အပိုင်း ၁၀၃၄
Viewers 53k

အခန်း ၁၀၃၄

နတ်ဆိုးဘုရင်ကြီးက လှောင်စရာတစ်ခု ဖြစ်လာတာလား


" ဒီကောင်လေး ဘာတွေ ဗလုံးဗထွေး ပြောနေတာလဲ ..."


ပုဖန်ရှေ့တွင်ရပ်နေသော လူလေးယောက်လုံး ဇဝေဇဝါ ဖြစ်သွားသည်။

ရှေးဟောင်းစွမ်းအားဆိုတာ ဘာကြီးလဲ ...


ပြီးတော့ အဲ့တာက ဒီနေ့နဲ့ ဘာဆိုင်လို့လဲ ...


ပုဖန် ထုံးစံအတိုင်း ရှင်းပြရမည်ကို ပျင်းနေသည်။ ထိုလူလေးယောက်ကို တည်ကြည်စွာကြည့်ပြီး သူတို့ဘာလုပ်ကြမည်ကို စောင့်နေသည်။ 


" အစ်မကြီးတဲ့လား ..."


ရှောင်ပုချွယ်ကို မှီနေသာ အမျိုးသမီး လန့်သွားသည်။ ခဏအကြာတွင် သူမ၏ မျက်နှာတစ်ခုလုံး နီရဲလာပြီး မျက်လုံးမှ ဒေါသမီးတောက်များ ထွက်ပေါ်လာသည်။


" ဘယ်သူ့ကို အစ်မကြီးလို့ ခေါ်လိုက်တာလဲ..."


ပုဖန်ကို စိုက်ကြည့်နေသော ထိုအမျိုးသမီး၏ မျက်လုံးမှ လျှပ်စီးများလက်နေသကဲ့သို့ပင်။


ရှောင်ပုချွယ် လက်မြှောက်လိုက်ပြီး ဖျော့တော့စွာ ပြုံးပြကာ သူမ၏ကျောကို ပွတ်သပ်လိုက်သည်။


" မင်းကို ပါရမီရှင်စာရင်းထဲ ဘယ်သူထည့်လိုက်တယ်ဆိုတာ မသိချင်ဘူးလား ...အဲ့ဒီစာရင်းထဲမှာ ဒီပြိုင်ပွဲကြီးက လက်ရွေးစင်စားဖိုမှူးတွေရဲ့ နာမည်တွေပါတယ် ဉာဏ်ကြီးရှင်တွေပဲ ဒီစာရင်းထဲမှာရှိတာ မင်းရဲ့နာမည်က ဘာလို့ ပါလာရတာလဲ ..."


ရှောင်ပုချွယ် မျက်လုံးများ ကျဉ်းမြောင်းပြီး ပုဖန်ကို ကြည့်လိုက်သည်။


" တစ်ယောက်ယောက်က ငါ့ရဲ့ ခန့်ညားတဲ့ မျက်နှာကို မနာလို ဖြစ်နေတာ ဖြစ်နိုင်တာပဲ ..."


ပုဖန် မေးစေ့ကိုပွတ်၍ မျက်မှောင်ကြုတ်ကာ တည်ကြည်စွာ ပြောလိုက်သည်။


သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာကို မနာလိုတာလား ...


ရှောင်ပုချွယ် သွေးအန်လုနီးပါး ဖြစ်သွားသည်။

အဲ့လို ပေါက်ကရစကားမျိုးကို ရုပ်တည်ကြီးနဲ့ ပြောနိုင်တယ်ပေါ့ ...


" အင်း ... ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့နေရာက အဆင့်တစ်ရာမှာလေ ... ကြည့်ရတာ တစ်ယောက်ယောက်က ကျုပ်ကို တော်တော်မုန်း‌နေတာထင်တယ်... ကျုပ်ရဲ့ ချောမောတဲ့ အသွင်အပြင်ကနေပြီး အကျင့်စရိုက် ကောင်းမွန်တာကို မမြင်နိုင်ကြဘူး ..."

ပုဖန် ပြောလိုက်သည်။


တစ်ဖက်မှ လူလေးယောက်လုံး၏ မျက်နှာမှာ ကိုးရို့ကားရား ဖြစ်ကုန်သည်။


နတ်ဆိုးဘုရင်ကြီးကို ကြည့်ရတာ အရူးလိုပဲ ...


" ငါ အမှန်တရားကို ပြောနေတာ ...မင်းကို အဲ့စာရင်းထဲထည့်ခဲ့တာ ငါပဲ ..." 


.ရှောင်ပုချွယ် ပြောလိုက်သည်။


ပုဖန်၏အကြည့်များ ထူးဆန်းသွားပြီး ထိုလူကို ကြည့်လိုက်သည်။


" ဒါဆို ကျုပ်ရဲ့ခန့်ညားမှုကို မနာလိုဖြစ်နေတာ ခင်များပေါ့ ..."


