အပိုင်း ၁၀၂၉
Viewers 53k

အခန်း ၁၀၂၉

မသေမျိုးစားဖိုမှူးပြိုင်ပွဲကြီး စတင်ပြီ


တကျွိကျွိမြည်သံဖြင့် တံခါးပွင့်သွားသည်။


တံခါးဖွင့်လိုက်သည်မှာ ပုဖန်မဟုတ်ပဲ ဝှိုက်တီဖြစ်နေသည်။ သူ၏ စက်ရုပ်မျက်လုံးများ တလက်လက်တောက်ပကာ ပြောလိုက်သည်။


" ပြဿနာရှာတဲ့လူတွေကို လူအားလုံးရှေ့မှာ အဝတ်တွေချွတ်ပြီး ကန်ထုတ်ပစ်ရမယ် ..." 


ဝှိုက်တီ၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကြီးက တံခါးပေါက်ဝကို ပိတ်ရပ်ထားပြီး ထိုလူသုံးဦးကို ကြည့်လိုက်သည်။


သို့သော် ထိုသို့ ပြောပြီးသွားသောအခါ ထိုနေရာ၌ပင် ရပ်နေပြီး လှုပ်ရှားမှု မရှိတော့ပေ။ ထို့နောက် သူ၏ လက်ဖဝါးကြီးကို မြှောက်လိုက်ပြီး ဝိုင်းစက်နေသော ခေါင်းကြီးကို ကုတ်နေသည်။


ဝှိုက်တီ သူ၏ မျက်လုံးတစ်စုံဖြင့် ခေါင်းငုံ့ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ထိုမျက်လုံးများမှာ ရေကန်များနှင့်တူနေပြီး ထိုလူသည် ဝှိုက်တီ၏စကားများနှင့် မှိတ်တုတ်မှိတ်တုတ် မျက်လုံးများကြောင့် ထိတ်လန့်သွားပုံရသည်။


မူရှီးရှီး၏ နှုတ်ခမ်းများ တုန်ယင်လာပြီး မျက်ရည်ဝဲလာသည်။


တုံ့ပြန်သည့်အနေဖြင့် ဝှိုက်တီ ရှီးရှီးကို ကြောင်အနေသော အမူအရာဖြင့် ကြည့်လိုက်သည်။


ရှီးရှီးငိုနေစဉ်တွင် သူမ၏ မျက်ရည်များက ပါးပြင်နှင့် နှာခေါင်းတို့မှ စီးကျလာပြီး နှာရည်များ ထွက်လာသည်။


ရှီးရှီးမှာ ပုဖန်၏ အလုပ်သင်စားဖိုမှူးဖြစ်ကြောင်း ဝှိုက်တီ သိရှိသွားသည်။ မိုးကြိုးပြစ်ဒဏ် အမြောက်အများကို ဝါးမျိုထားသည့်အတွက် ထို ရုပ်သေးရုပ်မှာ သူ၏ ဆင့်ကဲဖြစ်စဉ် ကာလအတွင်း ဝိညာဉ်ဉာဏ်ပညာအချို့ကို ရရှိထားသည်။


သို့သော် သူ၏ ဝိညာဉ်ဉာဏ်ပညာနှင့်ပင် လက်ရှိ အခြေအနေကို နားမလည်နိုင်ပေ။


ရှီးရှီးအပြင် ဘေးနားတွင် နောက်ထပ်ပုံရိပ်နှစ်ခု ရှိနေသည်။ သူတို့၏ ခေါင်းဆောင်းများ ချွတ်လိုက်သောအခါ မောဟိုက်နေသော မျက်နှာနှစ်ခုကို မြင်လိုက်ရသည်။


တစ်စုံတစ်ယောက် ငိုနေသည်ကိုကြား၍ ပုဖန် လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာသည်။


ပုဖန် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်များလည်း ချည်နှောင်မထားသဖြင့် ပြေလျော့နေသည်။ ရင်ဘတ်မှ အင်္ကျီကော်လံ အနည်းငယ် ပွင့်ဟနေပြီး ဖြူစင်သော အသားအရည်ကို လှစ်ဟပြနေသည်။


သူ၏တစ်ကိုယ်လုံး ပျင်းရိသည့် အရိပ်အယောင်များ ထွက်လာသည်။


ပုဖန် သမ်းဝေလျက် တံခါးဆီသို့ လျှောက်လာပြီး မေးလိုက်သည်။

" ဘာတွေ ဖြစ်နေတာလဲ ..."


