အပိုင်း ၁၀၃၀
Viewers 52k

အခန်း ၁၀၃၀

ဆွဲခေါ်ခံရတာကိုမုန်းတဲ့ ပုဖန်


ခုနစ်ရောင်ခြယ် အလင်းတန်းကြီး ကောင်းကင်ပေါ်ထိတက်သွားပြီး ဟင်းလင်းပြင်ထဲသို့ တစ်ဟုန်ထိုး ဝင်သွားသည်။


ပုဖန် မှော်အခင်းအကျင်းထဲတွင်ရပ်နေပြီး ခုနစ်ရောင်ခြယ်အလင်းတန်း၏ အပြင်ဘက်သို့ ကြည့်နေသည်။ အပြင်ဘက်မှ ရှု့ခင်းများမှာ အဆက်မပြတ် ပြောင်းလဲနေသည်။


ထိုသိပ်သည်းနေသော အရွက်များမှာ မသေမျိုးသစ်ပင်မှ အရွက်များ ဖြစ်လိမ့်မည်။ မသေမျိုးသစ်ပင်၏ အရွယ်ပမာဏမှာ အလွန်ကြီးမားပြီး သစ်ရွက်များမှာ အရွယ်အစားစုံလင်လှသည်။


အချို့မှာ ရွက်နုများဖြစ်ပြီး အချို့မှာ အရွက်ဟောင်းများဖြစ်သည်။ ထိုသစ်ရွက်များကြားတွင် မသေမျိုးစွမ်းအင်များဖြင့် ပြည့်နေသော သစ်သီးများဖြင့် ပြည့်နှက်နေသည်။


" ပိုင်ရှင်ပု ဒါတွေကိုမြင်ဖူးတာ ပထမဆုံးလား ..."


ကုန်းရှို့ပန်နှင့် အခြားလူများ ပုဖန်၏ဘေးနားသို့ ရောက်လာသည်။ သူတို့တွင် ပုဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြသည်။


" အဲ့ဒါတွေက မသေမျိုးသစ်သီးတွေလား ..."


ပုဖန် မေးလိုက်သည်။


" ဟုတ်တယ် ... မသေမျိုးသစ်ပင်ဆိုတာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်တစ်ခုလုံးကို အထောက်အပံ့ပေးနေတဲ့ တည်ရှိမှုမျိုးပဲ ... မသေမျိုးသစ်သီးတွေကနေ မသေမျိုးပါဝင်ပစ္စည်း ကိရိယာ နောက်ပြီး မသေမျိုးမီးတောက်တွေပါ ပေးတယ် ..."


မသေမျိုးစွမ်းအင်များဖြင့် ဖုံးအုပ်နေသော သစ်သီးများကိုကြည့်၍ ကုန်းရှို့ပန် ဖြေလိုက်သည်။


" မသေမျိုးသစ်ပင်က မီးတောက်တွေပါ သီးတာလား ..."


ပုဖန် အနည်းငယ်အံ့ဩသွားသည်။


သစ်ပင်တွေက မီးကိုကြောက်တယ်မလား ...အရွက်တွေက မီးတောက်တွေကြောင့် မလောင်ကုန်ဘူးလား ...


" ဒါက အဲ့လိုပါပဲ ... ဒီ မသေမျိုးသစ်ပင်ရှိနေတာ နှစ်ပေါင်း ဘယ်နှထောင်ရှိနေပြီဆိုတာ ကျွန်တော်လည်း မသိဘူး ... ဒါပေမဲ့ မသေမျိုးသစ်ပင်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က မဟာနိယာမလမ်းကြောင်းကြီးရဲ့စိတ်ဆန္ဒကြောင့် ဖြစ်ပေါ်လာတယ်လို့ ကျွန်တော့အဖေ ပြောဖူးတယ် ..."

ကုန်းရှို့ပန် ပြုံးလျက် ပြောလိုက်သည်။


မဟာနိယာမ လမ်းကြောင်းကြီးရဲ့ ဆန္ဒလား ...


