အပိုင်း ၁၀၃၂
Viewers 62k

အခန်း ၁၀၃၂

နတ်ဆိုးဘုရင်ကြီး ပုဖန်


" စိတ်ပျက်အားငယ်စရာ ဟုတ်လား ... မင်း ဒီနေရာကို ဟာသလုပ်ဖို့ ရောက်လာတာလား ..."


ကျောက်ကွမ်းစန်း ပုဖန်ဘက်သို့ လှည့်လိုက်သည်။ တစ်ဖက်မှ စကားများက သူ့အား ဒေါသထွက်စေသည်။


ဒီကောင်က ပထမအလွှာက စားဖိုမှူးတစ်ယောက်ပဲလေ ဒီလို စကားကြီးစကားကျယ်တွေ ပြောနေစရာလိုလို့လား ...


ကျောက်ကွမ်းစန်းမှာ အလွန်ပင် သန်မာပြီး ထိပ်တန်းအဆင့်နှစ်ရာအတွင်းဝင်ရန် မျှော်လင့်ချက်ရှိသည်။ 

ဒါပေမဲ့ ဒီစားဖိုမှူးက ...သူ့နာမည် ပါရမီရှင်စာရင်းမှာပါရုံပဲရှိတာ ဘာပင်ကိုစွမ်းရည်မှ မရှိဘူးလေ ...


သူ့ကို ဘာလို့အဲ့လို ပြောရဲရတာလဲ ... စိတ်ပျက်အားငယ်မှုတွေ ခံစားရမယ်လို့တောင် ပြောရဲတယ် ...


ကောင်းပြီလေ ဘယ်သူက စိတ်ပျက်နေရမလဲ ကြည့်ကြသေးတာပေါ့ ...


ဝုန်း ဝုန်း ဝုန်း ...


ထူးဆန်းသော စွမ်းအင်များ ကောင်းကင်ပေါ်တွင် ပေါ်ထွက်လာပြီး အုပ်မိုးထားသော မသေမျိုးသစ်ပင်မှ အရွက်များကိုပင် လှုပ်ခါသွားစေသည်။


ပုဖန် ခေါင်းမော့ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။


ထိုအရာမှာ သူ၏ စားဖိုမှူးစိန်ခေါ်ပွဲကို မဟာနိယာမလမ်းကြောင်းမှ အသိအမှတ်ပြုလိုက်သည့် စွမ်းအင်ဖြစ်သည်။


အရာအားလုံး ပို၍ စိတ်ဝင်စားစရာ ကောင်းလာပြီဖြစ်သည်။


ဝုန်း ...


ကျောက်ကွမ်းစန်း၏အော်ရာ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ထို့နောက် သူ၏နောက်တွင် မီးဖိုချောင်သုံး ဓားအကြီးကြီးတစ်ချောင်း ပေါ်လာပြီး ၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ထွင်းထုထားသည့် ပုံစံများပါရှိသည်။


" အမှိုက်ကောင် ငါမင်းကို ချေမွပစ်မယ် ..."


ကျောက်ကွမ်းစန်း အေးစက်စွာ ကြိမ်းဝါးလိုက်သည်။ ထို့နောက် သူ၏အတွေးတစ်ချက်ဖြင့် မသေမျိုးစွမ်းအင်များဖြင့် လှည့်ပတ်နေသော မီးဖိုတစ်ခု ရှေ့တွင် ပေါ်လာသည်။


ထိုမီးဖိုမှာ မသေမျိုးကိရိယာ ဖြစ်သည့်အပြင် သူ၏အဆင့်မှာလည်း မနိမ့်လှပေ။


ပုဖန်တွင် မီးဖိုမရှိသောကြောင့် ပြိုင်ပွဲမှ ထောက်ပံ့ထားသည့် မီးဖိုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ပဏာမပြိုင်ပွဲတွင် ပြိုင်ဘက်ကို အလဲထိုးနိုင်သရွေ့း မီးဖိုမှာ မရှိမဖြစ် လိုအပ်သောအရာ မဟုတ်ပေ။


ပုဖန် မည်သည့်ဟင်းလျာ ချက်ရမည်ကို တွေးနေသည်။ ကြိမ်ဖန်များစွာ တွေးပြီးနောက် သူ၏မှတ်ဉာဏ်ထဲတွင် စွဲမြဲနေသော ဟင်းလျာကိုသာ ချက်ရန် ဆုံးဖြတ်လိုက်သည်။


ထိုဟင်းလျာမှာ ဖြတ်သန်းခဲ့ပြီးသော သူ၏ငယ်ဘဝကို အမှတ်ရစေသည်။


ဝုန်း ...


အဝေးတွင် ...


