အပိုင်း ၁၀၃၅
Viewers 53k

အခန်း ၁၀၃၅

အရှင်သခင် ရောက်ရှိလာခြင်းနှင့် ဓားများကြားမှတိုက်ပွဲ


အင်မော်တယ် စားဖိုမှူးအဖွဲ့များ ကွင်းကိုဝန်းရံထားကာ ပြိုင်ပွဲဝင်အားလုံးကို စောင့်ကြည့်ပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။


အချိန်အများစုမှာ ပုဖန်ကို ကြည့်နေကြခြင်းဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးက ဟာသတစ်ခု ဖြစ်သွားပြီပဲ ...


အဖွဲ့တစ်ဆယ်ကို အုပ်စိုးခဲ့သူမှာ ပထမအကဲဖြတ်မှုတွင်ပင် နောက်ဆုံးနေရာ ရောက်နေသည်။


ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင်သာ ရှိသောကြောင့် ဤပြိုင်ပွဲမှလူများ ပုဖန်ကို လွယ်ကူစွာ အနိုင်ယူသွားနိုင်သည်။


သို့ရာတွင် ဤနေရာမှလူများ မတုံးအကြပေ။ ပုဖန်၏ စိတ်စွမ်းအင်မှာ အတော်လေး အားကောင်းနိုင်သည်။ နောက်ဆုံးတွင် သူသည် ပဏာမအဆင့်များတွင် ထိပ်တန်းရောက်ခဲ့ပြီး ၎င်းတို့မှာ သူဖန်တီးနိုင်သည့် အရာများလည်း မဟုတ်ပေ။


သူ၏စစ်မှန်စွမ်းအင် အားနည်းပါက စိတ်စွမ်းအင်မှာ ပို၍သန်မာပေလိမ့်မည်။


ဒါပေမဲ့ သူ့ရဲ့ စစ်မှန်စွမ်းအင်က ကြယ်တစ်ပွင့် စစ်မှန်မသေမျိုးနယ်ပယ်မှာ ရှိတဲ့အတွက် စိတ်စွမ်းအင်ကရော ဘယ်လောက် သန်မာနိုင်မှာလဲ ...


ထို့ကြောင့် အားလုံးက ပုဖန်၏ နောက်ထပ်လုပ်ဆောင်ချက်ကို မျှော်လင့်နေကြသည်။ နောက်ထပ် အပြစ်တင်ရန် စကားလုံးများပင် ရွေးချယ်ထားပြီးပြီဖြစ်သည်။


ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပြိုင်ပွဲကွင်းအတွင်းမှ ပြန့်လာသည်။ လူအားလုံး အသက်အောင့်ပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။


အလင်းတန်းများ ကောင်းကင်ပေါ်သို့ လွင့်ပျံလာသည်။


ပုဖန်၏ စိတ်စွမ်းအင်မှာ အစစ်မှန်စွမ်းအင်နှင့်ယှဉ်ပါက ပို၍ ဆန်းကြယ်ပြီး ၎င်းကို ဖန်တီးထားသော အတက်အကျများက ပို၍ သန့်စင်သည်။


ဂျိန်း ဂျိန်း ...


သူ၏ စိတ်စွမ်းအင်များ လှိုင်းလုံးပေါင်း သောင်းနှင့်ချီ မြင့်တက်လာသည်။


ထို့နောက် လူတိုင်း၏ အကြည့်များရှေ့တွင် ထောင်သောင်းချီသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။


အဖွဲ့တွင်းမှ အင်မော်တယ်စားဖိုမှူးတိုင်း သူတို့၏ စိတ်စွမ်းအင်၏ အထွဋ်အထိပ်ကို ပြသရန် ကြိုးပမ်းနေကြသည်။


ထိုအလင်းရောက်များမှာ တလက်လက်တောက်နေပြီး သူတို့၏ မျက်လုံးထဲတွင် အလွန်လှပနေသောကြောင့် ပရိသတ်၏ ဆူညံသံများ အဆက်မပြတ် ပဲ့တင်ထပ်လာပြန်သည်။ 


တစ်မီတာ နှစ်မီတာ သုံးမီတာ ...


