အခန်း ၁၀၂၇
ထူးဆန်းလိုက်တာ ... မိုးကြိုးပြစ်ဒဏ်တွေက ဘာလို့ တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေကြတာလဲ ...
" ဘာလုပ်နေကြတာလဲ ... မိုးကြိုးပြစ်ဒဏ်တွေ တစ်ခုနဲ့တစ်ခု သတ်ဖြတ်နေကြတာလား ..."
" ဝိုး ... ဒါကြီးက မိုးကြိုးနဂါးစစ်ပွဲပဲ ..."
တိမ်မည်းများထဲမှ ထွက်ပေါ်လာပြီး တိုက်ခိုက်နေကြသော မိုးကြိုးနဂါးခြောက်ကောင်ကို လူအုပ်ကြီး ကြည့်နေကြသည်။
အရပ်မျက်နှာအနှံ့ ပြန့်ကျဲနေသော မိုးကြိုးပစ်သံများနှင့် အဆက်မပြတ် မိုးခြိမ်းသံများကိုသာ လူအုပ်ကြီး ကြားနေရသည်။
ဤမြင်ကွင်းက လူများကို စိတ်လှုပ်ရှားမှုဖြင့် အော်ဟစ်သွားစေသည်။
မသေမျိုးစားဖိုမှုးငါးဦးမှာ အစပိုင်းက ဘဝင်မြင့်နေကြသော်လည်း ယခုချိန်၌ အာရုံစိုက်လာကြသည်။
သူတို့ ငတုံးများ မဟုတ်ကြပေ။ အခြေအနေကို အကဲဖြတ်ပြီးနောက် နားလည်လာကြသည်။
" ဒါက စားဖိုမှူးစိန်ခေါ်ပွဲ ဆိုတာပေါ့လေ ..."
မသေမျိုးစားဖိုမှူးတစ်ယောက်မှ ပြောလိုက်သည်။
ဟင်းလျာကို အကဲဖြတ်သည့် စံနှုန်းတစ်ခု အနေဖြင့် မိုးကြိုးပြစ်ဒဏ်ကို အစပျိုးခဲ့ပြီးနောက် ထို မိုးကြိုးပြစ်ဒဏ် ခြောက်ခုမှာ ငါးယောက် တစ်ယောက် တိုက်ခိုက်ကုန်ကြသည်။ ထို့ကြောင့် အနိုင်ရသွားသောဘက်သည် စားဖိုမှူးစိန်ခေါ်ပွဲ၏ အနိုင်ရရှိသူကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
" အင်း ... ငါတို့ရဲ့ မိုးကြိုးပြစ်ဒဏ်ငါးခုနဲ့ သူရဲ့တစ်ခုနဲ့လာယှဉ်နေတယ်ပေါ့ ... သူ့ရဲ့ သတ္တိတွေ ဘယ်ကနေ ရလာတာလဲ ..."
ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူများ ယုံကြည်ချက် ရှိနေကြသည်။
သူတို့၏လက်ထဲမှ ဟင်းပွဲများ၏ ရနံ့ လေထဲတွင် ပျံ့လွင့်နေသည်။ သို့သော် ဤအချိန်တွင် အာရုံစိုက်မှုများက ဟင်းလျာများပေါ်တွင် မဟုတ်ပဲ အထက်မှ မိုးကြိုးနဂါးများပေါ်တွင် ဖြစ်သည်။
ဝုန်း ဝုန်း ဝုန်း ...
မိုးကြိုးပြစ်ဒဏ်ခြောက်ခု၏ တိုက်ပွဲသည် ထိုနေရာတွင် ရှိနေသူများ၏ အာရုံစိုက်စရာဖြစ်နေပြီး အုတ်အုတ်ကျက်ကျက် ဖြစ်နေစေသည် ။
အလယ်ဗဟိုတွင်ရှိသော မိုးကြိုးနဂါးတစ်ကောင်ကို ဘေးနားမှ မိုးကြိုးနဂါး ငါးကောင်ဝန်းရံနေပြီး တရှဲရှဲနှင့် လျှပ်စီးကြောင်းများ ထုတ်လွှတ်နေသည်။ ဤမိုးကြိုးနဂါးများမှာ အသက်ဝင်လျက်ရှိပြီး ၎င်းတို့၏အကြေးခွံများကိုပင် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
ဟိန်းဟောက်သံကြီးတစ်ခုဖြင့် မိုးကြိုးနဂါးတစ်ကောင် ပုဖန်၏ မိုးကြိုးနဂါးဆီသို့ ချီတက်လာသည်။
ဝုန်း ...