ကျောက်ကွမ်းစန်း၏ လက်ဖဝါးထဲမှ ရဲရဲတောက်နေသော မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုမီးတောက်မှာ စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး အပူချိန်မှာလည်း ပြင်းထန်လွန်းသည်။


ထိုမီးတောက် ပေါ်လာချိန်တွင် ပြိုင်ပွဲကွင်းထဲမှ အပူချိန် ထိုးတက်သွားသည်။


၎င်းမှာ သတ်မှတ်ချက်ထဲတွင် အဆင့်မနိမ့်သော မသေမျိုးမီးတောက်ဖြစ်သည်။


" ဒါက မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်မှာ အဆင့် ၉၈နေရာမှာရှိတဲ့ မသေမျိုးမီးတောက်ပဲ ..."


ကျောက်ကွမ်းစန်း ပုဖန်ကိုကြည့်ပြီး သရော်လိုက်သည်။


" စိတ်ပျက်အားငယ်မှုတွေ ခံစားနေရပြီလား ..."


ကြွားဝါနေသော ကျောက်ကွမ်းစန်းကို မျက်နှာချင်းဆုင်၍ ပုဖန် ပါးစပ်ဟလိုက်သည်။


အနားမှာ ပရိသတ်များလည်း တိုက်ပွဲတွင် အာရုံစိုက်နေကြသည်။ ပုဖန် ပါးစပ်ဟလိုက်သောအခါ အားလုံး အနည်းငယ် တွေဝေသွားသည်။ ထို့နောက် အံ့ဩလွန်း၍ စကားမပြောနိုင် ဖြစ်သွားသည်။


အဘယ့်ကြောင့်ဆိုသော် ပုဖန်၏ ပါးစပ်မှ မီးတောက်တစ်ခု ထွက်လာသည်ကို သူတို့ မြင်လိုက်ကြသောကြောင့်ဖြစ်သည်။


ရွှေရောင်ကြာပန်းမီးတောက်တစ်ခု ဖြေးညှင်းစွာ ထွက်ပေါ်လာသည်။


ဒါ ... ဒါက မသေမျိုးမီးတောက်ပဲ ...


မသေမျိုးမီးတောက် အဆင့်သတ်မှတ်ချက်များကို လေ့လာထားပြီး စူးရှသော အကြည့်ရှိသူများမှာ ထိုမီးတောက်ကို တစ်ခါကြည့်ရုံဖြင့် မှတ်မိသွားကြသည်။


" အဲ့တာ အဆင့် ၅၉နေရာက ရွှေကြာနတ်ဆိုးမီးတောက်ပဲ ..."


" ဒီကောင်လေးမှာ မသေမျိုးမီးတောက် ရှိတာလား ..."


" ငါသိချင်တာ မသေမျိုးမီးတောက်က ဘာလို့ သူ့ပါးစပ်ထဲက ထွက်လာတာလဲ ..."


ပတ်ဝန်းကျင်မှလူများ ဝေခွဲမရ ဖြစ်ကုန်သည်။

ဘာလို့ ဒီ မသေမျိုးမီးတောက်က ပုဖန် ပါးစပ်ထဲက ထွက်လာရတာလဲ ...


ကျောက်ကွမ်းစန်းကိုကြည့်ပြီး ပုဖန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ ထို့နောက် ရွှေကြာနတ်ဆိုးမီးတောက်ကို လက်မဖြင့်တောက်၍ မဟူရာလိပ်ခုံးဒယ်အိုးအောက်သို့ ပို့လိုက်သည်။


ဒယ်အိုး ချက်ချင်းပင် ဆူပွက်လာသည်။


ထို့နောက် သူ၏လက်ထဲတွင် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။


ပုဖန် ဟင်းချက်ပါဝင်ပစ္စည်းအချို့ကို လေပေါ်သို့ ပစ်လိုက်သည်။ ခဏတွင်းချင်း ကြယ်ပျံကဲ့သို့ အလင်းရောင်တစ်ခုပေါ်လာပြီး ပါဝင်ပစ္စည်းများကို အတုံးများနှင့် အပိုင်းအစလေးများဖြစ်အောင် လှီးဖြတ်လိုက်သည်။


ထိုအချိန်တွင် ကျောက်ကွမ်းစန်းလည်း စတင်ချက်ပြုတ်နေပြီဖြစ်သည်။


ကျောက်ကွမ်းစန်းမှာ အမှင်စင်စင် လူတော်တစ်ဦးဖြစ်သည်။ ခိုင်မာသည့် အခြေခံရှိပြီး ချက်ပြုတ်စွမ်းရည်များကိုလည်း သေချာ လေ့ကျင့်ထားသည်။ သူအားလုံးကို အုတ်အော်သောင်းနင်းဖြစ်ပြီး အော်ဟစ်စေသည့် နည်းလမ်းမျိုးစုံကိုလည်း ပြုလုပ်ခဲ့ဖူးသည်။


ရွဲ ရွဲ ...