အမြင့်မတူညီသည့် အလင်းတန်းများ ထွက်ပေါ်လာသည်။


ပဉ္စမအလွှာစားဖိုမှူးထံမှ အလင်းတန်းမှာ သူ၏စစ်မှန်စွမ်းအင် အလင်းတန်းထက် မနိမ့်သည့်အပြင် တိုးလာခဲ့သည်။


ငါးမီတာ သို့မဟုတ် ခြောက်မီတာအထိ ရောက်ရှိနိုင်သည်။


ပဉ္စမအလွှာမှ အရည်အချင်းရှိသော အင်မော်တယ်စားဖိုမှူး ဖြစ်ရန် အမှန်တကယ်ထိုက်တန်ပေသည်။


တကယ် ကြောက်စရာကောင်းတယ်...


ဘာပဲဖြစ်ဖြစ် ဒီစားဖိုမှူးက ပါရမီရှင်စာရင်းရဲ့ ကိုးဆယ်ကျော်မှာ အဆင့်သတ်မှတ်ခံရပြီး ပဉ္စမအလွှာက အားနည်းတဲ့ အင်မော်တယ်စားဖိုမှူးအဖွဲ့ထဲမှာ ပါတယ် ...


လူများ ယခုအချိန်မှ လက်ခံလာကြပြီး အရည်အချင်းအစစ်များကို မြင်သည့်အခါ ပွင့်ပွင့်လင်းလင်း သဘောကျလာကြသည်။


မနှိုင်းယှဉ်လျှင် မနာကျင်ရပေ။


ပဏာမပြိုင်ပွဲတွင် တောက်ပခဲ့သော နတ်ဆိုးဘုရင်ကြီးမှာ ယခုအချိန်တွင် အဆုံးသတ်တော့မည်ဟု အချို့က ထင်နေကြသည်။


ထို့နောက် သူတို့ ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။


အားလုံး ချက်ချင်းပင် အံ့ဩသွားကြသည်။ 


သူတို့အားလုံးကို ပျာယာခတ်သွားစေသော နဂါးဟိန်းဟောက်သံနှင့် ငှက်တစ်ကောင်၏ တေးသီသံများကို ကြားလိုက်ရသည်။


ပုဖန်၏ဦးခေါင်းအထက်မှ တောက်ပနေသော အလင်းတန်းကြီးကိုမြင်သောအခါ သရဲတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုံ့ပြန်ကြသည်။


" ဘာ ... ဘာတွေဖြစ်နေတာလဲ ..."


" အဲ့ဒီ့အမြင့်က ငါးမီတာလောက်တောင် ရောက်တော့မယ် ပဉ္စမအလွှာက အင်မော်တယ်စားဖိုမှူးနဲ့ တူတူလောက်ပဲ ..."


" နတ်ဆိုးဘုရင်ကြီးကတော့ သောက်ရမ်းလန်းတဲ့ နတ်ဆိုးဘုရင်ကြီး ဖြစ်နေတုန်းပါပဲ လူတွေကို စိတ်ပျက်အားငယ်မှုတွေ ခံစားရအောင် လုပ်နိုင်တယ် ..."


ကုန်းရှို့ပန် အနည်းငယ် အထိတ်တလန့်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။ သူတို့အတွက် မျှော်လင့်ချက် မရှိတော့ဟု ထင်ခဲ့သော်လည်း ကြည့်ရသည်မှာ မျှော်လင့်ချက် ရှိသေးပုံရသည်။


ပုဖန်ရဲ့ စိတ်စွမ်းအင်အဆင့်က ကြောက်ခမန်းလိလိပဲ ...


ပုဖန်တွင် အဆင့်နိမ့်သည့် ကျင့်ကြံခြင်းအခြေခံရှိသော်လည်း ထူးခြားဆန်းကြယ်သည့် ဟင်းလျာများ အဘယ့်ကြောင့် ချက်ပြုတ်နိုင်သည်ကို ရှင်းပြသွားသလိုပင်။


သူ၏ စိတ်စွမ်းအင်က အလွန်သန်မာသည်ဟု အတည်ပြုရပေမည်။ 


ကုန်းရှို့ပန်၏မျက်လုံးများ အရောင်တောက်သွားသည်။ လိုဏ်ခေါင်း၏အဆုံးတွင် အခြားရွာတစ်ရွာ၏ အလင်းရောင်ကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


" ထပ်ပြီး မြင့်တက်နေတုန်းပဲ ငါးမီတာခွဲလောက် ရှိနေပြီ ..."