ရှောင်ပုချွယ်၏ မျက်နှာမှ ကြွက်သားများ တွန့်ချိုးသွားသည်။ 

သူတို့ စကားကို ပုံမှန်ပြောလို့ မရနိုင်ဘူးလား ...


" ငါတို့ မင်းကို အားလုံးရဲ့ ပြစ်မှတ်ဖြစ်စေချင်လို့ အဲ့ဒီစာရင်းထဲ ထည့်ခဲ့တာ ...ကြည့်ရတာ မင်းမှာ အခြေခံကောင်းကောင်းရှိပုံရတယ် အင်မော်တယ်စားဖိုမှူး အများကြီးကို ချေမှုန်းခဲ့ပြီး နတ်ဆိုးဘုရင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်တောင် ရလိုက်သေးတယ် ..."

ရှောင်ပုချွေ ‌အေးဆေးပင် ပြောလိုက်သည်။


" ဘာပဲဖြစ်ဖြစ် မင်းက အမှိုက်အုပ်စုထဲ ရောက်သွားလို့ ကံကောင်းသွားတာပါ ... အကြိုဗိုလ်လုပွဲမှာတော့ ကံကောင်းတော့မှာ မဟုတ်ဖူး ... အဲ့အချိန်ကျရင် ငါကိုယ်တိုင် မင်းကို အနိုင်ယူမယ်လို့ မျှော်လင့်ထားတယ် ..."


" အစ်ကိုကြီးပုချွယ် အဲ့ဒီအမှိုက်ကို သွားမထိပါနဲ့ ယိအာ သူ့ကို ရှင်းလိုက်မယ် ... သူက အဆင့်တစ်ရာနေရာက စားဖိုမှူး အတုပဲလေ ..."


ထိုအမျိုးသမီး ပုဖန်ကို အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။


" ငါ မင်းကို အကြံတစ်ချို့ပေးလိုက်မယ် မင်းရဲ့ပထမအလွှာကို ပြန်ပြေးတာ ကောင်းမယ်နော် မဟုတ်ရင် လာမယ့်နေ့တွေမှာ စိတ်ပျက်အားငယ်မှု အစစ်အမှန်တွေကို ခံစားရလိမ့်မယ် ..."

ရှောင်ပုချွယ် ပြောလိုက်သည်။


ပုဖန် သူ့ကိုကြည့်ပြီး နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


" တစ်ယောက်ယောက်က ကျုပ်ကို စိတ်ပျက်အားငယ်စေရမယ်လို့ ပြောတိုင်း သူတို့ပဲ ချက်ချင်း ပြန်ခံစားရတာပဲ ... စကားမစပ် ခင်များကိုကြည့်ရတာ ကိစ္စတော်တော်များများကို သိပုံပဲ ... တစ်ခုလောက် မေးလို့ရမလား ... အချက်အပြုတ်နှလုံးသားလမ်းစဉ်ဆိုတာ ဘာလဲ ..."


ပုဖန် အေးဆေးတည်ငြိမ်စွာပင် မေးလိုက်သည်။


ရှောင်ပု‌ချွယ်နှင့် အခြားလူများ အံအားသင့်ကုန်ကြသည်။ အကြည့်များ ဖလှယ်ပြီးနောက် အထင်အမြင်သေးစွာဖြင့် အားရပါးရ ရယ်ကြသည်။


" တကယ်ကြီးလားဟ မင်း အချက်အပြုတ်နှလုံးသားလမ်းစဉ်ကို မသိတာ မယုံနိုင်ဘူး ... ဒါပေမဲ့ဆိုးရွားတာပဲ အဲ့တာက မင်းလိုအမှိုက်မျိုး စိတ်ကူးတောင် ယဉ်ကြည့်လို့ရတာမျိုးမဟုတ်ဖူး ... မင်းမျှော်လင့်နေရုံပဲ တတ်နိုင်တဲ့ အရာတစ်ခုပေါ့ ..."


ထို့နောက်တွင် သူတို့ပုဖန်ကို ဘာမှမရှင်းပြပဲ ရယ်မောပြီး ထွက်သွားသည်။


ပုဖန် ဘာပြောရမည်မသိ ဖြစ်သွားသည်။ သူ၏လက်များကို ဝတ်ရုံ၏အိတ်ကပ်ထဲ ထည့်ကာ ထွက်သွားသည်။


...


မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ပဉ္စမအလွှာ


ယာယာ မသေမျိုးသစ်ပင်ထိပ်မှ သစ်သားအိမ်လေးရှေ့တွင် ရပ်နေသည်။


သူမ ဖြူစင်တောက်ပနေသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်များ ရစ်ခွေကျလျက် ကြည့်ရသည်မှာ ကြီးကျယ်မြင့်မြတ်ပုံပေါ်သည်။


သူမ ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေ‌ပြီး ခန္ဓာကိုယ်သည်လည်း တောက်ပနေသည်ဟု ထင်ရသည်။


ခဏအကြာတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာပြီး ပုံရိပ်လေးခု သူမရှေ့တွင် ပေါ်လာသည်။


ထိုပုံရိပ်လေးခုမှာ အုံ့မှိုင်းနေပြီး မသဲကွဲသော ပုံစံများသာ မြင်နေရသည်။ 


သူတို့ယာယာကို စကားပြောနေဟန်ရှိပြီး ခဏကြာသောအခါ ပုံရိပ်များ ပြန့်ကျဲ ပျောက်ကွယ်သွားသည်။ 


ယာယာ ခေါင်းကိုက်သွားပြီး သူမမျက်ခုံးနှစ်ခုကြားမှ နေရာကိုပွတ်နေသည်။


" အဲ့ဒီ မြို့တော်သခင်လေးယောက်ကတော့ ငါ့ကို စိုးရိမ်ပူပန်မှုတွေက မကယ်ပေးနိုင်ကြဘူး ... အဲ့ခွေးကိုရှာပြီး ကိုယ့်ဒုက္ခကိုယ် ရှာနေကြတယ် ..."


ယာယာ သက်ပြင်းချလိုက်ပြီး သစ်သားအိမ်လေးထဲသို့ ပြန်ဝင်သွားသည်။



မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်ကို အလွှာငါးလွှာပိုင်းခြားထားပြီး အလွှာတစ်ခုစီတိုင်းသည် ကျယ်ပြောသည့် ကမ္ဘာကြီးတစ်ခုဖြစ်သည်။


တတိယအလွာမှာ အလယ်ဗဟိုတွင် ကြီးမားသောကျွန်းကြီးရှိသည့် ကျယ်ပြန့်သော ပင်လယ်ကြီးဖြစ်သည်။


ထိုကျွန်းကြီး၏ အလယ်တွင် မသေမျိုးသစ်ပင်ကြီးရှိနေပြီး မသေမျိုးမြို့တော်ကို ထိုနေရာတစ်ဝိုက်တွင် တည်ဆောက်ထားသည်။


အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲကို တတိယအလွှာမှ မသေမျိုးမြို့တော်တွင် ကျင်းပမည်ဖြစ်သည်။


အဖွဲ့တစ်ဖွဲ့စီမှ အယောက်တစ်ရာ .. စုစုပေါင်းဆယ်ဖွဲ့မှ စားဖိုမှူးတစ်ထောင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာသည်။


အကြိုဗိုလ်လုပွဲစဉ်များအတွက် စည်းကမ်းများမှာ ကွဲပြားသွားမည်ဖြစ်သည်။ ပွဲစဉ်နှစ်မျိုးပါဝင်ပြီး အနိုင်အရှုံး အဆုံးအဖြတ်ပေးမည့်ပွဲနှင့် အဆင့်သတ်မှတ်သည့်ပွဲစဉ်တို့ ဖြစ်သည်။


အနိုင်အရှုံး အဆုံးအဖြတ်ပေးမည့် ပွဲစဉ်တွင် စားဖိုမှူး ၅၀၀ ထုတ်ပယ်ခံရမယ်ဖြစ်ပြီး ကျန်ရှိသော လူ ၅၀၀က အဆင့်သတ်မှတ်ချက်ပွဲကို တက်သွားမည်ဖြစ်သည်။ ထိုလူ ၅၀၀ထဲမှ အယောက်တစ်ရာသာ အကြိုဗိုလ်လုပွဲသို့ ရောက်မည်ဖြစ်သည်။


စည်းမျဉ်းများမှာရိုးရှင်းပြီး သုံးရက်ဆက်တိုက် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။


၎င်းမှာ ပုဖန်အတွက် ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သူ၏အဖွဲ့တွင် ပထမရထားသောကြောင့် အနိုင်အရှုံးပွဲစဉ်တွင် မပါဝင်ရပဲ အဆင့်သတ်မှတ်ချက်ပွဲစဉ်သို့ တိုက်ရိုက်သွားနိုင်သည်။


ထို့ကြောင့် ပထမရက်တွင် ပုဖန် ပြိုင်ကွင်းသို့ပင် လာရန်မလိုပေ။


သို့သော်လည်း ကုန်းရှို့ပန်၏ ပြိုင်ပွဲကို လာရောက်အားပေးမည်ဟု သဘောတူထားသောကြောင့် သူလာရောက်ရခြင်းဖြစ်သည်။ အလွှာတစ်ခုတည်းမှ စားဖိုမှူးများဖြစ်၍ တစ်ဦးနှင့်တစ်ဦး အားပေးကြရမည်ဖြစ်သည်။


အကယ်၍ အဆင့်သတ်မှတ်ချက်ပွဲစဉ်များသို့ ရောက်ရှိလိုပါက ကုန်းရှို့ပန် ဤပွဲစဉ်တွင် အနိုင်ရရှိရမည်ဖြစ်သည်။ 