ဒယ်အိုးကို မွှေပြီးလှုပ်ခါလိုက်သောအခါ အထဲမှ ဟင်းလျာများ လေပေါ်ထိ ‌ပျံတက်လာသည်။


တစ်ချိန်တည်းမှာပင် တိမ်မည်းများ မသေမျိုးသစ်ပင်ရင်ပြင်ဆီသို့ တလှိမ့်လှိမ့်တက်လာသည်။


ပဏာမပြိုင်ပွဲသာဖြစ်သော်လည်း ပြိုင်ပွဲဝင်များမှာ မသေမျိုးစားဖိုမှူးများ ဖြစ်ကြသဖြင့် သူတို့၏ ဟင်းလျာများမှ မိုးကြိုးပြစ်ဒဏ်များ အစပျိုးသည်မှာ ပုံမှန်ပင်ဖြစ်သည်။


ပုဖန်နှင့် ကျောက်ကွမ်းစန်းတို့ အထက်တွင်လည်း တိမ်မည်းများ တက်လာသည်။


ပြိုင်ပွဲအရှိန်မြှင့်လာသည်နှင့်အမျှ ကြည့်ရှု့နေသူများ ကွင်းထဲမှ လူနှစ်ဦးကိုကြည့်၍ စိတ်လှုပ်ရှားပြီး မျှော်လင့်နေကြသည်။


ဝုန်း ဝုန်း ဝုန်း ...


ကောင်းကင်တွင် လျှပ်စီးများလက်ပြီး မိုးခြိမ်းသံများလည်း အဆက်မပြတ် မြည်ချုန်းနေသည်။ မိုးကြိုးနဂါးများလည်း တိမ်မည်းများထဲတွင် ကွေ့ကောက်ကာ အရှိန်ပြင်းပြင်းဖြင့် နေရာတိုင်းသို့ တိုးဝင်လာသည်။


ထို့နောက် ကွင်းပြင်ထဲရှိ မိုးကြိုးနဂါးများ အချင်းချင်း တိုက်ခိုက်ကုန်ကြသည်။


ယခုအချိန်မှာ မသေမျိုးစားဖိုမှူးများ မိုးကြိုးပြစ်ဒဏ်ကို မည်သို့ဖြေရှင်းကြသည်ကို ပြသရသည့် အချိန်လည်းဖြစ်သည်။


မသေမျိုးစားဖိုမှူးများမှာ မိုးကြိုးပြစ်ဒဏ်ကို ကြောက်လန့်ကြသူများ မဟုတ်၍ ပြိုင်ပွဲဝင်သူများကို မိုးကြိုးအကာအကွယ်ပုံစံများ မထောက်ပံ့ပေးထားပေ။


သူတို့အားလုံးတွင် ဖြေရှင်းသည့် နည်းလမ်းကိုယ်စီရှိကြသည်။


အချို့က ကျောက်စိမ်း အင်းကွက်များကို ညှစ်၍ ချိုးကြသည်။ ထိုအခါ အလင်းတန်းများစုဝေးလာပြီး မိုးကြိုးပြစ်ဒဏ်ကို တွန်းထုတ်လိုက်ကြသည်။


အချို့က မြေကမ္ဘာအင်မော်တယ်ရုပ်သေးများကို ဆင့်ခေါ်ပြီး မိုးကြိုးပြစ်ဒဏ်ကို ရင်ဆိုင်ကြသည်။


အချို့မှာ မိုးကြိုးကာကွယ်မှုပုံစံများကို ကိုယ်တိုင်တပ်ဆင်ထားပြီး လျှပ်စီးကြောင်းများကို ရှောင်ရှားကြသည်။


မသေမျိုးစားဖိုမှူးတိုင်းတွင် မိုးကြိုးပြစ်ဒဏ်များကို ဖြေရှင်းသည့် နည်းလမ်းကိုယ်စီ ရှိကြသဖြင့် သူတို့ကိုကြည့်ရသည်မှာ သဘာဝလွန်စွမ်းရည်များကို အသုံးပြုသော မသေမျိုးများနှင့်ပင် တူနေသည်။


ထိုအချိန်တွင် ကျောက်ကွမ်းစန်း၏အထက်မှ တိမ်မည်းများ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး မိုးကြိုးနဂါးကြီး၏ ပုံစံမှာ သိသာထင်ရှားလာသည်။