ဝှိုက်တီ သူ၏ခေါင်းကိုကုတ်ပြီး ခန္ဓာကိုယ်ကို ဘေးသို့မှီလိုက်သောအခါ မြေပြင်ပေါ်တွင်ထိုင်၍ ငိုနေသော ရှီးရှီးကို မြင်လိုက်ရသည်။


" ဘာ ... ရှီးရှီးလား ..."


ပုဖန် မျက်မှောင်ကြုတ်ပြီး ရှီးရှီးကို ကြည့်နေသည်။


ရင်းနှီးနေသော အသံကိုကြား၍ ရှီးရှီး အငိုရပ်သွားသည်။ သို့သော် ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ငိုပြီးနောက်တွင် သူမ၏မျက်နှာတွင် မျက်ရည်များနှင့် ပြည့်နှက်နေသည်။


ပုဖန်၏လက်ထဲတွင် အစပ်ချောင်းတစ်ချောင်း ပေါ်လာပြီး ရှီးရှီးကို ပေးလိုက်သည်။


" ဒီမှာ အစပ်ချောင်းလေး စားလိုက် ... မငိုနဲ့တော့ ..."

ပုဖန်၏ နှစ်သိမ့်စကားများမှာ အနည်းငယ် မာကျောနေသည်။


အစပ်ချောင်းကို ရပြီးနောက် ရှီးရှီးတကယ်ပင် အငိုတိတ်သွားသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ ထို့နောက် သူ၏ လက်ဖဝါးကြီးကိုဆန့်ထုတ်၍ ရှီးရှီးကို ချီလိုက်ပြီး ပခုံးပေါ်တင်လိုက်သည်။


ရှီးရှီးမှာ ကလေးဖြစ်သည့်အတွက် ဝှိုက်တီ့ကို ချက်ချင်းစိတ်ဝင်စားသွားသည်။ အစပ်ချောင်းကို ကိုင်ထားပြီး ပြုံးရယ်လျက် ဝှိုက်တီနှင့် ‌ဆော့ကစားနေသည်။


ထိုအချိန်တွင် ပုဖန် အခြားနှစ်ဦးကို စိုက်ကြည့်နေသည်။


မူလျှို့အာနှင့် မူရှော့တို့၏ မျက်နှာများမှာ မောပန်းနေသည်။


" ပိုင်ရှင်ပုကို ဒီလိုအချိန်မှ နှောင့်ယှက်ရတာ အားနာပါတယ် ဒါပေမဲ့ ကျွန်မတို့ ပြောစရာရှိလို့ပါ ..."


ပုဖန် လက်နောက်ပစ်၍ စားပွဲများဆီ လျှောက်သွားပြီး ပြောလိုက်သည်။


" အထဲဝင်ပြီး ထိုင်ပါဦး ..."


မူလျှို့အာနှင့် မူရှော့တို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။


ဒုန်းခနဲ အသံနှင့်အတူ တံခါးများကို ဆောင့်ပိတ်လိုက်သည်။


ခဏအကြာတွင် လက်ဖက်ရည်ခွက်ထဲသို့ လက်ဖက်ရည် လောင်းချသည့် အသံများ ကြားနေရသည်။


မီးရောင် လင်းလာသည်။


လက်ဖက်ရည်မှ လွင့်ပျံလာသော အငွေ့များသည် အရောင်များ ပွင့်လန်းနေသကဲ့သို့ အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင် တောက်ပနေပုံရသည်။


ပုဖန် ဤလက်ဖက်ရည်ပူပူကို မူလျှို့အာနှင့် မူရှော့ထံသို့ယူလာလိုက်သည်။


" သောက်လိုက်ပါဦး ဒီလက်ဖက်ရွက်တွေ ကျုပ်ကိုယ်တိုင် ခူးထားတာ ..."

ပုဖန် ပြောလိုက်သည်။


မူလျှို့အာ လက်နှစ်ဖက်ဖြင့် ကြွေခွက်ကို ယူလိုက်သည်။ လက်ဖက်ရည်ခွက်မှ ထွက်လာသော အပူသည် သူမ၏ အေးစက်သော နှလုံးသားကို တဖြည်းဖြည်း နွေးထွေးစေသည်။


လက်ဖက်ရည်၏ အနံ့အသက်မှာ ကြွယ်ဝပြီး သူမစိတ်ကို အနည်းငယ် တည်ငြိမ်သွားစေသည်။


ဤသည်မှာ လူတို့၏စိတ်ကို အမြဲတည်ငြိမ်စေသည့် မသေမျိုးစားဖိုမှူးဆိုင်ငယ်လေး၏ ဆွဲဆောင်မှုဖြစ်သည်။


ခဏအကြာတွင် သူမ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။


လက်ဖက်ရည်၏ ခါးသောအရသာ သူမ၏လည်ချောင်းထဲသို့ စီးကျလာပြီး အစာအိမ်ထဲသို့ စိမ့်ဝင်သွားသည်။ သို့သော် ခါးသက်သည့် အရသာပြီးနောက် ချိုမြိန်မှုတစ်ခု ပေါ်လာသည်။


" ဘာဖြစ်ခဲ့တာလဲ ပြောပါ ..."

