အပိုင်း ၁၀၂၄
Viewers 53k

အခန်း ၁၀၂၄

အဲ့ဒီစားဖိုမှူးရဲ့ အထက်မှာ ခွေးတစ်ကောင်ရှိတယ် 


" ပြဿနာရှာတဲ့လူတွေကို လူအားလုံးရှေ့မှာ အဝတ်တွေချွတ်ပြီး ကန်ထုတ်ပစ်ရမယ် ..." 


ဝှိုက်တီ၏ စကားလုံးများက ရှောင်ပုကျွင်ကို ခဏခန့် အံ့ဩသွားစေသည်။ ထို့နောက် သူ ဝါးလုံးကွဲရယ်လိုက်သည်။


သူ၏ရယ်သံမှာ လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည်။


" မြေကမ္ဘာ အင်မော်တယ်ရုပ်သေးတစ်‌ခုတည်းနဲ့ အဲ့လို အရူးစကားတွေ ပြောရဲတယ်ပေါ့ ..." 


ခဏအကြာတွင် သူ၏မျက်လုံးများမှ အလင်းရောင်များ တောက်ပလာသည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဒုတိယအလွှာ၏ မသေမျိုးစားဖိုမှူးများသည် ပထမအလွှာ စားဖိုမှူးများထက် အချက်အပြုတ်စွမ်းရည်တွင် သာလွန်သည် သာမက သူတို့၏ တိုက်ပွဲစွမ်းရည်ကိုလည်း ကျင့်ကြံထားအတွက် သူတို့မှာ ဝိညာဉ်ဆေးဖက်ဝင်အပင်များနှင့် ဒဏ္ဍာရီလာဆေးများကို အသုံးပြုသည့် ပထမအလွှာစားဖိုမှူးများထက် ပိုမိုအားကောင်းသည်။


ရှောင်ပုကျွင်၏ အမြင်တွင် ပထမအလွှာမှ မြေကမ္ဘာအင်မော်တယ်ရုပ်သေးများသည် အမှိုက်သာသာ ဖြစ်သည်။


မြေကမ္ဘာအင်မော်တယ်ရုပ်သေးများသည် ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်သို့သာ ရောက်ရှိနိုင်သည့်အတွက် အေးဆေး နှိမ်နင်းနိုင်သည်ဟု ရှောင်ပုကျွင် ယုံကြည်ချက်ရှိသည်။


ထို့ကြောင့် ဤမြေကမ္ဘာအင်မော်တယ်ရုပ်သေး၏ အထက်စီးဆန်သော စကားများမှာ သူ့အတွက် ဟာသကဲ့သို့ ဖြစ်နေသည်။


သူတို့ အဝတ်တွေကို ချွတ်ပစ်မယ် ဟုတ်လား ...


ငါကပဲ မင်းရဲ့ ကိုယ်ပေါ်က သံပြားတွေကို ခွာပစ်မှာ ...


ရှောင်ပုကျွင် မြေပြင်ပေါ်သို့ ခြေလှမ်းလိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ပြေးလာသည်။


သူ၏ခြေထောက်နှစ်ချောင်းက ဝှိုက်တီ၏ လက်မောင်းများကို ဖမ်းဆုပ်လိုက်သည်။


" ဒီလှည့်ကွက်ကို ကြယ်ချိတ်ဖြင့်ဇောက်ထိုးဆွဲခြင်း လို့ခေါ်တယ် ...


သူ၏ခြေထောက်များထဲတွင် စစ်မှန်စွမ်းအင်များ စုဝေးနေသဖြင့် ရှောင်ပုကျွင်၏ မျက်လုံးများမှ အလင်းရောင်များ ထွက်ပေါ်လာသည်။ သိပ်သည်းနေသော စွမ်းအင်များဖြင့် ခြေထောက်နှစ်ချောင်းလုံးက ဝှိုက်တီ့လက်မောင်းများကို ဖမ်းချုပ်ထားသည်။ 


ဤအရာသည် မြေကမ္ဘာအင်မော်တယ် ရုပ်သေးများကို ဖျက်ဆီးရန် သူအမြဲသုံးခဲ့သော လှည့်ကွက်ဖြစ်သည်။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဒုတိယအလွှာရှိ မြေကမ္ဘာအင်မော်တယ် ရုပ်သေးများမှာ ပထမအလွှာနှင့် နှိုင်းယှဉ်ပါက ပို၍ သန်မာကြသည်။


အမှန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဒုတိယအလွှာ တတိယအလွှာနှင့် စတုတ္ထအလွှာကြား ကွာဟချက်မှာ သိပ်မကြီးပေ။