ကျောက်ကွမ်းစန်း သူ၏နည်းလမ်းကို အသုံးပြု၍ လျှပ်စီးကြောင်းများကို ရင်ဆိုင်ရန် ပြင်ဆင်နေသည်။ သူ၏စိတ်ထဲ တစ်ချက်တွေးလိုက်ရုံဖြင့် မြေကမ္ဘာအင်မော်တယ်ရုပ်သေးနှစ်ခု ဘေးနားတွင် ပေါ်လာသည်။


အမှားအယွင်း မရှိစေရန်အတွက် မြေကမ္ဘာအင်မော်တယ်ရုပ်သေးနှစ်ခုဖြင့် လျှပ်စီးကြောင်းများကို အပြည့်အဝ ဟန့်တားထားခြင်းဖြစ်သည်။


အဝေးတွင်...


ပုဖန် မျက်နှာသေဖြင့် ချက်ပြုတ်နေသည်။ ကြည့်ရသည်မှာ ဒယ်အိုးထဲတွင် တစ်စုံတစ်ခုကို ကြော်နေပုံရသည်။ ရွှေရောင်ဆီများ ဆူပွက်ပြီး တပွက်ပွက်အသံများ မြည်နေသည်။


ထို့နောက် ယောက်ချိုကိုကိုင်၍ ဆီများကို မွှေလိုက်သည်။


သူ၏ခေါင်းပေါ်မှ အမည်းရောင်တိမ်များ စတင်လည်ပတ်လာပြီး လေပွေငယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။


ကျောက်ကွမ်းစန်း၏ ဟင်းလျာ ပြီးဆုံးသွားပြီဖြစ်သည်။ မီးဖိုကို အသာအယာထိလိုက်ပြီး ဒယ်အိုးကို လက်ထဲတွင် လှည့်နေသည်။


ထို့နောက် ဒယ်အိုးထဲမှဟင်းလျာကို ပန်းကန်ပေါ် တင်လိုက်သည်။


ကောင်းကင်တွင် မိုးချုန်းသံများဖြင့် မြည်ဟည်းနေသည်။


" တစ်နဲ့ နှစ်ရေ မိုးကြိုးပြစ်ဒဏ်ကို ရပ်လိုက်တော့ ..."

ကျောက်ကွမ်းစန်း အော်လိုက်သည်။


အဖွဲ့တစ်ဆယ်မှ ပြိုင်ပွဲဝင်သူများ ခေါင်းမော့၍ မိုးကြိုးပြစ်ဒဏ်ကို ကြည့်နေကြသည်။ 


ရုတ်တရက် ... 


ဖျော့တော့သော အသံတစ်ခုက ကျောက်ကွမ်းစန်း၏ နားထဲရောက်လာသည်။


" မကြောက်ပါနဲ့ မင်းရဲ့မိုးကြိုးပြစ်ဒဏ်က အောက်ကို ပစ်မချနိုင်ပါဘူး ..."


ပုဖန် စိတ်မပါသကဲ့သို့ ပြောလိုက်သည်။


ဝှစ် ...


ပုဖန် ဒယ်အိုးထဲမှ အစားအစာကို ထုတ်လိုက်သောအခါ ပူနွေးနေသောအငွေ့များ ကောင်းကင်ပေါ်ထိ တက်လာသည်။


ကောင်းကင်ပေါ်ရှိ မိုးကြိုးပြစ်ဒဏ် အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီး ကျယ်လောင်စွာ မြည်ဟည်း၍ ပစ်ချရန် ပြင်နေသည်။


"ငါ့ကို နောက်နေတာလား ..."


ကျောက်ကွမ်းစန်း နှုတ်ခမ်းများ တွန့်ချိုးလျက် ပုဖန်ကို အေးစက်စွာ ကြည့်နေသည်။ 


ဘာဖြစ်လို့ မိုးကြိုးပြစ်ဒဏ်က မပစ်ချရမှာလဲ ... ငါ့ရဲ့မီးဖိုချောင်သုံးဓားကို လိုချင်တာနဲ့ပဲ ငါ့ကို ရယ်ပြီးသေအောင် လုပ်နေတာလား ...


စိတ်ထဲတစ်ချက် လှုပ်ရှားလိုက်သည်နှင့် မြေကမ္ဘာအင်မော်တယ်ရုပ်သေးနှစ်ခုက ကျောက်ကွမ်းစန်းကို ကာကွယ်ထားသည်။


ဂရား ...