ပုဖန် မူလျှို့အာကို စိုက်ကြည့်ပြီး သံသယမကင်းစွာဖြင့် မေးလိုက်သည်။


မူလျှို့အာ ခါးသီးစွာဖြင့် ခေါင်းခါလိုက်သည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးမှာ သူမအတွက် ကြောက်လန့်မှုကို ခံစားရစေသည်။


" ကျွန်မ အဖေ သေသွားပြီး မူမိသားစုအိမ်တော် ဖျက်ဆီးခံလိုက်ရတယ် ... မြို့တော်သခင်လည်း ပြောင်းသွားပြီ ..."


မူလျှို့အာ၏ ခန္ဓာကိုယ်နှင့် အသံများပင် တုန်ယင်နေသည်။


မူလျှို့အာ ပြောသည်ကို နားထောင်ပြီး ပုဖန် အနည်းငယ် အံ့ဩသွားသည်။


" ဒီနေ့ ထုံမိသားစု ကျန်းမိသားစုနဲ့ တခြားသူကောင်းမျိုးမိသားစုတွေရဲ့ ခေါင်းဆောင်တွေက အရင်ရက်တည်းက ဒုတိယအလွှာကို ထွက်သွားရမယ့် မန်နေဂျာချွေရယ် ကြယ်ခြောက်ပွင့်သားရဲဧကရာဇ်ရယ်နဲ့ ပူးပေါင်းသွားကြတယ် ...သူတို့တွေ ကျွန်မ‌အဖေကို ဝန်းရံပြီး သေအောင်သတ်လိုက်ကြတယ် ..."


မူလျှို့အာ သူမ၏ခန္ဓာကိုယ် ပို၍တုန်ယင်လာပြီး ပြောလိုက်သည်။


ထုံဝူတီ ထိုမျှ သတ္တိကောင်းမည်ဟု သူမ မထင်ထားပေ။


သူမ အဖေမှာ မသေမျိုးမြို့တော်၏ မြို့တော်သခင်ဖြစ်သည်။ ထို့အပြင် မြို့တော်သခင်တစ်ဦးစီတိုင်းကို နယ်ပယ်သခင်မှ ကိုယ်တိုင်ရွေးချယ် ခန့်အပ်ထားခြင်းဖြစ်သည်။


သူမအဖေကို ထိုလူများ ဆန့်ကျင်ရဲမည်ဟု သူမ မထင်ထားခဲ့ပေ။


နယ်ပယ်သခင် သူတို့ကို အပြစ်တင်မှာ မကြောက်ကြဘူးလား ...


သို့ရာတွင် ဤကိစ္စနောက်ကွယ်တွင် ထုံဝူတီရှိကြောင်း သူမ သိသည်။


ကြယ်ခြောက်ပွင့် သားရဲဧကရာဇ်၏ ပါဝင်မှုကြောင့်ထုံဝူတီနှင့် အခြားသူများ သူမ၏ဖခင်ကို ထိုသားရဲ၏သတ်ခြင်းခံရပြီး ၎င်းနှင့်အတူသေဆုံးသွားကြောင်း ကျိန်းသေပေါက်ပြောနိုင်ကြခြင်းဖြစ်သည်။


မူလျှို့အာ၏ ဝမ်းနည်းနေသော မျက်နှာကိုကြည့်၍ ပုဖန် ဘာပြောရမည်မသိပေ။


ခဏခန့်တွေးတောပြီးနောက် သူပြောလိုက်သည်။


" မင်းရဲ့ ဝမ်းနည်းမှုကို သိမ်းထားလိုက်ပါတော့ သေသွားတဲ့လူကို ပြန်ရှင်အောင် မလုပ်နိုင်တော့ဘူး ..."


အခြားသူများကို မည်သို့နှစ်သိမ့်ရမည် မသိသောကြောင့် ထိုမျှသာပြောနိုင်သည်။


" ကျွန်မသိပါတယ် ... ကျွန်မ ဒီကိုလာတာ ပိုင်ရှင်ပုဆီမှာ ရှီးရှီးကို အပ်ခဲ့ချင်လို့ပါ..."


