အပိုင်း ၁၀၃၃
Viewers 53k

အခန်း ၁၀၃၃

ငါ့ရဲ့ရှေးကျတဲ့မီးတောက်ကို မထိန်းချုပ်နိုင်မှာစိုးတယ် 


နောက်တစ်ရက်တွင် အဖွဲ့တစ်ဆယ် ပြိုင်ပွဲများကျင်းပရာ မသေမျိုးသစ်ပင်ရင်ပြင်သို့ ပုဖန် လျှောက်လာသည်။


ယခုအခါ အင်မော်တယ်စားဖိုမှူးများ အားလုံး( မသေမျိုးစားဖိုမှူးကို နောက်ပိုင်းတွင် အင်မော်တယ်စားဖိုမှူးဟု ပြောင်းသုံးပါမည်။) ပုဖန်ကိုကြည့်ပြီး ကြောက်လန့်နေကြသည်။ နတ်ဆိုးဘုရင်ကြီးပုဖန် ဟူသောအမည်မှာ အဖွဲ့ထဲမှ ပြိုင်ပွဲဝင်တိုင်းဆီသို့ ပြန့်နှံကုန်သည်။


မနေ့က မီးဖိုချောင်သုံးဓားများ ယူဆောင်သွားခံရသည့် ပုဖန်၏ပြိုင်ဘက်များ၏ ဆိုးရွားသော အ‌ခြေအနေကို သူတို့ မြင်တွေ့ခဲ့ရသောကြောင့် အင်မော်တယ်စားဖိုမှူးအများစုမှာ ပုဖန်နှင့် ထိပ်တိုက်ရင်မဆိုင်ရရန် မျှော်လင့်နေကြသည်။


တတိယအလွှာမှ ကျောက်ကွမ်းစန်းသည်ပင် သူ၏ဓားကို ပုဖန်ထံသို့ ဆုံးရှုံးသွားခဲ့သည်။ 

သူတို့က ကျောက်ကွမ်းစန်းထက် အားနည်းနေမှတော့ နတ်ဆိုးဘုရင်ကြီးပုဖန်ကို ဘယ်လိုရင်ဆိုင်ရမှာလဲ ...


မနေ့က အော်ဟစ်ခဲ့ကြသော လူအုပ်ကြီးမှာလည်း ပုဖန်ကို ကြောက်လန့်စွာကြည့်ပြီး ပါးစပ်များ ပိတ်ထားကြသည်။


ပါရမီရှင်စာရင်းမှ ပုဖန်၏နေရာကို ယခု မည်သူမျှ မလိုချင်ကြတော့ပေ။ သူ၏ပြိုင်ပွဲများကို မျက်မြင်တွေ့ပြီးနောက် ပုဖန်၏ ကျော်ကြားမှုနောက်တွင် စွမ်းအားများ ကပ်ပါလာကြောင်း သိရှိလိုက်ကြသည်။


ရှောင်ပုကျွင် သွေးအန်ချင်နေသည်။


ပုဖန်အား ပါရမီရှင်စာရင်း၏ အဆင့်၁၀၀ နေရာတွင် လျှို့ဝှက်စွာ ထည့်သွင်းရန် သူ၏အစ်ကိုရှောင်ပုချွယ်ကို မစည်းရုံးခဲ့သင့်ပေ။


ပုဖန်ကို အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် အရှက်ရစေချင်ခဲ့သည်။ သို့သော် ဤကိစ္စက ပုဖန်၏ဂုဏ်သတင်းကို တည်ဆောက်ပေးသော လမ်းကြောင်းတစ်ခု ဖြစ်လာမည်ဟု မထင်ခဲ့ပေ။ 


ယခု ပုဖန်က ပြိုင်ပွဲတစ်ခုလုံးအတွက် မည်သူမျှမဟုတ်သော်လည်း အဖွဲ့တစ်ဆယ်မှ လူအားလုံးက သူ့ကို ကြောက်လန့်ပြီး နတ်ဆိုးဘုရင်ကြီးဟု ခေါ်နေကြသည်။


တောက် တောက် တောက် ...