သို့သော် ပဉ္စမအလွှာမှာ ၎င်း၏ကြီးမားသောမြေမျက်နှာသွင်ပြင်၊ ဝိညာဉ်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များကြောင့် မသေမျိုး ချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးတွင် အကောင်းဆုံးဖြစ်သည်။


ထို့ကြောင့် ၎င်းတို့၏ မသေမျိုးစားဖိုမှူးများသည် ပို၍ ထက်မြက်ပြီး ကျင့်ကြံမှု အခြေခံသည်လည်း အလွန်သာလွန်သည်။


ယခင် မသေမျိုးစားဖိုမှူးပြိုင်ပွဲ၏ ထိပ်တန်းဆယ်ယောက်တွင် ရှစ်ယောက်မှာ ပဉ္စမအလွှာမှ လာခြင်းဖြစ်သည်။


အရာရာတိုင်းအပေါ် သူတို့၏လွှမ်းမိုးချုပ်ကိုင်မှုသည် လူသိများပြီး ကြောက်ရွံ့ဖွယ်ကောင်းလှသည်။


ပထမအလွှာတွင် အစွမ်းထက်သော မြေကမ္ဘာအင်မော်တယ်ရုပ်သေးများသည် အလွန်ရှားပါးသည်။ သို့ရာတွင် အထက်ပိုင်းအလွှာများတွင် ၎င်းတို့သည်သာမန်သာဖြစ်ကြပြီး အလွန်အရေးကြီးသည်ဟု ယူဆကြသည်။


အဘယ့်ကြောင့်ဆိုသော် လစဉ် မသေမျိုးသစ်ပင်မှ အသီးသီးသောအခါ အချို့သစ်သီးများအတွင်းထဲတွင် မြေကမ္ဘာ‌အင်မော်တယ်ရုပ်သေးများ ပါလာသောကြောင့်ဖြစ်သည်။


၎င်းတို့သည် မသေမျိုးစားဖိုမှူးများ၏ မိုးကြိုးပြစ်ဒဏ်များအား ခုခံပေးနိုင်သဖြင့် ဤမြေကမ္ဘာအင်မော်တယ် ရုပ်သေးများမှာ ပထမအလွှာ‌တွင် ရှိသည်များနှင့် ကွာခြားသည်။ 


ထိုမျှသာမက ...


သူတို့သည် မြေကမ္ဘာအင်မော်တယ်ရုပ်သေးများထက် သန်မာကြသော ကောင်းကင်ဘုံအင်မော်တယ် ရုပ်သေးများဖြစ်သည်။


ထို့ကြောင့် ရှောင်ပုကျွင် ယုံကြည်ချက် ရှိနေခြင်းဖြစ်သည်။ ပထမအလွှာမှ အင်မော်တယ်ရုပ်သေးနှင့် ရင်ဆိုင်ရသည်ဖြစ်၍ ၎င်းကို စက္ကူဖတ်အဖြစ်သို့ ချက်ချင်းပြောင်းလဲနိုင်သည်။


သို့သော် ...


ရှောင်ပုကျွင် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်မှုများက သူ၏မျက်နှာတွင် ထင်ဟပ်နေသည် ။


သူ၏ ကြယ်ချိတ်ဖြင့်ဇောက်ထိုးဆွဲခြင်း နည်းလမ်းမှာ မြေကမ္ဘာအင်မော်တယ်ရုပ်သေး၏ လက်မောင်းကို မကျိုးသွားစေခဲ့ပေ။ 


ဝှိုက်တီ ခေါင်းနည်းနည်းစောင်းလိုက်ပြီး သူ၏လက်မောင်းကို အားကုန်လှုပ်ရှားလိုက်သည်။


ရှောင်ပုကျွင်၏ပုံရိပ်မှာ နံစော်နေသော ယင်ကောင်ကဲ့သို့ အဝေးသို့ ပျံဝဲသွားသည်။


‌ဝှိုက်တီ၏ မျက်လုံးများမှာ အလင်းရောင်များဖြင့် တောက်ပနေသည်။


ဝုန်း ...


ဝှိုက်တီ၏ ခြေဖဝါးအောက်မှ စွမ်းအားများ အမြှောက်ဆန်ကဲ့သို့ တစ်ဟုန်ထိုးတက်လာပြီး လူအုပ်ထဲသို့ ပစ်လွှတ်လိုက်သည်။


သူကောင်းမျိုးမိသားစုမှ မသေမျိုးစားဖိုမှူးများ ရုတ်တရက် ဆိုးဝါးသော ခံစားချက်ကြီးကို ခံစားနေရသည်။


ဒီလိုမြင်ကွင်းမျိုးကို ဘယ်နေရာမှာ မြင်ဖူးခဲ့ပါလိမ့် ...