မူလျှို့အာ တည်ငြိမ်စွာပြောပြီး နောက်ထပ် လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။


ဝှိုက်တီနှင့်ဆော့ကစားနေသော ရှီးရှီးကို ကြည့်၍ ပုဖန် ခေါင်းငြိမ့်ပြလိုက်သည်။ ရှီးရှီးမှာ သူ၏ အလုပ်သင်ဖြစ်၍ ဂရုစိုက်ရမည်မှာ သ‌ဘာဝပင်။ 


" ငါဂရုစိုက်လိုက်ပါ့မယ် ..."


" မူမိသားစုက ကျဆုံးသွားပြီ ရှီးရှီး အခုချိန်ကစပြီး ကျေးဇူးပြုပြီး ပိုင်ရှင်ပုကိုပဲ မှီခိုပါ ကျွန်မကတော့ လက်စားချေရမယ် ..."

မူလျှို့အာ ပြောလိုက်သည်။


" မမလျှို့အာ ကျွန်တော်လည်း လိုက်ချင်တယ် ..."


မူရှော့ တည်ငြိမ်စွာ ပြောလိုက်သည်။


" မရဘူး ... မင်း ဒီမှာပဲ ပိုင်ရှင်ပုနဲ့နေပြီး ရှီးရှီးကို ကာကွယ်ရမယ် ... မင်းတို့နှစ်ယောက်လုံးက မူမိသားစုရဲ့ မျှော်လင့်ချက်လေးတွေပဲ မင်းတို့ စွမ်းအားကြီးတဲ့ မသေမျိုးစားဖိုမှူးဖြစ်လာခဲ့ရင် မူမိသားစု ပြန်လည်တောက်ပလာဖို့ အခွင့်အရေးရှိဦးမှာပါ ..."

မူလျှို့အာ ခိုင်မာစွာ ပြောလိုက်သည်။


" မဟုတ်ဖူး မမလျှို့အာ ... ကျွန်တော်လည်း ဒုတိယအလွှာကို လိုက်ခဲ့ချင်တယ် ..."


မူရှော့ ရှိုက်ကြီးတငင်ပြောပြီး သူ၏မျက်ရည်များကို ပြန်ထိန်းရန် ကြိုးစားနေသည်။


" ငါနဲ့လိုက်လို့မရဘူး ... ဒုတိယအလွှာရောက်သွားရင် ငါတစ်ယောက်တည်းတောင်မှ ရှင်သန်ဖို့ မသေချာဘူး ... အဲ့ဒါအပြင် ဒုတိယအလွှာက မိသားစုက အပြောင်းအလဲ တစ်ခုခုနဲ့ ကြုံနေရလား မသိနိုင်လို့ လောင်းကြေးမထပ်ရဲဘူး ... မင်းနဲ့ရှီးရှီးက ပိုင်ရှင်ပုနဲ့ဆို လုံခြုံတယ် အဲ့ဒါကြောင့် မင်းတို့နှစ်ယောက်ကို ထားခဲ့ရလိမ့်မယ် ... မင်းတို့နှစ်ယောက်က မူမိသားစုရဲ့ မျှော်လင့်ချက်လေးတွေပဲ ..."


ခဏကြာပြီးနောက် မူရှော့နှင့် မူရှီးရှီးကို ထားခဲ့ပြီး မူလျှို့အာ ထွက်သွားသည်။


ပုဖန် အနည်းငယ် ဆို့နင့်သွားသည်။ မူလျှို့အာ ထွက်သွားသည်အထိ စိုက်ကြည့်လိုက်ပြီး သူ၏စိတ်များ ခဏခန့် ရှုပ်ထွေးသွားသည် ။


"ဟယ်တုံမှာ နှစ်သုံးဆယ် ဟယ်ရှီးမှာ နှစ်သုံးဆယ်ဆိုတဲ့အတိုင်းပဲ မင်းလုပ်နိုင်မယ်ဆိုတာ ငါယုံကြည်နေတယ်..."


