ဘာမှဆွေးနွေးစရာ မရှိဘူး ..."
ရှောင်ပုကျွင် သူ၏လက်ထဲတွင် ဓားကိုလှည့်ကာ ကျယ်လောင်စွာ ရယ်ပြီး ပြောလိုက်သည်။ ဓားသည် လှည့်ပတ်လာသည် နှင့်အမျှ ချွန်ထက်သော လေချွန်သံတစ်ခု ထွက်ပေါ်လာပုံရသည်။
ရှောင်ပုကျွင်ကို ကြည့်ကာ ထုံရွှေ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
ဤမာနကြီးသောလူမှာ ဆွေးနွေးပွဲအတွက် စေလွှတ်လိုက်သည့် ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးအဖွဲ့မှ လူတစ်ဦးဖြစ်သည်။
သူ၏ အချက်ပြုတ်စွမ်းရည်မှာ အမှန်ပင် သန်မာလှသည်ဟု ပြောရပေမည်။
ဒုတိယအဆင့် မသေမျိုးစားဖိုမှူးအဆင့်သို့ ရောက်နေပြီဟုပင် ကြားသိရပြီး ကုန်းရှို့ပန်ထက်ပင် သန်မာသည်ဟု ဆိုနိုင်သည်။
သို့သော် ဤလူမှာ အလွန်မာနကြီးပြီး ပထမအလွှာမှ မသေမျိုးစားဖိုမှူးများကို သိသိသာသာ လှောင်ပြောင်သရော်သည်။
ဤတစ်ကြိမ် မသေမျိုးစားဖိုမှူးအဖွဲ့မှ လူများမှာ အားလုံးမာနကြီးကြသည်ဟု ဆိုနိုင်ပြီး အခြားလူများမှာ ရှောင်ပုကျွင်ထက်ပင် ပိုဆိုးကြသည်။
သို့သော် ထိုကဲ့သို့ ပြုမူရန် သူတို့တွင် အမှန်တကယ် ခွန်အားရှိကြသည်။
ထုံရွှေမှာ ထုံမိသားစု၏ မသေမျိုးစားဖိုမှူးဖြစ်ပြီး သူ၏အရည်အချင်းမှာ ထုံချန်းထက် အနည်းငယ် သာလွန်သည်။
သို့သော် သူ ရှောင်ပုကျွင်ကို ရင်ဆိုင်ရသောအခါတွင် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ဤဖိအားကြောင့် မီးဖိုချောင်သုံးဓားကို ကိုင်လိုက်သောအခါ၌ပင် သူ၏လက်ကို အနည်းငယ် တုန်ယင် သွားစေခဲ့သည်။
" ကောင်းပြီလေ ... မင်းတို့ ပထမဆုံးအလွှာရဲ့အစွမ်းထက်ဆုံး စားဖိုမှူးငယ်လေးက ဘယ်လောက်တောင် သန်မာလဲ ကြည့်ရအောင် ... "
ရှောင်ပုကျွင် သူ၏လက်ကို ခါယမ်းလိုက်သည်။ ရုတ်တရက် သူ၏လက်ထဲတွင် ပေါ်လာသော ဝိညာဉ်ဆေးပင်များကို သူ မဆိုင်းမတွပင် ပါးစပ်ထဲထည့်လိုက်သည်။
လူတစ်စုက သူ၏နောက်မှ လိုက်လာပြီး မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏တံခါးကို အလျင်အမြန် ဝန်းရံလိုက်ကြသည်။
ညဉ့်နက်နေပြီဖြစ်သောကြောင့် တံခါးများ ပိတ်သွားခဲ့ပြီဖြစ်သည်။
သို့သော် တံခါးအက်ကွဲကြောင်းကြားမှ မီးရောင်တစ်ခုကို မြင်ရသောကြောင့် တစ်စုံတစ်ယောက် နိုးနေသေးကြောင်း သိလိုက်ရသည်။
" မင်း တံခါးခေါက်ပြီးတော့ အပြင်ထွက်လာဖို့ ပြောလိုက် ..."