သူတို့ ဤနေရာကို ပြပွဲကောင်းကောင်းတစ်ခုကြည့်ရန် ရောက်လာမိခြင်းဖြစ်သည်။


ဝှိုက်တီ သူတို့ကို ချိန်ရွယ်ထားမည်ဟု မထင်ထားကြပေ။


ခဏတွင်းချင်း ကြောင်အနေသော ထုံရွှေရှေ့၌ ဝှိုက်တီ ပေါ်လာသည်။


" မဟုတ်ဖူး မဟုတ်ဖူး ... ငါနဲ့ ဘာမှ မဆိုင်ဘူးနော် ..."


ထုံရွှေ မျက်နှာကြီးရှုံ့တွလျက် အသနားခံနေသည်။


ဝှိုက်တီ သူ၏အသနားခံမှုကို လျစ်လျူရှု့ထားပြီး သစ်ရွက်ကဲ့သို့ လက်ဝါးကြီး အောက်သို့ကျလာသည် ။


အား ...


အား အား အား ...


ဆုတ်ဖြဲသံများကြားတွင် သနားစဖွယ် အော်သံများ ကြားနေရသည်။ 


ထုံရွှေတုန်လှုပ်သွားပြီး သူ၏တစ်ကိုယ်လုံး အေးစက်သည့် ညလေညင်းကို ခံစားလိုက်ရသည်။


" သေစမ်း ..."


ထုံရွှေ မျက်လုံးပြူးသွားသည်။ သူ၏ကိုယ်လုံးတီးကို မြင်လိုက်ရသည့်အခါတွင် မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။


လူတစ်ယောက်ရဲ့ မျက်နှာကို မရိုက်ပဲ အဝတ်တွေကို ဆုတ်ဖြဲပစ်တယ် တဲ့လား ...


မြေကမ္ဘာအင်မော်တယ်ရုပ်သေး မင်းက ကိုယ့်ကျင့်သီလကို မရှိဘူး ...


ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ကျင့်ကြံသူဖြစ်သည့်အတွက် ထုံရွှေ ဝှိုက်တီ့ကို လွယ်လွယ်ကူကူ ခုခံနိုင်သည်။ သို့သော် သူ၏အဝတ်များ ဆွဲချွတ်ခံလိုက်ရသည့်အတွက် သူ့ထံတွင် သတ္တိမရှိတော့ပေ။


သတိပေးရမခံရပဲနှင့် ထုံရွှေ ကန်ထုတ်ခံလိုက်ရသည်။


ပုဖန်၏ ညွှန်ကြားချက်များကို ဝှိုက်တီ နာခံပြီး သူတို့ကို အဝေး‌တစ်နေရာသို့ သွားပစ်လိုက်သည်။


လေဟာပြင်ထဲသို့ ပစ်ချခံလိုက်ရသည်ဟု ထုံရွှေ ထင်လိုက်မိသည်။


မသေမျိုးမြို့တော်၏ ရောင်စုံတောက်ပနေသော မီးရောင်များအောက်တွင် သူ၏ဘောများ အေးမြပြီး လန်းဆန်းသည့်လေကို ခံစားနေရသည်။


ကျယ်လောင်သော မြည်သံကြီးနှင့်အတူ အဝေးတစ်နေရာသို့ ပြုတ်ကျသွားသည်။


ကောင်းကင်မှကျလာသော အဝတ်မဲ့နေသည့် ထုံရွှေကို ပတ်ဝန်းကျင်မှလူများ မြင်သွားကြသည်။ 


" အိုး ... ကြည့်ရတာ ထုံမိသားစုရဲ့ ဉာဏ်ကြီးရှင် မသေမျိုးစားဖိုမှူးလေးပဲ သူဘာလို့ အင်္ကျီမဝတ်ထားတာလဲ ..." 


" စိတ်ဝင်စားစရာပဲ ... ထုံရွှေ ပြုတ်ကျလာတဲ့ဘက်မှာ ပိုင်ရှင်ပုရဲ့ စားသောက်ဆိုင်ရှိတယ် ... ပိုင်ရှင်ပုကို ပြဿနာသွားရှာတာ များလား ..."