ပုဖန် အံ့ဩသွားပြီး လေအေးများ ရှုရှိုက်လိုက်ရသည်။ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ကောင်းကင်ဘုံ လမ်းကြောင်းကြီးကို ခွေးဘုရင် စားဖူးသည်ဟု နယ်ပယ်သခင်တိထိုက် ပြောခဲ့ဖူးသည်။


မဟာနိယာမလမ်းကြောင်းကဲ့သို့ ပုံရိပ်ယောင်ကို ကိုက်စား၍ရသည်လားဟု ပုဖန် သံသယဝင်မိသည်။

ဖြစ်နိုင်တာကတော့ ခွေးဘုရင် မသေမျိုးသစ်ပင်ကို တစ်စစီ ကိုက်ခဲ့တာလား ဒါမှမဟုတ် သူ့ရဲ့ မူလအစကို ကိုက်ခဲ့တာလား ...


ဒါက စိတ်ဝင်စားစရာပဲ ...


" ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ ပထမအလွှာကရတဲ့ ရင်းမြစ်တွေက နည်းလွန်းတယ် ... မသေမျိုးသစ်သီးတွေကလည်း အဆင့်အနိမ့်ဆုံးတွေပဲရလို့ စွမ်းအားကြီးတဲ့ မသေမျိုးစားဖိုမှူးဖြစ်လာအောင် လေ့ကျင့်ရာမှာလည်း ခက်ခဲတယ် ... ဒါပေမဲ့ ဒုတိယ တတိယ စတုတ္ထအလွှာတွေမှာ ရရှိတဲ့ သစ်သီးတွေရဲ့ အဆင့်တွေက ခပ်ဆင်ဆင်ပဲ ကွဲပြားမှုတွေရှိနေပေမယ့် ကွာခြားချက်တွေကတော့ လက်ခံနိုင်တဲ့ အနေအထားပဲ... ထိပ်ဆုံးမှာရှိတဲ့ ပဉ္စမ အလွှာကတော့ မသေမျိုးသစ်ပင်ရဲ့ မရှိမဖြစ် လိုအပ်တဲ့အပိုင်းပဲ ဒါကြောင့် အဲ့ဒီအလွှာမှာ ကျင့်ကြံကြတဲ့ မသေမျိုးစားဖိုမှူးတွေက စွမ်းအားကြီးကြတာ ..."

ကုန်းရှို့ပန် ရှင်းပြလိုက်သည်။


ခုနစ်ရောင်ခြယ် အလင်းတန်းကြီးမှာ ကောင်းကင်သို့ ဆက်လက် ပျံတက်နေသည်။


ရုတ်တရက် ...


အမြဲပြောင်းလဲနေသော သစ်ရွက်အုပ်စုမှ ထွက်လာကြပြီး နောက်ဆုံးတွင် နယ်ပယ်အသစ်သို့ ရောက်လာကြသည်။


ဂျိန်း ...


သစ်ရွက်များ ကြွေကျပြီး လေထဲတွင် မျောနေသည်။


မှော်အခင်းအကျင်း၏ အရှိန်မှာ နှေးသထက် နှေးလာပြီး နောက်ဆုံး ရပ်တန့်သွားသည်။


" ကျွန်တော်တို့ရောက်ပြီ..."

ကုန်းရှို့ပန် ပြောလိုက်သည်။


မှော်အခင်းအကျင်းထဲမှ လူအုပ်စုကြီး တစ်စုပြီးတစ်စု ထွက်လာကြသည်။


လေထုထဲတွင် သိပ်သည်းသော ရနံ့များနှင့် ပြည့်နှက်နေသည်။ ပုဖန် ခေါင်းမော့၍ ကောင်းကင်ကို ကြည့်လိုက်သောအခါ အထက်မှ ထူထပ်နေသော သစ်ရွက်များကို တွေ့လိုက်သည်။


ထိုအရွက်များမှာ အမြင့်မှ လေတိုက်ခတ်လိုက်တိုင်း တဖျပ်ဖျပ်အသံများကို ပြုလုပ်နေပြီး တစ်ခုနှင့် တစ်ခု ပွတ်တိုက်မိသွားသည့်အခါ အဆုံးမဲ့ ဆူညံသံများ ထွက်ပေါ်နေသည်။


" ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ရဲ့ ဒုတိယအလွှာလား ..."