ပုဖန်လက်များကို အနီရောင်စားဖိုမှူးဝတ်စုံ၏ အိတ်ထဲတွင်ထည့်၍ ပြိုင်ပွဲကွင်းထဲသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာနေသည်။


ဤ အင်မော်တယ်စားဖိုမှူးပြိုင်ပွဲမှာ စိတ်ဝင်စားစရာ မကောင်းသော်လည်း စနစ်မှ တာဝန်ပေးအပ်ထား၍သာ မဖြစ်မနေ လုပ်ဆောင်နေရခြင်းဖြစ်သည်။ အကယ်၍ ထိပ်တန်းဆယ်ယောက်ထဲ ပါသွားပါကလည်း မသေမျိုးသစ်ပင်နေရာသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီအောင် ကူညီပေးလိမ့်မည်ဖြစ်သည်။


ထို့အပြင် အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို သူဖန်တီးရမည်။ 


အချက်အပြုတ်နှလုံးသားလမ်းစဉ်က ဘာကြီးလဲ ...


ပုဖန် အတော်အတန် နားမလည်သဖြင့် ခေါင်းအနည်းငယ်ကိုက်လာသည်။ 


ဝှစ် ဝှစ် ...


လေများဖြတ်သန်း တိုက်ခတ်နေပြီး သဲအချို့ပင် ကွင်းထဲသို့ ရောက်လာသည်။


ပုဖန် မျက်တောင်ခတ်လိုက်သည်။ အခြားတစ်ဖက်တွင် မည်သူမျှ ရပ်မနေပေ။


သူ့ရဲ့ ပြိုင်ဘက်က ဘယ်မှာတုန်း ...


ပဏာမပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သူဦးရေ အလွန်များပြားသောကြောင့် ပြိုင်ပွဲများစွာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ပုဖန် လူများစွာကို အနိုင်ယူရန်လိုအပ်သည်။


ဤအရှိန်အတိုင်း သူကျင့်သားရနေပြီဖြစ်သည်။ သို့သော် သူ ကွင်းထဲတွင် ရပ်နေသော်လည်း ယခုအချိန်အထိ သူ၏ပြိုင်ဘက်မှာ ပေါ်မလာသေးပေ။


သူနှင့်အဝေးမှ ဒိုင်လူကြီးက ပုဖန်ကို ထူးဆန်းသောမျက်နှာဖြင့် ကြည့်နေသည်။ ခဏကြာပြီးနောက် သူပြောလိုက်သည်။


" ဒုတိယအလွှာက လီခွမ်းစစ် အရှုံးပေးတယ် ..."


ဘာ ...


ဒိုင်လူကြီးပြောပြီးနောက်တွင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။


တစ်ယောက်ယောက်က အရှုံးပေးလိုက်တာလား ...


နှစ်ပေါင်းများစွာ ကျင်းပခဲ့သော အင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် ဤသို့အခြေအနေမျိုးကြုံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးပုဖန်က အဲ့လောက် ကြောက်စရာကောင်းနေတာလား ...


မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲတွင် ပါဝင်ခွင့်ကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း လူအများက နားလည်ခဲ့ကြသည်။ အကယ်၍ ရှုံးသွားပါက သူတို့၏ မီးဖိုချောင်သုံးဓားများ ယူဆောင်ခံရမည် ဖြစ်သည်။


သူတို့၏ ယုံကြည်ရသောဓားကို ဆုံးရှုံးရခြင်းမှာ လက်တစ်ဖက်ဆုံးရှုံးသွားသည်နှင့် မကွာခြားပေ။


သူတို့၏ အကောင်းဆုံး အချက်အပြုတ်စွမ်းရည်ကို မပြသနိုင်ပါက ထပ်မံတိုးတက်ရန်လည်း ခက်ခဲသွားလိမ့်မည်။ ထို့ကြောင့် ပြိုင်ပွဲတွင် ပါဝင်ခွင့်ကို အရှုံးပေးလိုက်ကြသည်။


" အိုး ... သူအရှုံးပေးသွားတာပဲ ..."