ရိုးစင်းသည်ဟု ပြောနိုင်သော်လည်း ခက်ခဲမှုအနည်းငယ် ရှိနေသေးသည်။


အဘယ့်ကြောင့်ဆိုသော် ကုန်းရှို့ပန်၏ ပြိုင်ဘက်ကို မည်သူမျှ မသိကြသောကြောင့်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ကုန်းရှို့ပန် ယုံကြည်မှုရှိသည်။ သူ၏ပစ်မှတ်မှာ ထိပ်တန်းအဆင့် နှစ်ရာအတွင်းဝင်ရန် ဖြစ်သဖြင့် သူ၏ပြိုင်ဘက်များကို ချေမှုန်းရမည်သာ။


ကုန်းရှို့ပန် အမှန်တကယ်ပင် အကောင်းဆုံး ကြိုးစားထားသည် ။ ဤပွဲစဉ်များအတွင်း သူပြိုင်ဘက်နှစ်ဦးကို အနိုင်ရခဲ့သည်။


သို့သော် ...


သူ၏နောက်ဆုံးပြိုင်ဘက်ကို တွေ့သောအခါ သူ၏စိတ်ဓာတ်ကျမှုများ စတင်လာသည်။


ပုဖန်သည်လည်း ထိုပြိုင်ပွဲကို ကြည့်နေသဖြင့် တစ်စုံတစ်ခု ထူးဆန်းသည်ကို မြင်လိုက်သည်။


ကုန်းရှို့ပန်၏ပြိုင်ဘက်မှာ တစ်ကိုယ်လုံးကို အမည်းရောင်ဝတ်ရုံဖြင့် ဖုံးလွှမ်းထားသည်။ သူ၏ပြိုင်ပွဲဝင်အချက်အလက်များမှ ထိုလူသည် စတုတ္ထအလွှာမှ စားဖိုမှူးဖြစ်ကြောင်း သိရှိခဲ့ရသည်။


ထိုပြိုင်ဘက်ကို ရင်ဆိုင်ရသည့်အခါ ကုန်းရှို့ပန် လုံးလုံးလျားလျား အနိုင်ယူခံလိုက်ရသလိုပင်။ ဓားကိုင်ရန်ပင် သတ္တိမရှိတော့ပဲ လွယ်ကူစွာ အနိုင်ယူခံလိုက်ရသည်။ 


ထိုဝတ်ရုံအမည်းနှင့်လူက ပုဖန်ကို ထူးဆန်းသည့် ခံစားချက်များပေးနေသည်။ 


" အချက်အပြုတ်နှလုံးသား လမ်းစဉ်လား ..."


ပုဖန် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မျက်မှောင်ကြုတ်နေသည်။ စနစ်၏ ပြောကြားချက်အရ အချက်အပြုတ်နှလုံးသားလမ်းစဉ် အခြားသူများကို ဓားမကိုင်နိုင်ဖြစ်စေပြီး အနိုင်ယူတတ်ကြသည်။


အဲဒီ အင်မော်တယ်စားဖိုမှူးမှာ အချက်အပြုတ်နှလုံးသားလမ်းစဉ် ရှိတာလား ... ရှိနေတယ်ဆို ဘာလို့ ဒီအနိုင်အရှုံးပွဲစဉ်တွေမှာ ပါနေရသေးတာလဲ ...


ထိုအကြောင်းကို ပုဖန် သံသယအဝင်ဆုံး ဖြစ်နေသည်။


ကုန်းရှို့ပန် အနိုင်ယူခံလိုက်ရသည့်အတွက် အဆင့်သတ်မှတ်ချက် ပွဲစဉ်များသို့ မရောက်နိုင်တော့ပေ။


ကုန်းရှို့ပန် မေ့လဲလုနီးပါးပင် ဖြစ်နေသည်။ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော်လည်း သူမျှော်မှန်းထားသည့် နေရာသို့ မရောက်နိုင်ခဲ့‌ပေ။


စိတ်ကူးထဲတွင် အသားများသော်လည်း လက်တွေ့တွင် အရိုးများသာ ဖြစ်နေသည်။


ပုဖန်မှလွဲ၍ ပထမအလွှာမှ အင်မော်တယ် စားဖိုမှူးများအားလုံး ထုတ်ပယ် ခံခဲ့ရသည်။


နောက်ဆုံးပြိုင်ပွဲကြောင့် နှလုံးသားထဲတွင် အရိပ်ဆိုးကြီးဖြစ်သွားပြီး ကုန်းရှို့ပန် လဲကျလုနီးပါး ဖြစ်နေသည်။


ဓားကိုင်ရန်ပင် သတ္တိမရှိတော့ပေ။


ဒါက ကြောက်စရာ ခံစားချက်ကြီးပဲ ...


တခြားအလွှာက အင်မော်တယ်စားဖိုမှူးတွေက ဒီလောက် ကွာခြားကြတာလား ...


