အပိုင်း ၁၀၂၅
Viewers 53k

အခန်း ၁၀၂၅

ငါးယောက်နဲ့တစ်ယောက် တိုက်ကြတာပေါ့


မူမိသားစုရှိ မသေမျိုးစားဖိုမှူးကျောင်းသည် မိသားစု၏ နောက်မျိုးဆက် မသေမျိုးစားဖိုမှူးငယ်များကို သင်ကြားလေ့ကျင့်ပေးသည့် နေရာတစ်ခုဖြစ်သည်။


ငယ်စဉ်ကတည်းကပင် မွေးရာပါ ပင်ကိုယ်စွမ်းရည်ရှိသော မိသားစုတွင်းရှိ မည်သည့်ကလေးမဆို ကျောင်းတက်ရသည်ဖြစ်ပြီး မိသားစုတွင်းတွင် ထိုသို့ သင်ကြားလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သည်။


သို့သော် ယခင်နှင့်မတူဘဲ ယခင်က ဆူညံပွက်လောရိုက်နေသော ကျောင်းသည် ယခုအခါ တိတ်ဆိတ်ငြိမ်သက်နေသည်။


နီးကပ်လာသည်နှင့်အမျှ လေထုကို ပြည့်နှက်နေသော အနံ့အရသာများ သင်းပျံ့နေသော ကြော်ချက်နေသည့် ဟင်းလျာများ၏ အသံကို ကြားလိုက်ရသည်။


၎င်းသည် မီးဖိုနှင့် ဒယ်အိုးပွတ်တိုက်မိရာမှ ထွက်ပေါ်လာသောအသံများနှင့် ဒယ်အိုးနှင့် ယောက်ချိုဇွန်းများ၏ အသံများပင်ဖြစ်သည်။ ထိုအသံများမှာ စည်းချက်ညီသော တေးသွားကဲ့သို့ ချိုမြိန်လှသည်။


အနီရောင်စားဖိုမှူး၀တ်စုံကို ၀တ်ဆင်ထားသော ပုဖန် မူမိသားစုအိမ်တော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။


ယနေ့တွင် အလုပ်သင်စားဖိုမှူး ရှာဖွေမည်ဖြစ်၍ သူ၏မျက်နှာ အမူအရာမှာ တည်ကြည်လေးနက်နေသည်။ အမှန်တွင် သူ၏စိတ်ထဲ၌ တစ်စုံတစ်ဦးကို ရွေးချယ်ထားပြီးဖြစ်သည်။


ပုဖန်၏ အလုပ်သင်စားဖိုမှူးသည် မွေးရာပါအရည်အချင်း ကောင်းမွန်သောစွမ်းရည်နှင့် မိမိကိုယ်ကို တိုးတက်လိုစိတ်ရှိရမည်ဖြစ်သည်။


ပင်ကိုစွမ်းရည်ချို့တဲ့မှု့ကို အလုပ်ကြိုးစားမှုဖြင့် ပြုပြင်နိုင်သည်ဟု ပြောကြသော်လည်း အကယ်၍ ပင်ကိုစွမ်းရည်သာ မရှိပါက အလုပ်ကြိုးစားလျှင်ပင် မြင့်မားသောအဆင့်များ‌သို့ ရောက်ရန် ခက်ခဲနေသေးသည်။


အလုပ်ကြိုးစားမှုရှိပြီး ပင်ကိုစွမ်းရည်လည်း ရှိလျှင် ပိုမိုကောင်းမွန်သည်။


ဤမသေမျိုးစားဖိုမှူးကျောင်းရှိ ကလေးများနှင့် ပက်သတ်၍ ပုဖန်၏ လိုအပ်ချက်များမှာ မြင့်မားခြင်း မရှိပေ။


အတန်းထဲသို့ ရောက်သောအခါ ထိုကလေးများ သူတို့၏‌မီးဖိုရှေ့သို့ ရောက်နှင့်နေကြပြီး ချက်ပြုတ်စွမ်းရည်များကို လေ့ကျင့်နေကြသည်။


ပုဖန်ကို မြင်သောအခါ လုပ်လက်စများကိုရပ်၍ နှုတ်ဆက်ကြသည်။ ထို့နောက် ဆက်လက်လုပ်တောင်နေကြသည်။


ယနေ့အချိန်ထိ ထိုကလေးများကို ပုဖန် သေချာစွာ လေ့ကျင့်ပေးခဲ့သည်။


ဝှစ် ဝှစ် ...