ပုဖန် ပခုံးတွန့်၍ ပြိုင်ပွဲကွင်းထဲမှ ဆင်းသွားပြီး နောက်လာမယ့် ပွဲစဉ်ကို စောင့်နေသည်။


သို့သော် ပုဖန်၏ နောက်ထပ်ပြိုင်ဘက်သည်လည်း အရှုံးပေးသွားသည်။


သူ၏ပြိုင်ဘက်များ တစ်ယောက်ပြီးတစ်ယောက် အရှုံးပေးသွားသည့် အတွက် ပုဖန် မည်သည့်ပွဲမှ ဝင်မပြိုင်လိုက်ရပေ။ 


တစ်ဖက်သို့လှည့်၍ သက်ပြင်းချနေကာ အထီးကျန်နေသော ကျင့်ကြံသူတစ်ဦးကဲ့သို့ ဖြစ်နေသော ပုဖန်က်ို ကြည့်ပြီး ဒိုင်လူကြီး၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


ဤသို့ ထူးခြားဆန်းပြားသည့် အခြေအနေကို ‌ရင်ဆိုင်ရခြင်းမှာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။



အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ ပဏာမပွဲစဉ်များမှာ ပြင်းထန်စွာ တောက်လောင်နေသည့် မီးတောက်များကဲ့သို့ ဖြစ်နေသည်။


တစ်ဖွဲ့စီတိုင်းမှ ပါဝင်သူများ အဆက်မပြတ် ပြိုင်ပွဲဝင်နေကြသည်။


ဤရက်များတွင် ကုန်းရှို့ပန် သူ၏ နည်းစနစ်နှင့် စွမ်းအင်အားလုံးကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် အသုံးပြုနေရသောကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေသည်။


ပြိုင်ပွဲငါးရက်တာအတွင်း ကုန်းရှို့ပန် အသက်ဆယ်နှစ်ခန့် ကြီးသွားသည်ဟုပင် ခံစားရသည်။


အထက်အလွှာမှ အခြားစားဖိုမှူးများနှင့် တွေ့ကြုံလာမှသာ ၎င်းတို့မည်ကဲ့သို့ ခြိမ်းခြောက်နိုင်သည်ကို သိနိုင်မည်ဖြစ်သည်။


အဖွဲ့ခြောက်တွင် ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးများ မပါဝင်သောကြောင့် အခြေအနေမှာ မဆိုးရွားဟု ပြောနိုင်သည်။


အမှန်တွင် ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူး တစ်ဝက်ခန့်မှာ အကြိုဗိုလ်လုပွဲသို့ တိုက်ရိုက် အဆင့်တိုးမြှင့်ခံထားရသောကြောင့် ပြိုင်ပွဲတွင် ပါဝင်ရန် မလိုအပ်သေးပေ။ 


ရိုးရှင်းစွာ ပြောရလျှင် ပဉ္စမအလွှာမှ စားဖိုမှူးများမှာ ကြောက်ခမန်းလိလိဖြစ်သည်။


သို့ရာတွင်လည်း ဒုတိယ တတိယနှင့် စတုတ္ထအလွှာများတွင်လည်း ထိပ်တန်းစားဖိုမှူးများ ရှိကြပြီး ၎င်းတို့အားလုံး အဆင့်တစ်ဆယ်အတွင်းဝင်ရန် မျှော်မှန်းထားကြသည်။


ထိုကြောက်မက်ဖွယ်စားဖိုမှူးများ၏ ပြိုင်ပွဲများကို လေ့လာပြီးနောက် နင်းချေခြင်းခံရသည်ဟူသော အဓိပ္ပါယ် အစစ်အမှန်ကို ကုန်းရှို့ပန် နားလည်သွားခဲ့သည်။


ထိုစားဖိုမှူးများ၏ ပြိုင်ဘက်များမှာ ဓားကိုပင် သေချာမကိုင်နိုင်သောကြောင့် ရှုံးသွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် တခြားလူ၏ လွှမ်းမိုးခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။


ယခုအချိန်တွင် ကုန်းရှို့ပန်၏ နှလုံးသားမှာ နစ်မြုပ်နေသည်။ ဤသည်မှာ သူမည်မျှအားနည်းသည်ကို ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်း ဖြစ်သည်။ 