ပေါက်ကွဲသံက ကောင်းကင်ကို လှုပ်ခါစေပြီး လျှပ်စီးကြောင်းများက ရုတ်တရက် ဖြတ်ကျော်သွားပုံက ကောင်းကင်ကို နေ့အလင်းရောင်ကဲ့သို့ လင်းထိန်စေသည်။
ထိုအချိန်တွင် ကောင်းကင်တစ်ခုလုံး စတင်မည်းမှောင်လာသော်လည်း မိုးကြိုးနဂါးများ၏ စွမ်းအားအောက်တွင် နေ့ခင်းဘက်ကဲ့သို့ပင် တောက်ပနေသည်။
ကြည့်ရှုသူများ ကောင်းကင်ကို မော့ကြည့်ပြီး စိတ်လှုပ်ရှားစွာ ချီးကျူးနေကြသည် ။
" မမလျှို့အာ လောင်ပုရဲ့ မိုးကြိုးပြစ်ဒဏ်က အနိုင်ရမယ်ထင်လား ..."
မူရှီးရှီး သူမ၏ မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ မူလျှို့အာကို ကြည့်နေသည်။
မူလျှို့အာ အံ့ဩပြီး စကားလုံးများ ပျောက်ရှသွားသည်။
သူ အနိုင်ရမှာလား ...
သူမ ရင်ထဲတွင်လည်း အဖြေမရှိပေ။
ထိုလူမှာ အဆင့်နိမ့်နယ်ပယ်မှလာသော သေမျိုးဖြစ်ပြီး အံ့သြဖွယ်ရာဖြစ်ရပ်များကို ဖန်တီးခဲ့သည့် ပုဖန်ဖြစ်သည့်အတွက် သူ အနိုင်ရရန် ဖြစ်နိုင်ပါသည်။
သို့သော် ...
ယခုအချိန်တွင် ဒုတိယအလွှာမှ ရောက်လာသော ကုန်းရှို့ပန်ထက် စွမ်းရည်မနိမ့်သည့် စားဖိုမှူးငါးယောက်ကို သူ တစ်ပြိုင်တည်း ရင်ဆိုင်နေရသည်။
အကယ်၍ ပုဖန်၏ ဟင်းလျာမှ မိုးကြိုးပြစ်ဒဏ် သုံးခုကို အစပျိုးနိုင်ခဲ့လျှင် သူ့ထံတွင် အခွင့်အရေးရှိသည်။ မဟုတ်ပါက သူ့အတွက် အောင်ပွဲခံနိုင်ရန် ခက်ခဲနေလိမ့်မည်။
အဝေးမှ ...