" အဲ့ဒီ မသေမျိုးစားဖိုမှူး ပိုင်ရှင်ပုကို ဒဏ္ဍာရီဆန်တဲ့ ဇာတ်ကောင်လို့ သတ်မှတ်ရင်တောင်ရတယ် ... ထုံမိသားစုရဲ့ ခေါင်းဆောင်ကတောင် ပြန်ဆုတ်ခဲ့ရတာ အဲ့ဒီငယ်ရွယ်တဲ့ စားဖိုမှူးလေးတွေကတော့ ကျွတ် ကျွတ် ... သူတို့ ဘာတွေ တွေးနေကြတာလဲ ခေါင်းထဲမှာ ချီးတွေနဲ့ ပြည့်နေတာလား ..." 


ပတ်ဝန်းကျင်မှလူများ ထုံရွှေကို သတိထားမိသွားပြီး အဆက်မပြတ် တီးတိုးပြောဆိုနေကြသည်။


ထုံရွှေ မျက်ရည်များ ကျဆင်းလာသည်။ 


သေစမ်း ... သူကလည်း ဖြတ်သွားဖြတ်လာ လူတစ်ယောက်ပါပဲ ...


...


စားသောက်ဆိုင်၏ရှေ့မှ ဝှိုက်တီ၏ လှုပ်ရှားမှုများမှာ လျင်မြန်လှသည်။


သူ၏ သစ်ရွက်ကဲ့သို့ လက်ဖဝါးမှာ အဆက်မပြတ် ရွေ့လျားနေသည်။ ဝှေ့ယမ်းလိုက်သည့် အချိန်တိုင်း အဝတ်စုတ်ပြဲနေသည့် အသံများ ထွက်လာသည်။


ထို့နောက် ကိုယ်လုံးတီးပုံရိပ်တစ်ခု ကောင်းကင်ပေါ် ပျံသန်းသွားပြန်သည်။ လူအုပ်ထဲသို့ မကျရောက်မီ လှပသော အကွေ့အကောက်များဖြင့် ပျံသန်းသွားခဲ့သည်။


ဝှိုက်တီ၏အင်အားမှာ အလွန်သန်မာလှသည့်အတွက် ထိုလူများကို ဝေးဝေးသို့ လွှင့်ပစ်နိုင်သည်။


ပတ်ဝန်းကျင်မှလူများ ကောင်းကင်မှ ကိုယ်လုံးတီးလူတစ်ယောက် ပြုတ်ကျလာသူတိုင်းကို ကြည့်နေကြသည်။ သူတို့၏မျက်နှာများမှာ ဟာသပြဇာတ်ကို ကြည့်နေကြသကဲ့သို့ပင်။


အဘယ့်ကြောင့်ဆိုသော် ထို ကိုယ်လုံးတီးလူများမှာ မသေမျိုးမြို့တော်မှ နာမည်ကြီး မသေမျိုးစားဖိုမှူးများ ဖြစ်နေသောကြောင့်ပင်။


အချို့မှ သူကောင်းမျိုးမိသားစုများမှ ဖြစ်ပြီး အချို့မှာ မကြာသေးမီကမှ သူကောင်းမျိုးမိသားစုတွင်းသို့ ရောက်ရှိလာသူများ ဖြစ်သည်။


ထိုမသေမျိုးစားဖိုမှူးများ၏ အဝတ်ကို ဆွဲဖြဲနေသော ဝှိုက်တီကို ရှောင်ပုကျွင် စိုက်ကြည့်နေသည်။ သူ၏တစ်ကိုယ်လုံး တုန်ယင်နေပြီး ကျောရိုးမှ ကြက်သီးများ ထလာသည်။ 


" ဘာကြီးလဲ ‌ကမ္ဘာပေါ်မှာ နှာဘူး မြေကမ္ဘာ အင်မော်တယ်ရုပ်သေးကြီး ရှိနေတာလား ..."


မြေကမ္ဘာအင်မော်တယ်ရုပ်သေးမှ လူများ၏အဝတ်ကို ချွတ်ပစ်နေခြင်းကို သူ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။


သူကောင်းမျိုးမှ မသေမျိုးစားဖိုမှူးများ၏ အဝတ်များကို ချွတ်ပစ်ပြီးနောက် ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများက အဝေးမှ ရှောင်ပုကျွင်ကိုကြည့်ပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။


ရှောင်ပုကျွင် သူ၏လက်ထဲမှ ဓားငယ်လေးကို မြှောက်လိုက်ပြီး ခက်ထန်သော အကြည့်ဖြင့်ကြည့်ကာ ရေရွတ်လိုက်သည်။


" ဒီ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက သာမန်မဟုတ်ဖူးပဲ ... သူ့ကို ဒုတိယအလွှာက ရုပ်သေးတွေနဲ့တောင် တူတယ်လို့ သတ်မှတ်နိုင်တယ် ... သူ့ကိုကြည့်ရတာ တစ်ခုခု ထူးခြားနေသလိုပဲ ..."