မူရှော့၏လက်ထဲတွင် ဓားတစ်ချောင်း လှည့်နေသည်။ ၎င်း၏ ဓားသည် စက္ကူကဲ့သို့ ပေါ့ပါးပြီး ပျော့ပျောင်းမှု ရှိသည်။


ဓား လိမ့်ဆင်းလာသောအခါတွင် ကြွေကျနေသော ကြယ်ပျံကဲ့သို့ ဖြစ်နေပြီး ပါဝင်ပစ္စည်းများကို လျင်မြန်စွာ ဖြတ်တောက်ပစ်လိုက်သည်။


၎င်းမှာ ပုဖန်သင်ပေးထားသော ကြယ်ပျံဖြတ်တောက်ခြင်းနည်းစနစ်ဖြစ်ပြီး အင်အား အလွန်ကောင်းမွန်သည်။


၎င်းသည် ပထမအဆင့် ကြယ်ပျံဖြတ်တောက်ခြင်းနည်းစနစ် သာဖြစ်သော်လည်း သူတို့အတွက် အချိန်ကြာရှည်စွာ လေ့လာလေ့ကျင့်ရန် လုံလောက်သည်။


မူရှော့မှာ ပုဖန် ပထမဆုံး အပြစ်ပေးခဲ့သော ကလေးဖြစ်ပြီး လေးလံသော‌ဓားကြီးကို အကြိမ်တစ်ထောင်ခန့် ခုတ်လွှဲခဲ့ရသော ကောင်လေးဖြစ်သည်။ ယခု သူ၏ဓားစွမ်းရည်မှာ ရွယ်တူများထဲတွင် အကောင်းဆုံးဖြစ်နေသည်။


မိန်းကလေးတစ်ယောက်ကဲ့သို့ လှပသောကောင်လေး မူယို့မှလွဲ၍ အတန်းတစ်ခုလုံးတွင် မူရှော့၏ ဓားစွမ်းရည်ကို ယှဉ်နိုင်သူ မရှိပေ။


မူယို့သည်လည်း အကြိမ်များစွာ အပြစ်ပေးခံ ခဲ့ရသည်။


မူယို့၏ဘေးတွင် ဆံပင်များကို သိုးဂျိုကဲ့သို့ ချည်ထားသော အငယ်ဆုံးကျောင်းသူ မူရှီးရှီး ဖြစ်သည်။ ဤတစ်ကြိမ်တွင် ပုဖန်၏ အာရုံစိုက်မှုများက သူမပေါ်သို့ ရောက်နေသည်။ 


သူမသည် ပုဖန် ရွေးချယ်ထားသူ ဖြစ်သည်။


သူမတွင် အံ့မခမ်းဖွယ် ကိုယ်ပိုင်အချက်အပြုတ်စွမ်းရည် ရှိသည်။ လျင်မြန်စွာ သင်ယူတတ်သူလည်းဖြစ်ပြီး သူမ၏ နားလည်နိုင်စွမ်းသည် အခြားသူများကို အံ့အားသင့်စေနိုင်သည်။


အရေးကြီးဆုံး အချက်မှာ ...


မူရှီးရှီး၏လျှာသည် သာမန်လူများ လုပ်နိုင်သည်ထက် ပို၍ အကဲဖြတ်နိုင်သည်။ အရသာများအတွက် အာရုံခံနိုင်စွမ်းမှာ အထူးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။


သူမတွင် ရှိသောအရာမှာ အမတလျှာဖြစ်ပြီး ထူးခြားသော အားသာချက်တစ်ခုဖြစ်သည်။ ပုဖန်တွင်ပင် ထိုကဲ့သို့ စွမ်းရည်မရှိပေ။


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တွင် မသေမျိုးစားဖိုမှူးတစ်ယောက်အတွက် အမတလျှာ ရှိရန်မှာ တစ်သောင်းပုံတစ်ပုံခန့်သာရှိ၍ အလွန်ခဲယဉ်းလှသည်။ 


ထို့အပြင် မူရှီးရှီးတွင် အမတလျှာရှိသည်ကို မူမိသားစုဝင်များ မသိရှိကြသေးပေ။ ထို့ကြောင့် မည်သူမျှ ရှာမတွေ့သေးမီ သူမကို ဖမ်းဆုပ်ထားရမည်။ 