" ဘုရားရေ နတ်ဆိုးဘုရင်ကြီးက ကောင်းကင်ဘုံကိုပါ ဆန့်ကျင် ချင်နေတာလား ..."


" ပဉ္စမအလွှာက ဉာဏ်ကြီးရှင်နဲ့ တစ်လှမ်းတည်း ရပ်ချင်နေတာလား ..."


ကြည့်ရှု့သူများ လေအေးများ ရှုရှိုက်နေရသည်။ ပုဖန်၏ ဦးခေါင်းထက်မှ ဆက်လက်မြင့်တက်နေသည့် အလင်းတန်းကို တွေ့သည့်အခါ သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ကြပေ။


ပုဖန်နှင့် ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးတို့ကြားရှိ အလင်းရောင်ခြည်တန်းများအောက်တွင် အခြားသူများ၏ အလင်းတန်းများမှာ အထင်မကြီးလောက်ပေ။ ထိုနှစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပါက သူတို့၏ စိတ်စွမ်းအင်များမှာ အားနည်းနေသည်။


လူအများစုတွင် လေးမီတာ အလင်းတန်းများ ရှိကြသည်။ ထိုအခြေအနေမှာ အလွန်မဆိုးသော်လည်း ပုဖန်နှင့် ပဉ္စမအလွှာ အင်မော်တယ်စားဖိုမှူးနှင့် နှိုင်းယှဉ်ပါက အဓိပ္ပါယ်မဲ့နေသည်။ 


ထို ပဉ္စမအလွှာ စားဖိုမှူးသည်လည်း ပုဖန်၏ဖိအားများကို ခံစားနေရသည်။ သူသည်လည်း မတတ်နိုင်ပဲ တစ်ဖက်လှည့်ပြီး ပုဖန်ရှိရာဘက်ကို ကြည့်နေသည်။


ထိုလူမှာ သာမန်သွင်ပြင်နှင့် လူငယ်တစ်ဦးဖြစ်သည်။ ပုဖန်ကိုကြည့်၍ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ 


ထို့နောက်သူ ‌သရော်လိုက်သည်။ သူ၏စိတ်စွမ်းအင် တစ်ဟုန်ထိုး မြင့်တက်လာသည်။


ဤအချိန်တွင် ထိုလူငယ်၏အလင်းတန်းမှာ ၅.၇မီတာခန့် ရောက်နေပြီဖြစ်သည်။


ပုဖန် တည်ငြိမ်နေဆဲဖြစ်သည်။ သူ၏ဝိညာဉ်ပင်လယ်တွင် မြင့်မားသော လှိုင်းများတက်လာပြီး စိတ်စွမ်းအင်များ မြင့်တက်လာပြီး မကြာမီ ၅.၆မီတာသို့ ရောက်လာသည်။


သူယခု ထို‌အင်မော်တယ်စားဖိုမှူးနှင့် နီးကပ်လာပြီဖြစ်သည်။


ပတ်ဝန်းကျင်မှ လူများလည်း အသက်အောင့်ထားကြသည်။ ယခုအချိန်၌ အကဲဖြတ်မှုမှာ ပုဖန်နှင့် ပဉ္စမအလွှာ စားဖိုမှူးတို့အတွက် စင်မြင့်သာ ဖြစ်နေသည်။ 


၅.၈မီတာ ၅.၉မီတာ ...


ပဉ္စမအလွှာ အင်မော်တယ်စားဖိုမှူး၏ မျက်နှာများ နီရဲပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ ပုဖန်၏ စိတ်စွမ်းအင် အထွဋ်အထိပ်သို့ တိုးမြှင့်လာသည်ကို သူ မြင်တွေ့ရန် မမျှော်လင့်ထားပေ။


ဝုန်း ...


နောက်ဆုံး ထိုစားဖိုမှူး၏ စိတ်စွမ်းအင် တစ်ဟုန်ထိုး မြင့်တက်သွားသည်။ ၅.၉မီတာ အမြင့်ကိုကျော်ပြီး ၆မီတာသို့ ရောက်သွားသည်။


ထိုအင်မော်တယ်စားဖိုမှူးမှာ အနည်းဆုံး ကြယ်သုံးပွင့် စစ်မှန်မသေမျိုးနယ်ပယ်တွင် ရှိသည်ဟု ဆိုလိုသည်။