ပထမအလွှာတွင်ရှိစဉ်က ကိုယ့်ကိုကိုယ် အားမနည်းဟု ထင်ခဲ့မိသည်။ သို့ရာတွင် ဉာဏ်ထက်မြက်သည့် စွမ်းအားကြီးစားဖိုမှူးများနှင့် နှိုင်းယှဉ်လိုက်ပါက စိတ်ဓာတ်ကျသလိုပင် ခံစားလိုက်ရသည်။ 


သို့ရာတွင် ပဏာမပြိုင်ပွဲ ပြီးဆုံးသည့်နောက် သူ၏အဖွဲ့မှ ထိပ်တန်းအယောက်တစ်ရာတွင် ပါဝင်သွားသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။


အဖွဲ့ဆယ်ဖွဲ့မှ အင်မော်တယ်စားဖိုမှူးတစ်ထောင်မှာ အကြိုဗိုလ်လုပွဲစဉ်သုံးခုအတွက် အရည်အချင်း ပြည့်မီကြသည်။ 


ကုန်းရှို့ပန် စိတ်ရောလူပါ အလုံးစုံ ပင်ပန်းနွမ်းနယိနေပြီဖြစ်သည်။


သို့သော် သူအလွန် စိတ်လှုပ်ရှားနေသည်။


ထိုနေ့ည သူ တည်းခိုဆောင်ကို ပြန်သွားသည့်အခါ ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများ စိတ်ပျက်အားငယ်နေသည်ကို မြင်လိုက်ရသည်။ သူတို့အားလုံး စိတ်ဓာတ်ကျနေကြသည်။


အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးသော အင်မော်တယ်စားဖိုမှူးများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် လွန်ခဲ့သည့်ငါးရက်မှာ သူတို့အတွက် အိမ်မက်ဆိုးများပင် ဖြစ်သည်။ မကောင်းဆိုးဝါးအစစ်များကို သူတို့ မြင်တွေ့ခဲ့ရသည်။


ထိုသို့သော တည်ရှိမှုများနှင့် ရင်ဆိုင်ရသည့်အခါ ဓားကိုင်ရန်ပင် သတ္တိမရှိကြတော့ပေ။


ကုန်းရှို့ပန် နှလုံးသားထဲတွင် လေးလံနေသည်။ လိုက်လံမေးမြန်းပြီးသောအခါ ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများအားလုံး ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိလိုက်သည်။


သူ၏အဖွဲ့တွင် ထိပ်တန်းတစ်ရာထဲဝင်သွားသော ကုန်းရှို့ပန်မှလွဲ၍ အခြားသူများ ထုတ်ပယ်ခံလိုက်ရပြီး အကြိုဗိုလ်လုပွဲသို့ဝင်ရန် အရည်အချင်း မပြည့်မီခဲ့ကြပေ။


ဒါက စိတ်ဓာတ်ကျစရာ သတင်းတွေပဲ ...


ကုန်းရှို့ပန် စတင်ပူပန်လာသည်။


ရွှမ်ယွမ်ရှားဟွေ့ရော ရှုံးသွားတာများလား ...


ဤသည်မှာ သူ၏ခန့်မှန်းချေသာ ဖြစ်သော်လည်း ရွှမ်ယွမ်ရှားဟွေ့မှာ အားမနည်းပေ။ သို့သော် သူ အင်မော်တယ်စားဖိုမှူးဖြစ်လာသည်မှာ မကြာသေးပေ။ 


သူ၏ညီမလေး ကုန်းရှို့ယွင်သည်ပင် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သော်လည်း လျင်မြန်စွာ ချေမှုန်းခံလိုက်ရသည်။


အဘယ့်ကြောင့်ဆိုသော် ကုန်းရှို့ယွင်မှာ အန္တရာယ်ကြီးသော အဖွဲ့ထဲ ရောက်သွားသောကြောင့်ဖြစ်သည်။


ထိုအဖွဲ့တွင် ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးငါးဦးနှင့် အခြားအလွှာများမှ ကြောက်မက်ဖွယ်စားဖိုမှူးများ ပါဝင်သောကြောင့် သေမင်းတမန်အဖွဲ့ဟု ခေါ်ကြသည်။


ကုန်းရှို့ယွင် လုံးလုံးလျားလျား အနိုင်ယူခံလိုက်ရသည်။ သူမ၏မျက်လုံးများမှာ မှုန်မှိုင်း၍ မျှော်လင့်ချက်မဲ့နေသည်။


သူမ မကြာမီပင် ချက်ပြုတ်ရန် ယုံကြည်ချက်များ ပျောက်ဆုံးသွားသည်။


" စကားမစပ် ပိုင်ရှင်ပု ဘယ်မှာလဲ ..."