ခဏအကြာတွင် သူ၏ဓားကို လှည့်လိုက်သည်။ သူ၏ စစ်မှန်စွမ်းအင်များ ထွက်ပေါ်လာပြီး လျှပ်စီးလက်သကဲ့သို့ ဝှိုက်တီ့ဆီသို့ ပြေးသွားခဲ့သည်။


ဝှိုက်တီ၏ အဆစ်များကို သူဖြတ်တောက်ပစ်ချင်နေသည်။


မြေကမ္ဘာအင်မော်တယ်ရုပ်သေးများနှင့် တိုက်ခိုက်ရာတွင် အထိရောက်ဆုံးနည်းလမ်းမှာ ၎င်းတို့၏ အဆစ်များကို ဖြတ်တောက်ပစ်ခြင်းဖြစ်သည်။ သို့မှသာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားမည်ဖြစ်သည်။


ဝုန်း ...


အံ့ဩဖွယ်ရာ အပူလှိုင်းတစ်ခု ရုတ်တရက် ဖြတ်သွားသည်။


ရှောင်ပုကျွင်၏ပုံရိပ် မြေပြင်ပေါ် ပြုတ်မကျမီ လေထဲတွင် တစ်ပတ်လည်သွားသည်။ သူ၏မျက်နှာတွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။


အဘယ့်ကြောင့်ဆိုသော် ဤအချိန်တွင် ဝှိုက်တီ၏လက်ထဲတွင် သတ္တုချောင်းတစ်ချောင်း မမျှော်လင့်ပဲ ပေါ်လာသောကြောင့်ဖြစ်သည်။


ထိုတုတ်ချောင်းကို လျှပ်စီးကြောင်းများဖြင့် ဖုံးအုပ်ထားသည်။


ရှောင်ပုကျွင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဆိုးဝါးသည့် ခံစားချက်တစ်မျိုး ခံစားလိုက်ရသည်။


ဝုန်း ဝုန်း ...


သတ္တုတောင်ပံတစ်စံ ဝှိုက်တီ၏ကျောဘက်တွင် ထွက်လာသည်။ ၎င်းကိုမြင်သောအခါ ရှောင်ပုကျွင်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားသည်။


လျှပ်တပြတ် အချိန်အတွင်း ဝှိုက်တီ သူ၏ရှေ့တွင် ပေါ်လာသည်။


ရှောင်ပုချွင် သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ၏ မီးခိုးရောင် စတီးဓားမှာ အဆက်မပြတ် ရွေ့လျားနေပြီး သတ္တုချောင်းနှင့် တိုက်မိသွားသည်။


ဝှိုက်တီ၏ လှုပ်ရှားမှုများမှာ မမြန်ဆန်သော်လည်း ရှောင်ပုကျွင် ခက်ခက်ခဲခဲ ခုခံနေရသည်။


" ထပ်ပြီးမဆော့နဲ့တော့ ... အမြန်အဆုံးသတ်လိုက် အိပ်ချိန်ရောက်နေပြီ ..." 


အေးစက်သောလေသံတစ်ခု စားသောက်ဆိုင်တွင်းမှ ပဲ့တင်ထပ်လာသည်။


ရှောင်ပုကျွင် အံ့ဩသွားပြီး သူ့ကိုကြည့်ရသည်မှာ ဝမ်းချုပ်နေသကဲ့သို့ပင်။


ထပ်မဆော့နဲ့တော့ ဟုတ်လား ...


ဖြစ်နိုင်တာ ... အဲ့ဒီမြေကမ္ဘာအင်မော်တယ်ရုပ်သေးက ခုချိန်ထိ သူနဲ့ ဆော့နေတာလား ... 


ဘယ်သူ့ကိုလာပြီး အထင်သေးနေတာလဲ ... ဟမ် ...


ဝုန်း ...


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် သူ့ကို နတ်ဘုရားသတ်တုတ်ဖြင့် ထိုးလိုက်သည်။ 


ရှောင်ပုကျွင် နောက်ဆုတ်သွားပြီး သူ၏မျက်နှာမှာလည်း ပြောင်းလဲသွားသည် ။ သူ၏လက်ထဲမှ ဓားသည် ကောင်းကင်ကို ထိုးဖောက်ချင်နေသကဲ့သို့ ဆုတ်ဖြဲလိုက်သည့်အသံဖြင့် မြေပြင်ကို ထိုးမိသွားသည်။


ဖျောက် ဖျောက် ဖျောက် ...