သို့သော် သူ၏စိတ်စွမ်းအင် ၆မီတာသို့ ရောက်သွားသောအခါ ထိုအင်မော်တယ်စားဖိုမှူး၏ နှာခေါင်းမှ အပူလှုင်းများ ထွက်လာပြီး နောက်ဆုံးတွင် နှာခေါင်းသွေးလျှံလာသည်။


ထို့နောက်တွင် သူ၏ အလင်းတန်း ရပ်တန့်သွားပြီး ပုဖန်ကို ငေးကြည့်နေသည်။


ပုဖန် ထိုလူကို ကြည့်လိုက်သောအခါ နှာခေါင်းသွေးလျံသည်မှာ မရပ်သေးပေ။ ထို့ကြောင့် ပုဖန် မျက်ခုံးများ ပင့်လိုက်သည်။


ထိုအချိန်တွင် ပုဖန်၏ စိတ်စွမ်းအင်မှာ ၅.၉မီတာသို့ ရောက်နေပြီး ၆မီတာသို့ရောက်ရန် အဟန့်အတားကို ကျော်ဖြတ်နေရသည်။


လူအားလုံး ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေကြသည်။


ဒီ နတ်ဆိုးဘုရင်ကြီးက ၆မီတာကို ရောက်တော့မှာလား ...


သို့သော် သူတို့ထံတွင် ခန့်မှန်းနေချိန် မရှိပေ။


ထိုအလင်းတန်းမှာ နောက်ဆုံးတွင် ၆မီတာသို့ ရောက်ရှိသွားသည်။ ပုဖန်ကို ကြည့်ရသည်မှာ အားစိုက်မထုတ်ရပဲ ရေတစ်ခွက်သောက်နေသလိုပင်။


၆မီတာ ... ၆.၁မီတာ ...


ထိုအဆင့်သို့ရောက်ပြီးနောက် ပုဖန် သူ၏စွမ်းအားကို ဆက်လက်မမြှင့်တင်တော့ပေ။ 


အဲဒီ ပဉ္စမအလွှာ အင်မော်တယ်စားဖိုမှုးကို တကယ်ချေမှုန်းနိုင်ခဲ့တာပဲ ...


ကောင်းကင်တွင် အနက်ရောင် ကျောက်ပြားကြီး ပြန်ပေါ်လာပြီး ၎င်းတွင် အဆင့်များ ပြောင်းလဲသွားခဲ့သည်။


နောက်ဆုံးတွင် ရှိ‌ခဲ့သော ပုဖန်၏အမည်မှာ ရှေ့ဆုံးနေရာတွင် ရှိနေပြီဖြစ်သည်။ 


ဒုတိယနေရာတွင် ရှိနေသော ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးကို ကျော်လွှားနိုင်ခဲ့သည်။


ယခုအချိန်ထိတိုင်အောင် ပဉ္စမအလွှာမှ အင်မော်တယ်စားဖိုမှူးတစ်ယောက်ကို တစ်စုံတစ်‌ယောက်က နင်းချေသွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


နတ်ဆိုးဘုရင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အမှန်တကယ် ထိုက်တန်လှပါပေတယ် ...


အားလုံး ပုဖန်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေရကြသည်။


ပါရမီရှင်စာရင်း အဆင့်တစ်ရာ နေရာနဲ့ ထိုက်တန်လှပါပေတယ် ...


ဝုန်း ...


အလင်းတန်းများ ပြန့်ကျဲသွားသည်။ ပြိုင်ပွဲကွင်းထဲမှလူများ မယုံကြည်နိုင်ကြသေးပေ။


ပဉ္စမအလွှာမှ လူငယ်လေး နှာခေါင်းသွေးများကို သုတ်လိုက်ပြီး သူ၏အကြည့်များမှာ အေးစက်နေသည်။ 


သူအနိုင်ယူခံရမည့် မြင်ကွင်းကို မည်သည့်အချိန်ကမျှ စိတ်ကူးမယဉ်ထားသည့်ပုံပင်။ 


ဤအကြိုဗိုလ်လုပွဲတွင် တစ်စုံတစ်ယောက်က သူ့ကိုအမှတ်တကယ်ပင် အနိုင်ယူသွားခဲ့သည်။


ပရိသတ်များအတွင်းမှ ကုန်းရှို့ပန် စိတ်လှုပ်ရှားနေသည်။ လေထဲသို့ လက်သီးများ ဆန့်တန်းလိုက်ပြီး ကြွေးကြော်လိုက်သည်။ ပုဖန် ပြင်းထန်စွာ အဆင့်တက်လာခဲ့ပြီး သူ၏နှလုံးသားထဲတွင် အုံ့မှိုင်းသောလေထုကို သုတ်သင်ပစ်လိုက်သည်။