ပုဖန် မူရှော့၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။


မူရှော့နှင့် မူရှီးရှီး စားသောက်ဆိုင်တွင် အခြေကျ နေထိုင်ခဲ့ကြသည်။


မူရှီးရှီးမှာ အလုပ်သင် စားဖိုမှူးဖြစ်ပြီး လစ်လပ်နေသော မဟုရာနဂါးဘုရင်၏ စားပွဲထိုး ရာထူးတွင် မူရှော့ကို အစားထိုးလိုက်ပြီး မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေး၏ စားပွဲထိုးအသစ် ဖြစ်လာခဲ့သည်။


နောက်တစ်နေ့တွင် ထုံမိသားစုမှ လူအစုအဝေးကြီးကို ခေါ်ဆောင်လာပြီး မူရှီးရှီးနှင့် မူရှော့ကို ၎င်းတို့နှင့်အတူ ပြန်ခေါ်ဆောင်ရန် ကြံရွယ်ပြီး မသေမျိုးစားဖိုမှူး ဆိုင်ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။


သို့သော် ဝှိုက်တီနှင့် မူရှီးရှီးအကြား ဆက်ဆံရေးမှာ ပုဖန် မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။


စားသောက်ဆိုင်အစောင့် ဝှိုက်တီမှာ မလိုအပ်သော စကားများကို မပြောဘဲ လှုပ်ရှားမှုများကိုသာ ပြုလုပ်သည်။


ထုံမိသားစုမှလူများ နှာခေါင်းသွေးများထွက်ပြီး မျက်နှာများ ယောင်ကိုင်းသွားသည်အထိ အရိုက်ခံခဲ့ရသည်။ ထို့နောက် သူတို့၏ အဝတ်များ ချွတ်ခံရပြီး ကန်ထုတ်ခံရသည်။


ဤအဖြစ်အပျက် ပြီးသည့်နောက် ထုံမိသားစုမှလူများ စားသောက်ဆိုင်သို့လာ၍ မူရှော့နှင့် မူရှီးရှီးကို လာမခေါ်ရဲ‌တော့ပေ။


မူမိသားစု၏ ဂုဏ်သိက္ခာသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ပထမအလွှာတွင် ညှိုးနွမ်းသွားပုံရသည်။  


တစ်ညတွင်းချင်းမှာပင် မူမိသားစုတစ်ခုလုံး အစရှာ မရအောင် ပျောက်ကွယ်သွားသည်။


နောက်ပိုင်းတွင် ပုဖန် မူမိသားစုစံအိမ်သို့ သွားခဲ့သည်။


နေရာတစ်ခုလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားပြီး မသေမျိုးမီးတောက်များ၏ မီးခိုးများကြောင့် မြေပြင်ပေါ်ထိ တောက်လောင်သွားပုံရသည်။


မူမိသားစုအိမ်တော်၏ လက်ရှိအခြေအနေကို မြင်တွေ့ပြီးနောက် ပုဖန် သက်ပြင်းချလိုက်သည်။ ခဏအကြာတွင် သူပြန်လှည့်ပြီး စားသောက်ဆိုင်သို့ ပြန်သွားသည်။


...


မသေမျိုးစားဖိုမှူးပြိုင်ပွဲ စတင်တော့မည်ဖြစ်သည်။


လက်ရှိတွင် ပထမအလွှာ၏ မြို့တော်သခင် ရာထူးကို ထုံဝူတီက သိမ်းပိုက်ထားသည်။ သို့သော် သူ၏မြို့တော်သခင် ရာထူးမှာ နယ်ပယ်သခင်မှ အသိအမှတ် မပြုသေးသည့်အတွက် ဟန်ပြသာ ဖြစ်သည်။


သို့ရာတွင် စီစဉ်ထားသည့်အတိုင်း သူ၏ သဘောတူညီမှုမှာ အချိန်တစ်ခုသာ ကြာမည်ဖြစ်သည်။


မြို့တော်သခင်အိမ်တော်တွင် ထုံဝူတီ မျက်မှောင်ကြုတ်လျက် ခုံမြင့်ပေါ်တွင် ထိုင်နေသည်။


စံအိမ်တော်၏ အပြင်ဘက်ရင်ပြင်တွင် မသေမျိုးစားဖိုမှူးများအားလုံး ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည်။


ဤအချိန်တွင် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ မသေမျိုးစားဖိုမှူး ပြိုင်ပွဲကို စတင်ကျင်းပသည့်နေ့ဖြစ်သောကြောင့် ပထမအလွှာ၏ လူဦးရေအားလုံးနီးပါး ဤနေရာတွင် စုရုံးရောက်ရှိနေကြသည်။


ဤမသေမျိုးစားဖိုမှူးများမှာ ပြိုင်ပွဲတွင် ပါဝင်ရန် ဤနေရာသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။