စိတ်ဓာတ်ကျနေသော ကုန်းရှို့ပန်ကို ပုဖန် ဘာပြောရမှန်းမသိသောကြောင့် ပခုံးကိုသာ ပုတ်လိုက်သည်။


" ငါတို့တွေ ပိုင်ရှင်ပုကိုပဲ အားကိုးရတော့မှာပဲ ..."

ကုန်းရှို့ပန် အသက်မဲ့နေသော မျက်ဝန်းများဖြင့် ပုဖန်ကို ကြည့်လိုက်သည်။


...


အဆင့်သတ်မှတ်ချက်ပွဲစဉ်များ စတင်ပြီ ။


နောက်ဆုံးတွင် ပုဖန် ပြိုင်ပွဲဝင်ရန် အခွင့်အရေးရပြီဖြစ်သည်။


ကုန်းရှို့ပန် ပရိသတ်ထဲတွင် ရောက်နေသည်။ သူ၏မျှော်လင့်ချက်များကို ပုဖန်အပေါ်တွင်သာ စုပြုံထားလိုက်သည်။


ပုဖန် ထိပ်တန်းအယောက်နှစ်ရာထဲတွင် ပါဝင်ရန် မျှော်လင့်ပေးနေသည်။


အဆင့်သတ်မှတ်ချက် ပွဲစဉ်များမှာ အနိုင်အရှုံးပွဲစဉ်များနှင့် ကွာခြားသည်။ ဤပွဲစဉ်များကို အင်မော်တယ်စားဖိုမှူးပြိုင်ပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံးဟုပင် သတ်မှတ်နိုင်သည်။


ဤပွဲစဉ်များတွင် အဆင့်သတ်မှတ်ချက်အတွက် စားဖိုများအနေဖြင့် အင်မော်တယ်စားဖိုမှူး၏ ကျင့်ကြံခြင်းအခြေခံ ဓားစွမ်းရည် အချက်ပြုတ်စွမ်းရည် ဟူသည့် ကဏ္ဍသုံးခုကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဤသုံးခုအတူတကွဖြင့် စားဖိုမှူးများ၏ အဆင့်ကို သတ်မှတ်ပေးမည်ဖြစ်သည်။



" နောက်ထပ်ယှဉ်ပြိုင်မယ့်သူက ပထမအလွှာက အင်မော်တယ်စားဖိုမှူး ပုဖန် ..."


ဒိုင်လူကြီးမှ ပုဖန်၏အမည်ကို ကြေညာလိုက်သောအခါ ပရိသတ်များအားလုံး တိတ်ဆိတ်သွားသည်။


အချို့အတွက် ပုဖန်၏အမည်မှာ ထူးဆန်းနေသော်လည်း အများစုမှာ ရင်းနှီးနေကြသည်။ အဖွဲ့တစ်ဆယ်တွင် သူ၏ဒဏ္ဍာရီဆန်သော လုပ်တောင်ချက်များကြောင့် နတ်ဆိုးဘုရင်ကြီးဟူသည့် ဂုဏ်ပုဒ်ကို ရရှိထားခြင်းဖြစ်သည်။ 


သူနှင့်ယှဉ်ပြိုင်ခဲ့သော စားဖိုမှူးများအားလုံး စိတ်ဓာတ်ကျသည့် အခြေအနေဖြင့် ပြိုင်ပွဲမှ ထွက်ခွာသွားကြရသည်။ 


နောက်ဆုံးတွင် ပုဖန် ချေမွခံရမည့်အလှည့်သို့ ရောက်လာပြီဖြစ်သည်။


အဖွဲ့တစ်ဆယ်မှ ယှဉ်ပြိုင်သူအများစုက ပုဖန်ချေမှုန်းခံရမည်ကို မျှော်လင့်နေကြသည်။ 


ဤတစ်ကြိမ် ပုဖန်၏အဖွဲ့တွင် ယှဉ်ပြိုင်သူ ၅၀သာ ရှိသည်။


ထိုစားဖိုမှူးအယောက် ၅၀လုံး ကြီးမားသော ကွင်းပြင်ထဲတွင် ဤတစ်ကြိမ်ပွဲစဉ်အတွက် ဒိုင်လူကြီးဖြစ်သည့် စင်မြင့်ပေါ်မှ တတိယအဆင့် စားဖိုမှူးကို မျက်နှာချင်းဆိုင်ပြီး ရပ်နေကြသည်။


" ပထမပွဲစဉ်က မင်းတို့ရဲ့ ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးမှာ ဖြစ်တယ် အင်မော်တယ်စားဖိုမှူးတစ်ယောက်အတွက် ချက်ပြုတ်စွမ်းရည်က သော့ချက်ဆိုပေမယ့် လေးနက်တဲ့ ကျင့်ကြံခြင်းအခြေခံကို မရှိရင် သိမ်မွေ့တဲ့ ချက်ပြုတ်ခြင်းကို မရရှိနိုင်ဘူး ... အဲ့တာကို မင်းတို့အားလုံး သိကြမှာပါ ... ကျင့်ကြံခြင်းအခြေခံ အဆင့်သတ်မှတ်တာက နောက်ဆုံးရမှတ်မှာ အဓိကအစိတ်အပိုင်းပဲ မင်းတို့ရဲ့ အဆင့်တွေကို ကောင်းကောင်းပြသနိုင်မယ်လို့ မျှော်လင့်ပါတယ် ..."