သို့သော် ပုဖန် စိတ်လှုပ်ရှားခြင်း မရှိပေ။ မူယန်က သူ့အား သူ၏အလုပ်သင်ဖြစ်ရန် မည်သူ့ကိုမဆို ရွေးချယ်၍ရသည်ဟု ကတိပေးထားသည်။


မူရှီးရှီး၏ မျက်နှာမှာ ပြည့်ဖောင်းနေပြီး ကလေးအဆီများဖြင့် ပြည့်နေသည်။ ယခုအချိန်တွင် သူမရှေ့တွင်ရှိသော ဟင်းလျာပေါ်တွင်သာ အာရုံစိုက်နေပြီး စိတ်စွမ်းအင်များကို ထုတ်လွှတ်နေသဖြင့် သူမ၏ ချစ်စဖွယ် မျက်နှာလေးမှာ နီရဲနေသည်။ 


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အားသာချက်မှာ ကလေးငယ်များ ငယ်ရွယ်စဉ်ကတည်းက ပညာစတင်သင်ယူနိုင်ခြင်းဖြစ်သည်။


မူရှီးရှီးမှာ ငယ်ရွယ်သေးသော်လည်း သူမ၏ကျင့်ကြံခြင်းမှာ မသေမျိုးခန္ဓာအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ 


အမှန်တွင် ထိုအဆင့်ကို ကျော်လွန်သွားနိုင်သော်လည်း သူမ၏ခန္ဓာကိုယ်မှာ ကြီးထွားဆဲဖြစ်ပြီး မရင့်ကျက်သေးသောကြောင့် နတ်ဘုရားဝိညာဉ်နယ်ပယ်သို့ ကျော်လွှားသွားခွင့် မရှိပေ။


ဤကျင့်ကြံမှုအခြေခံဖြင့် သူမ၏ စိတ်စွမ်းအင်မှာ အဆင့်မြင့်ဟင်းလျာအချို့ကို ချက်ပြုတ်ရန် လုံလောက်သည်။


မူရှီးရှီး ဟင်းလျာချက်ပြုတ်နေသည်ကို ပုဖန် လက်ပိုက်၍ မျက်နှာသေဖြင့် ကြည့်နေသည်။


ပုဖန် စိုက်ကြည့်နေသည်ကိုသိ၍ သူမ စိတ်လှုပ်ရှားရမည်လား စိတ်ဖိစီးရမည်လားပင် မသိတော့ပေ။ သို့ရာတွင် ဤအချိန်၌ သူမ၏ စိတ်စွမ်းအင်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။


ရုတ်တရက် မူရှီးရှီး၏မျက်နှာတွင် စိတ်လှုပ်ရှားကာ ကမောက်ကမဖြစ်နေသော အကြည့်တစ်ခု ပေါ်လွင်နေသည်။


ရှီးရှီး၏ အခြေအနေကို ခံစားသိရှိလိုက်ရသဖြင့် ပုဖန်၏ စိတ်ဝိညာဉ်ပင်လယ်တွင် လှိုင်းလုံးများ ထွက်လာပြီး သူမအား တည်ငြိမ်အောင် ကူညီရန် သူ၏ စိတ်စွမ်းအားများ ပေါ်ထွက်လာသည်။


ရှီးရှီး၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသော အကြည့်များ ပျောက်ကွယ်သွားသည် ။ သူမ ပုဖန်ကိုမော့ကြည့်ကာ ပွင့်ပွင့်လင်းလင်း ရယ်မောလိုက်သည်။


" ကျေးဇူးပါပဲ လောင်ပု ..."


" ကျေးဇူးပြုပြီး ငါ့ကို ဆရာပု ဒါမှမဟုတ် ပိုင်ရှင်ပုလို့ ခေါ်ပေးပါ ..." 


ပုဖန် မူရှီးရှီးကို မတုန်မလှုပ် ကြည့်နေသည်။


" ဟုတ် လောင်ပု ..." 


ထို့နောက် သူမ ပုဖန်ကို အာရုံမစိုက်တော့ပေ။ သူမလက်ကို‌ဆန့်ကာ ကြွေအိုးအဖုံးကို မလိုက်သည်။


ချက်ချင်းပင် အဖြူရောင်အငွေ့များ သူမ ပတ်ပတ်လည်သို့ ဝှေ့တက်လာပြီး မှိုပုံစံ တိမ်များနှင့်ပင် တူလာသည်။ မွှေးကြိုင်သော ရနံ့များထွက်လာပြီး အရသာခံဖုများကို ယားယံလာစေသည်။


ထို့နောက် ကြွေအိုးက မကိုင်မီ သူမ၏ လက်သေးသေးလေးများကို လက်အိတ်စွပ်လိုက်သည်။ ထိုအဖုံးပေါ်တွင် နတ်မင်းရုပ်ထုကို ထွင်းထုထားသည်။


" နတ်မင်းဆွေ့ဆွေ့ခုန်စွပ်ပြုတ် ပြီးသွားပြီ ..."