ကုန်းရှို့ပန် ရုတ်တရက် ပုဖန်ကို သတိရသွားသည်။ 

သူ့ရဲ့အဆင့်နဲ့ဆိုရင် မြန်မြန်နဲ့ မထုတ်ပယ် ခံရလောက်ပါဘူး ...


အနည်းဆုံး ထိပ်တန်းအယောက်တစ်ရာတွင် ပါဝင်လာရန်မှာ သူ့အတွက် ပြဿနာမဟုတ်ပေ။ 


ပုဖန်၏နာမည်ကို ပြောလိုက်သည့်အခါ တည်းခိုဆောင်၏ ဧည့်ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးအကြည့်ချင်း ဖလှယ်နေကြပြီး ဘာပြောရမည်မသိ ဖြစ်နေသည်။


" ပိုင်ရှင်ပုလည်း ချေမှုန်းခံလိုက်ရတာလား ..."


အားလုံး၏ တုံ့ပြန်မှုကိုမြင်ပြီး ကုန်းရှို့ပန် သက်ပြင်းချရုံမှလွဲ မတတ်‌နိုင်ပေ။


ဤငါးရက်အတောအတွင်း ဖိအားများစွာထဲ ကျရောက်နေသောကြောင့် ပုဖန်ကို အာရုံစိုက်ရန် သူ့ထံတွင် အချိန်နှင့် စွမ်းအင်များ မရှိခဲ့ပေ။


သို့သော် အခြားသူများ၏ မျက်နှာကို ကြည့်ခြင်းဖြင့် ပုဖန်သည်လည်း ရှုံးသွားကြောင်း သိနိုင်သည်။


ဟင်း ...


ဤအင်မော်တယ်စားဖိုမှူးပြိုင်ပွဲတွင် သူတစ်ဦးတည်းသာ အားလုံး၏ မျှော်လင့်ချက်များကို သယ်ဆောင်ထားရသည့်ပုံပင်။


ဘယ်လိုတောင် လေးလံတဲ့ ဖိအားကြီးလဲ ...


အဟမ်း ...


ပုဖန်နှင့် တစ်ဖွဲ့တည်းကျသော စားဖိုမှူးတစ်ဦး ချောင်းဆိုးလိုက်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။


" နတ်ဆိုးဘုရင်ကြီး အာ... ပိုင်ရှင်ပုက ဒီရက်ပိုင်း သူ့အခန်းထဲမှာပဲ နေတယ် ..."


နတ်ဆိုးဘုရင်ကြီးဟူသည်မှာ ဒဏ္ဍာရီလာ ဂုဏ်ပုဒ်တစ်ခုကဲ့သို့ ဖြစ်နေ၍ သူပြောလိုက်သည့်အခါ အနည်းငယ် ကပျာကယာဖြစ်သွားသည်။


" နတ်ဆိုးဘုရင်ကြီးတဲ့လား ... ပိုင်ရှင်ပုကို ပြောတာလား ..."


ကုန်းရှို့ပန် အံ့ဩသွားသည်။


ကျွိ ...


ပုဖန်၏ အခန်းတံခါးပွင့်သွားပြီး လက်နောက်ပစ်၍ ဧည့်ခန်းမဆီသို့ အေးဆေး‌လျှောက်လာနေသည်။


ကုန်းရှို့ပန်ကို မြင်သောအခါ ခေါင်းငြိမ့်ပြလိုက်သည်။


" ဟေး မင်းကို ကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ ..."


" ငါ့ရဲ့အဖွဲ့ထဲမှာ ထိပ်တန်းတစ်ရာထဲဝင်ဖို့ ရုန်းကန်ခဲ့ရတယ် ..."


ကုန်းရှု့ပန် သက်ပြင်းချလိုက်သည်။ ထို့နောက် ပုဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ပြီးမေးလိုက်သည်။


" မင်းရော ..."


" ကျုပ်လား ..."