ကုန်းရှို့ပန်သည်လည်း ထိုကဲ့သို့ပင် တွေးနေသည်။
ဤမိုးကြိုးနဂါးကြီးသည် ယခင်တစ်ကြိမ်ထက် ပိုမိုပြင်းထန်ပြီး ပို၍ အောင်မြင်လာသည်ဟုပင် ဆိုနိုင်သည်။ မိုးကြိုးပြစ်ဒဏ်သုံးခု ကျဆင်းလာပါက အခြားသော မိုးကြိုးပြစ်ဒဏ်များက ၎င်းကို ဆန့်ကျင်နိုင်မည်မဟုတ်ပေ ထိုအစား ၎င်းတို့သည် ချက်ခြင်း ဆုတ်ပြဲသွားမည်ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်လာပါက အနိုင်ရသူမှာ ပုဖန်ပင် ဖြစ်လိမ့်မည်။
ဤ အခြေအနေအရ ဤတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို ကောင်းကင်ရှိ မိုးကြိုးပြစ်ဒဏ်မှ အဆုံးအဖြတ်ပေးသွားမည်ကို ကုန်းရှို့ပန်နှင့် အခြားသူများ သိကြသည်။
ပုဖန် လက်ပ်ိုက်ထားပြီး အနီရောင်စားဖိုမှူးဝတ်စုံမှာ လေပြင်းကြောင့် ဝဲလွင့်နေသည်။
ထိုအချိန်တွင် နေ့ခင်းဘက်ကဲ့သို့ တောက်ပနေသော ညကောင်းကင်ကြီးကြားတွင် တိုက်ပွဲမှ နားကွဲမတတ် စူးရှသည့် အသံများ အဆက်မပြတ် ထွက်ပေါ်လာသည် ။
ဤပြင်းထန်သော တိုက်ပွဲသည် အောက်ဘက်ရှိ လူများကို လုံးဝ ထိတ်လန့်စေခဲ့သည်။
ပုဖန် အစပျိုးခဲ့သော မိုးကြိုးနဂါးကြီးကို အခြားမိုးကြိုးနဂါးငါးကောင်မှ တိုက်ခိုက်နေကြသည်။ သူတို့ ပါးစပ်များကိုဟ၍ နဂါးကြီး၏လည်ပင်းကို အဆက်မပြတ် ကိုက်ခဲနေကြသည်။
မိုးကြိုးနဂါးများ ဖြတ်ကျော်ဝင်ရောက်ပြီး အကြိမ်ကြိမ် တိုက်မိကြသည်။
များပြားလှသော ကြည့်ရှု့သူများ မည်သို့မျှ မတတ်နိုင်ပဲ လက်သီးကို တင်းတင်းဆုပ်ထားကြသည်။ ယခုအချိန်တွင် အချက်အပြုတ်ပြိုင်ပွဲအစား သွေးထွက်သံယိုတိုက်ပွဲကို မြင်တွေ့နေရသလိုပင် ခံစားရသည်။
ရုတ်တရက်ပရိသတ်များက နှိုးဆော်သကဲ့သို့ အော်လိုက်ကြသည်။
ကောင်းကင်ယံမှ ပုဖန်၏ မိုးကြိုးနဂါးကြီး ဦးခေါင်းနှင့် အမြှီးများ ကိုက်ဖြဲခံလိုက်ရသည်။
ယင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး လူတိုင်း အလွန်အံ့ဩသွားကြသည်။ အချို့လူများမှာ သူတို့၏ ဦးခေါင်းများကို ကိုင်ထားကြပြီး အချို့မှာ ထိတ်လန့်မှု့ကြောင့် အော်ဟစ်နေကြသည်။
ပုဖန်၏ မိုးကြိုးနဂါး အကိုက်ခံရသည်ဆိုသည်မှာ ပုဖန် ချေမှုန်းခံရပြီဟု ဆိုလိုခြင်း ဖြစ်နေသည်။
ပုဖန်က ချေမှုန်း ခံရတာလား ...
အံ့ဩဖွယ်ရာတွေကို ဆက်တိုက်ဖန်တီးခဲ့တဲ့ မသေမျိုးစားဖိုမှူးက ချေမှုန်း ခံလိုက်ရတာလား ...
မူရှီးရှီး ရုတ်တရက် စိုးရိမ်သွားသည်။ မူလျှို့အာ၏ ပေါင်ကိုကိုင်၍ ကျိုးပဲ့နေသော နဂါးကြီးကို စိုးရိမ်မှုများဖြင့် ကြည့်နေသည်။
" ပထမအလွှာက အမှိုက်တွေကတော့ အမှိုက်ပါပဲ ... စားဖိုမှူးစိန်ခေါ်ပွဲ ဟုတ်လား ... မင်းနဲ့ထိုက်တန်တာပဲ ..."
ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ ပုဖန်၏နဂါးကြီး ဆုတ်ဖြဲခံရသည်ကို မြင်သောအခါ စိတ်ချသွားသကဲ့သို့ သက်ပြင်းချလိုက်ကြသည်။
ယခင်က သင်္ဘောကြီး ရေမြောင်းထဲ မှောက်သွားမည်ကို ကြောက်လန့်နေကြသော်လည်း ယခုတွင် ဖုန်မှုန့်များ နေရာတကျ ဖြစ်သွားပုံရသည်။
ပုဖန်၏ မိုးကြိုးနဂါးကြီး ပြိုလဲသွားသည်ဆိုသည်မှာ စားဖိုမှူးစိန်ခေါ်ပွဲတွင် မဟာနိယာမလမ်းကြောင်းကြီးက အနိုင်ရသူကို ဆုံးဖြတ်ပေးလိုက်သည်။
လက်ထဲတွင်ရှိသော ဟင်းလျာများ၏ ရနံ့သည် အဆက်မပြတ် စိမ့်ဝင်နေပြီး မသေမျိုးစွမ်းအင်ကို ဖြစ်ပေါ်စေသည်။ ဤဟင်းလျာများကို လှည့်ပတ်နေသော မသေမျိုးစွမ်းအင်များက အိပ်မက်ထဲတွင်ရှိသကဲ့သို့ သာလွန်သောခံစားချက်ကို ပေးစွမ်းနိုင်သည်။
" မင်း စိတ်ဓာတ်ကျနေပြီလား ... ငါတို့ကို စိန်ခေါ်မိတာ နောင်တရနေပြီ ထင်တယ် ..."
" ငါ ရှုံးတော့မယ်ထင်လို့ လန့်သွားတာပဲ ... "
" ရှုံးမယ် ဟုတ်လား မင်းသာ ဒီပထမအလွှာက အမှိုက်ကို ရှုံးသွားရင် ဟောဒီကဒယ်ဒီ မီးဖိုကြီးကို ဝါးစားပြမယ် ဟား ဟား ဟား ..."
ဒုတိယအလွာမှ စားဖိုမှူးများ အလွန်အမင်း ပျော်ရွှင်နေကြပြီး အဆက်မပြတ် ရယ်မောနေကြသည်။
အဝေးတွင် ...
မြို့တော်သခင်မူယန် စိတ်ပျက်မှုကြောင့် မျက်ခုံးများပင့်တင်လိုက်သည်။
သူ တကယ် ချေမှုန်းခံလိုက်ရတာလား ...
" ထုံမိသားစုခေါင်းဆောင် မြင်လား ... အမှိုက်က အမှိုက်ပါပဲ ... ယျေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တောင် ဒုတိယအလွှာက ပင်ကိုစွမ်းရည်ရှိတဲ့ မသေမျိုးစားဖိုမှူးတွေကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး ..."
မန်နေဂျာချွေ ရယ်လိုက်သည်။ ထို့နောက် လက်နောက်ပစ်ပြီး ထွက်သွားဟန် ပြင်နေသည်။
ထိုမသေမျိုးစားဖိုမှူး၏ ကံကြမ္မာကို မျက်မြင် မတွေ့ချင်တော့ပေ။
...
" အိုး ... မင်းကိုကြည့်ရတာ ယုံကြည်ချက် ရှိနေသလိုပဲ ..."
ပုဖန် လက်ပိုက်၍ ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ခံထားရသော နဂါးကြီးကို မထူဆန်းသလိုပင် ကြည့်နေသည်။ သူ၏မျက်နှာပေါ်တွင် စိတ်ပူသည့် အမူအရာပင် မမြင်ရပေ။
ဘာ ...
ပုဖန်၏ စကားလုံးများနှင့် သဘောထားက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ဒုတိယအလွှာမှ မသေမျိုးစားဖိုမှူးများ၏ ဂုဏ်ပြုပွဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။
မူလျှို့အာ၏ မျက်လုံးများ ကောင်းကင်ကိုကြည့်ပြီး တောက်ပလာသည်။
ကုန်းရှို့ပန်နှင့် ရွှမ်ယွမ်ရှားဟွေ့လည်း တစ်စုံတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ကောင်းကင်ကို ကြည့်နေကြသည်။
" ပထမအလွှာက အမှိုက်ကောင် ဘာတွေ ဂုဏ်ယူနေတာလဲ ...ငါတို့ရဲ့ မိုးကြိုးနဂါးတွေက မင်းရဲ့နဂါးကြီးကို ချေမှုန်းလိုက်ပြီလေ အရှုံးကို လက်ခံလိုက်တော့ ..."
" ဟုတ်တယ် စားဖိုမှူးစိန်ခေါ်ပွဲကို မင်းရှုံးသွားပြီ ..."