ရုတ်တရက် ကုန်းရှို့ပန် အံ့ဩသွားသည်။ ခေါင်းစောင်း၍ ‌အဝေးသို့ ကြည့်လိုက်သည်။


အမဲရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့်ပုံရိပ်က ပုဖန်ကို စိုက်ကြည့်နေပြီး သူ၏မျက်လုံးများမှာ ခက်ထန်နေသည်။


ထိုသို့ပြင်းထန်သည့် အကြည့်မျိုးကြောင့် ကုန်းရှို့ပန် ကြောက်လန့်သွားသည်။


ထိုဝတ်ရုံအမဲနှင့်လူမှာ အစောပိုင်းပွဲစဉ်တွင် ကုန်းရှို့ပန် နှင့်ရင်ဆိုင်ခဲ့ရပြီး သူ့အားဓားကိုင်ရင် သတ္တိများပင် ပျောက်ဆုံးသွားစေသူ ဖြစ်သည်။


ထိုလူ ပုဖန်ကို စိတ်ဝင်စားနေသည်ကို မြင်ရမည်ဟု မထင်ခဲ့ပေ။


အဲ့ဒီလူက ဘယ်သူပါလိမ့်..


" အဆင့်သတ်မှတ်ချက်ပွဲစဉ်ရဲ့ ပထမပိုင်း ပြီးဆုံးသွားပါပြီ ဒုတိယပိုင်းဖြစ်တဲ့ ဓားစွမ်းရည်အကဲဖြတ်ချက်ကို ဆက်သွားပါမယ် ..."


ဒိုင်လူကြီး၏အသံက အားလုံး၏ ဆူညံသံများကို ရပ်တန့်သွားစေသည်။


အားလုံးတိတ်ဆိတ်သွားပြီး ကွင်းထဲသို့ ကြည့်လိုက်ကြသည်။ 


ကွင်းထဲတွင် ပြိုင်ပွဲဝင်အယောက် ၅၀လုံး နေရာယူထားကြသည်။


" မင်းတို့ရဲ့ဓားစွမ်းရည်ကို ငါတို့ဘယ်လိုအကဲဖြတ်မလဲ.. စွမ်းအားနဲ့ပါ ... ငါတို့ စွမ်းအားကို အကဲဖြတ်မယ် ... ဓားစွမ်းရည် အားကောင်းလေ စွမ်းအားအားကောင်းလေပဲ အဲ့တာကြောင့် မင်းတို့ရဲ့ ဓားစွမ်းရည်ကို အတည်ပြုပြီး အကဲဖြတ်ဖို့ မင်းတို့အသုံးပြုတဲ့အခါ ပြသတဲ့စွမ်းအားကို ငါတို့ကြည့်ရလိမ့်မယ် ..."


ဒိုင်လူကြီးမှ ပြောလိုက်သည်။


အားလုံး သဘောတူကြသည်။


ဓားစွမ်းရည် သို့မဟုတ် ဓားကိုင်နည်းစနစ်ဆိုသည်မှာစားဖိုမှူးတစ်ဦး၏ စိတ်ဓာတ် စွမ်းအင်နှင့် ဝိညာဉ်တို့ကို ပေါင်းစပ်ကာ စွမ်းအားတစ်မျိုးအဖြစ် ပုံဖော်ပေးသည့် နည်းလမ်းဖြစ်သည်။


" ဓားစွမ်းရည်ကို အကဲဖြတ်ပေးဖို့ အားလုံး ဒီပြိုင်ပွဲကွင်းထဲမှာပဲနေပါ မင်းတို့အားလုံးကို အကာအကွယ်တစ်ခုနဲ့ လွှမ်းခြုံပေးထားမယ် ပြီးရင် ဟင်းချက်ပါဝင်ပစ္စည်းတွေ ပေါ်လာလိမ့်မယ် ... အဲ့ဒီ ပါဝင်ပစ္စည်းတွေကိုပဲ ဖြတ်တောက်ပြီး ဓားစွမ်းရည်ကို ပြသရမယ် ...မင်းတို့ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရှိန်ကိုကြည့်ပြီး အဆင့်သတ်မှတ်ပေးမယ် ..."