မူရှီးရှီး ကလေးသံလေးဖြင့် အော်လိုက်ပြီး သူမမျက်နှာတွင် ဂုဏ်ယူမှုအပြည့်ဖြင့် ပုဖန်ကို ကြည့်နေသည်။ 


သူမ ဘေးနားတွင် မူရှော့နှင့် တခြားကလေးများ စုရုံးလာကြသည်။ ပုဖန်၏ အခက်ခဲဆုံးဟင်းလျာတစ်ခုဖြစ်သည့် နတ်မင်းဆွေ့ဆွေ့ခုန်ကိုပင် သူမ ချက်ပြုတ်နိုင်သွားပြီ ဖြစ်သည်။


အငိုသန်သည့် ကလေးတစ်ယောက်အတွက်ဆိုလျှင် အံ့အားသင့်စရာပင်။ အငိုသန်သည့် ကလေးမှာလည်း ကလေးပင်ဖြစ်သည်။ သူမက အခြားလူများထက်လည်း ငယ်ရွယ်သည်။


မူရှော့နှင့် မူယို့တို့၏ ဓားစွမ်းရည်များမှာ မူရှီးရှီးထက် မနိမ့်သော်လည်း ချက်ပြုတ်စွမ်းရည်နှင့် ပတ်သက်လာပါက နောက်တွင် ကျန်ခဲ့သည်။


" နတ်မင်းဆွေ့ဆွေ့ခုန် စွပ်ပြုတ်လား ..."


ပုဖန် ရှီးရှီးကိုကြည့်၍ အနည်းငယ် အံ့ဩသွားသည်။ 


ဒီကလေးမလေးရဲ့ မွေးရာပါ အရည်အချင်းက အံ့မခန်းပါပဲလား ...


ရှီးရှီး စိတ်လှုပ်ရှားစွာဖြင့် နတ်မင်းဆွေ့ဆွေ့ခုန် စွပ်ပြုတ်အဖုံးကို ဖွင့်လိုက်ပြီး အိုးကို ပုဖန်ဆီသို့ ယူသွားသည်။


" လောင်ပု မြည်းကြည့်ပါဦး ဒီဟင်းလျာထဲမှာ ပါဝင်ပစ္စည်း ၃၆မျိုး သုံးထားတယ် သူတို့က အဆင့်မြင့်ပါဝင်ပစ္စည်းတွေ မဟုတ်ပေမယ့် ခက်ခက်ခဲခဲ ရောစပ်ထားရတာ ..." 

သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ပုဖန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ 


ပုဖန် ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။


ရွှေညိုရောင်စွပ်ပြုတ်ကို အိုးထဲထည့်လိုက်ပြီး တစ်ဇွန်းကို ခပ်လိုက်ကာ အရသာမခံမီ အအေးခံလိုက်သည်။ 


ထိုစွပ်ပြုတ်ရည် ပါးစပ်ထဲ ဝင်သွားသည့်အခိုက်တွင် သူ၏အရသာမှာ အဆက်မပြတ် ပြန့်နှံ့သွားသည်။ အမျိုးမျိုးသော ပါဝင်ပစ္စည်းများ၏ အရသာသည် လျှာဖျားမှ ပါးစပ်အတွင်းပိုင်းထိ ပျံ့နှံ့သွားသည်။


ကြွယ်၀၍ မေ့ပျောက်စရာ ခံစားချက်များမရှိသော်လည်း ဤစွပ်ပြုတ်၏ အရသာမှာ အဆက်မပြတ်ပြောင်းလဲနေသည့် ရှားရှားပါးပါး အတွေ့အကြုံတစ်ခုပင်။


အမတလျှာရှိတဲ့ ကလေးမလေးတစ်ယောက် ဖြစ်ထိုက်ပါပေတယ် ...


သူမ၏ အရသာများကို ရောစပ်ထားပုံက ပုဖန်ကို သဘောကျစေခဲ့သည်။


စွပ်ပြုတ်ကို အနည်းငယ် သောက်လိုက်ပြီးနောက် သူမကို ချီးကျူးလိုက်သည်။ 


" မဆိုးပါဘူး ..."