" မဟာနိယာမ လမ်းကြောင်းကြီးကတောင် ဒီကိစ္စကို အသိအမှတ်ပြုလိုက်ပြီ မင်းက အရှက်မရှိ ပြုမူချင်နေတာလား ..."
ထိုစားဖိုမှူးများ ပုဖန်ကို ကဲ့ရဲ့လှောင်ပြောင်နေကြသည်။ အနိုင်ရသူများဖြစ်သည့်အတွက် ပြိုင်ဘက်၏ အနာကို ဆားဖြူးနေကြသည်။
" ဟိုနားကတစ်ယောက် ... မင်းရှုံးရင် မီးဖိုကို စားပြမယ်လို့ ပြောတယ်မလား ..."
ပုဖန်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး အဝေးမှ သူ့ကိုအပြစ်တင်နေသူများကို ကြည့်လိုက်သည်။
သူတို့၏ လှောင်ပြောင်မှုနှင့်ပတ်သက်၍ ပုဖန်အပေါ် အမှန်တကယ်ပင် ထိခိုက်ခြင်းမရှိခဲ့ပေ။
" မင်းက အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ် ထင်နေလား ... ငါရှုံးရင် မီးဖိုကို တကယ်စားပြမယ် ..."
ကြမ်းတမ်းပုံရသော စားဖိုမှူးငယ်လေးတစ်ဦးမှ ပြောလိုက်သော စကားဖြစ်သည်။
ပုဖန် ခေါင်းငြိမ့်လိုက်သည်။
" ကောင်းပါပြီ အဲ့ဒီမြင်ကွင်းကို ကြည့်ရဖို့ မျှော်လင့်နေပါတယ် ..."
ထို့နောက် သူ ခေါင်းမော့၍ ကောင်းကင်ကို ကြည့်နေသည်။
" အိုး ... မင်းရဲ့ နဂါးကြီး ဒဏ်ရာရနေပြီ ..."
ဘာ ...
မသေမျိုးစားဖိုမှုးငါးဦး အံ့ဩသွားကြသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ပုဖန်၏ မိုးကြိုးနဂါးကြီးကို စားသုံးပြီးနောက် သူတို့၏ နဂါးများ အားနည်းကုန်ကြသည်။ ထို့အပြင် သူတို့၏ မိုးကြိုးဖွဲ့စည်းမှုများတွင်လည်း အပေါက်များ ဖြစ်ကုန်သည်။
ပုဖန်၏ မိုးကြိုးနဂါးကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲခဲ့ကြသော်လည်း ဒဏ်ရာအကြီးအကျယ် ရရှိခဲ့ကြသည်။
ထိုအချိန်တွင် မိုးကြိုးနဂါးများ တစ်ကြိမ်ထပ်မံ တိုက်ခိုက်လာပြန်သည်။
မသေမျိုးစားဖိုမှူးငါးယောက် လေအေးများ ရှုရှိုက်နေရသည်။
" ငါ့မှာ မိုးကြိုးပြစ်ဒဏ် တစ်ခုပဲ ရှိတယ်လို့ ဘယ်သူပြောလဲ ..."
ပုဖန်ပြောလ်ိုက်သည်။ ထိုသို့ပြောလိုက်သည့် အချိန်မှာပင် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ မြည်ဟည်းလာသည်။
မည်းနက်နေသော တိမ်လွှာများ ကြားထဲမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
အရောင်လက်နေသော မိုးကြိုးနဂါးကြီး ပေါ်ထွက်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ခဏတွင်းချင်းမှာပင် မိုးကြိုးနဂါးငါးကောင်ဆီသို့ တစ်ဟုန်ထိုး လာနေသည်။
" မိုးကြိုးပြစ်ဒဏ်နှစ်ခုလား ..."
စားဖိုမှူးငါးဦး သက်ပြင်းချနေကြပြီး သူတို့၏ နှလုံးသားများမှာ အေးစက်လာသည်။
ကြည့်ရှု့သူများ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ အခြေအနေများကို ပြောင်းပြန်လှန်လိုက်သော ပုဖန်၏ လုပ်တောင်ချက်ကြောင့် သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပေ။
" လောင်ပု သူတို့ကို ဖျက်ဆီးပစ်လိုက် ..."