ပုဖန် ဇဝေဇဝါ ဖြစ်သွားသည်။ ထို့နောက်သက်ပြင်းချပြီး ခေါင်းခါပြလိုက်သည်။ 


" ရှင်းပြဖို့ ခက်တယ် ..."


သူ၏တုံ့ပြန်မှုနှင့် မျက်နှာ အမူအရာများကြောင့် ကုန်းရှို့ပန် မျက်မှောင်ကြုတ်သွားသည်။

မဟုတ်မှလွဲရော ...


" ပါရမီရှင်စာရင်းထဲ ပါသွားတာ တော်တော်ဒုက္ခများခဲ့မှာပဲ ..."


ကုန်းရှို့ပန် ကရုဏာသက်သွားသည်။


ပိုင်ရှင်ပုနှင့်အတူ ကြာပန်းအမွေအနှစ်နယ်မြေကို အောင်မြင်ခဲ့သည်မှာ မနေ့တစ်နေ့ကလိုပင် ခံစားရသည်။


ပုဖန် လက်နောက်ပစ်ပြီး သက်ပြင်းချလိုက်သည်။


" ဟုတ်တယ် ကျုပ်ကသိုသိုသိပ်နေတဲ့ သူဆိုတော့ ပြဿနာတွေ အများကြီး တက်သွားတယ် ..."


ကုန်းရှို့ပန် ပုဖန်ဆီသို့ ရောက်သွားပြီး ပခုံးကို ပုတ်လိုက်သည်။


" ပိုင်ရှင်ပု လက်မလျှော့ပါနဲ့ ... မင်းက ငယ်သေးတာပဲ ငါတို့မှာ နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ် ..."


ထို့နောက် လေးနက်စွာ ပြောလိုက်သည်။


" စိတ်မပူပါနဲ့ မင်းရဲ့ကံကြမ္မာကို ငါသယ်ဆောင်သွားပေးမယ် ထိပ်တန်း အဆင့်သုံးရာထဲဝင်အောင်လုပ်ပြီး ပထမအလွှာ အင်မော်တယ်စားဖိုမှူးတွေရဲ့ ဂုဏ်ဆောင်ပေးမယ်..."


သူ၏စကားများမှာ ပုဖန်အတွက်သာ မဟုတ်ပဲ ဧည့်ခန်းမထဲမှ ပထမအလွှာ စားဖိုမှူးများ အားလုံးအတွက် ဖြစ်သည်။ သူတို့၏ ယုံကြည်ချက်ကို တစ်ကြိမ်ထပ်မံ၍ မြှင့်တင်ပေးခြင်းဖြစ်သည်။ 


" ဆက်လုပ်ပါ ကျုပ်လည်း ကျေးဇူးတင်ပါတယ် ..."


ပုဖန် ကုန်းရှို့ပန်၏ ပခုံးကိုပုတ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ 


အဝေးတွင် ...


ပုဖန်၏အဖွဲ့မှ အင်မော်တယ်စားဖိုမှူးတစ်ယောက်၏ နှုတ်ခမ်းများ တွန့်ချိုးသွားကြသည်။


နတ်ဆိုးဘုရင်ကြီးက ရုပ်ရှင်ရိုက်နေတာလား ...


ပါရမီရှင်စာရင်း ထိပ်တန်းအယောက်တစ်ရာထဲတွင် ပါလာခြင်းက သူ့အား ဒုက္ခများစွာ ပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။


မင်းရဲ့ပြိုင်ဘက်တွေက မပြိုင်ရဲတော့လို့ အကုန်အရှုံးပေးကုန်တာလေ ...


ခပ်မိုက်မိုက်နေရင် သေမှာစိုးလို့လား ...


ထိုအင်မော်တယ်စားဖိုမှူး ငိုရမည်လား ရယ်ရမည်လား မသိတော့ပေ။ သို့သော် ထိုအချိန်တွင် သူ၏နှလုံးသားထဲမှ တိမ်မည်းများ ပျောက်ကွယ်သွားသည်။


" ကဲ စကားဆက်ပြောကြပါဦး မနက်ဖြန် ငါတို့ ဒုတိယအလွှာက ထွက်ခွာရတော့မှာဆိုတော့ အနီးအနားကို လျှောက်ကြည့်လိုက်ဦးမယ် ..."