ပုဖန် ထိုသစ်ရွက်များကို မျက်လုံးများ‌ မှေးစင်း၍ ကြည့်လိုက်သည်။ 


ထို အရွက်များကြားတွင် မသေမျိုးစွမ်းအင်များ ရစ်ပတ်နေသည့် သစ်သီးများ တွဲလောင်းကျနေပြီး အလင်းရောင်များ တောက်ပနေသည်။


" အင်း မင်းမြင်တဲ့အတိုင်းပဲ ဒါက ပထမအလွှာနဲ့ ဒုတိယအလွှာရဲ့ ကွာခြားချက်ပဲ ..."

ကုန်းရှို့ပန် ထိုသစ်သီးများကို သဘောကျစွာကြည့်၍ ပြောလိုက်။


" ပထမအလွှာနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ တကယ် မမျှတတာပဲ ..."


ပုဖန် မှတ်ချက်ချလိုက်သည်။


ကုန်းရှို့ပန် ပြုံးပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။


အပြင်ဘက်တွင် ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်။ ပထမအလွှာမှ မသေမျိုးစားဖိုမှူးများ လစ်လပ်နေသော နေရာများတွင် စုဝေးနေကြသည်။


သူတို့၏ရှေ့တွင် ကြီးကျယ်ခမ်းနားလှသည့် မသေမျိုးမြို့တော်၏ဝင်ပေါက် ရှိနေသည်။ ပထမအလွှာ၏ ဝင်ပေါက်နှင့်နှိုင်းယှဉ်ပါက ဒုတိယအလွှာ၏ မြို့တော်ဝင်ပေါက်မှာ ပို၍ ကြီးကျယ်ခန့်ညားလှသည်။ မသေမျိုးစားဖိုမှူးများမှာ အရင်းအမြစ်များစွာကို ရရှိနိုင်သော်လည်း တစ်ချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်သော သားရဲများက ထိုအရင်းအမြစ်များကို လာရောက်လုယူပြီး ခွန်အားများလည်း တိုးလာနိုင်သည်။


ထိုသားရဲများနှင့် ရင်ဆိုင်ရပါက မြို့တော်မှ ၎င်းတို့ကို ကိုင်တွယ်ရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။


အဝေးတွင် ...


ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည့် အစောင့်များ တည်ကြည်သော မျက်နှာများဖြင့် ရပ်နေကြပြီး မျက်နှာသေများဖြင့် ပထမအလွှာမှ မသေမျိုးစားဖိုမှူးများကို ကြည့်နေကြသည်။


ထိုအစောင့်များ၏ရှေ့တွင် စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူများရှိသည်။


" ပထမအလွှာက ကျွန်တော်တို့ရဲ့ မသေမျိုးစားဖိုမှူးမိတ်ဆွေတို့ ရှောင်မိသားစုက ရှောင်ပုချွယ်က ဒီ ဒုတိယအလွှာမှာ မင်းတို့ကို ကူညီပေးပါမယ် ..."


ကျင့်ကြံသူများထဲမှ တစ်ဦးက ပြောလိုက်သည်။


ထိုအဖွဲ့၏ခေါင်းဆောင် ရှောင်ပုချွယ်မှာ ဆံပင်အစိမ်းရောင်ဖြင့် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ ညင်သာသောအသံဖြင့် ပြောလိုက်သည်။


" အားလုံးပဲ ဒီနေရာမှာ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် တစ်ခုလုံးက မသေမျိုးစားဖိုမှူးတွေက ပြိုင်ပွဲဝင်ဖို့အတွက် ဒီနေရာမှာ စုရုံးရောက်ရှိနေတာပါ အဲ့ဒာကြောင့် ပြဿနာမဖြစ်စေချင်ပါဘူး မဟုတ်ရင် ကျွန်တော်တို့လည်း တာဝန်မယူနိုင်ဘူး ..." 


ထိုသို့ပြောပြီးနောက် ရှောင်ပုချွယ် ပြုံးလိုက်သည်။ သို့သော် သူ့ထံမှနောက်ထပ် ထွက်လာသောစကားလုံးများကြောင့် ပထမအလွှာမှ မသေမျိုးစားဖိုမှူးများ၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


" ဘာလို့လဲဆိုတော့ ပထမအလွှာက သူငယ်ချင်းလေးတွေက အားနည်းကြတယ်လေ ..."