ကုန်းရှို့ပန် ကုန်းရှို့ယွင် ရွှမ်ယွမ်ရှားဟွေ့နှင့် အခြား ပြိုင်ဆိုင်သူများလည်း ဤနေရာသို့ ရောက်ရှိနေကြသည်။ အဖွင့်ပွဲ၏ မှော်အခင်းအကျင်းများကို သောင့်နေကြခြင်းဖြစ်သည်။


မသေမျိုးစားဖိုမှူး ပြိုင်ပွဲသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးတွင် ကြီးကျယ်ခမ်းနားသည့် ပွဲတစ်ပွဲဖြစ်သောကြောင့် ပထမအလွှာတွင် ကျင်းပရန် မဖြစ်နိုင်ပေ။


ဒုတိယအလွှာမှ ပဉ္စမအလွှာအထိ အလွှာတစ်ခုတိုင်းတွင် ကွဲပြားသော ပြိုင်ပွဲများရှိသည်။


ဒုတိယအလွှာသည် ပထမပြိုင်ပွဲ၏ တည်နေရာဖြစ်ပြီး ပဏာမပြိုင်ပွဲဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်မည့် မသေမျိုးစားဖိုမှူးများအားလုံး ထိုနေရာတွင် စုဝေးကြမည်ဖြစ်သည်။


မြို့တော်သခင် စံအိမ်အတွင်းတွင် ...


ထုံဝူတီ လက်နောက်ပစ်လျက် ဖြေးညှင်းစွာ လမ်းလျှောက်လာသည်။


ယခုအချိန်တွင် ထုံဝူတီမှာ အလွန်အစွမ်းထက်နေသည်။ မြို့တော်သခင်တစ်ဦးအနေဖြင့် သူ၏ ရာထူးနှင့်လိုက်ဖက်သော သြဇာအာဏာကို ပိုင်ဆိုင်ထားသည်မှာ သဘာဝပင်ဖြစ်သည်။


သူ၏မျက်လုံးများက လူအုပ်ကြီးကို ကြည့်လိုက်သည်။


" ဒီနေ့ ဒီနေရာမှာ ရှိသူတိုင်းက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ မသေမျိုးစားဖိုမှူးပြိုင်ပွဲမှာ ပထမအလွှာကို ကိုယ်စားပြုပြီး ပါဝင်ရမည့်သူတွေဖြစ်ကြတယ် ... အဲ့ဒာကြောင့် လူတိုင်း ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိဖို့ ကျုပ်မျှော်လင့်ထားတယ် ..."


ထုံဝူတီ အများကြီး မပြောခဲ့ပေ။ သူ၏ အားပေးမှုမှာ ပုံမှန်အရာ တစ်ခုသာဖြစ်သည်။


နောက်ဆုံးတွင် မသေမျိုးချက်ပြတ်ခြင်းနယ်ပယ်၏ ပထမအလွှာမှာ အောက်ခြေအဆင့်တွင် အမြဲတမ်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းအတွက် အခြားအလွှာများကို ကြည့်ရှုလေ့လာရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။


ပထမအလွှာမှာ ကြီးမားသောကြောင့် ပင်ကိုစွမ်းရည်ရှိသော မသေမျိုးစားဖိုမှူး မြောက်များစွာရှ်ိသည်။


ကုန်းရှို့ပန်နှင့် ကုန်းရှို့ယွင်တို့ မောင်နှမနှစ်ဦး အရည်အချင်းအသစ်များဖြင့် ရွှမ်ယွမ်ရှားဟွေ့ ထုံမိသားစု၏ ထုံရွှေ သူတို့အားလုံးမှာ အဆင့်သုံးရာအတွင်းဝင်ရန် မျှော်လင့်ချက်များဖြစ်သည်။


ကုန်းရှို့ပန်တွင် အဆင့်နှစ်ရာအတွင်း ဝင်နိုင်သောစွမ်းရည်ရှိသည်။


ထုံတူတီမှာ မြို့တော်သခင်တစ်ဦးဖြစ်သောကြောင့် ဤအရည်အချင်းရှိသူများကို အားပေးမှုများစွာပေးသည်။


အဝေးမှ ...


အုတ်အုတ်ကျက်ကျက်အသံများ ဆူညံလာသည်။


ထုံဝီူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်။


ထိုလူမှာ ဖြူနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များကို ကတ္တီပါကြိုးဖြင့် စည်းနှောင်ထားသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံငုံကြည့်လိုက်လျှင် ပျင်းရိနေသည့် အမူအရာများ ပေါ်လွင်နေသည်။


" ပုဖန် ..."