သူ၏အထက်မှ မိုးကြိုးနဂါးကြီး ဟိန်းဟောက်၍ ချဉ်းကပ်လာနေသည်။


တစ်ချိန်တည်းမှာပင် ပုဖန်၏အထက်ရှိ မိုးကြိုးနဂါးကြီး ကရုဏာမဲ့စွာ ထိုးဖောက်ဝင်ရောက်လာသည်။


မိုးကြိုးနဂါးနှစ်ကောင် ၎င်းတို့၏ လက်သည်းများကို လေထဲတွင် မြှောက်ထားသည်။


ထို့နောက်…


လူတိုင်း၏ စူးစူးဝါးဝါး အကြည့်များအောက်တွင် အချင်းချင်း တိုက်ခိုက်ကုန်ကြသည်။


ဤအချိန်တွင် တောက်ပသော အလင်းရောင်တစ်ခု စူးရှ တောက်ပစွာ ပွင့်လန်းလာသည်။


" ဘာတွေဖြစ်နေတာလဲ မိုးကြိုးပြစ်ဒဏ်တွေက တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေကြတယ် ..."


" ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ..."


" အဲ့ဒီ မိုးကြိုးနဂါးတွေက အချင်းချင်း သတ်ဖြတ်ချင်နေတာလား ..."


ဤအချိန်တွင် အဖွဲ့တစ်ဆယ်ရှိ ပြိုင်ပွဲဝင်များသာမက ကျယ်ဝန်းသောရင်ပြင်ပေါ်တွင် ရပ်နေသော အခြား မသေမျိုးစားဖိုမှူးအဖွဲ့များအားလုံးလည်း အံ့အားသင့်သွားကြသည်။


ဤမိုးကြိုးနဂါးနှစ်ကောင်မှာ အခြားမိုးကြိုးနဂါးများနှင့်မတူပဲ အောက်သို့ ကျဆင်းလာရမည့်အစား အချင်းချင်း တိုက်ခိုက်နေကြသည်။


လူများစွာ အံသြသွားကြသည်။ ဘာကြောင့် ထိုသို့ ဖြစ်သွားသည်ကို မည်သူမျှ မသိကြပေ။


ဤမြင်ကွင်းကို ကြည့်နေသူအချို့ ကြောက်လန့်နေကြသည်။ ထိုလူများမှာ ယခင်က ပထမအလွှာသို့ သွားခဲ့ကြသော မသေမျိုးစားဖိုမှူးအဖွဲ့ဖြစ်သည်။


ရှောင်ပုကျွင် အံ့ဩလွန်း၍ ဘာပြောရမည်မသိဖြစ်နေကြီး မေးရိုးများပင် ပြုတ်ကျနေသည်။


ဒါက တကယ်ကြီး စားဖိုမှူးစိန်ခေါ်ပွဲပဲ ...


အဲ့ဒီ အရူးကတော့ ...


ကျောက်ကွမ်းစန်း၏ မျက်လုံးများ ရီဝေစွာဖြင့် တောက်ပသော ကောင်းကင်ကြီးကို ကြည့်နေသည်။


မိုးကြိုးနဂါးများ အချင်းချင်း ရောယှက်နေသောကြောင့် ထိုနေရာရှိ အလင်းရောင်မှာ အလွန်စူးရှနေသည်။


မိုးကြိုးနဂါးအချင်းချင်း သတ်ဖြတ်နေကြတာပဲ ... အဲ့ဒါပြီးရင် ဘာဖြစ်မှာလဲ ...


စူးရှသော အလင်းတန်း ခဏတာမျှ ကြာသွားသည်။


ခဏကြာသောအခါ ...


ကျောက်ကွမ်းစန်း တုန်ယင်နေသည်။ ထို့နောက် မီးဖိုပေါ်မှ ဟင်းလျာကို ကြည့်လိုက်သည်။


ဟင်းလျာပေါ်တွင် ရစ်ပတ်နေသည့် မသေမျိုးစွမ်းအင်များ ပျောက်ကွယ်သွားပြီး ဟင်းလျာထည့်ထားသည့် ပန်းကန်လည်း ကွဲကြေကုန်သည်။


" ဘာ ..."


ကျောက်ကွမ်းစန်း ငေးကြည့်နေပြီး မေးရိုးများ ပြုတ်ကျမတတ်ဖြစ်သွားသည်။


ကောင်းကင်ပေါ်မှ မိုးကြိုးနဂါးများ၏ တိုက်ခိုက်မှုလည်း အဆုံးသတ်သွားသည်။


ကျောက်ကွမ်းစန်း၏ မိုးကြိုးနဂါးကြီး ဆုတ်ဖြဲခံလိုက်ရသည်။


ပုဖန်၏ မိုးကြိုးနဂါးကြီးက ဟိန်းဟောက်နေသည်။ ထို့ပြင် မရပ်တန့်ဘဲ ပုဖန်၏ခေါင်းကို ချိန်ရွယ်ကာ ဆင်းသက်လာသည်။