ဘာ ...


ပထမအလွှာမှ မသေမျိုးစားဖိုမှူးများ ရုတ်တရက် ရုတ်ရုတ်သဲသဲဖြစ်ပြီး လူတိုင်း၏ အကြည့်များတွင် အမျက်ဒေါသများ ပါဝင်နေသည်။


သို့သော် ရှောင်ပုချွယ် ယဉ်ကျေးစွာ ပြုံးနေသည်။ ထိုနွေးထွေးသော အပြုံးအောက်တွင် မထီမဲ့မြင်ပြုမှုများ အပြည့်ရှိနေသည်။


ဒုတိယအလွှာ စားဖိုမှူးများအတွက် ပထမအလွှာမှ လူများသည် အမှိုက်သာသာပင် ဖြစ်သည်။


ခဏခန့်အကြာတွင် အားလုံးမြို့တော်တွင်းသို့ ဝင်ခာကြသည်။ မြို့တွင်းသို့ ဝင်လာသည်နှင့် စားဖိုမှူးဝတ်စုံများနှင့် မသေမျိုးစားဖိုမှူးများကို မည်သည့်နေရာတွင်မဆို တွေ့နိုင်သည်။


မကြာမီ ပထမအလွှာ စားဖိုမှူးများအတွက် ခွဲဝေပေးထားသော နေရာသို့ ရောက်လာသည်။


" အစွန်အဖျား နေရာကြီးမှာလား ..."


ကုန်းရှို့ပန် ခါးသီးစွာရယ်လိုက်သည်။ ဒုတိယအလွှာမှ စားဖိုမှူးများသည် သူတို့အား အမှန်ပင် အထင်သေးကြသည်။


အကယ်၍ သူ မမှားပါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ အလွှာငါးလွှာအနက် ၎င်းတို့၏ ပထမအလွှာကိုသာ အစွန်အဖျားတွင်နေရန် စီစဉ်ပေးထားသည်။


အခြား မသေမျိူစားဖိုမှူးများကလည်း ထိုကဲ့သို့ တွေးမိကြပြီး အားလုံး မကျေမနပ်ဖြစ်နေကြသည်။


သို့သော် ဇောဒကတက်နေသူများကို ရှောင်ပုချွယ် အာရုံမစိုက်ပေ။ တစ်ဦးစီကို ကျောက်စိမ်းအဆောင် အင်းကွက်များ တစ်ခုစီပေး၍ ချက်ချင်းပြန်သွားသည်။


"ဒီကျောက်စိမ်းအဆောင်က ဘာလဲ ..."

ပုဖန် မေးလိုက်သည်။


" ဒါ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်ကတ်ပဲ ဒီဟာကို စိတ်စွမ်းအင်နဲ့ အသက်သွင်းလိုက်ရင် ကိုယ်ရေးအချက်အလက်တွေတင် မကပဲ ပြိုင်ပွဲနဲ့ဆိုင်တဲ့ တခြားအချက်အလက်တွေပါ ကြည့်လို့ရတယ် ..."

ကုန်းရှို့ပန် ပြောလိုက်သည်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်ပင်လယ်မှ စိတ်စွမ်းအင်ကို အဆောင်အင်းကွက်ထဲသို့ လောင်းချလိုက်သည်။


ကျောက်စိမ်းအင်းကွက် ချက်ချင်းပင် အရောင်လက်လာသည်း


ပြိုင်ပွဲဝင်အမှတ် : ၁၈၉၂၇ ပုဖန်

မွေးရပ်မြေ : မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ

မသေမျိုးစားဖိုမှူးအဆင့် : ပထမအဆင့် မသေမျိုးစားဖိုမှူး


ပုဖန် သူ၏အချက်အလက်များကို တွေ့လိုက်သည်။ ၎င်းအပြင် ကုန်းရှို့ပန် ပြောပြသည့် ပဏာမပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလတ်များစွာလည်း ရှိသေးသည်။


" ပါရမီရှင်စာရင်း တဲ့လား ..."