နတ်ဘုရားသတ်တုတ်မှ လျှပ်စီးကြောင်းများ ထွက်ပေါ်လာသည်။


ရှောင်ပုကျွင် ကြမ်းပြင်တစ်ခုလုံးအပြည့်နီးပါး လျှပ်စီးကြောင်းများဖြင့် ပေါက်ကွဲထွက်နေသော တုတ်ကို ကြည့်လိုက်သည်။


ဒီ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက လျှပ်စီးကြောင်းတွေကို ကိုင်တွယ်နိုင်တာလား ...


ဖျောက် ဖျောက် ဖျောက် ...


လျှပ်စီးကြောင်းများ၏ တိုက်ခိုက်မှုကြောင့် သူ၏ အရိုးများ တဖျပ်ဖျပ်ဖျပ် တောက်ပနေပြီး သူ၏တစ်ကိုယ်လုံး လင်းထိန်နေသည်။


သူ၏ခန္ဓာကိုယ် မရပ်မနား တုန်ယင်နေသည်။ 


ရှောင်ပုကျွင် မျက်ဆံလှန်ပြီး မြေပေါ်သို့ လဲကျသွားသည်။ သူ၏ရှည်လျားသော ဆံပင်ရှည်များမှာ ရှုပ်ပွနေပြီး ပါးစပ်မှ အမြှုပ်များအန်နေသည်။


ဝှိုက်တီ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး အဝတ်အစားများကို ဆုတ်ဖြဲကာ သူ၏ လျှပ်စီးလက်နေသော အမည်းရောင် ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်။


တစ် နှစ် သုံး ... သွား ...


ဝှိုက်တီ ပြင်းထန်စွာ လှုပ်ခါပြီး ရှောင်ပုကျွင်၏ ပုံရိပ်ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။


လူအုပ်ကြီး တစ်ဖန် ဆူညံလာပြန်သည်။


ထုံရွှေ ဤမြင်ကွင်းကိုမြင်ပြီး ရှေ့သို့ ပြေးသွားခဲ့သည်။


ထုံဝူတီက သူ့အား ထိုမသေမျိုးစားဖိုမှူးများကို ဧည့်ခံစေခဲ့သော်လည်း မ‌မျှော်လင့်ဘဲ အဖော်အချွတ်စုဝေးပွဲကြီးတစ်ခု ဖြစ်သွားခဲ့သည်။


ထုံဝူတီသာ သိသွားခဲ့ပါက သူကိုယ်တိုင် တင်ပါးများ ပေါက်ကွဲသွားသည့်အထိ သူ့ကို ရိုက်တော့မည်။


" စီနီယာ ရှောင်ပုကျွင် ..." 


ထုံရွှေ ရှောင်ပုကျွင်ဆီသို့သွားပြီး ကူညီရန် လက်ကမ်းလိုက်သည်။


ဖျောက် ဖျောက် ဖျောက် ...


လျှပ်စီးကြောင်းများ ရုတ်တရက် ထွက်ပေါ်လာပြီး ထုံရွှေ၏ ခန္ဓာကိုယ် အဆင်မပြတ် တုန်ယင်သွားသည်။


...


ထုံမိသားစုအိမ်တော်၏ ပင်မခန်းမ‌ဆောင်


ထိုအချိန်တွင် ထုံမိသားစုသည် အရေးဧည့်သည်များကို ဖျော်ဖြေနေရသည်။ မသေမျိုးပါဝင်ပစ္စည်းများနှင့် အသီးအနှံမျိုးစုံကို သယ်ဆောင်လာပြီး မသေမျိုးဟင်းလျာများကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။


ထုံဝူတီ သူ၏ဘေးနားရှိ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် တစ်ခုခုကို နောက်ပြောင်နေပါသည်။


ထိုသတ်လတ်ပိုင်းလူမှာ မသေမျိုး ပါဝင်ပစ္စည်းများနှင့် အသီးအနှံများကို စားသုံးသော်လည်း သူ၏တူများက မသေမျိုးဟင်းလျာများဆီသို့ မရွေ့သွားခဲ့ပေ။


" မန်နေဂျာချွေ ဒါက ကျွန်တော်တို့ ထုံမိသားစုက အထူးပြုလုပ်ထားတဲ့ ဝိုင်လေးပါ ... မြည်းစမ်းကြည့်ပါဦး ..." 