ရှောင်ပုကျွင် သူ၏လက်ထဲတွင် ဆေးပင်အချို့ကို ကိုင်ဆောင်ထားကာ ပြောလိုက်သည်။
ထုံရွှေ မျက်ခုံးများပင့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ခြေလှမ်းလိုက်သည်။
ဤစားသောက်ဆိုင်ကို ကိုင်တွယ်ဖြေရှင်းရန် အင်အားသုံး၍မရဟု ထုံမိသားဟုခေါင်းဆောင် ထုံဝူတီ ပြောထားသည်။ သို့သော် သူ၏ အချက်ပြုတ်စွမ်းရည်ကို မသုံးရဟု မပြောထားပေ။
ထုံမိသားစုကိုယ်စားပြုပြီး ထိုသေမျိုးကို ချေမှုန်းပြီးသည်နှင့် ထိုလူကို အကြင်နာမဲ့စွာ ဟားတိုက် ရယ်မောနိုင်ပြီဖြစ်သည်။
ဤကဲ့သို့ ထင်ပေါ်ကျော်ကြားမှုမျိုးမှာ တွေးကြည့်ရုံနှင့်ပင် အားရဝမ်းသာစရာ ကောင်းလှသည်။
" မင်း ဘာလုပ်နေတာလဲ မြန်မြန် သူ့ကိုခေါ်လိုက် ..."
စားသောက်ဆိုင်တံခါးရှေ့တွင် ရပ်နေသော ထုံရွှေကိုကြည့်၍ ရှောင်ပုကျွင် ဆေးပင်များကို ကိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ထုံရွှေ အာရုံစိုက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တွင် ပြင်းထန်သော အော်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စစ်မှန်စွမ်းအင်များ သူ့ထံမှ ထွက်ပေါ်လာသည်။
တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် တံခါးများကိုလက်သီးနှင့် ထိုးပစ်လိုက်သည်။
ထုံရွှေသည် ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည်။ အဖိုးတန် ဝိညာဉ်ဆေးဖက်ဝင်အပင်များ၏ အကူအညီဖြင့် ဤကျင့်ကြံမှုကိုအောင်မြင်ခဲ့ပြီး သူသည်လည်း ထုံမူဟဲထက် အားမနည်းပေ။
အခြေခံအားဖြင့် မသေမျိုးစားဖိုမှူးများ၏ ကျင့်ကြံမှု အများအပြားကို ဝိညာဉ်ဆေးဖက်ဝင်အပင်များဖြင့် တည်ဆောက်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နောက်တစ်ဆင့်သို့ တက်လှမ်းလိုကြပြီး ကျင့်ကြံမှုသည်လည်း သူတို့နှင့် အမှီလိုက်နေရမည်ဖြစ်သည်။
ထုံရွှေ၏ လက်သီးချက်များတွင် အလင်းတန်းများ တောက်ပစွာ ဖြာထွက်နေသည် ။ ၎င်းမှာ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူ၏ စွမ်းအားများပါရှိသော လက်သီးချက်ဖြစ်သည်။
သူ၏လက်သီးများ တံခါးကို ထိသွားသည်နှင့် ထုံရွှေသူ့ကိုယ်သူ ဂုဏ်ယူသွားသည်။ သူ၏ လက်သီးချက်များမှာ တောင်ငယ်တစ်ခုကိုပင် ဖြိုခွဲနိုင်သည်ဖြစ်၍ တံခါးတစ်ခုကို ရိုက်ချိုးရခြင်းမှာ ပုရွက်ဆိတ်ကို ဖိသတ်သကဲ့သို့ပင်။
သို့သော် ...
တံခါးမှာ တင်းတင်းစေ့လျက်ရှိပြီး ခြစ်ရာပင် မကျန်ခဲ့ပေ။
လူအားလုံး သူ့ကို မျက်တောင်မခတ်ပဲ ကြည့်နေကြသည်။
ရှောင်ပုကျွင် မျက်ဆံလှန်လိုက်သည်။
ပထမအလွှာက လူတွေ အရမ်းအားနည်းတာပဲ ... တံခါးလေးတစ်ခုတောင် မဖျက်နိုင်ကြဘူး ...
ထုံရွှေ ရှက်သွားသည်။ ထို့နောက် သူ၏ကိုယ်တွင်းမှ ဒေါသလှိုင်းများ မြင့်တက်လာသည်။
ဒါက တံခါးတစ်ချပ်ပဲလေ ... ဘာလို့ မကျိုးသွားရတာလဲ ... ဒီတံခါးက သူ့ကို မျက်နှာပျက်အောင် လုပ်နေတာပဲ ...
သူ၏ စစ်မှန်စွမ်းအင်များကို လက်သီးထဲတွင် နောက်တစ်ကြိမ်စုပြီး တံခါးကို ထပ်မံထိုးလိုက်သည်။
သို့သော် ...
တံခါးမှ မပြောင်းလဲပဲ ရှိနေပြီး အသံပင် မထွက်ချေ။
" ဒါ ... တစ်ခုခု ထူးဆန်းနေပြီ ...."