ထိုအချိန်တွင် ဝှိုက်တီ ပုဖန်၏ရှေ့သို့ ပေါ်လာသည်။ ကြီးမားသောလက်ဖဝါးကြီးဖြင့် မိုးကြိုးနဂါးကြီးကို ဆွဲယူပြီး ညှစ်လိုက်သည်။


ချက်ချင်းပင် ထိုနဂါးကြီး ပေါက်ကွဲသွားပြီး လျှပ်စီးကြောင်းများဖြစ်သွားကာ ဝှိုက်တီစ အစာအိမ်ထဲသို့ ချက်ချင်းရောက်သွားသည်။


တိမ်မည်းများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။


ပုဖန်၏ဟင်းလျာလည်း ပြီးပြည့်စုံသွားသည်။


ပုဖန် နိုင်သွားသည်မှာ ရှင်းလင်းသောကြောင့် ဤတိုက်ပွဲကို အဆုံးအဖြတ်ပေးရန် ဒိုင်လူကြီးပင် မလိုချေ။


ကျောက်ကွမ်းစန်း၏ဟင်းလျာမှာ မိုးကြိုးပြစ်ဒဏ်ကို မရှင်သန်စေနိုင်ခဲ့သောကြောင့် သူ၏ မသေမျိုးစွမ်းအင်များ ပြန့်ကျဲပျောက်ကွယ်သွားသည်။


သူ ရှုံးသွားကြောင်း လူတိုင်းမြင်နိုင်သည်။


အဖွဲ့တစ်ဆယ်မှ ပြိုင်ပွဲဝင်များအားလုံး အံ့ဩသွားပြီး ဒိုင်လူကြီးများပင် ဘာပြောရမည်မသိ ဖြစ်ကုန်သည်။


ထို့နောက်တွင် မဟာနိယာမလမ်းကြောင်းကြီး၏ စိတ်ဆန္ဒ ရောက်ရှိလာသည်။


ကျောက်ကွမ်းစန်း၏မျက်နှာမှာ စာရွက်ကဲ့သို့ ဖြူဆုတ်နေသည်။


" စားဖိုမှူးစိန်ခေါ်ပွဲ ပြီးသွားပြီ ပုဖန်အနိုင်ရတယ် ... ရှုံးတဲ့သူရဲ့ မီးဖိုချောင်သုံးဓားကို အနိုင်ရတဲ့သူက ပိုင်တယ် ..."


ပရမ်းပတာ အသံတစ်ခု ပဲ့တင်လာသည်။


လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။


ဒါက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကောင်းကင်ဘုံလမ်းကြောင်းကြီးဖြစ်တဲ့ .. မဟာနိယာမလမ်းကြောင်းရဲ့ စိတ်ဆန္ဒပဲ ...


ဒီစားဖိုမှူးစိန်ခေါ်ပွဲက မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ကောင်းကင်ဘုံလမ်းကြောင်းကြီးရဲ့ အသိအမှတ် ပြုခံထားရတာပဲ ...


" စိတ်ပျက်အားငယ်ခြင်းတွေက မင်းဆီက စလာလိမ့်မယ်လို့ ငါမပြောခဲ့ဘူးလား ..."


ပုဖန် ပြောလိုက်သည်။


သူ၏လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား တောက်ပလာသည်။ ထို့နောက် ကမာပန်ကိတ်ကို ယူ၍ ညင်သာစွာ ဝါးလိုက်သည်။


ဝှစ် ...


ကမာပန်ကိတ်ကို သူဝါးလိုက်သည့်အချိန်တွင် အရသာရှိသော ရနံ့ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ပြန့်နှံ့သွားသည်။


ခဏအကြာတွင် မှော်အခင်းအကျင်းတစ်ခုပေါ်လာပြီး သလင်းကျောက်ကဲ့သို့တောက်ပနေသည့် ဓားများထည့်ထားသည့် ဗီရိုတစ်ခု ပုဖန်၏ဘေးတွင် ပေါ်လာသည်။


ဗီရိုကို ပုတ်လိုက်သည်။


ကျောက်ကွမ်းစန်း၏ မျက်စိရှေ့၌ပင် သူ၏ မီးဖိုချောင်သုံးဓား ပုဖန်ဆီသို့ လွင့်ပျံသွားသည်။


ပုဖန် ထိုဓားကိုဖမ်းယူပြီး ဗီရိုထဲ ထည့်လိုက်သည်။


ကျောက်ကွမ်းစန်း တုန်ယင်နေသည်။


" စားဖိုမှူးစိန်ခေါ်ပွဲ ... ဒါက စားဖိုမှူးစိန်ခေါ်ပွဲ ဆိုတာလား ..."