ပါဝင်ပစ္စည်းများစွာကို ရောစပ်ထားသည့်အတွက် နတ်မင်းဆွေ့ဆွေ့ခုန်ဟင်းလျာ၏ အခြေခံအရသာ ပျောက်ဆုံးနေသည်။ သို့သော် အရသာရှိနေဆဲ ဖြစ်သည်။


ပုဖန်၏ ချီးကျူးသံကို ကြားရပြီးနောက် ရှီးရှီး အောင်ပွဲခံသည့်အနေဖြင့် လက်များကို လေထဲတွင် မြှောက်ပြီး စိတ်လှုပ်ရှားစွာ ကခုန်နေသည်။


" လောင်ပု ရှီးရှီး အကောင်းဆုံးလုပ်ထားတာ ရှီးရှီးဖို့ ဆုလေး မရှိဘူးလား အစပ်ချောင်းလိုချင်တယ် ..."


ရှီးရှီး ပြောလိုက်သည်။


မူလျှို့အာ အဝေးမှနေ၍ သူတို့ဆီသို့ လမ်းလျှောက်လာသည်။ ပုဖန်နှင့် ပျော်ရွှင်စွာ စကားပြောနေသော ရှီးရှီးကိုကြည့်ကာ သူမ မျက်နှာတွင် တောက်ပသော အပြုံးများ ပေါ်လာသည်။


ရှီးရှီး၏ တောင်းဆိုချက်ကို ပုဖန် မငြင်းပယ်ခဲ့ပေ။ ခဏတွင်းချင်းပင် သူ၏လက်ထဲ၌ အစပ်ချောင်းတစ်ခု ပေါ်လာပြီး ကလေးမလေးကို မဆိုင်းမတွ ပေးလိုက်သည်။ 


ရှီးရှီး အစပ်ချောင်းကို ရရှိသည်နှင့် စတင်စားတော့သည်။ သူမ၏ သိရှိခံစားလွယ်သော အမတလျှာကြောင့် အစပ်ချောင်းတွင် သူမ ကြိုက်နှစ်သက်သော အရသာပေါင်းတစ်ထောင်ရှိကြောင်း ခံစားမိသည်။


" ရှီးရှီး ဆရာပုရဲ့ စားသောက်ဆိုင်ကို လိုက်ကြည့်ချင်လား ..." 


ပုဖန် ရှီးရှီး၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။


" လောင်ပုရဲ့ စားသောက်ဆိုင်လား ရှီးရှီး သွားလို့ရလား ..." 


ရှီးရှီး အစပ်ချောင်းကို စားနေလျက် ခေါင်းမော့ကာ ပြောလိုက်သည်။


မူလျှို့အာ အံ့ဩသွားသည်။ ပုဖန် မည်သူ့ကို လက်ထောက်အဖြစ် ရွေးချယ်လိုက်သည်ကို သူမ ခန့်မှန်းမိသွားသည်။


" ပိုင်ရှင်ပု မဟုတ်မှလွဲရော ရှင်ရွေးလိုက်တာ ..."


မူလျှို့အာ ပုဖန်ကို မယုံသင်္ကာဖြင့်ကြည့်ပြီး သံသယဝင်စွာ မေးလိုက်သည်။


" ရှီးရှီးက ငယ်သေးတယ်လေ ..." 


" ဒါပေမဲ့ သူမမှာ မွေးရာပါ ပင်ကိုစွမ်းရည်ရှိတယ်လေ ..."


ပုဖန် ရိုးသားစွာ ပြောလိုက်သည်။ 


မူလျှို့အာ ဘာမှထပ်မပြောတော့ပေ။ ပုဖန် မသေမျိုးစားဖိုမှူးပြိုင်ပွဲတွင် ပါဝင်သည့်အတွက် ပုဖန်၏ တောင်းဆိုချက်ကို သူမ အဖေကိုယ်တိုင်က သဘောတူထားသည့်အတွက် ဖြစ်သည်။


ယခင်တစ်ခေါင်တွင် မူမိသားစုက ပုဖန်ကို စိတ်ပျက်အောင် ပြုလုပ်ထားသည့်အတွက် သူမ ထိုသို့ ထပ်မဖြစ်ချင်‌တော့ပေ။ ထို့ကြောင့် သူမ မကန့်ကွက်တော့ပေ။