ပုဖန်၏ သံသယဝင်နေသော အကြည့်ကို ကုန်းရှို့ပန် မြင်သောအခါ မထိန်းနိုင်ပဲ ရယ်လိုက်မိသည်။


" ပိုင်ရှင်ပု ပါရမီရှင်စာရင်းဆိုတာ ဒီမသေမျိုးစားဖိုမှူးပြိုင်ပွဲအတွက် မျှော်မှန်းထားတဲ့ အဆင့်သတ်မှတ်ချက်ကို ပြောတာ ... မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်က စားဖိုမှူးငယ်တွေရဲ့ ပင်ကိုစွမ်းရည်အရ အဆင့်သတ်မှတ်ချက်ကို လုပ်ထားတာ ..."


" သူတို့တွေထဲမှာ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ အများကြီးကို တွေ့နိုင်တယ်…"


" ပါရမီရှင်စာရင်းထဲမှာ စုစုပေါင်း လူတစ်ရာပါတယ် ... သူတို့ကို ကျင့်ကြံခြင်း မသေမျိုးမီးတောက် မသေမျိုးကိရိယာတွေနဲ့ ချက်ပြုတ်ခြင်းကျွမ်းကျင်မှုစတဲ့ ရှုထောင့်များစွာကို အခြေခံပြီး အကဲဖြတ်ထားတာဆိုတော့ ဘက်ပေါင်းစုံကနေ အဆင့်ခွဲပြီး ဝေဖန်ချက်ထုတ်တယ် ပြောရမယ်... ဒီတော့ မင်း မြင်နေရတာက ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ခန့်မှန်းချက်တွေပဲ ..."


" စိတ်ဝင်စားစရာပဲ ..."

ပုဖန် ပါရမီရှင်စာရင်းကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။


ပုဖန်၏ ထူးဆန်းသောအမူအရာကို ကုန်းရှို့ပန် နားမလည်ပေ။ သူ၏ စိတ်ကို ပါရမီရှင်စာရင်းထဲတွင် နစ်မြှုပ်လိုက်သည်။


ခဏအကြာတွင် သူ၏ အမူအရာများ ပြောင်းလဲသွားသည်။ နတ်ဆိုးတစ်ကောင်ကို ကြည့်နေသကဲ့သို့ ပုဖန်ကို ကြည့်နေသည်။


" ပိုင်ရှင်ပု မင်းကဘာလို့ ပါရမီရှင်စာရင်းထဲ ပါလာတာလဲ ... ပြီးတော့လည်း အဆင့်တစ်ရာ နေရာမှာ ..."


ကုန်းရှို့ပန် အံ့ဩလွန်း၍ မေးလိုက်သည်။


အမှန်ပင် နံပါတ်တစ်ရာမြောက်တွင် ရေးထားသည်မှာ " ပုဖန် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပထမအလွှာ ..."


ထိုအချိန်တွင် မသေမျိုးစားဖိုမှူးများအားလုံး ကျောက်စိမ်းအင်းကွက်ကို ရရှိကြပြီးဖြစ်သည်။ ပါရမီရှင်စာရင်းတွင် ရင်းနှီးနေသော နာမည်တစ်ခုကို မြင်လိုက်သည့်အခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။


ပထမအလွှာ မသေမျိုးစားဖိုမှူးက ဘယ်အချိန်တုန်းက ပါရမီရှင်စာရင်းထဲ ပါလာတာလဲ ...


ကုန်းရှို့ပန် မျက်ခုံးနှစ်ခုကြားမှ နေရာကို ပွတ်နေသည်။ ဤကိစ္စကို သူမမျှော်လင့်ထားခဲ့ပေ။


ကုန်းရှို့ယွင်နှင့် ရွှမ်ယွမ်ရှားဟွေ့တို့လည်း အဝေးမှ ရောက်လာပြီး ပုဖန်ကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေကြသည်။


" ပိုင်ရှင်ပု မမျှော်လင့်ပဲ ပါရမီရှင်စာရင်းထဲ ပါလာတာပဲ ..."


ကုန်းရှို့ယွင် နိမိတ်မကောင်းသည့် ပုံစံမျိုးဖြင့်ပြောလိုက်သည်။

" ရှင့်ရဲ့ နောက်ရက်တွေက ခက်ခဲတော့မှာပဲ ..."


" ဘာလို့လဲ ..."

ပုဖန် အံ့အားသင့်သွားသည်။


ပါရမီရှင်စာရင်း ထဲပါတာ မကောင်းဘူးလား ...