သူ မီးဖိုကို နောင်တရစွာဖြင့် ထိုးလိုက်သည်။ ဤကဲ့သို့ဖြစ်လာမည်ကို ကြိုသိခဲ့လျှင် သူပို၍ အာရုံစိုက်ခဲ့မည်ဖြစ်ပြီး ပို၍ကောင်းသော ဟင်းလျာကို ချက်ပြုတ်ခဲ့မည်ဖြစ်သည်။


ထိုသို့ဆိုပါက သူ၏ဓားလည်း မဆုံးရှုံးပဲ ပြိုင်ပွဲတွင်လည်း ရှုံးမယ်မဟုတ်ပေ။


သူ အမှန်ပင် နောင်တရနေသည်။ 


တကယ်ကို မုန်းစရာပဲ ...


ဂျွတ် ဂျွတ် ဂျွတ် ...


ပုဖန် ကမာပန်ကိတ်ကို ဆက်ဝါးနေပြီး သိပ်သည်းသော ရနံ့များလည်း ပျံ့နှံ့နေသည်။


ယခုတွင် ပုဖန်၏ အချက်ပြုတ်စွမ်းရည် တိုးတက်လာသည်နှင့်အမျှ သူ၏ ကမာပန်ကိတ်မှာလည်း ပြိုင်ဘက်ကင်း ဖြစ်လာသည်။ သူ၏ရနံ့မှာ အစိုင်အခဲတစ်ခုအဖြစ် စုစည်းသွားပုံရပြီး ယခင်တစ်ခုနှင့် နှိုင်းယှဉ်ပါက ပို၍ ဆွဲဆောင်မှုရှိသွားသည်။


ရနံ့ကိုရှုရှိုက်လိုက်သောအခါ လှိုင်းလုံးများကဲ့သို့ သူတို့၏မျက်နှာကို ရိုက်ခတ်လာသော ပင်လယ်ရနံ့ကို ခံစားမိသည်။


ပုဖန် ဓားများနှင့် မဟူရာလိပ်ခုံးဒယ်အိုးကို ပြန်သိမ်းလိုက်သည်။ လက်များနောက်ပစ်ထားပြီး ကမာပန်ကိတ်ကိုဝါးကာ ပြိုင်ပွဲကွင်းထဲမှ ဖြည်းညင်းစွာ ဆင်းလာသည်။


ပုဖန် ထွက်သွားသည့် ပုံရိပ်ကိုကြည့်ပြီး ဒိုင်လူကြီးလည်း ဘာပြောရမည်မသိ ဖြစ်သွားသည်။ ရလဒ်ကိုသိရန်အတွက် ပြိုင်ပွဲဝင်များ၏ ဟင်းလျာကို မမြည်းစမ်းရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


အခြားကွင်းပြင်များထဲမ ဒိုင်လူကြီးများက သူတို့၏ ပြိုင်ပွဲဝင်များ၏ ဟင်းလျာကို စား‌သောက်နေသည်ကိုကြည့်ပြီး သူ၏နှလုံးသားထဲသို့ မမြင်ရသည့် မြှားတစ်စင်း လာစိုက်သကဲ့သို့ ခံစားလိုက်ရသည်။


တောက် တောက် တောက် ...


ပုဖန် ကွင်းပြင်၏ အစွန်းအထိ လျှောက်သွားသည်။ သူ၏ခေါင်းကို ဖြည်းညှင်းစွာလှည့်၍ နောင်တရနေသော ကျောက်ကွမ်းစန်းကို ကြည့်လိုက်သည်။


" မင်းက ငါ့ကိုတက်နင်းပြီးတော့ ပိုမြင့်တဲ့နေရာကို တက်ချင်တယ် ဒါပေမဲ့ ကျရှုံးသွားတယ် ... အဲ့ဒါကြောင့် ပြစ်ဒဏ်ဆိုတာ ရှိမှာပဲလေ ... ငါက သိုသိုသိပ်သိပ် နေတတ်တဲ့လူတစ်ယောက်ပါ အဲ့တာကို မင်းတို့က ကြွားဝါချင်အောင်လုပ်ကြတယ် ..."