သို့ရာတွင် သူမ၌ သံသယများ ရှိနေသေးသည်။ ရှီးရှီးမှာ ကလေးမလေးအရွယ်သာ ရှိသေးသည်။


အားလုံး ဟင်းလျာများ ချက်ပြုတ်ပြီးသောအခါ ပုဖန် စာဆက်လက်သင်နေသည်။


ခဏအကြာတွင် အတန်းပြီးသွားပြီး အားလုံး ထွက်ခွာသွားသည်။ 


မူလျှို့အာ ရှီးရှီးကျောပိုးအိတ်ကို ပိုးနေချိန်၌ ကူညီပေးလိုက်သည်။ ပုဖန် ထိုနေရာသို့ရောက်လာပြီး ရှီးရှီးခေါင်းကိုပုတ်ကာ အပြုံးဖြင့် ပြောလိုက်သည်။


" သွားရအောင် ဆရာပုက သူ့ရဲ့ စားသောက်ဆိုင်ကို ခေါ်သွားပေးမယ် ..." 


ရှီးရှီး၏ မျက်လုံးများ အရောင်တောက်လာပြီး သူမ၏မျက်နှာမှာ တောက်ပနေသည်။


" ဆရာပု ကျွန်တော်တို့ရော လိုက်လို့ရလား ..."


မူရှော့နှင့် မူယို့တို့ အဝေးမှ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြင့် မျှော်လင့်တကြီး ကြည့်နေကြသည်။


ပုဖန် ထိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။


" ကောင်းပြီ မင်းတို့နှစ်ယောက်လည်း လိုက်လာလေ ..."


မူရှော့နှင့် မူယို့တို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများကို မြင်နိုင်သည်။


ကောင်လေးနှစ်ယောက် ရှီးရှီး၏ ဘယ်ဘက်မှတစ်ယောက် ညာဘက်မှတစ်ယောက် လိုက်လာကြသည်။ ထို ကလေးသုံးယောက် ခြေလှမ်းတူတူလှမ်းပြီး ချီတက်လာကြသည်။


မူလျှို့အာ ဦးဆောင်၍ သူတို့အားလုံး မူမိသားစု စံအိမ်တော်မှ ထွက်ခွာလာကြပြီး အတွင်းစက်ဝိုင်း၏ ပင်မလမ်းကြီးပေါ် ရောက်လာကြသည်။


ရုတ်တရက် ...


တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားလိုက်မိပြီး မူလျှို့အာ မျက်မှောင်ကြုတ်သွားသည်။


တောက် တောက် တောက် ...


ပုဖန် သည်လည်း ခြေလှမ်းများကိုရပ်လိုက်သည်။ သူ၏ အနီရောင်စားဖိုမှူးဝတ်စုံမှ အင်္ကျီလက်ဖျားများ လေထဲတွင် ဝဲလွင့်နေသည်။ 


" အဲ့မှာ ဘယ်သူလဲ ..."


ပုဖန် ဘာမှ မထူးဆန်းသလို မေးလိုက်သည်။


မူလက ဆူညံနေသော လမ်းကြီးမှာ ယခုအချိန်၌ တိတ်ဆိတ်နေပြီး လမ်းသွားလမ်းလာများကိုလည်း မြင်ကွင်းထဲတွင် မမြင်ရပေ။


ပုဖန်နှင့် အခြားလူများ မှော်အခင်းအကျင်းထဲ ကျရောက်သွားသည်မှာ သံသယဝင်စရာ မလိုပေ။


အဝေးမှ အရိပ်ပေါင်းများစွာ ပေါ်ထွက်လာသည်။ 


ရှီးရှီးနှင့် မူရှော့ ထိုကဲ့သို့ ထိပ်တိုက်တွေ့မှုမျိုးကို သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေပြီး ထိုလူများကို နတ်ဆိုးများဟု ထင်မှတ်နေသည်။ 


မူလျှို့အာ ကလေးများဆီသို့ သွား၍ ကာကွယ်ပေးထားလျက် မျက်မှောင်ကြုတ်နေသည်။


ပုဖန်၏ မျက်လုံးများက စိတ်မပါသကဲ့သို့ပင် အဝေးကို ကြည့်နေသည်။


လူအုပ်စုတစ်စု ထွက်ပေါ်လာပြီး သူတို့ဆီသို့ ဖြေးညှင်းစွာ ချဉ်းကပ်လာနေသည်။


သူတို့ထဲမှ တစ်ဦးကို ရင်းနှီးနေသည်။ ထိုလူမှာ ဝှိုက်တီ မနေ့ညက ပထမဆုံး အဝတ်များချွတ်ကာ ကန်ထုတ်ခဲ့သော ထုံရွှေဖြစ်သည်။


" ဟေး ပိုင်ရှင်ပု ... နောက်ဆုံးတော့ မင်းကို တွေ့ရပြီ ..." 