မူရှီးရှီး လက်သီးများဆုပ်၍ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ကုန်းရှို့ပန်နှင့် အခြားလူများ သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။
ဒါက တကယ့်ကို ပိုင်ရှင်ပုရဲ့ ပုံစံပဲ ...
အဝေးမှ မြို့တော်သခင်မူယန် မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ မျက်လုံးထဲတွင် တန်ဖိုးထားမှုများဖြင့် ပြည့်နှက်နေသည်။
ကျယ်လောင်သော မိုးခြိမ်းသံကြီးကို ကြားလိုက်ရချိန်တွင် မန်နေဂျာချွေ အဝေးသို့ မရောက်သေးပေ။ မြန်ဆန်လွန်းသည့် ပြောင်းလဲမှုများကြောင့် သူ၏နှလုံးသားထဲတွင် ထိတ်လန့်သွားသည်။
ထို့နောက် တစ်ဖက်သို့လှည့်၍ အဝေးမှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."
မိုးကြိုးပြစ်ဒဏ် နှစ်ခုတောင်လား ...
" ပထမအလွှာက အမှိုက်ကောင်ကလည်း မိုးကြိုးပြစ်ဒဏ်နှစ်ခုကို အစပျိုးနိုင်တာလား ..."
မန်နေဂျာချွေ မယုံကြည်နိုင်စွာ အော်ပြောလျက် မျက်လုံးများ မှေးမှိန်သွားသည်။
ထုံဝူတီလည်း မယုံကြည်နိုင်စွာ ပင့်သက်ရှိုက်လ်ိုက်သည်။ ပုဖန်၏ မွေးရာပါစွမ်းရည်များမှာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း သူဝန်ခံရပေမည်။
သို့သော် ထိုအရာက သူယခုလုပ်ရန် စီစဉ်နေသည့် ကိစ္စများကို မတားဆီးနိုင်ပေ။
...
ဒုတိယမိုးကြိုးနဂါး ထွက်ပေါ်လာသောအခါ ထိုနေရာရှိ လူအားလုံး၏ စိတ်လှုပ်ရှားမှုကို ပြန်လည်တောက်လောင် စေခဲ့သည်။
ချက်ချင်းပင် ထိုမိုးကြိုးနဂါးကြီး တိုက်ခိုက်ကာ ဆုတ်ဖြဲပစ်လိုက်သည်။
နောက်ထပ် မိုးကြိုးပြစ်ဒဏ်မှာ ယခင်တစ်ခုထက် ပိုသန်မာသောကြောင့် ဒုတိယအလွာမှ မသေမျိုးစားဖိုမှူးများ၏ မိုးကြိုးနဂါးကြီး စက္ကူစကဲ့သို့ ဆုတ်ဖြဲခံလိုက်ရသည်။
ဒါကြောင့်… နောက်ဆုံးရလဒ်က သည်းထိတ်ရင်ဖိုစရာမရှိပေ။
အဆုံးတွင် ထိုမိုးကြိုးနဂါးများ ပြန့်ကျဲသွားကာ သူတို့၏ ဦးခေါင်းထက်မှ တိမ်မည်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ဂျိန်း ဂျိန်း ...
သူတို့၏ လက်ထဲရှိ ကြွေဗန်းများမှ ဟင်းလျာများ တုန်ယင်လာသည်။ ထို့နောက် ထိုကြွေဗန်းများ ကျကွဲ၍ အပိုင်းပိုင်းဖြစ်သွားကာ မြေပြင်ပေါ် ပြန့်ကျဲကုန်သည်။
ထိုဟင်းလျာများပေါ်မှ မသေမျိုးစွမ်းအင် လက်တစ်ဆုပ်စာလည်း ပျောက်ကွယ်သွားသည်။
ဖျောက် ဖျောက် ဖျောက် ...
အုန်း အုန်း ...