ဒိုင်လူကြီးက ပြောလိုက်သည်။


ထို့နောက် သူ၏ရှေ့မှ အရာဝတ္ထုတစ်ခုကို ညွှန်ပြပြီး ဆက်ပြောသည်။


" မင်းတို့ရှေ့က နတ်ဘုရားအဆောင်အင်းကွက်က မင်းတို့ရဲ့ စစ်မှန်စွမ်းအင် ကျင့်ကြံခြင်းအခြေခံနဲ့ စိတ်စွမ်းအင်ကို စစ်ဆေးပေးလိမ့်မယ် ..."


ကွင်းပြင်ထဲမှ စားဖိုမှူးတစ်ဦးစီ၏ ရှေ့တွင် ကျောက်တုံးစင်မြင့် တစ်ခုရှိပြီး ထိုနေရာမှ အစိမ်းရင့်ရောင် အင်းကွက်တစ်ခုကို မြင်‌တွေ့နိုင်သည်။


ထိုအင်းကွက်မှာ ပြိုင်ပွဲဝင်သူ၏ ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးရန် ကိရိယာဖြစ်သည်။


အင်မော်တယ်စားဖိုမှူးအုပ်စုများ ကွင်းပြင်ထဲစုဝေးလာပြီး စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။


အချို့စားဖိုမှူးများမှာ ထုတ်ပယ်ခံရပြီး အချို့မှာ နောက်တစ်ဆင့် တက်သွားသည်။


သို့သော် ကွင်းပြင်ထဲသို့ စိတ်ဝင်စွာ ကြည့်နေကြသည်။


ယခု ပုဖန်မှာ လူအများ၏ အာရုံစိုက်စရာ ဖြစ်နေသည်။


ပုဖန် သူ၏အဖွဲ့တွင် ထိပ်ဆုံးမှ ဖြစ်သောကြောင့် ထိုနေရာရောက်နေခြင်းဖြစ်သည်။ သူနှင့် အခြားလူများအားလုံး မြင့်မားသည့် အောင်မြင်မှုများ ရရှိခဲ့ကြသည်။ ထို့အပြင် သူတို့ထဲတွင် ပဉ္စမအလွှာမှ စားဖိုမှူးတစ်ဦးသာ ပါရှိသည်။


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးများ၏ တည်ရှိမှုမှာ အခြားစားဖိုမှူးများ မရောက်ရှိနိုင်သည့် နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။


ရင်းမြစ်များ သို့မဟုတ် ကျင့်ကြံသည့် အခြေအနေများဖြစ်စေ ပဉ္စမအလွှာမှာ တစ်ခြားသူများထက် မြင့်သော အဆင့်တစ်ခု၌ ရှိနေသည်။ ထို့ကြောင့် ပုဖန်၏အဖွဲ့တွင် ပဉ္စမအလွှာမှ စားဖိုမှူးမှာ အဓိက အာရုံစိုက်စရာ ဖြစ်နေသည်။ 


ထို့အပြင် လူအများစုက ပုဖန် ဤနေရာ၌ အလှောင်ပြောင်ခံရမည်ကို စောင့်ကြည့်နေကြသည်။


ကုန်းရှို့ပန်၏မျက်နှာ ဖြူဖျော့သွားသည်။


အဆင့်သတ်မှတ်တဲ့ပွဲစဉ်က ဘာလို့ကျင့်ကြံခြင်းအခြေခံကို အကဲဖြတ်ဖို့ လို‌တာလဲ ...


ပုဖန်ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘယ်လိုလဲ ... သေချာပေါက် အရမ်းကောင်းနေမှာတော့ မဟုတ်ဖူး ...


ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ... တခြားအင်မော်တယ် စားဖိုမှူးတွေအတွပ် သူက အနိမ့်ဆုံး ဖြစ်နေတယ် ...


ဒီလို ကျင့်ကြံခြင်းအခြေခံမျိုးနဲ့ ဒီပွဲစဉ်မှာ အဆင့်သတ်မှတ်ချက် ကောင်းပါ့မလား ...


ဒါ့အပြင် ဒီတစ်ခေါက် ပထမအလွှာက အင်မော်တယ်စားဖိုမှူးတွေအကုန် ထုတ်ပယ်ခံရပြီးပြီလေ ...