ဘယ်လိုတောင် အံ့ဩစရာကောင်းတာလဲ ...


ပုဖန်မှာ အမြဲတမ်း အနေအထိုင် သိုသိပ်သူတစ်ဦးဖြစ်၍ ထိုသို့မြင့်မားသော အဆင့်သတ်မှတ်ချက်များနှင့် မရင်းနှီးဖြစ်နေသည်။


" အင်း ...အဆင့်တစ်ရာ အဲ့ဒီအဆင့်က ကမောက်ကမနိုင်တယ်ပဲ ပြောရမှာပေါ့ ..."

ကုန်းရှို့ပန် ပြောလိုက်သည်။


ပုဖန်၏ တုံပြန်မှုကို ခဏစောင့်ကြည့်နေပြီး သူဆက်ပြောလိုက်သည်.

" နောက်ဆုံးနေရာဆိုတာ ပေါ်လွင်ထင်ရှား‌တယ်လေ အဲ့တော့ လူအများစုက သေချာပေါက် မှတ်မိကြတယ် ... အခြေခံအားဖြင့်ဆိုရင် ဒုတိယ တတိယ စတုတ္ထနဲ့ ပဉ္စမအလွာက စားဖိုမှုးတွေက ပထမအလွှာစားဖိုမှူးတွေကို ပါရမီရှင်စာရင်းထဲ ပါခွင့်မပြုကြဘူး ဒါကြောင့်မို့လို့ ပိုင်ရှင်ပုက စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်ရဖို့ မျှော်လင့်ထားရမယ် ..."


ပုဖန် သံသယဝင်သွားသည်။

" စိန်ခေါ်မှုလား ..."


" အဲ့လိုပဲ ပြောရမှာပဲ..."


ကုန်းရှို့ယွင် ကုန်းရှို့ပန်၏စကားများကို ကြားဝင်ပြောလိုက်သည်။


" ဒါက ရှင့်ကို အကုန်လုံးရဲ့ ပစ်မှတ်ဖြစ်စေချင်လို့ သေချာပေါက် တစ်ယောက်ယောက်က လှည့်စားလိုက်တာပဲ ..."


" ဘာ ... ကျုပ်ကို လှည့်စားချင်တာလား ..."

ပုဖန် စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။


ဒါက သူ ပထမဆုံးအကြိမ် ဒုတိယအလွှာကို ရောက်ဖူတာလေ ... ပထမအလွှာက လူမသိသူမသိ စားဖိုမှူးတစ်ယောက်ကို ဘယ်သူက လှည့်စားချင်နေတာလဲ ..."


" ကျွန်တော်တို့လည်း မစဉ်းစားတတ်ဖူး ဒါပေမဲ့ ဒါ ကောင်းတော့မကောင်းဘူး ... ပါရမီရှင်စာရင်းထဲပါတာက ရှင့်ကို နာမည်ကြီးစေတယ် ပြီးတော့ လူအများကြီးကလည်း ဒီလိုနာမည်ကြီးမှုကို ရဖို့ စိတ်ကူးယဉ်နေကြတာ ..."


ကုန်းရှို့ယွင် ပြောလိုက်သည်။


" ဒါဆို ပထမအလွှာက မသေမျိုးစားဖိုမှူးက သူ့အစွမ်းနဲ့ မကိုက်ညီတဲ့ နေရာမှာ အဆင့်သတ်မှတ်ခံရတာပေါ့ …"


ပုဖန် ယခုလက်ရှိ အခြေအနေကို နားလည်သွားပြီဖြစ်သည်။


ဒီနေရာကို လိုချင်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိတဲ့အတွက် သူ့ကိုလာပြီး စိန်ခေါ်ကြမှာပေါ့ ... ဒါဆိုရင် သူ့ရဲ့ ပဏာမ ပြိုင်ဆိုင်မှုကို စိတ်ဖိစီးစေပြီး လူတိုင်းရဲ့ ရယ်မောစရာ ဖြစ်လာနိုင်တယ်...


" ကျုပ် ဂရုမစိုက်ပါဘူး ... ဒါက အရေးမပါတဲ့ ကိစ္စပဲ ..."