ထုံဝူတီ အစေခံတစ်ဦးထံမှ အပြာရောင်ဝိုင်ပုလင်းကို ကောက်ယူပြီးနောက် ထိုလူအတွက် တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ လောင်းထည့်လိုက်သည်။


လောင်းချလိုက်စဉ်မှာပင် ဝိုင်၏ရနံ့သည် တောက်ပနေသော ကျောက်စိမ်းအရည်ကဲ့သို့ ပျံ့နှံ့သွားသည်။


ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သည်နှင့် ထိုလူ တစ်ကျိုက်တည်း သောက်လိုက်သည်။ သူ၏လျှာကိုသပ်လျက် မျက်လုံးကို မှေးထားသည်။


သူ၏ မျက်လုံးများ အရောင်တောက်သွားသည်။


" ဝိုး ကောင်းသားပဲ ... အနံ့လည်း မွှေးပြီး အရသာကလည်း လတ်ဆတ်တယ် ဝိုင်က အလွယ်တကူ စီးဝင်နိုင်ပြီး အရသာလည်း မှန်ပါတယ်… ဒီဝိုင်က မဆိုးပါဘူး ..."


ထိုလူ ပြုံး၍ ပြန်ပြောလိုက်သည်။


ထုံဝူတီ၏ မျက်နှာ ရုတ်တရက် တောင့်တင်းသွားသည်။ ၎င်းသည် ထုံမိသားစု၏ အကောင်းဆုံးဝိုင်ဖြစ်ပြီး များသောအားဖြင့် ၎င်းကို လွတ်လပ်စွာ မသောက်ဝံ့ကြပေ။


သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် များစွာသုံးစွဲခဲ့သည်။


သို့သော်လည်း ထုံမိသားစု ရရှိလာမည့် အကျိုးကျေးဇူးများကို တွေးတောလျက် ဝိုင်များထပ်ငှဲ့ပေးကာ ထုံဝူတီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။


...


ရှောင်ပုကျွင် ပြန်လည်လှုပ်ရှားလာနိုင်ခဲ့သည်။ 


သူ၏တစ်ကိုယ်လုံး လျှပ်စီးကြောင်းများဖြင့် တဖျပ်ဖျပ်တောက်နေပြီး ဆံပင်များသည် ပေတေပြီး ရှုပ်ပွနေသည်။


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများအားလုံး သတင်းကြား၍ လျင်မြန်စွာ ရောက်လာကြသည်။


ရှောင်ပုကျွင်၏ သနားစဖွယ်ပုံစံကို မြင်လိုက်ရသောအခါ မထိန်းနိုင်ပဲ ရယ်မိကြသည်။


" သူ့ခေါင်းက အစိမ်းရောင်မှိုကင်ကြီးလိုပဲ ..." 


လှပသောမိန်းမပျိုလေးတစ်ဦး သူမပါးစပ်ကိုကွယ်၍ တခစ်ခစ် ရယ်နေသည်။


" ရှောင်ပုကျွင် မမျှော်လင့်ပဲ ဒီလိုဖြစ်သွားတာပဲ ဘယ်သူလုပ်တာလဲ ..." 


လူတစ်ယောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။


"ရှောင်ပုကျွင်ရဲ့ အစွမ်းက ကောင်းမွန်ပြီး သူ့ရဲ့ ဟင်းချက်စွမ်းရည်ကလည်း အားကောင်းပေမယ့် ဘာလို့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ ..."


ဆွေးနွေးပွဲအတွက် ဒုတိယအလွှာမှ ရောက်လာသော မသေမျိုးစားဖိုမှူး ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့် ရှိသည်။


ခဏအကြာတွင် ထုံရွှေ ၀တ်စုံတစ်ခုဝတ်ကာ သတိကြီးကြီးနှင့် ဝင်လာခဲ့သည်။


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ သူ့ကိုမြင်သောအခါ ဘာဖြစ်ခဲ့သည်ကို မေးမြန်းကြသည်။


ထုံရွှေ အမှတ်တရားကို မဖုံးကွယ်ထားရဲသဖြင့် အားလုံးကို အမှန်အတိုင်း ပြောပြလိုက်ရသည်။


" အရမ်း ဘဝင်မြင့်နေတာပဲ ..."


" ရက်စက်လိုက်တာ ..."


" ပထမအလွှာမှာ သူ့ရဲ့ လုပ်နိုင်စွမ်းကို အလွန်အမင်း ယုံကြည်နေတဲ့သူတစ်ယောက်ရှိတာလား ..."