ထုံဝူတီ တီးတိုးပြောလိုက်သည်။


ကုန်းရှို့ပန်၏ မျက်လုံးများ အရောင်တောက်သွားသည်။


မသေမျိုးစားဖိုမှူးအများအပြား ပုဖန်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားသည်။


သေမျိုးတို့၏ကမ္ဘာမှ ဤစားဖိုမှူးသည် အံ့ဩဖွယ်ရာများစွာကို ယူ‌ဆောင်လာခဲ့သည်။ ဤ မသေမျိုးစားဖိုမှူးပြိုင်ပွဲတွင် သူမည်မျှအထိ စွမ်းဆောင်နိုင်မည်ကို မသိကြသေးပေ။


ယနေ့ထိတိုင် ပထမအလွှာမှ ပုဖန်၏ ဂုဏ်သတင်းသည် မိုးကြိုးကဲ့သို့ လူတို့ဆီနားထဲ ပြန့်နှံ့ခဲ့သည်။ ထို့ကြောင့် စားဖိုမှူးများက သူရောက်လာသောအခါ သူတို့ကိုယ်တိုင်ပင် မသိလိုက်ပဲ လမ်းဖယ်ပေးမိကြသည်။


ပုဖန်၏နောက်တွင် ပုံရိပ်နှစ်ခု ပါလာသည်။


တစ်ခုမှ ဝှိုက်တီနှငိ့ သူ၏ပခုံးပေါ်တွင် လိုက်ပါလာသော ကလေးမလေးတစ်ယောက် ဖြစ်သည်။


ထုံဝူတီ၏ အကြည့်များ ထိုကလေးမလေးပေါ်သို့ ရောက်သွားပြီး မျက်လုံးများ အရောင်တောက်လာသည်။


" မူမိသားစုက အသက်ရှင်ကျန်သူလား ..."


ထုံဝူတီ အသက်ရှုထုတ်လိုက်သည်။ ပုဖန်ကို တည့်တည့်ကြည့်နေသော သူ၏မျက်လုံးများမှာ စူးရှလာသည်။


ပုဖန် တုံ့ဆိုင်းမနေပဲ ထုံဝူတီကို ပြန်စိုက်ကြည့်နေသည်။


" မသက်ဆိုင်တဲ့လူတွေကို မှော်အခင်းအကျင်းထဲ ဝင်ခွင့်မပြုဘူး ..." 


ထုံဝူတီ ဘာမှ မထူးဆန်းသလိုပင် ပြောလိုက်သည်။


" တစ်ယောက်က ကျုပ်ရဲ့ မြေကမ္ဘာအင်မော်တယ်ရုပ်သေး နောက်တစ်ယောက်က အလုပ်သင်စားဖိုမှူး သူတို့က မသက်ဆိုင်တဲ့လူတွေ မဟုတ်ဖူး ..."


ပုဖန် ခွန်းတုံ့ပြန်လိုက်သည်။


အလုပ်သင်စားဖိုမှူးများမှာ မသေမျိုးစားဖိုမှူးနှင့်အတူ ပြိုင်ပွဲဆီသို့ လိုက်ခွင့်ရှိကြသည်။ သို့မှသာ ချက်ပြုတ်သည့် စွမ်းရည်များကို သင်ယူနိုင်ပြီး အခြေအနေများကို ဦးစွာ တွေ့ကြုံခံစားနိုင်သည်။


" အလုပ်သင်လား ..."


ပုဖန်ကို ကြည့်နေသော ထုံဝူတီ၏ မျက်နှာမှာ အေးစက်နေသည်။ ခဏအကြာတွင် သူ၏နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။


" ကောင်းပါပြီ အဲ့တာဆိုရင်လည်း ခေါ်သွားပါ ...ပြိုင်ပွဲအတွင်းက ပိုင်ရှင်ပုရဲ့အချိန်တွေမှာ အဆင်ပြေချောမွေ့ပါစေလို့ မျှော်လင့်ပါတယ် မင်းက ကျုပ်တို့ရဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာကို မျှော်လင့်ချက်တွေ ယူဆောင်လာပေးနိုင်တယ် ..."