ထုံရွှေ သူ၏ မျက်လုံးများကို မှေးစင်းကာ လှောင်ပြောင်လိုက်သည်။


သူ၏နောက်တွင် ကြော့ရှင်းသည့် စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသော မသေမျိုးစားဖိုမှုးများ လိုက်ပါလာသည်။ ထိုစားဖိုမှူးများ၏ အော်ရာမှာ ကြောက်မက်ဖွယ်ကောင်းပြီး သူတို့တစ်ဦးချင်းစီတိုင်းသည် ယခင်က ပုဖန်တွေ့ဖူးခဲ့သော မသေမျိုးစားဖိုမှူများထက် အင်အားကြီးကြသည်။


" ဒါ ဒုတိယအလွှာက မသေမျိုးစားဖိုမှူးတွေလေ ... မနေ့ညက မင်းရဲ့ မြေကမ္ဘာအင်မော်တယ်ရုပ်သေးက ရှောင်ပုကျွင်ကို အဝတ်တွေ ဆွဲဖြဲပစ်တယ် ဓာတ်လိုက်အောင်လုပ်တယ် ပြီးတော့ ကန်ထုတ်လိုက်တယ် ... သူအခုထိ အိပ်ရာက မထနိုင်သေးဘူး ...သေချာတာပေါ့ သူတို့က ရဲဘော်ရဲဘက်အတွက် လက်စားလာချေတာ ..."

ထုံရွှေ‌ ပြောလိုက်သည်။


" လက်စားလာချေတာလား ..."

ပုဖန် အမူအရာမဲ့စွာဖြင့် မေးလိုက်သည်။


ထုံရွှေ၏နောက်မှ မသေမျိုးစားဖိုမှူးများ စတင်စကားပြောလာသည်။


" မင်းက မြို့တော်သခင်ကိုယ်တိုင်က အသန်မာဆုံး မသေမျိုးစားဖိုမှူးငယ်လေးဆိုပြီး ခေါ်တဲ့တစ်ယောက်လား ... ရှောင်ပုကျွင် မင်းကို မချေမှုန်းနိုင်ပေမယ့် ငါတို့ကတော့ လုပ်နိုင်တယ် ..." 


" ငါတို့ လူတွေကိုမရိုက်ဖူး သတ်လည်းမသတ်ဖူး စိတ်မပူပါနဲ့ ငါတို့မင်းကို ဘာမှမလုပ်ဖူး မင်းနဲ့ဆွေးနွေးပြီး အချက်ပြုတ်စွမ်းရည်တွေပဲ နှိုင်းယှဉ်ကြည့်ချင်တာ ..."


" ငြင်းဆန်မယ်ဆိုရင်တော့ အကျိုးဆက်တွေကို တာဝန်ခံရမယ် ... ငါတို့ ‌ဒီနေရာမှာ မှော်အခင်းအကျင်းကို စီမံထားလို့ မင်းရဲ့မြေကမ္ဘာအင်မော်တယ်ရုပ်သေး အာရုံခံပြီး လာကယ်လို့ မရဘူး..."


ဒုတိယအလွှာမှ မသေမျိုးစားဖိုမှုးများ စကားပြောသည့်အခါတွင် လှောင်ပြောင်နေကြပြီး သူတို့၏မျက်နှာများတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်နေသည်။


" ဘယ်လိုတောင် လုပ်ရဲကြတာလဲ ...ရှင်တို့တွေက မြို့တော်သခင် မူယန်ရဲ့ တရားစီရင်‌ပိုင်ခွင့်အောက်မှာရှိတဲ့ ပထမအလွှာကို လာကြတဲ့ ဧည့်သည်တွေနော် ... ငါတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ဒီလိုပဲ ပြန်ဆက်ဆံလိုက်တာလား ..." 


မူလျှို့အာ ဒေါသထွက်စွာဖြင့် သူတို့ကို စိုက်ကြည့်နေသည်။ 


ဒီလူတွေက ပထမအလွှာကို လာကြတာလေ ... ဘာဖြစ်လို့ မြို့တော်သခင်အိမ်တော်နားမှာ ပြဿနာရှာရဲရတာလဲ ...