ဒိုင်လူကြီးမှ ဆက်ပြောလိုက်သည်။


ထို့နောက် ရှည်လျားသော ခရမ်းရောင်ဝိညာဉ်သစ်သီး သူတို့၏ရှေ့မှ စင်မြင့်တွင် ပေါ်လာသည်။


" ငါတို့ ထာဝရသစ်သီးကို အသုံးပြုပြီး ဓားစွမ်းရည်ကို လေ့ကျင့်ကြမယ် ... ကဲအခု ဓားစွမ်းရည် အကဲဖြတ်မှု စတင်ပြီ ..."

ဒိုင်လူကြီးမှ ကြေညာလိုက်သည်။


သူပြောပြီးသည်နှင့် ကွင်းပြင်တစ်ခုလုံး တောက်ပလင်းလက်နေသော ရောင်ခြည်များဖြင့် ပြည့်နှက်သွားသည်။ 


လူများ ဆူညံနေကြစဉ် ကွင်းပြင်၏ကြမ်းပြင်မှ ပေါ်လာသော အကာအကွယ်ကို တွေ့လိုက်ရသည်။ ထိုအရာမှာ အဆက်မပြတ် လည်ပတ်နေပြီး ပြိုင်ပွဲဝင်များကို ဖုံးအုပ်သွားသည်။


အပြင်တွင် ရပ်နေကြသော အင်မော်တယ် စားဖိုမှူးအုပ်စုများ ကွင်းထဲမှ ပြိုင်ပွဲဝင်များကို မြင်တွေ့နေရဆဲဖြစ်ပြီး သူတို့၏အော်ရာများ ပြောင်းလဲလာသည်ကို မြင်နေရသည်။


ရွဲ ရွဲ ရွဲ ...


ထိုအချိန်တွင် အင်မော်တယ်စားဖိုမှူးများ သူတို့၏မီးဖိုချောင်သုံးဓားများကို ပြသလိုက်ကြသည်။ 


ဝှစ် ...


ပြိုင်ပွဲဝင်များ သူတို့၏ ဓားများကို ဝင့်ကြွားစွာ ဆင့်ခေါ်လိုက်သည်နှင့် ထောင်သောင်းမကသော ဓားရောင်ခြည်များ ထွက်ပေါ်လာသည်။


စားဖိုမှူးတစ်ယောက်အတွက် ဂုဏ်ယူဖွယ်ရာမှာ သူ၏ဓားပင်ဖြစ်သည်။


အင်မော်တယ်စားဖိုမှူးများအတွက်လည်း ၎င်းမှာ ချွင်းချက်မဟုတ်ပေ။ သူတို့၏ ဓားများမှာလည်း သာမန်မဟုတ်ပဲ အလယ်အလတ်အဆင့် မသေမျိုးကိရိယာများဖြစ်ကြသည်။ 


ဓားမျိုးစုံ ထွက်ပေါ်လာသည်နှင့် နေရာတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နှက်သွားသည်။


ဓားများမှာ ပုံစံမျိုးစုံ ဖြစ်သည်။ ကတ်ကြေးပုံစံမှ ဘူးသီးခြောက်ကဲ့သို့ ပုံစံများပင်ရှိသည်။


ပဉ္စမအလွှာမှ အင်မော်တယ် စားဖိုမှူး၏ မျက်နှာမှာ ခက်ထန်နေသည်။ ပုဖန်ကို အေးစက်စွာကြည့်၍ ဓားကို ထုတ်လိုက်သည်။


၎င်းမှာ ပုံစံဖော်ထားသည့် ခရမ်းရောင်ဓားတစ်ချောင်း ဖြစ်သည်။ ဤဓားသည် မထူဘဲ၊ ပုံမှန်ထက် အနည်းငယ် ပါးလွှာသည်။


ထို့ပြင် အဆင့်မြင့် ဓားတစ်ချောင်းဖြစ်သည်မှာ သံသယဝင်စရာ မလိုပေ။


ထိုဓား၏ ဖိအားအောက်တွင် အခြားဓားများ တုန်လှုပ်ကုန်သည်။


မသေမျိုးကိရိယာ အားလုံးတွင် စိတ်ဝိညာဉ်များရှိကြသည်။ ထိုစိတ်ဝိညာဉ်များမှာ ယခုအချိန်တွင် တုန်ယင်နေကြသည်။