ဒါကြောင့် အရင်တစ်ကြိမ်တွေနဲ့ ယှဉ်ရင် ပထမအလွှာရဲ့ လုပ်တောင်ချက်တွေက ဒီတစ်ကြိမ် အားနည်းလွန်းနေတယ် ...


" အခု အကဲဖြတ်မှု စတင်ပါမယ် ... ပထမပွဲစဉ် ကျင့်ကြံမှုအခြေခံ စစ်ဆေးခြင်း ... ပြိုင်ပွဲဝင်များ ကျေးဇူးပြုပြီး မင်းတို့ရဲ့ စစ်မှန်စွမ်းအင်တွေကို နတ်ဘုရားအင်းကွက်ထဲ ပို့ပေးပါ ..."


ဒိုင်လူကြီးမှ ပြောလိုက်သည်။


စင်မြင့်ကြီးပေါ်မှ ဒိုင်လူကြီးငါးဦး စိတ်လှုပ်ရှားစွာ ကြည့်နေသည်။


ဝှစ် ...


ဒိုင်လူကြီး၏ စကားဆုံးသည်နှင့် စစ်မှန်စွမ်းအင်များ ကွင်းပြင်ထဲမှ ကောင်းကင်အထိ မြင့်တက်လာသည်။ ထိုကြောက်မက်ဖွယ် စွမ်းအင်များက လှိုင်းများကဲ့သို့ အဆက်မပြတ် ကျယ်ပြန့်လာသည်။


ယခုအချိန်တွင် ပြိုင်ပွဲဝင် တစ်ဦးစီတိုင်းမှ သူတို့၏ အကောင်းဆုံး ကျင့်ကြံခြင်းအခြေခံကို နတ်ဘုရားအင်းကွက်မှ ရောင်ခြည်များထွက်လာအောင် ပြုလုပ်၍ ပြသနေကြသည်။ 


ရုတ်တရက် ကောင်းကင်ဘုံကိုပင် အုပ်မိုးသွားနိုင်မည်ဟု ထင်ရသည့် အမည်းရောင်ကျောက်ပြားတစ်ချပ် အထက်တွင် ပေါ်လာသည်။


ပြိုင်ပွဲဝင်တစ်ဦးချင်းစီ သူတို့၏ အစစ်မှန်စွမ်းအင်များကို ပို့လွှတ်နေချိန်တွင် ထိုကျောက်ပြားမှ သူတို့၏ အဆင့်များကို ပြသနေသည်။


ပုဖန် အင်းကွက်ကိုယူပြီး သူ၏ အစစ်မှန်စွမ်းအင်ကို ပို့လွှ‌တ်နေသည်။


သူ၏ ခန္ဓာကိုယ် တုန်ယင်လာသည်။


ပုဖန် ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ခေါင်းပေါ်တွင် တစ်မီတာခန့် မြင့်နေသည့် အလင်းတန်းများ ထွက်နေသည်ကို တွေ့လိုက်ရသည်။


ပြိုင်ပွဲဝင်၏ ဦးခေါင်းအထက်မှ အလင်းတန်းများ၏အမြင့်သည် ထိုလူ မည်မျှသန်မာသည်ကို ဖော်ပြသည်။


ပုဖန် တစ်စုံတစ်ခုကို တွေးလိုက်မိသည်။ ထို့နောက် တစ်ဖက်သို့ လှည့်၍ အနီးပတ်ဝန်းကျင်ကို ကြည့်နေသည်။


ပုဖန်၏ဘေးမှ ပြိုင်ပွဲဝင်သူများတွင်လည်း အလင်းတန်းများ ရှိနေကြသည်။ ထို့အပြင် သူတို့၏ အလင်းတန်းများမှာ ပုဖန်ထက် မြင့်နေကြသည်။


ဤပွဲစဉ်အထိ ရောက်လာကြသော အင်မော်တယ် စားဖိုမှူးများဖြစ်၍ သူတို့၏ ကျင့်ကြံခြင်းအခြေခံနှင့် ချက်ပြုတ်စွမ်းရည်များမှာ မနိမ့်ပေ။ အများစုမှာ ပထမအဆင့် အင်မော်တယ်စားဖိုမှူး အထွဋ်အထိပ် တည်ရှိမှုများ ဖြစ်ကြပြီး အဆင့်သုံး မသေမျိုးဟင်းလျာကိုပင် ချက်ပြုတ်နိုင်ကြသည်။


သူတို့ထဲတွင် အနိမ့်ဆုံးမှာ ကြယ်နှစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ် ဖြစ်သည်။


များပြားသော အလင်းတန်းများကြားတွင် 


ပုဖန်၏ တစ်မီတာမြင့်သော အလင်းတန်းမှာ ပေါ်လွင်နေသည်။


ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးများ၏ အလင်းတန်းများမှ ငါးမီတာအမြင့်အထိ ရှိပြီး ကြည့်ရသည်မှာ ကြက်များအကြားမှ ကြိုးကြာကဲ့သို့ ဖြစ်နေသည်။