ထုံရွှေ ရယ်လိုက်သည်။


" မြို့တော်သခင် မူယန် သိပ်မကြာ ...."


ရုတ်တရက် စကားအများကြီး ပြောမိသွားသကဲ့သို့ ထုံရွှေ ပြောနေသည်ကို ရပ်တန့်လိုက်သည်။ 


" သိပ်မကြာတော့ပါဘူး..." လို့ ပြောမိတော့မလို ဖြစ်သွားတယ် ...


မူလျှို့အာ၏ မျက်လုံးများ မှေးစင်းသွားသည်။


သူဘာကို ဆိုလိုတာလဲ ...


" ခုရက်ပိုင်း ဆွေးနွေးပွဲတွေက အရမ်းပျင်းစရာကောင်းတာပဲ ... ပထမအလွှာက မသေမျိုးစားဖိုမှူးလို့ ခေါ်ကြတဲ့ လူတွေက တကယ့်အမှိုက်တွေပဲ ... ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ် ..." 


လူငယ်တစ်ဦး အေးစက်စွာပြောပြီး ပုဖန်ကို မျက်မှောင်ကြုတ် ကြည့်နေသည်။


သူ၏ အေးစက်သော အကြည့်များက ပုဖန်နှင့် ဆုံသွားသည်။


" ဒါဆိုရင် မင်းတို့ ဒီ မှော်အခင်းအကျင်းကို စီမံပြီး အင်အားစိုက်ထုတ်ထားတာ ငါနဲ့ အချက်ပြုတ်စွမ်းရည် ပြိုင်ရုံပဲအတွက်ပေါ့ ဟုတ်လား ..."


" ဟုတ်တယ် ... ငါတို့မင်းကို ချေမွ ပစ်ချင်တယ် ..."


" မင်း မလုပ်ချင်ဘူးလား အဲ့ဒါဆိုရင် ဘာလို့ ပြိုင်ပွဲဝင်ဖို့ သဘောတူလိုက်တာလဲ ... ရှောင်ပုကျွင်မှာ ဖြစ်ခဲ့တဲ့ကိစ္စက မင်းမှာလည်း ဖြစ်လာနိုင်တယ်နော် ... ဘာပဲဖြစ်ဖြစ် ဒါက သူ့ကံကြမ္မာပဲလေ ..."


မိန်းမပျိုတစ်ဦး ပြုံး၍ ပြောလိုက်သည်။


ပုဖန် နားလည်သွားသည်။ သူ မျက်နှာသေဖြင့် သူတို့ကို စိုက်ကြည့်ကြီး သက်ပြင်းချလိုက်သည်။


တစ်ဖက်သို့လှည့်ပြီး မူလျှို့အာ၏ လက်မောင်းထဲမှ ကလေးများကို ကြည့်လိုက်သည်။


" မူရှော့ မူယို့ ဆရာပု မင်းတို့ကို နောက်ဆုံးသင်ခန်းစာ သင်ပေးမယ် ဂရုတစိုက်ကြည့်ထားကြ ..."


ပုဖန် ပြောလိုက်သည်။


ထို့နောက် ခေါင်းမော့၍ ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများကို ကြည့်လိုက်သည်။


" အချက်ပြုတ်စွမ်းရည်တွေပြိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကိုသိတယ် ... စားဖိုမှူး စိန်ခေါ်ပွဲကို ကြားဖူးလား ..."


အားလုံး အံ့ဩသွားကြသည်။


စားဖိုမှူး စိန်ခေါ်ပွဲလား ...


" စားဖိုမှူး ပြိုင်ပွဲဆိုတာက ရှုံးတဲ့လူက နိုင်သွားတဲ့လူဆီကို မီးဖိုချောင်သုံးဓားကို ပေးရတဲ့ အချက်ပြုတ် ပြိုင်ပွဲပဲ ... မင်းတို့က ဆွေးနွေးပွဲကို ပျင်းတယ်ထင်ပြီး

အချက်ပြုတ်စွမ်းရည်တွေ နှိုင်းယှဉ်ချင်နေမှတော့ ငါတို့ စားဖိုမှူးစိန်ခေါ်ပွဲ လုပ်သင့်တယ် ..."


" အဲ့ဒာဆို မင်းတို့ အားလုံးနဲ့ ငါပေါ့ ...ငါးယောက် တစ်ယောက် ပြိုင်ကြမယ် ..."