ပုဖန် အေးဆေးပင် ပြောလိုက်သည်။


ထို့နောက် ရနံ့မွှေးကြိုင်နေသော ကမာပန်ကိတ်ကို တစ်ကြိမ်ထပ်ဝါး၍ ကွင်းထဲမှ ထွက်သွားသည်။


ဤပြိုင်ပွဲတွင် ပုဖန်အနိုင်ရသည်မှာ ရှင်းလင်းလှပြီး ထိုအရာက အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။


စားဖိုမှူးစိန်ခေါ်ပွဲ၏ သဘောထားမှာ နေရာအနှံ့သို့ ပြန့်သွားသည်။


မဟာနိယာမလမ်းကြောင်းက စားဖိုမှူးစိန်ခေါ်ပွဲကို အသိအမှတ်ပြုကြောင်း သိလိုက်ရသည့်အခါ ထိတ်လန့်သွားကြသည်။


အကယ်၍ သူတို့ ပုဖန်ကို စိန်ခေါ်လိုပါက သူနှင့် စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ရပေလိမ့်မည်။


ကျောက်ကွမ်းစန်းနှင့် တိုက်ပွဲပြီးနောက် ပုဖန် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရသည်။


ရလဒ်မှာ မပြောင်းလဲပေ။ ပုဖန်၏ မိုးကြိုးပြစ်ဒဏ်က အခြားလူ၏ မိုးကြိုးပြစ်ဒဏ်ကို ဆုတ်ဖြဲလိုက်ပြီး ပြိုင်ဘက်များ၏ ဓားများကို ရရှိခဲ့သည်။


သူ ထပ်ကာ ထပ်ကာ အနိုင်ရခဲ့သည်။


ထို့အပြင် ဤပြိုင်ပွဲများတွင်လည်း တူညီသည့်ဟင်းလျာ‌ဖြစ်သော ရနံသင်းပျံ့သည့် ကမာပန်ကိတ်ကိုပင် ပြုလုပ်ခဲ့သည်။


အချိန်တိုအတွင်း ...


အားလုံးက ဟာသဟုထင်ခဲ့သော ပုဖန်မှာ မတွေးတတ်လောက်အောင် ခက်ခဲသော ပြိုင်ဘက် ဖြစ်လာခဲ့သည်။


မိုးကြိုးနဂါးများ အချင်းချင်း တိုက်ခိုက်ကြခြင်း စားဖိုမှူးစိန်ခေါ်ပွဲ ကမာပန်ကိတ် ဤအရာသုံးမျိုးကြောင့် ပုဖန်ကို လူအများ၏ အထင်ကြီးလာခဲ့သည်။


ကြောက်စရာအကောင်းဆုံးကိစ္စမှာ ယခုအချိန်အထိ ပုဖန်၏ အစားအသောက်များ မည်သို့အရသာရှိသည်ကို မည်သူမှ မသိရှိကြခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒိုင်လူကြီးများပင် သူ၏ဟင်းလျာကို မြည်းစမ်းရန် အခွင့်အရေး မရသောကြောင့်ဖြစ်သည်။


ပါရမီရှင်စာရင်းရဲ့ အဆင့်တစ်ရာ ဖြစ်ထိုက်ပါတယ်လေ ...


သူ၏နာမည်ကျော်ကြားမှုနောက်တွင် ကုသိုလ်ကောင်းမှုများ ကပ်ပါလာသည်။


ဤအချက်ကိုတွေ့ရှိသွားသောအခါ ပုဖန်၏ပြိုင်ပွဲကို ကြည့်ရှု့ကြသူများ စိတ်ပျက်အားငယ်သွားကြသည်။


ပြိုင်ပွဲပေါင်းများစွာ ယှဉ်ပြိုင်ပြီးသည့်နောက် ဓားများကို ဆုံးရှုံးသွားသည့် မသေမျိုးစားဖိုမှူးများ ရင်ထဲတွင် နာကျင်မှုများ ခံစားခဲ့ရသည်။


နောက်ဆုံးတွင် ကျောက်ကွမ်းစန်း စိတ်ပျက်အားငယ်မှုတွေက မင်းဆီက စတင်လိမ့်မယ်ဆိုသည့် စကားအဓိပ္ပါယ်ကို သဘောပေါက်လာသည်။


ပုဖန်၏ တည်ရှိမှုမှာ အဖွဲ့တစ်ဆယ်မှ ပြိုင်ပွဲဝင်သူများကို စိတ်ပျက်အားငယ်မှုများ ခံစားရစေသည်။


ပြိုင်ပွဲကြီး မစတင်မီ ပုဖန်ကို မမျှော်လင့်ဘဲ အောင်မြင်သည့် ပုဂ္ဂိုလ်ဟု သိခဲ့ကြသော်လည်း ထိုပြိုင်ပွဲများပြီးနောက် သူ့အား ထိုသို့ မခေါ်ကြတော့ပေ။


ယခု သူ့အား နတ်ဆိုးဘုရင်ကြီးဟု ခေါ်ကြသည်။ ပြိုင်ဘက်များအားလုံးကို စိတ်ပျက်အားငယ်စေသည့် နတ်ဆိုးဘုရင်ကြီး ..


သို့သော် ဤ စိတ်ပျက်အားငယ်မှုများက စတင်ရုံသာ ရှိသေးသည်။