မနှိုင်းယှဉ်လျှင် မနာကျင်ရပေ။


ရလဒ်များ‌ကို တွေ့သောအခါ အားလုံး ဆူညံသွားကြသည်။


ပုဖန် ကျရှုံးသည်ကို စောင့်မျှော်နေကြသော အင်မော်တယ်စားဖိုမှူး အုပ်စုများမှာ မထိန်းနိုင်တော့ပဲ ရယ်မော လှောင်ပြောင်နေကြသည်။


သူတို့၏ ကျင့်ကြံခြင်းအခြေခံများ အမည်းရောင် ကျောက်ပြားပေါ်တွင် ပေါ်လာသည်။


ကုန်းရှို့ပန် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်သွားသည်။ ပုဖန်၏ နာမည် နောက်ဆုံးတွင် ရောက်နေသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ စက္ကူကဲ့သ့်ု ဖြူဆုတ်သွားသည်။


အနားမှ ပြိုင်ပွဲဝင်များကလည်း ပုဖန်ကို မထီမဲ့မြင်ပြုနေကြသည်။ 

ဒီလို ကျင့်ကြံခြင်းအခြေခံမျိုးက ဟာသလိုပဲ ...


ဒီပွဲစဉ်အထိကို ဒီလိုစားဖိုမှူက တက်လာတယ်ဆိုတာ ဘယ်လိုတောင် ရယ်ရတဲ့ ဟာသကြီးလဲ ...


ပုဖန် အနိုင်ယူခဲ့သော အဖွဲ့တစ်ဆယ်မှ အင်မော်တယ်စားဖိုမှူးများကလည်း တုံ့ဆိုင်းခြင်းမရှိပဲ ပုဖန်ကို လှောင်ပြောင်နေကြသည်။


နတ်ဆိုးဘုရင်ကြီးက ဒီတစ်ခါတော့ ချေမှုန်းခံလိုက်ရပြီ ...


" ကဲ အခု ဒုတိယမြောက် အကဲဖြတ်မှုကို ဆက်သွားပါမယ် ဒီတစ်ကြိမ်ကတော့ စိတ်စွမ်းအင်အကဲဖြတ်မှုပါ 

ပြိုင်ပွဲဝင်များ ကျေးဇူးပြုပြီး နတ်ဘုရားအင်းကွက်ကို ကိုင်ပြီး စိတ်စွမ်းအင်တွေ ပို့လွှတ်လိုက်ပါ ..."

ဒိုင်လူကြီးမှ တင်းမာသော မျက်နှာဖြင့် ပြောလိုက်သည်။ 


ထို့နောက် ပြိုင်ပွဲဝင်များ သူတို့၏ စိတ်စွမ်းအင်ကို အင်းကွက်ထဲ အလျင်အမြန် ပို့လွတ်နေကြသည်။


တချို့လူများက ပုဖန်ကို စတင်ဝေဖန် အပြစ်တင်နေကြပြီဖြစ်သည်။


ပုံမှန်တွင် စိတ်စွမ်းအင်၏အဆင့်နှင့် စစ်မှန်စွမ်းအင်တို့မှာ ဆက်စပ်နေကြသည်ဖြစ်၍ စိတ်စွမ်းအင်သန်မာလေ စစ်မှန်စွမ်းအင်လည်း သန်မာလေဖြစ်သည်။


ချွင်းချက်များလည်း ရှိသည်။ အချို့မှာ စစ်မှန်စွမ်းအင် အားနည်းသော်လည်း စိတ်စွမ်းအင် သန်မာကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ကွာခြားချက် များစွာ မရှိပေ။


ကြယ်တစ်ပွင့် အစစ်မှန်မသေမျိုးနယ်ပယ်တွင်သာ ရှိနေသော်လည်း စိတ်စွမ်းအင် သန်မာပါက ကြယ်နှစ်ပွင့်အဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်သည်။ သို့သော် ထိုကိစ္စမှာ မယုံနိုင်၏ရာ အခြေအနေပင် ဖြစ်သည်။


ထို့ကြောင့် ပုဖန်၏ အစစ်မှန်စွမ်းအင်မှာ ထိုအဆင့်ဆိုပါက ဤတစ်ကြိမ်တွင် လူအများ၏ လှောင်ရယ်စရာသာ ဖြစ်နေလိမ့်မည်။


ပုဖန် ညင်သာစွာ အသက်ရှုသွင်းလိုက်သည်။


လက်မြှောက်၍ နတ်ဘုရားအင်းကွက်ကို ကိုင်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်များ မြင့်တက်လာသည်။


သူ၏စိတ်ထဲတွင် သားရဲသုံးကောင်၏ ဟိန်းဟောက်သံများ ပဲ့တင်လာသည်။


စိတ်စွမ်းအင်နှင့် ပတ်သက်လာပါက ပုဖန် မည်သူ့ကိုမျှ မကြောက်ရွံ့ဖူးပေ ...