ပုဖန် စိတ်မဝင်စားသလိုပင် ပြောပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ၏နှုတ်ခမ်းထောင့်များမှာ ကွေးညွတ်နေသည်။


ကုန်းရှို့ပန်နှင့် အခြားလူများ ပုဖန်ကို အကူအညီမဲ့စွာဖြင့် ကြည့်နေသည်။

ကြည့်ရတာ ဒီအခြေအနေရဲ့ ဆွဲငင်အားကို သူသဘောပေါက်ပုံမရဘူး ...


" ကျုပ်ကို စိန်ခေါ်ချင်တဲ့သူတွေ သူတို့ဆုံးဖြတ်ချက်က ဘယ်လောက် တုံးအလဲဆိုတာ မကြာခင် သိသွားစေရမယ် ..."


ဘေးနားတွင်ရပ်နေသော ရှီးရှီး၏ခေါင်းကို ပုဖန် ပုတ်လိုက်သည်။


ကုန်းရှို့ပန်နှင့် အခြားလူများလည်း ဤကိစ္စအတွက် ဘာမှမလုပ်ပေးနိုင်သောကြောင့် သက်ဆိုင်ရာအခန်းများသို့ ပြန်သွားကြသည်။


ထိုအချိန်တွင် ...


မသေမျိုးစားဖိုမှူးများအားလုံး ပါရမီရှင်စာရင်းကို တွေ့ပြီးပြီဖြစ်၍ ဒေါသထွက်နေကြသည်။


ပထမဆုံး ၉၉ယောက်က သူတို့မျှော်မှန်းထားတဲ့အတိုင်းပဲ ဒါပေမဲ့ အယောက်တစ်ရာမြောက်လူက ဘယ်လို ဟာသကြီးလဲ ...


အဲ့ဒီ ပထမအလွှာ မသေမျိုးစားဖိုမှူးက ဘယ်လို ရောက်လာရတာလဲ ...အဆင့်တစ်ရာနေရာကိုရောက်ဖို့ သူ့မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ...


အခု ပထမအလွှာစားဖိုမှူးတွေက ပါရမီရှင်စာရင်းမှာ ပါဖို့ အခွင့်အရေးရှိနေကြပြီလား ...


သမိုင်းတစ်လျှောက်လုံး သူတို့ရဲ့ အကောင်းဆုံး အောင်မြင်မှုက အဆင့် ၁၅၀လေ အဲ့တာနဲ့များ ဘယ်လိုဖြစ်ပြီး ပါရမီရှင်စာရင်းထဲ ပါလာတာလဲ ...


ဘယ်သောက်ရူးက ပါရမီရှင်စာရင်းကို စီမံနေတာလဲ ... ဟာသကြီးလိုပဲ ...


...


ရှောင် မိသားစု


ရှောင်ပုကျွင် ပြုံးရယ်လျက် ပြန်လာသော သူ၏အစ်ကို ရှောင်ပုချွယ်ကို မြင်သွားသည်။


" ကျေးဇူးတင်ပါတယ် အကိုကြီး ..."


ရှောင်ပုချွယ်၏ ညင်သာသောအပြုံး သူ၏မျက်နှာပေါ်တွင် ရှိနေဆဲဖြစ်သည်။


" ပုကျွင် ဘာလို့ ပထမအလွှာစားဖိုမှူးကို ဖျက်ဆီးချင်နေရတာလဲ ... သူ့ကို အဲ့လောက်မုန်းနေရတဲ့ အကြောင်းရင်းကဘာလဲ ... သူက ပထမအလွှာက အမှိုက်ပဲလေ ဘာလို့ သူ့ရဲ့စိတ်အခြေအနေကို သွားနှောင့်ယှက်ရတာလဲ သူ့ရဲ့အင်အားနဲ့ မသက်ဆိုင်တဲ့နေရာကို ရထားတော့ မကြာခင် အဲ့စားဖိုမှူး ပြိုလဲသွားမှာတောင် စိတ်ပူရတယ် ..."


" ကျွန်တော်လည်း အဲ့လိုဖြစ်စေချင်တာပဲ ... အကုန်လုံးဆီကနေ စိန်ခေါ်ပြီး နင်းချေခံလိုက်ရရင် သူ့ရဲ့ စိတ်အခြေအနေက စိတ်ပျက်အားငယ်နေပြီး ပြိုလဲသွားမှာပဲ ..."