ထုံဝူတီ ပြုံးလျက် ပြောလိုက်သည်။ သူ၏အပြုံးများမှာ ဖန်တီးထားသကဲ့သို့ ဖြစ်နေပြီး သူ၏မျက်လုံးများမှာ ထူးဆန်းနေသည်။


ပုဖန် ခေါင်းငြိမ့်လိုက်သည်။ ပုဖန် ထုံဝူတီ့အပေါ်တွင် ကောင်းသည့်ထင်မြင်ချက်များ မရှိပေ။


ထုံဝူတီ ပုဖန်ကို ပြုံးပြလိုက်သော်လည်း အေးစက်စွာ စိုက်ကြည့်နေသည်။


ယခု သူ မြို့တော်သခင် ဖြစ်သွားပြီဖြစ်သည်။ နယ်ပယ်သခင်ထံမှ ခွင့်ပြုချက်ရသည်နှင့် အခြားမြို့တော်သခင်များနှင့် ဆက်သွယ်ပြီး ပုဖန်၏ စားသောက်ဆိုင်မှ ခွေးနက်ကို ဖမ်းဆီးမည် ဖြစ်သည်။


ဤတစ်ကြိမ်တွင် ထိုခွေးနက်၏ အကာအကွယ်မပါသော ပုဖန်ကို ဖမ်းဆီးချေမှုန်းနိုင်မည် ဖြစ်သည်။


ယခင်က မြို့တော်သခင်ငါးဦး၏ အင်အားပူးပေါင်း၍ ထိုခွေးနက်ကို မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်မှ နှင်ထုတ်ခဲ့ကြသည်။ ယခုလည်း ထိုသို့ ဖြစ်နိုင်ချေ ရှိသည်။ 


ပုဖန်နှင့် ထုံမိသားစုမှာ ရန်ငြိုးများရှိနေပြီဖြစ်၍ ဤတစ်ကြိမ်တွင် ပုဖန်ကို လက်မလွှတ်နိုင်တော့ပေ။


" ဒါဆိုရင် မှော်အခင်းအကျင်းရဲ့အဖွင့်နဲ့အတူ ဒီတစ်ခေါက် မသေမျိုးစားဖိုမှူးပြိုင်ပွဲမှာ အားလုံး အဆင့်ကောင်းကောင်းရဖို့ မျှော်လင့်ပါတယ် ငါတို့ရဲ့ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွာအတွက် 

ချီးမြှောက်မှုတွေ ယူဆောင်ခဲ့ကြပါ ..."


စင်မြင့်ပေါ်မှ ထုံဝူတီ၏အသံ ဟိန်းထွက်လာသည်။


စင်အောက်ရှိ မသေမျိုးစားဖိုမှူးများ တိုက်ခိုက်ချင်စိတ်များဖြင့် ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။


ထို့နောက် ထုံဝူတီ၏လက်ထဲတွင် တောက်ပသော ခုနစ်ရောင်ခြယ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး စင်ရှေ့ရှိ ကျောက်စင်ပေါ်ကို ဖိချလိုက်သည်။


ဝီ ...


ခဏတွင်းချင်းမှာပင် ခုနစ်ရောင်ခြယ် အလင်းတန်းမှ ကြီးမားသော မှော်အခင်းအကျင်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှ ရောင်ခြည်များက မသေမျိုးစားဖိုမှူးအားလုံးကို ဖုံးအုပ်သွားပြီး ကောင်းကင်ပေါ်ထိ တက်သွားသည်။


မှော်အခင်းအကျင်းထဲတွင် ရပ်နေသည့် မသေမျိုးစားဖိုမှူးများ အံ့အားသင့်ကာ အော်ဟစ်နေကြသည်။ ရုတ်တရတ် သူတို့၏ ခန္ဓာကိုယ်များ အရှိန်နှင့် တဖြေးဖြေး မြင့်တက်လာသည်ကို တွေ့လိုက်ရပါသည်။ထို့နောက် ခုနစ်ရောင်ခြယ်အလင်းတန်နှင့်တူတူ ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး တက်သွားကြသည်။


...


မသေမျိုးစားဖိုမှူးဆိုင်ငယ်လေးတွင်


ကောင်းကင်ပေါ်သို့ တက်သွားသော အလင်းတန်းကြီးကို ခွေးဘုရင်မြင်ပြီး သမ်းဝေလိုက်သည်။ 


" မသေမျိုးစားဖိုမှူးပြိုင်ပွဲလား ... ဟေး ကောင်လေးပုဖန် မသေမျိုးစားဖိုမှူးနေရာကို ဝင်ခွင့်ရပါစေလို့ ငါမျှော်လင့်တယ် အဲ့ဒါမှ ခွေးဘုရင်လည်း မိတ်ဆွေဟောင်းကြီးကို တွေ့ရမှာ ..."


သူ ရေရွတ်လိုက်ပြီး တစ်စုံတစ်ခုအရသာရှိသည်ကို ရှာတွေ့သွားသကဲ့သို့ လျှာထုတ်၍ နှုတ်ခမ်းများကို လျက်နေသည်။