ပုဖန် ပြောလိုက်သည်။ 


" ကောင်းပြီ စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်လိုက်ပါဦး ပိုင်ရှင်ပု ... မင်းရဲ့အနာဂတ်က အဆုံးမရှိဘူး ..."


ကုန်းရှို့ပန် ပြောလိုက်သည်။


ထို့နောက် ပုဖန် တည်းခိုဆောင်ထဲမှ ထွက်သွားသည်။


" သခင်လေးကုန်းရှို့ ဟို ..."

ကုန်းရှို့ပန်၏ ခံစားနေရသောမျက်နှာကို မြင်၍ အင်မော်တယ်စားဖိုမှူးတစ်ယောက်က တစ်ခုခုပြောရန် ပြင်လိုက်သည်။


ကုန်းရှို့ပန် တစ်ဖက်သို့လှည့်ပြီး လက်သီးဆုပ်ထားလိုက်သည်။


" ငါတို့ ဒီအကြောင်းတွေ မပြောပဲနေရအောင် ... မျှော်လင့်ချက်တွေ ဆုံးရှုံးသွားလို့ မဖြစ်ဘူး ... ပထမအလွှာက အားနည်းတယ်ဆိုပေမယ့် ငါတို့မှာ ယုံကြည်ချက် ရှိကြတယ် ... အနာဂတ်မှာ ငါတို့ ကျိန်းသေပေါက် အောင်မြင်မှာပဲ ..."


" အမ် သခင်လေးကုန်းရှို့ ကျွန်တော်ပြောချင်တာက နတ်ဆိုးဘုရင်ကြီးက အကြိုဗိုလ်လုပွဲကို တက်သွားပြီ..."


ထို အင်မော်တယ်စားဖိုမှူး ပြောလိုက်သည်။ ငိုရမလား ရယ်ရမလားပင် မသိတော့ပေ။


" တကယ်လား ငါတို့ပထမအလွှာမှာ အဲ့လိုထူးကဲတဲ့ အောင်မြင်သူ ရှိသေးတာလား..."

ကုန်းရှို့ပန် အံ့အားသင့်သွားသည်။


" တကယ်တော့ နတ်ဆိုးဘုရင်ကြီးဆိုတာ ပိုင်ရှင်ပုပါပဲ ... လူအများကြီး အရှုံးပေးသွားကြလို့ သူကအဖွဲ့တစ်ဆယ်မှာ ပထမဖြစ်သွားပြီ ... အလိုအလျောက် အဆင့် တက်သွားတာလေ ..."


ထိုစားဖိုမှူး မရယ်မိစေရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။


ကုန်းရှို့ပန် ဘာပြောရမည်မသိတော့ပေ။ ထိုအင်မော်တယ်စားဖိုမှူးကို ကြည့်နေစဉ်မှာပင် သူ၏ပတ်လည်၌ လေပြင်းများ တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။


ထို့နောက် မမြင်ရသည့် မြှာတစ်စင်းက သူ၏ရင်ဘတ်ပေါ်သို့ ထိုးစိုက်သွားသလိုပင် ခံစားလိုက်ရသည်။


ပုဖန်က ပြီးပြည့်စုံမှုတွေနဲ့ သူ့ကို အံ့ဩအောင် လုပ်သွားတာပဲ ...


ပိုင်ရှင်ပုကတော့ တကယ်ကို သရုပ်ဆောင်တစ်ယောက်ပဲ ...


မင်းမေလင်ကို ရှင်းပြဖို့ခက်တယ် လို့ပြောတာလား ...


...