ထုံရွှေ အရူးမဟုတ်ပေ။ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ လက်သီးချက် နှစ်ချက်မှာ ကြီးမားသည်ဟု ယူဆ၍ ရသော်လည်း နှစ်ချက်လုံးက တံခါးကို မချိုးဖျက်နိုင်ခဲ့ပေ။ ထိူ့ကြောင့် ဤစားသောက်ဆိုင်နှင့် ပက်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိရှိရန် လုံလောက်ပြီ ဖြစ်သည်။
ရှောင်ပုကျွင် မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက် စားသောက်ဆိုင်တွင်းမှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
" စားသောက်ဆိုင်က ပိတ်သွားပါပြီ ... တကယ်လို့ စားချင်တယ်ဆိုရင် မနက်ဖြန်မနက်မှ လာပြီး တန်းစီပေးပါ ..."
ဘာ ...
ထိုနေရာတွင် ရှိနေသူအားလုံး အေးခဲကုန်သည်။
" အဲ့ဒီစားဖိုမှူးက တကယ်ကို ဘဝင်မြင့်နေတာပဲ ..."
ဆေးပင်များမှ အဆီအနှစ်များကို စုပ်ယူထားပြီးပြီဖြစ်၍ ရှောင်ပုကျွင် ၎င်းတို့ကို ထွေးထုတ်လိုက်သည်။ စားသောက်ဆိုင်ကိုကြည့်၍ သူ၏မျက်လုံးများထဲတွင် အထင်သေးမှုများနှင့် ပြည့်နှက်နေသည် ။
" ကြီးကျယ် မြင့်မြတ်ဟန်ဆောင်နေတယ် ဟုတ်လား ဟမ် ..."
ရှောင်ပုကျွင် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် စစ်မှန်စွမ်းအင်သည် ရုတ်တရက် သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင်သူ၏ လက်ဖဝါးထက်တွင် စုစည်းကာ စစ်မှန်စွမ်းအင်ဘောလုံးတစ်ခု ဖြစ်လာသည်။
" ထွက်ခဲ့စမ်း မဟုတ်ရင် မင်းရဲ့တံခါးတွေကို ဖျက်ဆီးပစ်မယ် ..."
ထုံရွှေအော်ဟစ်လိုက်သည်။
ဤအဆင့်နိမ့်အလွှာမှ တစ်စုံတစ်ယောက်က သူ့အား ဤသို့ ဆက်ဆံရဲသည်။
ထုံရွှေနှင့် အခြာ မသေမျိုးစားဖိုမှူးများ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။
ခဏလောက် တွေးတောပြီးနောက် ထုံရွှေ ပြောလိုက်သည်။
" ရှောင်ပုကျွင်က ဒုတိယအလွှာက ပင်ကိုစွမ်းရည်ရှိတဲ့ မသေမျိုးစားဖိုမှူးတစ်ယောက်ဖြစ်ပြီး မြို့တော်သခင် အိမ်တော်က လေးစားရတဲ့ ဧည့်သည်တစ်ယောက်ပဲ ... မင်း မရိုမသေဆက်ဆံပြီး ငါတို့ ပထမအလွှာရဲ့ မျက်နှာ မပျက်စေနဲ့ ..."
ထိုစကားများ ပြောပြီးသောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
" စားသောက်ဆိုင်ပိတ်ပြီလို့ ငါပြောပြီးပြီနော် ... မင်းတို့စားသောက်ချင်တယ်ဆိုရင် မနက်ဖြန်မှ ပြန်လာပြီး တန်းစီကြ ... နားလေးနေတာလား ..."
တည်ငြိမ်သောအသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
ထုံရွှေ အံ့ဩသွားသည်။
ရှောင်ပုကျွင် မျက်မှောင်ကြုတ်ပြီး သူ၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။ ထို့နောက် သူထွက်လာပြီး စစ်မှန်စွမ်းအင်ဘောလုံးကို တံခါးများဆီသို့ ပစ်ချလိုက်သည်။
" ငါတို့ သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော် ... "
ထိုစွမ်းအင်ဘောလုံးများတွင် ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေပြီး ၎င်းတို့ကိုရှေ့သို့ ပစ်လွှတ်လိုက်သည့်အချိန်တွင် ဟင်းလင်းပြင်တစ်ခုလုံး ပုံစံပျက်ပြီး ကမောက်ကမ ဖြစ်သွားသည်။
ဝုန်း ...