ထိုလူများ ကြားပြီးနောက် ဒေါသထွက်ကာ ကျယ်လောင်စွာအော်ဟစ်ကြသည်။


သူတို့သည် ပထမအလွှာမှလူများကို နှိမ့်ချဆက်ဆံကြပြီး ရဲဘော်ရဲဘက်ကဲ့သို့ သဘောမထားကြပေ။ ယခု ရှောင်ပုကျွင်မှာ အဆင့်နိမ့်အလွှာမှ မသေမျိုးစားဖိုမှူး၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။


သူ့ရဲ့အဝတ်တွေကိုတောင် ဆွဲချွတ်ပြီး ကန်ထုတ်လိုက်ကြတယ် ...


" အဲ့ဒီစားဖိုမှူးက သေချင်နေတာပဲ ..." 


လူငယ်တစ်ဦးမှ အေးစက်စွာ ပြောလိုက်သည်။


" အားလုံးပဲ ငါတို့ ပထမအလွှာမှာ ရောက်နေတည်းဆိုတည်းက ပန်းတိုင်တစ်ခုအတွက် အတူတူအလုပ်လုပ်ကြတဲ့ သူတွေပဲ ... ငါတို့ရဲ့အဖော် မသေမျိုးစားဖိုမှူးတစ်ယောက်ကို ဒီလိုအရှက်ခွဲလိုက်တာကို ငါတို့ငြိမ်ငြိမ်ထိုင်ကြည့်နေလို့ မဖြစ်ဖူးမလား ..."


" မှန်တာပေါ့ ငါတို့မနက်ဖြန် အဲ့စားသောက်ဆိုင်ကိုသွားပြီး စားဖိုမှူးကို ပညာပြရမယ် ..." 


ဒေါသအမျက်ထွက်နေသော လူအုပ်စုကို ကြည့်လိုက်ပြီး ထုံရွှေ၏နှလုံးသားအနည်းငယ် ရွှင်မြူးသွားသည်။  


ဒီသေမျိုးစားဖိုမှူးကတော့ သေချာပေါက် ချေမွခံရတော့မယ် ...


" တကယ်လို့ မနက်ဖြန်ကျ အဲ့ဒီစားသောက်ဆိုင်ကိုသွားရင် လျစ်လျူရှု့ခံရတာမျိုး ဖြစ်နိုင်တယ် အဲ့ဒီစားဖိုမှူးကို အနိုင်ယူဖို့ ဟင်းချက်စွမ်းရည်ကိုပဲ အသုံးပြုရလိမ့်မယ် အင်အား မသုံးကြပါနဲ့ ..."


ထုံရွှေသတိပေးလိုက်သည်။


" ဘာလို့ အင္အားသုံးလို့ မရတာလဲ ..."


အမျိုးသမီးတစ်ဦး မေးလိုက်သည်။


ဘာလို့လဲတဲ့လား...


ထုံရွှေ ဆန်းကြယ်စွာ ရယ်မောလိုက်ပြီး သူ၏လက်ညိုးကို အထက်သို့ ညွှန်ပြလိုက်သည်။


" ဘာလို့လဲဆိုတော့ အဲ့ဒီစားဖိုမှူးရဲ့အထက်မှာ ခွေးတစ်ကောင်ရှိလို့ပဲ ..." 


ထုံရွှေ စနောက်နေသည်ထင်၍ အကုန်လုံးရယ်မောလိုက်ကြသည်။


သို့သော် ထုံရွှေ ရှင်းပြပြီးသည့်နောက်တွင် ပုဖန်၏ နောက်ခံအင်အားမှာ သာမန်မဟုတ်ကြောင်း သိလိုက်ကြသည်။


" ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ ... ကျွန်တော်သူရဲ့ လှုပ်ရှားမှုတိုင်းကို သိတယ် ကျွန်တော်သိသလောက်ဆို သူက မူအိမ်တော်ကို နေ့တိုင်းသွားတယ် အဲ့ဒီအချိန်မှာသာ မူမိသားစုကိုသွားပြီး တစ်ယောက်ယောက်ကို မေးလိုက်မယ်ဆိုရင် ဖြစ်နိုင်လိမ့်မယ် ..." 


ထုံရွှေ သူ၏လက်များကို ပွတ်သပ်၍ မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။


" အဲ့ဒီအချိန်မှာ အားလုံးရဲ့ ချက်ပြုတ်စွမ်းရည်ကိုသုံးပြီး ရှောင်ပုကျွင်အတွက် လက်စားချေနိုင်လိမ့်မယ် ..."