ရှောင်ပုကျွင် ပြုံးလိုက်သည် ။ သူ၏ မျက်နှာတွင် မကောင်းကြံစည်လိုမှုများဖြင့် ပြည့်နှက်နေသည်။


" တခြားလူတွေရဲ့ လှောက်ပြောင်တာကို နေ့တိုင်းခံစားရပြီး ဒီနေရာမှာ ရှိသမျှ မသေမျိုးစားဖိုမှူးအားလုံးရဲ့ ရယ်စရာကြီး ဖြစ်နေလိမ့်မယ် ..."


" ဟေး ဟေး ဟေး ဒါက အရမ်းများလွန်းပါတယ် ... သူက ပထမအလွှာ စားဖိုမှူးလေးပဲလေ နောက်ဆုံးအဆင့်သတ်မှတ်ချက်အထိ ပါလာဖို့ လွယ်မှမလွယ်တာ ..."

ရှောင်ပုချွယ် ပြောလိုက်သည်။


" အစ်ကိုကြီး သူ့ကို အထင်မသေးနဲ့နော် ... အဲ့ကောင်က ငါးယောက်နဲ့ တစ်ပြိုင်တည်းတိုက်ပြီး နိုင်လာတာ ..."

ရှောင်ပုကျွင် ပြောလ်ိုက်သည်။


" ဆွေးနွေးပွဲအတွက် ပထမအလွှာကို သွားတဲ့ ငါးယောက်လား ... သူတို့ငါးယောက်တည်းများ ... မင်းရဲ့အစ်ကိုကြီးတောင်မှ လက်တစ်ဖက်တည်းနဲ့ သူတို့ငါးယောက်ကို နိုင်တယ် ..."


ရှောင်ပုချွယ် သူ၏နှုတ်ခမ်းထောင့်များကို လှောင်ပြုံးအဖြစ်သို့ ကွေးညွတ်လိုက်သည်။ အထင်အမြင်သေးမှုများ သူ၏မျက်နှာပေါ်တွင် သိသာထင်ရှားနေသည်။


" ဟီးဟီး ဘာပဲဖြစ်ဖြစ် အဲ့ကောင် လူတွေအားလုံးရဲ့ လှောင်ရယ်စရာကြီး ဖြစ်နေမှာကို မျှော်လင့်နေမိပြီ အဲ့လိုမှ ကျွန်တော့်ရဲ့ နာကျင်မှုတွေကို ချွတ်ချလိုက်သလို သက်သာသွားမှာ ..."


နောက်ဆုံးစကားတစ်ခွန်းကို ဖြည်းညှင်းစွာ ပြောလိုက်ချိန်တွင် ရှောင်ပုကျွင် အနည်းငယ် တွေဝေသွားသည်။


ရှောင်ပုချွယ် အံ့အားသင့်သွားသည်။


" ချွတ်ချတယ် ... ဘာကြီးလဲ အဝတ်တွေ ချွတ်လိုက်သလိုမျိုးလား ..."


" မဟုတ်ဖူး မဟုတ်ဖူး အစ်ကိုကြီး အထင်လွဲနေပြီ ..."


...


လူအားလုံး ပါရမီရှင်စာရင်းကို တွေ့ပြီးနောက် လူအုပ်စုတစ်စု ပထမအလွှာ မသေမျိုးစားဖိုမှူးများနေသော နေထိုင်ရာသို့ ရောက်လာသည်။


ချက်ချင်းပင် ထိုဧရိယာတစ်ခုလုံးကို ဝန်းရံထားကြသည်။


လူအားလုံး အဆင့်တစ်ရာနေရာမှ ပုဖန်ကို စိန်ခေါ်ရင် ဆူညံ ပွက်လောရိုက်နေကြသည်။ 


ထိုအချိန်တွင် ...


အားလုံး၏ပစ်မှတ် ဖြစ်နေသူမှာ ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေသို့ ဝင်ရောက်ပြီး စနစ်မှ လဲလှယ်ထားသော အဆင့်မြှင့် ပူစပ်စပ်ငရုတ်နှစ်ကို သွားရောက်ယူဆောင်နေသည်။