ရှောင်ပုကျွင် ဟိန်းဟောက်ပြီး သူ၏လက်သီးကို ပစ်လွှတ်လိုက်သည်။ အရှိန်မှာ အလွန်လျင်မြန်ပြီး ထိုလက်သီးတွင်ပါရှိသော စွမ်းအားသည် အလွန်ပြင်းထန်သည်။
ရှောင်ပုကျွင်၏ ဟိန်းဟောက်သံများနှင့်အတူ အက်ကွဲသံများကိုပါ ကြားနေရသည်။
ပိတ်ထားသော တံခါးများ ရုတ်တရက် ပွင့်လာသည်။
ဘုန်း ...
ရှောင်ပုကျွင်၏ လက်သီးများ ထွားကြိုင်းနေသော သံရုပ်တစ်ရုပ်ပေါ်သို့ ကျရောက်သွားပြီး သူ၏စွမ်းအင်များ ပျောက်ကွယ်သွားသည်။
" မြေကမ္ဘာ အင်မော်တယ် ရုပ်သေးလား ..."
တံခါးရှေ့တွင် ရပ်နေသော ဝှိုက်တီ့ကိုကြည့်၍ လူအုပ်စုကြီးတစ်ခုလုံး ဝိုင်းရယ်ကြသည်။
အဲ့ဒီ မသေမျိုးစားဖိုမှူး လက်လျော့လိုက်ပြီဖြစ်မယ် ... နောက်ဆုံးတော့လည်း ဒုတိယအလွှာက အရည်အချင်းရှိတဲ့ မသေမျိုးစားဖိုမှူးက သူ့ဖို့ ရိုက်ချက်အကြီးကြီး ဖြစ်သွားတာပဲ ...
ရှောင်ပုကျွင် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ အင်အားသုံး ခြိမ်းခြောက်ခံရပြီးနောက် ထိုစားဖိုမှူ လက်လျှော့ပြီး သူ၏စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်ပုံ ရသည်။
ဒီ ပထမအလွှာကလူတွေ တကယ် သနားစရာကောင်းတာပဲ ...
" ကြည့်ရတာ မင်း နားလည်သွားပြီထင်တယ် ... မင်းရဲ့ အချက်အပြုတ်စွမ်းရည်ကို ပထမအလွှာနယ်ပယ်သခင်က အရမ်းတန်ဖိုးထားတယ်လို့ ကြားထားတယ် ... ငါအများကြီး မပြောတော့ပါဘူး အပြင်ထွက်လာပါ မင်းရဲ့စွမ်းရည်ကို မြင်ပါရစေ ... ပထမအလွှာက အသန်မာဆုံး မသေမျိုးစားဖိုမှူးအကြောင်း ငါပိုပြီးသိချင်နေလို့ပါ ..."
ရှောင်ပုကျွင် သူ၏လက်မောင်းများကို အုပ်လိုက်သည်။ ထို့နောက် သူ၏ မီးဖိုချောင်သုံးဓားကို လက်ထဲတွင်လှည့်၍ စားသောက်ဆိုင်ဆီသို့ လျှောက်လာသည် ။
သို့သော် သူခြေလှမ်းလိုက်သည့် အချိန်တွင် ...
သံရုပ်သေးရုပ် လှုပ်ရှားလာပြီး ကြီးမားသော လက်ဖဝါးကြီးဖြင့် လမ်းကို ပိတ်ဆို့လိုက်သည်။
ရှောင်ပုကျွင် အံ့ဩသွားသည်။
ထုံရွှေနှင့် အခြားလူများလည်း ထိတ်လန့်သွားသည်။
" ဝှိုက်တီ သူတို့အဝတ်တွေကို ချွတ်ပြီး သူတို့ကိုလည်း လွှင့်ပစ်လိုက်စမ်းပါ ... ဒီတစ်ခါ ဝေးဝေးကို သွားပစ် ... ကိုယ်လုံးတီးအရူးတွေနဲ့ ကြုံရတာ လုံလောက်နေပြီ သူတို့ကို ငါ့မျက်လုံးထဲမှာ မမြင်ချင်တော့ဘူး ..."
ဟမ် ...
အားလုံး အေးခဲသွားသည်။
ရှောင်ပုကျွင် မျက်ခုံးပင့်လိုက်သည်။
ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး လျှပ်စီးကြောင်းများက ၎င်းပတ်ပတ်လည်တွင် ကခုန်နေသည်။
" ပြဿနာရှာတဲ့လူတွေကို လူအားလုံးရှေ့မှာ အဝတ်တွေချွတ်ပြီး လွှင့်ပစ်ရမယ် ..."