သို့သော် မိုးကြိုးနဂါးငါးကောင်ကို ဆုတ်ဖြဲခဲ့သော နဂါးကြီးမှာ ရပ်တန့်မည့်ဟန်မပြပဲ ပုဖန်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။
ထိုအချိန် လေထဲတွင် လောင်ကျွမ်းနေသော ရနံ့တစ်ခုရလာပြီး ပုဖန်၏ဦးခေါင်းကို ချိန်ရွယ်၍ မိုးကြိုးနဂါးကြီး ဆင်းသက်လာသည်။
ဝုန်း ...
လူတိုင်း၏ မျက်လုံးများရှေ့တွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ရောင်ခြည်သည်လည်း တောက်ပနေ၏။
" ဟားဟားဟား မြေကမ္ဘာအင်မော်တယ်ရုပ်သေးလည်း မရှိဘူးဆိုတော့ ဒီစားဖိုမှူး မိုးကြိုးပစ်ခံရပြီး သေတော့မှာပဲ ..."
ဒုတိယအလွှာမှ စားဖိုမှူးတစ်ဦး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူတို့ ရှုံးနိမ့်သွားပြီဖြစ်သည်။ ဤအချက်ကို လက်ခံရန် အလွန်ခဲယဉ်းသော်လည်း အမှန်တရားကို သူတို့ မရှောင်လွှဲနိုင်ကြပေ။
အကယ်၍ ပုဖန်သာ မိုးကြိုးနဂါးကြောင့် သေဆုံးသွားခဲ့လျှင် သူတို့ရှုံးနိမ့်ခဲ့ကြောင်းကို အတိတ်တွင် လုံးဝ မြှုပ်နှံပြီးသား ဖြစ်သွားလိမ့်မည်။
သို့သော် ထိုရယ်မောနေသော စားဖိုမှူးကို လူအများက အရူးကဲ့သို့ ကြည့်နေကြသည်။
ဒုတိယအလွှာမှ ထိုစားဖိုမှူးများ၏ အလယ်တွင် ...
တေးဆိုနေသော ငှက်၏အသံများ ပဲ့တင်ထပ်လာပြီး အနီရောင်ငှက်မွှေးများ နေရာအနှံ့ပြန့်ကျဲလာသည်။
လူအုပ်ကြီးမှာ ဤမြင်ကွင်း၏ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။
ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းတန်းများ ပျောက်ကွယ်သွားသည်။ မိုးကြိုးပြစ်ဒဏ် တိုက်ခိုက်မှု၏ ရလဒ်ကို ထုတ်ဖော်ပြသလိုက်သလိုပင်။
အားလုံး လေအေးများ ရှုရှိုက်နေရသည်။
ပုဖန်၏ ခန္ဓာကိုယ်တွင် ဖြူနီရောင်စားဖိုမှူးဝတ်စုံမှ ကတ္တီပါနီရောင်သို့ ပြောင်းလဲသွားပြီး အနီရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
သူ၏နောက်တွင် အနီရောင်တောက်နေသည့် အတောင်ပံတစ်စုံ ဖြန့်ထွက်လာပြီး မီးတောက်နေသည့် အမွေးအတောင်များ အဆက်မပြတ် တဖျပ်ဖျပ်လွင့်နေသည်။
ပုဖန် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး မိုးကြိုးနဂါးကို ကိုင်လိုက်သောအခါ အက်ကွဲသံများ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကြောင့် လူအားလုံး စကားမပြောနိုင်ဖြစ်သွားသည်။
ဒုတိယအလွှာမှ စားဖိုမှူးများပင် တုန်ယင်ကုန်သည်။
မိုးကြိုးနဂါးကြီးကို လက်ဗလာနဲ့ ကိုင်လိုက်တာလား ...
ဒီကောင်လေး ကောင်းကင်ဘုံကိုသွားဖို့ အလျင်လိုနေတာပဲ ...