ပဉ္စမအလွှာမှ စားဖိုမှူးက အာရုံစိုက်နေသည်။ သူ့လက်ထဲက ဓားကို လှည့်ပြီးတစ်ချက်မြှောက်လိုက်သည်။ 


ဓားအလင်းတန်းများ ကောင်းကင်တွင် တောက်ပနေသည်။ ထို့နောက်ပြုတ်ကျလာပြီး တစ်ပတ်လည်သွားကာ ထာဝရသစ်သီးပေါ် ဖုံးအုပ်သွားသည်။


ခဏအကြာတွင် မမြင်ရသောစွမ်းအားများ ပဉ္စမအလွှာစားဖိုမှူးဆီမှ ပေါ်ထွက်လာသည်။ ထိုစွမ်းအားမှာ မြူမှိုင်းနေသော တောရွာတစ်ခု၏ ပန်းချီကားချပ်ကဲ့သို့ပင်။ 


" အဲ့ဒါ ပဉ္စမအလွှာ မသေမျိုးမီးဖိုချောင်အဆောက်အဦးက အမွေဆက်ခံလာတဲ့ မိုးဖွဲ ဓားစွမ်းရည်ပဲ ..."


ထိုဓားစွမ်းရည်ကို အမှတ်ရသွားသဖြင့် တစ်စုံတစ်ယောက်မှ အော်ပြောလိုက်သည်။


ထင်ရှားသည်မှာ ဤဓားစွမ်းရည်က ထူးခြားသည်။


ဤအဖွဲ့တွင်းမှ အခြားအင်မော်တယ်စားဖိုမှူးများလည်း သူတို့၏ဓားစွမ်းရည်များ ပြသနေသည်။ 


တချို့၏ ဓားစွမ်းရည်ကို တောရိုင်းခြင်္သေ့ကဲ့သို့ စုစည်းထားပြီး အချို့မှာ ကြယ် လေ ပင်လယ်မှရေလှိုင်းများ စသည်ဖြင့် ပုံစံမျိုးစုံ ရှိကြသည်။


ဓားစွမ်းရည်ပုံစံ မျိုးစုံများ မြင်တွေ့နေရသည်။ 


ပုဖန္ကမူ ...


ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။


ပုဖန်၏ လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ရွေ့လျားသွားပြီး ဓားရောင်ခြည်များ ထွက်ပေါ်လာနေသည်။


လှည့်ပတ်နေချိန်တွင် ထက်မြက်သော ဓားစွမ်းအင် များ အဆက်မပြတ် ထုတ်လွှတ်နေပြီး အခြားသူများ၏ဓားစွမ်းအားကို ဖြတ်တောက်ပစ်လိုက်သည်။


စားဖိုမှူးများ ၎င်းတို့၏ဓားစွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့်ပင် အချင်းချင်း ပြိုင်ဆိုင်လာကြသည်။


ဖွဲ့စည်းမှု၏နေရာမှာ ကျယ်ပြောသော်လည်း ဓားစွမ်းအားတစ်ခုက နေရာအချို့ကို သိမ်းပိုက်လိုက်သောအခါ အခြားသူများက ထိုနေရာကို ပြန်လည်ရယူကြ၍ ပြိုင်ဆိုင်မှုသည် ရှောင်လွှဲ၍မရပေ။


အချိန်တိုအတွင်းမှာပင် ပုဖန်သူ၏ ဓားစွမ်းရည်က်ို ပြသလိုက်ပြီး အကဲဖြတ်မှုက အမြင့်ဆုံးနေရာသို့ ရောက်ရှိလာသည်။ 


အရှင်သခင် ဓားဆယ့်သုံးချက်က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ 


နဂါးအရိပ်တစ်ခုက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားနားတွင် ဝေ့ဝဲနေပြီး ဟိန်းဟောက်ကာ ကမ္ဘာကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။


ပုဖန်၏ ဦးခေါင်းထက်တွင် ကြီးကျယ်ခမ်းနားသော အရှင်သခင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။


ဂျိန်း ဂျိန်း ဂျိန်း ...


အရှင်သခင် ရောက်ရှိလာပြီဖြစ်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် အင်မော်တယ်စားဖိုမှူးများစွာ၏ ဓားစွမ်းရည်များ ပြန့်ကျဲသွားသည်။