တောက် တောက် တောက် ...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်၏ ဒုတိယအလွှာမှာ အလွန်ကျယ်ပြန့်လှသည်။ အနည်းဆုံး ပထမအလွှာထက် ပို၍ ကြီးမားသည်။


ဖြစ်နိုင်သည်မှာ သူတို့၏ ‌ခန့်ညားလှသော အခြေခံအုတ်မြစ်များကြောင့် ဤနေရာရှိ မသေမျိုးမြို့တော်မှာ ပို၍ ကြီးမားသည်။


ပုဖန် အနီးတစ်ဝိုက်ကို အေးအေးဆေးဆေး လမ်းလျှောက်ကြည့်နေသည်။ ပထမအလွှာ မသေမျိုးမြို့တော်ကဲ့သို့ပင် ဤနေရာတွင်စားသောက်ဆိုင် များစွာရှိပြီး လေထုထဲတွင် ဟင်းလျာများ၏ ရနံ့များဖြင့် ပြည့်နှက်နေသည်။


ထိုစားသောက်တွင်း၌ အင်မော်တယ်စားဖိုမှူးများစွာ ချက်ပြုတ်နေသည်ကို ပုဖန် တွေ့လိုက်ရသည်။ သူတို့၏ ချက်ပြုတ်စွမ်းရည်များမှာ ပထမအလွှာမှ အင်မော်တယ်စားဖိုမှူးများထက် များစွာအဆင့်မြင့်သည်။


ပုဖန် လက်နောက်ပစ်လျက် လမ်းပေါ်တွင် လျှောက်နေပြီး ဝင်ထွက်သွားလာနေသော လူများကိုကြည့်ကာ စိတ်ထဲ ပျော်ရွှင်နေသည်။ 


ဟင်းလျာများ၏ အရသာရှိသော ရနံ့များ အစားအစာကောင်းများ၏ ရနံ့များ ရှေ့နောက်သွားလာနေသော လူများက ပုဖန်၏ အာရုံကို ဖမ်းစားထားသည်။


ရုတ်တရက် သူလမ်းလျှောက်နေသည်ကို ရပ်လိုက်သည်။ ခေါင်းမော့လိုက်သောအခါ သူ၏လမ်းတွင် လူများစွာ ပိတ်ရပ်နေသည်ကို မြင်လိုက်ရသည်။


၎င်းတို့မှာငယ်ရွယ်ပြီး ချောမောကြသော အမျိုးသားနှစ်ဦး အမျိုးသမီးနှစ်ဦးဖြစ်သည်။


ထိုလေးဦးလုံး ပုဖန်ကို ပြုံး၍ ကြည့်နေသည်။


" အင်း...မင်းက အဖွဲ့တစ်ဆယ်ရဲ့ နတ်ဆိုးဘုရင်ကြီး ပါရမီရှင်စာရင်းထဲမှာ အဆင့်တစ်ရာနေရာက စားဖိုမှူးမလား..."


အမျိုးသား၏ ရင်ခွင်ထဲတွင် မြုပ်နေသော အမျိုးသမီးတစ်ယောက်က စကားစလိုက်သည်။


တောင့်တင်းသော အမျိုးသား၏ ရင်ခွင်ထဲမှ အခြားအမျိုးသမီးတစ်ယောက်ကလည်း ခေါင်းမော့ကြည့်ပြီး ပြောလိုက်သည်။


" အစ်ကိုကြီး ပုချွေ ... ပါရမီရှင်စာရင်းထဲ နတ်ဆိုးဘုရင်ကြီးကို ထည့်ခဲ့တာ ရှင်လို့ကြားတယ်နော် ဘာလို့ကျွန်မရဲ့ အဆင့်ကိုပါ မရွှေ့ပေးတာလဲ ... ကျွန်မက အဆင့် ၉၉လေ ဒီစားဖိုမှူးအတုထက် တစ်ဆင့်ပဲ မြင့်နေတယ် ... အဲ့တာအရမ်းရှက်ဖို့ကောင်းတယ် သိရဲ့လား ..."


ပုဖန် သူ၏ရှေ့တွင် ချစ်ကြည်နူးပြနေသော လူလေးယောက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


" အစ်မကြီးကိုးဆယ့်ကိုး ကျုပ်ကိုရှာနေတာလား ... ဒီနေ့က အချိန်ကောင်းမဟုတ်ဘူးနော် အဲ့လိုအတွဲလိုက်ကြီး လျှောက်သွားမနေသင့်ဘူး ... ကျုပ်ရဲ့ ရှေးဟောင်းမီးတောက်အစွမ်းကို မထိန်းချုပ်နိုင်မှာ စိုးတယ် ..."


ပုဖန် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ထိုလေးယောက်ကို မျက်နှာသေဖြင့် ကြည့်နေသည်။