အဖြူအမည်းပတ်တီးများ စည်းထားသော လက်မောင်းမှ စွမ်းအင်များ ထွက်ပေါ်လာသောအခါ မိုးကြိုးနဂါးလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
အနီရောင်စားဖိုမှူးဝတ်စုံ၏ စွမ်းအားကြီးသော ခံစစ်အားကို မှီခိုခြင်းဖြင့် ၎င်းကို အောင်မြင်နိုင်ခြင်းဖြစ်သည်။ ဤစားဖိုမှူးဝတ်စုံ၏ စွမ်းအားဖြင့်သာဆိုလျှင် ခွေးဘုရင်၏ ပြောင်မြောက်လှသော လက်ဖဝါးကိုပင် ပုဖန် လက်ဗလာဖြင့် ကိုင်ရဲသည်။
မိုးကြိုးနဂါးကြီး ပြန့်ကျဲသွားချိန်တွင် ကောင်းကင်မှ တိမ်မည်းများလည်း ပျောက်ကွယ်သွားသည်။
လေထဲတွင် သင်းပျံ့သော ရနံ့တစ်ခု ပျံ့လွင့်နေသည်။
ပုဖန် ဟင်းလျာကို မဟူရာလိပ်ခုံးဒယ်အိုးထဲမှ ထုတ်ယူလိုက်သည်။
သိပ်သည်းသောရနံ့များ ပေါင်းစပ်သွားပြီး အဖုံးပေါ်မှ ပြုံးနေသော နတ်မင်း၏ရုပ်ပုံ ပေါ်လာသည်။
" ဝိုး ... ဒါက နတ်မင်းဆွေ့ဆွေ့ခုန်ပဲ ..."
ပုဖန် အိုးကို ကိုင်လာသည်ကို မြင်သောအခါ ရှီးရှီး၏မျက်လုံးများ အရောင်တောက်သွားသည်။
ပုဖန် အဝေးမှ ရှီးရှီးနှင့် အကြည့်ချင်းဆုံပြီး သူမကို အနားသို့လာရန် လက်ဝှေ့ယမ်းပြလိုက်သည်။
မဆိုင်းမတွဘဲ ရှီးရှီးပြေးသွားသည်။ သူမ၏ သေးငယ်ပြီး ချစ်စဖွယ် မျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားမှုများ ပျံ့လွင့်နေသည်။
" နတ်မင်းဆွေ့ဆွေ့ခုန်ကို ဘယ်လိုချက်ရမလဲ သိပြီမလား ..."
ပုဖန် ရှီးရှီးကို ညင်သာစွာ မေးလိုက်သည်။
" အခုကစပြီး မင်း ငါ့ရဲ့ အလုပ်သင်ဖြစ်သွားပြီ မင်းရဲ့ အချက်ပြုတ်စွမ်းရည်တွေ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ် ..."
ပုဖန်၏လက်ထဲမှ နတ်မင်းဆွေ့ဆွေ့ခုန်ကိုကြည့်၍ ရှီးရှီး၏ မျက်လုံးများ အရောင်တောက်လာသည်။
အဝေးမှ မူရှော့နှင့် မူယို့၏ မျက်နှာများမှာ တည်ကြည်နေသည်။
ဒါ ဆရာပုရဲ့ နောက်ဆုံးသင်ခန်းစာလား ...
...
မူမိသားစုအိမ်တော်၏ မျှော်စင်ပေါ်တွင် ရပ်နေသော မူယန် ရုတ်တရက် အေးခဲသွားသည်။
ပုဖန်၏ဘေးတွင် ရပ်နေသော မူရှီးရှီးကိုကြည့်၍ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
" ရှီးရှီးလား ..."
မလှမ်းမကန်းမှ ထုံမိသားစု၏ အပြစ်တင်မှုများမှာ မန်နေဂျာချွေ နှာမှုတ်ကာ ဒေါသတကြီးထွက်သွားသောကြောင့် ပျက်စီးသွားသည်။
...
လေပြည်လေးများ တိုက်ခတ်နေသည်။
ပုဖန် နတ်မင်းဆွေ့ဆွေ့ခုန်ကို မူရှီးရှီးကို ပေးလိုက်သည်။ ထို့နောက် အဝေးမှ မသေမျိုးစားဖိုမှူးငါးယောက်ကို အေးဆေးတည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
" မင်းတို့ထဲကတစ်ယောက်က ရှုံးသွားရင် မီးဖိုကို စားပြမယ်လို့ပြောတာ ငါသတိရသွားပြီ ... အဲ့တာ ဘယ်တစ်ယောက်လဲ ... ငါတကယ် အဲ့မြင်ကွင်းကို တွေ့ကြုံချင်တယ် ..."